အက်ဆေး ( ၂၀ )
_____________
#လူတစ်ချို့နှင့် ဂြိုလ်သေ ကောက်သူ
=====================
ရွှေပိုးအိမ်(ပဲခူး)
.
လူတစ်ချို့ ရုပ်ရှင်ကြည့်နေကြသည်။
လူတစ်ချို့က အားပါးတရ ရယ်မောရန်အတွက် ဟာသဇာတ်ကားကို ကြည့်ကြသည်။ မရပ်မနား ရယ်မောရလွန်းသဖြင့် ဗိုက်ကြောများ ပြတ်ထွက်ကာ နောက်ဆုံးတွင် မျက်ရည်များ ကျလာတော့သည်။ နာကျင်မှုဝေဒနာကို မရယ်မောနိုင်တော့ဘဲ အသေအကြေ ခံစားရသည်။ ပတ်ဝန်းကျင်ကို အော်ဟစ် အကူအညီတောင်းကြရသည်။ ကိုယ်ရောင်ကိုယ်ဝါ တောက်ပသော ဒူးအတိ စကတ်အတိုဖြင့် ငရဲမင်း၏ အတွင်းရေးမှူးမလေးသည် ရုတ်တရက် ရောက်လာသည်။ ထို့နောက် ရယ်စရာ ဇာတ်ကား ဖြင့် မျက်ရည်ကျကြရသူများစာရင်းတွင် ထိုလူများကို ရေးမှတ်လိုက်တော့သည်။ သို့သော် ကမ္ဘာနှင့်ချီပါက ဟာသ ဇာတ်ကား များမှာ တစ်ရက်ပြီးတစ်ရက် အဆက်မပြတ် ထွက်ပေါ်မြဲ ထွက်ပေါ်လျှက်….။ လူတစ်ချို့သည် ရယ်မောရန်အလို့ငှာ ထိုဟာသ ဇာတ်လမ်းများကို အလုအယက် ၀ယ်ယူလျက်ရှိနေကြသည်။ ငရဲမင်း၏ အတွင်းရေးမှူးမလေးသည် ငရဲမင်းကို ကပ်ချွဲပြီး သူမ လက်ကို နောက်ဆုံးပေါ် လက်ရေးစက် တပ်ဆင်ကာ ထိုလူများ၏ စာရင်းကို ဆက်လက် ရေးမှတ်နေဆဲပင်ဖြစ်သည်။
လူတစ်ချို့ကတော့ ကလေးများနှင့် အတူတူထိုင်ကာ ပျော်ရွှင်စရာ ကာတွန်းကားများကို စိတ်လိုလက်ရ ကြည့်နေကြ သည်။ ထို့နောက် အသံကြောင်နေသော ကီးများဖြင့် ရယ်မောလိုက်ကြပြန်သည်။ လူကြီးများ၏ ရယ်သံသည် အလွန်ကျယ် လောင် လာသောကြောင့် ကလေးများပင် နေရာဖယ်ပေးလိုက်ရသည်။ ယင်းလူများသည် နေ့ရက်များကိုလည်း ကီးကြောင်စွာ ဆက်လက် ဖြတ်သန်းကြသည်။ ပျော်ရွှင်မှုများကို ကာတွန်းကားများထဲမှ ရသလောက် နိုက်ထုတ်ရန် ဆက်လက် ပြင်ဆင်ကြ သည်။ တစ်နေတာ ပျော်ရွှင်ရသမျှ ပိုပြီး ပျော်စေသည်ဟု ဆင်ခြေပေးကြပြီး တစ်ချို့ကတော့ တစ်နေ့တာ မပျော်ရွှင်သမျှ အနည်း ငယ်တော့ ပျော်ရွှင်စေသည်ဟု သုံးသပ်ဆုံးဖြတ်ကြသည်။
လူတစ်ချို့က ၀မ်းနည်းပူဆွေးမှုများကို မီးလင်းဖိုကဲသို့ နွေးနွေးထွေးထွေး ခိုလှုံရန်အတွက် ဒရမ်မာဇာတ်ကားကို ကြည့်ကြသည်။ ဇာတ်လမ်းကို ကြည့်နေရင်းကပင် လောကဇာတ်ခုံမှာ ကိုယ်တိုင်ပါဝင် ကပြချင်ကြသည်။ သနားစရာ ဇာတ်ကောင်သည် လူတစ်ချို့ကိုယ်တိုင်ဖြစ်ပြီး ရက်စက်ယုတ်မာသော ဇာတ်ကောင်များကို အသေအကြေ တိုက်ခိုက်ပစ် လိုက်ကြသည်။ ထို့ကြောင့် ရက်စက်ယုတ်မာသော ဇာတ်ကောင်များအားလုံး သေဆုံးပြီး ဇာတ်လမ်းလည်း အဓိပာယ်မဲ့ သွား သည်။ အစအဆုံးကြည့်လို့မှ လှည့်ကွက်၊ ဇာတ်အကူးအပြောင်း၊ ဇာတ်အကွေ့အကောက်မပါတော့သော ထိုဒရမ်မာ ဇာတ်လမ်း ကြီးသည် ငြီးငွေ့ဖွယ် အတိဖြစ်လာတော့သည်။ အေးစက်စက် အာရုံကို မခံစားနိုင်သော လူတစ်ချို့သည် ထိုဒရမ်မာ ဇာတ်လမ်း ၏ ငြီးငွေ့ဖွယ်ရာ ကောင်းမှုကို အပြစ်တင်ချင်လာကြသည်။ သူတို့ကိုယ်တိုင် စိတ်ရှိလက်ရှိ သတ်ဖြတ်ခဲ့သည့် ရက်စက်ယုတ်မာ သော ဇာတ်ကောင်များကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းလာတော့သည်။ ဤနည်းဖြင့် ဒရမ်မာဇာတ်ကားများကို လူတစ်ချို့ ဟာ ဇွဲကြီးကြီးဖြင့် ဆက်လက် ကြည့်ရှုကြသည်။ ရုပ်ရှင် ဒါရိုက်တာများကလည်း လူတစ်ချို့၏ အားနည်းချက်ကို အမိအရ ဖမ်းဆုပ်ကာ ဒရမ်မာဇာတ်လမ်းကောင်းများကို အစွမ်းကုန် ကြိုးစား၍ ပိုမို ရိုက်ကူးလာကြတော့သည်။ ကြာလာတော့ ယင်း ရုပ်ရှင်ဒါရိုက်တာများကိုယ်တိုင်ပင် ၀မ်းနည်း ပူဆွေးမှုများဖြစ်လာတော့သည်။ လူတချို့ကတော့ မီးလင်းဖိုအမှတ်နှင့် ခိုလှုံကြတုန်း ပင်။
လူတစ်ချို့က ဟိုလူနှင့် ဒီလူ သတ်ပုတ်ပြီး ဟိုတစ်ဖွဲ့နှင့် ဒီတစ်ဖွဲ့ အပြန်အလှန် ပစ်သတ်ကြသည့် ဖိုက်တင်ဇာတ်ကား ကို နှစ်သက်စွာ ကြည့်နေကြသည်။ ရုပ်ရည် ချောမော ပြေပြစ်ပြီး စိတ်ကောင်းနှလုံးကောင်း ရှိသည့် ဇာတ်ကောင်ဘက်မှ ချိန်ခွင် ကို အဆုံးထိ အလေးသာပေးကြသည်။ ချောမောသူ နိုင်ပါစေ။ ရုပ်ဆိုး သူ ရှုံးပါစေ။ စိတ်ကောင်းရှိသည့် ဇာတ်ကောင်၏ သူရဲကောင်းဆန်ဆန် ကယ်တင်နိုင်မှုများကို အားကျငေးမော ကြသည်။ စိတ်ထဲ ရှိတဲ့အတိုင်း ကုန်းရုန်း အော်ဟစ်ကြသည်။ ဇာတ်ကောင်ခံရသည့် အခိုက်အတန့်ခဏလေးကိုပင် စိတ်မရှည်ကြ။ ဒေါသတွေ ထွက်လာကြပြီး ဖန်ခွက်တွေဖြင့် တီဗွီ ဖန်သားပြင်ကို ပစ်ပေါက်ကြသည်။ ၀ုန်း ဒိုင်းကြဲကြသည်။ အိမ်သားအချင်းချင်း စကားတွေ များကြသည်။ ရိုင်းစိုင်းညစ်ညမ်းစွာ ဆဲရေ တိုင်းထွာကြသည်။ လူတစ်ချို့နှင့် လူတစ်ချို့ ဇာတ်ကားထဲကအတိုင်း တိုက်ခိုက်ကြတော့သည်။ အပြင်ဘက်တွင်တော့ ချောမောပြေပြစ်သော ဇာတ်ကောင်သည် ယုတ်မာရိုင်းစိုင်းသော ဇာတ်ကောင်ကို နာရင်းတစ်ချက်တီးပြီး စီးကရက် ၀ယ်ခိုင်း နေပြီဖြစ်သည်။ လူတချို့နှင့် လူတစ်ချို့ကတော့ ကမ္ဘာမကြေသော ရန်ပွဲများကို ယခုထက်တိုင် နွှဲနေတုန်းပင်။ ရန်ပွဲများကြား မြေဇာမြက်ပင်တို့ ပြန်မထနိုင်ကြသေး။
လူတစ်ချို့က စိတ်ဝင်စားမှုတွေကို ဖွက်ဖွက်ပြီး နောက်ဆုံးမှာ ဖွားခနဲ ပြန်ပေါ်ရသည်ကို နှစ်သက်သူများ ဖြစ်သည်။ ထို့ကြောင့် လျှို့ဝှက်သည်းဖိုဇာတ်လမ်းကားကို ကြည့်ကြသည်။ နေရောင်ခြည်သည် သူ့ကိုယ်သူ ပန်းခင်းများအပေါ် ဆမ်းထား သလိုလို ဟန်ဖြင့် ရွှင်မြူးပြနေခဲ့သည်။ နောက်ဆုံးတွင် လရောင်၏ နောက်ကျောကို ဓားဖြင့် ထိုးရန်အတွက် ပန်းပွင့်များကို ညှိုးလျော်စေလိုက်တော့သည်။
ကြည့်နေရင်း ကြည့်နေရင်းဖြင့် ဖြူစင်ရိုးသားသည့် မိန်းမလှလေးသည် အနက်ရောင်ဝတ်ရုံကို အထက်အောက် ၀မ်းဆက် ချုပ်ဝတ်ထားသည့် စုန်းမ တစ်ဦးဖြစ်လို့နေသည်။ စုန်းမက သူချုပ်သည့် အပ်ချုပ်ဆိုင်နာမည်ကို ဘယ်တော့မှ ပြောမှာ မဟုတ်ဟု အပြင်းအထန် ငြင်းဆန်လိုက်သေးသည်။
ကော်ဖီသောက်ပါဟု ယဉ်ကျေးပျူငှာသော လုပ်ဖော်ကိုင်ဖက်တစ်ဦးကို ချစ်ခင်မြတ်နိုးစွာ ပြုံးပြလိုက်ချိန်တွင် သူ့ပစ်လိုက်သော မြားသည် ရင်ဘတ်ကနေ နောက်ကျောကို အဆုံးထိ စိုက်ဝင်နေပြီဖြစ် သည်။ မည်သို့မှ မတတ်နိုင်ခဲ့။ လောကသည် မာယာများသည်ဟု ဆိုလျှင် ငြင်းဆန်ရမည်ဖြစ်သည်။ လူတစ်ချို့၏ မာယာကြောင့် လောကသည် အသလွတ်အမည် တပ်ခံနေရခြင်းပင်ဖြစ်သည်။ ရိုးသားကြိုးစားသော ကြယ်တစ်ပွင့်သည် ဆားပုလင်းနှင်းမောင်၏ အမှုတွဲတွင် အရက်စက်ဆုံးသော လူသတ်သမားဖြစ်လို့နေသည်။ စီအိုင်ဒီ ဘခက်သည် ယောဂီဝတ်စုံဝတ်ထားသော လိမ်လည် သူတစ်ဦးကို ရဲစခန်းသို့ ခေါ်လာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် လျှို့ဝှက်သည်းဖို ဇာတ်ကားများသည် ပိုမို အရောင်းသွက်လာကြ သည်။
လူတစ်ချို့ ရုပ်ရှင်ကြည့်ချိန်တွင် လူတစ်ယောက်သည် ရုပ်ရှင်ကြည့်သူများကို ပြန်လည် ကြည့်ရှုနေသည်။
သည်းထိတ်ရင်ဖို ဇာတ်ဝင်ခန်းတွင် လူတစ်ချို့၏ မျက်လုံးများသည် ပြူးကြောင်ကြောင်ဖြစ်လာကြသည်။ ကြောက်ရွံ့ အသည်းအေးသည့် ဟန်ဖြင့် လှုပ်လှုပ်ရွရွဖြစ်လာကြသည်။ စိတ်ဝင်စားစရာအကောင်းဆုံး ဇာတ်ဖြေခန်းတွင် လူတစ်ချို့သည် တိတ်ဆိတ်လို့…၊ နားရွက်တောင်မလှုပ်ဘဲ အံ့သြ မှင်သက်လျှက်ရှိကြသည်။
နှလုံးခုန်သံ တဒိတ်ဒိတ်ဖြင့် လန့်ဖြန့်လို့၊ မျက်လုံးတွေ အကြောင်းသားနှင့် စိတ်ဝင်တစား ပါးစပ်တွေဟလို့။
တစ်ခါတရံ ဒေါသအမျက်များဖြင့် ခရမ်းချဉ်သီးတစ်လုံးကဲ့သို့ နီမြန်းလို့….။
တစ်ခါတရံ ဖြောင်းခနဲ ပေါက်သွားသော ဘောလုံးတစ်လုံး၏ လန့်ဖြန့်ခြင်းဖြင့် အူလိုက် သည်းလိုက် ရယ်မောလို့။
။…..….။
လူတစ်ချို့က ယနေ့အတွက် အမြတ်ငွေစာရင်းတွက်နေပြီး လူတစ်ချို့က မနက်ဖြန်အတွက် ဈေးရင်း မရှိတော့၍ ငိုကြွေးနေပြန်သည်။ လူတစ်ယောက်နှင့် အခြားလူတစ်ယောက် စကားများ ရန်ဖြစ်နေသည့် အချိန် လူသားငယ်တစ်ဦးက မျက်ရည်တသွင်သွင်ဖြင့် ငေးမော၍ နေသည်။ လူသားငယ်လေးများ ရပ်ကွက်၏ လမ်းမပေါ် မြူးတူးပျော်ပါးနေသည့်အချိန် လူသားအိုတစ်ဦးက ပုတီး တစ်ချောက်ချောက်ဖြင့် ချောင်တစ်ချောင်တွင် ချောင်းဟန့်နေခဲ့သည်။ လူတစ်ချို့ အကောင်းစား ၀ိုင်နှင့် စားသောက်ဖွယ်ရာ အစုံအလင်ဖြင့် ၀ိုင်းဖွဲ့နေချိန်တွင် လူတစ်ချို့သည် ငါးပိရည်တို့စရာနှင့် ဆီမပါဘဲ သုတ်ထားသော ပဲပြုတ်ပန်းကန်ကို ကြည့်ပြီး ငိုင်နေခဲ့ချိန် ဖြစ်သည်။
လူတစ်ချို့က မိမိရင်သွေး၏ အနာဂတ်အတွက် သိန်းပေါင်းများစွာ ကုန်သည့် ပညာရေးကို စိတ်ကြိုက် ရွေးချယ် နေချိန် တွင် လူတစ်ချို့သည် နောက်နှစ် ကျောင်းဖွင့်ချိန်တွင် မိမိတို့ ရင်သွေး၏ စာအံ့သံကို ကြားရရန်အရေး တွေးပူနေခဲ့ရပြီ။
လူတစ်ချို့က အကောင်းစားရေမွှေးနံ့ကို စိတ်ခံစားမှုအားကောင်းကောင်းဖြင့် ရွေးချယ်ဆွတ်ဖြန်းနေသည်။
လူတစ်ချို့မှာ နေလောင်နံ့များဖြင့် သင်းကြိုင်လို့။
လူတစ်ချို့သည် ငယ်ရွယ်နုပျိုမှုများဖြင့် လောကကို စိန်ခေါ်ကြသည်။ လူတစ်ချို့ကတော့ ရင့်ကျက် အိုမင်းမှုတွေဖြင့် လောကကို ခနဲ့သလို လှောင်ပြောင်ရင်း ကျားကန်ကြသည်။ ပျိုခြင်းနှင့် အိုခြင်းခြားက အကွာအဝေးသည် အံ့သြဖွယ် နီးနီးလေး ဖြစ်နေသည်။ လူတချို့ ထိတ်လန့်စွာ ငိုကြွေးလိုက်ကြသည်။ ခဏအကြာတော့ ငိုကြွေးခြင်းများကို လွှင့်ပစ်ကာ ပေါင်ဒါမုန့်ဖြူး ထားသော မျက်နှာများဖြင့် ရုပ်တရားကို ထွေးပွေ့လိုက်ကြသည်။
မီးရောင်အောက်တွင် လူတစ်ချို့ ကြယ်အကြွေတွေကို လိုက်ကောက်နေကြသည်။ အမှန်စင်စစ် ကြယ်အကြွေ မဟုတ် ဘဲ အလင်းရောင် အပိုင်းအစတချို့သာ ဖြစ်သည်။ လူတစ်ချို့ ညဥ့်နက်နေချိန်တွင် လူတစ်ချို့ မိုးလင်းနေကြပြီ။ လူတစ်ချို့၏ အပူသောကမီးများသည် အခြားလူတစ်ချို့အတွက် ကျေနပ်စရာအတိဖြစ်နေခဲ့သောအခါ လူတစ်ချို့၏ ဦးနှောက် များတွင် ပိုးလောက်လန်များ ပြည့်နှက်နေပြီဟု သတ်မှတ်လိုက်ကြသည်။
ပိုးလောက်လန်အပြည့်နှင့် ဦးနှောက်တစ်ခု ကမ္ဘာမြေပေါ် ရောက်လာခဲ့သည်။
ထို ဦးနှောက်ဖြင့် လူသားတစ်ဦးသည် လူတစ်ချို့ကို ကြည့်ရင်း အလင်းရောင်အပိုင်းအစများကို ကောက်ယူနေခဲ့သည်။ သို့သော် သူ ကောက်ယူခဲ့သည့် အရားများသည် အလင်းရောင်မဟုတ်ခဲ့။
အသက်မရှိတော့သည့် ဂြိုလ်သေများ၏ ရုပ်ကြွင်း အပိုင်းအစများသာ ….။
ရွှေပိုးအိမ်(ပဲခူး)
22-12-2017
မိုးမခ မဂ္ဂဇင်း
No comments:
Post a Comment