ကြည်အေး
လေသည် သစ်ရွက်ကြိုကြိုကြား ကြားမှ ဖြတ်သန်း၍ ပန်းရနံ့သင်း သင်းကို ဆောင်ကာ အသော့ပြေး သည့်အခါ သေးသေးမှုန်မှုန် ခရေ ပွင့်များသည် မြေပေါ်သို့ တဖြုတ် ဖြုတ်ကြွေဆင်းကြသည်။ အုန်း လက်များသည်လည်း လေးလေး ပင်ပင်နှင့် ဘယ်ညာလွှဲကာ အငြိမ့်စီးကြသည်။ မိုးသားပြာပြာနှမ်း နှမ်းများသည်လည်း အနိမ့်သို့ ပြို ဆင်းကာ နက်မှောင်သည့်အရိပ် အားလုံးကို ဖျော့တော့မှုန်ရီစေ လေသည်။
သည်လို နယုန်လ၏အထွေး ထွေးအေးအေး နံနက်ခင်းမှာ မေသီသည် ကြည်ဆွတ်သည့် နှလုံး၊ ချိုပြုံးသည့်မျက်နှာဖြင့် ခြံ ထဲသို့ ပြေးဆင်းခဲ့မြဲဖြစ်၏။ မနင်း ရက်စရာ မြေကွက်လပ် တစ်စ ကလေးမှ မကျန်အောင် ကြွေကျ ထားသည့် ခရေပွင့်အခင်းပေါ်မှာ ကိုယ်ကို ဖော့၍ ဖြတ်ခဲ့မြဲဖြစ်၏။ တွဲလဲကျသော ဒန်း၏ထိုင်ခုံက လေးပေါ်သို့ မတ်တတ်ကလေး ကျအောင် ပေါ့ပါးစွာ ခုန်တက် လိုက်ပြီးသည်နှင့် တစ်ချက်တည်း ဇောက်ထိုးမိုးမျှော်ဖြစ်အောင် တအားလွှဲကာ စီးမြဲဆော့မြဲဖြစ် ပေသည်။
ယနေ့အဖို့မူကား ဘာကိုမျှ သတိမရသော စိတ်နှင့် ခေါင်းငိုက်စိုက်ကျကာ လေးဆေးနှေးတုံ့စွာ သာ လာသည့် လာရိုးလာစဉ်အ တိုင်းသာ ခြေက လှမ်းလာသည်။ ရည်ရွယ်ချက်ကား မရှိချေ။ ဒန်းမှ ထိုင်ခုံကလေးပေါ်တွင် တင်ပါးလွှဲ ထိုင်လိုက်မိကာ တဖြည်းဖြည်း စိတ်လက်မပါ စတင်၍ လွှဲရင်း ငိုင်လျက် နေမိသေးသည်။
ခါတိုင်းကဲ့သို့ သီချင်းမျိုးစုံ လည်း တစ်ခုပြီးတစ်ခု ဆက်၍ မဆိုမိ။ ဒန်းအရှိန်ကြောင့် သစ် ကိုင်းပေါ်မှ ငှက်ကလေးများလန့် ပြေးသည်ကို ကြည့်၍ သဘောကျ ကာလည်း မရယ်မိ။ ဝုတ်ခနဲ လေ နဲ့တိုးမိသည့်အခါ ခါတိုင်းတွင် ချစ်စရာကောင်းသည့် အရသာ ကလေးဖြစ်သော်လည်း ယခုမူ ခေါင်းထဲတွင် မူး၍မိုက်၍ လာ လေတော့သည်။
ခါတိုင်းလို ဘယ်မှာ ပျော်နိုင် ပါမည်လဲ။ ခါတိုင်း ခြံထဲသို့ ဆင်း ခဲ့ခြင်း၏ရည်ရွယ်ချက်နှင့် သည် နေ့ ဆင်းခဲ့သည့်ရည်ရွယ်ချက်ချင်း တူမှ မတူဘဲ။ ခါတိုင်းမူကား ကိုတင်အေးအလုပ်သွားသည်ကို ဒန်းစီးရင်း၊ ဆော့ရင်း စောင့်မည်။ ကိုတင်အေးလာတော့ မြေကြီးနှင့် မြေကြီးနှင့် ဒန်းနှင့် ကပ်သွားစဉ် ခရေပွင့်များကို ကျုံးယူကာအပေါ် ရောက်သွားလျှင် သူ့ကို တအား ပေါက်၍ နောက်မည်။ သူ မေသီ ဆီ လာလျှင်တော့ အိမ်ပေါ်တက် ပြေးမည်။ ပြောချင်တာတွေ မပြောရသဖြင့် သူ ရှုံ့မဲ့၍ ပြန်သွား လျှင် မေသီသဘောကျကာ သိပ် ရယ်တတ်သည်။ မေသီသည် နှစ်ယောက်တည်းနီးနီးအကပ်မခံ ချေ။ သူ ဘာပြောချင်သည်ကို မေသီ ကြို၍ သိပြီးဖြစ်ပေသည်။
ယနေ့မှာဖြင့် သူ မြန်မြန်လာ ပါစေဟုသာ ဆုတောင်းနေမိ တော့၏။ ကိုတင်အေးလာလျှင် မေသီ ထွက်မပြေးပါ။ ကြွက်မကို လည်း လှမ်းခေါ်မည်မဟုတ်။ ပထမဆုံးအကြိမ် နှစ်ယောက် တည်းနီးနီးအတွေ့ခံပါမည်။ သူ ပြောမည့် ချစ်စကားတွေကို ပြုံး ကာကြည့်ကာ နားထောင်ဖို့တော့ မဟုတ်။ သူ့မျက်နှာကို စေ့စေ့ ကြည့်၍ သူ့စကားတွေကို ဟက် ဟက်ပက်ပက် ရယ်ပစ်လိုက်ဖို့ ဖြစ်သည်။
သူတို့နှစ်ယောက်တွေ့ကြုံ ပုံမှာ မဆန်းလှ။ ငယ်ငယ်က သူ နှင့် ကစားဖက်ဖြစ်သည်။ ကြီး တော့ ချစ်သူဖြစ်ကြဖို့ရှိလေ၏။ သို့သော် မေသီမှာ ကိုတင်အေးကို ချစ်သည်ထက် နောက်ပြောင်လို စိတ်က များသဖြင့် အမြဲပင် သူ့ကို အရူးလုပ်လာခဲ့သည်။
သူတို့နှစ်ယောက်မှာ ဘာကို မျှ ပူစရာမရှိ။ ချစ်သူအဖြစ်နှင့် စခန်းသွားလိုက သွား၊ မြန်မြန် ဆန်ဆန် လက်ထပ်လိုက လက် ထပ်နိုင်သည်။ နှစ်ဦးစလုံးပင် လွတ်လပ်မှုကို ကြိုက်သောမိဘ များ၏သားသမီးများဖြစ်သည်။ ထို့ကြောင့် ဖြူးနေသောလမ်းမှာ မေသီသည် အလျင်စလိုပြေးမ သွားလိုပေ။
ကိုတင်အေးကမူ ပိုင်ချင် လေသည်။ စကားစကိုသာ ရှာ ကာ အခွင့်ကို ရှာနေ၏။ မေသီ မျက်နှာကလေး ပြုံးနေသော် လည်း ချစ်စကားကို ကြားလိုလှ သေးသည်။ ဒါပေမဲ့ ပါးစပ်က ပြောမှ ချစ်တယ်မမည်ပါဘူး။
သူ ပြောချင်တာ ပြောရ အောင် တစ်နေ့တွင် အခွင့်ပေး မည်ဟု မေသီ စိတ်ကူးထား၏။ အို…မေသီကများ ပြုံးလိုက်ရင် ဖြင့် သူ သိပ်ဝမ်းသာမှာပဲ။ ဖြူစင် တဲ့ ငါးရာနှစ်ဆယ့်ရှစ်နဲ့ပါ ကိုယ့် ချစ်ဦးကို မေသီက ယုယမှာပေါ့။
ဒီနေ့ကို ရောက်လာသည့် အခါ မေသီ မျှော်လင့်ထားသလို ပြုံးရကြည်ရတော့မည် မဟုတ် ကြောင်း တွေ့ရလေ၏။ ဒါက တော့ မေသီ့အပြစ်မဟုတ်။ ကိုတင်အေးအပြစ်လို့လည်း မဆို ချင်။ မဆိုချင်သည်မှာ ကိုတင်အေးဘာလုပ်လုပ် အပြစ်မဆိုချင် အောင် ချစ်မိသဖြင့် ဖြစ်လေ၏။ ခွင့်လွှတ်ခြင်းသည် အချစ်၏အ တိုင်းအထွာဖြစ်သည်။ သို့သော် ကိုယ့်ချစ်ဦးကိုဖြင့် မေသီ ဆုံးရပြီ။
ညဥ့်ဦးကလေးက ဦးလေး ချစ်က ပြောပြသည်။ ကိုတင်အေး က ရည်းစားနဲ့ဆိုပါကလား။ ကောင်မလေးက ခပ်ငယ်ငယ်၊ ဗိုလ်ဆန်ဆန်နဲ့မို့ အမြဲပဲ ရုပ်ရှင် တွဲကြည့်ကြသတဲ့။ သည်စကား ကို ကြားစဉ်က မေသီက ခု ပြန် ပြီး မတွေးဝံ့တော့မိအောင် တုန် လှုပ်သွားသည်။ အထင်ကြီးထား ချက်တွေ၊ ယုံကြည်ချက်တွေ လေ ထဲသို့ လွင့်ပါသွားတော့သည်။ ချစ်ဦး၏အလှည့်စားခံရမှုသည် မေသီအား ဣနြေ္ဒမဆောင်နိုင် အောင် ထိခိုက်သွားစေလေ၏။ တကယ်ပင် မေသီသည် အင်မ တန် နာကြည်းစရာ ကောင်း အောင် ချစ်ရေးနိမ့်ခဲ့ရပြီ။
အချစ်ဆိုတာ တစ်ဝက်စီ ခွဲ ပြီး လူနှစ်ယောက်ကို ပေးလို့ရသ လား၊ လူတစ်ကိုယ်မှာ အချစ်စိတ် မှာ နှစ်ခု၊ သုံးခုများ ရှိလေသလား။ ဤသို့ မေသီသည် အရူးစိတ်ကူး ပမာ အဆီအငေါ်မတည့်စွာ စိတ် ထဲမှာ ထပ်တလဲလဲ မေးနေမိလေ ၏။
မေသီသည် မျက်ရည်များ ဝဲလာလျက်က တစ်ကိုယ်တည်း မဲ့ပြုံး ပြုံးမိ၏။ သို့သော် ဘယ်သူ့ ကို ပြုံးမိမှန်း သူ့ဘာသာ သူမသိ။ ကိုတင်အေးကိုဖြင့် မမုန်းရက်နိုင် ပါ။ အမှန်မှာ ကိုတင်အေး၏အမူ အရာ၊ အပြောအဆို၊ အသွေးအ သွင်တို့သည် သူ့အသည်းကို စိုးမိုး နိုင်နင်းနေပေပြီ။ ရက်စက်ပါပေ့ ကိုတင်အေးရယ်ဟု သူ ငိုရှိုက်မိ သည့်တိုင်အောင် ကိုတင်အေး မနက်တိုင်း သူ့ဆီလာသည်ကို သတိရမိသေးသည်။ ချစ်ရိပ်လျှံ နေသည့် သူ့မျက်နှာကို မြင်မိ သည်။
မေသီ မဲ့ပြုံးပြုံးသည်မှာ လောကကိုဖြစ်သည်။ ဤလောက သည် အူချာလည်အောင် ရူးသွပ် နေပေသည်။ ပုထုဇနော ဥမ္မတ္တ ကောတို့သည် ချစ်မှု၊ ကြိုက်မှု၊ သွားမှု၊ လာမှု၊ နေမှု၊ ထိုင်မှုတို့ ဖြင့် တစ်သက်တာလုံး ကိုယ့်ဒုက္ခ ကိုယ်ရှာနေကြသည်။ သို့သော် ဘယ်သူတွေ ဘယ်လိုဖြစ်၍ ပျက် ကြသော်လည်း လောကအရှုပ်အ ထွေးများအနောက်တွင်မူ ခွင့် လွှတ်ခြင်းကသာ အရာရာကို ပြီး ဆုံးနိုင်ရတော့၏။ လောက၏အ ဖြစ်အပျက် ပွေလီလီတို့ကို သုံး သပ်မိလေလေ ဘာကိုမဆို ခွင့်လွှတ်နိုင်လေလေ ဖြစ်တော့သည်။
သူသည် မိမိအချစ်မနိုင်၍ တစ်ကြောင်း၊ သူ့ကို ခွင့်လွှတ် လိုက်ရသော်လည်း စိတ်သက် သာရာရမှုကိုဖြင့် မဲ့ပြုံးပြုံးခြင်းဖြင့် ယူလိုသေးသည်။
ဘယ်နည်းနှင့်မျှ မဖြစ်နိုင် တော့ဟု ဆုံးဖြတ်လိုက်သော် လည်း ကိုယ့်အချစ်ကို မေသီ ချုပ် ၍ မရချေ။ ချုပ်တီးဖို့လည်း မကြိုးစား၊ သူ့ကို ချစ်မိသည့်အတွက်ဆို လျှင် ဘယ်လို ဒုက္ခပင်လာလာ မေသီ မထီချေ။ အကြောင်းမှာ သူသည် သူ့အချစ်ဦးမဟုတ်ခဲ့ သော်လည်း သူမူကား မေသီ၏ တစ်ယောက်တည်းသော အချစ် ဦးဖြစ်သည့်အတွက် ဖြစ်ပေ၏။ သို့သော် ဘယ်လိုပင် ချစ်ချစ် ပင် လယ်တော့ ခြားခဲ့ပါပြီဟု တွေးမိ လျှင် သူ့ရင်မှာ တိမ်စင်သည့် ကောင်းကင်လို ဟာ၍သွားမိလေ ၏။
မေသီသည် ပန်းလျစွာ အိမ် ရှေ့သို့ လှမ်းမျှော်ကြည့်လိုက် သည်နှင့် ကိုတင်အေးရောက်လာ သည်မှာ တစ်ချိန်တည်းဖြစ်၏။ ကိုတင်အေးသည်
‘‘ဟေ့ ကောင်မလေး၊ ခရေ ပန်းတွေ မကြွေတော့ဘူးလား’’ ဟု လှမ်းအော်၍ ခြေလှမ်းသွက် သွက်နှင့်လာသည်။ မေသီကမူ ပြုံးလည်း မပြုံး၊ မရယ်လည်း မရယ်၊ တွေ၍သာ ကြည့်နေမိ တော့သည်။ သူ့မျက်နှာမှာ အလွန်တရာ ချိုပြုံးကြည်ရွှင်ကာနေလေ ၏။ သည်နေ့ မေသီ အိမ်ပေါ်တက် မပြေး။
သူ့ကို တွေ့ရပြန်တော့ တုန် လှုပ်မိသေး။ ကြည့်ပါဦး၊ သူ့မျက် နှာကဖြင့် မေသီတစ်ယောက်သာ ချစ်သလိုပါပဲ။
ကိုတင်အေးသည် စိတ်ဇော ကြီးစွာ သူပြောချင်သမျှကို အ လောတကြီးပြောလေ၏။ သူ သိပ်ပြီး စိတ်ပါစွာတော့ ပြောသည်။ သူ့အသံမှာ တုန်နေ၏။ မျက်လုံး များမှာ တောက်ပနေ၏။ ချစ်စ ကားများမှာ မှေးမှိတ်အိပ်ပျော် ချင်အောင် သာယာနာပျော်ဖွယ် ကောင်းပါပေသည်။
ကြည့်စမ်း…ဗြောင်လိမ်နေ လိုက်တာ။ သို့သော် သူ့စကားများ ကို မေသီလက်ခံနေရ၏။ ပြုံး၍ ကြည်၍ နားမထောင်သော်လည်း သူ့မျက်နှာကို စေ့စေ့ကြည့်ကာ သူ့စကားများကို ဟက်ဟက်ပက် ပက်မရယ်လိုက်နိုင်ချေ။
‘‘ဟင်…မေသီ ဘယ့်နှယ်လဲ’’ ဟု သူက မေးလေသည်။ မေသီ ကား ဘာလုပ်ရမှန်းမသိတော့။
ကိုတင်အေးသည် မေသီ ငြိမ်နေသည်ကို အားမလိုအားမရ ဖြစ်ကာ ဒန်းကြိုးကို ကိုင်ထား သည်။ မေသီ့လက်ကလေးတစ် ဖက်ကို ဆုပ်လိုက်သည်။
‘‘မေသီ ကိုတင်အေးကို ပြော ပါကွယ်’’
မေသီသည် ခေါင်းကိုသာ တွင်တွင်ခါလေသည်။ မေသီ ဒါပဲ တတ်နိုင်တော့သည်။ ကိုတင်အေး က သူ့လက်ကို ဆုပ်ကိုင်ကာ သူ့ အချစ်ကို တောင်းနေစဉ်မှာ မေသီ၏အချစ်ရှိန်သည် ကြောက်မက် စဖွယ်ထ၍ ပေါက်ကွဲလေသည်။
အို… မေသီ ဘာမှ သတိမရ ဘဲ နှစ်လိုက်မိလေမလား။
‘‘မေသီ…မေသီ’’ဟု ကိုတင် အေးသည် အငမ်းမရ ခေါ်၏။
‘‘မေသီ…မေသီ၊ မေးတာကို ဖြေပါဦး အချစ်ရယ်’’
မေသီသည် သည်လိုဆက် နေ၍ အကျိုးမရှိသည်ကို သတိရ မိလေ၏။ မိမိ၏လက်များကို ဆုပ်ထားသော ကိုတင်အေး၏လက် ချောင်းများကို တစ်ချောင်းစီဖြေ လေသည်။ ကိုတင်အေးသည် မေသီ မျက်စိမျက်နှာပျက်နေ သည်ကို မြင်၍ အနည်းငယ်ကိုယ် ရှိန်သတ်ပေးကာ နားမလည်သလို ကြည့်နေ၏။ မေသီသည် သူ့အ ချစ်ဦး၏မျက်နှာကို မော်၍ မကြည့်ဘဲ တစ်ချက်မျှစိုက်ကာ ဖြည်းညင်းစွာ အိမ်ပေါ်တက်ခဲ့လေ၏။
မေသီ ခြံထဲသို့ မဆင်းသည် မှာ ၁၀ ရက်ရှိသွားပြီ။ မနက်မနက် မှာ ကိုတင်အေးလာပြီး ခေါင်းငိုက် စိုက်နှင့် ပြန်ပြန်သွားသည်ကို မြင် ရပြန်တော့လည်း စိတ်ထဲက မ ကောင်း။ မေသီသည် ကိုယ့်ကိုယ် ကိုသာ ကျိန်ဆဲမိတော့ရှာသည်။
ကိုတင်အေးကို သည်လိုအ ကျိုးမသိ အကြောင်းမသိ ရှောင် နေ၍ မပြီး။ သူ့ကား စိတ်ထဲရှိသမျှ ဖွင့်ပြီး ပြောလိုက်တော့မည်။ ကိုတင်အေးနဲ့ မေသီနဲ့ သည်အ ကြောင်းကို မေ့လိုက်ကြပါစို့…လို့။
ခြံထဲသို့ ဆင်းခဲ့ပြန်၏။ နေ့ လယ်နေသည် မိုးသားများကြားမှ ဘွားခနဲပေါ်နေသည်။ သစ်ပင် အားလုံးတို့သည် ကိုယ့်အရိပ်ကို ကိုယ်ပြန်နင်းကာရှိသည်။ ခရေ ပွင့်တို့သည်လည်း နီညိုညိုအ ရောင်ဖြင့် လုံးပြီးနေကြ၏။
ကိုတင်အေးကို ခရေပင် အောက်မှာ အံ့အားသင့်စွာ တွေ့ ရသည်။
‘‘အို…ကိုတင်အေး၊ အလုပ် မသွားဘူးလား’’
‘‘ဟင့်အင်း’’
‘‘အို…ဘာဖြစ်လို့လဲ’’
‘‘ဘာဖြစ်သလဲဆိုတာ တ ကယ်ပဲ မသိဘူးလား’’ဟု သူက မေး၏။
သူ့အသံမှာ ဒေါသသံပါ၏။ မေသီသည် ဘာမျှမဖြေဘဲ ခေါင်း ကို ငုံ့လိုက်မိလေသည်။
‘‘အလုပ်မှ မသွားတာ ဘယ် နှရက်ရှိနေပြီထင်သလဲ။ ကိုတင် အေး ဒီမှာလာ အမြဲလာစောင့်နေ တာကော မသိဘူးလား’’ဟု မေး ပြီး
‘‘မေသီ လုပ်သွားလိုက်တာ ကိုတင်အေးဖြင့် ရူးကျန်ရစ်တာပဲ မေသီရယ်၊ ရက်စက်လိုက်တာ’’ ဟု နာကြည်းစွာ ညည်းညူလေ၏။
ကိုတင်အေးသည် အံ့သြစွာ ကြည့်ကာ‘‘မေသီ’’ဟု ခေါ်သည်။
မေသီသည် လျလျကလေး ပြုံးလေ၏။
‘‘မေသီဖြင့် ဝမ်းနည်းလို့မဆုံး ပါဘူး။ သြော်…ကိုတင်အေးဟာ မေသီကို လှည့်စားရက်လိုက်တာ လို့၊ ကိုတင်အေး တခြားမိန်းက လေးတစ်ယောက်နဲ့ ချစ်နေလျက် က မေသီ့ကို ဘာဖြစ်လို့ ညှဉ်းဆဲ ချင်ရတာလဲ၊ ကိုတင်အေးဟာ မေသီ့ကို လိမ်ပြီး ချစ်မယ်ကြံတာ ပဲ။ ဒါပေမဲ့ အလိမ်ပေါ်သွားပြီ’’
ကိုတင်အေးမှာ မျက်နှာအ ပျက်ကြီးပျက်ကာ စကားတစ်လုံး မှ မဆိုဘဲ နေလေသည်။ ရာဇဝတ် ကောင်ပမာ မျက်နှာထားကျနေ ၏။ ကြက်သေသေပြီး ရုတ်ခနဲ တွေဝေနေ၏။
အတန်ကြာမှ မျက်နှာမသာ မယာနှင့်…
‘‘ကိုတင်အေးမှားတယ် မေ သီ’’ဟု ဝန်ခံလေ၏။
‘‘မှားတယ်ဆိုရင်လည်း သည်နေရာမှာ သည်ဟာ ပြီးကြ ပါစို့ ကိုတင်အေးရယ်’’
‘‘အို…မပြီးနိုင်ဘူး၊ ကိုတင် အေး မေသီ့ကို ချစ်တယ်’’
မေသီ ဝမ်းနည်းပန်းနည်း ပြုကာ ခေါင်းခါလေသည်။ သူ့အ မူအရာမှာ လှိုက်လှိုက်လှဲလှဲပင် ဖြစ်နေကြောင်းကို သိသော်လည်း ဟန်ဆောင်ဖို့စိတ်မကူး။ ဂရုမစိုက်ပါဘူးဟူသောအနေဖြင့် မထီတရီ နေလိုက်ဖို့ မကြိုးစား။
‘‘ကိုတင်အေးလေ သည် ကမ္ဘာပေါ်မှာ မေသီ့ကိုသာ ချစ် မယ်။ မေသီ့ကို ချစ်ရမှအေးမယ်။ ယုံစမ်းပါ မေသီရယ်။ မေသီ့အ ချစ်အတွက်ဆိုရင် ဘာကိုမဆို စွန့်ပြပါမယ်။ အို…ဒီလိုမပြုံးပါနဲ့ လေ။ ရင်ခွဲပြရမှာလား၊ ချစ်တာ ကို ပါးစပ်က မပြောတတ်ဘူး မေသီ’’
ကိုတင်အေး၏ မျက်နှာမှာ သွေးရောင်ကြွလာပြီး သူ့ကိုယ်မှာ ယိမ်းယိုင်ကာ မေသီ့ကို မိုးလျက် ရှိလေသည်။
မေသီက ‘‘အို…တော်ပါ တော့ ဘာပြောပြော မေသီတော့ ကိုတင်အေးအချစ်မျိုးကို သိပ် ကြောက်တာပဲ’’ဟု ပခုံးတစ်ဖက် တွန့်ကာ လှောင်ရင်း ရယ်ရင်း ပြောသည်။
ကိုတင်အေးမှာ ရုတ်တရက် ဘာမျှမပြောနိုင်ဘဲ ငိုင်နေ၏။ ပြီးမှ ‘‘မေသီအတွက် ဘာကိုမဆို စွန့်လွှတ်ရဲတယ်လို့ ပြောပကော မေသီ၊ ကိုတင်အေးအပြစ်ဟာ မကျေနိုင်လောက်အောင်ပဲ ကြီး သလား’’ဟု မေးလေ၏။
မေသီက ရယ်လေသည်။
‘‘ခု ပြောနေတာက ကိုတင် အေးကို အပြစ်ဆိုနေတာမဟုတ် ဘူး။ မိန်းကလေးတစ်ယောက်ကို ချစ်တာဟာ အပြစ်မှ မဟုတ်ပဲ။ ဒါပေမဲ့ ချစ်မိပြီဆိုရင် သစ္စာရှိရ တယ်။ တည်တံ့ရတယ်။ အချစ် ဟာ ပေါ့ပေါ့ကလေးမဟုတ်ဘူး။ ကိုတင်အေး ခုလို လုပ်တာဟာ ဟိုကောင်မလေးအပေါ်မှာရော၊ မေသီ့အပေါ်မှာရော သက်သက် မတရားလုပ်တာပဲ။ ကိုတင်အေး ဘာဖြစ်လို့ သည်လောက်မိန်းက လေးတွေကို ဒုက္ခပေးချင်ရတာ လဲ၊ မေသီ့ကိုကော ဘာဖြစ်လို့ လိမ်ချင်ရတာလဲလို့’’
အသံမှာ ငိုသံပါသည်။ မေ သီ၏ရင်မှာ ပွင့်ထွက်တော့မလို ပူလျက်ရှိသည်။ မေသီမှာ ကိုတင် အေးနားက ရုတ်ခြည်း ထကာ ဝေးဝေးသို့ လွတ်လွတ်ကျွတ် ကျွတ်ပြေးချင်စိတ် ပေါက်လာ လေ၏။ ကမ္ဘာ့အစွန်ကိုပဲဖြစ်ဖြစ်၊ ငရဲကိုပဲဖြစ်ဖြစ်…။
တိတ်ဆိတ်ခြင်းသည် များ ပြားသော အဓိပ္ပာယ်ကို ဆောင် ကာ ရှည်လျားစွာ မင်းမူနေသည်။ မိုးသားများကြားမှ နေသည် ပူ လောင်သော အရှိန်အဝါတို့ကို လောင်းသွန်ချသည်တွင် သစ်ရွက် အပေါင်းတို့သည်လည်း ခေါင်းငုံ့ ကာ မာန်လျှော့နေကြရှာသည်။ လေသည်လည်း ကွယ်ပျောက်နေ ပြီလိုလို။
‘‘မေသီ ကိုတင်အေးကို နည်းနည်းမှ မချစ်ဘူးလား’’ဟု ဗြုန်းခနဲ မေးလေ၏။
မေသီက ဘာမှ မပြောဘဲ နေလေ၏။
‘‘မေသီ ပြောပါကွယ် မချစ် ဘူးလား’’
‘‘မေသီ မပြောနိုင်ဘူး’’
‘‘အို…ပြောရမယ်၊ မေသီနဲ့ ကိုတင်အေး တစ်နေ့ကွဲကြတာ ဒါကို ရှင်းရှင်းသိရရင် ဖြေနိုင်ဦး မယ်။ ပြောပါ…မေသီ၊ ကိုယ်တို့ကငယ်လည်း ငယ်သူငယ်ချင်းပါ ကွယ်၊ ဘာမှ ဖုံးနေကြစရာမလိုပါ ဘူး’’
မေသီသည် နှုတ်ခမ်းကို ကိုက်ကာ ‘‘ချစ်တော့ ချစ်တယ်’’ ဟု အသံပြတ်နှင့်ဆိုလေသည်။
‘‘တော်ပါပြီ၊ ကျေနပ်ပါပြီ၊ ကိုတင်အေးသွားပါတော့မယ်’’ဟု ပြော၍ ထွက်သွားမည်ပြုပြီးမှ
‘‘မေသီရယ်…ကိုတင်အေး ကို ချစ်လျက်သားနဲ့…’’ဟု တစ် ဝက်တစ်ပျက်ပြောလေသည်။
‘‘အို…ထပ်မပြောပါနဲ့တော့။ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့ပါ ဘူး။ မေသီ မှန်တာပြောလို့ အတင့်ရဲချင်သလား’’ဟု ခပ်မြန်မြန်ပြော ရင်း ထွက်လာကာ
‘‘ကိုတင်အေးဟာ မေသီ့ကို အထင်သေးနေတယ်။ မေသီ သဘောထားသေးလို့မဟုတ်ဘူး။ ကိုတင်အေး ဘယ်ဘဝက ပြန် လာပြန်လာ မေသီ လက်ခံမှာပဲ။ ဒါပေမဲ့ ဘာမှ အပြစ်မရှိတဲ့ ဟိုမိန်းကလေးတစ်ယောက်ကိုစွန့်ပြီး မေသီ့ဆီလာမှာတော့ မလိုချင်ဘူး။မတရားလုပ်တာကို မေသီ ရှုံးချင် ရှုံးပါစေ။ အားမပေးနိုင်ဘူး။ လူတစ်ယောက်ရဲ့ချစ်သူကို မလုချင်ပါဘူး။ မေသီလေ အချစ်မျက်နှာ ထက် မိန်းကလေးအချင်းချင်း မျက်နှာကို ပိုငဲ့ချင်စိတ်ရှိတယ်။ ကိုတင်အေး သူ့ကို မသနားပေမယ့်မေသီက မရက်စက်ချင်ပါဘူး။ သူ့ကို စွန့်ပါမယ်လို့ပြောရင် မေသီကျေနပ်မယ်ထင်တာ ကိုတင်အေး မှားတာပဲ။ မြင့်မြတ်တဲ့ အချစ် သစ္စာနဲ့ အမြဲတွဲနေတယ်။ ကိုတင် အေးဟာ ယောက်ျားကောင်းတစ် ယောက်ပီသပါစေ။ အချစ်ကို ပေါ့ပေါ့မတွေးပါနဲ့’’ဟု စိတ်လိုက်မာန်ပါ ပြောလေသည်။
ကိုတင်အေးသည် တိတ် ဆိတ်စွာ ထွက်သွားတော့သည်။
မေသီကား ငိုချင်သလို၊ ရယ် ချင်သလိုဖြစ်ကာ ကျန်ခဲ့သည်။ ဖြောင့်မတ်သူသည် လောကရေး ရာမှာ ရှုံးနိမ့်တတ်သည်။ သို့သော် တစ်သက်လုံးကား လိပ်ပြာလုံ တော့လေသည်။ ဒါသာ အမြတ် ဖြစ်၏။
မေသီသည် အင်မတန်ကို နွမ်းလျစွာ မချိတရိပြုံးမိရှာလေ ၏။
(တာရာမဂ္ဂဇင်းအတွဲ(၁)၊ အမှတ်(၇)၊ စက်တင်ဘာ ၁၉၄၇)
Saturday, June 24, 2017( 7day Page မှ ကူးယူပါသည်)
No comments:
Post a Comment