ဇာတ်ညွှန်းတစ်ပုဒ် ဆုံးရှုံးခြင်း - မင်းလူ
* * *
ဒီနေ့ ဘကြီးဇော် ရုပ်ရှင်ရိုက်စရာ မရှိ။
“အေးအေးဆေးဆေး နားမယ်၊ ညနေလောက် မင်းတို့နှစ်ကောင်လာခဲ့ဦး” ဟု မှာထားသည်။ ထို့ကြောင့် မျိုးသက်နှင့် ကျော်ကျော်တို့ ဘကြီးဇော်တို့အိမ်ဘက် လျှောက်လာခဲ့ကြသည်။
“လဆန်းကျရင် ဘကြီးဇော် ကားရိုက်ဖို့ နယ်ထွက်စရာရှိတယ်လို့ ပြောတယ်ကွ၊ နယ်ကိုယူသွားဖို့ ပစ္စည်းတွေ ဝယ်ခိုင်းမလို့ ထင်တယ်” ဟု ကျော်ကျော်က ပြောသည်။
မျိုးသက်က
“ဒီကားမှာဝတ်ဖို့ အဝတ်အစားတွေ ချုပ်ထားတယ်လို့ ပြောတယ်ကွ၊ အဲဒါတွေ ရွေးခိုင်းမလို့ ထင်တယ်ကွ”
သူတို့နှစ်ယောက်က ဘကြီးဇော်နှင့် မနီးမဝေးမှာ နေကြသည်။ ဘကြီးဇော်၏ ဝေယျာဝစ္စတွေ
ကူညီလုပ်ကိုင်ပေးနေကြသည်။ သားတပည့် တွေလို ဖြစ်နေကြ၏။ ဘကြီးဇော်က သူတို့အပေါ် ကူညီစောင့်ရှောက်ထားသည့် ကျေးဇူးတွေရှိသည်။ သူတို့ကလည်း အနွံအတာခံသည်။ ဘကြီးဇော်သည် အောက်သက် ကျေခဲ့သူဖြစ်၍ တော်ရုံ တန်ရုံလောက်ကို စိတ်တိုင်းမကျဘဲ ဆူပူနေတတ်သည်။ ပေးစရာကျွေးစရာ ရှိလျှင်လည်း ရက်ရက်ရောရော ရှိသည်။
“ငါက မင်းတို့ကို ဆူပူရုံပဲ လုပ်တာ၊ ငါတို့ ပညာသင်ခဲ့ရတဲ့ အချိန်က နားရင်းပါ အအုပ်ခံရတာကွ၊ မင်းတို့ ကံကောင်းတယ်၊ မှတ်ထား” ဟု ပြောလေ့ရှိသည်။
“ဟေ့ကောင် ကိုသက်.. ခုတလော ဘကြီးဇော်ကို ကြည့်ရတာ ထူးခြားသလိုပဲကွ"
“ဘာထူးခြားလို့လဲ”
“ငါတို့ကို သိပ်မဆူတော့ မပူတော့ဘူးလေကွာ”
“အောင်မာ.. မင်းက အဆူခံရတာများ အကောင်းမှတ်နေသလား၊ အေး.. ပြောလို့မရဘူး၊ ဒီနေ့ အဆူခံချင် ခံနေရမှာ”
ဘကြီးဇော် အိမ်ရှိရာ ခြံဝင်းထဲ ဝင်လိုက်သောအခါ အုံ့ဆိုင်းနေတတ်သော သစ်ပင်ကြီးများကြောင့် ညို့ခနဲ စိမ့်ခနဲ ဖြစ်သွား၏။ အေးချမ်းသာယာသော နေရာကလေးဖြစ်၍ ရောက်သည့်အခါတိုင်း
စိတ်ကြည်နူးရသည်။ သူတို့ဘက်သို့ ခပ်သုတ်သုတ် လျှောက်လာနေသော ဘကြီးဦးသောင်းညွန့်ကို တွေ့ရသည်။
သူတို့ကိုမြင်တော့
“ဟေ့ကောင်တွေ.. မြန်မြန်သွားကြ၊ ကိုဇော်လွင် သတိလစ်သွားလို့တဲ့၊ အခုပဲ မောင်ရူပ
ဆရာဝန် သွားပင့်လာတယ်”
“ဟာ” ဆိုသော အာမေဋိတ်ကို သံပြိုင်ရွတ်ရင်း ပြေးသွားကြသည်။ အိမ်ပေါ်ကို တက်လိုက်တော့
ဘကြီးဇော်က ပက်လက်လှန် လှဲနေသည်။ ဆရာဝန်က သူ့ရင်ဘတ်ပေါ် လက်ဖနောင့် နှစ်ဖက်နှင့် ဖိလိုက်၊ကြွလိုက်။ ခဏကြာတော့ ဆရာဝန်က မျက်လုံးကိုဖြဲပြီး လက်နှိပ်ဓာတ်မီးနှင့် ထိုးကြည့်သည်။ ပြီးတော့ ခေါင်းခါသည်။ မရတော့ဘူး။ ဆုံးနေပြီ။
ရုတ်တရက် တိတ်ဆိတ်သွားသည်။ ထို့နောက် အံ့အားသင့်စွာ ရေရွတ်မြည်တမ်းသံများ၊ စီခနဲ
ပွက်ညံသွားသော ငိုရှိုက်သံများ။ ဘကြီးဇော်ကို ကြည့်လိုက်တော့လည်း အိပ်နေသလိုပါပဲ။
သိပ်မထူးခြားလှပါဘူး။ ရုပ်ရှင်တွေ၊ ဗီဒီယိုဇာတ်ကားတွေထဲမှာ ဘကြီးဇော် သေဆုံးသည့် အခန်းတွေ မကြာခဏ ကြည့်ဖူးသည်။ ငယ်ငယ်တုန်းကဆိုလျှင် ရုပ်ရှင်ကြည့်ရင်း ငိုလိုက်ရတာ။ မျက်ရည်တွေ မသုတ်နိုင်ခင်မှာ “ပြီးပါပြီ” စာတန်းထိုးပြီး မီးတွေဖွင့်လိုက်လို့ မျက်ရည်စက်လက်နဲ့ လူမိသွားတော့ ရှက်ကိုးရှက်ကန်း ဖြစ်ခဲ့ရတာ။
ခုလည်း ဒီလိုပဲ။ ရုပ်ရှင်ထဲက အတိုင်းပဲ။ သိပြီ သိပြီ။ ဟိုတစ်ခါ ရုပ်ရှင်ရိုက်ကွင်းပေါ်
လိုက်သွားတုန်းကလိုပေါ့။ ဆရာဝန် ထွက်သွားတော့မှ မျက်လုံးကို ဖွင့်ကြည့်ပြီး “ငါ့အိုက်တင် ကောင်းတယ်မဟုတ်လား” ဟု ပြုံးပြုံးကြီးလုပ်ရင်း မေးမှာမဟုတ်လား။ လုပ်မနေပါနဲ့ ဆရာဇော်ရာ။ ကျွန်တော်တို့ ဒီလောက်လည်း မတုံးမအသေးပါဘူး။
“ကတ်” ဟု အော်လိုက်သော ဒါရိုက်တာ၏ အသံများကို ကြားလေမလားလို့ နားစွင့်နေမိသေးသည်။ သို့ရာတွင်
ဒါရိုက်တာကို မတွေ့ရ။ တကယ်တော့ ဒီဇာတ်လမ်းကို ရိုက်ကူးနေသူမှာ ဘယ်သူမှ မမြင်နိုင်သော ဒါရိုက်တာကြီး ဖြစ်သည်။ သူစီစဉ်ညွှန်ကြားသည့် ဇာတ်လမ်းတိုင်း၏ ဇာတ်သိမ်းခန်းမှန်သမျှ ခုလို အဆုံးသတ်သည် ချည်းပင် ဖြစ်၏။ နိုးထခွင့် မရကြ။
မျိုးသက်က ကျော်ကျော်ကို ကြည့်လိုက်သည်။ ကျော်ကျော်ကတော့ ဘကြီးဇော်ကိုသာ
ငေးစိုက်ကြည့်နေ၏။
“မင်း ဘယ်လိုထင်လဲ ကျော်ကျော်၊ ဘကြီးဇော် သရုပ်ဆောင်ခဲ့သမျှတွေထဲမှာ ဒီတစ်ခါ အသက်အပါဆုံးပဲ”
“ဟုတ်တယ်.... အသက်အပါဆုံးပါပဲ ဘကြီးဇော်ရာ”
* * *
ချစ်ယမင်းသူသည် လွယ်အိတ်ကလေးလွယ်ပြီး ထွက်လာသည်။ ဘကြီးဇော်အိမ်ရှေ့ရောက်တော့
ခြေလှမ်းတုံ့သွားသည်။ ခါတိုင်းဆိုလျှင်..
“ဘဘဇော်ကြီး.. သမီး ကျောင်းသွားတော့မယ်”
ဟု နှုတ်ဆက်နေကျ။
ဒီနေ့တော့ နှုတ်ဆက်စရာ ဘဘဇော်ကြီး မရှိတော့။ ထိုအကြောင်းနှင့် ပတ်သက်၍ ခုချိန်ထိ သူ့စိတ်ထဲမှာ ထူးဆန်းသလို ဖြစ်နေသေးသည်။ လူတစ်ယောက် သေဆုံးခါနီးလျှင် ကြီးကြီးကျယ်ကျယ် နေမကောင်းဖြစ်ရမည်။ နောက်တော့ နေ့လားညလားပဲ စသည်ဖြင့် လူကြီးတွေ ပြောသံဆိုသံ ကြားရမည်။
ဒီနောက်မှ သေရတာ မဟုတ်လား။
ဒီဟာက ဒီလိုမဟုတ်ဘူး။ အဲဒီနေ့က မနက်ပိုင်းမှာ သူ့ကို စနေ နောက်နေသေးသည်။ အကြီးက အဝတ်တွေလျှော်မယ် လုပ်တော့..
“ထားလိုက်စမ်းပါကွာ.. ဒီနေ့ အေးအေးဆေးဆေး နားနားနေနေ စကားလေး ဘာလေး ပြောရအောင်၊
ညနေကျတော့ ငါးပတ်ချက် စားချင်တယ်ကွာ၊ ဈေးသွားရင် ဝယ်ခဲ့စမ်းပါ” လို့ ပြောနေတာ ကြားရသေးသည်။ ကျောင်းသွားခါနီး နှုတ်ဆက်တော့တောင်..
“ဆောင်းနေပေမယ့် သိပ်ပြင်းတယ်နော်၊ ဦးထုပ်ကလေး ဘာလေး ဆောင်းသွား” ဟု လှမ်းပြောသေးသည်။
ညနေ ကျောင်းကပြန်လာတော့ ဘကြီးဇော်ကြီး အိမ်ရှေ့မှာ လူတွေရှုပ်နေသည်။ မေးကြည့်တော့
ဘဘဇော်ကြီး ဆုံးလို့တဲ့။ ဘဘဇော်ကြီးနှင့် အိမ်နီးချင်းဖြစ်ရတာ ကောင်းသည်ဟု ချစ်ယမင်းသူ ထင်သည်။ သူက ကလေးတွေကို
ချစ်တတ်သည်။ စောင့်လည်း စောင့်ရှောက်သည်။
ကျောင်းမှာ သူငယ်ချင်းတွေနှင့် ဗီဒီယိုတွေ၊ ရုပ်ရှင်တွေအကြောင်း ပြောတဲ့အခါ ကိုယ်က
တစ်ပန်းသာသည်။ ဘယ်ဇာတ်ကားထဲမှာ ဘဘဇော်ကြီး သရုပ်ဆောင်တာ
ဘယ်လောက်ကောင်းကြောင်းသာ သူများတွေ ပြောနိုင်သည်။ ကိုယ်ကတော့ ဘဘဇော်ကြီး တစ်ခါတစ်ခါ သူကိုယ်တိုင် ချက်ပြုတ် စားသောက်တတ်ကြောင်း၊ ဖိုထိုးတာလည်း ဝါသနာပါကြောင်း၊ တိုင်းရင်းဆေးတွေ
ဖော်ပြီး အနီးအနားက လူတွေကို ဆေးကုသ ပေးတတ်ကြောင်း၊ မနက်အစောကြီး ထပြီး
ဘုရားရှိခိုးတတ်ကြောင်း။ အရိုင်းစံပယ် ဇာတ်ကားမှာ ဘဘဇော်ကြီး အကယ်ဒမီ ရသောအခါ ချစ်ယမင်းသူတို့ ဂုဏ်ယူလို့
မဆုံးနိုင်အောင် ဖြစ်ရသည်။ ဘဘဇော်ကြီးက ခွင့်ပြုသဖြင့် ရွှေစင်ရုပ်ဆုကို သေသေချာချာ
ကိုင်တွယ်ကြည့်ရှုခွင့်ရသည်။
“ရွှေနဲ့လုပ်ထားတဲ့ အရုပ်တဲ့၊ ဝင်းအိနေတာပဲဟယ်၊ လှသလား မမေးနဲ့” ဆိုပြီး ကျောင်းက သူငယ်ချင်းတွေကို ကြွားရတာ အမောပဲ။
ဒီနေ့လည်း ဘဘဇော်ကြီးအကြောင်းကို သူငယ်ချင်းတွေက မေးကြလိမ့်မည်။ ဆုံးသည့်နေ့ ညနေက လူတွေကြားက ခေါင်းလျှိုပြီး ချောင်းကြည့်ခဲ့သည်။
“အိပ်နေတဲ့အတိုင်းပါပဲဟယ်” လို့ ပြောရင်း သူငိုမလား မသိ။ ခုပင် မရည်ရွယ်ဘဲ မျက်လုံးကို လွယ်အိတ်နှင့် တို့သုတ်လိုက်မိမလို
ဖြစ်သွား၏။
“ဘဘဇော်ကြီး.. သမီး ကျောင်းသွားတော့မယ်နော်”
ဟု စိတ်ထဲကပင် နှုတ်ဆက်လိုက်သည်။
* * *
ညဆိုင်း အလုပ်ဆင်းရမည့် စက်ရုံအလုပ်သမား ကလေးများသည် ဖယ်ရီကားစောင့်ရင်း
ဦးဇော်လွင်အကြောင်း ပြောနေကြသည်။ သူတို့က ဦးဇော်လွင်၏ ပရိသတ်ဖြစ်၏။ ခုနောက်ပိုင်း
ဇာတ်ကားတွေသာမက ရုပ်မြင်သံကြားက ပြန်ပြသော ဇာတ်ကားဟောင်းတွေပါ ကြည့်ဖူးပြီး
သဘောကျနေကြသည်။ တစ်ညမှာ ဖယ်ရီကားနှင့် လိုက်လာရင်း ရွှေကြေးစည် လက်ဖက်ရည်ဆိုင်၏ အပြင်ဘက်စားပွဲမှာ ထိုင်နေသော ဦးဇော်လွင်ကို ရိပ်ခနဲ တွေ့လိုက်သည်။
“ဟယ်.. ဟိုမှာ ဦးဇော်လွင်” ဟု တစ်ယောက်က ပြောသည်။ တစ်ယောက်က “မဟုတ်နိုင်ပါဘူး၊ တူလို့ပါ” ဟု ဆိုသည်။ မီးရောင်က ခပ်မှိန်မှိန်မို့ တိတိကျကျ ထင်ထင်ရှားရှား မမြင်ရ။ ဟုတ်တယ် မဟုတ်ဘူး ငြင်းကြသည်။ နောက်တစ်နေ့ကျတော့ ဟုတ်လား မဟုတ်လား သိရအောင် အော်ခေါ်ကြည့်မည်ဟု ဆုံးဖြတ်ထားကြသည်။ ဆိုင်ရှေ့ ကားအဖြတ်တွင် သူထိုင်နေတာ တွေ့ရပြန်သည်။
“ဦးဇော်လွင်” ဟု သံပြိုင် ခေါ်လိုက်ကြသည်။ အံ့သြဟန်ဖြင့် လှည့်ကြည့်သည်။
“ဟေး.. ဟုတ်တယ် ဟုတ်တယ်”
သူတို့က အော်ခေါ်သောအခါ ကြောင်ငေးငေးကြည့်ရင်း ကျန်သည်။ နောက်နေ့တွေကျတော့လည်း သူတို့က အော်ခေါ်ကြပြန်သည်။ သူလှမ်းကြည့်လျှင် လက်ပြနှုတ်ဆက်ကြသည်။ အစပိုင်းတုန်းကတော့
လောင်နေတာဟု ထင်ဟန်တူသည်။ ခပ်တည်တည်ကြီး လုပ်နေသေးသည်။ နောက်တော့မှ ခင်မင်မှုကို အသိအမှတ်ပြုသည့် အနေဖြင့် ပြန်၍ လက်ပြနှုတ်ဆက်တတ်လာသည်။ ဒီလိုနှင့် အပြန်အလှန် နှုတ်ဆက်လာခဲ့ကြတာ လအတော်ပင် ကြာခဲ့သည်။
“အေးဟယ်.. ခုလို ရုတ်တရက်ကြီး ဆုံးပါးသွားတာ နှမြောဖို့ကောင်းလိုက်တာ” ဟု တစ်ယောက်က ပြောသည်။
“အေးဟာ.. သတင်းကြားတုန်းက ငါ မျက်ရည်တောင် ကျမိတယ်”
ဖယ်ရီကား ရောက်လာသဖြင့် တက်လိုက်လာ ကြသည်။ လက်ဖက်ရည်ဆိုင်ကို အဖြတ်တွင် အရင်ကလိုပင် လှမ်းကြည့်မိကြသည်။ ဆိုင်ပိတ်နေပြီး အပြင်က မီးမှိန်မှိန်အောက်တွင် လူသူကင်းမဲ့လျက်ရှိ၏။ သူတို့ရင်ထဲမှာ ဟာသွားသည်။ စက်ရုံကို သွားရာလမ်းကို ခရီးရှည်တစ်ခု ထွက်နေရသလို ထင်မိ၏။
ဘယ်သူမှ စကားမပြောကြဘဲ တိတ်ဆိတ်စွာ လိုက်ပါလာကြသည်။
* * *
အိမ်ထဲကအထွက်မှာ ယူနေကျ ပစ္စည်းတစ်ခုခု မပါသည့်အခါ၊ ထိုပစ္စည်းမှာလည်း ဘာမှန်း
စဉ်းစားလို့မရသည့်အခါ နေမထိထိုင်မသာ ဖြစ်နေသလိုမျိုးပင်။
“အေးဗျာ.. ဦးဇော်မရှိတော့ စိတ်ထဲမှာ ဟာတာတာနဲ့ တစ်ခုခု လိုနေသလိုပဲ”
ဟု ဦးကြည်ဝင်းက ပြောသည်။
“ဟုတ်တယ်.. ကျွန်တော်လည်း မျက်မှန် မေ့ကျန်လို့များလားလို့ ထင်မိသေးတယ်၊ ဒီလိုလည်း မဟုတ်ပြန်ဘူးဗျ”
ဦးတင်ငွေက ပြောသည်။
ဦးစန်းမြင့်က “အဲဒီနေ့က သတင်းကြားကြားချင်း ကျွန်တော် ရောက်သွားတာပဲ၊ နေက နည်းနည်းပြင်းတယ်ဗျ၊ နေ့လယ်ဘက်ကြီး ရေချိုးခေါင်းလျှော်တယ်တဲ့၊ ဒါကြောင့်ရယ်လို့လည်း ပြောလို့ မရပါဘူး၊ ဖြစ်ချိန်တန်လို့
ဖြစ်ရတာပဲလို့ စိတ်ကို ဖြေရမှာပဲ၊ ဒါပေမဲ့ တကယ်တမ်းကတော့ ဖြစ်ချိန်မတန်သေးပါဘူးဗျာ”
“သူက ကားရိုက်တဲ့အခါ လျှော့လုပ်တယ်လို့ မရှိဘူး၊ အသေးအဖွဲ အခန်းကလေးကအစ အားထည့်ပြီး အပြည့်လုပ်တာ၊ ဒီတော့ ပိုပင်ပန်းတာပေါ့၊ တစ်ခုတော့ ရှိတယ်၊ ရိုက်လက်စဇာတ်ကားတွေ အားလုံးပြီးအောင် ရိုက်ပေးနိုင်ခဲ့တယ်” ဟု ဦးစံက ပြောသည်။
ဦးကြည်ဝင်းက
“အနုပညာကြွေး မကျန်ခဲ့ဘူး၊ သူ့တာဝန်ကို သူကျေအောင် လုပ်သွားနိုင်တာပေါ့ဗျာ”
သူတို့အုပ်စုမှာ ဦးဇော်လွင်နှင့် နေ့စဉ် ဆုံနေကျ။ မနက်ပိုင်းတွင် ရွှေကြေးစည် လက်ဖက်ရည်ဆိုင်၏
အတွင်းဘက်ကျကျ စားပွဲမှာ ထိုင်၍ စကားပြောကြသည်။ ညဘက်ကျတော့ ဆိုင်က
စောစောပိတ်သည့်တိုင် အပြင်ဘက်ထောင့်မှာ စားပွဲတစ်လုံးနှင့် ရေနွေးကြမ်းအိုးကို သူတို့အတွက် သီးသန့် ပြင်ဆင်ပေးထားသည်။ သူတို့က ညစဉ်လိုလို ဆုံတွေ့ပြီး ညဥ့်နက်သည်အထိ စကားပြောလေ့ ရှိကြသည်။
ဒီနေ့တော့ မနက်တုန်းကလည်း လက်ဖက်ရည်ဆိုင် စကားဝိုင်းသည် ခြောက်ခြောက်သွေ့သွေ့နှင့် ပြီးဆုံးပြီး လူစုခွဲခဲ့ရသည်။ ခု ညပိုင်းကျတော့ ဦးဇော်လွင်အိမ်မှာ မိသားစုကို အားပေးစကား ပြောပြီး ထွက်လာခဲ့ကြသည်။ မရည်ရွယ်ပါဘဲနှင့် လက်ဖက်ရည်ဆိုင်ဆီသို့ လျှောက်လာခဲ့မိကြ၏။
ဆိုင်ရှေ့ရောက်တော့ ထိုင်နေကျ နေရာလေးကို မကြည့်ဘဲ မနေနိုင်ကြ။ ဆိုင်က ပိတ်နေပြီ ဖြစ်သော်လည်း အပြင်ဘက်ထောင့်က စားပွဲလေးကတော့ ခါတိုင်းလိုပင် ချထားလျက်သား ရှိနေသေးသည်။ စားပွဲပေါ်မှာ အကြမ်းအိုး တစ်လုံးနှင့် အကြမ်းပန်းကန်တစ်လုံး။
ကိုရူပ၏ ရွှေကြေးစည် လက်ဖက်ရည်ဆိုင်မှ ကောင်လေးတွေက ဦးဇော်လွင်အတွက် အမှတ်တရ လုပ်ပေးထားကြခြင်းပင် ဖြစ်လိမ့်မည်။
ဒီအရွယ်ကြီးတွေ ရောက်မှတော့ မျက်ရည်စို့လာဖို့ မသင့်တော့ပါဘူးဟု သူတို့အားလုံး
နားလည်သဘောပေါက်မိကြပါသည်။
* * *
“ဘကြီးဇော် ဝမ်းတီး”
ဘကြီးဇော် ဆိုင်ထဲ ဝင်လာသည်နှင့် အဘားဟူက ဦးအောင် အော်နေကျဖြစ်၏။ သူသည် ရွှေကြေးစည် လက်ဖက်ရည်ဆိုင်မှ စားပွဲထိုးကုလားလေး ဖြစ်၏။ အလွန် သွက်လက်ဖျတ်လတ်သဖြင့် ဘကြီးဇော်၏
အချစ်တော် ဖြစ်သည်။ သူသည် နေ့စဉ်နေ့တိုင်း ဘကြီးဇော်အတွက် ကွမ်းယာဝယ်ပေးရသည်။ လှစ်ခနဲ ပြေးထွက်သွားပြီး လှစ်ခနဲ ပြန်ရောက်လာတတ်သဖြင့်..
“မြန်လှချည်လား.. ဒီကောင် ဗျတ္တ ဝင်စားတာ ထင်တယ်” ဟု ဘကြီးဇော်က ချီးမွမ်းလေ့ရှိသည်။
အခု ဘကြီးဇော် မရှိတော့။ သူ့အဘိုး ဆုံးတုန်းက ငယ်လွန်းသဖြင့် ကောင်းကောင်းမမှတ်မိ။ တကယ်လို့သာ အဲဒီတုန်းက ခုအရွယ်ဆိုရင် ခုလိုပဲ နေမှာပဲဟု သူတွေးမိသည်။ ဘကြီးဇော်ကို သင်္ဂြိုဟ်မည့်နေ့ မနက်က သူ ငြိမ်ငြိမ်နေလို့ မရလောက်အောင် ဖြစ်နေ၏။ သူများတွေက
ဈာပနအတွက် အသီးသီး တာဝန်ခွဲဝေ လုပ်ကိုင်နေကြတာ ကြည့်ပြီး သူလည်း တစ်ခုခု လုပ်ချင်သည်။ ဘာလုပ်ရမှန်းတော့ မသိ။
အချိန်နီးကပ်လာတော့ လူတွေ ပိုပြီး လှုပ်လှုပ်ရွရွ ဖြစ်လာသည်။ သူလည်း ပို၍ ဂနာမငြိမ် ဖြစ်လာ၏။
ဘကြီးဇော်တို့ အိမ်ဘက်က ကားအနီကလေး ထွက်လာသည်။ ဘကြီးဇော်၏ မိသားစု ပါလာသည်။ကြီးတော် ချိုရီက ဘကြီးဇော်မိန်းမကို ဖေးမလျက် တွေ့ရသည်။
အဘားဟူသည် လှစ်ခနဲ ပြေးထွက်သွားသည်။ လှစ်ခနဲ ပြန်ရောက်လာသည်။ ကားက ခြံရှေ့ကို လွန်စပြုပြီ။ ကားနောက်ကို သူပြေးလိုက်သည်။
“ခဏနေပါဦး” ဟု အသံကုန်အော်သည်။ ကားက ရပ်စောင့်သည်။ ကားဆီသို့ သူပြေးသွားပြီး
“ဘကြီးဇော်အတွက် ယူသွားပေးပါ” ဟု ပြော၍ ကြီးတော်ချိုရီ လက်ထဲသို့ ကွမ်းယာထုပ်ကလေးကို
ထည့်ပေးလိုက်သည်။ ထို့နောက် လှစ်ခနဲ ပြန်လှည့်ပြေးသည်။
အဖေတို့ အမေတို့ ဆူလို့ ရိုက်လို့ ဝမ်းနည်းပြီး ငိုချင်လာပြီဆိုလျှင် ခုလိုပဲ တစ်အားကုန် ပြေးလိုက်မှ စိတ်ထဲ ပေါ့သွားတတ်သည်။ ခုလည်း သူပြေးသည်။ လှစ်ခနဲ လှစ်ခနဲနေအောင် ပြေးသည်။ မျက်ရည်များသည် အောက်သို့ စီးမကျဘဲ လေအရှိန်ကြောင့် ဘေးသို့ လွင့်စင်ထွက်နေကြလေသည်။
* * *
မင်းလူ
ရွှေအမြုတေ၊ ဇန်နဝါရီ၊ ၁၉၉၄။
Credit - သိန်းထွန်းအောင်
No comments:
Post a Comment