Jan 5, 2019

စုဘူးခွဲတဲ့နေ့

ပါဝါ ၅၄ကို အမွေကိစ္စ မကျေနပ်ဘူးဆိုလို့ ရေးခဲ့တဲ့ဝတ္ထု

သည်ကနေ့ သူတို့စုဘူးခွဲမယ့်နေ့ပဲ။

(၁)

သူတို့ဆိုတာ ဇောက်ထိုး၊ ကျောက်ဒိုး၊ ကောက်ရိုး၊ ဗြောက် အိုးနဲ့ နောက်တိုးတို့ကို ပြောတာ ပါ။ ဇောက်ထိုးတို့၊ ကျောက်ဒိုး တို့ဆိုတာ နာမည်ရင်းတွေ မဟုတ်ဘူး။ သူတို့အကြောင်းကို ကျွန် တော်က ၀တ္ထုကောင်းတစ်ပုဒ်လို ပြောပြ ...အဲ ရေးပြချင်တာ။ ခက် တာက ကျွန်တော်ဝတ္ထုဘယ်လို ရေးရမှန်းမသိဘူး။ ကဗျာတွေ တော့ ရေးတယ်နော်။ သည်ခေတ် မှာ အန်းဒရွိုက် လက်ကိုင်ဖုန်းလေး တစ်လုံးရှိ၊ ဘီလ်လည်း ရှိလို့က တော့ ရေးပါလေ့ အွန်လိုင်းကဗျာ တွေ။ ဖေ့စ်ဘွတ်ခ်သူငယ်ချင်း တွေကတော့ ဖတ်၊ မဖတ်တော့ မသိဘူး။ လိုက်ခ်ပေးတာပဲ။ တချို့ ကျတော့ ‘မိုက်တယ်သားရီး’တို့၊ ‘လန်းတယ် ကိုရီး’တို့ မန့်တော့ တာ။

ဇောက်ထိုးတို့အကြောင်း ကို ၀တ္ထုရေးဖို့ အကြိမ်ကြိမ်စဉ်း စားကြည့်ဖူးတယ်။ ဆရာတွေ ပြောတဲ့ ၀တ္ထုတိုသီအိုရီတွေလို ၀တ္ထုကိုဆက်တင်နဲ့ ဖွင့်ရမယ်တို့၊ ဇာတ်ကောင်တွေ အသက်ဝင် အောင် ပြပါတို့၊ စာရေးသူက ဘယ်နေရာက နေမှာလဲတို့၊ ဇာတ်ကောင်တွေနဲ့ လိုက်ဖက်တဲ့ စကားကိုသာ ပြောပေးပါတို့၊ မပြောနဲ့ ပြပါတို့ဆိုတာကို ကျွန်တော်က ဘယ်လိုရေးရမှန်းကို မသိတာ။ ဆရာကြီးမောင်သာရ ပြော သလို ရေးတတ်ရင် ၀တ္ထုဖြစ်တယ် က မရေးတတ်တဲ့ ကျွန်တော့်အဖို့ ၀တ္ထု မဖြစ်တော့ဘူးပေါ့။

ဝတ္ထုလို့ မသတ်မှတ်ချင် လည်း နေတော့။ ပြောတတ်သ လို ပြော အဲ .. ရေးကြည့်မယ်လေ။ သြော် ... ကိုယ့်ကိုယ်ကိုယ် မိတ် ဆက်ပါဦးမယ်။ ကျွန်တော်က ရူပဗေဒဘွဲ့၊ ဂျီတီအိုင်ကျောင်း ပြီးထားပေမယ့် ဟိုက်ဂျက်ကား လေး တစ်စီးထောင်ထားပြီး ကား အော်ဒါလိုက်တဲ့သူပါ။ ကားပွဲစား လည်း လုပ်တယ်။ ကျွန်တော်အ ရေးကိစ္စရှိလို့ ကားမမောင်းနိုင်တဲ့ အခါမျိုးမှာ ဇောက်ထိုးကို ခေါ် မောင်းခိုင်းရတယ်။ ဇောက်ထိုးနဲ့ ပတ်သက်ပြီး ကျောက်ဒိုး၊ ကောက်ရိုး၊ ဗြောက်အိုးနဲ့ နောက်တိုးတို့ကို သိကျွမ်းတာပါ။

တစ်ရက်အရေးကြီးလို့ ဇောက်ထိုးကို လိုက်ရှာတာ ဟိုက လမ်းညွှန်၊ သည်ကလမ်းပြနဲ့ ဇောက်ထိုးတို့ စုရပ်ကို ရောက်ဖူး တော့တယ်။ မြို့ကလေးရဲ့ မြစ် ကမ်းဘေး ကျူးကျော်ရပ်ကွက် လေးရဲ့ စပ်ဘီအီးအရက်ပုန်းဆိုင် လေးမှာ သူတို့အဖွဲ့နဲ့ တွေ့တာပဲ။ ကျွန်တော်ကလည်း ကြုံသလို ဖောတတ်တဲ့ကောင်ဆိုတော့ စပ် ဘီအီးလည်း ၀င်တွယ်လိုက်တော့ သူတို့နဲ့ အဖွဲ့ကျသွားရော။

သူတို့ စုရပ်ဆိုင်ကလေးကို လည်း မေတ္တာအိမ်လို့ အမည်ပေး လိုက်တယ်။ သူတို့လွှတ်သဘော ကျသွားလေရဲ့။ သူတို့တစ် ယောက်ချင်း အကြောင်းလေး တွေက ၀တ္ထုရေးတတ်ရင်တော့ ဇာတ်ကောင်အရှင်ဗျ။ ရောင်း ကာရိုက်တာလို့ ခေါ်တယ်မဟုတ် လား။ ကျွန်တော်က မရေးတတ် တော့ ပြောတတ်သလို အဲ .. ရေး တတ်သလို ရေးကြည့်မယ်လေ။ ဇာတ်ညွှန်းပုံစံမျိုး တစ်ယောက် ချင်း မိတ်ဆက်မယ်ဗျာ။

(၂)

ဇောက်ထိုး
နာမည်ရင်းက သိန်းအောင် မြင့်ဆိုလားပဲ။ စကားပြောရင် ဇောက်တိ ဇောက်ထိုး ပြောတတ် ရာက ဇောက်ထိုးအမည်တွင်ပါ သတဲ့။ ကျားကွဲရင် နွားဆွဲမယ်တို့၊ ချက်ဆို နှစ်ခွက်နဲ့ မူးတယ်လို့ အဲ သလိုတွေ ပြောတတ်တယ်ဆိုပဲ။ တမင်လွဲတာမဟုတ်ဘဲ သူကိုက အမှတ်အသား မမှန်တာလို့ သူ့ ဘော်ဒါတွေက မှတ်ချက်ပေးရာ က ဇောက်ထိုးတွင်တော့တာတဲ့။ ကျွန်တော်နဲ့စသိတော့ ဇောက်ထိုး အမည်တွင်နေပြီ။

ဇောက်ထိုးက ကားမောင်း ပေမယ့် စွဲစွဲမြဲမြဲ မမောင်းဘူး။ ခေါက်စား ကြုံကောက်လိုက် မောင်းတယ်။ လူပျို၊ လူလွတ်မို့ လောဘနည်းတာလည်း ပါကောင်းပါမယ်။  လခစား မလုပ်ချင်လို့ ခေါက်စားမောင်းတာလည်း ဖြစ် နိုင်တယ်။ ကျွန်တော်နဲ့ မတိမ်းမ ယိမ်း(၃၀)ကျော်လောက်ပဲ။ လူ ငယ်လို့ သတ်မှတ်ရမှာပေါ့။ ခက် တာက (၅၀)ကျော်ကြီးတွေက လည်း လူငယ်လုပ်ချင်နေသေး တော့(၃၀)ကျော်လောက်ကို လူ ငယ်လေးလို့ ခေါ်ရမလားပဲ။ သူ နေတော့ မိုးဇာရပ်ကွက်ထဲနေ တာ။ မိဘတွေ ရှိသေးလား၊ မရှိ တော့ဘူးလား၊ မောင်နှမတွေ ရှိ လားဆိုတာတော့ ကျွန်တော်စပ် စပ်စုစု မလုပ်ထားမိဘူး။ ရေရေ ရာရာ ဘာမှမသိတာကြောင့် လည်း ကျွန်တော် ၀တ္ထုမရေးတတ် တာနေမှာ။

ဇောက်ထိုးက ညနေ ၆ နာရီ ဆိုရင် ခရီးမလွန်နေလို့ကတော့ မေတ္တာအိမ်ကို ရောက်အောင်လာ တာပဲ။ သူ့ဘော်ဒါတွေကို သံ ယောဇဉ်ကြီးတာကိုး။ သူ့ဘော်ဒါ တွေကလည်း ဇောက်ထိုးလိုခံယူ ထားကြသူချည်းပါပဲ။ ဇောက်ထိုး အကြောင်းသည့်ထက် ပြောတတ် ဖို့ ကောင်းတာ၊ ကျွန်တော်က မပြောတတ်လို့ရယ်။ သူမူးလို့ သီ ချင်းဆိုရင် သီချင်းတွေ ဇောက် တိဇောက်ထိုးတွေ ဖြစ်ကုန်တာ။ ‘သက်ထားကိုချစ်တဲ့ အချစ်ရယ် တစ်ပွင့်ကြွေရင် တစ်ပင်လုံးမောင် ယူလာခဲ့မယ်’တဲ့။ စံလင်းသီချင်း လည်း သူနဲ့ကျမှ ရှုပ်ကုန်တာ။ အများကြီးရှိသေးတယ်၊ ကျွန်တော် မပြောတတ်လို့။

ကျောက်ဒိုး
သူ့နာမည်ရင်း ကျွန်တော် မသိဘူး။ ဇောက်ထိုးမိတ်ဆက် ပေးတော့ ‘‘ဒါကျောက်ဒိုးတဲ့ အ မည်ရင်းတော့ မှတ်မနေပါနဲ့တော့။ ကျောက်ပေါက်မာလေး သဲ့သဲ့ပါ လို့ ချစ်စနိုးနဲ့ ကျောက်ဒိုးလို့ပေး လိုက်တာ အစ်ကို’’တဲ့။ ကျောက် ပေါက်မာနဲ့ ကျောက်ဒိုးအမည်နဲ့ မဆိုင်ဘူးထင်တာပါပဲ။ ဇောက် ထိုးပဲလေ မှန်အောင်တော့ ပေး တတ်မယ် မထင်ဘူး။ ကျောက် ဒိုးက ပန်းရန်လုပ်သတဲ့။ ဇောက် ထိုးနဲ့ ကျောင်းနေဖက်သူငယ် ချင်း၊ မိန်းမနဲ့ ကလေး နှစ်ယောက် နဲ့ ညနေဆို မေတ္တာအိမ်ကို ပုံမှန် ရောက်တာပဲ။ မရောက်တဲ့နေ့ဆို အိပ်လို့ကို မပျော်တာတဲ့လေ။ မသောက်ရလို့ အိပ်မပျော်တာ နေမှာပါလို့ ကျွန်တော်ပြောတော့ ‘‘မဟုတ်ဘူး အာစရိ ဘော်ဒါတွေ ကို မတွေ့ရရင်ကို မနေနိုင်တာ။ မိန်းမ သူ့အမျိုးတွေအိမ် ညအိပ်  ညဥ့်နေ သွားရင် ဘာမှကိုမခံစားရ ဘူး။ ကျွန်တော့်ဘော်ဒါတွေကို တစ်ရက်မတွေ့ရရင်တော့ အဲ သည်နေ့ ဘယ်လိုစိတ်တိုမှန်း မသိဘူး’’တဲ့လေ။

ကျောက်ဒိုးသူ့သူငယ်ချင်း တွေကို သံယောဇဉ်ကြီးတာ၊ ချစ် ခင်တာကို အပြလေးတွေနဲ့ ရေး ပြီး စာဖတ်သူကိုဆွဲဆောင်ရမှာ။ ဒါကို ကျွန်တော်သိပေမယ့် ၀တ္ထု မရေးတတ်တဲ့သူအဖြစ်က တိုင် ပတ်နေတာပေါ့ဗျာ။ ကောက်ရိုး ဆေးရုံတက်ရတုန်းက ဆေးရုံမှာ ငိုကြီးချက်မ လုပ်နေတော့ ဆရာဝန်တွေ၊ သူနာပြုတွေ မနည်းချော့ယူရတာကို ကွင်းကွင်း ကွက်မြင်အောင် ရေးပြတတ်ချင်တာ။ မရေးတတ်လို့ရယ်။

ဗြောက်အိုး
သူ့မှာလည်း မှတ်ပုံတင် ပေါက် နာမည်ရင်းရှိပြီးသား။ သူ့ နာမည် ဗြောက်အိုးက ငယ်နာ မည်တဲ့လေ။ အစကတည်းက ရှိ ပြီးသား နာမည်က တိုက်တိုက် ဆိုင်ဆိုင် ဇောက်ထိုးတို့နဲ့ ကာရန် လာကိုက်နေတယ်။ ကာရန်ကိုက် ရင် မော်ဒန်မဟုတ်ဘူးဆို ကဗျာ နည်းနာတွေကလည်း အရှုပ်သား။

ဇောက်ထိုးနဲ့က ငယ်သူငယ် ချင်း မဟုတ်ပေမယ့် မေတ္တာအိမ် မှာ လာသောက်ရင်း တစ်ဝိုင်း တည်းဖြစ်ပြီး ငယ်ပေါင်းတွေလို ကို ဖြစ်သွားတာလို့ ဆိုတယ်။ ဗြောက်အိုး အမည်တွင်ပုံက လည်း ရေးတတ်ရင် ကြွနေမှာ။ ငယ်ငယ်ကတည်းက ကျောင်းမှာ၊  ရပ်ကွက်ထဲမှာ အထိတ်တလန့် ဖြစ်အောင် လုပ်တတ်လွန်းလို့ ဗြောက်အိုး အမည်တွင်တာတဲ့။ ဘောင်းဘီ ဇစ်ဆွဲလိုက်တာ ဟို သင်းညပ်ပြီး တစ်ရပ်လုံးကြား အောင် ငိုတာတဲ့။ ‘‘အမလေး သေ ပါပြီဗျာ ဖြတ်တော့ မပစ်ပါနဲ့ဗျ’’ နဲ့ ဆေးရုံတောင် ရောက်သတဲ့။

ကျောင်းမှာလည်း ကျောင်း ဆင်းခေါင်းလောင်းကို ခပ်တည် တည်နဲ့ ထိုးလို့ ကျောင်းအုပ်ကြီး ကြိမ်စာမိဖူးသတဲ့။ ဟိုနား ပြဿ နာဖြစ်လိုက်၊ သည်နားပြဿနာ ဖန်တီးလိုက်နဲ့မို့ ဗြောက်အိုးဟေ့ ဆိုရင် အထိတ်တလန့် ဖြစ်စရာ တစ်ခုခု ကြုံရတော့မတဲ့။ အဲသည် လို ရောင်းကာရိုက်တာ ရှိသူတစ် ယောက်ရဲ့ ဇာတ်ကောင်စရိုက် က ရေးတတ်၊ ဖွဲ့တတ်ရင် အပြ ၀တ္ထုကောင်းကောင်းလေး ဖြစ် နိုင်လောက်တာနော်။ ကျွန်တော့် ညံ့ဖျင်းမှုပါဗျာ။

ဗြောက်အိုးက ဆိုင်ကယ် ကယ်ရီဆွဲတယ်။ ပညာရေးက တော့ သူ့ဘော်ဒါတွေလိုပါပဲ  ရှစ် တန်းတောင် အောင်မယ်မထင် ဘူး။ သူ့မှာမိန်းမရှိတယ်။ မြို့က လေးရဲ့ အဓိကလုပ်ငန်းဖြစ်တဲ့ အိုးဖုတ်တဲ့လုပ်ငန်းမှာ လက်ခစား လုပ်သတဲ့။ သူ့မိန်းမက အိုးလုပ်ငန်း ကျွမ်းတော့ သူ့ထက်တောင် ၀င် ငွေကောင်းသေးဆိုပဲ။ ကလေး ငယ်မရှိသေးတော့ အေးဆေးပဲ။ ဒါကြောင့် မေတ္တာအိမ်ကို ရက် မပျက်ရောက်တယ်။

ကောက်ရိုး
ကောက်ရိုးလေးလို ၀ါဝါ ဖျော့ဖျော့လေးမို့ ကောက်ရိုးအ မည်ပေးခံရတာ။ တကယ်ဆို ပိုး ဟပ်ဖြူလို့ခေါ်ရမှာကို။ ဘော်ဒါ  တွေနဲ့ ကာရန်ကိုက်သွားအောင် ဗြောက်အိုးက အဆိုတင်သွင်းတာ လို့ ဆိုတယ်။ ကောက်ရိုးဆိုတဲ့ အတိုင်း ပျော့ဖတ်ဖတ်လေးပါပဲ။ ကျွန်တော်ထင်တာက ကောက် ရိုးပွေ့တတ်လို့ သည်အမည်တွင် တယ် ထင်နေတာ။ ကောက်ရိုးက ကောက်ရိုးပွေ့ဖို့ နေနေသာ အေး လိုက်တာမှ တကယ့်ကိုရေခဲတုံး။ မေတ္တာအိမ်ကို အစောဆုံးရောက် လာသူ စီနီယာမင်းတဲ့လေ။ ဟုတ် မှာပါပဲ သူ့သောက်သက်က အတော်ရင့်နေလောက်ပါပြီ။ ကောက်ရိုးနာမည်ရင်းလည်း ကျွန်တော် မေးမနေတော့ဘူး။ သိ လည်း မှတ်ထားမိမှာမှ မဟုတ် တာ။ သူက ငွေပန်းထိမ်ခတ်တာ။ လက်ရာအလွန်မြောက်ဆိုပဲ။ ခက်တာက သူ့မိသားစုတစ်နေ့ တာ ဈေးဖိုးရရင်၊ သူ့အတွက် စပ် ဘီအီးဖိုး ရရင် အလုပ်ရပ်တော့ တာ။ ပန်းထိမ်ဖိုက ဘယ်လောက် အောက်ကျို့ တောင်းပန်နေပါစေ မလုပ်ရေးချပဲတဲ့။ အဲသည် လောက်ကို ပြတ်သားတာ။ သောက်သက်မြင့်နေပြီဆိုတော့ အခုတလော ချူချာချင်တယ်တဲ့။ ဆေးရုံ တက်လိုက်ရတုန်းက ဆရာဝန်ကတော့ ပြောသတဲ့၊ ဆက်သောက်ရင် လစ်တော့မယ် တဲ့။ လစ်ခါမှ လစ်ရော့ မေတ္တာ အိမ်ကိုတော့ အချိန်တန်ရောက် ချင်တယ်။ ဘော်ဒါတွေကို သံ ယောဇဉ် မဖြတ်နိုင်ဘူးတဲ့လေ။ အမှန်က ဘော်ဒါတွေအကြောင်း ပြတာနေမှာ။ မသောက်ရ မနေ နိုင်တာပဲ ဖြစ်မှာပါ။

ကလေးသုံးယောက်နဲ့ ဖတ် သီနေတဲ့ ကောက်ရိုးကတော်ကို မြင်ယောင်ကြည့်မိပေမယ့် မိသား စုအကြောင်း စပ်စပ်စုစု မမေးမိ ဘူး။ ဒါကြောင့်လည်း ၀တ္ထုရေး လောက်တဲ့ အချက်တွေ၊ အဆာ ပလာတွေ ကျွန်တော်မဖြည့်တတ် တာ ဖြစ်မယ်။

နောက်တိုး
သူတို့ထဲမှာ အငယ်ဆုံးပဲ။ ကားဝပ်ရှော့မှာလုပ်တယ်။ (၂၀) ကျော်လေး ရှိပါလိမ့်မယ်။ ဇင် မင်းထက် နာမည်ရင်းပျောက်ပြီး သူတို့အဖွဲ့ရဲ့ နောက်တိုးစာရင်း ၀င်မို့လို့ နောက်တိုးတွင်စေသတဲ့ လေ။ တညီတညွတ်တည်း ကင် ပွန်းတတ်ပေးလိုက်တာ။ ကောင် လေးကတော့ မကြည်မလင်နဲ့ နောက်တိုးဆိုတာကို လက်ခံလိုက် သတဲ့။ သူ့အပြောကတော့ ဘော်ဒါတွေကို ချစ်လို့တဲ့လေ။

နောက်တိုးက မိဘတွေမရှိ ရှာတော့ဘူး။ ဦးလေးဝမ်းကွဲက စောင့်ရှောက်ပညာသင်ပေးတာ တဲ့။ ကျောင်းပညာ ၁၀ တန်းထိ ရောက်ပေမယ့် ၁၀ တန်းတံတိုင်း ကို ကျူရှင်မတက်နိုင်တဲ့ သူ့အဖို့ မဖြတ်သန်းနိုင်ဘူး။ ဒါကြောင့် သက်မွေးပညာအဖြစ် ကားဝပ် ရှော့ကို ကြိုးစားသင်တာ တော် တန်ရုံဆီပျောက်၊ မီးပျောက် လောက်ကတော့ အေးဆေးပဲ။ အခုခေတ်က အော်တိုတွေ၊ ကွန် ပျူတာ စစ်စတမ်တွေမို့ ပိုတောင် လွယ်သေးသတဲ့။

မေတ္တာအိမ်ကို ကိုဇောက် ထိုးခေါ်လို့ ရောက်ဖူးပြီး ဘော်ဒါ တွေကို ချစ်လို့ နေ့စဉ်ရောက်ဖြစ် နေတာပါတဲ့။ ‘‘သောက်ချင်တာ ကြောင့် မဟုတ်ရပါဘူး။ ကျွန် တော်က တစ်ချိန်မှာ ကားဝပ် ရှော့ပိုင်ရှင် လုပ်ငန်းရှင်ဖြစ်ကို ဖြစ်ရမှာ’’လို့ ပြောနေတဲ့အချိန်မှာ သူ့မျက်လုံးတွေက အရောင် တောက်နေတာများ မေတ္တာအိမ် ကလေးထဲ လင်းလက်သွားသလို ပါပဲ။

စိတ်ကူးနဲ့ လက်တွေ့က တော့ လောလောဆယ် လွဲချော် နေတယ်လို့ ကျွန်တော်ခံစားမိ တယ်။

(၂)

ဇောက်ထိုးတို့ ဇာတ်ကောင် စရိုက်တွေက ဘာမှလည်း စိတ် ၀င်စားစရာ မရှိဘူး၊ ဘာရောင်း ကာရိုက်တာမှ မဟုတ်ဘူး။ ဖလက်ကာရိုက်တာလို့ပြောရင် ကျွန် တော့်ညံ့ဖျင်းမှုပါလို့ ၀န်ခံပြီးသား ပါ။ ဒါပေမဲ့ စိတ်ဝင်စားစရာ ကောင်းတာလေး တစ်ခုတော့ ပြောကြည့်ချင်တယ်။

သူတို့အဖွဲ့က မေတ္တာအိမ် ကို ရောက်တာနဲ့ ပါလာတဲ့ ပိုက် ဆံကို အလယ်ပုံလိုက်ကြတာပဲ။ ဘယ်သူဘယ်လောက်ရယ်လို့ သတ်မှတ်မထားဘူး။ တစ်ပြားမှ ပါမလာလည်း ပြဿနာမရှိဘူး။ အားလုံးအပြန်အလှန်နားလည် ပေးကြတယ်တဲ့။ သူတို့လေး ယောက် စပ်ဘီအီးနှစ်လုံး၊ အမြည်းကလည်း နှမ်းဖတ်ချဉ်လို၊ ပုံးရည် ကြီးသုပ်လိုလောက်နဲ့  ပြီးကြ တာ။ တစ်ခါတစ်ရံမှ ကြက်ခေါင်း သုပ်လေး၊ ငုံးဥကင်လေး မြည်း ကြတာဆိုပဲ။ မ၀သေးဘူး။ ထပ် သောက်မယ်ဆိုတာမျိုးလည်း မရှိ ကြဘူး။ သူတို့ချင်းထားတဲ့ အီး သစ်ပဲ။ သည်တော့ သူတို့ဝိုင်း ကုန်ကျစရိတ်က သုံးထောင်ဆိုတာ အများဆုံး။ ငွေရှင်းပြီး ပိုတာအားလုံး စုဘူးထဲထည့်ကြတယ်။ ဒေသထွက်စဥ့်အိုးပစ်တိုင်းထောင်ပုံ လေးပေါ်က အပေါက်ဖောက် လိုက်တော့ စုဘူးဖြစ်ရော။ စုဘူး ကြီးကို မေတ္တာအိမ်ဆိုင်ရှင် ဒေါ်ဝင်းဆီအပ်ထားလိုက်တယ်။ သူတို့အဖွဲ့ဆုံစည်းတာ ၂ နှစ် ကျော်ပြီဆိုတော့ တစ်နေ့နှစ် ထောင်၊ သုံးထောင်စုရင်ကိုပဲ ၁၀ သိန်းပတ်လည်တော့ အနည်း ဆုံးရှိရော့မယ်။

‘‘ပိုက်ဆံစုပြီး ဘာလုပ်မှာ တုံး’’လို့ ကျွန်တော်မေးတော့ ‘‘ကျွန်တော်တို့ထဲက တစ်ယောက် ယောက်သေရင် အဲသည်စုဘူးခွဲ မယ်’’ ကောက်ရိုးက ဖြေတော့ ကျွန်တော်သူ့ကို ကြည့်မိပြီး ရင် ထဲတစ်မျိုးဖြစ်သွားသေးတယ်။ ကောက်ရိုးက အသားအရေ ၀ါ တာတာ၊ ဖောရောင်ရောင် ဖြစ် နေပြီကိုး။ သည်စုဘူးကတော့ ကောက်ရိုးအတွက် ဖြစ်လာတော့ မယ် မထင်ဘူးလို့ မတွေးကောင်း တာကို ကျွန်တော်တွေးမိသေး တယ်။

‘‘ပိုက်ဆံက များလောက် တယ်နော်။ စုဘူးခွဲပြီးရင် ဘာ လုပ်ကြမှာလဲ’’

ကျွန်တော့်အမေးကို သူတို့ မဖြေဘူး။ အဖြေအဆင်သင့် မရှိ တာလား၊ မဖြေချင်တာလား ကျွန်တော်ဝေခွဲရခက်နေမိတယ်။

‘‘စုဘူးခွဲခါကျမှ ရောက်ရားပေါ့ အစ်ကိုရာ’’ နောက်တိုးအဖြေ က အားရစရာပါပဲ။

(၃)

လက်ကိုင်ဖုန်းမှာ ဖုန်းစိမ်း နံပါတ်လေး ပေါ်လာလို့ ကောက် ကိုင်လိုက်တာ

‘‘အစ်ကို မင်းဇော်လား ... ကျွန်တော်တို့ သည်နေ့စုဘူးခွဲရ တော့မယ်’’ဆိုပြီး ပြောပြောဆိုဆို နဲ့ ဖုန်းချသွားတာမို့ ကျွန်တော် အထိတ်တလန့်ဖြစ်ပြီး အဲသည့် နံပါတ်ကိုပြန်ခေါ်တော့ ပီစီအိုဖုန်း ပါတဲ့။ စောစောက ပြောတဲ့လူ ပြန်ထွက်သွားပြီတဲ့လေ။ ဟာ ခနဲဖြစ်သွားအောင် ကျွန်တော် တုန်လှုပ်စိတ်မကောင်း ဖြစ်သွား ပါတယ်။ သေချာပါတယ်။ ကောက်ရိုးပဲနေမှာပါ။

သူတို့အုပ်စုက လက်ကိုင် ဖုန်းကိုင်တာ မဟုတ်တော့ မေတ္တာအိမ်၊ ကားဝပ်ရှော့၊ ငွေ ပန်းထိမ်၊ ဘူတာဆိုင်ကယ်ဂိတ် တစ်ခုခုမှာ ၀င်စုံစမ်းရင်တော့ အဖြစ်မှန်သိရမှာပဲ။ တစ်ကြိမ်၊ နှစ်ကြိမ်လောက် ဆုံဖူးတာနဲ့တင် ကျွန်တော်သူတို့ကို ရင်ထဲက ခင် မင်နေမိတာမို့ စိတ်မကောင်းခြင်း တွေနဲ့ ဟိုက်ဂျက်ကလေး မောင်း ရင်းသောကတွေ ဖြစ်နေမိတယ်။ အနီးဆုံးဖြစ်တဲ့ ဘူတာကိုရောက် တော့ ကယ်ရီသမားတွေက သည် မနက်ဗြောက်အိုးကို မတွေ့မိဘူး တဲ့။ ဗြောက်အိုးများလား ကျွန် တော်မတွေးသင့်ပေမယ့် တွေးမိ သွားပါတယ်။

ဝပ်ရှော့လိုက်သွားတော့ နောက်တိုး သည်နေ့မလာဘူးတဲ့။ ဟာလို့ ကျွန်တော်အာမေဋိတ်သံ ထွက်သွားတော့ ၀ပ်ရှော့ဆရာက  နားမလည်သလို ကြည့်နေတာ နဲ့ အမြန်ပဲ လစ်ထွက်ခဲ့တော့တယ်။

ပန်းထိမ်ဖိုရောက်တော့ လည်း သည်နေ့ ကောက်ရိုးအ လုပ်မဆင်းဘူးတဲ့လေ။ ကောက် ရိုးများ ဆေးရုံတက်တာ ဘာညာ ကြားသေးလားဆိုတော့ မသိဘူး အဖြေပဲရတော့တယ်။ ဇောက်ထိုး ဘယ်မှာ ရှိနိုင်သလဲ ကျွန်တော့် မှာ ပဟေဠိဖြစ်နေပြီ။ ဆေးရုံမှာ စုံစမ်းရင် ကောင်းမလား အတွေး နဲ့  ကားကိုဆေးရုံဘက် ချိုးကွေ့ ပြီးမှ နာမည်ရင်းတွေမှမသိတာ ဆေးရုံမှာ ယောင်တောင်တောင် ဖြစ်သွားမှာပေါ့။ နောက်ဆုံးတော့ မေတ္တာအိမ်ကိုပဲ ကားဦးလှည့် လိုက်တော့တယ်။

မေတ္တာအိမ်ရောက်တော့ ဆိုင်ရှင်ဒေါ်ဝင်းက ‘‘ဆရာ့လူတွေ မလာကြသေးဘူးလေ၊ ၆ နာရီလောက်မှ ဆုံကြတာ’’တဲ့။ ပစ်တိုင်းထောင်စုဘူးကြီးကို မသိမသာ လှမ်းကြည့်မိတော့ အကောင်းအတိုင်းပဲ ရှိနေသေးတယ်။

‘‘ဇောက်ထိုးတို့ထဲက တစ် ယောက်ယောက်များ နေမ ကောင်းတာ၊ တစ်ခုခုဖြစ်တာများ ရှိလား ဒေါ်ဝင်း’’ဆိုတော့ ‘‘မကြား မိပါဘူးတော်’’တဲ့။ မထူးဘူးဆို ပြီး ကျွန်တော်စပ်ဘီအီးတစ်ပိုင်း မှာပြီး ကျွဲရိုင်းနဲ့ ရောသောက်ရင်း သင်းတို့ကိုစောင့်ဖို့ ဆုံးဖြတ်လိုက် တယ်။ တစ်စိတ်လောက် ကျိုးသွားတော့ နာရီကြည့်လိုက်၊ ဆိုင် ပေါက်ဝမျှော်ကြည့်လိုက်။

ဟော... ဆိုင်ကယ်သံ။ ကျွန် တော်ဟန်မဆောင်နိုင်လောက် အောင်ပဲ ဆိုင်ပေါက်ဝဆီ လှစ်ခ နဲ ရောက်သွားမိတယ်။ သုံး ယောက်ကြီးစီးလာကြတာ။ ဆိုင် ကယ်မောင်းသူက ဗြောက်အိုး၊ နောက်က ဆင်းလာတာက ကောက်ရိုးနဲ့ ကျောက်ဒိုး။ ဆရာ ကြီးချက်ကော့ သီအိုရီအရဆိုရင် ကောက်ရိုးကို ကျွန်တော်တွေ့ခွင့် မရရဘူးနော်။ ကောက်ရိုးက ကျန်းမာရေးမကောင်းတဲ့အပြင် ဆရာဝန်က ဆက်သောက်ရင် လစ်တော့မယ် ပြောထားတာ လေ။ လွဲချော်ကုန်ပြီထင်တယ်။ ဆရာကြီးအိုဟင်နရီ တွစ်တွေ ဘာတွေ ဖြစ်ကုန်တော့မှာလား။ ဇောက်ထိုးနဲ့ နောက်တိုးတစ် ယောက်ယောက်...။ ကျွန်တော်မ တွေးချင်တော့ဘူး။ ဟောဗျာ နောက်ထပ် ဆိုင်ကယ်တစ်စီး ရောက်လာပါရောလား။ ကျွန် တော့်ကို လက်တောင်ပြလိုက် သေး။ ဇောက်ထိုးက မောင်းလို့၊ နောက်တိုးက နောက်က။ ကျွန် တော်ပျော်သွားလိုက်တာဗျာ။ မရေးပြတတ်လို့ရယ်။

××××

‘‘နေ့လယ်က ဖုန်းဆက်တာ ကျွန်တော်အစ်ကို... မနေ့ညကပဲ အားလုံးသဘောတူညီချက်နဲ့ စု ဘူးခွဲဖို့ ဆုံးဖြတ်လိုက်တာ။ အစ် ကို့ကိုပြောမှ ကောင်းမယ်ဆိုပြီး ကျွန်တော် အစ်ကို့ဖုန်းကို ဆက် လိုက်တာ’’

‘‘ဟာကွာ မင်းတို့ကွာ’’နဲ့ ကျွန်တော်စကား မဆက်နိုင်တော့ ဘူး။ ဖုန်းဆက်တဲ့ ဗြောက်အိုးက တော့ တကယ့်ကိုဗြောက်အိုး ဖောက်လိုက်တာပဲ။

‘‘ကဲ...ပြောပါဦး သည်နေ့ မင်းတို့စုဘူးခွဲမယ့် အကြောင်းရင်း က ’’

ကျွန်တော့်အမေးကို သူတို့ မင်းပြောမလား၊ ငါပြောမလား အမူအရာ ဖြစ်နေတော့တယ်။

‘‘သည်လိုအစ်ကို ကျွန်တော် မနေ့က ကားမောင်းရင်း အုံနာ ပြောပြတာလေ။ ကျွန်တော်တို့ အားလုံးရဲ့ အမေ့အိမ်ကို လေလံ တင်ရောင်းပြီး တစ်ဝက်ကို သူ့ အစ်ကိုကို အမွေခွဲပေးရတော့မယ်တဲ့။ အဲဒါတစ်ယောက်တစ် ထောင်နဲ့ ပြည်သူတွေစုအမ်းရင် လေလံ တင်စရာ မလိုတော့ဘူးတဲ့။ သည် အကြောင်းကို ဗြောက်အိုးတို့တွေကလည်း ကြားသတဲ့။ အဲဒါမနေ့ က တိုင်ပင်ပြီး သည်နေ့စုဘူးခွဲ မယ်ဆုံးဖြတ်တာပဲ’’

ဇောက်ထိုးစကားဆုံးတော့ ကျွန်တော့်လက်ဖျံမှာ ကြက်သီး တွေတောင် ထကုန်ပါတယ်။

‘‘စုဘူးထဲက ပိုက်ဆံအကုန် ပေးမှာ အစ်ကိုရ။ အဲဒါဘယ်ကို ပို့ပေးရမှာလဲ၊ အစ်ကို ကူညီပေးနော်။ ဘယ့်နှယ်ဗျာ သမိုင်းဝင်

အိမ်ကြီးကိုများ လေလံတင်ရမယ် လို့ ’’

ကျောက်ဒိုးရဲ့ ဖြည့်စွက် စကားကြောင့် ကျွန်တော်လုပ် လိုက်မိတာက သူတို့ငါးယောက် စလုံးနဲ့ လက်ဝါးချင်းရိုက်လိုက်မိ တာပါပဲ။ မေတ္တာအိမ်လေးထဲမှာ လက်ဝါးချင်း ရိုက်သံတွေ ဖြောင်း ဖြောင်း မြည်လို့ပါလေ။

သည်ကနေ့ သူတို့ စုဘူးခွဲ တဲ့နေ့ပဲ။  

ပို့စကတ်လေးတစ်စောင်

" ​​​ပို့စကတ်လေးတစ်စောင် "
=====================

                                                    #မိုးမိုး ( အင်းလျား )

အဖြစ်ဟောင်းဟူသည် လူတိုင်းကိုယ်စီရှိကြစမြဲ ။ အချစ်ဟောင်းဆိုသည်မှာလည်း များသောအားဖြင့် ရှိခဲ့ကြစမြဲ။ ထို့ကြောင့်လည်း မောင့်တွင် အချစ်ဟောင်း ရှိခဲ့ဖူးသည်နှင့် ပတ်သက်၍ ကျွန်မစိတ်မှာ အထူးအထွေ မဖြစ်မိ။ ကျွန်မတွင်လည်း ရှိခဲ့သည်သာ။

ငယ်ကအချစ် အနှစ်တစ်ရာဆိုသော်လည်း မောင်နှင့်လက်ထပ်ပြီးသည့် အချိန်မှစ၍ ကျွန်မသည် အချစ်ဟောင်းရော၊ အချစ်နှောင်းပါ မေ့ပြီတည်း။ ကျွန်မဘဝတွင် မောင်သာရှိသည်။ ကျွန်မအချစ်သည် မောင့်ဆီမှာသာ တည်သည်။ မောင့်ကိုလည်း ထိုသို့ပင်ဖြစ်စေချင်သည်။ သို့သော် မောင်က သည်နှယ်မဟုတ်။

ကျွန်မတို့ လက်ထပ်ပြီးသည့်နောက် မောင့်အိမ်မှာပင် ကျွန်မလိုက်နေရသည်။ မောင့်အိပ်ရာ၊ မောင့်စားပွဲ၊ မောင့်စာအုပ်စင်တို့သည် ယခင်လူပျိုဘဝအတိုင်း နေရာမပျက်ရှိနေသည်။ မောင့်ရည်းစားစာ တစ်ထပ်ကြီးကလည်း မောင့်စာအုပ်စင်မှ စာအုပ်ကြားတွင် နေရာမပျက်။ ကျွန်မစာများက အပေါ်ဆုံးမှာ ဆိုပါတော့။ နောက်ဆုံးရည်းစားစာပေကိုး။

ကျွန်မက ကျွန်မစာများမှလွဲ၍ ကျန်သောစာများကို ထီးနန်းချလိုက်သည်။ သွားလေရော အချစ်ဟောင်းများ၊ သွားလေရော အဖြစ်ဟောင်းများ။ ကျွန်မတို့သည် အချစ်သစ်နှင့် ဘဝသစ်ထူထောင်မည့်သူများ မဟုတ်ပါလား။ ကျွန်မ လုပ်သည်ကို မတရားပါဟု မည်သူပြောမည်နည်း။ မောင့်ဘဝတွင် ကျွန်မခြယ်လှယ်ပိုင်ခွင့်ရှိပြီ။

သို့သော် ကျွန်မစိတ်ကို တစ်စုံတစ်ခုသည် အနှောင့်အယှက်ပေးလျက်ရှိသည်။ မောင့်စာများထဲတွင် အထင်ရှားဆုံး၊ အများဆုံးနေရာယူထားသော စာရွက်ပြာပြာလေးများပါတည်း။ သူမကို မောင်အချစ်ခဲ့ဆုံး ထင်သည်။ သူမကလည်း မောင့်ကို အတော်လေးချစ်ခဲ့ပုံရသည်။ သူမ၏ လက်ရေးက လှပသည်။ အရေးအသားက ချွဲနွဲ့သည်။ သူ့အမည်က
စံပယ်။ နာမည်ရင်းတော့ မဟုတ်တန်ရာ။ မောင်တင်စားပေးထားသော နာမည်ဖြစ်ကောင်းဖြစ်မည်။ မောင့်ကို ကျွန်မ ဘာမျှမမေး။ ကျွန်မတစ်ယောက်လုံး အနားမှာ ရှိလျက် အတိတ်ကချစ်သူကို တမ်းတသတိရစေမည့်အဖြစ်မျိုး ကျွန်မ မလိုလား။ ထို့ကြောင့် သတိရစရာအကြောင်းကို ကျွန်မဖန်တီးမပေး။ ဒါမျိုးဆိုတာ ကြာရင်မေ့မြဲ။ မေ့လည်း မေ့စေရမည်။ မမေ့ဘဲ ရှိနေသေးသည်ဆိုလျင်တော့ ကျွန်မညံ့လို့ပဲ။


စာ ခင်ဗျ”

စာပို့လုလင်ထံမှ စာတစ်စောင်ကို ကျွန်မလှမ်းယူလိုက်သည်။ သို့သော် စာမဟုတ်၊ ပို့စကတ်လေးတစ်ခုဖြစ်သည်။ မောင့်အမည်ကို လိပ်တပ်ထားသည်။ မှ ဟူသော ဘက်တွင် ဘာမျှမရေးထား။ သည်လက်ရေးကို မြင်ဖူးသည်။ ကျွန်မကောင်းကောင်းမှတ်မိသည်။ မောင့်ဆီမှာ အများဆုံးတွေ့ရသော စာရွက်ပြာပြာလေးများထဲမှ သည်လက်ရေး။ ရုပ်ပုံရှိရာဘက်သို့ လှန်၍ ကြည့်လိုက်သည်။ အမယ် အမယ်၊ အဓိပ္ပါယ်ကလည်း အပြည့်အဝပါလား။ ပြာသောကောင်းကင်နောက်ခံတွင် သစ်ကိုင်းလေးတစ်ခု ထိုးကျနေသည်။ ရွက်ဝါလေးများ လေတွင် လွင့်ဝဲနေသည်။ သစ်ကိုင်းပေါ်တွင် ငှက်ကလေးတစ်ကောင်တည်းမှ တစ်ကောင်တည်း။ ဖော်ကွဲတဲ့ငှက်ငယ်အသွင်။

စာဆိုရင်တော့ ကျွန်မဖောက်ဖတ်မိမည် မဟုတ်။ ခုတော့ ပို့စကတ်ဖြစ်နေ၍ မဖောက်ဘဲနဲ့ မြင်ရသည်။ မစူးစမ်းဘဲနဲ့ သိရသည်။ ဘာပဲဖြစ်ဖြစ် ကာယကံရှင် မောင့်ကိုတော့ ကျွန်မပေးလိုက်ရသည်။ မောင်က အမှတ်တမဲ့ကြည့်ပြီး စားပွဲပေါ်ပစ်တင်လိုက်သည်။ ဘာမျှ အလေးမထားသည့် သဘော။ သို့သော် ကျွန်မရှေ့မို့ ဟန်ဆောင်သည်လား မသိနိုင်ချေ။


ပို့စကတ်ပို့တာ ဘယ်သူလဲဟင်”

ကျွန်မကသိလျက်နဲ့ မေးလိုက်သည်။ ဘာမျှမမေးဘဲ နေမည်ဟူသော ကျွန်မဆုံးဖြတ်ချက်ကိုလည်း ရုတ်တရက် မေ့သွားသည်။


ဟိုလေ စံပယ်ပါ”

ဪ နာမည်လဲ မထိုးထားဘူးနော်။ သူ့လက်ရေးကို မောင်မှတ်မိလိမ့်မယ်လို့ ယုံကြည်ပြီးသားထင်ပါရဲ့”

ကျွန်မအသံက ခနဲ့သံပါသွားသည်။ သို့သော်မတတ်နိုင်ပြီ။


အလကားပါ ထားရယ်။ ဘာမှ စိတ်အနှောင့်အယှက် ဖြစ်မနေပါနဲ့။ မောင် သူ့ကိုမေ့နေတာ ကြာပါပြီ။ လာကွာ ထမင်းစားကြစို့”

ဟုတ်ပါရဲ့။ မောင်အလေးမထားတာကို ဘာကြောင့်များ အရေးတယူလုပ်ပြီး အစဖော်ပေးနေမိပါလိမ့်။ စိတ်ထဲကမူ "မောင့်ကိုတော့ သူ မမေ့သေးဘူး"ဟု ပြောနေမိသည်။

သည်ဇတ်လမ်းက သည်တွင် တစ်ခန်းရပ်လိုက်လျင် ကောင်းမည်။ ပြည်ဖုံးကားချလိုက်ဖို့ သင့်သည်။ သို့သော် မဆုံးနိုင်သေးသော တေးတစ်ပုဒ်သဖွယ် မစံပယ်က ဆက်လက်သီဆိုနေချေသည်။ စံပယ်ထံမှ ပို့စကတ်များကား ရောက်လာမစဲ တသဲသဲတည်း။ အဓိပ္ပါယ်ကလည်း ထပ်တူသာပင်။ ငါးလေးတစ်ကောင်တည်း ဖော်ကွဲနေပုံ၊ သမင်မလေး တစ်ကောင်တည်း တောလမ်းထဲမှာ လမ်းမှားနေပုံ၊ သစ်ခြောက်ပင်ကြီး တစ်ပင်တည်း နွေအထီးတည်း ကန္တာရမှာ မားမားကြီး ရပ်တည်နေရပုံ စသည် စသည်တို့တည်း။

မစံပယ် ဘယ်လိုရည်ရွယ်လေသလဲ၊ ဘာကိုဆိုလိုသလဲ။ ဘာကိုဖြစ်စေချင်သလဲ။ ကျွန်မ သံသယ မကင်းနိုင်ပါ။ မောင်နှင့်မစံပယ် ဘယ်သို့အခြေရောက်ခဲ့ပါသနည်း။

ဒုတိယအကြိမ် မောင့်ကို ကျွန်မရင်ဆိုင်ရပါပြီ။ သည်တစ်ခါ ပဋိပက္ခ အစပျိုးမိပြီ။


မောင် ထားတစ်ခုမေးမယ်။ မှန်မှန်ဖြေမလား”

ဘာများလဲ ထားရယ်”

မောင်နဲ့စံပယ်ကဘယ်လိုလဲ”

ဘယ်လိုမှ မလဲပါဘူး ထားရဲ့။ မောင်တို့ချင်း ချစ်ခဲ့ကြတာ သာမန်ပါပဲ။ ထားနဲ့မတွေ့ခင် သူနဲ့ပြတ်သွားတယ်။ သဘောချင်း မတိုက်ဆိုင်လို့ ဆိုပါတော့။ လမ်းတွေ့ရင်တောင် မခေါ်တော့ပါဘူး။ ထားနဲ့တွေ့ပြီးမှ လုံးဝတောင် မတွေ့တော့ပါဘူး”

ဒါပေမယ့် သူက အမြဲ ပို့စကတ်တွေ ပို့နေတာက ဘာသဘောလဲ မောင်။ မောင်လက်ထပ်လိုက်တဲ့အတွက် သူ့မှာ သိပ်စိတ်ထိခိုက်နေရပါပြီ။ သူ့ဘဝဟာ မောင့်ကို ဆုံးရှုံးရလို့ အထီးကျန်ဖြစ်နေရပါပြီလို့ မောင့်ကို တိုင်တည်နေတာပေါ့ ဟုတ်လား”

မောင် ဘယ်သိပါ့မလဲ ထားရယ်။ မောင် သူ့ကို လုံးဝပြတ်ပြီးသားပါ။ ဒါတွေအတွက် မောင့်ရင်ကို ဘာမှ မထိခိုက်စေတော့ပါဘူး။ မောင်ချစ်တာ ထားပါပဲ။ ထားလဲ ဒါကို လျစ်လျူရှုထားလိုက်ပါ ထားရယ် ... နော်နော်”

မောင်က တောင်းပန်တိုးလျှိုးသံဖြင့် ပြောပါသည်။ မောင့်အမူအရာသည်လည်း မောင်အမှန်တကယ် ပြောနေသည်ဟု ယုံကြည်လောက်ပါသည်။ မောင့်ကို ယုံကြည်လို့သာ လက်ထပ်ခဲ့သည်ပဲ။


မောင်နဲ့စံပယ် လမ်းမှာတစ်ခါမှ မဆုံဘူးလား” ဟု မေးလျှင် မောင်က မျက်နှာထားမှန်မှန်ဖြင့် ခေါင်းကို တွင်တွင်ယမ်းသည်။ “တွေ့လဲ ပြောချင်မှ ပြောမှာပေါ့” ဟု စိတ်ထဲက ထင်လိုက်သော်လည်း ဘာမျှ ဆက်မမေးတော့။ သည်အဖြေကိုပဲ လိုချင်တာ။ သည်အဖြေရရင် ကျေနပ်ရောပေါ့ဟု ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်ရသည်။

ပို့စကတ်များ အလာကျဲသွားသည်။ အထီးကျန်ဆန်သော ပုံလေးများ ရောက်မလာတော့ဘဲ၊ ဝါဆိုလပြည့်၊ သီတင်းကျွတ်ပွဲတော်၊ ပြည်ထောင်စုနေ့ စသည်ဖြင့် ပို့စကတ် အထူးထုတ်ဝေချိန်တွင် ထိုအထူးထုတ် ပို့စကတ်လေးများ ရောက်လာတတ်သည်။ အစဉ်မမေ့ကြောင်းကို ပြသည့်သဘောပင်ဖြစ်၏။ တစ်ခါတစ်ရံ ကျွန်မက မောင့်ကိုစတတ်သည်။


လွတ်လပ်ရေးနေ့ကို နှစ်ရက်တောင် လွန်လာပြီ မောင်”

ဘာဖြစ်လို့လဲ ထားရဲ့”

ဪ လွတ်လပ်ရေးနေ့ ပို့စကတ်လဲ မရောက်သေးပါလားလို့”

ထားကလဲကွာ”

မောင်က ရယ်မောပစ်တတ်သည်။ အင်း လုပ်လိုက်ဦးပေါ့ မစံပယ်ရေ။

မောင့် အပေါင်းအသင်းဆိုလျှင် ကျွန်မ မသိသူ နည်းသည်။ တစ်ခါမျှတော့ဖြင့် မြင်ဖူးသည်သာ။ သို့သော် ယနေ့လာသော သူကို ကျွန်မ မမြင်ဖူး။ သူ့အသားက ဖြူသည်။ ပိန်ပိန်သွယ်သွယ်ဖြစ်သည်။ မောင်နှင့် တိုက်ရိုက်တွေ့သွားသည်။

ဧည့်သည်က ကျွန်မကို သာမန်မျှသာ တစ်ချက်ဝေ့ကြည့်ကာ မောင်နှင့် အပြင်ပြန်ထွက်သွားသည်။ ကျွန်မက ခါတိုင်းလို
လက်ဖက်ရည်ဆိုင် သွားလိုက်ဦးမယ် ထားရေ” လို့ပင် ပြောမသွားနိုင်သော မောင့်ကို မကျေမနပ်ဖြစ်မိသည်။ ခါတိုင်းလည်း ယောက်ျားဧည့်သည်လာလျှင် မောင်က ကျွန်မကို ဒုက္ခမပေးတတ်။ လက်ဖက်ရည်ဆိုင်သို့ ခေါ်သွားကာ သူ့ဘာသာ ဧည့်ခံတတ်သည်။ ယနေ့တော့ ည၉နာရီကျော်ပြီမို့ မသွားသင့်တော့ဟု ကျွန်မထင်သည်။ ဧည့်သည်ကလည်း ဒီအချိန်ကြီးမှာ ဘာကိစ္စများ ရှိလို့ပါလိမ့်။ ရန်ကုန်မြို့လယ်ခေါင်ဆိုတော့ ညဥ့်နက်ပြီဟု မဆိုသာ။


စောစောက ဧည့်သည်ကိုသိလားဟင်”


၁၀နာရီပင် ရှိပြီမို့ ကျွန်မက မောင့်ညီငယ် အထွေးကို လှမ်းမေးလိုက်သည်။


သိတာပေါ့ ကိုကို့ရည်းစားရဲ့မောင်လေ”

အနားမှ အစ်မ အကြီးဖြစ်သူက လှမ်း၍ လက်ကုပ်လိုက်သော်လည်း အထွေးက ဒါမျိုးဆိုလျှင် ပြောချင်သူပီပီ ပြောဖြစ်အောင် လှမ်းပြောလိုက်သည်။ ကျွန်မ မျက်နှာပျက်သွားမိ၏။


အထွေးတို့ ကိုကိုက ရည်းစားက များများရယ်၊ ဘယ်ရည်းစားလဲ အထွေးရဲ့။ ဟို စံပယ်ဆိုတာလား”

ကျွန်မက ဘာမျှ အလေးအနက် မထားသလို ရယ်ရယ်မောမောဖြင့် ပြောလိုက်၏။ ကျွန်မ အကုန်သိပြီးသားပါ။ ကိစ္စမရှိပါဘူးဟူသော မျက်နှာထားမျိုးလည်း နေပြလိုက်သည်။


အလကားပါ ထားရယ် .. ဒီကောင်က ဘာရယ်မဟုတ်ပါဘူး။ ဟဲ့ အထွေး အိပ်ရာတွေ ပြင်ချေလေ။ တော်ကြာ ဟိုနားလှဲအိပ်၊ ဒီနားလှဲအိပ်နဲ့”

မမကြီးက စကားရောဖောရောဖြင့် အထွေးကိုနှင်လိုက်ပါသည်။ သို့သော် အထွေးက ဂရုမစိုက်၊ ကျွန်မကို လှည့်ကြည့်ကာ ပြောလိုက်သေးသည်။


ဟုတ်တယ် ဟုတ်တယ်။ သူပဲ ။ သူပဲ ပို့စကတ်တွေ ပို့ပို့နေတာလေ။ အရင်က အိမ်တောင်လာဖူးသေးတယ်”

မမကြီးက အထွေးကိုလှမ်း၍ ခေါင်းခေါက်လိုက်သည်။ ကျွန်မက ဟန်လုပ်၍ ရယ်နေရ၏။

* * *

လူခေါ်ခေါင်းလောင်းသံက ညင်ညင်သာသာလေး မြည်လာသည်။ ခပ်ဖွဖွလေး နှိပ်လိုက်ဟန် တူ၏။ ကျွန်မ နာရီကို လှမ်းကြည့်မိရာ ၁၂နာရီ ထိုးတော့မည်ကို တွေ့ရသည်။ တံခါးကို ကျွန်မကပင် ဖွင့်လိုက်သည်။ ကျွန်မ စောင့်မည်ဟု မမကြီးကိုပြော၍ အိပ်ခိုင်းခဲ့ရ၏။ ခါတိုင်းဆိုလျှင် မမကြီးသာ နောက်ဆုံးမှ အိပ်တတ်သည်။


ထား မအိပ်သေးဘူးလား”

ဘယ်အိပ်နိုင်ပါ့မလဲ”

ကျွန်မက တွေ့တွေ့ချင်း အငေါ်တူးလိုက်မိသည်။ အိပ်ခန်းတံခါး ပိတ်ပြီးသည်နှင့် ပြဿနာကို ကျွန်မက စလိုက်သည်။


မတော်လိုက်ရတဲ့ ယောက်ဖက ဘယ်ခေါ်သွားပြီး ဘာတွေများ ပြောနေလို့ ဒါလောက်ကြာနေရတာလဲ ပြောစမ်းပါဦး”

မောင်မျက်နှာပျက်သွားသည်။ မောင်က စကားစကို ရှာနေသည်။ မောင့်ကို စေ့စေ့ကြည့်မေးလျှင် ဖုံးကွယ်နိုင်စွမ်း ရှိသူ မဟုတ်။


စံပယ့်အကြောင်း လာပြောတာပါ”

စံပယ်က ဘာပြောခိုင်းလိုက်လို့လဲ”

ကျွန်မက ဒက်ခနဲ ပြန်မေးလိုက်သည်။


ဪ ဟို ဟိုဒင်းပါ။ သူက မောင်တို့ကို အခင်မင်မပျက် ဆက်ဆံချင်တဲ့အကြောင်း။ မိတ်ရင်းဆွေရင်းတွေလိုပါ။ အိမ်နဲ့ကလည်း အစကတည်းက ခင်နေခဲ့တာကိုး။ ဒါပါပဲ မောင်တို့ တခြားအကြောင်းတွေပြောရင်းနဲ့ ကြာသွားကြတာ”

ဘယ်မှာများ သွားပြောနေသလဲ မောင်ရယ်။ ဒီအချိန်ထိအောင်”

ပန်းခြံမှာ”

ပန်းခြံမှာဟုတ်လား ။ သူ့မောင်တစ်ယောက်တည်း လာတာဟုတ်ရဲ့လားမောင်ရယ်”

မောင်က ဆတ်ခနဲ ကျွန်မကို လှမ်းကြည့်သည်။ စိတ်ဆိုးသွားပုံရ၏။


တစ်ယောက်တည်းမလာလို့ ဘယ်သူပါလာရဦးမှာလဲ ထား။ မောင်ဒီလောက် သစ္စာမမဲ့ပါဘူး။ ထား မောင့်ကို မယုံဘူးလား။ မောင် ဒါမျိုး ဘယ်တော့မှ မလုပ်ဘူး”

မောင့်ကို မယုံလို့မဟုတ်ဘူး။ သူ့ကိုမယုံလို့။ သူ ဘာလို့ ဒီလောက် သဲသဲမဲမဲ ဖြစ်နေရသလဲ။ ဘာလို့ ဒီလောက် အနှောင့်အယှက်ပေးနေရသလဲ”

ဒါတော့ မောင်မသိဘူး။ မောင့်ဘက်က ဘာမှ ခံစားမှုမရှိတော့တာကတော့ အမှန်ပဲ။ သူကလဲ တစ်ချိန်က သူ ပစ်ပစ်ခါခါ လုပ်ခဲ့တာကို ပြန်တောင်းပန်တဲ့သဘောပါ။ သူကောင်းကောင်းလဲ နေမကောင်းဘူး”

မောင့်အသံက သူ့အပေါ် ကြင်နာဟန်ပါသွားသည်ဟု ထင်မိသည်။


ဒီမှာ မောင်၊ မောင်တို့နှစ်ယောက်ရဲ့ မေတ္တာဇတ်လမ်းမှာ ထားဟာ လူဆိုးတစ်ယောက်နေရာများ ရောက်နေပလားဟင်”

အို မဟုတ်တာဘဲ ။ သူနဲ့မောင် ကင်းကင်းပြတ်ပြတ် ဖြစ်ခဲ့ပြီးသားလို့ မောင်ပြောခဲ့ပါပကော”

ဒါနဲ့တောင် သူက ဒီလောက်စွဲစွဲလမ်းလမ်း ဖြစ်နေတာ မောင် ထားကိုကွာပြီး သူ့ကိုပဲယူလိုက်ပါတော့”

ကျွန်မစကားက ရင့်သီးသွားသည်လားမသိ။ မောင် ကျွန်မပါးစပ်ကို လှမ်းပိတ်လိုက်သည်။


တော်တော့ ထား ။ နောက်ကို ဒီလိုစကားမျိုးမပြောနဲ့”

မောင် စံပယ့်ဘက်ကပဲ နာသည်လား၊ ကျွန်မဘက်ကပဲ စိတ်ထိခိုက်သည်လားမသိ။ မောင့်လက်က ကြမ်းတမ်းပြင်းထန်လှသဖြင့် ကျွန်မပါးနှစ်ဖက် နာကျင်သွားသည်။ ရင်ထဲက ပိုလို့သာ နာမိပါ၏။ ရက်စက်ပေဦးတော့ မစံပယ်။

* * *

ကျွန်မ သတင်းစာဖတ်လျှင် နောက်ကျောဘက်မှ စ၍ ဖတ်လေ့ရှိသည်။ သာရေး၊ နာရေးသတင်းများ၊ စာအုပ်ကြော်ငြာများ၊ ရုပ်ရှင်ကြော်ငြာများကို ကျွန်မစိတ်ဝင်စားသည်။ သူငယ်ချင်းတွေထဲက ဘယ်သူတွေ လက်ထပ်သွားပြီလဲ ကျွန်မ အမြဲရှာ၏။ တစ်နေ့တွင် သတင်းတစ်ပုဒ်ကို ကျွန်မတွေ့သည်။

ကိုကြည်မောင်နှင့်ဖြူနှင်းလွင်”

လက်ထပ်ပြီးစီးခြင်း သတင်းတစ်ပုဒ်ဖြစ်၏။ ဖြူနှင်းလွင်ဆိုသော နာမည်ကို ကျွန်မသိသည်။ ရုတ်တရက် လူပုံပန်းကို စဉ်းစား၍မရ။ အတန်ကြာမှ ဖျက်ခနဲသတိရလိုက်သည်။ ဟုတ်ပြီ။ စံပယ် .. စံပယ် … မောင့်အချစ် စံပယ်။ အထွေးပြောပြ၍ သိရဖူးသည်က တက္ကသိုလ်ရောက်မှ ပြောင်းသည့်နာမည်က ဖြူနှင်းလွင်။ ဒါကလည်း မောင့်အမည်ကို အစွဲပြု၍ ပြောင်းခြင်းဖြစ်သည်။ မောင့်အမည်က ကိုအောင်လွင်။

သူ လက်ထပ်လိုက်ပြီကိုး။ မောင့်ဆီကို ပို့စကတ်တွေ မရောက်တာတောင် အတော်ကြာပြီပဲ။ မောင်နှင့် ရန်ဖြစ်ရသည့်နေ့ကစ၍ပဲ ထင်သည်။ မောင်ဘယ်လိုစီစဉ်ခဲ့သည်မသိ။ ခုတော့ သူလက်ထပ်လိုက်ပြီ။ ကျွန်မ မျှော်လင့်သည့်နေ့ကို ရောက်ခဲ့ပြီ။

သိကြရောပေါ့ စံပယ်ရယ်။

သည်အပတ် ဗိုလ်ချုပ်ဈေးကို ကျွန်မသွားသည်။ ကျွန်မမှာ ဝယ်စရာ ထွေထွေထူးထူးမရှိ။ ပို့စကတ်လှလှလေးတွေ ရောင်းသော ဆိုင်များကိုသာ သွားသည်။ ကျွန်မလိုချင်သောပုံကို ရှာသည်။ တော်တော်နှင့် စိတ်ကြိုက်မတွေ့နိုင်။ နောက်ဆုံး အကောင်းဆုံး ဖြစ်မည်ထင်ရသော ပုံတစ်ပုံကို ရွေးချယ်လိုက်ရသည်။ သာယာလွမ်းမောဖွယ်ကောင်းသော ရှုမျှော်ခင်းကို နောက်ခံထား၍ အမျိုးသမီးလေးတစ်ယောက် မတ်ကပ်ရပ်နေသည်။ သူ့ဟန်က နွမ်းလျလျဖြစ်သည်။ အနီးရှိ ရေပြင်ကျယ်ဝယ် ဘဲငန်းလေးနှစ်ကောင် ရေကူးနေသည်။ မောင်နှံဖြစ်၏။ အမျိုးသမီးငယ်သည် တူစုံမောင်နှံ ဘဲငန်းလေးနှစ်ကောင်ကို ကြည့်၍ စိတ်မကောင်းဖြစ်ဟန်ဖြစ်၏။

ဟန်တော့ကျပြီ။ ဒါတောင် စိတ်ကြိုက်မတွေ့လှသေး။ ပို့စကတ်မှာ တစ်မတ်တန် အညံ့စားဖြစ်၏။ ပန်းချီကလည်း ညံ့သည်။ လူပြိန်းကြိုက်၊ ကလေးကြိုက်ဖြစ်သည်။ သို့သော် မတတ်နိုင်။

ပို့စကတ်ပေါ်တွင် ဦးကြည်မောင်၏ ရုံးလိပ်စာကို အလှပဆုံး ဖြစ်အောင်ကြိုးစား၍ ရေးလိုက်သည်။ သူတို့နှစ်ယောက် ရာထူးနှင့် ဌာနများကို မင်္ဂလာသတင်းထဲမှ ကျွန်မကူးယူထားသည်။ နှစ်ယောက်လုံး တစ်ရုံးတည်း၊ တစ်ဌာနတည်းဖြစ်၏။

ပေးပို့သူနေရာမှာ မည်သည့်အမှတ်အသားမျှ မရေးဘဲ စာတိုက်မှ ကိုယ်တိုင်အသေအချာ ထည့်လိုက်သည်။ သို့သော် ကျွန်မ ရောက်စေချင်သည်မှာ ဦးကြည်မောင်ဆီသို့မဟုတ်၊ ကံကောင်းထောက်မ၍ ဤပို့စကတ်လေးသည် မစံပယ်လက်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ပါစေသား။

ကျွန်မသည် သဘောထားကြီးသူ မဟုတ်ပါ။ သာမန်မိန်းမများမှ မိန်းမတစ်ယောက်ပင် ဖြစ်ပါ၏။ ဝန်တိုတတ်သည်။ နာကြည်းတတ်သည်။ တုံ့ပြန်တတ်သည်။ လုပ်ချင်တာ လုပ်လိုက်ပြီးမှ ကျွန်မစိတ် မငြိမ်မသက် ဖြစ်နေသည်။ ခုလောက်ဆိုရင် ဦးကြည်မောင်ထံသို့ ထည့်လိုက်သော မိန်းမ လက်ရေးနှင့် ပို့စကတ်လေးသည် မစံပယ်လက်ဝယ်သို့ ရောက်လောက်ပြီ။ သူမလက်ထဲမှ ရောက်ပါ့မလား။ ရောက်ပါစေဟု ဆုတောင်းနေမိ၏။ မစံပယ်စိတ်ဝယ် သို့လော သို့လော စနောင့်စနင်းဖြစ်ပါစေ၊ အနှောင့်အယှက်ဖြစ်ပါစေ။

ညနေ ၃နာရီ ထိုးပြီ ။ မစံပယ် မည်သို့ဖြစ်မည် ကျွန်မ မသိ။ ဖြစ်စေဥိးတော့ ရုံးမှာပဲ ရှိသေးသည်မို့ အောင့်အည်း နေရပေမည်။ အိမ်ရောက်မှသာ ပြဿနာဖြစ်ရပေမည်။

ကျွန်မသည် တယ်လီဖုန်းလမ်းညွှန်မှ နံပါတ်တစ်ခုကို ရှာကာ လှည့်လိုက်သည်။ ဖြူနှင်းလွင်နှင့် စကားပြောခွင့် တောင်းလိုက်၏။


ဟုတ်ကဲ့ ပြောပါရှင်”

တစ်ဘက်မှအသံသာသာလေးကို ကြားရသည်။


ဒေါ်ဖြူနှင်းလွင်လား”

ကျွန်မကလည်း အသံကို အကြည်ဆုံး၊ အသာဆုံးဖြစ်အောင် ကြိုးစားကာ မေးလိုက်သည်။


ဟုတ်ပါတယ်”

ကျွန်မ မိုးသူဇာပါ”

အမည်ရင်းကို မပြောလိုသေးသဖြင့် စိတ်ကူးရရာ နာမည်လှလှလေးတစ်ခုကို အားကျမခံ သုံးလိုက်၏။


ရှင်”

တစ်ဘက်မှ အံ့ဩသံလေး ထွက်လာသည်။


ဟိုလေ အဲ ကိုကြည်မောင်”

ကျွန်မက ရုတ်တရက် ဘာပြောရမှန်း မသိဟန်ဖြင့် လေသံကို ဆွဲထားလိုက်သည်။ သူမကို “ဒေါ်” တပ်ခေါ်ပါလျက် ဦးကြည်မောင်ကို ရင်းနှီးသူတစ်ယောက် ဟန်ပန်ဖြင့် “ဦး” မတပ်ဘဲ ခေါ်လိုက်၏။


အစ်ကိုမောင့် မိတ်ဆွေလား”

သူကလည်း အလာကြီးပဲ။


အို အို မိတ်ဆွေတော့ မဟုတ်ပါဘူး။ ဒီလိုပါပဲ။ မိုး သူ့ဆီကို ထည့်လိုက်တဲ့ ပို့စကတ်လေးလေ”

ဪ ဒေါ်မိုးသူဇာ ထည့်လိုက်တာလား ။ နေပါဦး ။ သူနဲ့ ဒေါ်မိုးသူဇာနဲ့က”

တစ်ဘက်မှ အသံမာလာသည်။ ကျွန်မ ကျိတ်၍ပြုံးလိုက်၏။


ပို့စကတ်တော့ သူ့ဆီ မရောက်တော့ဘူး ထင်ပါရဲ့”

ဒီမှာ ဒီမှာ ဒေါ်မိုးသူဇာ။ ဘာသဘောနဲ့ ဒီပို့စကတ်ကို သူ့ဆီ ရောက်စေချင်ရတာလဲ။ ရှင်နဲ့သူနဲ့ ဘယ်လိုပတ်သတ်နေလို့လဲ”

အမျိုးသမီးရန်တွေ့ချေပြီ။


အို ဘာသဘောနဲ့ ပို့စကတ်ပို့တယ်ဆိုတာတော့ ဒေါ်ဖြူနှင်းလွင် အသိဆုံးနေမှာပေါ့။ ဘယ်လိုပတ်သတ်တယ် ဆိုတာလဲ ဖြူနှင်းလွင် သိနိုင်ပါတယ်”

ဘယ်လိုလဲ ကျွန်မကို .. အဲ ဖြူ့ကို ရှင်းရှင်းပြောစမ်းပါ ဒေါ်မိုးသူဇာ”

သူမ၏အသံများ မသိမသာတုန်နေသည်။ ကျွန်မအသံလည်း မသိမသာ တုန်လာသည်။


အချစ်နဲ့ရော ဘဝနဲ့ပါရင်းပြီး တည်ဆောက်ရတဲ့ အိမ်ထောင်တစ်ခုကို ဘယ်လို အနှောင့်အယှက်မျိုးမှ မဝင်စေ့ချင်ကြတာ ဓမ္မတာပါပဲ ဒေါ်ဖြူနှင်းလွင်”

ဘာတွေပြောနေတာလဲ။ ရှင်းရှင်းပြောစမ်းပါ”

ဒီလောက်လဲ ဒေါသမကြီးပါနဲ့။ တကယ်တော့ ကျွန်မဟာ ဦးကြည်မောင်နဲ့ ဘယ်လိုမှ မပတ်သက်ပါဘူး။ မိုးသူဇာလဲ မဟုတ်ပါဘူး။ ဦးအောင်လွင်ရဲ့ ဇနီး ခင်ထားထားပါ မစံပယ်”

နောက်ဆုံးစကားလုံးများကို သူမပြတ်ပြတ်သားသား ကြားနိုင်ရန် ကျွန်မက ပီပီသသကြီး ပြောချလိုက်ပြီး တယ်လီဖုန်းကိုလည်း အမြန်ဆုံးချပစ်လိုက်ပါသည်။

ကျွန်မရင်ထဲမှာ ပေါ့သွားသည်။ အနှစ်နှစ်အလလက တင်ရှိနေသော ရာဇဝင်အကြွေးကို ပေးဆပ်လိုက်ရသကဲ့သို့ပင် ဖြစ်၏။

သို့သော် ကျွန်မသည် ဖူးသစ်စ အိမ်ထောင်တစ်ခုကို သံသယတွေ ပဋိပက္ခတွေဖြင့် ထိခိုက်နစ်နာသွားစေနိုင်လောက်အောင် ရည်ရွယ်တုံ့ပြန်ခြင်း မရှိခဲ့ပါ ဆိုသည်ကိုတော့ ဖြူနှင်းလွင်ခေါ် မစံပယ်တစ်ယောက် သိနားလည်တန် ကောင်းပါရဲ့။

                                        #မိုးမိုး (အင်းလျား)
                                      တိုင်းရင်းမေ၊ ၁၉၇၄။