Sep 13, 2018

9ဟာမန်ဟက်(စ်)၏ ဒဿန သို့မဟုတ် သိဒ္ဓတ္ထကို လေ့လာခြင်း [ ဝေဖန်စာ ]

9ဟာမန်ဟက်(စ်)၏ ဒဿန သို့မဟုတ် သိဒ္ဓတ္ထကို လေ့လာခြင်း [ ဝေဖန်စာ ]

- ဂျိုဇော် -

နိဒါန်း

ဟာမန်ဟက်(စ်) ( HERMAN HESSE ) ရေးသား၍ ဆရာပါရဂူ မြန်မာပြန်ဆိုသော သိဒ္ဓတ္ထ ဝတ္ထုကြီးကို ကျွန်တော်သည် အထက်တန်းကျောင်းသားဘဝက တစ်ကြိမ်၊ တက္ကသိုလ်ကျောင်းသားဘဝက တစ်ကြိမ်၊ ယခုတစ်ကြိမ် သုံးကြိမ် ဖတ်ရှုခဲ့ပါသည်။ ယခု နောက်ဆုံးအကြိမ် ဖတ်ပြီးသောအခါ ခေါင်းထဲတွင် အတွေးများပေါ်လာသဖြင့် ဤဆောင်းပါးကို ရေးသွားဖြစ်ခြင်း ဖြစ်လေသည်။

မူရင်းဝတ္ထုရေးသူ HERMAN HESSE

ဟက်စ်ကို ၁၈၇၇ ခုနှစ်၌ ဂျာမဏီပြည်တွင် မွေးဖွားသည်။ မျိုးရိုးက လူမျိုးပေါင်းစုံ သွေးနှောနေသော်လည်း သူ့ကိုယ်သူ ဂျာမန်ဟု ခံယူခဲ့သည်။ ဂျာမန်ဘာသာဖြင့် စာပေရေးသားခဲ့သည်။ မိဘများက ပရိုတက်စတင့် ခရစ်ယာန်များ ဖြစ်၏။ သူသည် ငယ်စဉ်က ဘာသာရေးအပေါ် စိတ်တိုင်းမကျခဲ့ပေ။ ဘာသာရေးကြောင့် စိတ်ဓာတ်ကျဆင်းပြီး ကိုယ့်ကိုယ်ကိုပင် သေကြောင်းကြံစည်ခဲ့ဖူး၏။

အရွယ်ရောက်လာသောအခါ အိမ်ထောင်သုံးဆက် ပြောင်းခဲ့သည်။ စာပေများလည်း ရေးသားလာခဲ့သည်။ လူမျိုးကြီးဝါဒဖြင့် စစ်သွေးကြွနေသော ဂျာမန်စာဖတ်ပရိသတ်၏ ဝိုင်းပယ်ခြင်းကို ခံခဲ့ရသည်။ ဖခင်ဆုံး၊ ဇနီးက ရူးသွပ်၊ သားက သေလုမျောပါး ရောဂါဖြစ်သဖြင့် သူကိုယ်တိုင် စိတ်ရောဂါဖြစ်ကာ စိတ်ကုဆရာဝန်နှင့် ပြသခဲ့ရဖူး၏။

ဟက်စ်ကို အရှေ့တိုင်းစာပေနှင့် အရှေ့တိုင်း အတွေးအခေါ်များ များစွာ လေ့လာဆည်းပူးထားသူဟု ဆိုကြသည်။ သူသည် သီဟိုဠ်၊ စင်္ကာပူနှင့် မလေးရှားကျွန်းဆွယ်များသို့ ခရီးသွားခဲ့ဖူးပြီး အိန္ဒိယ၌ တော်တော်ကြာကြာ နေထိုင်ခဲ့ဖူးလေသည်။

စိတ်ကို ခွဲခြမ်းစိတ်ဖြာသည့် ဝတ္ထုများ အရေးသန်ခဲ့၍ ဤသိဒ္ဓတ္ထဝတ္ထုသည်လည်း ဗုဒ္ဓပေါ်ထွန်းနေသည့်ကာလ မဇ္ဈိမဒေသမှ ပုဏ္ဏားတစ်ယောက် တရားပေါက်သွားသည့်အကြောင်း ရေးသားထားခြင်း ဖြစ်လေသည်။

သံသယ

သိဒ္ဓတ္ထမြန်မာပြန်ကို ဖတ်ကြည့်သောအခါ အရေးအသားသည် လွန်စွာမှ ချောညက်ပြေပြစ်၍ စကားလုံးများ၊ စကားပြောများ၊ ဥပမာ ဥပမေယျများသည်လည်း လွန်စွာမှ မြန်မာဆန်နေသည်ကို တွေ့ရပါသည်။ ဘာသာပြန်ဆရာ ဘယ်လောက်ပဲတော်တော် တိုက်ရိုက်ဘာသာပြန်ဆိုသည် ( ဆီလျော်အောင် ပြန်ဆိုခြင်းမဟုတ် ) ဆိုလျှင်တော့ မြန်မာစာဖတ်ပရိသတ် နားနှင့်မျက်စိမှာ အနည်းငယ် ထောင့်နေတတ်စမြဲ ဖြစ်ပါသည်။

သို့သော်

မူရင်းစာရေးဆရာ ဟက်စ်ကလည်း အရှေ့တိုင်းစာပေနှင့် အရှေ့တိုင်းအဘိဓမ္မာကို များစွာ ဆည်းပူးလေ့လာထားသည်ဟု ဆိုထားခြင်း၊ ဝတ္ထုကလည်း အရှေ့တိုင်းနောက်ခံ အရှေ့တိုင်းဇာတ်ဆောင်များဖြင့် ဖွဲ့စည်းထားသည့် ဝတ္ထုဖြစ်နေခြင်း၊ မြန်မာပြန်ဆိုသူ ဆရာပါရဂူကလည်း အင်္ဂလိပ်၊ မြန်မာ၊ ပါဠိ၊ သက္ကတ ဘာသာရပ်များကို တတ်ကျွမ်းနိုင်နင်းသည့် ဆရာတစ်ဆူ ဖြစ်နေခြင်းကြောင့် သည်လောက် ညက်ညောပြေပြစ် ကောင်းမွန်နေခြင်း ဖြစ်လိမ့်မည်ဟု ယူဆမိပါသည်။

သို့သော်

ဟက်စ်သည် သိဒ္ဓတ္ထကို ဂျာမန်ဘာသာဖြင့် ရေးသားခဲ့ခြင်းသာ ဖြစ်ပါသည်။ ထိုမူရင်းကို မည်သို့သောပညာရှင်၊ မည်သို့သောပုဂ္ဂိုလ်က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်ကို မသိရပါ။ မြန်မာပြန်စာအုပ်၌လည်း ထိုအကြောင်း ဖော်ပြမထားပါ။

သာမန် အပျော်ဖတ်စာပေ၌ ဤအချက်သည် အရေးမကြီးလှသော်လည်း သိဒ္ဓတ္ထလို ဒဿနဝတ္ထုမျိုး၌ ဘာသာပြန်ဆိုမှုသည် အလွန်ပင် အရေးကြီးပါသည်။ တာဝန်လည်း ကြီးပါသည်။ စကားလုံးတစ်လုံး စကားတစ်ခွန်း အယူအကောက် လွဲသွားရုံမျှဖြင့် မူရင်းဒဿနကြီး ပျက်စီးသွားတတ်ပါသည်။ ဒဿနစာပေများ၊ ဒဿနဝတ္ထုများကို တိုက်ရိုက် ဘာသာပြန်ဆိုရမည်သာ ဖြစ်ပါသည်။ ဆီလျော်အောင် ဘာသာပြန်ဆိုလိုက်ခြင်းဖြင့်၊ ( ဆားတစ်ပွင့်စာမျှ လျှော့ခတ်ခြင်း၊ ပိုခတ်လိုက်ခြင်းဖြင့် ) မူရင်းအဓိပ္ပါယ် ( အရသာ ) ပျက်သွားနိုင်ပါသည်။ အင်္ဂလိပ်ဘာသာပြန်ဆရာသည် ဤဥပဒေသကို လိုက်နာခဲ့ပါရဲ့လား။ အရှေ့တိုင်းဒဿနကို ဟက်စ်နည်းတူ ဆည်းပူးလေ့လာထားပါရဲ့လား။ ဟက်စ်၏ အာဘော်ကို ထိုသူတို့မှတစ်ဆင့် ကျွန်တော်တို့ အပြည့်အဝ ရခဲ့ပါရဲ့လား။ ဤကား ကျွန်တော်၏ ပထမ သံသယ ဖြစ်ပါသည်။

တစ်ဖန် ထိုအင်္ဂလိပ်ဘာသာပြန်ကိုပင် ဆရာပါရဂူက မြန်မာဘာသာ ပြန်ဆိုခဲ့ပါသည်။ ဆရာပါရဂူသည် မြန်မာ၊ အင်္ဂလိပ်၊ ပါဠိ၊ သက္ကတဘာသာများကို နှံ့စပ်ကျွမ်းကျင်သည့်အလျောက် အင်္ဂလိပ်မှ မြန်မာသို့ ပြန်ဆိုသောအခါ ဆရာ၏ ဦးနှောက်မှာ ပြည့်မောက်နေသော ပါဠိ၊ သက္ကတ စာလုံးများဖြင့် ဆီလျော်အောင် ( အဓိပ္ပာယ် ပိုမိုပေါ်လွင် လေးနက်သွားအောင် ) ဖြည့်စွက် ဘာသာပြန်ခဲ့လေသလား။ မူရင်းအာဘော် မူရင်းရသကို ဆရာပါရဂူမှတစ်ဆင့် ဆားတစ်ပွင့်မျှ မပိုကြေး၊ မလိုကြေး ကျွန်တော်တို့ ရခဲ့ပါရဲ့လား။

ဤကား ကျွန်ုပ်၏ ဒုတိယသံသယ ဖြစ်ပါသည်။

သံသယဖြစ်စရာ အချက်များကလည်း ရှိနေပါသည်။ ဥပမာအချို့ကို ထုတ်နုတ်တင်ပြရလျှင် သိဒ္ဓတ္ထဝတ္ထု စာမျက်နှာ ၂၅ အောက်ခြေမှတ်စု၌ -

‘သိဒ္ဓတ္ထ ရွတ်ဆိုသော စကားမှာ ဆန္ဒောဂေယဥပနိသျှဒ် အဋ္ဌမ ပပါဌက စတုတ္ထ ခဏ္ဍဂါထာ ၄ - ၅ ဖြစ်သည်။ ယင်းဂါထာကို မူလ စာရေးဆရာ၏ စာ၌ မည်သို့ရေးထားသည်ကို မသိရသော်လည်း အင်္ဂလိပ်ဘာသာပြန်၌မူ အနက်အဓိပ္ပါယ်မျှကိုသာ ပြန်ထားသည်။ အနက်အဓိပ္ပါယ်ကား အမှန်စင်စစ်အားဖြင့် ဗြဟ္မဟူသော အမည်သည် သစ္စာဖြစ်၏။ ယင်းအချက်ကို တကယ်သိသူသည် နတ်ပြည် နတ်လောကသို့ နေ့စဉ်နေ့တိုင်း ရောက်ရှိ၏။ ( မြန်မာပြန်သူ )

စာမျက်နှာ ၂၆ အောက်ခြေမှတ်စု၌လည်း ဤပုံစံမျိုး ရေးသားထားသေးသည်။ ၄င်းတို့ကို ကောက်ချက်ဆွဲရလျှင် -

၁။ ဟက်စ်က မူရင်းတွင် ( ဂျာမန်လို ) ဘယ်လို ရေးထားသည် မသိပါ တဲ့။

၂။ အင်္ဂလိပ်ဘာသာပြန်၌မူ မနက်အဓိပ္ပါယ်မျှကိုသာ ပြန်ထားပါသည် တဲ့။

၃။ မြန်မာပြန်ဆိုသူ ဆရာပါရဂူသည်ကား ဘာသာရေး၊ သမိုင်း၊ စာပေ၊ ဘာသာဗေဒ နှံ့စပ်ကျွမ်းကျင်သည့်အလျောက် အင်္ဂလိပ် အနက်အဓိပ္ပါယ်မျှကို သိရုံမျှဖြင့် ဥပနိသျှဒ်ကျမ်းလာ ဂါထာ ဖြစ်သည်ကို လည်းကောင်း၊ ဥပနိသျှဒ်ကျမ်းကို လိုက်နာကျင့်သုံးသော ဂိုဏ်းသည် ဝေဒန္တဂိုဏ်း ဖြစ်သည်ကို လည်းကောင်း၊ ၄င်းတို့သည် လွတ်မြောက်ရာ သစ္စာတရားကို ‘ဗြဟ္မ’ ဟု လည်းကောင်း၊ ‘အတ္တ’ ဟု လည်းကောင်း လက်ခံကြ၍ အတ္တကို ကိလေသာများက ပိတ်ဆို့ထားကြသည်။ လှောင်ပိတ်ထားကြသည်။ အတ္တသည် ကိလေသာ အနှောင်အဖွဲ့မှ လွတ်မြောက်လျှင် ( လွတ်မြောက်အောင် ကိုယ်တိုင် ကျင့်ကြံအားထုတ်လိုက်လျှင် ) သံသရာမှ လွတ်မြောက်ပြီ။ မောက္ခကို ရပြီဟု ခံယူထားသော ဂိုဏ်းဖြစ်သည်ကို သိထားပြီး ဖြစ်သောကြောင့်သာ ဤသို့ ချောမွတ်ပြည့်စုံစွာ ပြန်ဆိုနိုင်ခြင်း ဖြစ်လေသည်။

မူရင်းစာရေးဆရာ ဟာမန်ဟက်စ်သည် ဤသို့ သိပါ၏လော။ အင်္ဂလိပ်ဘာသာပြန်ဆိုသူ မသိသည်ကတော့ သေချာလှပေသည်။

အထက်ပါ ဂါထာနှစ်ပုဒ်သာမက ဝတ္ထုတစ်ပုဒ်လုံးတွင် လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒုက္ခ၊ အနတ္တ၊ ပညတ်၊ ပရမတ်၊ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ နိဗ္ဗာန် စသော ပါဠိစကားလုံးများကို အများအပြားပင် တွေ့ရလေသည်။

ထိုစကားလုံးများကို မူရင်းဆရာ ဟက်စ်သည် တကယ်ပင် အဓိပ္ပာယ် တတ်သိနားလည်စွာဖြင့် သုံးနှုန်းခဲ့သလော။ ဂျာမန်ဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုသူကရော ထို စကားလုံးများ၏ အဓိပ္ပာယ်ကို မည်သို့နားလည်၍ မည်သို့ဖလှယ်ယူ ဘာသာပြန်ခဲ့သနည်း။ သို့မဟုတ်လျှင် အင်္ဂလိပ်မှ အနက်အဓိပ္ပါယ်မျှကို ဆရာပါရဂူက သူနိုင်နင်းတတ်ကျွမ်းသည့် ပါဠိစကားများဖြင့် ဂါထာနှစ်ပုဒ်တုန်းကလိုပင် ဆီလျော်အောင် အစားထိုးကာ ဘာသာပြန်ခဲ့လေသလော။

ဤသို့ ဘာသာပြန်ဆိုခဲ့ကြသည် ဆိုပါလျှင် သိဒ္ဓတ္ထသည် ဟက်စ်အာဘော် ဟက်စ်၏ဒဿနအဖြစ် မျိုးမစစ်တော့ဘဲ

၁။ ဟက်စ်
၂။ အင်္ဂလိပ်ဘာသာပြန်ဆိုသူနှင့်
၃။ ဆရာပါရဂူ သုံးယောက်ပေါင်း၏ စုပေါင်းစပ်ပေါင်းအာဘော် သုံးဦးပေါင်းဒဿန ဖြစ်ရချေတော့မည်။

ဤသံသယသည်လည်း အပျော်ဖတ်ဝတ္ထုများ၌ အရေးမကြီးလှသော်လည်း သိဒ္ဓတ္ထလို ကမ္ဘာကျော် ဒဿနဝတ္ထုကြီးမျိုး၌ မူရင်းစာရေးဆရာ၏ ဒဿနကို အကဲဖြတ်ရာ၌ လွန်စွာမှ အရေးကြီးလှပါသည်။

( ဒါဆို ခင်ဗျား ဂျာမန်လို မူရင်းရှာဖတ်ပါလားဟု တစ်စုံတစ်ယောက်က ဘုပြောလာလျှင်တော့ ကျွန်တော် ပြုံးပြီးသာ နေပါမည် )

ကျွန်တော်သည် သိဒ္ဓတ္ထကိုဖတ်ပြီး ဟာမန်ဟက်စ်၏ နှံ့စပ်မှုနှင့် တွေးခေါ်နိုင်စွမ်းအား၊ စိတ်ကို ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းအားကို လေးစားချီးမွမ်းချင်သော်လည်း ဤသံသယလေးကြောင့် တုံ့ တုံ့ နေပါသည်။

ဤသံသယကို ဆရာပါရဂူထံ လူကိုယ်တိုင်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ ရိုသေစွာ မေးမြန်းမည်ဟု ရည်ရွယ်ချက် ရှိသော်လည်း သိဒ္ဓတ္ထ ပရိသတ်အားလုံး သိသင့်သိထိုက်သည်။ မြန်မာစာပေအတွက်လည်း အကျိုးရှိမည်ဟု ယူဆမိပါသဖြင့် ဆောင်းပါးတွင် ထည့်သွင်း မေးမြန်းလိုက်ပါသည်။

( ဆရာပါရဂူခင်ဗျား။ အကြောင်းညီညွတ်သည့် အချိန်မှာ ဖြေကြားပေးပါ ခင်ဗျား )

ဟာမန်ဟက်စ်သည် သိဒ္ဓတ္ထဝတ္ထုကို ၁၉၁၉ ခုနှစ်တွင် စတင်ရေးသားပြီး ၁၉၂၂ ခုနှစ်ကျမှ ထုတ်ဝေနိုင်ခဲ့လေသည်။ ဆရာပါရဂူက ၁၉၇၁ ခုနှစ်၌ အင်္ဂလိပ်ဘာသာပြန်မှတစ်ဆင့် မြန်မာဘာသာ ပြန်ဆိုခဲ့ပါသည်။

ဤနေရာ၌ လိုအပ်မည်ထင်၍ အချက်အလက်အချို့ကို ကြားဖြတ်တင်ပြလိုပါသည်။

၁။ ဟိန္ဒူဝါဒသည် ဘယ်အချိန်က စတင်မှန်း သမိုင်းတွင် အတိအကျ မရှိပါ။

၂။ ဗုဒ္ဓဝါဒသည် ဘီစီ ၅၈၈ မှာ စတင်ပါသည်။

၃။ ခရစ်ယာန်ဝါဒသည် ဗုဒ္ဓဝါဒစတင်ပြီး ၆၁၈ နှစ်အကြာ အေဒီ ၃၀ မှာ စတင်ပါသည်။

၎။ အစ္စလမ်ဝါဒသည် ဗုဒ္ဓဝါဒစတင်ပြီး ၁၁၉၄ နှစ်အကြာ အေဒီ ၅၇၁ နောက်ပိုင်းမှာ စတင်ပါသည်။ ( မိုဟာမတ်ကို အေဒီ ၅၇၁ ၌ မွေးဖွားသည် )

၅။ ဟာမန်ဟက်စ်၏ သိဒ္ဓတ္ထသည် မြတ်ဗုဒ္ဓ ဓမ္မစကြာတရားဦးဟောပြီး နှစ်ပေါင်း ၂၅၁၀ နှစ်အကြာမှ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

သိဒ္ဓတ္ထဝတ္ထုသည် ဒဿနဝတ္ထု ဖြစ်ပါသည်။ ဝတ္ထုတစ်ပုဒ်လုံး၏ နောက်ဆုံးရည်ရွယ်ချက်၊ နောက်ဆုံးဒဿန၊ သိဒ္ဓတ္ထ နောက်ဆုံး တရားပေါက်သွားသော ဉာဏ်အမြင်သည် ‘ကမ္ဘာလောကအား ပေါင်းစည်းဆက်စပ်မှုအဖြစ် မြင်သည့်အမြင်’ ပင် ဖြစ်လေသည်။

ယင်းအမြင်သည် စကားလုံးသာ ကွဲမည်။ ဗုဒ္ဓဝါဒနှင့် ကွဲလွဲမှုမရှိဟု ဝတ္ထုနိဂုံးချုပ်၌ ဆိုထားချေသေး၏။ ဤအဆိုကြောင့်ပင် ကျွန်တော် ဤဆောင်းပါးကို ရေးဖြစ်သွားခြင်းလည်း ဖြစ်ပါသည်။ ဒဿနဝတ္ထု ဖြစ်သောကြောင့် ဇာတ်ကွက် ဇာတ်လမ်းရသကို အသားပေး မစဉ်းစားတော့ပါ။ ( ပုံသဏ္ဌာန်ကို မဆွေးနွေးတော့ပါ ) ဝတ္ထုပါ ဒဿနအယူအဆများ ( အကြောင်းအရာ ) ကိုပဲ ကျွန်တော် သဘောပေါက်သလို ဆွေးနွေးသွားမည် ဖြစ်ပါသည်။

သို့သော် သိဒ္ဓတ္ထကို မဖတ်ဖူးသေးသူများနှင့် ဖတ်ပြီး မေ့နေသူများအတွက် ဇာတ်လမ်းအကျဉ်းကို ဖော်ပြပေးရလျှင် -

[ ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှား ရှိနေချိန်၊ မဇ္ဈိမဒေသ၌ ဗြဟ္မဏ ( ပုဏ္ဏား ) မျိုးနွယ်ဖွား ‘သိဒ္ဓတ္ထ’ ဆိုသော လူငယ်တစ်ယောက် ရှိလေသည်။ သူသည် ဉာဏ်ပညာ ကြီးမား၏။ လုံ့လဝီရိယ ရှိ၏။ သစ္စာတရားကို အာသာငန်းငန်း ရှာဖွေလိုသူ ဖြစ်၏။ သူသည် ဗြဟ္မဏတို့၏ မိရိုးဖလာ ဘာသာရေးနှင့် ကျင့်စဉ်များကို အားမရနေသူ ဖြစ်၏။ တစ်နေ့မှာတော့ သူငယ်ချင်းဖြစ်သူ ‘ဂေါဝိန္ဒ’ ကို ခေါ်ကာ ဖခင်ကို ပုန်ကန်ပြီး သမဏေများထံသွားကာ သမဏကျင့်စဉ်ကို ကျင့်ကြံပြီး တရားကို ရှာဖွေလေသည်။ သို့သော် ကျေနပ်မှု မရ။ တရားကို မတွေ့။

ထို့နောက် နှစ်ယောက်သား သမဏများကို စွန့်ခွာလာပြီး ဗုဒ္ဓထံမှောက် ရောက်သွားပြန်လေ၏။ ဂေါဝိန္ဒသည် ဗုဒ္ဓတရားကို နာကြားပြီး ရဟန်းဝတ်သွားလေ၏။ သိဒ္ဓတ္ထကတော့ ဗုဒ္ဓ၏ နိဗ္ဗာန်ဆိုင်ရာ အယူအဆကို ဘဝင်မကျဖြစ်ပြီး ဗုဒ္ဓထံမှ ထွက်ခွာလာခဲ့ပြန်၏။

ထိုမှတစ်ဖန် လူ့ဘောင် အသိုင်းအဝိုင်းအတွင်း ဝင်ရောက်ကာ ‘ကမလာ’ ဟူသော ကခြေသည်မနှင့်တွေ့၊ ‘ကာမဆွာမိ’ ဟူသော ကုန်သည်ကြီးနှင့် တွေ့ပြီး လောကီအာရုံ ကာမဂုဏ် စည်းစိမ်တို့ကို ခံစားကာ တရားကို ရှာဖွေနေပြန်၏။ သို့သော် တရားကို မတွေ့။

နောက်ဆုံး လောကီစည်းစိမ်တို့ကို စွန့်ပယ်ကာ တောထွက်ခဲ့တော့၏။ တောတွင်း တစ်ခုသော မြစ်ကမ်းသို့ ရောက်ရှိသွားကာ ကူတို့သမား ‘ဝါသုဒေဝ’ နှင့် တွေ့ပြန်၏။ ဝါသုဒေဝနှင့်အတူ မြစ်ကမ်းနံဘေးမှာ ( မြစ်ကိုကြည့်ပြီး ) တရားထူးကို ရရှိသွားလေ၏။ ]

ဤကား ဇာတ်လမ်းအကျဉ်းတည်း။

ဤဝတ္ထုတွင် အခန်း ၁၂ ခန်း ပါရှိ၏။ အခန်းတိုင်းကို ခေါင်းစည်းငယ်များ တပ်ထားသည်။ ယင်းတို့မှာ -

၁။ ဗြဟ္မဏ၏သား
၂။ သာမဏေတို့နှင့်အတူ
၃။ ဂေါတမ
၎။ မှန်ကန်သောအမြင် ပွင့်သောမျက်လုံး
၅။ ကမလာ
၆။ လူထု၏အတွင်းဝယ်
၇။ လောကသံသရာ
၈။ မြစ်ကမ်းပါး၌
၉။ ကူးတို့ဆရာ
၁၀။ သားငယ်
၁၁။ ဥုံ
၁၂။ ဂေါဝိန္ဒ ဟူ၍ ဖြစ်လေသည်။

တစ်ခန်းချင်းစီ လေ့လာကြပါစို့။

၁။ ဗြဟ္မဏ၏သား

သိဒ္ဓတ္ထ၏ မျိုးရိုးဇာတိဖြစ်သော ဗြဟ္မဏနှင့် ၄င်းတို့၏ အယူဝါဒ ကျင့်စဉ်တို့ကို အနည်းငယ်တို့ထိကာ မိတ်ဆက်အဖွင့်အဖြစ် ဇာတ်ပျိုးထားသည်။ ဝတ္ထုဇာတ်လမ်း၏ အစဖြစ်၏။ သိဒ္ဓတ္ထ၏ ကိုယ်ရည်ကိုယ်သွေးကို စတင် ဖော်ပြထားသည်။ ဟက်စ်၏ ဒဿနရေးရာ အားထုတ်ချက် မပါသေး။ အထူးဆွေးနွေးစရာမရှိ။ ( ဤအခန်းကို ဖတ်ပြီး ဗြဟ္မဏတို့အကြောင်း စိတ်ဝင်စားလျှင် ဆရာကြီးဦးရွှေအောင်၏ အတ္တဝါဒမှ အနတ္တဝါဒသို့ ခရီးစဉ် စာအုပ်ကို ရှာပြီးဖတ်ပါလေ။ )

၂။ သမဏေတို့နှင့်အတူ

သိဒ္ဓတ္ထနှင့် ၄င်းမိတ်ဆွေ ဂေါဝိန္ဒတို့သည် ဗြဟ္မဏတို့၏ နတ်ပူဇော်ခြင်း အယူအဆနှင့် ကျင့်စဉ်ကို စွန့်လွှတ်ကာ သမဏတို့ထံသွား၊ သမဏအဖြစ်ကို ခံယူပြီး သမဏအကျင့်ကို ကျင့်ကြလေသည်။

သမဏအကျင့်ဆိုသည်မှာ နေလှန်းခြင်း၊ ရေချိုးခြင်း၊ မီးလှုံခြင်း၊ ဆူးပုံပေါ်တွင် အိပ်စက်ခြင်း စသည့် နည်းများဖြင့် ခန္ဓာကိုယ်အား ညှင်းပန်းနှိပ်စက်ကြခြင်း ဖြစ်၏။ ပိုင်ဆိုင်မှု မှန်သမျှကိုလည်း နှင်ထုတ်နိုင်မည်ဟု ခံယူလေသည်။ အတ္တသည် ကိလေသာမှ လွတ်မြောက်လျှင် သံသရာမှ လွတ်မြောက်ပြီဟု ယုံကြည်ကြလေသည်။

သိဒ္ဓတ္ထသည် သမဏတို့၏ ကျင့်စဉ်ကို အပြင်းအထန် ကျင့်သော်လည်း ငြိမ်းချမ်းမှုကို မရ။ လွတ်မြောက်မှုကို မရ။ သို့နှင့် သမဏေတို့ကို စွန့်ခွာခဲ့လေ၏။

ဗုဒ္ဓဒေသနာမှာတော့ ဤကျင့်စဉ်မျိုးကို အတ္တကိလမထာနုယောဂ ကျင့်စဉ်ဟု ခေါ်လေသည်။ အစွန်းတရား၊ အယုတ်တရားလမ်းစဉ်ဖြစ်၍ ရဟန်းတို့မကျင့်ရဟု တရားဦးဓမ္မစကြာမှာ အတိအလင်း ကြေညာထားလေသည်။

ဟက်စ်ကလည်း ဤကျင့်စဉ်ကို လမ်းမှားဟု သတ်မှတ်ခဲ့ပေသည်။ ဤကျင့်စဉ်ဖြင့် တရားမရနိုင်ဟု ဆုံးဖြတ်ခဲ့လေသည်။

ဤအခန်း၌ ဗုဒ္ဓဒေသနာတော်နှင့် ဟက်စ်၏ဒဿန သဘောချင်းတူမျှသည်ဟု မှတ်ချက်ချရပါမည်။

၃။ ဂေါတမ

ဤအခန်း၌ မြတ်ဗုဒ္ဓ၏ သစ္စာလေးပါးအကြောင်း၊ မဂ္ဂင်ရှစ်ပါးအကြောင်း၊ နိဗ္ဗာန်အကြောင်းများကို အမြွက်မျှ ရေးထားလေသည်။ သိဒ္ဓတ္ထသည် ဗုဒ္ဓ၏ လမ်းစဉ်အားလုံးကို ချီးမွမ်းထောက်ခံပြီးမှ နိဗ္ဗာန်ကို လက်ညှိုးထိုးကာ နိဗ္ဗာန်သည် ဘဝနှင့် ကွင်းဆက်ပြတ်နေသည်။ နိဗ္ဗာန်သည် ဘုရားတစ်ဦးတည်းသာ သိထားသည်။ လျှို့ဝှက်သောအရာဖြစ်သည်ဆိုကာ ဗုဒ္ဓကို ဖယ်ကြဉ်ခဲ့လေသည်။

ဤနေရာ၌ သိဒ္ဓတ္ထ၏ ဆင်ခြင်တုံတရားသည် သို့မဟုတ် ဟက်စ်၏ အသိဉာဏ်သည် နိဗ္ဗာန်ကို သဘောကျလက်ခံနိုင်လောက်သည့် အဆင့်ထိ မရှိသည်မှာ သဘာဝကျပါသည်။ ဗုဒ္ဓဝါဒသည် ဒဿနတစ်ရပ် မဟုတ်ပေ။ နိဗ္ဗာန်သည်လည်း ဆင်ခြင်တွေးခေါ်ရုံမျှဖြင့် သိအပ်၊ ခံစားအပ်၊ မျက်မှောက်ပြုအပ်သည့် အရာမဟုတ်ပေ။ ဝိပဿနာ ( အလုပ် ) ကို ကိုယ်တိုင် ကျင့်ကြံအားထုတ်မှသာ ကိုယ်တိုင်သိနိုင်သည့် အရာဖြစ်ရကား ဆင်ခြင်မှုကို အဆုံးစွန် တန်ဖိုးထားသော အနောက်တိုင်းဒဿနဆရာ ဟာမန်ဟက်စ်အဖို့ နိဗ္ဗာန်သည် လက်တွေ့ပြလို့မရတဲ့အရာ၊ ဆန်းတဲ့အရာ၊ ကွင်းဆက်ပြတ်နေတဲ့အရာဟု ( နှာ ၆၈ - ၆၉ ) သိဒ္ဓတ္ထကို စောဒက တက်ခိုင်းခြင်းမှာ သဘာဝ ကျပေသည်။

ဤအခန်းကိုဖတ်ပြီး ကျွန်တော် စဉ်းစားမိသည်မှာ ဟက်စ်သည် ဗုဒ္ဓအဘိဓမ္မာကို ဘယ်လောက်ပဲ လေ့လာထားပါတယ်ပြောပြော မည်ကာမတ္တမျှလောက်သာ လေ့လာ သဘောပေါက်ထားပုံ ရပါသည်။ တကယ်တမ်း နက်နက်နဲနဲ လေ့လာမိလျှင် နိဗ္ဗာန်ကို ဤသို့ လက်ညှိုး မထိုးတန်ရာ။ ဗုဒ္ဓအဘိဓမ္မာကို သုတမယဉာဏ်အားဖြင့် လက်ခံသဘောကျပြီ ဆိုလျှင်ကို သူသည် ဗုဒ္ဓဘာသာဝင်တစ်ယောက် သေချာပေါက် ဖြစ်ပေတော့မည်။ ထိုအခါ ဗုဒ္ဓအဘိဓမ္မာကို ကြားဖူးနားဝ မရှိသောသူတွေ အထင်ကြီး ကိုးကွယ်နေသော ဟက်စ်ဒဿနများသည်လည်းကောင်း၊ ဤသိဒ္ဓတ္ထဝတ္ထုကြီးသည်လည်းကောင်း ပေါ်ပေါက်လာမည် မဟုတ်တော့ချေ။

ဟက်စ်လို အတွေးအခေါ် ထူးချွန်သည့် ပုဂ္ဂိုလ်မျိုးသည် ဗုဒ္ဓဝါဒကို စနစ်တကျ လေ့လာကျင့်ကြံ အားထုတ်မည်ဆိုပါလျှင် နိုဗယ်ဆုကို မရသော်လည်း မဂ်ဆု၊ ဖိုလ်ဆုများ ရလေမလားဟု ကျွန်တော် အတွေးပွားနေမိပါသည်။

ဟက်စ်၏ ဇာတ်လိုက် သိဒ္ဓတ္ထ နိဗ္ဗာန်ကို ငြင်းပုံကလည်း လူပြိန်း ကြိုက်လောက်ပါ၏။ နိဗ္ဗာန်ဆိုသည်ကို အရှင်ဘုရားသည် ဆရာမရှိ။ ကိုယ်တိုင်ကျင့်၍ ကိုယ်တွေ့ခံစားရသည်ကို ယုံပါသည်တဲ့။ ( နှာ - ၇၀ )။ သို့သော် အခြားသူများအဖို့ အရှင်ဘုရား သွန်သင်ပြသမှုဖြင့် အရှင်ဘုရားနည်းတူ မည်သူမျှ နိဗ္ဗာန်ကို မရနိုင်။ နိဗ္ဗာန်သည် အရှင်ဘုရားတစ်ဦးတည်းသာ တွေ့ရှိသိမြင်ခဲ့တဲ့ လျှို့ဝှက်ချက်သာ ဖြစ်ပါတယ် တဲ့။ ထိုလျှို့ဝှက်ချက်နိဗ္ဗာန်ကို အရှင်ဘုရားသည် စကားအားဖြင့် လည်းကောင်း၊ တရားဒေသနာအားဖြင့် လည်းကောင်း၊ တစ်စုံတစ်ဦးအား ရှင်းလင်းပြောပြနိုင်မှာ မဟုတ်ပါ တဲ့။ ( နှာ - ၇၁ )

ဤနေရာ၌ ဗုဒ္ဓဖြည့်ဆည်းခဲ့သော ပါရမီတော်တို့ကိုလည်းကောင်း၊ ဂုဏ်တော်ကိုးပါးကိုလည်းကောင်း၊ ပညတ်တင်ခြင်းကိုလည်းကောင်း၊ အကျယ်ဆွေးနွေးရလျှင် ဆောင်းပါး ရှည်ရော့မည်။

နောက်ဆုံးတော့ သိဒ္ဓတ္ထသည်လည်း ဂေါတမဗုဒ္ဓကဲ့သို့ပင် ဆရာမတင်။ လွတ်မြောက်မှုတရားကို ကိုယ်တိုင် ထိုးထွင်းသိမြင်နိုင်ရန်အတွက် ဗုဒ္ဓထံမှ ဖယ်ကြဉ်ခဲ့လေသည်။

ဤနေရာ၌ သိဒ္ဓတ္ထ၏ အဘိဓမ္မာကလည်း မိမိကိုယ်ကို အားကိုးရေး၊ ဗုဒ္ဓ၏ အဆုံးအမကလည်း မိမိကိုယ်ကို အားကိုးရေး၊ တူသယောင်ယောင် ထင်ရသည်။ ( နှာ ၁၄ - ၁၅ ) ( ဆရာပါရဂူအမှာ )

မတူပါ။

ဗုဒ္ဓဘာသာမှာ ဗုဒ္ဓမှလွဲလျှင် ဆရာ ရှိကိုရှိရပါသည်။ ( ပစ္စေကဗုဒ္ဓါကိုတော့ ထားလိုက်ပါတော့ ) ထို ဆရာသမား ညွှန်ကြားပြသသည့်အတိုင်း မိမိကိုယ်ကို အားကိုးပြီး ဝိပဿနာအလုပ်ကို လုပ်မှ တရားရမည် ဖြစ်ပါသည်။ သမ္မာသမ္ဗုဒ္ဓလည်း မဟုတ်၊ ပစ္စေကဗုဒ္ဓါလည်း မဟုတ်ပါဘဲလျှက် ဆရာမတင် မိမိကိုယ်ကို အားကိုးပြီး တရားရှာလို့ကတော့ လုံးဝရလိမ့်မည် မဟုတ်ပါ။
ဤအခန်းသည် တကယ်တော့ ဟာမန်ဟက်စ်သည် ဗုဒ္ဓအယူဝါဒကို မှန်သလိုလိုပြောပြီးမှ သူ့ ဒဿန၊ သူ့ဝါဒ၊ ( ဆရာမရှိ၊ ကိုယ်တိုင်သိမှ တရားမှန်ဝါဒ ) သည်သာ အမှန်ဖြစ်ကြောင်း ဆွဲယူ ဖော်ထုတ်သွားခြင်း ဖြစ်လေ၏။

၎။ မှန်ကန်သောအမြင် ပွင့်သောမျက်လုံး
၅။ ကမလာ
၆။ လူထုအတွင်းဝယ်

ဤအခန်းများ၌ သိဒ္ဓတ္ထသည် ဗုဒ္ဓထံမှ ဖယ်ခွာလာကာ လူ့လောက အသိုက်အဝန်းထဲသို့ ပြန်လည် ဝင်ရောက်လာခဲ့၏။ ပုထုဇဉ်လူသားတို့ ကျင့်မြဲဓမ္မတာဖြစ်သည့် ဝတ္ထုအာရုံ ကာမဂုဏ်စည်းစိမ်တို့ကို ခံစားသည့် ရွာနေသူတို့၏ ကျင့်စဉ်ကို၊ ကျင့်သည့် အကြောင်းများကို တော်တော်လေး စာမျက်နှာပေး ရေးသားထားလေသည်။ သိဒ္ဓတ္ထနှင့် ကခြေသည်မလေး ကမလာ ချစ်တင်းနှီးနှောပုံ၊ သိဒ္ဓတ္ထနှင့် ကုန်သည်ကြီး ကာမဆွာမိ စီးပွားရှာကြပုံများကို စာဖတ်သူ စိတ်ဝင်စားအောင် ဆွဲဆောင်ရေးသား ထားလေသည်။

သည်မှာလည်း သိဒ္ဓတ္ထသည် တရားမတွေ့ဘဲ ဖြစ်နေပြန်၏။ နောက်ဆုံး ကာမဂုဏ် စည်းစိမ်ပိုင်ဆိုင်မှု ဟူသမျှတို့ကို ငြီးငွေ့စွန့်လွှတ်ကာ တရားစစ်တရားမှန်ရှာရန်အတွက် တောထွက်ခဲ့လေသည်။

လောကီအာရုံ ကာမဂုဏ်စည်းစိမ်ကို မပယ်ဘဲ ရွာနေသူတို့၏ အကျင့်ကို ကာမသုခလ္လိကာနုယောဂ ကျင့်စဉ်၊ အယုတ်တရား ကျင့်စဉ်၊ အစွန်းတရား ကျင့်စဉ်အဖြစ် ဗုဒ္ဓမြတ်စွာသည် တရားဦးဓမ္မစကြာ၌ အတိအလင်း ဟောကြားထားပြီး ဖြစ်လေသည်။

ဤအခန်း၌ ဗုဒ္ဓဝါဒနှင့် ဟက်စ်၏ ဒဿန ဆင်တူသည်ဟု ဆိုနိုင်ပါသည်။

၇။ လောကသံသရာ

ဤအခန်းသည် သိဒ္ဓတ္ထ သံဝေဂဉာဏ် ဖြစ်ပေါ်လာခြင်းအကြောင်းကို ရေးသားထားခြင်း ဖြစ်၏။ ရုပ်ဝတ္ထုပစ္စည်းကြွယ်ဝ ချမ်းသာခြင်းနှင့် ကာမဂုဏ်အာရုံ အမျိုးမျိုးခံစားခြင်းကို သုခ။ ‘ဘဝတာတိုတိုမှာ အရသာချိုချိုရှာ’ ဟူသော ဒဿနာကို အကြိုက်များသည့် အနောက်တိုင်းယဉ်ကျေးမှုတွင် ဒါတွေကို ဒုက္ခ ငြီးငွေ့စရာဟု ရေးပြသော ဟာမန်ဟက်စ်သည် သူ့ပရိသတ်နှင့်သူ လူထူးလူတော် ဖြစ်ဖွယ်ရှိသော်လည်း ဗုဒ္ဓက နှစ်ပေါင်း ၂၅၁၀ စောပြီး ဟောခဲ့ပြီးပါပြီ။

၈။ မြစ်ကမ်းပါးပေါ်၌

သိဒ္ဓတ္ထသည် ကာမသုခလ္လိကာနုယောဂ ကျင့်စဉ်ကို ကျင့်ခဲ့ပယ်ခဲ့ပြီးပြီ။ အတ္တကိလမထာနုယောဂ ကျင့်စဉ်ကိုလည်း ကျင့်ခဲ့ပယ်ခဲ့ပြီးပြီ။ မဇ္ဈိမပဋိပဒါ အလယ်လမ်းဖြစ်သည့် မဂ္ဂင်ရှစ်ပါးလမ်းစဉ် ( ဗုဒ္ဓလမ်းစဉ် ) ကိုလည်း ငြင်းပယ်ခဲ့ပြီးပြီ။ သိဒ္ဓတ္ထတရားပေါက်ဖို့၊ လွတ်မြောက်ဖို့ ဘယ်လမ်းကို လျှောက်မည်နည်း။ သိဒ္ဓတ္ထ လမ်းစပျောက်နေပြီ။ ဟက်စ်သည် ဤနည်းဖြင့် သူ့စာဖတ်ပရိသတ်ကိုလည်း လမ်းစပျောက်ခိုင်းလိုက်၏။ ( ထို စာဖတ်ပရိသတ်သည် ဗုဒ္ဓဘာသာမဟုတ်သော စာဖတ်ပရိသတ်သာ ဖြစ်ပါလိမ့်မည်။ )

ဤသို့ဖြင့် လွတ်မြောက်ရေး လမ်းစပျောက်နေသာ သိဒ္ဓတ္ထသည် သူ့ဘဝသူ အလွန်ပင် အားငယ်သွားလေ၏။ စိတ်ပျက်သွားလေ၏။ ရွံ့မုန်းသွားလေ၏။ သူ့ဘဝသည် မိုးကြိုးပစ်ခံရပြီး ( သို့မဟုတ် ) ကျားကိုက်ခံရပြီး ( သို့မဟုတ် ) အဆိပ်သောက်ပြီး သေတာမှ ကောင်းဦးမည်ဟု အမှောင်ချပစ်လိုက်၏။ စာဖတ်သူ ( သူ့ပရိသတ် ) ကို ဤသို့ အမှောင်တိုက်ပြီးမှ သူ၏ မဟာဒဿန အလင်းရောင်ကြီးကို ဗြုန်းခနဲ ချပြလိုက်လေသည်။ ယင်းကား

‘ပစ္စုပ္ပန်မှာ မိမိဘဝ ဖြစ်တည်နေမှုသည်သာ အမှန်တရား’ ဟူသော ဝါဒ။

၉။ ကူးတို့ဆရာ
၁၀။ သားငယ်
၁၁။ ဥုံ

ဤအခန်းသုံးခန်းသည် ဤဝတ္ထု၏ အဓိကအခန်းများ ဖြစ်၏။ ဤအခန်းများ၌ ဟက်စ်သည် သူ၏ အယူအဆ၊ သူ၏ ဒဿနကို ဥပမာ၊ ဥပမေယျ၊ သင်္ကေတ၊ ဆင်ခြင်မှုမျိုးစုံဖြင့် တင်ပြထားလေသည်။

ဗုဒ္ဓတရားတော်ကို လေ့လာလျှင် အစ၏ ကောင်းခြင်း၊ အလယ်၏ ကောင်းခြင်း၊ အဆုံး၏ ကောင်းခြင်းနှင့် ပြည့်စုံသည်ကို တွေ့နိုင်၏။ ဟက်စ်၏ ဒဿန၌ ဤကဲ့သို့ လေ့လာ၍ မရ။ ဈင်ဝါဒများကို ဖျတ်ခနဲ သဘောပေါက်သည်ကို ယူရမည်လား မပြောတတ်ပါ။ သဘောပေါက်သည်များကို အချက်အလက် ထုတ်ကြည့်ရလျှင်

၁။ ဘဝသည် အတိတ်ကအရာများလည်း မဟုတ်။ အနာဂတ်က အရာများလည်း မဟုတ်။ ဖြစ်ခဲ့သည်ဆိုတာလည်း မဟုတ်။ ဖြစ်လိမ့်မည်ဆိုတာလည်း မဟုတ်။

၂။ ဘဝသည် ဖြစ်နေဆဲသာ ဟုတ်သည်။ ပစ္စုပ္ပန်သာ ဟုတ်သည်။ ပစ္စုပ္ပန်မှာ ဖြစ်နေဆဲ ရှိနေဆဲ အရာဝတ္ထုမှန်သမျှသည် အမှန်တရား ဖြစ်သည်။

၃။ ဘဝ၏ ဒုက္ခဆိုသည်များသည် အချိန်ပိုင်းအတွင်းမှာသာ ဖြစ်သည်။ ဒုက္ခသည် အတိတ်ကအရာလည်း မဟုတ်။ အချိန်ကာလကို လက်ခံထားသောကြောင့်သာ ရှိနေသာ အရာဖြစ်သည်။ အချိန်ကာလကို အနိုင်ရရှိသည်နှင့် တစ်ပြိုင်နက် အချိန်ကာလကို ပယ်ဖျောက်ပစ်နိုင်သည်နှင့် တစ်ပြိုင်နက် ငြိမ်းအေးလွတ်မြောက်မှုကို ရပြီ။ လူတွေသည် ဘဝကို အချိန်ကာလအတွင်းမှာ ထားနေကြသည်။ အတိတ် ပစ္စုပ္ပန် အနာဂတ်ကို လက်ခံပြီး ဒုက္ခကို ခံစားနေကြသည်။

၎။ လွတ်မြောက်လိုသောသူသည် ထိုဘဝမျိုးမှ ထွက်ပြေးခဲ့ရမည်။

၅။ အချိန်ကာလ၏ အပြင်ဘက်မှာ အပြင်လူတစ်ယောက်အဖြစ် နေထိုင်ရမည်။

ထိုသို့နေထိုင်ခြင်းသည်သာလျှင် အမှန်တရား ဖြစ်သည်။ သစ္စာတရား ဖြစ်သည်။

တကယ့်တကယ်လည်း အရာဝတ္ထုဟူသမျှသည် အတိတ်မှလည်း မရှိ။ အနာဂတ်မှလည်း မရှိ။ အချိန်အတွင်းမှာ မရှိ။ အချိန်၏ အပြင်ဘက်မှာ ရှိသည်။ ဒါမှသာ အမှန်တရားဖြစ်သည်။ ဒါသာ တစ်ခုတည်းသော အဓိပ္ပါယ်ဖြစ်သည်။ ဒါသာ တစ်ခုတည်းသော အနှစ်သာရဖြစ်သည်။

ယင်းအမြင်ကိုပင် ‘အရာဝတ္ထုအားလုံး၏ ပေါင်းစည်းဆက်စပ်နေခြင်းကို မြင်သောအမြင်’ ဟု အဓိပ္ပါယ် ဖွင့်လေသည်။

ကူးတို့သမား ဝါသုဒေဝနှင့်အတူ မြစ်ကိုကြည့်၊ မြစ်ကို သင်္ကေတပြု၍ အရာဝတ္ထုအားလုံး၏ ပေါင်းစည်းဆက်စပ်နေမှုကို ရှင်းလင်းတင်ပြခဲ့လေသည်။ ယင်းအမြင်ဖြင့် မြင်နိုင်ကြည့်နိုင်ပြီဆိုလျှင် အရာဝတ္ထုအားလုံး၊ လူသားအားလုံး၊ သတ္တဝါအားလုံးကို နှစ်သက်မြတ်နိုးစရာအဖြစ် ကြည့်နိုင် မြင်နိုင်လာမည်။ လေးစား တန်ဖိုးထားစရာအဖြစ် မြင်နိုင်လာမည်။ လူအပေါင်းတို့၏ အလိုဆန္ဒ၊ လှုပ်ရှားမှုမှန်သမျှ အားလုံး၌ ဘဝကိုလည်းကောင်း၊ အသက်ကိုလည်းကောင်း၊ မပျက်စီး မယိုယွင်းသော အရာကိုလည်းကောင်း၊ ဗြဟ္မကိုလည်းကောင်း မြင်လေပြီ။ တရားပေါက်ပြီ၊ လွတ်မြောက်ပြီဟု ဟက်စ်က တင်ပြထားလေသည်။

ဟက်စ်၏ တင်ပြချက်များ ( သိဒ္ဓတ္ထ၏ အယူအဆများ ) တွင် အနိစ္စသဘောလည်း ပါဝင်နေသည်။ ပစ္စုပ္ပန်တည့်တည့်ရှု သဘောလည်း ပါဝင်နေသည်။ ပညတ် ပရမတ်သဘောာလည်း ပါဝင်နေသည်။ ဗြဟ္မစိုရ်တရားသဘောများလည်း ပါဝင်နေသည်။ ဗြဟ္မတို့၏ အတ္တ၊ ဗြဟ္မ အယူအဆများကိုလည်း လက်ကမလွှတ်သေး။

၁၂။ ဂေါဝိန္ဒ

ဝတ္ထု၏ ဇာတ်သိမ်းခန်းဖြစ်သည်။ ဗုဒ္ဓဘာသာရဟန်းဖြစ်ပါလျက် ဘာဉာဏ်မှမရသေးသော ဂေါဝိန္ဒရဟန်းကို တရားပေါက်ပြီးသည့် သိဒ္ဓတ္ထက တရားပြသည့် အခန်းဖြစ်သည်။ သူ့တရားကတော့ အထက်မှာ တင်ပြခဲ့သည့် တရားများတည်း။

ဂေါဝိန္ဒရဟန်းက သူ့ဆရာဗုဒ္ဓ၏ အယူအဆနှင့် ကွဲလွဲနေကြောင်း စောဒကတက်သည်။ ဗုဒ္ဓ၏ သတ္တဝါတို့အပေါ် ထားရှိမည့် မေတ္တာ၊ ကရုဏာနှင့် သိဒ္ဓတ္ထတို့အပေါ် ထားရှိသော ချစ်ခြင်းသည် မတူဟု စောဒကတက်၏။ စကားလုံးချင်းသာ ကွဲချင်ကွဲမည်။ ဂေါတမဗုဒ္ဓ အယူအဆနှင့် သူ့အယူအဆ ကွဲလွဲမှုမရှိဟု သိဒ္ဓတ္ထက ( ဟက်စ်က ) အခိုင်အမာ ဆိုလိုက်လေသည်။

နောက်ဆုံး ဗုဒ္ဓ၏ တပည့်ရဟန်း ဂေါဝိန္ဓသည်ပင် သိဒ္ဓတ္ထအား ‘ဒုတိယ ဗုဒ္ဓပါကလား’ ဟု အသိအမှတ်ပြုကာ ဦးညွတ် အရိုအသေပြုလိုက်ခြင်းဖြင့် ဝတ္ထုကို အဆုံးသတ်ထားလေသည်။

နိဂုံး

ဟာမန်ဟက်စ်သည် ဤဝတ္ထုကို ၄ နှစ်နီးပါးကြာအောင် ရေးခဲ့ရသည်ဟု ဆိုပါသည်။ သိဒ္ဓတ္ထ၏ ရှေ့ပိုင်းဘဝများကို ရေးသားရာ၌ လက်သွက်ခဲ့သလောက် တရားပေါက်သွားသည့် သိဒ္ဓတ္ထကို ရေးဖွဲ့ရာ၌ တော်တော်နှင့် ရှေ့မတိုးနိုင် ဖြစ်ရသည်ဟု ဆိုပါသည်။

ရှေ့ပိုင်းသည် သူတစ်ပါး ဒဿနကို မှေးလိုက်ခြင်းဖြစ်၍ နောက်ပိုင်းသည် ကိုယ်ပိုင်ဒဿန ထူထောင်ခြင်းဖြစ်ရာ သည်လောက်တော့ ရှိပေမည်။

[ ဗုဒ္ဓသည် တရားပေါက်ဖို့ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကြိုးစားခဲ့ရ၍ ဟာမန်ဟက်စ်သည် ( သိဒ္ဓတ္ထ တရားပေါက်ဖို့ ) လေးနှစ်နီးပါး ကြိုးစားခဲ့ရချေသည်တကား ]

သိဒ္ဓတ္ထဝတ္ထု ဖတ်ပြီးသောအခါ သိဒ္ဓတ္ထ၏ ဒဿနသည် ဗုဒ္ဓ၏ အယူအဝါဒနှင့် မတူကွဲပြားကြောင်း ဗုဒ္ဓဘာသာ စာဖတ်သူအားလုံး တွေ့မြင်ကြပါလိမ့်မည်။

တကယ်တော့ ဟာမန်ဟက်စ်သည် အရှေ့တိုင်းဒဿန ( သမဏတို့၏ အယူဝါဒ၊ ဈင်အဘိဓမ္မာ၊ ဗုဒ္ဓအဘိဓမ္မာ ) နှင့် ဒဿနပင်လယ်မှာ သြဇာကြီးမား ရေပန်းစားနေသော ဖြစ်တည်မှုအဓိကဝါဒကို ပေါင်းစပ် စရနယ် စိတ်ကူးယဉ်လျက် သိဒ္ဓတ္ထကို ဖန်တီးလိုက်ခြင်း ဖြစ်ပေသည်။ ( ထို့ကြောင့်လည်း ကောလင်းဝီလဆင်က သူ့ကို ရိုမန်တစ်အပြင်လူ ဟု ကင်ပွန်းတပ်ခဲ့ခြင်း ဖြစ်တန်ရာသည်။ )

သိဒ္ဓတ္ထသည် သို့မဟုတ် ဟာမန်ဟက်စ်၏ ဒဿနသည် အရှေ့တိုင်းဒဿနကို ကြားဖူးနားဝ မရှိသေးသည့် အနောက်တိုင်း စာဖတ်ပရိသတ်အတွက် ဒဿန အထူးအဆန်းကြီးတစ်ခု ဖြစ်ခဲ့ရသလို ထေရဝါဒ ဗုဒ္ဓဘာသာမဟုတ်သော အရှေ့တိုင်း စာဖတ်ပရိသတ်အတွက်လည်း နှစ်သက်စူးစမ်းချင်စရာ ဖြစ်ခဲ့ရပါသည်။

သို့သော်

ထေရဝါဒ ဗုဒ္ဓဘာသာဖြစ်သော ကျွန်တော်တို့ မြန်မာစာဖတ်ပရိသတ်အဖို့မှာတော့ အမှောင်တိုက်ထဲက မိစ္ဆာဒိဌိ အယူဝါဒ တစ်ရပ်မျှသာ။

( ဂျိုဇော် )

……. ……. …….

ရည်ညွှန်း ။     ။ ၁၉၉၅ ထုတ်၊ စာပေဂျာနယ်၊ အတွဲ ၃ / အမှတ် ၂ ။
[ စာ ၁၀၅ - ၁၁၁ ]
……. ……. …….

#herman_hesse #siddhartha
#ဂျိုဇော် #သိဒ္ဓတ္ထ #ပါရဂူ
#ဝေဖန်စာ

ဒီဆောင်းပါးလေးရေးခဲ့တာ နှစ်၂၀ ကျော်ပါပြီ။ကျွန်တော်လူငယ်ဘဝ စာရေးစ က ရေးခဲ့တာပါ။ခုပြန်ဖတ်ကြည့် တော့ စကားလုံးကြမ်းတာ..နတ်နေဂိုဏ်းဆရာကြီးအပေါ် အဂါရဝလေသံလေးတွေပါနေတာတွေ့ ရပါတယ်။
ဆရာပါရှိစဉ်က လူချင်းဆုံပြီးဆွေးနွေးတောင်းပန်သြဝါဒခံယူတာတွေလည်း လုပ်ခဲ့ပြီးပါပြီ။ဆရာပါရဲ့ သြဝါဒအကျဉ်းကတော့" ဝတ္ထုကိုဝတ္ထုလိုပဲယူပါ။အနုပညာလို့ ပဲယူပါ။ဘာသာရေးငြင်းခုန်စရာ (ကိုယ်နဲ့ မတူလို့ )ပြစ်တင် ရှုတ်ချစရာမဟုတ်ဘူး။မလုပ်အပ်ဘူး " ဖြစ်ပါတယ်။ ကျွန်တော်လည်း အဲသည်အချိန်ကစပြီး အနုပညာပစ္စည်းကိုဘာသာရေးပေတံ..နိုင်ငံရေးပေတံသက်သက်နဲ့ တိုင်းတာတွက်ချက်ခြင်းမလုပ်တောပါဘူး ။
သိဒ္ဓတ္ထဟာ ကမ္ဘာမှာရောမြန်မာမှာပါ အင်မတန်အငြင်းပွားခဲ့ ကြတဲ့ဝတ္ထုပါ။ယခု ကိုထက်က ပြန်တင်မယ်ခွင့် တောင်းတော့ လူငယ်တွေ သိဒ္ဓတ္ထ ဝတ္ထုကြီးနဲ့ ဆရာပါ ဘာသာပြန်လက်စွမ်းကိုဖတ်ချင်စိတ်ဖြစ်လာမယ်..အကျိုးတစ်စုံတရာ ရှိလိမ့်မယ်ထင်လို့  မီးစိမ်းပြလိုက်ခြင်းဖြစ်ပါတယ် ။

ဂျိုဇော်

No comments:

Post a Comment