Apr 24, 2017

သြဇာရွက်တစ်ရွက်ရဲ့ ကြီးကျယ်ခမ်းနားမှု

အက်​​ဆေး(၇)
___________

သြဇာရွက်တစ်ရွက်ရဲ့ ကြီးကျယ်ခမ်းနားမှု
_________________________________
ရဲဝင့်သူ
.
ကျွန်တော်က သားရဲ့ပုခုံးတစ်ဖက်ကို ဆုပ်ကိုင်ပြီး စာမေးပွဲခန်းထဲမဝင်ခင် နောက်ဆုံးအနေနဲ့ အားပေးလိုက်ချိန်မှာ ဇနီးဖြစ်သူက သားရဲ့ခေါင်းကို ကိုင်ပြီး ပါးစပ်က တစ်လှုပ်လှုပ်ရွတ်နေသည်။ ဇနီးဖြစ်သူ ရွတ်တာဖတ်တာရပ်ပြီး သားရဲ့ခေါင်းကနေ လက်ဖယ်လိုက်တော့မှ ကျွန်တော်လည်း ပုခုံးဆုပ်ထားတဲ့လက်ကိုဖြေလျှော့လိုက်ပြီး ‘သွားတော့ သား’ ဟု ပြောလိုက်သည်။ သားဖြစ်သူက ခဲသားရောင် ပြောင်ပြောင်လက်လက် ကွန်ပါဗူးလေးကို လက်ကကျစ်ကျစ်ပါအောင်ဆုပ်ရင်း၊ အိပ်ကပ်ထဲက စာမေးပွဲဖြေခွင့်ကတ်ပြားစာရွက်လေးကို စမ်းရင်း ကျောင်းထဲကိုလှမ်းဝင်သွားပါသည်။

သားကို လှမ်းမမြင်ရတော့မှ ဇနီးဘက်ကို မျက်နှာချင်းဆိုင်လိုက်ပြီး ‘ခုနက ရွတ်နေတာ ဇယစက္ကော ထင်တယ်’ ဟု ပြောလိုက်သည်။ ကျွန်တော်ဘာကိုဆက်ပြောဖို့ ဦးတည်နေမှန်းရိပ်မိနေတဲ့ ဇနီးဖြစ်သူက ကျွန်တော့်ကို မျက်နှာချင်းမဆိုင်တော့ဘဲ ကျောင်းရှေ့လမ်းတစ်ဘက်က စိန်ပန်းပင်တန်းကိုသာ ငေးကြည့်နေသည်။ ကျွန်တော်လည်း စိန်ပန်းပင်တန်းဘက်ကို မျက်နှာမူလိုက်သည်။ အခုအချိန် အပင်ပေါ်က သစ်ရွက်ကြွေတာကိုမြင်တဲ့ စာဆိုအနေနှင့် ‘လေခမြေသက်’ လို့ ဖွဲလိမ့်မည်မထင်။ သစ်ပင်အောက်မှာ ကျောင်းသားမိဘများနှင့်သာခဲလို့နေတော့သည်။

ကျောင်းသားမိဘများအုပ်လိုက်ကြီးရှိနေကြသော်လည်း တစ်ယောက်နှင့်တစ်ယောက် စကားပြောနေသည တော့မဟုတ်ပါ။ သူလို့လက်ထဲတွင် အဝါရောင်စာအုပ်သေးသေးလေးများ ဖွင့်ကိုင်ထားသည်။ မျက်လုံးက စာလုံးတွေပေါ်မှာပြေးလွှားနေပြီး ပါးစပ်က တစ်လှုပ်လှုပ်နှင့် ရွတ်ဖတ်နေကြသည်။

‘အန္တရယ်ကင်းအောင် ပရိတ်ရွတ်တဲ့မိဘလည်းရှိမှာပေါ့၊ စာမေးပွဲအောင်ဂါတာ ရွတ်တာလည်းဖြစ်ချင်ဖြစ်မှာပေါ့၊ ရွတ်တာတွေဘယ်လောက်ကွဲကွဲ၊ ရွတ်နည်းရွတ်ဟန်ဘယ်လိုပဲကွဲကွဲ အဲသည်အပင်တွေအောက်က မိဘတွေမှာတော့ စိတ်ဆန္ဒတစ်ခုတည်းပဲရှိကြတယ် ကို’

ဇနီးဖြစ်သူက တိုးတိုးအေးအေးလေးပြောသည်။ ကျွန်တော်ဝင်ပြောမယ်လုပ်တုန်းမှာပဲ ‘ဇယစက္ကော ဂါတာ ဟာ ဘာလဲ ဆိုတာ ငယ် သိပ်သိတာပေါ့ ကို’ ဟု ဆက်ပြောသည်။

‘မြတ်စွာဘုရားဟာ ဗောဓိပင်နှင့် ရွှေပလ္လင်ကိုအောင်ခဲ့တယ်။ ကိလေသာ တဏှာတွေကို အောင်ခဲ့တယ်။ အဲလို အောင်ခဲ့တဲ့ မြတ်စွားဘုရားအနေနဲ့ နိဗ္ဗာန်စခန်းကို တက်လှမ်းနိုင်အောင်ကြိုးစားနေတဲ့ ကျွန်ုပ်အားလည်း အောင်မြင်အောင် ဆောင်ကျဉ်းပေးပါ လို့ သည်ဂါထာက ဆိုလိုတာ မဟုတ်လား ကို။ အဲတာ စာမေးပွဲဖြေမယ့်ကျောင်းသားနဲ့ ဘယ်လိုပတ်သတ်လဲ လို့မေးခွန်းထုတ်မလို့မဟုတ်လား’

ကျွန်တော် ခေါင်းသာအသာငြိမ့်လိုက်ပါသည်။ အိမ်ထောင်သက် ၁၈ နှစ်ကျော်ခဲ့ပြီပဲ။ ကျွန်တော့်အရိပ်အကဲကို နားလည်နေတာ ထူးဆန်းတဲ့ကိစ္စတော့မဟုတ်တော့ပါဘူး။ ကျွန်တော့်မှာလည်း သရော်ချင်တဲ့စိတ်က မပျောက်တာကြောင့် စကားတစ်ခွန်းတော့ထွက်သွားသေးသည်။

‘လူတွေက အဲ ဂါထာက အောင် ဆိုတဲ့ စကားလုံးတစ်လုံးကိုပဲ လိုရာဆွဲသုံးနေကြတာပဲ။ ပါဠိစကားလုံးတွေနဲ့ရေးထားလို့သာ လူတွေစိတ်ထဲမှာ မြင့်မြတ်တယ်ထင်သွားကြတာ။ ကိုယ်သာဆိုရင်တော့ ရွှေမန်းတင်မောင်ရဲ့ အောင်ပါစေ သီချင်းကိုပဲ ဆိုပြလိုက်မှာပဲ။ အောင်ပါစေ သီချင်းကမှ လောကီကောင်းကျိုးအတွက် ပြည့်ပြည့်စုံစုံ ဆုတောင်းပေးထားတာမို့ ပိုပြည့်စုံသေးတယ်။ ခေါင်းလေးကို လက်ကလေးနဲ့ကိုင်ပြီး  အောင်ပါစေ၊ ဇေယျတုနဲ့ချွေ၊ သပြေနုခက်ဝေ ...။ အံမာ သီချင်းမှာလည်း ပါဠိစကားလုံးပါတယ်ဗျ။ ဘာမှတ်နေတုန်း။ မြင့်မြတ်ပါတယ်’

ကျွန်တော့်စကားလည်းဆုံးရော ငယ် က  ကျွန်တော့်နားမှခွာပြီး ခပ်ဖြည်းဖြည်းလေး လျှောက်သွားသည်။ ကျွန်တော်က ခြေလှမ်းခပ်သွက်သွက်လှမ်းလိုက်ရင်း ဘေးချင်းယှဉ်မိမှ ‘ အဲတာပဲကြည့် လူတွေက မှန်တာပြောရင် တီဆားနဲ့တို့သလို ထွန့်ထွန့်လူးသွားတတ်ကြတယ်’ ဟု ပြောလိုက်သည်။ တကယ်က ပုံမှန်ပြောနေကျအတိုင်း ပျော်စေပျက်စေ ပြောလိုက်တာဖြစ်ပေမယ့် ဇနီးဖြစ်သူမျက်ဝန်းမှာ မျက်ရည်စများဝေ့တက်လာတော့မှ အခြေအနေမဟန်မှန်းသိပြီး ‘အာကွာ၊ ဒါလေးပြောတာ ဘာဖြစ်သွားရပြန်တာလဲ’ ဟု အဆုံးသတ်ကာ စကားအရှိန်သပ်လိုက်ရသည်။ သည်အဆုံးသတ်စကားဟာ ငါပြောတာ ဘာမှမဖြစ်လောက်ပါဘူး လို့ ဆိုလိုလိုက်ခြင်းလည်းဖြစ်သည်။

‘ဘာဖြစ်သွားရတာလဲ ဟုတ်လား ကို။ သိမ်ငယ်သွား ကို။ သိပ်ကို သိမ်ငယ်သွားတာ။ ငယ့်အနေနဲ့ သားလေး ဆယ်တန်းဖြေဖို့ ဘာမှဖြစ်ဖြစ်မြောက်မြောက်မလုပ်ပေးနိုင်ခဲ့ဘူးကို’

ဒါဘာစကားလဲဆိုတာကို ကျွန်တော် နားမလည်နိုင်။ နားမလည်နိုင်သည်မို့ ဘာဆက်ပြောရမှန်းမသိဘဲ ငယ် ပြောတာကိုပဲ ဆက်နားထောင်ဖို့ရှိတော့သည်။
‘ငယ်က စီးပွားမရှာတတ်ပါဘူး ကို။ သားလေး ကျောင်းစားရိတ်၊ ကျူရှင်စားရိတ်လည်း အတွက် ကိုပဲရှာခဲ့တာ။ သားလေးအားပြည့်အောင် စားဖို့သောက်ဖို့အတွက် လည်း ကို ပဲရှာခဲ့တာ။ ပြီးတော့ ငယ်က ပညာလည်းမတတ်ပါဘူးကို။ သားလေးကျောင်းစာတွေကို ကူကြည့်ပေးတာ ‘ကို’ ပဲလုပ်ခဲ့တာ။ စာရမရ တတ်မတတ်စစ်ဆေးတာလည်း ‘ကို’ ပဲ လုပ်ပေးခဲ့တာ။ သားလေးနားမလည်ရင်လည်း ဥပမာ ဥပမေယျတွေနဲ့ ‘ကို’ ပဲ အကျအနရှင်းပြပေးခဲ့တာ။ ငယ် ဘာလုပ်ပေးနိုင်ခဲ့တာရှိလဲ။ ငယ်ဘာမှ လုပ်မပေးနိုင်ခဲ့ဘူး။ သားလေးရဲ့ ဘဝတစ်ဆစ်ချိုးလို့ပြောမယ့် စာမေးပွဲမှာ ငယ့်အနေနဲ့ မိခင်တစ်ယောက်ဖြစ်ပြီး ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး။ နောက်ဆုံးအခြေအနေမှာ ငယ့်အနေနဲ့ လုပ်ပေးနိုင်တာဆိုလို့ သားလေးခေါင်းကိုကိုင်ပြီး မိခင်မေတ္တာအပြည့်နဲ့ အောင်စေကြောင်းဆုတောင်းပေးနိုင်တာပဲရှိတယ်။ ဟုတ်တယ်။ ငယ် ဒါကိုပဲ လုပ်ပေးနိုင်တာ။ ငယ်လုပ်ပေးနိုင်တာ ဒါတစ်ခုပဲရှိတာ။ ‘ကို’ လုပ်ပေးနိုင်ခဲ့တာတွေနဲ့ယှဉ်ရင် အင်မတန်သေးနုပ်ပါတယ်။ ဒါပေမယ့် ငယ်လုပ်ပေးနိုင်တာဒါပဲရှိတာလေ။ ဒါကို ‘ကို’ က သရောက်ရက်တယ်နော်။ ငယ်ဝမ်းနည်းတယ်’

ငယ်သည်ပြောရင်း ရှိုက်သံများပါ ပါလာသည်။ ကျွန်တော့်ရင်ထဲမှာ စို့စို့နင့်နင့်ကြီးဖြစ်သွားသည်။ စောစောက ဖြစ်နေခဲ့တဲ့ လောကကြီးမှာ ငါ့လောက် ဘယ်သူမှအတွေးအခေါ်မမှန်ကြဘူးဆိုသော အသိနဲ့တက်ကြွနေခဲ့တာတွေ ဘယ်ပျောက်သွားမှန်းမသိ။ ကိုယ့်ကိုယ်ကိုယ်မှားပြီလို့တော့ ဝန်မခံချင်ပေမယ့် ငယ့်စကားများရဲ့ ထိမှန်ချက်ကြောင့် ယိုင်နဲ့သွားတာတော့ အမှန်ဖြစ်သည်။ ပုံစံချင်းမတူပေမယ့် ဝမ်းနည်းမှုကတော့ ငယ်နဲ့အတူ ဖြစ်ပေါ်လာသည်။ ငယ့်ပုခုံးကို အသာအယာဖက်လိုက်ချိန်မှာပင် ကျွန်တော့်ရင်ထဲ နောက်ထပ် တစ်ခုက ဆောင့်ဝင်လာပြန်ပါသည်။ ရင်ထဲ လုံးလုံးကြီး ဟာခနဲဖြစ်သွားသည်။

သြဇာ ရွက်ကလေးတစ်ရွက်ကို သတိရမိသည်။ ကျွန်တော့်လက်ထဲက ထွက်ကျသွားတဲ့ သြဇာရွက်ကလေးတစ်ရွက်။ တကယ်က ထွက်ကျသွားတာမဟုတ်ပါ။ တမင်လွှတ်ချလိုက်တာဖြစ်ပါသည်။ ကြာတော့ ကြာခဲ့ပါပြီ။ ကြာဆို အနှစ်သုံးဆယ်နီးပါးတောင် ရှိလောက်ရောပေါ့။ ကျွန်တော် ဆယ်တန်းစဖြေမယ့်နေတုန်းကဖြစ်သည်။ သည်ကျောင်းတောင်ကြီးရဲ့ အပေါက်ဝမှာပဲ ကျွန်တော့်လက်ထဲက သြဇာရွက်ကလေးတစ်ရွက် မသိမသာ လွှတ်ချခဲ့ဖူးသည်။

‘သားလေး၊ သြဇာရွက်လေးကို ကွန်ပါဗူးထဲထည့်သွားနော်၊ မေမေညက တွက်ချက်ကြည့်တာ သြဇာရွက်ဆောင်ရင် အောင်မြင်နိုင်တယ်သားလေး’

မေမေဆီက သည်စကားထွက်လာချိန်မှာ ကျွန်တော့်စိတ်ထဲမှာ မခံချင်စိတ်တွေ ရုန်းကြွလာသည်။ တစ်နှစ်ပါတ်လုံး ငါကြိုးစားလာခဲ့တာ၊ ငါအားထုတ်လာခဲ့တာ ဒီလိုသြဇာရွက်အကူအညီနဲ့ စာမေးပွဲဖြေဖို့မဟုတ်ဘူး။ စာမေးပွဲအောင်သွားရင်တောင် သြဇာရွက်ကြောင့်အောင်တယ်ဆိုပြီး ဖြစ်ဦးမယ်။ ငါ့ကြိုးစားအားထုတ်မှုတွေဟာ ဒီသြဇာ ရွက်ကြောင့် မှေးမှိန်ကုန်တော့မယ်။ သည်လိုပဲတွေးမိခဲ့ပါသည်။ ကျွန်တော်မေမေ့လက်ထဲက သြဇာရွက်ကလေးကို လှမ်းယူလိုက်ပါသည်။ ပြီးမှ ကွန်ပါဗူးထဲထည့်ဟန်လုပ်ပြီး တမင်လွှတ်ချလိုက်ပါသည်။

‘အာ၊ အောက်ကျသွားပြီ မေမေ။ နိမိတ်မကောင်းဘူး။ မယူတော့ဘူး။ သားသွားပြီ’

နောက်ထပ်သြဇာရွက်တွေ ထပ်ခူးပေးမှာစိုးလို့ မေမေ့ရှေ့ကအမြန်ထွက်လာခဲ့ပါသည်။ ကျောင်းအပေါက်ရောက်ခါနီး မသိမသာ လှည့်ကြည့်လိုက်တော့ မေမေ့မျက်နှာမကောင်းတာကိုတွေ့လိုက်ပါသည်။ လက်ထဲမှာလည်း မြေကြီးပေါ်က ပြန်ကောက်ထားဟန်တူသော သြဇာရွက်ကလေးကိုင်လို့။ ကျွန်တော်ပြန်လှည့်ကြည့်တာမြင်တော့ မကောင်းတဲ့မျက်နှာကို ချက်ချင်းရွှင်အောင်ပြန်လုပ်ပြီး ပြုံးပြပါသည်။ အခုနေ ပြန်တွေးကြည့်တော့မှ အဲသည်အပြုံးရဲ့ကြီးကျယ်မြင့်မြတ်ခြင်းကို ခံစားလိုက်ရသလိုရှိလာသည်။ အဲသည်တုန်းကတော့ စာမေးပွဲစိတ်နှင့် ဘာမှ အကြီးအကျယ်မတွေးမိခဲ့။ လွှတ်ချခဲ့တဲ့ သြဇာရွက် တစ်ရွက်သည် မေမေ့နှလုံးသားတစ်စုံ ဖြစ်ချင်ဖြစ်နေမှာဆိုသော အတွေးသည် ငယ့်ကို ပုခုံးဖက်နေရင်း ရလာချင်းဖြစ်သည်။ တုန်လှုပ်ရသည်။

ငယ့်ပုခုံးကို ဖက်ထားရမှ အသာအယာခွာလိုက်ပြီး ငူငူကြီးရပ်နေမိသည်။ ပြောင်းလဲသွားသော ကျွန်တော့်ပုံစံကိုကြည့်ပြီး ငယ် လည်း အံ့သြနေပုံရသည်။ ခဏအကြာငူနေပြီးမှ ကျွန်တော်ငယ့်ကိုလက်တို့ပြီးကားရပ်ထားသောနေရာဆီ လျှောက်လာလိုက်သည်။ ကားကိုစက်နှိုးပြီး အနောက်ဘက်ကိုဦးတည်လိုက်တော့ ငယ်က ‘အိမ်မပြန်ဘူးလား’ လို့ မေးသည်။ ကျွန်တော် ဘာမှပြန်မဖြေမိ။ ကားကိုမောင်းနေရင်း လမ်းဘေးတစ်နေရာတွင်ထိုးရပ်လိုက်သည်။ ကားပေါ်က အမြန်ဆင်းရင်း လမ်းဘေးသြဇာပင်က သြဇာရွက်ကလေးတစ်ရွက် ချိုးလိုက်သည်။ ငယ် ကားပေါ်က လိုက်မဆင်းနိုင်ခင်မှာပင် ကျွန်တော်ကားပေါ်အမြန်ပြန်တက်လိုက်ပြီး ငယ့်ဘက်လှည့်ကာ ‘အမေ့ဆီကိုသွားမို့ကွ’ ဟုပြောကာ မောင်းထွက်ခဲ့သည်။

__ရဲဝင့်သူ
ဇူလိုင် ၁၈၊ ၂၀၁၆။

No comments:

Post a Comment