အက်ဆေး (၁၈)
_____________
#နှင်းဆီ ထရော်မာ
=============
ရွှေပိုးအိမ်(ပဲခူး)
.
နှင်းဆီကို ကိုယ် စတွေ့တုန်းက အမေ့ လက်ထဲမှာ…..။
ပန်းနုရောင် ရေမွှေးနှင်းဆီတွေ ပိုက်ထားတဲ့ အမေဟာ အိမ်ပေါ်ကို တစ်လှမ်းချင်း တက်လာခဲ့တယ်။ အဲဒီအချိန်မှာ ကိုယ်မြင်ဖူးသမျှ မိန်းမတွေထဲ အလှဆုံးမိန်းမဟာ အမေပဲ။ ကိုယ့်အတွက်တော့ နုပျိုမှုနဲ့သောကတွေ ယှဉ်တွဲနေတဲ့ အမေ့ မျက်နှာဟာ နှင်းဆီတွေ ကြားထဲမှာ သိပ်လှနေခဲ့တယ်လေ။ ဘုရား သောက်တော်ရေ လဲတယ်။ ဘုရားရှိခိုးတယ်။ ပြီးရင် အမေ လဲပေးထားတဲ့ ပန်းအိုးလှလှတွေထက် နေရာယူ ၀ံ့ထည်နေတဲ့ နှင်းဆီတွေကို ခဏဖြစ်ဖြစ် တိတ်တိတ်ဆိတ်ဆိတ်နဲ့ မော့ကြည့် နေရတယ်။
မှတ်မိနေတာ တစ်ခုက ဘုရားမှာ ရေမွှေးနှင်းဆီတွေ အမေ တင်တဲ့နေ့ဆို ညဘက် အဖေနဲ့ ရန်ဖြစ်တော့တာပဲ။
နှင်းဆီတွေအပေါ် အမှတ်စရမိတဲ့အချိန်မှာ ကိုယ့်အသက်က ၇နှစ် ၈နှစ်။ အဖေနဲ့ အမေဆို အသက် ၃၀ တောင် မကျော် သေးဘူးလေ။
တစ်နေ့ အမေနဲ့ ဈေးထဲ လိုက်သွားဖြစ်တယ်။ ဈေးထဲက ပန်းဆိုင်မှာ နှင်းဆီတွေမှ အများကြီးပဲ။ အရောင်အသွေးစုံစုံ၊ အရွယ်အစားစုံစုံနဲ့ပေါ့။ ဗမာမျိုးရင်း နှင်းဆီတွေတင်မဟုတ်ဘူး။ တရုတ်ဘက်ကလာတဲ့ စပ်မျိုး နှင်းဆီတွေလည်း ပါတယ်။ ပုံမှန် ထက် အပွင့်ကြီးပြီး အရောင်အဆင်းကလည်း ဆန်းကြယ် တောက်ပနေတော့တာပေါ့။ အမေကတော့ ထုံးစံအတိုင်း လတ်ဆက် မွှေးမြတဲ့ ပန်းနုရောင် ရေမွှေးနှင်းဆီတွေ ၀ယ်ဖို့ ပြင်တယ်။
“အမေ … ဟိုဘက်က ရဲတောက်နေတဲ့ နှင်းဆီတွေ ၀ယ်ပါလား…။ အရောင်က ပိုရင့်သလို ပိုပြီးလည်း လှတယ်လေ”
အမေက ကိုယ်ပြောတာကို ကြားတယ်။ ဒါပေမယ့် ပြန်မပြောဘူး။ ရေမွှေးနှင်းဆီတွေဆီရောက်နေတဲ့ လက်ကတော့ တွန့်သွားတယ်။ ပန်းသည် အဒေါ်ကြီးက ကိုယ့်စကားကို ထောက်ခံလိုလို ပြောတာ မှတ်မိသေးတယ်။
“ဟုတ်တယ် ညီမလေးရဲ့…။ ညီမလေး ၀ယ်နေကျ ရေမွှေးနှင်းဆီတွေက မွှေးတာတော့ မွှေးတယ်။ ဒါပေမယ့် နှင်းဆီ ထဲမှာတော့ ခဏလေးနဲ့ ညှိုးလွယ်ဆုံးပဲလေ။ ကြာကြာ မခံဘူးပေါ့။ ဒီအနီရောင်နှင်းဆီတွေ ပြောင်းထိုးကြည့်ပါလား…။ အရိုး လည်း တောင့်တယ်။ ရေမွှေးနှင်းဆီတွေထက်လည်း အများကြီး ကြာကြာခံတယ်”
နှင်းဆီတွေရဲ့ အလင်္ကာကို ကိုယ်မသိခဲ့ပါဘူး။ အလင်္ကာဆိုတာ ရှင်သန်ထမြောက်တဲ့ ဘာသာစကားလို့တော့ မော်ဒန် ၀တ္ထုတိုဆရာတစ်ယောက်က ရေးထားတာ ဖတ်ဖူးတယ်။ မီးပုံကြီးထဲ ခုန်ဆင်းပြီးနောက် ပိုမို တောက်ပ အရောင်စုံတဲ့ အမွှေး အတောင်တွေရဲ့ ရှင်သန် ထမြောက်လာတဲ့ ဖီးနစ် မီးလျှံငှက်လို့ ညွှန်းတယ်။ အနုပညာသမားရဲ့ ပြင်းထန်လောင်မြိုက်တဲ့ နှလုံးသားထဲက ပြန်လည် ရှင်သန်ထမြောက်လာတဲ့ ဘာသာစကားလို့လည်း ဆိုတယ်။ စာရေးဆရာအတွက် သူ့ချစ်သူက အလင်္ကာတဲ့။
ကိုယ့်အတွက်တော့ မင်းက အလင်္ကာပါပဲ နှင်းဆီ….။
အဲ့ဒီနေ့က ရေမွှေးနှင်းဆီတွေအစား နှင်းဆီနီနီတွေကို အမေ ၀ယ်လာခဲ့တယ်။ သုံးရက်လောက်ဆို ရေမွှေး နှင်းဆီတွေ မမြင်ချင်လောက်အောင် ညှိုးနွမ်းသွားပေမယ့် အရိုးတောင့်တောင့်နဲ့ နှင်းဆီနီနီတွေကတော့ ငါးရက်လောက်အထိ တောက်ပ နေခဲ့တာ ကိုယ် သတိထားမိလိုက်တယ်။ ဒါပေမယ့် အမေ့မျက်နှာကတော့ ပုံမှန်ထက် ညှိုးနွမ်းနေသလိုပဲ။ ကိုယ့်စိတ် လည်း ညှိုးနွမ်းသွားခဲ့ရတယ်။ နောက်တစ်ခါဆို အမေ ကြိုက်တဲ့ ရေမွှေးနှင်းဆီတွေပဲ ၀ယ်ခိုင်းတော့မယ်လို့ အဲ့ဒီအချိန်ထဲက ကိုယ် ဆုံးဖြတ်ချက် ချလိုက်မိပါတယ်။
ကိုယ်ကတော့ နှင်းဆီဆိုရင် ပန်းခြောက်ကလေးကစပြီး အစွမ်းကုန် ပွင့်အာနေတဲ့ တရုတ်မျိုးစပ် နှင်းဆီတွေထိ ချစ် တယ်။ ခုလည်း ချစ်တယ်။ နောင်လည်း ချစ်မယ်။ ကိုယ်သေသွားခဲ့ရင်လည်း နှင်းဆီကို ချစ်တဲ့ စိတ်ကလေးတော့ ပါသွားဦး မယ်ထင်ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်အုတ်ဂူပေါ် နှင်းဆီပန်းနီနီတွေ ရဲနေတာမျိုးအထိတော့ ကိုယ် မတွေးမိသေးဘူး။ နှင်းဆီ ဆိုတာ သေခြင်းရဲ့ နိမိတ်ပုံ မဟုတ်ဘူး။ ချစ်ခြင်းရဲ့ အလင်္ကာသာ ဖြစ်တယ်။ အဲဒီလိုမျိုးပဲ ချစ်ခြင်းရဲ့ အလင်္ကာဟာ ကိုယ့် အတွက်တော့ နှင်းဆီတစ်ပွင့်သာ ဖြစ်တယ်။
ကိုယ့်ဒိုင်ယာရီစာအုပ်ထဲမှာ ခြောက်ကပ်နေတဲ့ နှင်းဆီပွင့်ချပ်ကလေးတွေ။ စိတ်မကောင်းစရာပဲ။ စိတ်မကောင်းစရာလို့ မမြင်ဘဲ အမှတ်ရစရာပါကွာလို့ ပြောလည်း ဘယ်သူကမှ အထူးတလည် လာငြင်းနေမှာလဲ။ ငြင်းစရာတွေ များလွန်းလို့ နှင်းဆီတွေနဲ့ ပတ်သက်ရင်တော့ ကျေးဇူပြုပြီး ကိုယ့်ကို လာမငြင်းကြပါနဲ့ ကွယ်။
။…………။
အလှပန်းအိုးကလေး ကွဲသွားတယ်။ နှင်းဆီတွေ ဖရိုဖရဲ ပြန့်ကြဲနေတယ်။
ညှိုးနွမ်းမှုမရှိသေးဘဲနဲ့ ကြမ်းပြင်ပေါ် တစ်စစီ လဲလျောင်းနေရတဲ့ နှင်းဆီတွေကို ၀မ်းပမ်းတနည်း ကောက်ယူ လွှင့်ပစ် လိုက်ရတယ်။ အမှိုက်ခြင်းကြီးကြား ထိုးထိုး ထောင်ထောင်နဲ့ ပါသွားတဲ့ နှင်းဆီတွေဟာ မကြာသေးခင်ကမှ ကိုယ့်စာကြည့်စားပွဲ ပေါ်မှာ အမေ ထိုးပေးထားခဲ့တဲ့ နှင်းဆီတွေလေ။ အဲ့ဒီအချိန်က ကိုယ့်အမေဟာ ဆယ်တန်းကျောင်းသားတစ်ယောက်ရဲ့ စိတ်ကို နှင်းဆီတွေနဲ့ ကြည် လင်စေပုံရပါတယ်။
အမေ့ ဆန္ဒ ပြည့်ဝခဲ့တယ်လို့တော့ ကိုယ် မထင်ပါဘူး။ အဖေနဲ့ အမေရဲ့ ပဋိပက္ခကြားမှာ ကိုယ့်စားပွဲပေါ်က နှင်းဆီပန်း အိုးလေးဟာ ဓားဆာခံ ဖြစ်ခဲ့ရပြီ။
အံကြိတ်ရင်း အမှိုက်တောင်းထဲ ပါသွားခဲ့ကြတဲ့ နှင်းဆီတွေ။ အမှိုက်တွေကြားက နှင်းဆီတွေကို အမှိုက်တွန်းလှဲနဲ့ ကောင်လေးတစ်ယောက် သယ်ဆောင်သွားတယ်။ တော်တော် ဝေးဝေး ရောက်တဲ့အထိ အိမ်ရှေ့ဝါးရံတာကနေ ကိုယ် ငေးကြည့် နေမိတယ်။
ကိုယ့်မျက်ဝန်းမှာ မျက်ရည်စတွေနဲ့…..။
နှင်းဆီတွေ စွန့်ပစ်လိုက်ရလို့လား။ အမေ အိမ်ပေါ်က ဆင်းသွားလို့လား။ အဖေ့မျက်နှာပေါ်က ယမကာတန်ခိုးနဲ့ အသိစိတ်မဲ့ခြင်းကြောင့်လား။ အဖေ့ကို ဆူငေါက်နေတဲ့ ကိုယ့် အဘွားအသံကို ကြားရတယ်။ ခေါင်းငိုက်စိုက်ကျနေတဲ့ အဖေ့ကို မျှော်လင့်ချက်မဲ့စွာပဲ ကိုယ် ကြည့်နေလိုက်တော့တယ်။
အမှိုက်တွန်းလှဲလေးထဲက နှင်းဆီတွေလို ကိုယ့်ကို အမေ စွန့်ပစ်သွားမှာ ကြောက်ပါတယ်။ ကိုယ် သိပ်ကြောက်တယ် နှင်းဆီရယ်….။
နှင်းဆီဟာ ဆူးကို သွေမဖယ်ခဲ့ဘူး။ ဆူးမစူးအောင်တော့ နေတတ်ခဲ့မှာ သေချာတယ်။
ကိုယ်ဟာ ဘ၀ကို သွေမဖယ်ခဲ့ဘူး။ လောကဓံနဲ့တော့ မနေတတ်ခဲ့တာ သေချာတယ်။
နှင်းဆီက ကိုယ့်ထက် အများကြီးသာတယ်။ လေးစားမိပါတယ်။
အမေ မရှိတဲ့အချိန် အဘွားက ကိုယ့်စားပွဲပေါ်မှာ နှင်းဆီတစ်ပွင့်နဲ့ ပန်းအိုးလှလှလေးတစ်လုံး လာတင်ပေးထားတယ်။ ဒါပေမယ့် အဲဒီပန်းအိုးထဲက နှင်းဆီကို ကိုယ် ဒီအတိုင်းပဲ သိမ်းထားလိုက်ပါတယ်။ နှင်းဆီဆိုတာ သိမ်းထားလို့ရပါသလား။
နှင်းဆီစစ်စစ်ဆိုရင်တော့ ကြာလာရင် ပန်းခြောက်ကလေးပဲ ဖြစ်တော့မှာပေါ့။ ဒါပေမယ့် တစ်သက်လုံး အလှဆုံးအနေ အထားနဲ့ ကိုယ် သိမ်းထားလို့ရခဲ့တယ်။ အဘွားထိုးပေးထားတဲ့ နှင်းဆီက နှင်းဆီပန်းအတုဖြစ်နေတယ်လေ။
အတုဆို ကိုယ့်အရိပ်ကအစ မုန်းပါတယ်။
ကိုယ်လိုချင်တာ နှင်းဆီပန်း စစ်စစ်တစ်ပွင့်ပါ။
မြင့်မိုရ်တောင်ကို ကိုယ် မမြင်ဖူးဘူး။ စာတွေထဲမှာတော့ မိဘမေတ္တာကို မြင့်မိုရ်တောင်နဲ့ နှိုင်းယှဉ်ကြတာ ဖတ်ဖူးတယ်။
ကိုယ့်အတွက်တော့ မြင့်မိုရ်တောင်ကို မမြင်ဖူးတာ ပြဿနာတစ်ခု မဟုတ်ဘူး။ အမေ့မျက်နှာကို မမြင်ရတဲ့ နေ့တွေ မှာတော့ အချိန်တိုင်းလိုလို ကိုယ့်အတွက် ပြဿနာဖြစ်နေတယ်။ အမေ့ကို လွမ်းတဲ့ အချိန်တွေမှာ အဖေ့ဆီက မိဘမေတ္တာကို ယောင်လို့တောင် မမျှော်လင့်ခဲ့ဘူး။ အဲ့ဒီအစား ယိုင်ထိုးထိုးနဲ့ စကားလုံးတွေ ဖောင်းပွနေတတ်တဲ့ အဖေ့ကို အိပ်ပျော်နေပါစေလို့ ပဲ ဆုတောင်းနေမိတယ်။
ဒါပေမယ့် အဖေ့ကို ကိုယ် ချစ်ပါတယ်။ ရှားရှားပါးပါး နေ့ကလေးတချို့မှာ ကိုယ့်နဖူးပေါ်က ဆံနွယ်လေးတွေကို သပ်တင် ပြီး ရယ်မောနေတတ်တဲ့ အဖေ့ကို နှင်းဆီ တစ်ပွင့်လိုပဲ ကိုယ် ချစ်ခဲ့ပါတယ်။
။……….။
နှင်းဆီတွေကို ချစ်ကြောင်းပြောတော့ သူ သ၀န်တိုတယ်။
ကိုယ့် အလုပ်စားပွဲပေါ်မှာ နှင်းဆီပန်းတွေ ထိုးထားတာ သူ မကြိုက်ဘူး။
။………။
သူ့ ချစ်သူအတွက် နှင်းဆီပန်းအိုးလေးတစ်ခုနဲ့ အလုပ်ရှုပ်နေသူတစ်ယောက်ကို ကိုယ် တွေ့လိုက်တယ်။
အဲဒီနေ့က မိုးမရွာပါဘူး။ သစ်ရွက်ကလေးလည်း မကြွေဘူး။
ကိုယ်လည်း မငိုခဲ့ပါဘူး။ ကိုယ်ပြန်ခဲ့ရာလမ်းတစ်လျှောက် နှင်းဆီတွေ ဝေမနေခဲ့ဘူး။
တရုတ်စကားပန်းတွေတော့ ကြွေနေကြလေရဲ့။
။………..။
အချစ်ဆိုတာ ပိုင်ဆိုင်ခြင်းမဟုတ်၊ အတူရှိနေခြင်းသာဖြစ်တယ်လို့ ကမ္ဘာကျော် စာရေးဆရာကြီး ယန်းပေါလ်ဆတ်က ပြောခဲ့ဖူးတယ်။ ဒါဆို ယန်းပေါလ်ဆတ်ဟာ လူညစ်ပတ်ကြီးတစ်ယောက် ဖြစ်နေခဲ့ပြီလားလို့ မော်ဒန်ဝတ္ထုတို ဆရာက မေးခွန်း ပြန်ထုတ်ခဲ့ပါတယ်။
တကယ်တမ်းတော့ ဘယ်နှင်းဆီကိုမှ ကိုယ် မပိုင်ဆိုင်ခဲ့ရပါဘူး။
အတူရှိခဲ့ပြီး မပိုင်ဆိုင်ရတဲ့ နေ့တွေဟာ အိပ်မက်ဖြစ်သွားပြီပေါ့ မနှင်းဆီရယ်….။
။…………။
ကိုယ်စိုက်ထားတဲ့ နှင်းဆီပန်းပင်ကလေးကို သမီးက အမြစ်ကနေ ဆွဲနုတ်ပစ်လိုက်တယ်။ ပြီးတော့ တခစ်ခစ် ရယ်မော လို့။ သမီးရယ်သံထဲကနေ နှင်းဆီတွေ တစ်ပွင့်ချင်း ကြွေကျနေတယ်။ အဲဒီနှင်းဆီတွေကိုပဲ ကိုယ် ကောက်ယူ ပန်ဆင်လိုက်ပါ တယ်။
ကိုယ်နောက်ဆုံးတွေ့လိုက်ရတဲ့ နှင်းဆီဟာ ခုတော့ သမီး လက်ထဲမှာပေါ့…။
မိုးရွာတော့မယ်။ အမေက အိမ်ပေါ်ကို မြန်မြန်တက်လာဖို့ ခေါ်နေပြီ။ သမီးလက် သေးသေးလေးကို ဆုတ်ကိုင်ရင်း အိမ်အပေါ်ထပ်ကို ပြေးတက်လိုက်တယ်။ အမေ့ ခေါင်းပေါ်မှာ ကြာကြာမခံဘဲ ညှိုးနွမ်းလွယ်တဲ့ ရေမွှေးနှင်းဆီတစ်ပွင့် ပန်ထား တယ်။ အမေကတော့ အရင်က အတိုင်းပါပဲ။
ဘ၀က ဘယ်လောက် ကြာကြာခံမှာမို့လဲ။
ကိုယ့်အနားမှာ ခဏလေးနေပြီး ညှိုးနွမ်းသွားတဲ့ ရေမွှေးနှင်းဆီလေးကို သတိရမိတယ်။
ဒါပေမယ့် ရေမွှေးနှင်းဆီတွေရဲ့ ရနံ့လောက် ဘယ်အရာကမှ ကိုယ့်ကို ညှို့ယူနိုင်ခြင်း မရှိခဲ့ပါ။
။…………။
ငွေကြေး အဆင်ပြေပြီး ကိုယ်နဲ့ အရမ်း ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်နဲ့ လက်ဖက်ရည်ဆိုင်မှာ စကားပြောဖြစ်တယ်။
“လူတိုင်းမှာ သူ့ ဘ၀ ဖြတ်သန်းမှုနဲ့ ပတ်သက်ပြီး ထရော်မာ (စိတ်ဒဏ်ရာ)တစ်ခုခုတော့ ရှိကြမှာပဲ။ ကျုပ်ဆို ငယ်ငယ်က အရမ်းဆင်းရဲခဲ့ဖူးတော့ ငွေကြေးနဲ့ပါတ်သက်ပြီး ဘ၀ကို အဓိက ပစ်မှတ်ထားခဲ့တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဆင်းရဲမှာ အရမ်းကြောက်တဲ့ ထရော်မာတစ်ခု ကျုပ်မှာ ရှိတယ် ကိုယ့်လူ။ ဒါနဲ့ ခင်ဗျားမှာရော ဘယ်လို ထရော်မာမျိုး ရှိသလဲ”
စီးကရက်မီးခိုးငွေ့တွေ မှုတ်ထုတ်ရင်း ကိုယ်တို့ နှစ်ယောက် ထိုင်နေတဲ့ လက်ဖက်ရည်ဆိုင်ရဲ့ ကားလမ်းမတစ်ဖက်က ခြံထဲဆီ အကြည့် ရောက်သွားတယ်။
အရိပ်ရ သစ်ပင်တချို့ကလွဲရင် တစ်ခြံလုံးမှာ နှင်းဆီတွေချည်းပဲ။
“ကျွန်တော်နဲ့ ဒီလောက် ပေါင်းသင်းနေပြီး ခုထိ ခင်ဗျား မသိသေးဘူးလား”
မိတ်ဆွေက မျက်ခုံးပင့်ပြီး ကိုယ့်ကို ကြည့်တယ်။ ပြီးတော့ နှင်းဆီပုံ တက်တူးနဲ့ စီးကရက်ကိုင်ထားတဲ့ ကိုယ့် လက်တွေ ကို ကြည့်တယ်။
“ဟုတ်သားပဲ…။ မေ့နေတာ…။ ခင်ဗျားဟာ နှင်းဆီထရော်မာနဲ့ လူပဲ၊ ဆော်ရီးဗျာ… ဟိုတစ်ခါက အဖြစ်ကို ကျုပ် မေ့သွား တယ်”
သူ့ခြံထဲက နှင်းဆီပန်းအိုးတစ်အိုးကို စိမ်ပြေနပြေ ရိုက်ခွဲဖူးခဲ့တဲ့ တစ်ခါက ကိုယ့်အဖြစ်အပျက်ကို မိတ်ဆွေ မှတ်မိသွား ပြီနဲ့ တူပါတယ်။ အဲဒီတုန်းက မိတ်ဆွေ ဒေါသမထွက်နိုင်လောက်တဲ့အထိ အစိတ်စိတ်အမွှာမွှာ ကွဲကြေနေတဲ့ နှင်းဆီပန်းအိုး လေးနားမှာ ရှိုက်ကြီးတငင်နဲ့ ကိုယ် ငိုခဲ့ဖူးတယ်လေ။
ရွှေပိုးအိမ်(ပဲခူး)
20-1-2017
မိုးမခ မဂ္ဂဇင်း
No comments:
Post a Comment