Apr 24, 2017

အုတ်ကန်ပေါင်၌ထိုင်ခဲ့ခြင်းများ

အက်​​ဆေး(၁၇)
___________
အုတ်ကန်ပေါင်၌ထိုင်ခဲ့ခြင်းများ
================
လွင်မောင်မောင်
.
အမှတ်၅၁နှစ်ထပ်အိမ်ကြီးရှေ့တွင်  အုတ်ရေကန်ရှိသည်။ထိုအုတ်ရေကန်ပေါင်တွင်ကျနော်တို့ထိုင်ခဲ့ ကြသည်။ ကျနော်တို့ရှေ့မှ မျိုးဆက်များထိုင်ခဲ့ကြသည်။ ရွေ့လျှားစီးဆင်းသောဘ၀ရေစီးထဲတွင် ရှေ့ကမျိုးဆက်များ မျောပါသွားသည့်အခါ ထိုအုတ်ရေကန်ပေါင်သည် ကျနော်တို့အတွက်ဖြစ်လာ သည်။ ကျနော်တို့ထိုင်ခဲ့ကြသည်။ လမ်းသွားလမ်းလာများကို ငေးကြသည်။ နောက်ပြောင်ရယ်မောကြ သည်။ အတန်းထဲကကောင်မလေးများဖြတ်သွားသည့်အခါ နိုးကြားသောချစ်စိတ်ဖြင့်ကြည့်ခဲ့ကြသည်။ မိုးရွာပြီဆိုလျှင် အုတ်ရေကန်တွင်ရေများပြည့်လျှံနေတတ်သည်။ နွေရာသီတွင် ရေကမလာတချက်လာ တချက်။ဘယ်အချိန်ဖြစ်ဖြစ်ထိုအုတ်ကန်ထဲသို့ကျနော်တို့ဆင်းဆော့ချင်ကြသည်။ကျနော်တို့ဆင်းတိုင်း လူကြီးမျာဒေါသတကြီးးဝိုင်းအော်ငေါက်ကြသည်။ဝိုင်းဆူကြသည်။ထိုအခါမျိုးတွင် ကျနော်တို့တစ်ယောက်အပေါ်တစ် ယောက်အပြစ်လွဲချ ကြသည်။ ရန်ဖြစ်ချင်ယောင်ဆောင်ကြသည်။
ဘာကြောင့်မှန်းမသိ အုတ်ကန်ပေါင်ကို ကျနော်တို့ငြိကြသည်။ ဂေါ်လီမရိုက် စွန်မလိုက်ပဲတော့ပဲ အုတ် ရေကန်ပေါင်တွင် ကျနော်တို့လာလာနားကြသည်။ စကိုင်းလက်ဂြိုလ်တုကြီး ဘယ်သူ့အိမ်ခေါင် မိုးပေါ် ပြုတ်ကျမလဲကစလို့ ရောက်တတ်ရာရာတွေပြောကြသည်။ သမဆိုင်လူကြီး လေးဘီးကားဝယ် သည်မှစလို့ ဆိုဗီယက်ယူနီယံအကြောင်းအထိပြောကြသည်။ တော်မီကျော်နိုင်၏ ဟိုင်းဝေးစတားမှ မွန်းတည့်ချိန်မှာနေ၀င်သည် အထိပြောကြသည်။ ကျော်ဟိန်း၏ တွန့်လိမ်ကောက်ကွေးမှုမှ ပလေး ဘွိုင်းသန်းနိုင်၏ မပီမသအထိပြောကြသည်။ ရောက်တတ်ရာရာများ ကျနော်တို့ပြောခဲ့ကြသည်။ ကျနော်တို့နားထောင်ခဲ့ကြသည်။ ထိုအုတ်ကန်ပေါင်ပေါ်တွင်ဖြစ်သည်။
ညဆိုလျှင်အုတ်ရေကန်ပေါင်သည် ကျနော်တို့အတွက် လွတ်မြောက်နယ်မြေဖြစ်၏။ အိမ်စာများကို ကျောခိုင်းကါ ဂီတာအိုကလေးကို တဒေါင်ဒေါင်တီးကြ၏။ ဆိုကြ၏။ ထို့နောက် ဆေးခြောက်ကလေး ရှုတတ်လာသောအခါ ထင်ယောင်ထင်မှားဖြစ်မှုထဲတွင် ရွက်လွှင့်ကြ၏။ မီးများပျက်သွားသည့်အခါ တရပ်ကွက်လုံးအမှောင်ထုကြီးထဲနစ်မြုတ်သွားတတ်သည်။ ထိုအခါမျိုးတွင် ကောင်းကင်ကကြယ်ပွင့် လေးများကိုမျက်စေ့တဆုံးမြင်တွေ့ရလေသည်။ ကျနော်တို့သည် ကြယ်များကို ငေးကြသည်။ စင်္ကြာဝ ဌာ၏အဆုံးမဲ့အမှောင်တိုက်ကြီးကိုတအံတသြငေးကြသည်။ဦးတည်ရာမဲ့လွင့်မျောနေသောဖုံမှုံ့ ကလေးတစ်မှုံ့ပေါ်တွင် မြို့တွေရွာတွေလူတွေ အကုန်လုံး လိုက်ပါစီးမျောနေပါလားဟု အသိနှင့် ရီဝေသောဆေးခြောက်တန်ခိုးတို့ ပေါင်းစပ်သွားသောအခါ ကျနော်တို့အားလုံး ဆွဲအားမဲ့လေဟာနယ် ကြီးထဲသို့ရောက်ကုန်ကြလေ၏။
နွေကျောင်းပိတ်ရက်တွေရောက်လာသည်။ သစ်ရွက်တဖြုတ်ဖြုတ်ကြွေကုန်သည်။ ထို့နောက်မိုးရာသီ ရောက်လာပြန်သည်။ မိုးစက်တွေတဖွဲဖွဲစွေလျှက်။ ဆောင်းရာသီလည်းရောက်လာပြန်သည်။ နှင်းတို့ လွမ်းခြုံသောဆောင်းလက်ဦးမွန်။ အဆက်မပြတ်။ အဆက်မပြတ်လည်ပါတ်ခဲ့သောရာသီစက်ဝန်းများ။ အုတ်ကန်ပေါင်တွင် ကျနော်တို့ ထိုင်မြဲထိုင်ကြလျက်။ ရေဒီယိုသီတင်းများနားထောင်သည်။ မစ္စတာ ဂေါ်ဘာချက်၏ဦးပြည်းထက်က မြေပုံလေးနှင့် မစ္စတာရေဂင်၏ ခံညားသောအပြုံး။ မားကို့စ်နှင့် people power။ အုတ်ရေကန်ပေါင်ပေါ်ထိုင်ရင်း ခေတ်ကိုနားထောင်သည်။ မီးသတ်ကားသံများကို နားထောင်သည်။ နာရီပေါ်မှမျက်ရေစက်များကိုနားထောင်သည်။ လုံထိန်းကါးသံများကိုနားထောင် သည်။ လမ်းမကြီးတလျှောက် ဆူပူအုံကြွမှုလှိုင်းလုံးများသည် အုတ်ကန်ပေါင်တွင် အေးအေးလူလူထိုင် နေသည့်ကျနော်တို့ ဘ၀များဆီရောက်သည်။ ကျနော်တို့ပြေးလွှားကြသည်။ အော်ဟစ်ကြသည်။ လမ်း ကြိုလမ်းကြားဖြတ်လမ်းလေးများထဲဝင်ပုန်းကြသည်။ရက်စက်ကြမ်းကြုတ်သောကမ္ဘာကြီး၏ဇတ်ဝင် ခန်းတစ်ချို့ပင်ဖြစ်သည်။ကျောင်းတွေထာဝရနီးပါး ပိတ်လိုက်သည်။ အုတ်ရိုးနီနီနှင့် စာသင်ကျောင်းက ကျနော်တို့နောက်မှာကျန်ခဲ့သည်။ကျနော်တို့ပျော်သလောက်ဝမ်းနည်းခဲ့ကြသည်။ဝမ်းနည်းသလောက်ပျော်ခဲ့ကြသည်။
မာရှယ်လောကိုကြုံသည်။ ပဲပင်ပေါက်သည်ကြီး လမ်းပေါ်မှာဦးခေါင်းပွင့်နေတာမြင်သည်။ အိမ်နားက အစ်ကိုတယောက်ကိုထောက်လှမ်းရေးတွေခေါ်သွားတာတွေ့သည်။သတင်းစာရှင်းလင်းပွဲရှည်ကြီးတွေလာနေတာကြားသည်။ လူတိုင်း လူတိုင်းရေဒီယိုကိုယ်စီတဂွီဂွီနှင့်။ အိမ်တိုင်းအိမ်တိုင်း ညမှောင်လျှင် တံခါးပိတ်လျှက်ဘယ်သူလာလာဖွင့်မပေးတော့။ခေတ်ကြီးပျက်ပြန်ပြီတဲ့အဖိုးတွေအဖွားတွေကပြောနေကြသည်။အဖေတွေအမေတွေပြောနေကြသည်။ဦးလေးတွေအဒေါ်တွေပြောကြနေသည်။အိမ်နီးချင်း တွေပြောနေကြ သည်။ တရပ်ကွက်လုံး တမြို့လုံး တနိုင်ငံလုံးပြောနေကြသည်။ ကျနော်တို့မှာ နဝေတိမ်တောင်နှင့်။ ထိုအုတ်ကန်ပေါင်ပေါ်၌ပင်ဖြစ်သည်။
တော်လှန်ရေးနတ်ပူးနေသည့်ကျောင်းသား၊မြေအောက်စာစောင်၊ ပင်နီဝတ်နိုင်ငံရေး၊ ရော့ခ်ဂီတ၏ ဒစ်စတောရှင်းထံတြာတေရှင်၊ ဝေရီသောမူးယစ်ဆေး၊ အမှောင်ထဲကဆူးကြိုးများ၊ သန်းကောင်ယံ စစ်ဖိနပ်သံနှင့် စစ်ကြောရေးစခန်းထက်က တခြမ်းပဲ့လရောင်တို့သည် ကျနော်တို့၏ကြီးကောင်ဝင်စ အသံသြသြထဲတွင် ပျော်ဝင်ခဲ့သည်။ ကျနော်တို့ တီးတိုးပြောကြသည်။ တီးတိုးရေရွတ်ကြသည်။ ထိုအုတ်ကန်ပေါင်ပေါ်မှာပင်ဖြစ်သည်။
ထို့နောက်တွင်တော့ ဇင်ဇင်းစီးကရက်၊ ပက်စီကိုလာ၊ လပ်ကီးစတွိုက်၊ ၉၀ရွေးကောက်ပွဲ၊ တနာင်္နွေနေ့တက္ကသိုလ်ရိပ်သာ လမ်းနှင့်ဆူးကြိုးအရံအတားများ။ ရှည်လျားလွန်းခဲ့သည် သို့မဟုတ် တိုတောင်းလွန်းခဲ့သည်။ လက်ဖက်ရည်ဆိုင်ထိုင်ရင်း အုတ်ရေကန်ပေါ်ထိုင်ရင်း ကျနော်တို့လူငယ်ဘ၀ တစ်စတစ်စအရည်ပျော်ကျခဲ့သည်။ ဘာလုပ်ရမှန်းမသိ ။ဘာဖြစ်ချင်မှန်းမသိ။ဘယ်ကိုပျံသန်းရမည် မသိသောအခါ မောင်အေးဆိုင်သွားသည်။ သိရိမြ်ုင်ဘူတာကိုသွားသည်။ ဆယ်မိုင်ကုန်းကိုသွားသည်။ မြောက်ဥက္ကလာဝိုင်းဘက်သွားသည်။ ဆေးဆိုင်မှာအန်အီးအိုဝယ်သည်။ ဆေးထိုးအပ်ဝယ်သည်။ လက်ဖျံပေါ်ကအပ်ရာပလာစတာနှင့်ဖုံးသည်။ပစ္စည်းပစ်တဲ့သူကိုစောင့်သည်။ထိုအုတ်ကန် ပေါင်၌ပင်ဖြစ် သည်။
အဖြစ်အပြက်တွေက တိုတောင်းသလောက်ရှည်လျားခဲ့သည်။ ရှည်လျားသလောက်တိုတောင်းခဲ့ သည်။အလွန်အကျွံမှောင်ခဲ့သလောက်အလွန်အကျွံပို၍မှောင်ခဲ့သည်။ကျနော်တို့လူငယ်ဘ၀တစ်ခု လုံး မီးရထားလမ်းဘေးမှာ အိုဗာဒို့စ်ဖြစ်ခဲ့သည်။ ကျနော်တို့လူငယ်ဘ၀တစ်ခုလုံး အင်းစိန်နဲ့ရဲဘက် အကျဉ်းစခန်းတွေဆီမှာ သံခြေချင်းတွေ တချွင်ချွင်မြည်ခဲ့သည်။ ကျနော်တို့လူငယ်ဘ၀တစ်ခုလုံး တံတားလေး ဆေးဖြတ်ဆောင်တွေမှာ မျက်တွင်းဟောက်ပက်နှင့်ငေးရီခဲ့သည်။ ကျနော်တို့လူငယ်ဘ၀ တစ်ခုလုံး တဖွဲဖွဲ တလွင့်လွင့်ကြွေခဲ့သည်။ သောကဗျာပါဒခေတ်၏ နွေဦးသည်ကြာရှည်ခဲ့သည်။ အုတ် ကန်ပေါင်တွင်ထိုင်နေရင်းတစ်ယောက်ပြီးတစ်ယောက်ပျောက်ဆုံးခဲ့သည်။တစ်ယောက်ပြီးတစ်ယောက်  ခေတ်ကြီးထဲမျောပါသွားခဲ့သည်။ တစ်ယောက်နှင့်တစ်ယောက်မြင်နေရသော်လည်းဝေးခဲ့သည်။  တစ်ယောက်နှင့်တစ်ယောက်မမြင်ရသော်လည်းဝေးခဲ့သည်။မုတ်ဆိတ်မွှေးကျိုးတိုးကျဲတဲကြွတ်ကြွတ်အိတ်ထဲအ၀တ်အစားတွေထည့်လို့ မှော်တောတွေဆီသွားသူသွား အဝေးပြေးကားကြီးတွေမောင်းသူ မောင်းဘ၀လမ်းကြောင်းအသစ်တွေရှာသူရှာမြို့ပြမုဆိုးလုပ်ရင်းသားကောင်ဖြစ်သူဖြစ်ဘ၀နွံနစ်သူ နစ်သေသူသေကြေသူကြေနှင့် တောမှော်ရုံထဲဘ၀သစ်ရွက်တွေတဖွဲဖွဲကြွေသလိုကြွေခဲ့သည်။
အုတ်ကန် ပေါင်တွင်ကျနော်တို့မဆုံဖြစ်ကြတော့။မဆုံနိုင်ကြတော့။     ဖဆပလခေတ်ကတည်းက  အုတ်ရေကန်လည်းမြို့ပြပွရောင်းဖောင်းကားခြင်းထဲမှာလုံးလုံးအုတ်ပုံဖြစ်သွားတော့သည်။ထိုအုတ်ရေကန်နေရာတွင် ကြွက်တွေခိုအောင်းသော စည်ပင်ပလက်ဖေါင်းရွဲ့စောင်းစောင်းနှင့်လမ်းဘေးဈေးသည် တို့၏အမှိုက်ပုံကနေရာယူသွားခဲ့သည်။
နှစ်များစွာလွန်ခဲ့သော်ကျနော်တို့လူငယ်မှတ်တိုင်များမှာအဝေးကြီးတွင်ကျန်ခဲ့ပြီ။မည်သို့ဖြစ်စေအုတ် ကန်ပေါင်သည်ကျနော်တို့ဘ၀ဖြစ်ခဲ့သည်။ကျနော်တို့အမှတ်အသားဖြစ်ခဲ့သည်။ကျနော်တို့ကမ္ဘာကြီးကိုစတင်တွေ့တဲ့နေရာဖြစ်ခဲ့သည်။ အဖြူအစိမ်းဝတ်ကျောင်းသားလေးဘ၀မှ စိတ်ကျအရွယ်လွန် ဆူဖြိုးဝဖိုင့်သည့်အရွယ်ရောက်သည့်တိုင် ပေါ့ပါးလွတ်လပ်ထင်ရာစိုင်းသည့် အရသာကိုမမေ့နိုင်တော့ ပြီ။နိစ္စဒူဝမိုးလင်းမိုးချုပ်ယဉ်ကြောပိတ်ဆို့မှုကြီးထဲပိတ်လှောင်ရင်း၊သက်ပြင်းချရင်း၊အိမ်ပြန်မိုးချုပ်ငုတ်တုတ်မေ့နေခဲ့ရင်းကဘာရယ်မှန်းမသိအုတ်ကန်ပေါင်တွင်ထိုင်ခဲ့သည့်အရသာကိုတနည်းတဖုံသတိရမိတော့သည်။ ။
.
လွင်​​မောင်​​မောင်

No comments:

Post a Comment