အက်ဆေး(၁၃)
____________
ပါရီမြို့မှလူများ..
ကြေးရုပ်ကြီးနှင့် ဒုတိယနွေဦးရာသီ
==================== ဒေါက်တာလမ်း
.
_ပါရီမြို့၏နွေဦးများသည် ပျင်းရိခြောက်သွေ့လာသည်ဟု လူအများစုက တွေးထင်နေကြပါသည်။ ငယ်စဉ်ဘ၀က ပျော်ရွှင်ရိုးရှင်းခဲ့သောစိတ်များ ခြောက်သွေ့လာခြင်းကို ပါရီမြို့မှလူများ မေ့လျော့နေခြင်းဖြစ်ပါသည်။ နွေဦ်းရာသီသည် သစ်ရွက်တွေကြွေမြဲ ၊ရိုးတံတို့သည် သူတို့ရှိမြဲဖြစ်ကြောင်း ပြောပြနေပါသည်။ သစ်ပင်များကို ဖြတ်သန်းလာသော အ၀ါခြောက်ရောင် နေရောင်ခြည်သည် လမ်းမများပေါ်တွင် အကိုင်းအခက်တို့၏ ဖြစ်တည်မှုကို မမေ့လျော့ရန် ဆေးခြယ်ပြနေခြင်းဖြစ်ပါသည်။ လူသားတို့သည် မျှော်လင့်ချက်ဖြင့် အသက်ရှင်ကြသည်ဟု ဆို၏။ သို့သော် ထိုမျှော်လင့်ချက်ထဲတွင် သေခြင်းတရားကို မေ့လျော့ပြီး ဆက်လက်အသက်ရှင်ဖြစ်တည်မှုနှင့် ဘ၀တိုးတက်ရာတိုးတက်ကြောင်းကိုသာ မျှော်လင့်ချီတက်နေဆဲဖြစ်ပါသည်။ ပါရီမြို့ကြီးသည်လည်း ဆက်လက်ချီတက်လျှက်ရှိကာ ရှေ့ သို့၊ ရှေ့သို့ ဆိုသော သီချင်းကို လက်သီးလက်မောင်းတန်း အော်ဟစ်လျက်ရှိပါသည်။ နွေဦးရာသီသည် မေ့လျော့ခြင်းကို ပါရီမြို့မှလူများ မြင်နိုင်အောင်သာ ကြွေပြနေခြင်းဖြစ်ပါသည်။ ထိုအရာများသည် အတိတ်သမိုင်းပင် ဖြစ်ပါလိမ့်မည်။
ပြောင်းလဲချိန်တန်ပြီဟု ကြွေးကျော်မဲဆွယ်ခဲ့သော ပါရီမြို့မှ အမတ်များသည် သူတို့ရွတ်ဆိုခဲ့သော စကားလုံးများကို မေ့လျော့သွားခဲ့ပြီ ဖြစ်ပါသည်။ ပါရီမြို့ကြီးသည် ဘာမှမပြောင်းလဲသေးပါဟု ကြေးရုပ်ကြီးက မတ်မတ်ရပ်ကာပြောဆို ကြိမ်းမောင်းချင်နေဟန်ရှိပါသည်။ စည်းလုံးညီညွတ်ကြဆိုတာ စားဖားများကိုပြောဆိုလိုခြင်း မဟုတ်ကြောင်းပြဆိုသည့်အနေဖြင့် ကြေးညှိများကို ညိုမည်းပြကာ ပါရီမြို့ကြီးကို လမ်းဆုံမှ ငေးမောနေဟန်ရှိပါသည်။ ပါရီမြို့ကြီးသည်လည်း ယခင်ကလိုပင် အမှန်တရားတို့အကျအဆုံးများဆဲ၊ အရက်အတုဆိုင်တို့ ပေါများမြဲ၊ စိတ်ကြွဆေးပြားတို့ တိတ်ဆိတ်စွာ ကခုန်မြဲ၊ ဆက်ကြေးပေးသံတို့ တိတ်တိတ်လေး ပျော်ပွဲစားမြဲဖြစ်နေပါသည်။ ပါရီမြို့သူမြို့သားများသည် နိုင်ငံရေးသမားများနှင့်အတူ အိပ်မက်များမက်ခဲ့ပါသည်။ မျှော်လင့်ခြင်းအိပ်မက်များဖြစ်ပါသည်။ ပျော်ရွှင်ခြင်းအိပ်မက်များဖြစ်ပါသည်။ သာတူညီမျှအိပ်မက်များဖြစ်ပါသည်။ အာဏာရှင်ကျဆုံးရေးအိပ်မက်များဖြစ်ပါသည်။ ယခုအခါများတွင် သူတို့အိပ်မက်ကနိုးသွားကြပြီဟူသော စကားကိုသာ ပါရီမြို့သူမြို့သားများ တိုးတိုးတိတ်တိတ်ပြောဆိုနေရခြင်း ဖြစ်ပါသည်။ 66/D ဆိုသော စကားလုံးကိုစိတ်ထဲတွင် ကြောက်လန့်သွားသောကြောင့် ဖြစ်နိုင်ပါသည်။ အကြောက်တရားမှ ကင်းလွတ်ရေးသည် ဒဏ္ဍာရီလားဟု ကြေးရုပ်ကြီးက မေးလာပါသည်။
"နေပါဦး ကြေးရုပ်ဆိုတာ စကားပြောနိုင်လို့လားဗျ" ဟု ကျွန်တော်မေးလိုက်မိပါသည်။
" ဘယ်လိုမှမနေနိုင်တော့လို့ပါကွာ"ဟု ကြေးရုပ်ကြီးက ဆိုလာပါသည်။ ကြေးရုပ်ကြီး၏မျက်လုံးတွင် မျက်ရည်များဝေ့သီလျက်ရှိသည်ဟု ထင်မိပါသည်။ အရင်တုန်းကငါ့ကို ဖျောက်ထားတဲ့ကောင်တွေ ငါ့ရှေ့လာပြီး လက်ခုပ်တွေတီး အလေးတွေပြုနေတာ ငါမခံစားနိုင်တော့လို့ပါကွာဟု ပြောလာပါသည်။ ဒါကောင်းတာပေါ့ နိုင်ငံရေးဆိုတာ ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်နည်းလို့ အဆိုရှိတယ်မဟုတ်လားလို့ ကျွန်တော်ပြန်ပြောလိုက်မိပါသည်။ ဟုတ်သလိုရှိပေမယ့် မဟုတ်ဘူးကွ၊ ၂၀၁၄နောက်မှ နိုင်ငံနဲ့ပြည်သူကိုချစ်တယ်ပြောရအောင် အဲဒီရှေ့တုန်းက ဒီကောင်တွေ ဘာလုပ်နေသလဲ မင်းပြန်စဉ်းစားကြည့်ကွာလို့ ပြောလာပါသည်။ ကျွန်တော်သည် ကလေးငယ်ပမာ ကြေးရုပ်ကြီးကို စိုက်ကြည့်နေမိပါသည်။ အချိန်အတော်ကြာသွားသည်။ တမာရွက်များ လေထဲဖြေးညင်းစွာ လျော့ဆင်းလာသည်။ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သော အသံမှာ
"ငါအသည်းအနာဆုံးက ငါ့ကိုချစ်တဲ့ လေးစားအားကျခဲ့တဲ့ကောင်တွေက အဲဒီသာကူး ကောင်တွေနဲ့ ရဲဘော်လိုဖြစ်ရတာကို သာယာသွား၊ ကျေနပ်သွား၊ ပျော်ရွှင်သွားတာကိုပဲကွာ"ဆိုသော အက်ရှရှအသံပင်ဖြစ်ပါသည်။
ထိုအချိန်မှ ကြေးရုပ်ကြီက စကားပြောသည်မှာ ဘယ်လိုမှမဖြစ်နိုင်ကြောင်းကျွန်တော်တွေးမိကာ ထွက်ပြေးလာမိပါသည်။ ပါရီမြို့၏လမ်းမများသည် ယခင်အတိုင်း ပေါက်ပြဲလျက်ရှိကြောင်း ကျွန်တော်မေ့နေခြင်းဖြစ်ပါသည်။
ပါရီမြို့ကြီးသည် ကြွေကျနေသောသစ်ရွက်သံလေးများ ပျင်းတွဲ့စွာထွက်ပေါ်လာသောစားပွဲထိုးလေး၏ လ္ဘက်ရည်မှာသည့်အသံများမှအပ တိတ်ဆိတ်နေပါသည်။ ထိုစားပွဲထိုးလေးသည်လည်း ၁၃နှစ်ပြည့်သေးဟန်မတူပါ။ လူ့အခွင့်အရေးကြေငြာစာတမ်းနှင့် အလုပ်သမားဥပဒေတို့သည် ပါရီမြို့၏လူများကြားတွင် အသံထွက်ဝံ့ ဟန်မရှိပဲ တိတ်ဆိတ်နေရပုံရှိပါသည်။ ပရဟိတသမားများသည်လည်း ကလေးလူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ဖြစ်ကြောင်းကို မေ့လျော့နေကြပုံရပါသည်။ ဆွံ့အနေသော စကားလုံးများသည် မည်သည့်အရပ်တွင် အခြေချနေထိုင်သည်ကို ကြေးရုပ်ကြီး သိချင်ရှာလိမ့်မည်ဟု ကျွန်တော်တွေးနေမိပါသည်။
ပါရီမြို့၏လမ်းမများပေါ်တွင် ကလေးငယ်များ ပျော်ရွှင်စွာ ပြေးလွှားနေသည်ကို တွေ့ရလိမ့်မည်မဟုတ်ပါ။ လေးလံသော လွယ်အိတ်ကြီးများကိုလွယ်၍ ကျောင်းသို့သွာနေကြသော၊ လေးလံသောလွယ်အိတ်ကြီးများကို ထမ်းပိုး၍ ကျူရှင်သို့ရွေ့လျားနေကြသော ကျောင်းသား ကျောင်းသူလေးများ၊ စာကျက်ဝိုင်းမှ အိကျမျက်လုံးများနှင့် ပြိုဆင်းသွားကြသော ကလေးငယ်များကိုသာ လမ်းမပေါ်တွင်မြင်တွေ့ကြရပါလိမ့်မည်။ ပညာရေးသည် သူတို့ကို နောင်တစ်ချိန်တွင် အယ်ဒီဆင်ဖြစ်မည်၊ စတိဂျော့ဖ် ဖြစ်မည်၊ ဘီဂိတ်ဖြစ်မည်၊ ဗိုလ်ချုပ်အောင်ဆန်းဖြစ်မည်၊ ဒေါ်အောင်ဆန်းစုကြည်ဖြစ်မည်ဟု အယုံသွင်းထားခြင်းဖြစ်ပါသည်။ အမှန်တကယ်မှာ ကြက်တူရွေး နှုတ်တိုက်နေခြင်းသာဖြစ်ပါသည်။ မေးခွန်းများပြန်လည်မေးပိုင်ခွင့်ကို ပေးမထားခြင်းဖြစ်ပါသည်။ စာအုပ်များဖတ်ခွင့်၊ သီချင်းများနားထောင်ခွင့်၊ ပန်းချီများရေးဆွဲခွင့်၊ အားကစားများ ကစားခွင့် အတွက်အချိန်မပေးနိုင်ခြင်းဖြစ်ပါသည်။ အချိန်ရှိခဲ့လျှင်လည်း ထိုအရာများဖန်တီးမပေးနိုင်ခြင်းသည် ရှေ့မျိုးဆက်၏တာဝန်မကျေမှုသာ ဖြစ်မည်ဟု ပါရီမြို့ထဲတွင် လူအချို့ပြောဆိုနေကြပါသည်။
ကဗျာဆရာဇော်ဂျီရေးသားသော သင်သေသွားသော် ကဗျာကို ကောင်းလှပါသည်ဟုရွတ်ဆိုနေသော လူများကို ပါရီမြို့ထဲတွင် တွေ့ရှိနိုင်ပါလိမ့်မည်။ သို့သော် ထိုကဗျာ၏ အလှဓာတ်နှင့် စိတ်ထားကိုမူ ထိုလူတို့ သိရှိခံစားနိုင်သည်ဟု ယူဆ၍မရပါ။ ထိုသူများသည် နွားများပလာတာစားသကဲ့ကို ကောင်းသည် ကောင်းသည်သိပ်ကောင်းသည်ဟု ပြောနေခြင်းနှင့် တူပါသည်။ ကျွဲပါးစောင်းတီးနေခြင်းမဟုတ်ပဲ ကျွဲများစောင်းတီးနေခြင်း ဖြစ်ပါသည်။ ထိုသီချင်းသံများကို ကောင်းသည် ကောင်းသည် ကောင်းလှပါသည်ဟု အချင်းချင်းချီမွမ်းနေခြင်း ဖြစ်ပါသည်။ ကလေးငယ်များအတွက် ကစားကွင်းများမရှိသော ပါရီမြို့ကြီးတွင် မိသားစုများ အပန်းပြေလမ်းလျှောက်နိုင်ရန် သာယာလှပသော လမ်းကလေးများ မရှိပါ။ ထိုနေရာများ အားလုံးကို ကျေးဇူးကြီးလှစွာသော လုပ်ငန်းရှင်ကြီးများက အမြှော်အမြင်ကြီးစွာ သိမ်းယူပြီးသောကြောင့်ဖြစ်ပါသည်။ ပါရီမြို့ကြီး၏ပျော်ရွှင်မှုများသည် ဂေါက်ကွင်းများနှင့် အထက်တန်းစားညစာစားပွဲများ အလည်တွင် ပျောက်ဆုံးသွားခဲ့ပါသည်။ ထိုညစာများသည် မြို့သူ မြို့သားများ၏ တရားမျှတသော ငြိမ်းချမ်းရေးမနက်စာများဖြစ်ကြောင်း ကျွန်တော်တို့မေ့လျော့နေခဲ့ခြင်း
_______________________
ငွေသည် နတ်ဆိုးတစ်ဦးပမာ ပါရီမြို့ထဲသို့ ၀င်ရောက်တိုက်ခတ်နေပါသည်။ လေမုန်တိုင်းများ၊ ငလျင်များသည် မြင်သာသော သဘာဝဘေးအန္တရယ်ဖြစ်ကြောင်း ကျွန်တော်တို့ မြင်တွေ့ကြရပါသည်။ ငွေ၏ တိုက်ခိုက်မှုကိုကား မမြင်နိုင်ပါ။ ပွင့်နေသော သရက်ပွင့်လေးများ အကင်းအဖြစ်သို့မရောက်မီ ကြွေကျကုန်ပါသည်။ ချိုမြ၀င်းမှည့်သော သစ်သီးများဖြစ်ရန် မျှော်လင့်ချက်များ ကတ္တရာလမ်းမပေါ်တွင် ပြန့်ကျဲနေပါသည်။ တော်လှန်ခဲ့သော ကွန်မြူနစ်ကောင်းတစ်ယောက်၏ ယုံကြည်မှုများ ဖြစ်နိုင်ပါသည်။ ရနံ့သင်းခဲ့သော ပရဟိတသမားတစ်ယောက်၏ အပြုံးများဖြစ်နိုင်ပါသည်။ တက်ကြွခဲ့သော ဒီမိုကရေစီသမားတစ်ယောက်၏ တောင့်ခံနိုင်မှုများဖြစ်နိုင်ပါသည်။ ကြင်နာတတ်သော ဆရာဝန်တစ်ဦး၏ စေတနာများ ဖြစ်နိုင်ပါသည်။ တည့်မတ်လှစွာသော သတင်းထောက်တစ်ယောက်၏ ရပ်တည်မှုများ ဖြစ်နိုင်ပါသည်။ ထိုသရက်ပွင့်လေးများကို ဇိမ်ခံကားတစ်စီးပေါ်မှ ခရိုနီနို့စို့ခွေးလေးတစ်ကောင်က မြင်နိုင်ဟန်မရှိပါ။ သူစီးထားသောကားတာရာများက နင်းခြေသွားပြီးသောကြောင့် ဖြစ်ပါသည်။ ထိုသရက်ပွင့်ကြွေများသည် နိုင်ငံတော်တစ်ခုလည်း ဖြစ်နေနိုင်ပါသေးသည်။
ကျွန်တော်သည် ပြေးရင်းပြေးရင်း မောပန်းလာပါသည်။ နားခိုရန် လမ်းဘေးဝဲယာကို လိုက်ရှာကြည့်နေမိပါသည်။ စိမ်းလမ်းသော သစ်ပင်များသည်လည်း ခုတ်ထစ်ခံရပြီး သေဆုံးပြီးဖြစ်နေသောကြောင့် အရိပ်ကိုမပေးနိုင်တော့ပါ။ ကျွန်တော်သည် ကွန်ကရစ်တောအုပ်ထဲသို့ ရောက်ရှိနေကြောင်းသတိပြုမိသဖြင့် ဆက်ပြေးဖို့သာ အားအင်ကို မွေးမြူထားမိပါသည်။ လမ်းဘေးရေအိုးစင်လေးများအစား ရေခဲသေတ္တာများထဲမှ ရေသန့်ဘူးများက နေရာယူပြီးဖြစ်နေပါသည်။ လမ်းပေါ်တွင်တွေ့ရသော ကြံရည်လက်တွန်းလှည်းလေးနောက်မှ လိုက်ပါနေမိသည်။ လက်ဖြင့်လှည့်၍ ကြိတ်ရသော ကြံရည်ရောင်းသူလေးသုံးယောက်၏ ဘ၀ဖြတ်သန်းခြင်းအားအင်ကို အားကျနေမိသောကြောင့် ဖြစ်ပါသည်။ ရာသီဥတုနှင့် နည်းပညာတို့သည် သူတို့၏ သန့်ရှင်းသော ဘ၀ရပ်တည်မှုကို မည်သို့မှ သက်ရောက်နိုင်စွမ်းမရှိသောကြောင့်ဖြစ်ပါသည်။
ကြေးရုပ်ကြီးရှေ့ သို့ ပြန်လည်ရောက်ရှိနေကြောင်း သတိထားမိသောအချိန်တွင် ကြံရည်ရောင်းသူလေးများလည်းရပ်တန့်၍ နားနေရောင်းချနေပါသည်။ ကျွန်တော်သည် ကြေးရုပ်ကြီးကို မော့ကြည့်မိပါသည်။ ညိုမှိုင်းနေသော မျက်နှာပြင်သည် ပြုံးရိပ်သန်းနေကြောင်း ထင်ရှားနေပါသည်။ လူသားသည် ခေတ်၊ စနစ်နှင့် အသက်ရှင်သန်မှုကြားတွင် လိုက်လျောညီထွေစွာ နေထိုင်တတ်ကြောင်း ကြေးရုပ်ကြီးက ကျွန်တော့်ကို ပြောပြနေလိုခြင်း ဖြစ်ပါလိမ့်မည်။ သမိုင်းဘီးကြီးသည် တစ်ပတ်ပြန်လည်မြဲဖြစ်သည်ဟု ကျွန်တော်ဖတ်ခဲ့ဘူးပါသည်။ သမိုင်းဖြစ်ရပ်များသည် မည်သို့မျှ ဖျောက်ဖျက်၍မရကြောင်း ကျွန်တော်တို့သိရှိခဲ့ရပါသည်။ မအအောင် သမိုင်းကို သင်ကြဟူသော ဒေါက်တာသန်းထွန်း၏ စကားကို ကြေးရုပ်ကြီး၏ ကိုယ်ထည်အတွင်းမှ ကြားနေရပါသည်။ ပါရီမြို့သူ မြို့သားများသည်လည်း ထိုအသံကို သိရှိနားလည်ကြပါသည်။ ဆင်သေကို ဆိတ်သားရေနှင့် ဖုံးဖိထား၍မရကြောင်း အချို့လူများမေ့လျော့နေကြခြင်းဖြစ်ပါသည်။ ငွေလေကြမ်း အပုတ်နံ့များသည် ထိုသူတို့၏ ဆင်သေများမှ ထွက်ပေါ်တိုက်ခတ်လာခြင်းဖြစ်ပါသည်။ ကြေးရုပ်ကြီးက ကလေးငယ်များအား အမှန်တရားဘက်မှ တောင့်ခံထားနိုင်ရန် နွေဦးသို့ရောက်တိုင်း ပြောကြားနေပါလိမ့်မည်။ အချို့လူများသည် မသေခင်ကပင် ပုတ်နှင့်ပြီးဖြစ်ပါသည်။
ဒေါက်တာလမ်း
ရိုတွန်းကဖေး၊ တတိယပါရီ။
၂၄၊ ၂၊ ၂၀၁၇
No comments:
Post a Comment