ခမ်းပတ် ခေါ် ရွှေပုတီးမြို့ဟောင်း
ပုခန်းမှာလေ ၊ လောင်းရှည်မှာ ဓား၊ ခမ်းပတ်မှာ နား
ရေနံတိုင်တစ်တိုင်ချင်းရယ်နှင့် လင်းပါ့မလား။
ဗန်းမော်ဆရာတော်၏ အထက်ပါအချီးကဗျာကလေး ကို မြန်မာစာလေ့လာသူတိုင်း ဖတ်မိကြလိမ့်မည်ဟု ထင်ပါသည်။ ပုခန်းမြို့စားဝန်ကြီးမှာ လေနာရောဂါရှိ ကြောင်း၊ လောင်းရှည်မြို့စားဝန်ကြီးမှာ မြင်းကွန်း၊ မြင်းခုန်တိုင်တို့ အရေးတွင် ဓားထိခဲ့ကြောင်း၊ ခမ်းပတ်မြို့စားဝန်ကြီးမှာ နားလေးကြောင်း၊ ရေနံချောင်းမြို့စားဝန်ကြီးတစ်ဦးသာ အနာရောဂါ ကင်းရှင်းကြောင်း စာချိုးထားခြင်းဖြစ်၏။ ယင်းကဗျာတွင် ပါသောခမ်းပတ်မှာ အိန္ဒိယ-မြန်မာနယ်စပ်ကဘော်ချိုင့် ဝှမ်းဒေသရှိ ရှေးမြို့ဟောင်းခမ်းပတ်ဖြစ်ပါသည်။ ခမ်းပတ်မြို့သည် ကုန်းဘောင်ခေတ်နှောင်းပိုင်းတွင် အထူးထင်ရှားလူသိများခဲ့သော မြို့ကြီးတစ်မြို့ဖြစ် လေသည်။ ခမ်းပတ်မြို့စားဝန်ကြီးများမှာ အထူးအာဏာရှိ လွှတ်တော်ဝန်ကြီးများဖြစ်ကြသည်က များလေသည်။ ကုန်းဘောင်ခေတ်နှောင်းပိုင်းတွင် ချင်းတွင်းကြောင်းခရိုင် တစ်ခုလုံးကို ခမ်းပတ်မြိ့စား ၀န်ကြီးက အုပ်ချုပ်ခဲ့သဖြင့် ခရိုင်မြို့ကြီးအဖြစ် သတ်မှတ်နိုင်ပါသည်။ သီပေါမင်းလက်ထက်တွင် သတ္တမချင်းတွင်းကြောင်းခရိုင်၌ ပါဝင်ကြသောနယ်များ မှာ ကနီနယ်၊ ကလေးနယ်၊ တမူးနယ်၊ ခမ်းပတ်နယ်၊ မိုင်းစိုင်း၊ မိုင်းညောင်းနယ်များဖြစ်ကြလေသည်။
ရွှေတိုက်စာရင်းဝင်ကွန်းတောင်းသူကြီးဟောင်းပုရပိုက်ပါ ခမ်းပတ်မြို့ ၁၁၂၆ ခု စစ်တမ်းအရ မဇ္ဈိမတိုင်း၊ ရာဇဂြိုလ်ပြည်ကို အစိုးရသော နာဂဒသမင်း၏သား ဇာလမီကရာဇာ၏ညီ ကစ္ဆနရာဇာက သာသနာတော်နှစ် ၉၂ ခုနှစ်တွင် ပန်ယုပန်ယမြို့ဟု သမုတ်၍ တည်ထောင်ခဲ့ပြန်သည်။ ထို့နောက် သီရိဓမ္မာသောကမင်းလက်ထက်တွင် ပန်ယုပန်စံဟုသမုတ်ပြီး စော်ဘွားကို ရွှေထီးတစ်စင်း၊ ထီးဝါလေးစင်း၊ စနယ်ကျောက်စီဆင်ပေါက်အထီး၊အမ တစ်စုံ စသည့် အဆောင်အယောင်များဖြင့် အုပ်ချုပ်စေ ခဲ့သည်။ ပုဂံသေလည်ကြောင်မင်းလက်ထက်တွင် စော်ဘွားအောင်ဟွန်က ဆင်ပေါက်တစ်စီး၊ ဖယောင်း အချိန်တစ်ထောင် ဆက်သသဖြင့် ရှေးထုံးစံအတိုင်း အဆောင် အယောင်များနှင့်အုပ်ချုပ်စေခဲ့သည်။ ခမ်းပတ်မြို့ဟုခေါ်တွင်ခဲ့ပုံကို -
``မင်းကြီးစွာစော်ကဲ၏သားတော် ပထမမင်းခေါင် လက်ထက် ခမ်းပတ်စော်ဘွားစွယ်မြိုင်လုံက တစ်နှစ်လျှင် မြင်းတစ်စီး၊ ရွှေပုတီးတစ်ကုံးဆက်သည် ကို အကြောင်းပြု၍ ရှမ်းဘာသာဖြင့် ရွှေကို ခမ်း၊ ပတ်ကို ပုတီး ခေါ်ဝေါ်သည် နှင့်အညီ မင်္ဂလာခမ်းပတ်မြို့ဟု သမုတ်သွင်ပါသည်´´ ဟု မှတ်တမ်းတင်ထားပါသည်။
မြန်မာလို ရွှေပုတီးမြို့ဟု တွင်ခဲ့သော ခမ်းပတ်မြို့ကို စော်ဘွားအဆက်ဆက်တို့ ရိုးရာအစဉ်အလာအရ အဆက်မပြတ်အုပ်ချုပ်ခဲ့လေသည်။ ခမ်းပတ်စော်ဘွားများသည် မြန်မာဘုရင်တို့ မဏိပူရသို့ စစ်ချီတိုင်း လိုက်ပါထမ်းရွက်ရသည်။ ခမ်းပတ်နယ်မြေ အပိုင်းအခြားကိုလည်း အောက်ပါအတိုင်းဖော်ပြထား သည်ကို တွေ့ရပေသည်-
`` ခမ်းပတ်စီရင်စုနယ်မြေသည် အရှေ့ကို ခရီးတစ် သောင်းကျော်ကွာ သလ္လာဝတီမြစ်ထိ၊ အရှေ့တောင်ကို ကျွန်းပင်ရပ်လျှို၊ ပလူစ၀ကူးတို့ဆိပ်တည်း။ တောင်ကို ပင်လုအင်ကြီးကုန်း ကုခွဲကုဝေထိ၊ အနောက်တောင် ကို သရဘီချင်း၊ ရိုးမတောင်ဆီ၊ အနောက်ကို တာ ၂ ထောင်ကျော်ကွာ၊ ရိုးမတောင်တန်း စကီချင်းတောင်၏ အနောက်မြောက်ကို ရိုးမတောင် ကောက်ကောက်စင်း စင်းကိုလျှောက်၍ နန်းတီးကျောင်းဟုခေါ်သည်။ ချောင်းမကြီးတစ်ဖက် ကော့ပလင်ချင်းတောင်ထိ၊ မဏိပူရမြေနှင့်အစပ်၊ မြောက်ကို ကျွန်းပင်လေးပင်၊ အရှေ့မြောက်ကို အလျဉ်းကျော်မော်ဥပုသ် တောင်သလ္လာဝတီမြစ်ထိ နယ်လေးရပ်ရှစ်ရပ်အတွင်း ရွာပေါင်း ၃၇ ရွာရှိပါသည်။ မြို့ရွာနယ်ပယ် အခွန်အ တုတ်များကို ရှေးလတ္တံ့ စော်ဘွားတို့ ဘွားစားသည့် ထုံးစံနှင့်အညီ ကောက်ခံစားယူ၍ တစ်နှစ်တစ်ကြိမ်ဖြင့် ရွှေဖလား၊ ဘဲရွှေစာပြင်နှင့် အမတ်တို့ကို စေလွှတ် ဆက်သရပါသည်။ ကျွန်တော်စော်ဘွားမှာ ၃ နှစ် နှစ်ကြိမ် ရွှေဖ၀ါးတော်အောက်တက်၍ ကန်တော့ ဆက်သရပါသည်´´
------------------- ဆက်ရန် -----------------
၂၀၀၆-ခုနှစ်၊စာပေဗိမ္မာန်စာမူဆု၊ သုတပဒေသာ(၀ိဇ္ဖာ)ဘာသာရပ်၊ တတိယဆုရ
အလံဦးကင်းဝ(သို့)အနောက်မြောက်တံခါးဝသမိုင်း၊ မောင်နွယ်သန်း(ပြန်/ဆက်)
#TMA
No comments:
Post a Comment