"ညံ့ချက်ကဖြင့်"
========
#မြင့်သန်း
မြို့ကို အထင်မကြီးပေသိ ကျုပ်တို့ကိုယ်တော်က ကြွမယ်ဆိုတော့လည်း သွားပေါ့။ မြို့ကလူတွေ ညံ့ချက် ကြည့်ရချည်သေးရဲ့လို့ပဲ သဘောထားပြီး ဘုန်းကြီးနောက် လိုက်ခဲ့တယ်။
အမှန်မှာတော့ ဗိုလ်ဥာဏ်အစီအမံပဲ။ တိုက်အုပ် ဗိုလ်ဥာဏ်ရယ်ပေါ့ဗျာ။ သူနဲ့ကျုပ်နဲ့က ကိုရင်စည်းဖက်ကိုး။ ကိုရင်စည်းဖက် ဆိုပေသိ သူက ကျုပ်ထက် လေးငါးနှစ် ကြီးတယ်။ ကျုပ်က ကိုရင်စည်းတယ် ဆိုပေမဲ့ ထွက်ချည်ဝင်ချည်မို့ သူနဲ့ ကိုရင်စီးဖက်လို့ ဆိုရတာ။ ခုတော့ စာသင်တိုက်ကြီးမှာ သူက တိုက်အုပ်ဖြစ်နေပြီ။ တစ်ခါတလေ သူ့ဘာသာ ကျောင်းတိုက်ကိစ္စ၊ ကိုယ်တော်တွေကိစ္စမရှိရင် ကျောင်းသားလွှတ်ပြီး ဘုန်းကြီးက ပြောစရာရှိလို့ လာခဲ့ဦးလို့ ခေါ်လေ့ရှိတယ်။ ဒီတော့လည်း ကျုပ်က သွားရတော့တာပေါ့။ ဘာရယ် မဟုတ်ပါဘူး၊ တောပြောတောင်ပြောပြောရင်း အကြမ်းသောက်။ တစ်ခါတစ်လေတော့လည်း သူဖတ်ရတာထဲက နားမရှင်းရင် ကျုပ်ကို မေးပေါ့လေဗျာ။ မေးဆိုတာက ဒီလို၊ ကျုပ်က အငယ်တန်း ဖြေမယ်လုပ်ရင်း ထွက်လာတာ။ သူ့လို အဲဒါတွေတော့ မတတ်ဘူး။ အတန်းစာက ခုနှစ်တန်းအထိလောက် နေဖူးတယ်။ ဒီတော့ ဒွက်ဒက် ရွှတ်ရှက် ကိစ္စကလေးတွေမှာ သူ့ထက် သာသဗျာ။ တမြန်နေ့ကြီးများဆီကတော့ ကျောင်းသား လွှတ် အခေါ်ခိုင်းလို့ သွားလိုက်တော့ ကျုပ်တို့ ကိုယ်တော်က သူ့အစီအမံ မိန့်တယ်။
ဟကောင် ... တို့ ရန်ကုန် သွားကြရအောင်တဲ့။
ဘာလုပ်ရအောင်လဲ ဆိုတော့ ဘုရားကြီးလည်း ဖူးရင်း ရောက်ဖူးတယ်လည်း ရှိအောင်ပေါ့ကွာတဲ့။
မှန်ရာပြောရရင်တော့ ကျုပ်က သိပ်သွားချင်လှတာ မဟုတ်ဘူး။ ဘုရားကြီး ဖူးချင်တာကတော့ ဟုတ်ပါရဲ့။ ရောက်ဖူးချင်တယ် ဆိုတာကတော့ သိပ် မနိပ်လှဘူး။ ဘာသွားလုပ်ရမှာတုန်း။ မြို့၊ မြို့ပေါ့ဗျာ၊ ဟိုစဉ်ခါကလည်း မုံရွာကို ကျုပ် သူနဲ့ လိုက်သွားဖူးတယ်။ သူ့ဆရာ ဘုန်းကြီး ပျံလွန်တော်မူတုန်းကပေါ့။ အပြန်တော့ မန္တလေးဝင်ပြီး ဘုရားစုံဖူး၊ မန္တလေးတောင်တက်ပေါ့။ မန္တလေးဆိုတာက မြို့၊ ကျုပ်တို့တောလို မဟုတ်ဘူး။ သို့ပေသိ ကျုပ်က ဘာသွားလုပ်ရမှာတုန်း၊ သူ့ဘာသာ မြို့ဖြစ်နေတော့ ကျုပ်တို့က အထင်ကြီးရမှာတဲ့လား။ ဒါ့ကြောင့် အခု ဗိုလ်ဥာဏ်က ရန်ကုန် အလည်သွားစို့ ဆိုတော့ ကျုပ်က သိပ် စိတ်ပါလှတာမဟုတ်ဘူး။
စပ်မိလို့ ကျုပ်ပြောပြမယ်။ မန္တလေးတောင်ကို ကျုပ်တို့နှစ်ဦးသား တက်ကြတုန်းက တစ်နေရာမှာ ရေးထားတာတစ်ခု တွေ့တယ်။ ဤနေရာတွင် အမှိုက် မပစ်ရတဲ့။ ကျုပ်က ဗိုလ်ဥာဏ်ကိုတောင် ပြလိုက်သေးတယ်။ ပြောလည်း ပြရသေးတယ်။ မြို့ကလူတွေ ညံ့တယ်ဆိုတာ အဲဒါသာကြည့်။ ဘယ့်နှယ့်ဗျာ၊ အမှိုက်ပစ်တာ ဟိုနေရာ မပစ်ရဘူး။ ဒီနေရာ မပစ်ရဘူးရယ်လို့။ အမှိုက်ပစ်တာကိုတောင် ဒီလောက် ရေးကြီးခွင်ကျယ် လုပ်နေရမှတော့ မြို့ကငနဲတွေမှာ ဘာမှ ကြီးကြီးကျယ်ကျယ် လုပ်စရာ ရှိပုံမပေါ်ဘူး။ ဒါကြောင့်လည်း ဟိုနားဒီနားက လ္ဘက်ရည်ဆိုင်ဆိုတာတွေမှာ လူစည်ကားနေတာပေါ့။ ကျုပ်တို့တောမှာ ကိုယ်ကိစ္စနဲ့ကိုယ် ဘယ်မှာ လ္ဘက်ရည်ဆိုင်က နေရာတကာမှာ မရှိဘူး။
ခက်တာက ကျုပ်တို့ကိုယ်တော်က ငယ်ဖြူ။ ဘာမှ လောကအကြောင်း သိလှတာ မဟုတ်ဘူး။ ကျုပ် အငယ်တန်း ဖြေမယ်လုပ်ကာနီးမှာ လူထွက်မယ်လုပ်တော့ သူက တားသေးတာ။ သံသရာက လွတ်ဖို့ ဘာဖို့ဆိုတာ လျှောက်ပြောနေသေးတယ်။ ဟိုတစ်လောဆီကတောင် အဲဒီအကြောင်းကလေး သတိရလို့ သူ့ကို လျှောက်ရသေးတယ်။ ကျုပ်က ဒီဖက်ဆီမှာနာမည်ကြီးတဲ့ မင်္ဂလာစိန်မဟာပုတင်ထဲက ဇာတ်မင်းသား စိန်ပုတင် အဟဲကလေးနဲ့ ပြောရသေးတယ်။ စိန်ပုတင်က သံသရာမှာ မှန်မပါလာခဲ့လို့ ကိုယ့်ကိုယ်ကိုယ်မမြင် လွတ်ထွက်ဖို့ စိတ်ကမ၀င်။ ဟောဒီက မင်းသမီးကလေးများကို ချစ်လို့သာနေချင်။ မင်းသမီးကလေးများရဲ့လင် စိန်ပုတင်လို့ ဆိုသကိုးဗျ။ ပြီးတော့မှ ပုဆိုးအနားစကို ခြေဖျားနဲ့ခတ်ပြီး ကတော့တာ။ မင်းသမီးကလေးတွေကလည်း ၀ိုင်းပြီး လက်ခုပ်တီးရင်း သံသရာကြီးထဲက ကျွတ်လွတ်မသွားစေချင် စိန်ပုတင်။ ကျွန်မတို့ရဲ့လင် ကိုပုတင်။ ကျွန်မတို့ရဲ့လင် ကိုပုတင် ဆိုပြီး သံပြိုင်လိုက်ကြတာကိုး။ ဘယ်လောက်သဘောကျဖို့ကောင်းသလဲ။
ဒီတော့ ကျုပ်က သူ့ကိုလျှောက်ရတယ်၊ တပည့်တော်ကတော့ စိန်ပုတင်ဆိုသလိုပဲ သံသရာထဲက မထွက်ချင်သေးဘူးဘုရား။ သံသရာထဲက ထွက်သွားရင်လည်း နေစရာရှိမှာ မဟုတ်ဘူး။ ဒီကိစ္စက ထွက်ပြီး ပြန်ဝင်လို့ရတာမှ မဟုတ်ဘဲကိုး။ ဘွားတေးခတ်လို့ ရတာမျိုး မဟုတ်ဘဲကိုး။ မတော် သံသရာဆိုတာအထဲက ကျွတ်ထွက် လွတ်ထွက်သွားပြီးကာမှ ပျင်းလှချည့်ဆို ဘယ်လိုလုပ်မှာတုန်း။
ဒီတော့ သူက ရယ်တယ်။ မင်းကွာ ... ခုထိ တွေးပုံခေါ်ပုံက အချိုးမပြေသေးဘူးတဲ့။ မပြေကာမှနေရော၊ ကျုပ်ကတော့ သူ့လို သံသရာကိုမကြောက်ဘူး။ ကြောက်ချင်းကြောက် နီးရာဓားကို ကြောက်ရတယ်ဆိုသလို ကျုပ်က အိမ်က ဒကာမကြီးကို ကြောက်တာ။ သံသရာမှာ ဖြစ်ချင်ရာဖြစ် လောလောဆယ်ဆယ် ကျုပ်ဘာသာ ကျိတ်လုပ်ထားတာတွေ အိမ်က ဒကာမကြီး မသိရင်တော်ပြီ။
စကားပြန်ဆက်ရရင်တော့ မြို့ကို အထင်မကြီးပေသိ ကျုပ်တို့ကိုယ်တော်က ကြွမယ်ဆိုတော့လည်း သွားပေါ့။ မြို့ကလူတွေညံ့ချက် ကြည့်ရချည်သေးရဲ့လို့ပဲ သဘောထားပြီး ဘုန်းကြီးနောက် လိုက်ခဲ့တယ်။ ရန်ကုန်ရောက်ကာနီးကာမှ ကျုပ်က မေးကြည့်ရသေးတယ်။ ရန်ကုန်မှာ ဘယ်သွားလို့ ဘယ်မှာနေကြမှာတုန်းလို့ ဘုရားစောင်းတန်းထဲသွားပြီး လှေခါးထစ် ခေါင်းအုံးအိပ်ရမယ့် ကိစ္စမျိုးတော့ ကျုပ်က မဖြစ်ချင်ဘူး။ ဒီတော့ကာမှ သူကပြောတယ်။ ငနှောင်းကြီးက ယောက္ခမ အမွေပေးတဲ့ ခြံကြီးထဲ ပြောင်းနေသတဲ့။ အဲဒီအထဲမှာ သူတို့နေတဲ့ အိမ်အပြင် အိမ်အလွတ်ကလေးကလည်းရှိတော့ အဲဒီမှာနေမယ်ဆိုပဲ။ ငနှောင်းကြီး ဒီကိုလာစဉ်က လျှောက်ဖူးသတဲ့။ သီတင်းဝါလကျွတ်လို့ ခြေခင်းလက်ခင်းသာတဲ့အခါ ကျုပ်ဆီ အလည်လာလှည့်။ ဆွမ်းကွမ်းကိစ္စ ဘာမျှမပူနဲ့၊ မကြောင့်ကြနဲ့လို့ မှာဖူးသတဲ့။ ဒီလိုတော့ဖြင့် အဟုတ်သားကလား။ ကျုပ်အဖို့တော့ မြို့တက်အနားယူတယ်ဆိုသလိုမျိုးပဲပေါ့။
သို့ပေသိ ကွမ်းခြံဘူတာကြီး ရောက်ကာမှ စိတ်ထဲ ကသိကအောက်ဖြစ်ရသေးတယ်။ တစ်ခြားတော့ မဟုတ်ဘူး၊ ငနှောင်းကြီးအိမ်ကလွှတ်လိုက်တဲ့ ကားကိုစောင့်နေရင်း ဘူတာရုံရှေ့ဘက်ဆီက ၀ါးကနဲ ၀ါးကနဲ အသံကြားရလို့ အနားဆီမှာတွေ့ရတဲ့ ဆိုက်ကားသမားကိုမေးလိုက်တော့ ဘောလုံးကန်နေကြတာတဲ့။ ဘောလုံးကွင်းကြီးတဲ့။ ဒီတော့ ကျုပ်ကလည်း ပြောလိုက်မိတယ်။ ဘောလုံးကန်တာများကွာ ရေးကြီးခွင်ကျယ်လုပ်ရတယ်လို့။ ဒီတော့ ဆိုက်ကားသမားက ကျုပ်ကို ပေစောင်းပေစောင်းလုပ်ကြည့်ရင်း ထွက်သွားတယ်။ ကျုပ်က သင်းကို ဘာဂရုစိုက်ရမှာတုန်း။ ရွာမှာ ကျုပ်လည်း လှည်းနဲ့နွားနဲ့ပဲ။ ဒါကိုဗျာ ကျုပ်တို့ကိုယ်တော်က အနားနားကပ်ပြီး ဟကောင် မင်းမသိဘဲလျှောက်ပြောမနေနဲ့။ မင်းကို တောသားမှန်း လူသိသွားပြီတဲ့။ ဘယ့်နှယ်ဗျာ။ ကျုပ်တို့ အတူတူလာတာ။ ပင်းချင်းပင်း ကျုပ်ဖက်က ပင်းရမှာ၊ ခုတော့ တို့ကိုယ်တော်တောင် ရန်ကုန်မြေ နင်းလိုက်တာနဲ့ မြို့သားတွေဖက် အလိုလိုနေရင်း ပါသွားကရော။
ပြန်မပြောတော့ဘူးလို့ဘဲ၊ သို့ပေသိ သိအောင်တော့ ပြောလိုက်ရသေးတယ်။ ဒီမှာကိုယ်တော် အရင် မန္တလေးသွားတုန်းကလည်း ကျုပ်ပြောဖူးတယ်။ မြို့က လူတွေဆိုတာက ခပ်ညံ့ညံ့တွေ။ သူတို့အတွက် အမှိုက်ပစ်တာလည်း အရေးကြီးတာပဲ။ အမှိုက်ပစ်တာပဲဗျာ ဗုံးကြဲတာ တတိယကမ္ဘာစစ်ကြီး ဖြစ်လောက်တာမျိုးမှ မဟုတ်ပဲ။ မီးသတိပြုတဲ့။ မီးပဲ ပူတယ် လောင်တယ် ကလေးများတောင် သိပါသကော။ ဒါကြောင့်ပဲ ကိုယ်တော်လေးများ တရားပြတဲ့အခါ လောဘမီး၊ ဒေါသမီးဆိုပြီး ပူတဲ့လောင်တဲ့သဘောကို ဥပမာပေးပြီး ပြကြရတာ။ မြို့ကလူတွေက ထူလွန်းတော့ စားရေးပြထားရပုံရတယ်။ ခုလည်းကြည့်၊ ဒီမှာ ကွင်းကြီးလုပ်ပြီး ဘောလုံးကန်သတဲ့။ သင်းတို့ ဘောလုံးကစားတယ်ဆိုတာက အငိုတွေ အဟဲတွေမှ မပါဘဲ။ ဘာလို့ပိုက်ဆံပေးကြည့်ရမှာတုန်း။ မင်္ဂလာစိန် မဟာပုတင်လို အဟဲကောင်း အချွဲကောင်းဆိုရင်တော့ ဟုတ်သပေါ့။ သိပ်ကြည့်ချင်လည်းဗျာ ကျုပ်တို့ဆီမှာလို့ ရုံဖွင့်ချိန်အထိ စောင့်ပေါ့။ ထရံကလေး ဘာလေး ခွာကြည့်ပေါ့။ ဘယ့်နှယ် ပိုက်ဆံပေးကြည့်ရမှာတုန်း၊ တခုရှိတာက သင်းတို့ မြို့ကငနဲတွေမှာ ဘာလုပ်စရာမှ အရေးပါတာမရှိကြဘူး။ လုပ်စရာမရှိလို့ ပျင်းနေကြရင်လည်း ကျုပ်တို့ တောမှာလို သစ်ပင်မြစ် ခေါင်းအုံးပြီး ကောင်းကင်ကြီးကြည့်ပြီး ငိုက်ပါလား။ လွယ်လွယ်ငိုက်မရရင် မျက်စေ့အသာမှိတ်ပြီး တစ်ကနေ တစ်ရာအထိရေ။ တစ်ရာရောက်လို့မှ မငိုက်လောက်သေးရင် တစ်ရာကနေ တစ်ကအထိပြန်ရေ။ မငိုက်နိုင်လို့ အိပ်မပျော်ရင် ဒန်ချွဲရွက်ကလေးများပြုတ်ပြီး မိုးကျလ္ဘက်သုတ်စား။ ထားတော့ ဒါက တစ်ခြားကိစ္စ။
ဘောလုံးဆိုတာက ကျုပ်တို့ ခြင်းလုံးများလို ပညာပါလှတယ်လို့ ကျုပ်ကတော့ မထင်ဘူး။ ကျုပ်တို့ဘက်ဆီက မြို့ပိုင်ကြီးက လွတ်လပ်ရေးနေ့မှာ ဘောလုံးကန်ပြိုင်ပွဲ လုပ်ပေးဖူးတယ်။ ကျုပ်ကတော့ မကောင်းတတ်လို့ ပွဲတစ်ဝက်လောက် ထိုင်ကြည့်တယ်။ မြို့ပိုင်ကြီးနဲ့က မျက်မှန်းတန်းမိနေလို့။ နောက်တစ်ဝက်ဆက်ပြီး မကြည့်တော့ဘဲ ထလာတော့ မြို့ပိုင်ကြီးက လှမ်းမေးသေးတယ်။ ဟေ့လူ ခင်ဗျားက ဘယ်တုန်းတဲ့။ ကျုပ်ကလည်း တည့်တည့်ပဲပြောလိုက်တော့တယ်၊ မြို့ပိုင်ကြီးဟာက ကျုပ်တို့ ခြင်းလုံးလောက် ပညာမပါလှဘူးလို့ပြောတော့ သူက ခင်ဗျားကတော့ ပြောရော့မယ်လို့ ပြန်ပြောတယ်။ ဒီတော့လည်း ကျုပ်က မနေနိုင်တော့ဘူး။ မြို့ပိုင်ကြီးရာ မိုးပျံအောင် ဘောလုံးကန် ကောင်းတယ်ဆိုတဲ့ ငနဲနဲ့များ တွေ့ရင် ညွန့်တစ်လုံးဖြစ်ဖြစ် စလွယ်တစ်လုံးဖြစ်ဖြစ် ဖြောင့်ဖြောင့်ပြန်တက်လာအောင် ရိုက်ခိုင်းကြည့်စမ်းပါ။ ဒီတော့ကာမှ ကျုပ်တို့ခြင်းလုံးက ဘယ်လောက်ပညာပါတယ် ဆိုတာ မြင်မယ်လို့ပြောပြီး ထွက်လာခဲ့တယ်။ သူက ဘာမှ ထပ်မပြောတော့ဘူး။ ရယ်နေတယ်။
နေဦး ... ကွမ်းခြံဘူတာကြီးက ထွက်လာတဲ့အကြောင်း ဆက်ရဦးမယ်။ ကျုပ်တို့ကိုယ်တော်နဲ့ ကျုပ်လည်း ငနှောင်းကြီးက အကြိုလွှတ်လိုက်တဲ့ကားနဲ့ လိုက်လာတော့ ကားမောင်းတဲ့ သူငယ်က မြို့ထဲဘက်မောင်းပြတယ်။ ရုပ်ရှင်ရုံတွေဆို တန်းစီနေတာပဲ။ ဒီတော့လည်း ကျုပ်က တိုက်အုပ်ကို ပြောရသေးတယ်။ မြင်တယ်မဟုတ်လား ကိုယ်တော်၊ မြို့ကလူတွေက လုပ်စရာမရှိလို့ အချိန်တွေပိုနေကြတာ။ ရုပ်ရှင်ရုံတွေများတာသာကြည့်။ ကျုပ်တို့ဆီမှာလို သုံးလတစ်ခေါက်လောက် နယ်လှည့်ရုပ်ရှင်ကားလာမှ ကြည့်ကြတာမျိုးမဟုတ်ဘူးလို့။ အပျော်အပါးအတွက် အချိန်ကုန်မခံနိုင်ဘူးလို့။ တောကလူအတွက်တော့ ပျော်တာနဲ့ပျင်းတာအကြားမှာ သိပ်ထူးခြားမှုမရှိဘဲ။ ဘုန်းကြီးကတော့ ဘာမှပြန်ပြောဘူး။ ကားမောင်းတဲ့သူငယ်က ဒီမှာ တောလိုမဟုတ်ဘူး၊ တောမှာလို လာပြတာကိုပဲ ကြည့်တာမျိုးမဟုတ်ဘူး။ ကြိုက်တာ ရွေးကြည့်နိုင်တယ်တဲ့။ မြန်မာရုပ်ရှင်မှ မဟုတ်ဘူး။ ကုလားရုပ်ရှင်၊ တရုတ်ရုပ်ရှင်၊ အင်္ဂလိပ်ရုပ်ရှင်တွေလည်း ရှိသတဲ့။ ဒီတော့လည်း ကျုပ်က ပြောလိုက်မိတယ် နားမလည် ပါးမလည်နဲ့ ကြည့်ပြီးတော့ ကောင်းလှချည့်ရဲ့လုပ်တာ လွယ်သကွယ့် ငါ့လူရယ်။ ဘုန်းကြီးများ သီလပေးအပြီး ၀ိုင်းပြီး ဘုမသိဘမသိနဲ့ အာမဘန္တေပါဘုရားလို့ ၀ိုင်းရွတ်သလိုနေမှာပဲလို့ ပြောတော့ သင်းက သိပ်သဘောပေါက်ပုံမပေါ်ဘူး။ ဒါနဲ့ပဲ ကျုပ်ကလည်း သင်း ဥာဏ် ဘယ်လောက်သွားသလဲ သိချင်တာနဲ့ ထန်းပင်မြစ်ဆိုတာ ဘာများလဲလို့ မင်းထင်သလဲလို့ မေးလိုက်ယ်။ သူက ကားမောင်းနေရာက ရယ်ရင်း ထန်းပင်မြစ်ဆိုတော့ ထန်းပင်မြစ်ပေါ့ဗျာ။ ခင်ဗျားပြောတဲ့အထဲ ပါပြီးသားပဲတဲ့။ ကျုပ်အဖို့ ဘာမှ ဆက်ပြောစရာ မရှိတော့ဘူး။ ထန်းပင်မြစ်ဟာ ထန်းပင်မြစ်ပဲလို့ သိထားကတည်းကိုက သင်းအဖို့ ကားပဲမောင်းလို့တတ်မယ်။ နွားလှည်းမောင်းလို့ ဖြစ်လောက်မယ့် ငနဲမဟုတ်ဘူးဆိုတာ ကျုပ်သိလိုက်တယ်။ ကားဆိုတာက စက်ကိုး။ နွားများလို အသက်ရှိတာ မဟုတ်ဘူး။ အသက်မရှိတဲ့စက်ကို ခိုင်းရတာ လွယ်သပေါ့ဗျာ။ အသက်ရှိတဲ့နွားနဲ့ အသက်မရှိတဲ့လှည်းဆိုတာနှစ်ခုကို ပေါင်းထားတဲ့ နွားလှည်းဆိုတာကို ခိုင်းရတာလို ဘယ်မှာ ခက်လိမ့်မှာတုန်း။ ကျုပ်လည်း ဆက်မပြောတော့ဘူး။ အတော်ကလေးကြာကာမှ သင်းက ခင်ဗျား ရုပ်ရှင်ကြည့်မလား။ ကြည့်မယ်ဆိုရင် ဆရာကြီးကိုပြောပြီး ကျုပ်လိုက်ပြမယ်လို့ ပြောတယ်။ ပြတော့လည်း ကြည့်ရတာပေါ့ကွာလို့ ကျုပ်ကပြောလိုက်တယ်။ ကြည့်ချင်လှလို့တော့ မဟုတ်ဘူး။ ကျုပ်တို့အရပ်ဆီမှာ လူလိမ္မာ၊ လူယဉ်ကျေးတို့ မငြင်းဆိုအပ်တဲ့ ကိစ္စသုံးရပ်ရှိတယ်။ ကွမ်းတည် ၀ါး၊ နွားပေး မွေး၊ ဓားပြတိုက် ပြေးလို့ ဆိုတာရှိတယ်။ ဒီလို သဘောဆောင်တာကလေးနဲ့ တွေးပြီးကြည့်ရင် သူက ရုပ်ရှင်လိုက်ပြမယ် ဆိုကာမှတော့ ကိုယ်က ကြည့်ရပေဦးမှာပေါ့။ ဒါမှလည်း သူ့ဒါန မြောက်မှာ မဟုတ်လား။
ညနေတိုင်ရောက်လို့ ညစာစားပြီးတော့ ငနှောင်းကြီးကပဲ မင်း ရုပ်ရှင်သွားကြည့်တော့လေကွာ။ အင်္ဂလိပ်ကား သွားကြည့်ကွာ။ အဖြူမတွေ ကြည့်ရတာပေါ့လို့ ပြောတယ်။ အဲဒါနဲ့ပဲ ကျုပ်လည်း ကားမောင်းတဲ့ သူငယ်နဲ့ ခြောက်နာရီခွဲပွဲဆိုတာ သွားကြည့်တယ်။ ကျုပ်ကတော့ အကြောင်းမဟုတ်ဘူး။ ပြည်ဆရာကြီး ဦးဘေစာအုပ် ဖတ်ဖူးတယ်။ ဖျာပေါ်မှာ ကြောင်ထိုင်နေတယ်ဆိုရင် အင်္ဂလိပ်လို ကက်ထအစ်စစ်ထ အွန်သည် မက်ထ ဆိုတာကောင်းကောင်းသိတယ်။ သင်းကတော့ မြို့မှာနေပေသိ ဘာမှ သိပ်သိပုံမပေါ်ဘူး။ အရုပ်မြင်ရင် မှန်းတွေးကြည့်လို့ ရတာပေါ့။ ခုဟာက ဘိုမပေါင်ဖြူဖြူလေးတွေ မြင်ရမှာလို့ သူက ပြန်ပြောတယ်။ ကျုပ်အဖို့ကတော့ ဘိုမရယ်၊ မြန်မာမရယ် သိပ်မထူးလှဘူး။ ကျုပ်တို့အရပ်ထဲမှာ မြတင်ကြီးတစ်ယောက် ရိုးရာတင်သလိုနေမှာ။ အကြော်တွေ၊ ကောက်ညှင်းပေါင်းတွေ အစုံနဲ့တင်တော့ ကျုပ်က မေးကြည့်ဖူးတယ်။ မေးကြည့်ရတာကလဲ ပွဲတင်တာစွန့်တော့ ကျုပ်တို့ကို အကြမ်းဝိုင်း တည်တာကိုး။ ဒီတော့ မြတင်ရယ် နင့်နတ်က ဘာမှလည်း စားသွားပုံမရပါလား။ အကြော်တွေ ကောက်ညှင်းတွေ ဒီအတိုင်းပါပဲလားဆိုတော့ သင်းက ဘာပြောတယ်မှတ်သလဲ။ နတ်တို့ သိကြားတို့ဆိုတာ အခိုးအငွေ့ကလေးလောက်ပဲ စားတာဆိုပဲ။ ဒီတော့လည်း ကျုပ်ကတော့ လူဖြစ်နေရတာ ကျေးဇူးတောင် တင်လိုက်မိသေးတယ်။ တကယ်စားရလို့။ ခုဟာလည်း အဲဒီလိုပဲ။ ဘိုမပေါင်ဖြူဖြူမြင်ရတာ မြင်ရတာပဲ ရှိမှာပဲ။ အခိုးအငွေ့စားရသလိုနေမှာ။
ကျုပ်ကတော့ ကားမောင်းတဲ့ သူငယ်ကို အကျယ်ရှင်းပြမနေတော့ဘူး။ ရှင်းပြလည်း သင်းက ဒီလောက် ဥာဏ်သွားမယ် မထင်ဘူး။ သို့ပေသိ သူက ကျုပ်ကို နှစ်ပေါက်တစ်ပေါက်ရိုက်ချင်ပုံရတယ်။ လက်မှတ်ဝယ်ပြီး ရုပ်ရှင်ရုံထဲဝင်တော့ ကျုပ်ကို အပေါ်ထပ်ကို ခေါ်သွားတယ်။ ကျုပ်တို့ ထိုင်ခုံဆီရောက်တော့ ပိတ်ကားနဲ့ အဝေးကြီးရယ်။ ဒီတော့ ကျုပ်က ပြောရတယ်။ ဒီမယ့် ငါ့လူရယ် ကြည့်ရင်းကြည့် ရှေ့ဆုံးတန်းက ကြည့်စမ်းပါရစေ။ တစ်မူးတစ်မတ်ပိုတာ ငါစိုက်ပါ့မယ်လို့ဆိုတော့ ဒီဟာက အထူးတန်းလို့ ခေါ်တယ်။ သုံးကျပ်ခွဲတောင် ပေးရတာ။ ဆရာနှောင်းကြီးက အထူးတန်းက ပြလို့ မှာပြီး ပိုက်ဆံပေးလိုက်တယ်။ ဟိုရှေ့နားကဟာက သုံးမတ်တန်းရယ်။ ငမွဲတွေကြည့်လို့ သူက ပြန်ဖြေတယ်။ ကျုပ်ကတော့ ဟုတ် ဟုတ်မယ် မထင်ဘူး။ ဘယ်နှယ့်ဗျာ။ ပိုက်ဆံအများကြီးပေးပြီးကာမှ နောက်နားဆီက ကြည့်ရတယ်လို့။ သူပြောတာက အဟုတ်ပဲဆိုရင်တော့လည်း မြို့ကလူတွေက ခပ်ထူထူရယ်လို့ပဲ ပြောရပေဦးမှာပဲ။
မယုံမရှိနဲ့ဗျ။ မြို့ကလူများက ခပ်ထူထူရယ်။ ကျုပ်တို့ ဆရာနှောင်းကြီးခြံထဲဆီ နေကြတော့ တစ်နေ့ နေ့ခင်းဖက် ဆရာနှောင်းကြီးနဲ့ သူ့မိတ်ဆွေ နှစ်ယောက်သုံးယောက် သစ်ပင်ရိပ်အောက်ဆီမှာထိုင်ရင်း စကားဝိုင်းဖွဲ့နေတာနဲ့ တိုးတယ်။ ပြောနေကြတာကတော့ဖြင့် ကြီးကြီးကျယ်ကျယ်ပဲ။ အမှန်တရားအကြောင်းဆိုပဲ။ ငနှောင်းကြီးက ကိုယ်တော်တို့ လာထိုင်ကြဦးလေဗျာဆိုတာနဲ့ တိုက်အုပ်နဲ့ကျုပ်လည်း သူတို့အနားဆီထိုင်ရင်း နားထောင်နေမိကြတယ်။ တစ်ခါတလေတော့ မဟုတ်ဘူးလား ကိုယ်တော်လို့ တစ်ယောက်က စကားခေါ်ရင် ကျုပ်တို့ ကိုယ်တော်ကတော့ အင်းလိုလို၊ အဲလိုလိုလုပ်ပြီး ဖြေလေ့ရှိတယ်။ ကျုပ်ကတော့ သိပ်ဘ၀င်မကျဘူး။ သို့ပေသိ သူတို့ဝိုင်းဖွဲ့ပြောနေကြတဲ့သူတွေက ကောလိပ်ကျောင်းက ပညာရှိ၊ ပညာတတ်တွေမို့ ကျုပ်လည်း အသာနေနေလိုက်တယ်။ တကယ်တမ်းမှာတော့ မြို့မှာနေရင်း သင်းတို့က အမှန်တရားအကြောင်း ဘာသိကြမှာမို့လဲ။ မြို့ကလူတွေက ဟန်နဲ့ပန်နဲ့နေကြတာ။ ငနှောင်းကြီးပဲကြည့် ကျုပ်တို့ဆီမှာတော့ သင်းက ငနှောင်းပဲ။ သူ့ဘာသာ ဘာကြီးဖြစ်နေ ဖြစ်နေ၊ မြို့မှာတော့ သူက ဒေါက်တာနှောင်းဆိုပဲ၊ သူ့ဘာသာဒေါက်တာဖြစ်ဖြစ် ဒေါက်တိုဖြစ်ဖြစ် ငနှောင်းပဲဖြစ်ရမှာပေါ့။ အမှန်တရားဆိုတာက ဟန်ဆောင်ထားတာတွေကို ပြောတာမှ မဟုတ်ဘဲ။ ဟန်ဆောင်တယ် ဆိုကတည်းက အမှန်တရားနဲ့ ဝေးသပေါ့ဗျာ။ ကျုပ်တို့တောမှာလည်း ဟန်မဆောင်ကြဘူးလို့ မပြောပါဘူး။ မြို့လို မများဘူး။ ဘယ်သူကမှလည်း ကိုယ်နဲ့မဆိုင်တာကို ရေးကြီးခွင်ကျယ်လုပ် ပြောမနေဘူး။ အလှူရှိရင် သွားတယ်။ ဆဲစရာရှိရင် ဆဲပစ်လိုက်ကြတယ်။ ပျင်းရင်တာ လမ်းထိပ်သွားပြီး ဒေါ့ဂျစ်ခေါင်းတို ခေါင်းရှည်လောင်းတယ်။ ဘယ်သူကမှ အမှန်တရားတို့၊ သစ္စာတရားတို့အကြောင်း အချိန်ကုန်ခံပြောမနေကြဘူး။ ကျုပ်ပြောသလိုပေါ့။ မြို့ကလူတွေမှာ အချိန်တွေကအပိုကြီး။ ကျုပ်တို့မှာ အလုပ်တစ်ခုလို သဘောထားလိုက်ကြတော့ သင်းတို့လို မတော်မလျော်တွေ တွေးဖို့၊ ပြောဖို့၊ လ္ဘက်ရည်ဆိုင်သွားထိုင်ဖို့ မလိုတော့ဘူး။
ကျုပ်တို့ ဘုရားကြီး ဖူးရုံမကဘူး။ ဘုရားစုံတောင် ရောက်တယ်။ ငနှောင်းကြီးကိုပဲ ကျေးဇူးတင်ရပေဦးမယ်။ ကျေးဇူးတင်ရတယ်ဆိုလို့ သေသေချာချာကြီး ကျေးဇူးတင်စရာကတော့ ရှိနေသေးတယ်။ တစ်ခြားတော့ မဟုတ်ဘူး။ မြို့ရောက်ရင်ဖြင့် ကင်းဗတ်ဖိနပ်အဖြူကလေးတစ်ရံ ၀ယ်ဦးမယ်လို့ တေးထားတာကလေး အထမြောက်သွားပေလို့ပဲ။ ဒီလို၊ ဟိုနှစ်တွေဆီက ကျုပ် ကြံခင်းဖက်ရောက်တော့ ကျုပ်မိတ်ဆွေကြီး လူက ကျစ်ကျစ်မာမာပဲ။ ညနေတိုင်းတော့ ဘာဘူဘုရား နောက်ဖက်နားဆီမှာ ခြင်းခတ်လေ့ရှိတယ်။ တစ်နေ့တော့ ကျုပ်လည်း သူတို့ဝိုင်းထဲဝင်ပြီး နှစ်ဝိုင်းလည်၊ သုံးဝိုင်းလည်လောက်တော့ ၀င်ခတ်တယ်။ ကိုမောင်ခန့်ကတော့ လူငယ်တွေလိုကို ခတ်နိုင်တာ။ တည့်ဖနောင့်များ ရိုက်တင်လိုက်ရင် ခြင်းလုံးက ရာမလက်ကထွက်လာတဲ့ မြားတံများလို ရူးကနဲ တန်းထွက်လာတာ။ တည့်တည့်ကြီး ထောင်နေတာ။ ကျုပ်က သူ့ကိုသတိထားကြည့်လိုက်တော့ သူက ဖိနပ်ဖြူကလေးဝတ်ပြီး ခြင်းခတ်လေ့ရှိတယ်။ ကျုပ်ကမေးကြည့်တော့ ရန်ကုန်ရောက်တုန်းက ဘာတာဆိုတဲ့ဆိုင်က ၀ယ်တာတဲ့။ ကျုပ်လည်း အဲဒါကလေး လိုချင်နေတာ။ ငနှောင်းကြီးကားမောင်းတဲ့ သူငယ်ကို ပြောပြတော့ ဘုရားကြီးဖူးပြီး အပြန်မှာ သူကလိုက်ပို့လို့ ကျုပ်လည်း တစ်ရံဝယ်လာခဲ့တယ်။ တစ်ရံငါးကျပ်ခွဲဆိုတာနဲ့ ကျုပ်လည်း နှစ်ရံတောင် စွန့်ပြီး ၀ယ်လိုက်သဗျာ။ ရန်ကုန်ဆိုတာက ရွာတောင်က ထန်းတဲလို နေ့စဉ်ရောက်တာမှ မဟုတ်ဘဲ။
အဲ့ အဲဒါကလေးကလည်း ပြောစရာကလေးတစ်ခု ဖြစ်လာတယ်။ တစ်ခြားအကြောင်းတော့ မဟုတ်ဘူး။ ခုနကတင် ကျုပ်ပြောတဲ့ မြို့ကလူတွေများ ထန်းပင်မြစ်ကို ထန်းပင်က အမြစ်လို့ပဲ နားလည်တဲ့ ကိစ္စ။ ထူကြတဲ့ ကိစ္စ။ ဒီတော့ ကင်းဘတ်ဖိနပ်ကိုလည်း ကင်းဘတ်ဖိနပ်လို့ပဲ သဘောထားကြတော့တာပေါ့။ ကျုပ်ကတော့ အဲဒီလိုမမြင်ဘူး။ ဂုဏ်ယူစရာတစ်ခုလို့ မြင်တယ်။ ကင်းဘတ်ဖိနပ်ကို ခြေထောက်မှာသာ ၀တ်ထားရင် ဘယ်သူကမှ ဂရုစိုက်မှာ မဟုတ်ဘူး။ ကြွားချင်လှတယ်လို့တော့ မဟုတ်ဘူးဗျာ။ ငါးကျပ်ခွဲကြီးများတောင် ပေးထားရတာဆိုတော့လည်း လူမြင်သူမြင်က ရှိစေချင်သေးတာပေါ့။ ကျုပ်လည်း အပြန်လမ်းမှာ မော်တော်ဆိပ်က ဆင်းတယ်ဆိုကလည်းက ကင်းဘတ်ဖိနပ်အဖြူကလေးကို ဖိနပ်ကြိုးနှစ်ချောင်း ပူးချည်လိုက်ပြီး ဂုတ်ပေါ်တင်ထားလိုက်တယ်။ ကျုပ်လည်ပင်းဘေးတစ်ဖက် တစ်ချက်မှာဆို ကင်းဘတ်ဖိနပ်အဖြူကလေးက ဘယ်တစ်ဖက်၊ ညာတစ်ဖက် တော်ရုံအနားကလူများတော့ မပြောလေနဲ့။ ခပ်လှမ်းလှမ်းက လူတွေကတောင် ထင်းကနဲ့ မြင်ကြတယ်။
တံတားထိပ်ကားဆိပ်ရောက်တော့တောင် ဘုန်းကြီးကို ပင်မှည့်ကပ်ရင်း အာစိန်ကြီးက ထွက်လာပြီး ငါ့လူ မြို့သားဖြစ်လာပါပကောလို့ ပြောသေးတာ။ ဒီတော့ ပြောရသေးတယ်။ ထောင်ကဲကြီးရာ ကျုပ်က မြို့သားမဟုတ်ပါဘူး။ မြို့ကပြန်လာတဲ့ တောသားပါ။ ကျုပ်က မြို့သားမဖြစ်ချင်ဘူး။ ပြောပြီးပါပကော။ မြို့သားဆိုတာတွေက ခပ်ထူထူ ခပ်ညံ့ညံ့တွေကွ ထောင်ကဲကြီးရဲ့။ မြို့သားဆိုတာက ဖိနပ်ကို ဖိနပ်လောက်ပဲ သဘောထားပြီး ခြေထောက်မှာ စီးပစ်တာ။ ကျုပ်လို လည်ဂုတ်မှာ အသာချိတ်ပြီး တန်ဖိုးရှိအောင် လုပ်တတ်တာမဟုတ်ဘူးလို့ အာ့စိန်ကြီးကို ပြောလိုက်တော့ သူ့ခမျာ ဘာမှ ပြန်မပြောနိုင်ဘူး။ ခေါင်းတခါခါ ဖြစ်သွားရရှာတယ်။
ဒါတင် ဘာဟုတ်ဦးမလဲ။ ရွာဖက်ကိုပြန်ဖို့ ထွန်းအောင်ကားကြုံစောင့်နေရင်း ကျုပ်က မြို့က၀ယ်လာတဲ့ ဘလိုက်ကတ်စီးကရက်ကလေး ထုတ်ဖွာနေတုန်း ဘုရားဖူးပြန်လာကြတဲ့ ဟိုဖက်တဲဆီမှာ ကောင်မတစ်သိုက်နဲ့ တိုးသေးတယ်။ ဒီတော့ ကျုပ်ကိုကြည့်ပြီး ဟယ် ဖိနပ်ကြီး လည်ပင်းချိတ်လို့တော့လို့ တစ်ယောက်ကပြောတယ်။ မြင်သမို့လား။ ကျုပ်ကို ဂရုမစိုက်ဘဲ မနေနိုင်ဘူး။ ပြုံးလည်းပြကြတယ်။ တစ်ယောက်ကများဆိုရင် ရန်ကုန်ကပြန်လာတယ် ထင်ပါ့လို့တောင် မေးယူရတာ။ ကျုပ်ကလည်း သမာဓိပြုံးကလေး ပြုံးပြရင်း ဟုတ်တာပေါ့။ ဒါ မြို့က၀ယ်လာတဲ့ဖိနပ်။ ကင်းဘတ်ဖိနပ်လို့ ခေါ်တယ်ဆိုပြီး အထိုက်အလျောက် ရှင်းပြရသေးတယ်။ အထိုက်အလျောက်ဆိုတာက ဒီဟာမတွေက မြို့အကြောင်း၊ ကင်းဘတ်ဖိနပ်အကြောင်း ဘာသိတာမှတ်လို့။ အရှည်အကျယ်ရှင်းပြနေဖို့ အချိန်မရှိသေးဘူး။ နောင်ကာမှ ကျောင်းတိုက်ကြီးက အလှူပွဲတွေ ဘာတွေကြုံကာမှ အရှည်အကျယ်ရှင်းပြရဦးမယ်။ မဟုတ်ရင် အလကားပဲတင်း မြို့သားဆိုတာတွေကို သင်းတို့က အထင်ကြီးနေဦးမှာ။ မြို့သားဆိုတာက ထန်းပင်မြစ်ကို ထန်းပင်မြစ်လို့ပဲ သိတာ။ ဖိနပ်ဆို ခြေထောက်မှာ စီးရတယ်လို့ပဲ သိတာ။ အမှိုက်ကို ဘယ်နားမှာ ပစ်ရတယ်။ ဘယ်နားမှာ မပစ်ရဘူး ဆိုတာလေးကိုပဲ ရေးကြီးခွင်ကျယ် လုပ်နေကြတဲ့ လူတွေ၊ သင်းတို့များ ညံ့ချက်ကဖြင့် ပြောမဆုံးပေါင် တောသုံးထောင်ဆိုသလိုပဲ မဟုတ်လား။ သင်းတို့ ညံ့ချက်ကဖြင့်………။
မြင့်သန်း
Credit to သောကြာကြိုက်သောစာစုများမှ
No comments:
Post a Comment