အက်ဆေး(၁၀)
_____________
အပြစ်ကင်းသောချစ်ခြင်းများ…….
==================
မေဇော်
.
အိမ်ပြောင်းရမည်ဆိုသည်အခါ အချိန်အပေးရဆုံးအရာက စာအုပ်များ သိမ်းဆည်း ယူဆောင်ရန် စီစဉ်ရခြင်းဖြစ်သည်။ ရှိနေစဉ်တုန်းကတော့ ဘယ်အရာမဆိုအမှတ်တမဲ့ နှင့်ကျော်ဖြတ်သွားခဲ့ကြသော်လည်း တမင်တကာကြည့်ရှုသည့်အခါ တစ်ချို့  အရာတို့  က ထင်မှတ်ထားသည်ထက် ပိုမိုများပြားလေးလံနေတတ်သည်။ အချိန်ကာလ ငါးနှစ် လောက်အတောအတွင်း ကျွန်မဤမျှလောက်သောစာအုပ်တွေ ပိုင်ဆိုင်ထားခဲ့ သည်က အံ့သြမည်ဆိုလျှင်အံ့သြလောက်စရာဟုတွေးမိရင်း “ စာအုပ်အဟောင်း တွေတောင် နိုင်အောင်မဖတ်နိုင်ပဲ စာအုပ်အသစ်တွေကိုလောဘတကြီးဝယ်ယူနေတာ မင်းကတော့ဆိုက်ကိုပါပဲညို ရယ် “ ဆိုသည့်တိုးဖွဖွ အပြစ်တင်စကားကို ပြန်အမှတ်ရ မိတော့ ပြုံးရပြန်သေးသည်။
အခုချိန်မှာတော့ ထိုသို့ အပြစ်တင်မည့်သူမရှိတော့ပါပဲ သူအပြစ်တင်ခဲ့သည့် စာအုပ် များကသာ ကျွန်မနှင့်အတူကျန်နေရစ်ခဲ့ကြသည်က မည်မျှလှပသည့် ကျီစားမှု ဖြစ်ကြောင်းကိုလည်း မည်သူမျှမသိနိုင်ကြတော့။ လောကသည်မထင်မှတ်သည့် အရာ တို့ ကိုသာဖြစ်နေစေသည်ဟု လက်ခံထားပြီးဖြစ်သည့် ကျွန်မအတွက်တော့ သတိရ သည့် အခါပြုံးမိရုံကလွဲ၍မပို။ လို၍မရသောဆင်းရဲနှင့် ရနေတာတွေကို မလိုချင်သော ဆင်းရဲတို့ မှ လွတ်ကင်းရန် ထိုစင်ပေါ်မှာရှိနေကြသောစာအုပ်တို့ ကပင် ကျွန်မကို လမ်းပြခဲ့ကြလေသည်လားလည်း မသိ။ အသင့်အတင့်နှလုံးသွင်းတတ်စေရန် မြောက်များစွာသောဒဏ်ရာဒဏ်ချက်တို့ ကလည်း ကူညီအားဖြည့်ခဲ့ကြလေဟန်ရှိ၏။ ဘာမှမကြာဆိုသောဘဝတွင် ကျွန်မကိုယ်ကျွန်မပိုမိုချစ်ခင်ရန်အတွက် စာအုပ်တွေပဲ အငြိုးတကြီးစုဆောင်းခဲ့မိလေသလားလည်း မပြောနိုင်။ မည်သို့ ဆိုစေ ကျွန်မမှာ စာအုပ်တွေ အတော်များများရှိနေခဲ့ခြင်းအတွက် ရတနာတွေလိုတယုတယ သနေရရင်း ပျော်ရွှင်ခဲ့မိဟန်တူသည်။ အပြစ်ကင်းသောချစ်ခြင်းအတွက် စာအုပ်များကတော့ဖြင့် ကျွန်မကိုမည်သည့်အခါမှ မငြိုငြင်ခဲ့ကြ။ “ ညို့ မှာအချမ်းသာဆုံးက စာအုပ်တွေပဲ သိလား “ ဆိုသည့်စကားကို တစ်ချိန်တုန်းကတော့ တစ်စုံတစ်ယောက်ကို ကျွန်မပျော်ရွှင်စွာပြောပြခဲ့မိဟန်တူသည်။
သံဖြင့်ပြုလုပ်ထားသော ထိုင်းနိုင်ငံဖြစ်စာအုပ်စင်ကလေးသည် မနိုင်ဝန်ဖြင့် ကျိုးလု ကျိုးခင်ညွတ်ကျနေခဲ့သော်လည်း ကျွန်မကတော့ သူထမ်းပိုးထားရသည့် ဝန်ထုပ်ဝန်ပိုး တွေအတွက် အညှာအတာကင်းမဲ့စွာပင်ဘယ်ပြောနိုင်ပါ့မလဲသူလည်း ဂုဏ်ယူချင် ယူနေမှာပေါ့ဟု ကျွန်မစိတ်ချမ်းသာမှုအတွက်သာတွေးတတ်ခဲ့သည်။ ဘာထူးလို့ လဲ လေ သူပေးခဲ့သောဝန်အပိုတွေအတွက် သူလည်းကျွန်မလိုပဲ ရက်စက်စွာ တစ်ကိုယ် ကောင်းဆန်စွာ၊တွေးတတ်ခဲ့တာပဲနေမှာပေါ့လေဟု အညှာအတာကင်းမဲ့ခဲ့သည့် နာကျင်မှုတွေကို မတွေးတော့ပဲ လွှတ်ချချင်လာပြန်သည်။
စိတ်ပျက်ရွံရှာဖွယ်ရာ သူ့ စိတ်ဓာတ်အမူအကျင့်တွေကို သိလာရသည့်အခါ ဘာကြောင့် များအဲဒီအရာတွေကို ခပ်စောစောကမမြင်နိုင်ခဲ့ပါလိမ့်ဆိုသည့် နောင်တဖြင့် ကုန်သွား ခဲ့ရသည့်အချိန်တို့ အတွက် ယူကျုံးမရသည့်တိုင် လွှတ်ချလိုက်ရသည့် ဝန်ထုပ်ဝန်ပိုး များပေါ့ပါးကင်းစင်စေမှုအတွက် ကျွန်မမည်မျှပျော်ရွှင်နေခဲ့ကြောင်း တကူးတကပင် မြင်အောင် ထုတ်ပြလိုစိတ်မရှိ။ စိတ်အတွင်းသားထဲမှ ပြတ်တောက်ကုန်ခန်းသွားရမှု သည် ထင်ထားသည်ထက်ပေါ့ပါးလတ်ဆတ်လွန်းလှသည်။
သူဖတ်ဖို့ ရန်အတွက်ဟုရည်ရွယ်ကာ ဝယ်ယူဖြည့်ဆည်းပေးထားခဲ့မိသည့် စာအုပ် ကလေးများကိုပင် ကျွန်မ၏ပျော်မွေ့ ရာစင်ကလေးအပေါ်မှာ ထင်ကျန်မနေရစ်စေချင်။ ငယ်ငယ်က ဖတ်စရာ စာအုပ်စာပေ ရှားပါးလွန်းလှသည့်အတွက် ငရုတ်သီးမှုန့် ထုတ် သည့် သတင်းစာစက္ကူကလေးများကို ပင်တယုတယဖတ်ခဲ့ရသည့်ကျွန်မက ထိုစာအုပ် များကိုတော့ အနှမြောမရှိစွာလွှင့်ပစ် လိုခဲ့သည်မှာအံ့သြစရာ။ နှလုံးသားတို့ နားခို ပျော်မွေ့ ရာအရပ်တို့ ဆီ၌မည်သည့်မသန့် စင်မှုတို့ မှ ရှိမနေစေချင်။
အိမ်ပြောင်းရွှေ့ ရန်အတွက် ပထမဆုံးသိမ်းမိသည့်အရာက မြောက်များလှစွာသည့် ကျွန်မ၏စာအုပ်တွေ။ ကဒ်ထူပုံးထဲကို တစ်အုပ်ချင်းစီထည့်ရင်းက မနေနိုင်စွာ တစ်အုပ် ချင်းစိမ်ပြေနပြေ ပြန်လည်လှန်လှောနေမိသည့်အတွက် စာအုပ်သိမ်းရသည့် အချိန်က ပါ အများဆုံးပေးခဲ့ရပြန်သေးသည်။ ပုံးများထဲကိုဒီအတိုင်းမထည့်လိုက်နိုင်ပဲ စာရေးသူအလိုက် ၊ ကျွန်မ၏နှစ်သက်ရာအလိုက် အစီအစဉ်တကျသိမ်းဆည်းနေမိရင်း ဟိုရောက်ရင်ပြန်မစီရမှာလည်းမဟုတ်ပဲနဲ့ ဟု တွေးရင်းပြုံးမိပြန်သည်
အတ္တနှင့်စွဲလန်းမှုအချို့ ကို ကျွန်မမသေခင်လျှော့မှလျှော့နိုင်ပါမည်လားလည်းမသိ။ သေချာစွာတော့ လေ့ကျင့်မှရလိမ့်မည်။ ကျွန်မမှာ ထူပိတ်မည်းမှောင်နေဆဲ အစွဲအလန်း တစ်ချို့ နှင့်အတ္တနက်နက်များလည်း ကောင်းစွာကျန်ရှိနေကြပြီး ထိုအရာတို့ ကလည်း ထင်မှတ်ထားသည်ထက်ဖြတ်တောက်ရခက်ဟန်တူသည်။ ထိုသို့ တွေးမိတော့ စင်ပေါ်မှ ဆရာတော်ဦးဇောတိကစာအုပ်တွေနှင့် တောင်မြို့  မဟာ ဂန္ဓာရုံဆရာတော်ဘုရား၏ စာအုပ်များ၊ မိုးကုတ်ဆရာတော်ဘုရား၏ တစ်ဘဝသာသနာ တို့ ကို ပြန်ဖတ်ရလေဦး မည်ဟု သတိကရပြန်သည်။
လူစိတ်ဆိုသည်ကလည်း ဆန်းကြယ်လှသည်ဆိုတော့ ဘယ်အချိန် ဘယ်စာအုပ်ကို ဖတ်ချင်မှာမှန်း မသိသည့် အတွက် ကျွန်မစိတ်၏မွေ့ လျော်ရာစာအုပ်များ လက် တစ်ကမ်းအကွာမှာ အသင့် ရှိနေစေချင်သည်။ လောကဓံနှင့်ကြုံရသည့်အခါတိုင်း ကဗျာ တွေကို တရားဓမ္မတစ်ခုလို နှုတ်ကတဖွဖွရွတ်တတ်သည့်ကျွန်မအတွက် ကဗျာ စာအုပ် များ တစုတစည်းထဲ ရှိနေစေရန်လည်း အရေးကြီးသည်။
ယခုအခါ ဘယ်လိုမှရှာမရ တော့သည့် စိုင်းဝင်းမြင့်၏ကဗျာပေါင်းချုပ်နှင့်မောင်သိန်းဇော် ၏” “ကဗျာစာအုပ်တို့ ကိုလည်းရချင်သေးသည်။ ထိုစာအုပ်တွေမရနိုင်သော်မှ ဇေယျာလင်းဘာသာပြန်သည့် “ဆီလ်ဗီယာပလာ့သ်”၏ ကဗျာစာအုပ်ကလေး ကျွန်မ၏ စာအုပ်စင်ပေါ်မှာ ရှိနေသေး သည့်အတွက်တော့တော်ပါသေးသည်။ လူအချို့ က စိန်ရွှေငွေလက်ဝတ်ရတနာများကို အားကြိုးမာန်တက်စုဆောင်းကြစဉ် ကျွန်မကလည်း စာအုပ်များကိုလောဘတကြီးစုဆောင်းနေမိသည်။
ကျွန်မတို့ ကိုယ်စီကိုယ်ငှ ကိုယ့်ရူးသွပ်မှုနှင့်ကိုယ်သာထင်ပါရဲ့ ဟုတွေးနေမိရင်းကျွန်မ အရူးအမူးနှစ်သက်သည့်စာရေးဆရာမြင့်သန်း၏ စာအုပ်များကို စီကာစဉ်ကာ သိမ်းဆည်းနေရင်း ကျွန်မ၏ဆိုးမျိုးတို့ ကိုသည်းခံလွန်းလှသည့် ၊အနွံအတာခံလွန်း လှသည့် ၊ “ စာအုပ်လက်ဆောင်ရတာကို ညိုအပျော်ဆုံးပဲ သိလား” ဟုပြောမိခဲ့သူ လိုချင်သည်ပြောမိသမျှစာအုပ်တွေ ရှာဖွေပို့ ပေးလေ့ရှိသူအကိုတစ်ယောက်ကို သတိရ နေမိပြန်သည်။
မကြာခဏဆိုးသွမ်းပြီး ဒုက္ခကိုသာရွေးချယ်ပေးတတ်သူကျွန်မက “ ညို့ ကို စိတ်မပျက် ဘူးလားအကိုရယ်” ဟုမေးလေ့ရှိတိုင်း “ ကံပေးပစ္စည်းလေးပါကွာ စိတ်ပျက်စရာလား “ လို့ ပြန်လည်ဖြေတတ်သူက စာအုပ်များပြီးလျှင် ဒါမှမဟုတ်လည်း စာအုပ်များထက် ပိုသည့် ကျွန်မ၏နားခိုရာအေးရိပ်ဖြစ်လိမ့်မည်ထင်သည်။ “ ကို တစ်သက်လုံး စောင့်ရှောက်မှာပါကောင်မလေးရယ် “ ဆိုသည့်စကားက စင်ပေါ်က ကျွန်မ၏ စာအုပ်များကဲ့သို့ ပင် ကျွန်မကိုခွန်အားရှိစေကြောင်းကိုတော့ ခေါင်းမာသည့်ကျွန်မက ပြောပြဖြစ်မည်မထင်။
ဒဏ်ရာများသည်းထန်စဉ်ကာလတို့ မှာ ကျွန်မနှင့်အတူရှိနေပေးခဲ့ကြရင်း ခွန်အား ပေးခဲ့ကြသည်က ကိုနှင့်စာအုပ်များကအတူတူ။ ကြည်အေး၏ ဝတ္ထုတိုပေါင်းချုပ် ၊ ဇော်ဂျီဘာသာပြန်သည့် နိုဗယ်ဆုရစာရေးဆရာတို့ ကမ္ဘာကျော်ဝတ္ထုတိုများ စာအုပ် ထူကြီးနှင့်ကျွန်မဖတ်သင့်သည်ဟုယူဆသမျှ စာအုပ်ကောင်းတွေကိုကြည့်ရင်း မေတ္တာတရားနှင့်အရသာရှိသောစာအုပ်များကို တွဲဘက်သုံးဆောာင်ခွင့်ရရန်အတွက် ကျွန်မကဲ့သို့ မည်သူတွေကံကောင်းမှာပါလိမ့်ဟု သွေးကြီးချင်နေမိပြန်သည်။
သိမ်းဆည်းစဉ်ကာလက အချိန်ပေးခဲ့ရသလို နေအိမ်အသစ်မြို့ အသစ်မှာ ပြန်လည် နေရာချထားသည့်အခါမှာလည်း ကျွန်မ၏အိမ်မှာ နေရာအယူဆုံးနှင့် အချိန်အပေးရဆုံး က စာအုပ်တွေဖြစ်နေကြပြန်သည်။ နဂိုရှိနေပြီးသားစာအုပ်စင်ကလေးနှင့် ဘယ်လိုမှ မဆန့် တော့၍ စာအုပ်စင်အသစ်တစ်ခုထပ်ဝယ်ရပြန်သည်။ ထိုစင်နှင့်လည်းကောင်းစွာ မလုံလောက်ပြန်တော့ လာပြန်ချေဦးဟုနောက်တစ်စင်ရပြန်လေသည်။ ဤသို့ နှင့်ပင် ကျွန်မ၏နေအိမ်ဧည့်ခန်းမှာ စာအုပ်စင်သုံးခု ငွားငွားစွင့်စွင့်ကြီး တင့်နေကြတော့သည်။ ကျွန်မ၏စာအုပ်စင်များကိုကြည့်ရင်း ဖေဖေကအံသြကြီးစွာပင် “ ဒါကြောင့်လည်း ငါ့သမီးစာရေးဖြစ်ခဲ့တာတူပါရဲ့ ၊ ဖေဖေပြုစုပျိုးထောင်ပေးခဲ့ရကျိုးနပ်တယ်” ဟုမှတ်ချက်ပြုတော့ ပြုံးနေမိသည့်ကျွန်မ၏မျက်နှာပြင်က ခါတိုင်းလိုအမဲ့ စွက်ချင်ဟန် တစ်ဝက်ပြုံးတော့ကမည်မထင်။
ဖေဖေတစ်ဆက်တည်းပြောသေးသည်က “အိမ်တစ်အိမ်သွားလို့ စာအုပ်စင် ကလေးမှ မတွေ့ ရရင် သူတို့ အိမ်ဘယ်လောက်တောက်ပြောင်နေနေ အဆင့်ရှိတဲ့သူတွေ ၊စကား ပြောလို့ ဆိုလို့ ရတဲ့သူတွေလို့  ဖေဖေဖြင့်ဘယ်တော့မှမမှတ်ဘူး” ဆိုတာဖြစ်သည်။ ထိုသို့ ကြားမိတော့ ကျွန်မစည်းအပြင်ကလူလို တစ်နေ့ တစ်ခြား စကားပြောဖော် ရှားပါး လာခဲ့သည်က လူဦးရေသန်း၅၀ မှာ အုပ်ရေငါးရာဟူသည့် ပျမ်းမျှစာအုပ် ရောင်းချရမှု စာရင်းကြောင့်ပဲ ဖြစ်မယ်ဟုတွေးရင်း ဘာကိုမှန်းမသိဝမ်းနည်းလာမိသည်။
မည်သူ့ မှာတာဝန်ရှိသနည်းဟုရိုးမယ်ဖွဲ့ မနေချင်တော့ပဲ လူတွေစာအုပ်ဖတ်နိုင်စေရန် ကျွန်မတို့  မည်သို့ လုပ်ဆောင်ပေးကြရမှာပါလိမ့်ဟုတွေးမိတော့ စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦးတစ်ခါကရေးခဲ့သည့် စင်ကာပူနိုင်ငံက ရပ်ကွက်တိုင်းရှိပြီး လူကြီးများ အတွက်သာမက ကလေးများအတွက်ပါ အရွယ်အလိုက် ဖတ်ရှုဖြစ်စေရန် ပြည့်စုံလွန်း သည် ဆိုသော ရပ်ကွက်စာကြည့်တိုက်ကြီးဆိုသည်များကို ကိုယ်နှင့်မဆိုင်ပါပဲ ယောင်ယမ်းပြီးလိုချင်မိပြန်သည်။
ကျွန်မကတော့ စာအုပ်တွေတင်ထားသည့်စင်တွေကိုနှစ်သက်သဘောကျတာနဲ့ အမျှ ထိုစင်တွေပေါ်မှာ အနာဂတ်တို့ ရှိနေသည်ဟုထင်မိတတ်သေးသည်။ မှောင်မည်းနေ သော လောကဓံတိမ်တိုက်တို့ နှင့်ကျွန်မတိုးမိစဉ်၊ တွင်းနက်နက်တွေထဲမှာ တွင်းဆုံးကျ နေရစဉ်အချိန်ကာလတို့ ၌ ကျွန်မ၏ အနာဂတ်ကို ထိုစင်တို့ မှာ ပြန်လည်ရှာဖွေ ခဲ့ရသည်။ ဘယ်တော့မှလမ်းမပျောက်ခဲ့ရသည့်အတွက် “မိုးမိုးအင်းလျား၏ ပျောက်သောလမ်းမှာစမ်းတဝါး”ကိုကျေးဇူးတင်ခဲ့ရသည်။ လူ့ စိတ်လူ့ မနော နားလညf စေရန်အတွက် တက္ကသိုလ်ဘုန်းနိုင်ကို ဦးညွတ်ခဲ့ရသည်။ လူထု ဒေါ်အမာနှင့် ဆရာမကြီးဒေါ်ခင်မျိုးချစ်တို့ က ကျွန်မ၏သတင်းဗီဇအတွက် ရေခံမြေခံကောင်းများကို မြေတောင်မြှောက်ပေးခဲ့ကြသည်။ နူးညံ့သည့်နှလုံးသားတစ်ခုဖြင့် လောကကိုဖြေသိမ့် နိုင်စေရန် မြသန်းတင့်ဘာသာပြန်သည့် တဂိုး၏ကဗျာပေါင်းချုပ်က အားဖြည့်ပေးခဲ့ သည်။
ရတနာတိုင်းသည် ထုတ်ဖော်ဝတ်ဆင်ရန်မလို ရင်ထဲတွင်သာသိမ်းဆည်းအပ်၏။ ကျွန်မငိုရှိုက်စဉ်အတူရှိနေပေးခဲ့ကြသကဲ့သို့  လောကဆီမှထွက်ပြေးလိုသည့်အခါတိုင်း ပြေးဝင်ခိုလှုံရာအဖြစ်ရှိနေပေးခဲ့ကြသည့် ထိုစင်ကလေးပေါ်မှ ကျွန်မ၏အဖော်များကို ကျွန်မချစ်သည်။ ထိုအတူပဲ ကို့ ကိုလည်း ကျွန်မချစ်ပါသည်
#မေဇော်
19.2.2015
No comments:
Post a Comment