Apr 24, 2017

ဖိနပ်ကို နမ်းတဲ့ အဖေ

အက်​​ဆေး( ၆ )
____________
ဖိနပ်ကို နမ်းတဲ့ အဖေ
=============ထူး လင်း ခိုင်

____တနေ့က အဖေ့ဖို့ ကတ္တီပါ ဖိနပ်တစ်ရံဝယ်လာတယ် ။ ဖိနပ်ကို ကိုင်ကြည့်ပြီး အဖေက အမှတ်တမဲ့ နမ်း လိုက်တယ် ။အစဉ်အဆက်ကြားခဲ့ဖူးတာက ဖိနပ်အသစ်ကိုနမ်းလိုက်ရင် ဖိနပ်မပေါက်တော့ဘူးးဆိုပဲ ။ တကယ်တော့ ဖိနပ်ကို နမ်းသည်ဖြစ်စေ မနမ်းသည်ဖြစ်စေ ဖိနပ်နဲ့ခြေထောက်ကအသားနဲ့ အခန့်မသင့်ရင် ပေါက်တာပါပဲ ။ အသက် ၇၀ ကျော် အဖေ က ဒီလုပ်ရပ်ဟာ အဓိပ္ပာယ်မရှိဘူးဆိုတာ သိတာပေါ့ ။ဒါပေမယ့် မသိစိတ်ထဲမှာ စွဲနေတဲ့ အသိတခုကြောင့် အမှတ်မဲ့ နမ်းလိုက်မိတာဖြစ်မယ် ။

* ငယ်တုန်းကစိတ်မျိုးနဲ့ဆို ဒီလိုလုပ်တာဟာ အဓိပ္ပာယ်မရှိတဲ့အကြောင်း ယုတ္တိမတန်တဲ့အကြောင်း ပြောမိမှာပဲ ။ အခုတော့ တွေးစရာလေးတစ်ခုရတယ်လို့ပဲသဘောထားမိတယ် ။

* ငယ်စဉ်တည်းက ဖိနပ်ကိုနမ်းရင် ဖိနပ်မပေါက်ဖူး လို့ လူကြီးတွေပြောတဲ့စကားဟာ အသက်70ကျော်အထိ မသိစိတ်ထဲမှာ ရှိနေတုန်းပဲ ။ဖိနပ်ကို မနမ်းပဲစီးမိလို့ ဖိနပ်မပေါက်ရင်တော့ ဘာမှ ပြဿနာမရှိဘူး ။ တကယ်လို့ ဖိနပ်ပေါက်ခဲ့ရင်တော့ မနမ်းလိုက်မိလို့ ဆိုတဲ့အတွေးမျိုး အဖေ့စိတ်ထဲမှာ ဝင်ချင် ဝင်လာနိုင်တယ် ။

* လူ့အဖွဲ့အစည်းထဲမှာ ယုတ္တိမတန်တဲ့ အယူအဆတွေ ပကတိသဘာဝတရားနဲ့ အံလွဲနေတဲ့ ယုံကြည်မှု့တွေ အများကြီးရှိတယ် ။ ဒါတွေကိုပြောင်းလဲပြစ်ဖို့ လိုအပ်ပါတယ် ။ တချို့အယူအဆတွေ ယုံကြည်မှု့တွေကျတော့ ငယ်ရွယ်စဉ်အချိန်က ဆုံးမမှု့ အံလွဲခဲ့လို့  မစွဲလမ်းသင့်ပဲ စွဲလမ်းလာရတာတွေဖြစ်နေတယ် ။ကလေးတစ်ယောက်ရဲ့ရှင်သန်ရာဝန်းကျင်ဟာ သိပ်အရေးကြီးတယ် ။လူတစ်ယောက်ရဲ့အယူအဆ ယုံကြည်မှု့တွေဟာ
သူငယ်စဉ်မှာ ဘယ်လိုဝန်းကျင်မျိုးမှာဖြတ်သန်းလာခဲ့သလဲ အဲ့ဒီဝန်းကျင်က ဘယ်လိုသင်ကြားပြသပေးလိုက်သလဲဆိုတဲ့အပေါ်မှာ အများကြီးမူတည်နေတယ် ။ ကလေးဘဝတည်းက ယုံကြည်မှု့အမှားကို စွဲမှတ်မိခဲ့ရင် ခြေဖျက်ဖို့ အင်မတန်ခက်တာကို တွေ့ရတယ် ။ကိုယ်တွေငယ်ငယ်ကလဲ ဒီလိုမျိုးဝန်းကျင်းအမှားတွေနဲ့ကြုံခဲ့ရဖူးပါတယ် ။ဗီဇစိတ်က ဝန်းကျင်ထက် ပိုကြီးနေလို့သာ အစွဲမှားတော်တော်များများကို စွန့်နိုင်ခဲ့ပေမယ့် တချို့အစွဲမှားတွေက နဲနဲတော့ ရှိနေတုန်းပဲ ။

* သေချာတာတစ်ခုက
ဖိနပ်အသစ်ဝယ်လာရင် နမ်းဖို့
ငါချစ်တဲ့ တူမလေးကို
ငါ သင်တော့မှာ မဟုတ်ဘူး ။

        ထူး လင်း ခိုင်
31-12-2016   1:55 PM
မြန်​မာအက်​​ဆေးpageမှ ကူးယူ​ဖော်​ပြသည်

No comments:

Post a Comment