Apr 24, 2017

အလွမ်းနာ

အက်​​ဆေး(၉)
___________
အလွမ်းနာ
============ ​အောင်​လွန်းမြိုင်
.
ညတာသည် ရှည်မြဲရှည်လျက် ရှိနေသည်။
တစ်စုံတစ်ခုကို စောင့်မျှော်မိဆဲ။ အချိန်တို့သည်လည်း ကုန်နိုင်ခဲစွာ နှေးကွေးလွန်းသည်ဟု ထင်မှတ်ဆဲခိုက်မှာ သူ့ဘ၀ရဲ့ ဖြတ်သန်းကုန်ဆုံး လွန်မြောက်ခဲ့သော နေ့ရက်များကို ပြန်လည်စောင်းငဲ့ ကြည့်လိုက်တော့…….ကျန်ရစ်ခဲ့တဲ့ သူ့ဘ၀အတိတ်ရဲ့ အရိပ်တစ်ချို့ကို လွမ်းလွမ်းငွေ့ငွေ့တမ်းတ သတိရလာမိတော့သည်။

ရှိရင် … ရှိရင် … ကြဲပါဗျို့။
ရှိရင် … ရှိရင် … ကြဲပါဗျို့။
ဒီဘက်ကိုလည်း ကြဲပါအုန်းဗျို့။ ဟေး…။
ကလေးတွေရဲ့ သံပြိုင်အော်သံအဆုံးမှာ ရွှေတွေဝင်းအိနေအောင် ၀တ်ဆင်ထားတဲ့ ကားပေါ်မှ အမျိုးသမီးကြီးက ငွေဖလားထဲကို လက်နှိုက်ပြီး အပေါ်ကို မြှောက်ကြဲလိုက်တော့ ပေါက်ပေါက်ဆုပ်နဲ့ ပိုက်ဆံအကြွေစေ့တွေ လေထဲမှာ အဖွေးသား။
မြေပေါ်ပြန်ကျလာတဲ့ ပိုက်ဆံတွေကို ကလေးတွေက ၀ိုင်းပြီးလုကြ၊ တွန်းကြ၊ တိုးကြ။
ရတဲ့သူကရ မရတဲ့သူကမရ ကားတွေတန်းစီပြီး ပြန်မောင်းထွက်သွားတာတောင် ကလေးတွေ တစ်အုပ်စုလုံး ကားနောက်ကို အမှီပြေးလိုက်ပြီး ကြဲပါအုန်းဗျို့။ ကြဲပါအုန်းဗျို့ လို့အော်ရင်း ပြေးလိုက်သွားကြတာ မမောနိုင် မပန်းနိုင် ချွေးတလုံးလုံးနဲ့။ ပိုက်ဆံမကြဲတော့မှ ကလေးအုပ်စုတွေ ပြန်လှည့်လာကြတော့သည်။

အဲ့ကလေးတွေ အုပ်စုထဲမှာ သူလည်းပါဝင်ခဲ့လေသည်။
ထိုနေ့က ငါမူးစေ့တစ်စေ့ မတ်စေ့တစ်စေ့ ဆယ်ပြားစေ့တစ်စေ့ ပေါင်းလိုက်တာ ရှစ်ဆယ့်ငါးပြားရသည်။ လက်သည်းရင်းနဲ့ ပန်းကုံးက လက်ဆစ်ကလေးတွေ အနည်းငယ် ပြဲကုန်သည်။
အိမ်ရောက်တော့ ရှစ်ဆယ့်ငါးပြားရတဲ့ အကြောင်း အမေ့ကိုအော်ပြောရင်း သုံးဆယ့်ငါးပြားကို ချန်ထားပြီး ငါးမူးစေ့တစ်စေ့ကို အိမ်အတွင်းဘက်က ထရံထောင့်မှာ ချိတ်ဆွဲထားတဲ့ ၀ါးဆစ်စုဗူးက အပေါက်ထဲသို့ ချလောက်ခနဲ အသံမြည်အောင်ထည့်လိုက်တယ်။ ၀ါးဆစ်စုဗူးထဲသို့ အကြွေစေ့ကျသွားတဲ့ အသံက သူ့ကို ပီတိဖြစ်စေခဲ့တယ်။

နေ့ကောင်းရက်သာနေ့တွေဆိုရင် လက်ခြောက်ဘက် ဘိုးတော်ကြီးနတ်နန်းစင်မှာ ကားနတ်ပြတွေ ဆိုင်ကယ်နတ်ပြတွေ မြင်းလှည်းနတ်ပြတွေ ဆိုက္ကားနတ်ပြနှင့် အလွှာပေါင်းစုံက လူတွေ နတ်ပြဖို့ရာ တန်းစီပြီးတောင် စောင့်ရတတ်တယ်။
စည်တော်အကတွေ ဒိုးပတ်အကတွေ အိုးစည်အကတွေ … သိုင်းအက၊ ကုလားအကတွေနဲ့ အလှူဝတ်ဆံ လှည့်တာတို့၊ ဆင်တွေ မြင်းတွေနဲ့ အလှူလှည့်တာတို့ ၊ ကားကြီးကားငယ်တွေနဲ့ စုပေါင်းရှင်ပြုပွဲတို့ နတ်ပြလာလျှင် လက်ခြောက်ဘက် ဘိုးတော်ကြီး နတ်နန်းစင်မှာ အစည်ကားဆုံးနေ့တွေ ဖြစ်နေတတ်ပြီး နတ်နန်းစင်ကို တစ်နေ့တစ်နေ့ နတ်လာပြကြတဲ့ အလှူတွေကလည်း မနည်းဘူး။ အနည်းဆုံး လေးငါးလှူလောက် ရှိမည်။ သူတို့ကလေးများ အုပ်စုကတော့ မောင်ရှင်လောင်း နတ်ပြတွေလာရင် ပိုက်ဆံလုကောက်ကြဖို့ သူ့ထက်ငါဦးအောင် အပြေးအလွှားပြေးကာ “ ကြဲပါအုန်းဗျို့” လို့အော်လိုက်သည်။ နောက်မှ ပိုက်ဆံကြဲဖို့ရာ သတိပေးတဲ့ အနေနဲ့ “ရှိရင် … ရှိရင် … ကြဲပါအုန်းဗျို့” လို့သံပြိုင်အော်လိုက်ကြသည်။ တချို့ အလှူရှင်များက ပိုက်ဆံကြဲဖို့ရာ ကုန်သွားလို့ရှိရင် ကုန်သွားပြီဆိုတဲ့ အကြောင်း ငွေဖလားကြီးကို မှောက်ပြပြီး ငွေဖလားဖင်ကို လက်ဖျားနဲ့ ပုတ်ပြလိုက်သေးသည်။ အချို့အလှူရှင်များကတော့ ကလေးတွေ ပိုက်ဆံလုရင်း ကားနှင့် တိုက်မိ ခိုက်မိမည် စိုး၍ ပိုက်ဆံကုန်သွားပြီ၊ မရှိတော့ဘူး။ ပေါက်ပေါက်ဆုပ်ပဲ ကျန်တော့တယ် ပြောတတ်၍ ကလေးတွေက “ရှိရင် … ရှိရင် … ကြဲပါအုန်းဗျို့” လို့ အော်ကြတာ ဖြစ်သည်။
မောင်ရှင်လောင်းတွေကို ကားပေါ်မှ ပွေ့ချီကာ လက်ခြောက်ဘက် ဘိုးတော်ကြီး နတ်ရုပ်တုရှေ့ နတ်နန်းစင် အတွင်းမှာ အုန်းပွဲ ငှက်ပျောပွဲနှင့် အတူ ငါးမိနစ်လောက် နတ်ပြအပြီး ပြန်အထွက်မှာ ပေါက်ပေါက်ဆုပ်နဲ့ ပိုက်ဆံတွေကြဲကြတာ လုကြပါသည်။ ပျော်စရာအလွန်ကောင်းသလို ဒူးကွဲသူကွဲ တံတောင်ပြဲသူပြဲ လက်တွေ စုတ်ပြဲပေါက်အောင် လုကြသူတွေ ရှိသလို ဆဲသူဆဲ ရန်ဖြစ်သူ ရန်ဖြစ် ငိုသူငိုနဲ့ သူတို့ကလေးအုပ်စုတွေ ပိုက်ဆံတွေ အတော်ရခဲ့ကြပါသည်။

တပေါင်း၊ တန်ခူး ကဆုန်လတွေဆိုလျှင် ရှင်ပြုအလှူများတတ်ပါသည်။ ထိုအခါ မြို့နယ်တစ်ဝိုက်က ကျေးရွာမြို့ငယ် ကလေးတွေက အစ လက်ခြောက်ဘက် ဘိုးတော်ကြီး နတ်နန်းစင်သို့ အလှူနတ်ပြ လာကြ ပါသည်။ ဗုဒ္ဓဟူးနေ့ ၁ ရက်မှလွဲ၍ ကျန်ရက်များသည် လက်ခြောက်ဘက် ဘိုးတော်ကြီးနတ်နန်းစင်မှာ အမြဲ စည်ကားလျက်ရှိပါသည်။ ဗုဒ္ဓဟူးနေ့သည် နတ်သဘင် အစည်းအဝေး ပြုလုပ်သောနေ့ဟု အများသူငါ သိထားသောကြောင့် ဗုဒ္ဓဟူး နတ်ရူးတောင် မလာဘူး ဆိုသော စကားအတိုင်း ဆိုက္ကားနတ်ပြမှသည် မောင်ရှင်လောင်း နတ်ပြအထိ ထိုဗုဒ္ဓဟူး နေ့ရက်သည် လာရောက်ပြသလေ့ မရှိသောကြောင့် လက်ခြောက်ဘက် ဘိုးတောင်ကြီး နတ်နန်းစင်တွင် ခြောက်ကပ်တိတ်ဆိတ် နေတတ်သည်။
ထိုနေ့များတွင် ကလေးတစ်သိုက် ပိုက်ဆံလုစရာ အလှူနတ်ပြတွေ မလာရင် နတ်စင်အနောက်ဘက် မြို့ရိုးပေါ်တစ်လျောက် ပြေးလွှားဆော့ကစား ကြသူများ စစ်တိုက်တမ်း ကစားကြသူများ စိန်ပြေးတမ်း ကစားသူများ မြို့ရိုးအလယ်ပေါ်၌ တည်ထားသော ပြည်တော်ဝင်စေတီပေါ်တွင် ခေါင်းပုတ်တမ်း ကစားသူများထဲတွင် သူတစ်ယောက်ကတော့ဖြင့် ထိုကလေးအုပ်စုထဲတွင် ရံဖန်ရံခါမှ ပါဝင်ကစားလေ့ ရှိပါသည်။ သူအများဆုံး ဆော့ကစားခဲ့သည်ကတော့ သူတို့အိမ်တောင်ဘက် မြို့ရိုးပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်း ငွေတောင်ကျောင်းမှ ကိုရင်တွေနဲ့ အများဆုံး ကစားလေ့ရှိသည်။ ကျောင်းဖွင့်ချိန်တွေဆိုရင် ကျောင်းဆင်း ခေါင်းလောင်းခေါက်တာနဲ့ အိမ်ကို အမြန်ပြေးပြီး လွယ်အိပ်ထား အ၀တ်အစားလဲပြီး ငွေတောင်ကျောင်းပေါ်သို့ တက်ပြေးတော့သည်။
ကိုရင်တင်သန်း ကိုရင်အေးကျော် ကိုရင်စိုးတင့် ကျောင်းသားရဲဆွေ တို့နဲ့အတူ ရေခပ်ကူ ထင်းခွဲကူ ဆွမ်းဝတ်ပို့ပြီးရင်ကျောင်းရဲ့တောင်ဘက်က(မာလကာသီး သီးချိန်ဆို) မာလကာပင်ပေါ်က မဆင်းတော့။ ဗိုက်ပြည့်တော့မှ ဆင်းသည်။ သိမ်နဲ့ ဘုန်းကြီးကျောင်းကြား ရှောက်ပန်းပင်ကြီးက ရှောက်ပန်းသီးတွေ ဆရာတော် မသိအောင် ခိုးပြီး ခူးစားကြသည်။
ဆွမ်းစားဆောင်နားက ထန်းပင်တွေကြားမှာ ရှိတဲ့ ဥသျှစ်ပင်ပေါ်က ဥသျှစ်သီးမှည့်တွေကို ခဲနဲ့ပေါက်ပြီး ခူးစားကြသေးသည်။

မြယာသီး သီးချိန်ဆိုလျှင် မြယာပင်ပေါ်က မဆင်းတော့၊ အပင်ပေါ်မှာတင် ပါးစပ်တွေ ပြာနှမ်းလာအောင် ခူးစားပြီးမှ အပင်အောက်ဆင်းတော့သည်။ ပြီးတော့ ကျောင်းတောင်ဘက်က သိမ်ထဲမှာ ဆော့ကစားကြတော့သည်။ ကျောင်းတိုင်ဘုန်းကြီး ဦးလက္ခဏာကလည်း သူ့ကို ချစ်ခင်ပါသည်။ ဆရာတော် ဆွမ်းကျွေးတရားနာ သို့မဟုတ် အလှူမင်္ဂလာပွဲ ရှိလို့ ကျောင်းသားရဲဆွေ မအားလျှင် သူ့ကို ဆွမ်းချိုင့်ဆွဲစေပြီး ဘုန်းကြီးကျောင်းသားအဖြစ် ခေါ်သွားလေ့ရှိသည်။ တစ်ခါမှာတော့ ကျောင်းသားရဲဆွေ ၀တီးရွာသို့ ပြန်သွားလို့ ရွာသစ်ရွာက အိမ်တစ်အိမ်မှာ အသုဘတစ်လောင်း သက်ပျောက်ဆွမ်း တရားနာဖို့ သူ့ကို ကျောင်းသားအဖြစ် ခေါ်သွားသည်။
တစ်ခါမှ အသုဘအလောင်းနား မကပ်ဖူးတဲ့သူ အသုဘအိမ်ထဲ ၀င်လိုက်ရော အိမ်ကကျဉ်းကျဉ်း၊ အလောင်းတင်ထားတဲ့ ကုတင်နဲ့ပြည့်နေလို့ ဘယ်နားထိုင်ရမှန်းလည်း မသိ။ အသုဘအလောင်းကို မကြည့်ရဲဘဲ ကြောက်ဒူးတွေတုန်ခဲ့ရဖူးသည်ကိုလည်း အမှတ်ရမိသေးသည်။
ကိုရင်တွေနဲ့အတူ အပျော်ဆုံးအချိန်တွေ ကတော့ ၀ါတွင်း ဘုံဆွမ်းလောင်းအသင်း ဆွမ်းလောင်းချိန် တွေဆို ဘုန်းကြီးကျောင်းမှာ ကိုရင်တွေနဲ့အတူ ညအိပ်ပြီး မနက်စောစော သုံးနာရီလောက်ထကာ ဘုံဆွမ်းလောင်း အသင်းတွေမှာ ဘုံဆွမ်းသွားတန်းစီတိုး ရသည်က ပျော်စရာကောင်းသည်။
ဘုံဆွမ်းခံကအပြန် ကျောင်းကိုပြန်ရောက်တော့ မနက် ဝေလီဝေလင်းရှိသေးသည်။ ဘုန်းကြီးတွေ အာရုံဆွမ်း ကပ်ပြီးတော့ ကျောင်းသားဖြစ်သူ ရဲဆွေနဲ့ သူတို့စားကြရတော့သည်။ ဟင်းတွေစုံလှသည်။ ကိုရင်တွေနဲ့ ဆွမ်းချိုင့်ဆွဲပြီး ကျောင်းသား အဖြစ်လိုက်ရင်း မဟာဒုတ် မဲကျတဲ့အိမ်သို့ လိုက်သွားရတာ ပျော်စရာကောင်းသေးတော့သည်။
“မောင်ရှင်လောင်း နတ်ပြတွေလာကြပြီး ဟေ့ ”
ကလေးတစ်ယောက်က အော်ဟစ်သတိပေးလိုက်တော့ ကလေးတွေ တစ်ပြုံကြီး ၀ိုင်းအုံရောက်လာကြ တော့သည်။

သူတို့အိမ်တွေက လက်ခြောက်ဘက်ဘိုးတော်ကြီး နတ်နန်းရဲ့ တောင်ဘက်မှာ ရှိတာဆိုတော့ ကားလမ်းပဲခြားသည်။ နတ်နန်းနဲ့ အနီးဆုံးအိမ်ပြပါဆိုရင် သူတို့အိမ်ပဲရှိသည်။ နတ်နန်းနဲ့ဝေးတဲ့အိမ်က ကလေးတွေမောင်ရှင်လောင်းနတ်ပြတာကိုမသိလိုက်မမှီလိုက်ပဲရှိလျှင်ရှိမည်။သူကတော့လာသမျှအလှူတွေပိုက်ဆံကြဲသည်ကိုမလွတ်တမ်းလိုက်လုလောက်ဖူးသည်ချည်းဖြစ်သည်။
ပိုက်ဆံလည်း အတော်လေးစုမိနေပြီဖြစ်သည်။ အခုလည်း အလှူနတ်ပြကားတွေ ရောက်လာပြန်ပြီ။ ကားတွေမှ မနည်းဘူး။ တန်းစီလို့၊ ပိုက်ဆံတွေလည်းအများကြီးသည်။ ခဏအတွင်းအမှာပဲ အနီးအနားက ကလေးတွေ ၀ိုင်းအုံစုပြုံရောက်လာကြတော့သည်။
ပိုက်ဆံအကြဲများတဲ့ ကားဘက်ကို လိုက်ပြီးအော်တဲ့သူကအော်၊ ကြဲပါဦး ဗျို့လို့သံပြိုင်အော်တဲ့အဖွဲ့ ကလည်း အခြားကားတွေနောက်ကို ပြေးလိုက်လို့။ ပေါက်ပေါက်ဆုပ်ပွင့်တွေ ကားလမ်းဘေး ၀ဲယာတစ်လျှောက်မှာ ဖွေးလို့၊ မောင်ရှင်လောင်းတွေ တင်ဆောင်လာတဲ့ ရွှေထီး တပ်ထားတဲ့ ကားတွေ နတ်နန်းဝန်းထဲ မောင်းဝင်သွာတာ မောင်ရင်လောင်းတွေကို တယောက်တပါးပွေ့ချီပြီး နတ်နန်းထဲကို ပင့်သွားကာ သူတို့ကလေးများကလည်း ရှိရင်…ရှိရင်……ကြဲပါဗျို့သံပြိုင် အော်လိုက်တော့ ငွေဖလားအကြီးကြီး ကိုကိုင်ထားတဲ့ အစ်မလေးတစ်ယောက်က ငွေဖလားထဲလက်နှိုက်ပြီးတော့ မောင်ရင်လောင်းတွေအပေါ် ကြဲလိုက်တာ ပိုက်ဆံတွေမှမနည်းဘူး။ သူတို့အလုအယက် တွန်းကောက်ကြသည်။ လုကောက်လို့ရထားတဲ့ လက်ထဲက အကြွစေ့တွေကို ဖုန်တွေ၊သဲတွေပေလျှက်ပဲ ပါးစပ်ထဲသို့ထည့်ပြီး ပါးသောင်အတွင်းထဲ ကပ်ထားလိုက်သည်။ သူ့လိုပဲ တခြားကလေးတွေ ပါးစပ်ထဲမှုာလည်း ပိုက်ဆံတွေကပ်ထားတာ တွေ့ရသည်။ ကြဲပါအုန်းဗျို့လို့အော်တာတောင် မပီတော့ဘူး။
လုကောက်လို့ရတဲ့ ပိုက်ဆံတွေကို အိတ်ကပ်ထဲထည့်ထားလို့မရ၊ ပိုက်ဆံကြဲတိုင်း လုကောက်ရင်း ပြန်ထွက်ကျသွားနိုင်သည်။ ဘောင်းဘီသားရေကြိုးထဲလည်း လိမ်ထားလို့မရ။ ကုန်းရုန်းပြီး လုရင်း အခန့် မသင့်ရင် ပြန်ထွက်ကျ သွားနိုင်ပြန်သည်။ဒါကြောင့် ကောက်လို့ရပြီးသမျှ ပိုက်ဆံတွေကိုပါးစပ်ပေါက်တစ်ခုသာ အလုံခြုံဆုံး၊ အသေချာဆုံးသော နေရာဖြစ်လို့နေသည်။ ပိုက်ဆံတွေလည်း ကားတိုင်းလိုလိုကြဲကြတာဆိုတော့ သူတို့ကလေးတွေရဲ့ပါးစပ်ထဲမှာလည်း အပြည့်နီးပါး ဖြစ်နေသည်။ ကြဲပါဦးဗျို့လို့ အော်တာတောင် အီးအီအူးဝူးနဲ့ ဖြစ်နေကြသည်။ ဒါကိုသဘောကျလို့ အလှူရှင်တွေလည်းရယ်လို့ မောလို့သဘောကျလို့ ပိုက်ဆံတွေလည်း ထပ်ကြဲလို့ …။
မောင်ရှင်လောင်းတွေနတ်ပြ ဆုတောင်းအပြီုး ပြန်ထွက်လာတော့လည်း ရှေ့တိုးနောက်ဆုတ်ပြီး ပြန်မည့်ဘက်ကို ခေါင်းလှည့်ပြီး အစီအရီပြန်မောင်းထွက်သွားကြတော့ သူတို့ကလေးအုပ်စုတွေ အီးအီအူဝူး၊ အီးအီအူဝူးနဲ့ ကားနောက်ကလိုက်အော်ကြရင်း ကြဲမျှပိုက်ဆံတွေ တိုးဝှေ့လုကောက်ရင်း ကားတန်းကြီးတွေနဲ့ ဝေးလို့ဝေးလို့သွားတော့သည်။ သူတို့ကလေးတွေကားနောက်ကို လိုက်မမီတော့။ ကားလမ်းမတွေပေါ်မှာ ပေါက်ပေါက်ဆုပ်တွေ တလမ်းလုံးဖွေးဖွေးလှုပ်လို့နေသည်။
မောင်ရင်လောင်းကားတွေ    ပြန်သွားပေမယ့် နတ်နန်းဝင်းအတွင်း ဝင်သွားကြပြီး စောစောက ပိုက်ဆံအကြဲ အများဆုံးနေရာ ဖုန်တွေသဲတွေထဲမှာ ငါးအိုင်ပက်ပြီးတော့ ငါးများကို နွံထဲမှာ ခြေထောက်နဲ့ မွှေနှောက်ရှာသလို သဲတွေဖုန်တွေထဲမှာ ခြေထောက်နဲ့  ဘယ်ညာယက်ပြီး ပိုက်ဆံတွေကို ရှာကြပြန်သေးသည်။
ပိုက်ဆံတွေ ပါးစပ်ထဲမှာ အပြည့်ဖြစ်နေတာတောင် အားမရသေးတဲ့အပြင် နောက်ထပ် သဲထဲ ဖုန်ထဲမှာ ထပ်ရှာကြသေးသည်။ သဲထဲ ဖုန်ထဲမှာလည်း ပိုက်ဆံတွေ တွေ့ကြပြန်သည်။

“ဟေ့ကောင် မင်းဘယ်လောက်ရလဲ။ ငါကတော့သုံးကျပ်တောင်ရတယ်ကွ”ဆိုပြီး လုလို့ရတဲ့နေရာကို အနည်းအများ ပြိုင်ကြသူတွေလည်း ရှိသည်။
သူကတော့ အိမ်အမြန်ပြန်းပြေးပြီး အမေ့ရှေ့မှာ ပါးစပ်ထဲက သဲတွေ ဖုန်တွေအလူးလူးနဲ့ ပိုက်ဆံတွေကို အားရပါးရ ထုတ်လိုက်သည်။ “အများကြီးရတယ် အဖေရဲ့“ဟု ဝမ်းသာအားရပြော လိုက်သေးသည်။ ပိုက်ဆံတွေကိုရေကြည့်လိုက်တော့ ၄ ကျပ်ကျော် ၅ ကျပ် နီးပါးလောက်ရသည်။ တခါမှ ဒီလိုမရဖူးဘူး။ သူ ပျော်ရွင်နေသည်။ ပါးစပ်ကလည်း “အမေ့ဒီပိုက်ဆံနဲ့ ပေါင်းကြည့်လိုက်ရင် ပြည့်တော့မယ်နဲ့တူတယ် နော်“ ဟုပြောတော့ အမေက ပြုံးပြုံးကြီးခေါင်းညိတ်လို့။
အဲ့ဒီတုန်း မောင်ရင်လောင်း လုလို့ရတဲ့ပိုက်ဆံကို ကျောင်းပြန်ဖွင့်တဲ့အခါ သူ ၄ တန်းစတက်ဖို့ ကျောင်းအပ်ရင် သဲကြိုးအနီနဲ့ ဖိနပ်လေးဝယ်စီးဖို့ အဖေ့ကို ဝါးဆစ်စုဘူး လုပ်ခိုင်းခဲ့ပြီး ပိုက်ဆံစုခဲ့ခြင်းဖြစ်သည်။
အခုကျောင်းတွေကလည်း ပြန်ဖွင့်တော့မည်။ အခုသူစီးနေတဲ့ဖိနပ်က အတော်ကလေး ဟောင်းနွမ်းနေပြီ။ စီးလို့ဖြစ်သေးပေမယ့် သူလိုချင်တဲ့ သဲကြိုးအနီနဲ့ ကတ္တီပါဖိနပ်လေးကို အမြန်လိုချင်နေပြီ။ အခုရထားတဲ့ ပိုက်ဆံကို စုဘူးထဲမထည့်တော့ပဲ စုဘူးကိုခွဲကာ ပိုက်ဆံရေကြည့်ကာ ဖိနပ်ဖိုးပြည့်ရင်ဝယ်ပေးဖို့ အမေက သဘောတူသည်။
ဝါးဆစ်ဗူးလေးကို ခွဲလိုက်သည်။ ပိုက်ဆံအကြွေတွေနဲ့ ခေါက်ထားတဲ့ကျပ်တန် အသစ် ၃−၄ ရွက်တို့ ကြမ်းပြင်ပေါ်တချွင်ချွင်နဲ့ ကျလာသည်။ ပါးစပ်ထဲမှ တဆင့်ထုတ်ပြီး စုဘူးထဲသို့ စုထည့်ထားတဲ့ပိုက်ဆံ လေးတွေကို ကြည့်ပြီး သူ ကြည်နူးနေမိသည်။
စောစောကပါးစပ်ထဲက ထုတ်ထားတဲ့ ပိုက်ဆံနဲ့ပေါင်းပြီးရေတွက်ကြည့်လိုက်တော့ လေးဆယ့်တကျပ်နဲ့ ဆယ်ပြားရှိသည်။ ဖိနပ်တရံ ဝယ်လို့ရပြီ။ ကတ္တီပါတရံ ၃၈ ကျပ်ဖြစ်သည်။ မုန့်ဖိုးအဖြစ် ၃ ကျပ် ဆယ်ပြား ကျန်သေးသည်။ အမေက သူနဲ့အတူ ဦးညိုကြီး ဆိုင်က ဖိနပ်တရံချက်ချင်း လိုက်ဝယ်ပေးတော့သည်။ သူ့ရဲ့ ပထမဆုံးသော ကိုယ်ပိုင်ပိုက်ဆံနဲ့ဝယ်လိုက်ရသော ဖိနပ်ကလေးကြောင့် စိတ်ထဲမှာ ကြိတ်ပြီး ပီတိ ဖြစ်နေခဲ့သေးသည်။ သူလိုချင်ခဲ့သော အရာကို မျှော်လင့်ပျော်ရွင်စွာ စုဆောင်းရင်းဆန္ဒတို့ ပြည့်ဝ ခဲ့လေသည်။

ညတာသည်ရှည်မြဲ ရှည်လျှက်ရှိသည်ဟု ထင်မိဆဲ……အချိန်တို့သည်လည်း နှေးကွေးလွန်းလှသည်ဟု မှားယွင်းစွာ တွေးမိစဉ်မှာ နေ့နဲ့ညတို့သည် မှန်မှန်လည်ပတ်လျက်ရှိနေသည်။ အချိန်သည်လည်းပဲ တရွေ့ရွေ့နဲ့စီးမျှောနေလျက်ရှိ နေခဲ့သည်လေ။
အခုတော့လည်း နတ်နန်းစင်လေးက ဆောင်းတွင်းပေမယ့် သူ့ဘဝလိုပဲ ပူပြင်းခြောက်ကပ် တိတ်ဆိတ်လို့။ အရင်တုန်းကများနဲ့ မတူနိုင်တော့ပေ။ တပေါင်း၊ တခူး၊ ကဆုန်လတွေရောက်ရင် တော့ အရင်လိုသိပ်ပြီး မစည်ကားတော့ပေမယ့် အလှူနတ်ပြတွေလာရင် နောက်မျိုးဆက်သစ်ကလေး တွေက ကြဲပါဦးဗျို့လို့ အော်မြဲအတိုင်း အော်လျက်ရှိနေသေးသည်။ ပိုက်ဆံအကြွေစေ့တွေကိုတော့ သူတို့မလုကြရတော့။ မတူနိုင်တော့သည် အချိန်တွေကို တဆွေးတသသ တွေးကြည့်မိတော့ သူကစားခဲ့ဖူးတဲ့ ငွေတောင်ကျောင်း ကတော့ထူးခြားစွာ ပြောင်းလဲမသွားမယ့် ကိုရင်တင်သန်းတို့၊ ကိုရင်အေးကျော်တို့၊ ကိုရင်စိုးတင့်တို့နဲ့ အတူ ကျောင်းသားရဲဆွေတို့ မရှိကြတော့။ ကျောင်းနဲ့သိမ်ကြားက ရှေုာက်ပန်းပင်ကြီးလည်း မရှိတော့။ဆရာတော် ဦးလက္ခဏာ တစ်ပါးသာသက်တော် ဝါတော် ကြီးရင့်ပြီးကျန်မာရေး မကောင်းစွာ ကျောင်ထိုင်ဆရာတော်ကြီး အဖြစ် ရှိနေတော်မူသေးသည်။ သူစာသင်ခဲ့ရသော အလယ်တန်းကျောင်လေးက အရင်ကနဲ့မတူတော့။ ကျောင်းဆောင်သစ်တွေ ထပ်တိုးပြီး ကျောင်းဝန်းအတွင်းမှာ သပ်သပ်ရပ်ရပ် နဲ့ စံပြကျောင်းလေးတစ်ကျောင်း အဖြစ်ရှိနေသည်။
သူနဲ့အတူ တစ်တန်းတည်း တက်ခဲ့ကြသည့် သူငယ်ချင်းတွေ၊ ပိုက်ဆံအတူတူလုခဲ့ကြသည့် အဖော်တွေ ဘယ်ဆီမှာ ရောက်ကုန်ကြပြီလည်းမသိ။ မြို့ရိုးတလျှောက်က အိမ်လေးတွေလည်း မရှိတော့ပေ။ နတ်နန်းနဲ့ အနီးဆုံးဖြစ်တဲ့ သူတို့အိမ် လည်းမရှိတော့။လူတွေ……နှစ်တွေ အခိျန်တွေ……သေကောင်ပေါင်းလဲဘဝနဲ့။
တွေးရင်းတွေးရင်း ပလက်ဖောင်းပေါ်က လူတွေကြားမှာ တိုးဝှေ့လျှောက်လာရင်း ဟောင်းနွမ်းနေပြီ ဖြစ်တဲ့ သူ့ဖိနပ်တဖက်က ခေါင်မှပြုတ်ထွက်သွားသည်။ သူ ရှက်ရွံ့သွားသည်။ လူတချို့က သူ့ကို ကွက်ကြည့်၊ကွက်ကြည့်နဲ့ကြည့်သွားသည်။ ခေါင်ပြုတ်ထွက်သွားတဲ့ ဖိနပ်တဖက်ကို အသာတဲပြီး စီးလို့ရဦးမယ် အထင်နဲ့ ပြန်တပ်ကြည့်သေးသည်။ လုံးဝစီး လို့မရတော့။ လျှောက်ရမည့်ခရီးတာက ဝေးသေးသည်။ ဝေးနေသေးသည်။
ပလက်ဖောင်းပေါ်မှာ ဝမ်းနည်းအားငယ်စွာ လမ်းမပေါ် ဖြတ်မောင်းသွားတဲ့ ကားတွေကို ရပ်ငေး ကြည့်နေမိသည်။ အိတ်ကပ်ထဲမှာ ပါလာတဲ့ပိုက်ဆံက ဖိနပ်တရံဖိုးမပြည့်။ ဖိနပ်တရံဖိုး ပြည့်ခဲ့ရင်ကော…အတွေးထဲမှာ သူ့မိသားစုကလေး…ဖြန့်ထားတဲ့သူ့လက်တဖက်က အလိုလိုဟသွားတဲ့ ပါးစပ်ပေါက် ရှေ့တည့်တည့် ဆီရောက်သွားသည်။ သူရောင်ရမ်းပြီးတံတွေး တချက်ထွေးထုတ်လိုက်စဉ် ဖြန့်ထားတဲ့ လက်ပေါ်သို့ ကျသွားသည်။ သူပြန်ပီး သတိဝင်မိလိုက်ချိန်မှာ သူ့ပါးစပ်ထဲက သဲတွေ ဖုန်တွေ ပေကျံနေတဲ့ ပိုက်ဆံတွေ ထွက်မကျလာခဲ့သလို…အိမ်ထရံထောင့်လေးမှာ ချိတ်ဆွဲထားတဲ့ ဝါးဆစ်ဗူးလေးလည်း အခုခိျန်မှာ မရှိနေခဲ့တာ ကို သူ ကြေကွဲစွာသိလိုက်ရတော့သည်။
        .                     
       အောင်လွန်းမြိုင်
                

p.s မြန်မာ အက်ဆေး ၁၀၀ စာအုပ်မှ............

No comments:

Post a Comment