Apr 24, 2017

မင်းကိုအကြောင်းပြုပြီး အားလုံးကို သံယောဇဉ်ဖြစ်ရတယ်

အက်​​ဆေး(၄)
____________
မင်းကိုအကြောင်းပြုပြီး အားလုံးကို သံယောဇဉ်ဖြစ်ရတယ်
-------------------------------------------------------------------နေမျိုး ( ၂၀၁၀-၉-၂၁ )

မင်းကိုအကြောင်းပြုပြီး အားလုံးကို သံယောဇဉ်ဖြစ်ရတယ်။
ဒီကနေ့ နံနက်စောစော အိမ်ရှေ့လမ်းဟိုဘက်က သစ်ပင်အုပ်အုပ်တွေထဲမှာ ချိုးငှက်တစ်ကောင် ကူနေလေရဲ့။ ချိုးကူသံကို နားထောင်ရင်း မင်းကို သတိရမိတယ်။ သည်ချိုးငှက်ကို မင်းစေလွှတ်လိုက်လေသလား။ သစ်ပင်အုပ်အုပ်ထဲမှာ ကူနေလေရဲ့။ မင်းကိုအကြောင်းပြုပြီး အားလုံးကို သံယောဇဉ်ဖြစ်ရတယ်။ မင်းစေလွှတ်လိုက်တဲ့ ချိုးငှက်ဖြစ်ရင်ဖြင့် ငါမေးစမ်းချင်တယ်။ မင်း ဘယ်မှာရောက်နေသလဲလို့။ လေထဲကတီးတိုးသံတွေကို ကြားယောင်မိပေါ့။ နေ့လယ်ခင်းဆိုရင် အိမ်ရှေ့က အုတ်ရေကန်ထဲကို ပျားကောင်ကလေးတွေရောက်လာကြာရဲ့၊ အုတ်ရေကန်ပေါ်တင်နေတဲ့ ရေစက်ရေပြောက်တွေကို ရေလာသောက်တဲ့ ပျားကောင်ကလေးတွေပေါ့။ အုတ်ရေကန်ထဲမှာ တဝီးဝီးပျဲဝဲလိုက်၊ နားလိုက်၊ ရေစက်ရေပြောက်ရေကိုသောက်လိုက်နဲ့။ သည်ပျားကောင်ကလေးတွေကို မင်းစေလွှတ်လိုက်လေသလား။ သည်ပျားကောင်ကလေးတွေဟာ မင်းရှိရာအရပ်က ပျံသန်းလာကြတာလား။  မင်းကိုအကြောင်းပြုပြီး အားလုံးကို သံယောဇဉ်ဖြစ်ရတယ်။ အိမ်နောက်ဖေး မြေကွက်လပ်ထဲကနေ ပိုးနားသန်ကောင်ကလေး တစ်ကောင် တလှုပ်လှုပ် တရွေ့ရွေ့လာနေလေရဲ့။ ပိုးနားသန်ကောင်ကလေးဟာ စိုစွတ်တဲ့မြေသားထဲကနေ ငါရှိရာဆီကို တည့်တည့်မတ်မတ်လာနေသလိုပါပဲ။ သည်ပိုးနားသန်ကောင်ကလေးကို မင်းစေလွှတ်လိုက်တာလား။ မြေသားပြင်ကို တရွေ့ရွေ့ဖြတ်သန်းလို့ ပိုးနားသန်ကောင်ကလေးဟာ လာနေချေပေါ့။ ဪ---မင်းကိုအကြောင်းပြုပြီး အားလုံးကို သံယောဇဉ်ဖြစ်ရတယ်။ မြေသားထဲမှာ မင်းရှိနေလေမလား။ မိုးကောင်းကင်လေထုထဲမှာ မင်းရှိနေမလား။ ပိုးနားသန်ကောင်ကလေးရဲ့၊ မင်းသိရင်ဖြင့် ပြောစမ်းပါဦးကွဲ့။ ငါမသိနိုင်တဲ့ တစ်နေရာရာမှာ မင်းရှိနေမှာ မဟုတ်လား။ အဲ့ဒီနေရာဟာ အဝေးကြီးမှာလား။ အဲ့ဒီနေရာဟာ နီးနီးကလေးမှာလား။ မင်းဆီက သတင်းစကားတွေကို ငါစောင့်မျှော်နေမိပေါ့။ နံရံက အိမ်မြှောင်တစ်ကောင်ဟာ စုပ်ထိုးလိုက်ပေါ့။ မင်းကိုအကြောင်းပြုပြီး အားလုံးကို သံယောဇဉ်ဖြစ်ရတယ်။ မန်ကျည်းပင်ထိပ်ဖျားမှ ကျီးကန်းကြီးတစ်ကောင် တအားအား အော်မြည်ပျံဝဲလို့။ တကားကားအော်မြည်နေတဲ့ ကျီးကန်းကြီးဟာ မင်းအကြောင်းကိုပြောပြဖို့ ကြိုးစားနေတာလား။ နားထောင်စမ်းပါ။ ကျီးကန်းမည်းမည်းကြီးတစ်ကောင်ကွဲ့။ တအားအားမြည် အော်မြည်နေလေရဲ့။ မင်းကိုအကြောင်းပြုပြီး အားလုံးကိုသံယောဇဉ်ဖြစ်ရတယ်။ ကျီးကန်းမည်းမည်းကြီးရဲ့အရိပ်ဟာ သစ်ရွက်ကြို သစ်ရွက်ကြမှာထိုးကျလို့၊ မင်းရှိရာအရပ်ဒေသဆီကိုလမ်းပြမလို့လေလား။ ငါဟာဖြင့် လေထဲက လမ်းမကြီးပေါ်ရောက်သွားမိပြန်ပေါ့။ တီးတိုးသံတွေကို ငါအမြဲနားစွင့်နေမိပါရဲ့။ မင်းဘယ်ဆီမှာလဲကွဲ့။

           မြေတွင်းအောင်း ပိုးကောင်ကလေးတွေ တရွရွထွက်လာကြပြန်ရဲ့။ မင်းက စေလွှတ်လိုက်တာလားကွဲ့။ မြေသားထဲမှာ မင်းရှိနေတယ်လား။ ငါ့ကိုနားလည်အောင်ပြောပြလို့ထားပါလား။ မြေသားထဲမှာ မင်းရှိနေတယ်ဆိုရင်တော့ ငါဟာ ကမ္ဘာမြေကြီးကို ရှေ့ယခင်ကထက်ပိုပြီး ချစ်ခင်မိမှာပေါ့။ မင်းကိုအကြောင်းပြုပြီး အားလုံးကိုသံယောဇဉ်ဖြစ်ရတယ်။ လေပြည်တိုက်ခတ်တော့ သစ်ရွက်တွေလှုပ်သွားလေရဲ့။ ဒါဟာ မင်းရယ်နေတာလားကွဲ့။ ခုတော့ဖြင့် ငါသိပြီကွယ်။ လေထဲမှာ လမ်းမကြီးတစ်ခုရှိတယ်။ အဲ့ဒီလမ်းမကြီးဟာ မင်းရှိတဲ့နေရာကိုအသေအချာရောက်နိုင်တာ မဟုတ်လား။ မြေတွင်းအောင်း ပိုးကောင်ကလေးရဲ့ တစီစီမြည်သံကို ကြားရရဲ့။ မင်းဟာ မြေသားနက်နက်ထဲပုန်းနေတာလို့ ပြောပြတာများလားကွဲ့။ ငါတို့အိမ်ရဲ့ နံရံထောင့်ကွေးမှာ ပင့်ကူအိမ်တစ်ခုရှိတယ်။ မင်းသိရဲ့မဟုတ်လားကွယ်။ ပင့်ကူဟာ သူ့ရဲ့အသက်ဓာတ်ကဖြစ်တဲ့ ပိုးမျှင်တွေနဲ့ ပင့်ကူအိမ်ကိုရက်လုပ်တယ်။ ဒီပင့်ကူအိမ်ကို ငါသေသေချာချာကြည့်မိတယ်။ ပိုးမျှင်တွေ ရက်ဖွဲ့ထားပုံဟာ ဆန်းကြယ်လှပလို့။ ဒါဟာ မင်းဆီကိုအရောက်သွားနိုင်မယ့် လမ်းပြမြေပုံတစ်ခုပဲလားကွဲ့။ မင်းကိုအကြောင်းပြုပြီး အားလုံးကိုသံယောဇဉ်ဖြစ်ရတယ်။ လေထဲမှာ တီးတိုးသံတွေအမြဲရှိတယ်လို့ ငါသိခဲ့တယ်။ မင်းဆီကသတင်းစကားတွေ ငါစောင့်မျှော်နားထောင်နေမိပေါ့။ လေပြည်ညင်းဝင်ရောက်ဖို့ ပြတင်းတံခါးကို ငါအမြဲဖွင့်ထားတယ်။ တံခါးရွက်ဟာ တကျွီကျွီမြည်လေတယ်။ ငါကတော့ ဒီမှာရှိနေတယ်။ ငါဒီမှာရှိနေတယ်ဟေး---လို့ အော်ပြောလိုက်မယ်။ ငါ့ရဲ့အသံဟာ လေထုကိုဖြတ်သန်းပြီး မင်းရှိတဲ့နေရာဆီကို ရောက်သွားအောင်ပေါ့။

                 တစ်နေ့ဆီက ငှက်ကလေးတစ်ကောင် ငါတို့အိမ်နောက်ဖေးက ခံတက်ပင်ထက်မှာ အသိုက်ဖွဲ့ခဲ့တယ်။ သူ့အသိုက်ကလေးကို မြင်တော့ ငါမင်းကိုသတိရမိရဲ့။ ငါတို့ဟာ အသိုက်တစ်ခုထဲမှာအတူ နေလာခဲ့ကြဖူးတာမဟုတ်လား။ ငှက်ငယ်ကလေးဟာ သူ့အသိုက်ကို ခံတက်ပင်ရဲ့သစ်ကိုင်းတွေထက်မှာ အသေအချာဖွဲ့ခဲ့။ တစ်နေ့မှာတော့ အဲ့ဒီအသိုက်ထဲမှာ ငှက်ငယ်ကလေးဟာ ဥဥချခဲ့ပါတယ်။ အခွံမာမာအုပ်ထားတဲ့ အသက်ဓာတ်ဟာ အသိုက်ထဲက ငှက်ဥကလေးပါပဲ။ ငှက်ဥကလေးထဲမှာ အသက်ဓာတ်ဟာ ငြိမ်သက်စွာရှိတယ်။ နောက်ရက်တွေမှာ ငှက်ငယ်ကလေးဟာ ဥတစ်လုံးကိုထပ်မံဥချပြန်တယ်။ ငှက်ဥကလေးထဲမှာ နောက်ထပ် အသက်ဓာတ်တစ်ခုဟာ ငြိမ်သက်စွာရှိပြန်တယ်။ ငှက်မငယ်ကလေးဟာ တစ်ရက်မှာ သူ့ဥတွေကို စတင်ဝပ်တော့ရဲ့။ လေပြည်တိုက်ခတ်တော့ သစ်ရွက်တွေလှုပ်တယ်။ ဒါဟာ မင်းရယ်နေတာလား။ ငါက တစ်နေ့တစ်နေ့ငှက်မကလေး အသိုက်ထဲမှာ သူ့ဥဝပ်နေပုံကို တိတ်တဆိတ်မသိအောင် လှမ်းလှမ်းကြည့်ရတယ်။ မင်းကရော တစ်နေရာရာကနေ ငါ့ကို တိတ်တဆိတ်လှမ်းကြည့်နေသလား။  ငှက်မကလေးဟာ မိခင်သူဟာ အသိုက်ထဲက ဥတွေကိုရှင်သန်စေချင်သူပေါ့။  ငှက်မကလေးကိုမြင်တော့ မင်းကိုသတိရမိပြန်တယ်။ မင်းဟာ ငါတို့ကိုရှင်သန်စေချင်ခဲ့တာ မဟုတ်လား။ အဲ့ဒီနေ့က မိုးဖွဲဖွဲရွာတယ်။ ငါဟာတိတ်တဆိတ်နဲ့ မသိအောင်လှမ်းကြည့်မိပြန်တယ်။ ငှက်မကလေးကိုပေါ့။ မှန်ပါတယ်။ မိုးတဖွဲဖွဲရွာတယ်။ ငှက်မကလေးဟာ မိုးထဲမှာ သူ့အသိုက်ကမခွာဘူး။ သူ့ဥတွေကို လုံခြုံမှုအပြည့်ပေးထားလေရဲ့။ သူ့အမွေးအတောင်အလက်တွေနဲ့ တဖွဲဖွဲကျတဲ့ မိုးပေါက်တွေကို ကာကွယ်ခဲ့ပေရဲ့။ ငါဟာ နေ့ရက်တွေကို မသိမသာရေတွက်ခဲ့တယ်။ တစ်ရက်------နှစ်ရက်------သုံးရက်------။ အဲ့ဒီနောက်ရက်တွေမှာတော့ ငှက်မကလေးရဲ့အသိုက်ထဲမှာ အလွန်နူးညံ့တဲ့ အသံစာစာကလေးတစ်စုံကို ငါကြားရတော့တာပါပဲ။ ကြည့်ုကြစမ်းကွဲ့၊ ဥကလေးတွေက အကောင်ပေါက်လာခဲ့ကြပေါ့။  ဥကပေါက်စငှက်ငယ်ကလေးတွေ ကလေးနှစ်ကောင်ဟာ သူတို့နှုတ်သီးကို မိုးကောင်းကင်ဆီထောင်မတ်လို့ တစာစာမြန်နေကြလေရဲ့။ အလွန်နူးညံ့လှတဲ့ အသံကလေးတစ်စုံပါပဲ။ ငှက်ပေါက်စလေးနှစ်ကောင်ဟာ မင်းစေလွှတ်လိုက်တာလား။ သူတို့အနားမှာ အချိန်တော်တော်ကြာအောင် ငါရပ်နေမိတယ်။ မင်းကိုအကြောင်းပြုပြီး အားလုံးကိုသံယောဇဉ်ဖြစ်ရတယ်။

      တစ်ရက်မှာတော့ ခံတက်ပင်အောက်မှာ ကြောင်နက်ကြီးတစ်ကောင်ရောက်နေတာကို တွေ့ရတယ်။ ကြောင်နက်ကြီးဟာ ခံတက်ပင်အောက်မှာ ငြိမ်သက်စွာဝပ်လို့။ သူဟာ အသိုက်ထဲက ငှက်ပေါက်စလေးနှစ်ကောင်ကိုချောင်းမြောင်းနေတာပေါ့။ အသိုက်ထဲက ငှက်ပေါက်စလေးနှစ်ကောင်ကို ဝါးစားပစ်ဖို့ ချောင်းမြောင်းနေတာပေါ့။ ငါဟာ ခံတက်ပင်အောက် ကြောင်နက်ကြီးရောက်လာမဲ့အချိန်ကို စောင့်နေတတ်ပြီ။ သူ့ကိုခြောက်လှန့်မောင်းထုတ်ပစ်ဖို့ပေါ့။ ဝမ်းနည်းစရာပါပဲ။  ငှက်မလေးဟာ သူ့အသိုက်အမြုံရှိရာကိုပြန်ရောက်မလာတော့ပါဘူး။ ငှက်ပေါက်စလေးနှစ်ကောင်ဟာ တစာစာအော်မြည်ကြတယ်။ ငှက်မကလေး ဘယ်နေရာကများ ပျံဝဲရောက်ရှိလာလေမလဲလို့ ငါလည်းစောင့်မျှော်မိပါရဲ့။ ဒါပေမဲ့ ငှက်မကလေးဟာ သူ့အသိုက်အမြုံရှိရာကို နောက်ထပ်ပြန်ရောက်မလာတော့ပါ။ အဖြစ်အပျက်ဟာ ဒီအတိုင်းပါပဲ။ ငှက်ပေါက်စလေးတစ်ကောင်ဟာ အသိုက်ထဲကနေ အောက်ကိုလိမ့်ကျသွားခဲ့တယ်။ မှန်ပါတယ်။ ကြောင်နက်ကြီးက ဖမ်းယူစားသောက်ပစ်လိုက်တယ်။ ကျန်တဲ့ ငှက်ပေါက်စလေးတစ်ကောင်ကတော့ အသိုက်ထဲမှာ လဲကျသေဆုံးသွားတယ်။ ခံတက်ပင်ရဲ့အကိုင်းတွေဟာ လေထဲမှာလှုပ်နေကြတယ် သစ်ရွက်ခတ်သံတွေကြားရရဲ့။ ဒါဟာ မင်းရယ်နေတာလား။

                 နေမျိုး

Copied from Poetry Note & Poem
Photo by madyjune

No comments:

Post a Comment