အက်ဆေး( ၃ )
__________
စကားလုံးပင်လယ်
============ လင်းထက်ဦး
.
စကားလုံးတိုင်းကိုတိကျအဓိပ္ပါယ်ယူရင် အဲ့ဒါမှားယွင်းမှုတခုပဲ။ဘာဖြစ်လို့လဲဆိုတော့ စကားလုံးတွေက စာရွက်ပေါ်မှာချရေးရင်တောင်မှစိတ်ချ၍မရသောကြောင့်ဖြစ်သည်။
အခု သူမပြောလိုက်တာ “ပင်လယ်” တဲ့။ တကယ့်ပင်လယ်ပြင်ကြီးပေါ့၊ ကျယ်လဲကျယ်မယ်၊ နက်လဲနက်မယ်။ ကျွန်တော်အဲ့ဒိလိုတွေးနေတုန်းမှာပဲ စကားလုံးရဲ့ အဓိပ္ပါယ်ကပြောင်းလဲသွားခဲ့ပြီ။ “ ပင်လယ်က “ ပင်လယ် အစစ်မဟုတ်တော့ဘူး။ သူမပြောတဲ့ “ ပင်လယ် “ က တကယ့်ပင်လယ်အစစ်ထဲ ခုန်ချပြီး အဆုံးစီ၇င်သွားခဲ့ပြီ။ တကယ်တမ်း သူမရောကျွန်တော်ပါ သိမှတ်နားလည်လိုက်ရတာက ဖမ်းဆုပ်၍မရသောအရာများသာဖြစ်သည်။
စကားလုံးတွေက အချိန်ရဲ့စွဲအားမှာ တွန့်လိမ်ကောက်ကွေးကုန်ကြသည်။ မျက်စိရှေ့မှာတင်ပဲ ပြောင်းလဲနေကြသည်။ တကယ့်လက်တွေ့ဘ၀တွင် ဒီထက်ပင်ပိုပြီးဆိုးဝါးနေနိုင်ပါသေးသည်။
“ ငါက အဲ့ဒါတွေစိတ်မ၀င်စားဘူး “ လို့သူမကပြောတော့ ကျွန်တော် တကယ်မှတ်ပြီး ယုံနေခဲ့သေးသည်။ နောက်ရက်တွေမှာ သူမ မယုံကြည်တဲ့အရာတွေကြားမှာ သူမကိုတွေ့ရတော့ သူမပြောခဲ့တဲ့ “ စိတ်မ၀င်စားဘူး “ ဆိုတာကို ပြန်ပြီး ခွဲခြမ်းစိတ်ဖြာရပြန်သည်။
“ စိတ်မ၀င်စားဘူး “ ဆိုတာဘာလဲ ။ အမှတ်တမဲ့ပြောလိုက်မိတဲ့အရောင်ပြ “ စိတ်မ၀င်စားဘူး “ ဆိုတာမျိုးလား။ လေးလေးနက်နက်မတွေးခေါ်ချင်လို့ အလွယ်တကူ ပြောလိုက်တဲ့ “ စိတ်မ၀င်စားဘူး “ လား။ ဒါမှမဟုတ် အသေချာပြောပြီးကာမှ အကြောင်းပြချက်ရှိလို့ ပြောင်လဲသွားတဲ့ “ စိတ်မ၀င်စားဘူး “ လား ။ ဘာတစ်ခုမှမသေချာတော့ပါ။ “ စိတ်မ၀င်စားဘူး “ ဆိုတဲ့စကားလုံးရဲ့ သက်ရောက်မှုက ရက်ပိုင်အတွင်းမှာ ပြိုကျသွားခဲ့ပါပြီ။ သို့မဟုတ် “ စိတ်ဝင်စားခြင်း “ ဆီသို့ပြောင်လဲသွားလေပြီ။
လူတွေ စကားလုံးတွေကိုသေချာချင်လို့၊ တိကျချင်လို့ စာချုပ် ချုပ်ကြတာကို ကျွန်တော် နားလည်ပါသည်။ စာချုပ်ထဲမှာ နှစ်ပေါင်းသုံးဆယ်အတွင်း ဤအရာသည် “ အိမ် “ ဆိုလျင် အိမ်ပဲဖြစ်ရသည်။ ဇရပ် ဖြစ်၍မရပါ။ ကွင်းပြင် ဖြစ်၍မရပါ။ သို့သော် အဲ့ဒီ “ အိမ်” ဆိုတာကလဲ စကားလုံးပဲမဟုတ်လား။ စာချုပ်ထဲထည့်ချုပ်ထားသည့်တိုင် သေချာပေါက် မပြောင်းလဲပါဘူးဟု မည်သူမှအတတ်မပြောနိုင်ပါ။ အကယ်၍ စွမ်းနိုင်သူတစ်ယောက်ယောက်က ကွင်းပြင်ဖြစ်စေဆိုလျင် “ အိမ် “ ကနေ “ကွင်းပြင် “ အဖြစ်သို့ သေချာပေါက် ပြောင်းလဲရမှာပါပဲ။ စကားလုံးတွေမှာ မူလအနက်အဓိပ္ပါယ်မရှိဟု ဆိုထားသည်ကိုမမေ့ဖို့အရေးကြီးပါသည်။
D.H lawrence ရဲ့ Lady Chatterley’s lover ၀တ္ထုသည် အချစ်ဝတ္ထုထက်ပိုပြီးဆွဲဆန့်လိုက်သောအခါ စကားလုံး၏ အနက်အဓိပ္ပါယ်ပြဿနာအပေါ်ရှုမျှော်သုံးသပ်ချက်ဖြစ်လာသည်။ ခုခေတ်လူသုံးများလာသော what the fucking hell ကို ခင်ဗျားဘယ်လိုဘာသာပြန်သလဲ ကျွန်တော်မသိပါ ။ ဗြိတိသျှပါလီမန်မှာ lousy ကိုမသုံးရဆိုသော်လည်း ၀င်စတန်ချာချီသုံးတော့ရနေပြန်သည်။
စကားလုံးတွေက သတင်းနှင့် ယဉ်ကျေးမှုကို သယ်ဆောင်လာသည်ထက် ပြဿနာတွေသယ်ဆောင်လာသည်ဟုပြောလျင် ပိုမှန်လိမ့်မည်။ ထိုအချက်ကို ဆရာကြီးမင်းသုဝဏ်ကြုံတွေ့ခဲ့ရသော အနောက်တိုင်းထမင်းပွဲကသက်သေခံနေသည်။ ဆရာကြီးက အနောက်တိုင်း ထမင်းပွဲများတွင် “ thank you “ နှင့် “ sorry “ကို တွင်တွင်သုံးနိုင်မှ ထမင်းဝသည်ဟု ရိုးရိုးလေးပြောခဲ့ပါသည်။ ထိုသို့ပြောနေမည့်အစား လိုအပ်ပါက အဓိပ္ပါယ်ပါသောအပြုံးတခုက အပေါ်ယံစကားလုံးတွေထက် ပိုပြီးထိရောက်နိုင်ကြောင်းလဲ အသိပေးသွားခဲ့ပါသေးသည်။
ခေတ်အဆက်ဆက် စကားလုံးတွေနဲ့ ကဗျာဆရာများက ကဗျာတွေရေးခဲ့ကြသည်။ အားကောင်းသော၊ ပို၍အားကောင်းသောစကားလုံးများဖြင့်ဂန္ထ၀င်ကဗျာများချန်ရစ်ခဲ့ကြသည်။ ဒီနေ့ခေတ်မှာတော့ စကားလုံးများ၏ချုပ်ချယ်ကန့်သတ်မှုကို တွန်းလှန်ကာ ကဗျာတွေရေးဖွဲ့လာကြသည်။ စကားလုံးတွေကို ပြန်ပြီးတော်လှန်လာကြသည်။ သို့ဆို၍ စကားလုံးမပါပဲ ကဗျာရေးသည်ဟုထင်လျင်မှားပါသည်။ ယနေ့ခေတ် အချို့ ကဗျာဆရာများသည် စကားလုံးကို မသုံးမဟုတ် သုံးပါသည်။ သို့သော် သူတို့ရေးသောကဗျာများမှာ စကားလုံး၏ မသေချာသော အနက်အဓိပ္ပါယ်တို့ကိုရှောင်ကွင်း ဖြိုချပြီးရေးသားကြသည်ဟု ကျွန်တော်ထင်သည်။ စကားလုံးတစ်လုံးစီရဲ့အား၊ ဒါမှမဟုတ် စကားလုံးအစုဝေးတွေရဲ့အားကို တမင်အားပျော့အောင် အားထုတ်ကြသည်။ မည်မျှအားထုတ်သနည်းဆိုလျင် ဖတ်သူ၏ဖတ်ကာမတ္တမျှသာ အဓိပ္ပါယ်၇ှိသည်အထိအားထုတ်ကြသည်ဟုပြောချင်ပါသည်။ ဤသည်ကပင် စကားလုံးများကို သူတို့၏နဂိုမူလနေရာရောက်အောင် ပြုလုပ်သည်ဟုထင်ပါသည်။ ဒါက ကျွန်တော့်အတွက် စကားတစ်ခု၏မူလကမရှိသောအားကို တမင်ညှစ်ထုတ်၍ မရိုးမသားရေးသည်ထက် အများကြီးရိုးသားသည်ဟုခံစားရစေပါသည်။ ကဗျာဖြစ်မဖြစ်ဆိုတာမျိုးကတော့ ပြဿနာအားလုံးရဲ့ အရင်းမြစ်လို့ပြောရလောက်အောင် ရှုပ်ထွေးနေစဲဖြစ်သည်။ ဒါကတော့ ကျွန်တော်ရဲ့ စကားလုံးကိုအသုံးပြုရေးတဲ့ ကဗျာများအပေါ် ပုဂ္ဂလိကဆန်တဲ့အမြင်များပင်ဖြစ်သည်။
တခါက ကျွန်တော့်တွင် ဦးကျောက်ဟုခေါ်သော မိတ်ဆွေတစ်ယောက်ရှိသည်။ စကားလုံးတွေအပေါ်သူ၏သဘောထားမှာ ကျွန်တော်ထက်ပင်ဆိုးရွားပါသည်။ ကျွန်တော်တို့ နေ့စဉ်အသုံးပြုသော “ ခင်ဗျား “ “ကျွန်တော် “ ကိုတောင်မှအလွယ်တကူအသုံးပြုဖို့ တွေဝေထစ်အနေတတ်သည်။ “ ဒီနေရာမှာ ငါကလို့သုံး၇တော့မှာပဲ “ ဆိုတာ သူအသုံးပြုနေကျ စကားလုံးဖြစ်သည်။ စကားဝိုင်းတွင် သူ့ထက်အသက်ကြီးသူတစ်ယောက်မှမပါသော်လည်း သူကအမြဲခွင့်တောင်းလေ့ရှိသည်။ ပြီးတော့ “အေးကွာ “ နဲ့ “ အေးပေါ့ကွာ” အကြားမှာ အမြဲတမ်းဗျာများတတ်သူလည်းဖြစ်သည်။ ဦးကျောက် ကျွန်တော် စကားဝိုင်းထဲမှာ ရှိသော်လည်း သူ့ဆီက စကားလုံးများကိုဖောဖောသီသီမမျှော်လင့်မိဖို့ ကျွန်တော်တို့ကြိုးစားကြရသည်။ တခြားကြောင့်မဟုတ်ပါ၊ စကားလုံးများနှင့် သူ၏ပတိပက္ခကိုနားလည်သဘောပေါက်သောကြောင့်ဖြစ်သည်။ ထူးတော့ထူးဆန်းသည်။ စကားလုံးတွေကို ဇီဇာကြောင်သူက သူကွယ်လွန်တော့ လည်ချောင်း ကင်ဆာနဲ့ကွယ်လွန်ခဲ့သည်။
စကားလုံးတွေကိုတိတိကျကျပြောတတ်သော သူငယ်ချင်းနောက်တယောက်ရှိသေးသည်။ သူစကားပြောလျင်အသေးဖွဲလေးပင်ဖြစ်စေကာမူ တည်ကြည်လေးနက်သော အမူရာကိုထုတ်ဖော်ပြသပြီးမှ ပြောလေ့ရှိသူဖြစ်သည်။ “ ဒီနေရာမှာ ယုံကြည်မှုဆိုတာ ငါ့ယုံကြည်မှုကိုပြောတာနော်” ဟုသူ့စကားလုံးကို သေချာကန့်ပြီး ခိုင်မာမှုရှိအောင်အမြဲပြုလုပ်တတ်သူလည်းဖြစ်သည်။ ကျွန်တော်တို့က သူငယ်ချင်းတွေဖြစ်ကြသဖြင့် အချင်းချင်းကြား အဲ့ဒိလောက်မလိုပါဘူးဟုပြောလျင်ဘယ်တော့မှလက်မခံပါ။ “ အချင်းချင်းတွေမို့လိုတာကွ “ ဟုသူကအတွန့်တက်တတ်သေးသည်။ ကျွန်တော်ကတော့ သူဘယ်လိုပဲပြောပြော စကားလုံးတွေအပေါ်သူ၏တာဝန်ယူမှုကို အခြားသူတွေပြောနေကျစကားများထက် ပိုပြီးစိတ်ချရသည်ဟုမခံစားရပါ။ ပြောနေရင်းကပင် သူပြောသောယုံကြည်မှုဆိုတာမျိုးက ရာခိုင်နှုန်း အနည်းအများ၊ ကာလာ အထူအပါး၊ အလေးချိန် အတိုး အလျော့ စတာတွေမကြာခဏကြုံဖူးသောကြောင့်ဖြစ်သည်။ ပြောရမည်ဆိုလျင် စကားလုံးများ၏ထိုးထွက်နေသော အစွန်းကို သူကိုယ်တိုင် မဖမ်းဆုပ်နိုင်ခြင်းနှင့် ၊ စကားလုံးများအပေါ် လှိုင်းစီးသူလို လိုက်ပါဆော့ကစားလိုသော သူ၏ပါးနပ်မှုက သူ့ကို စကားလုံးတွေအောက်သို့ပြန်လည်ကျွံကျစေသည်ဟုမြင်မိပါသည်။ လှိုင်းစီးသူများလည်း လှိုင်းအောက်ရောက်နိုင်ပါသည်။
ဆရာအောင်ဝေးရေးသည့် “ ‘ ဒါပေမယ့် အရေးတော်ပုံ “ ဆောင်းပါးကိုဖတ်ဖူးသည်။ ဟောပြောပွဲ တခုတွင် ဆရာအောင်သင်းက သူဖြတ်သန်းခဲ့ရသော စာပေစီစစ်ရေးခေတ်က “ ပဲ “ နှင့် “ ဘဲ “ အကြောင်းဟောပြောတာနားထောင်ဖူးသည်။ ထိုဆရာနှစ်ဦး၏စာနှင့် ဟောပြောချက်များမှာ စကားလုံးတစ်ခု၏ သတ်ပုံအမှန်အမှားဝေဘန်စီစစ်ချက်များဖြစ်ပာသည်။ ကျွန်တော်ပြောနေသော စကားလုံး၏ အနက်အဓိပ္ပါယ်နဲ့ မသက်ဆိုင်ပါ။ သို့သော် လူအများစုက စကားလုံးတစ်လုံးတစ်ခုမှာ သတ်ပုံမှားမှ အဓါပ္ပါယ်လွဲမှားသည်ဟုထင်နေတတ်ကြသည်။ မဟုတ်ပါ။ စကားလုံးတစ်ခု၏ ဥပါဒ် ဌီ ဘင်တိုင်းမှာပင် အဓိပ္ပါယ်များ ရွဲ့စောင်း ကျိုးကြေနေခဲ့ပြီးဖြစ်ပါသည်။ ချောက်ကမ်းဘားနှစ်ခုအကြားမှာ ဆက်သွယ်ထားသော ထိုကြိုးတန်း လေထဲတွင်တုန်ခါနေသည်ကို အတိုင်းသား မြင်နိုင်ပါသည်။
တနေ့က ကျွန်တော် လူရှင်းသော စားသောက်ဆိုင်ထဲမှာတွေ့တော့ လေထုသည်ပင်ခြောက်သွေ့နေသည်ဟု ထင်ရလောက်သည်။ အဆုံးစွန်သော နားလည်မှုတွေဆီကနေ အားတင်းပြီး ရုန်းထလာခဲ့ရာမှ ခရီးဆုံးသို့ရောက်သလို သူမနဲ့ ကျွန်တော် လူလွတ်တဲ့စားပွဲမှာရောက်ရှိနေကြသည်။ ကျွန်တော့်ဘက်က ပြောစရာစကား သိပ်မရှိပေမယ့် သူမကတော့ ပြောစရာစကား များများစားစား ရှိနေပုံရသည်။ သူမ၏ ခန္ဓာကိုယ်ပေါ်မှာပင် စကားလုံးတွေကို အတိုင်းသားမြင်နေရပါသည်။ သို့သော် တကယ်တမ်းပြောကြတော့ သူမ အနည်းငယ်သာပြောနိုင်ပါတော့သည်။ “ ပြီးတော့လဲ ပြီးသွားမှာပါ “ တဲ့
“ အရင်လူတွေလဲ ဒီလိုပဲ ဝေးသွားခဲ့ကြတာပါပဲ “ တဲ့ ။ ကျွန်တော် သူမကို ငေးကြည့်နေမိသည်။ ပြီးတော့ သူမရဲ့ စကားလုံးတွေနောက် ငေးကြည့်နေမိသည်။ တကယ့်အဖြစ်မှန်မှာ သူမ ဖွင့်မပြောခင်ကတည်းကပင် ကျွန်တော်တို့ဇာတ်လမ်းက ပြီးနေခဲ့ပြီးသားဖြစ်သည်။ ကျွန်တော်က အလုပ်ကထွက်ပြီး ဇာတိမြေပြန်၇မည်။ သူမကဒီမှာဆက်ပြီးနေခဲ့မည်။ ဇာတ်လမ်းသဘောအရထိုမျှသာ။ ဖြစ်စဉ်တချို့ကို စကားလုံးများဖြင့် ပုံဖော်နိုင်သည်ဆိုသေည်လည်း ဘာမှ အသုံးမ၀င်တော့ပါ။ စကားလုံးတို့၏ အဓိပ္ပါယ်မဲ့က ထိုအတိုင်းပင်ဖြစ်သည်။
ကျွန်တော်တို့လမ်းခွဲပြီးပြန်လာတော့ samuel beckett ရဲ့ i give up before birth ၀တ္ထုထဲကိုစိတ်ထဲကတွေးနေမိပါသည်။ ပိုပိုသာသာပြောရရင် စကားလုံးတွေအပေါ် samuel beckett ရဲ့ သဘောထားကို ကျွန်တော်သိနေခဲ့တာကြာပါပြီ ။ ။
.
လင်းထက်ဦး
၁၆ -၁၀-၂၀၁၅
No comments:
Post a Comment