May 14, 2018

ဆင်းရဲတာ ဆန်းသလားကွယ်

“ ဆင်းရဲတာ ဆန်းသလားကွယ် ”
=======================

                             #စမ်းစမ်းနွဲ့(သာယာဝတီ)

ခုတော့ ချောအိမွန်သည် ချောလည်း မချော၊ အိလည်း မအိတော့ချေ။ သူ့အဖေ သတင်းစာဆရာဟောင်းကြီးက တရုတ်သူရဲကောင်း ၀တ္ထုတစ်ပုဒ်ထဲမှ ဇာတ်ဆောင် ‘ ချောအိမာန် ’ ကို ဂုဏ်ပြုသောအားဖြင့် တစ်ဦးတည်းသောသမီးကို ချောအိမွန်ဟု အမည်တွင်စေခဲ့သည်။
ကျောင်းသူဘ၀တုန်းကတော့ ဖြူဖြူချောချော စိုစိုဝင်းဝင်းကလေးမို့ အဖေပေးသည့် နာမည်နှင့် ပနံသင့်သား။ ကလေးနှစ်ယောက်နှင့် တစ်ဗိုက် စုဆောင်းမိချိန်တွင် လောကဓံဒီရေ တိုက်စားမှုကြောင့် မစိုပြည်နိုင်တော့ပြီ။

အလှအပများ ပျောက်ဆုံးခဲ့ရသော်လည်း အိမွန် ၀မ်းမနည်း။ အိမ်ဦးနတ် ကိုလတ် ကိုယ်ရောင်ကိုယ်ဝါ မှေးမှိန်နေသည်ကို မြင်ရတိုင်း ကြေကွဲရသည်။ ချောအိကိုသာ လက်မထပ်ခဲ့လျှင် သူဌေးသား ကိုလတ်သည် သူ့မိဘအိမ်တွင် လိုတ,ရနေပေလိမ့်မည်။ မိဘ၏ အရှိန်အ၀ါဖြင့် နိုင်ငံခြားသင်္ဘောသားလည်းဖြစ်ကာ သမက်တော်ချင်သူတွေ ၀ိုင်းဝိုင်းလည်နေမည်မှာ သေချာလှသည်။

ခုတော့ ကိုလတ်ဘ၀က ညဘက်မှာ မော်တော်ကားစောင့် ဒရ၀မ်။ နေ့ဘက်မှာ ဘော်တယ်ကုလား အလုပ်။ လမ်းတကာလျှောက်ပြီး “ စက္ကူဝယ်တယ်၊ ပုလင်း ၀ယ်တယ်၊ ဖောင်တိန်အပျက်၊ မျက်မှန် အပျက်တွေဝယ်တယ် ” တကြော်ကြော် အော်ဟစ်နေရသည့် အဖြစ်။ ၀န်ထမ်း မဟုတ်မှသာ နိုင်ငံခြားသင်္ဘော လိုက်ခွင့်ရမှာမို့ ဘယ်ဌာနမှာမှလည်း အလုပ်မ၀င်ရဲ။ ရွှေတစ်နေ့၊ ငွေတစ်နေ့ စောင့်ခဲ့ရသည်မှာ ကြာပြီ။

နိုင်ငံခြားသင်္ဘောတက်ရန် လိုအပ်သော သင်္ဘောကျင်း လုပ်သက်ထောက်ခံချက်လည်း ရှိသည်။ အီးတီအီးစီလည်း အောင်ပြီးပြီ။ အမ်အိုတီလက်မှတ်လည်း ရှိသည်။ မရှိသည်က ငွေ။ အရည်အချင်း ပြည့်မီပါလျက် ငွေမလိုက်နိုင်သဖြင့် ကုန်းခေါင်ခေါင်မှာ သောင်တင်နေသည့်အဖြစ်။
ချောအိမွန်သည် သားနှစ်ကောင် ကျောင်းသွားပြီမို့ အလုပ်အားခိုက်မှာ ကိုလတ်ရဲ့ ရာပါတိုက်ပုံအင်္ကျီကို လျှော်ဖွပ်ဖို့ သတိရသည်။ ကိုလတ်က သူ့မိန်းမ မပေါ့မပါးကြီးနှင့်မို့ ရေကိုင်တာ၊ အ၀တ်လျှော်တာ လုံးဝမကြိုက်ချေ။
“ အတင့်မရဲစမ်းပါနဲ့ အိရာ… မင်း နေမကောင်းရင် တစ်အိမ်လုံး ဒုက္ခရောက်မှာကွ။ ဗိုက်ထဲက သားအတွက် အားမွေးစမ်းပါ မိန်းမရာ ”

ကိုလတ်ရဲ့ စကားလုံးများသည် အိမွန် နားထဲမှာ အစဉ် ချိုဆိမ့်နေလေသည်။ သည်လင်နဲ့ သည်သားတွေအတွက် အိမွန် ဘာလုပ်ရမလဲ။ ရင်နှစ်ခြမ်းကွဲသွားပါစေ ကိုလတ်ရယ်…။
ကိုလတ်ရဲ့ တိုက်ပုံအင်္ကျီကို ခါချလိုက်တော့ ကတ်ပြားလေး တစ်ခုနှင့် ရွှေရောင်ဖောင်တိန် နစ်သွားကလေးများ လက်ခနဲ လျှောထွက်လာသည်။ ကြည့်စမ်း ကိုလတ် တယ်ပေါ့ဆတာပဲ။ ရွှေရောင်နစ်သွားရဲ့ တန်ဖိုးကို ကိုလတ်ပြောပြသဖြင့် အိမွန် ကောင်းကောင်းသိသည်။ ပတ်ကားဖောင်တိန်နစ်သွား၊ ‘ ၁၄ ကာရက်ရွှေ ’။ ဟုတ်ရွှေဆိုင်သွားလျှင် အနည်းဆုံး ငွေတစ်ရာရမည့် ရတနာပစ္စည်း။

ကိုလတ်ရဲ့ ဘော်တယ်ကုလား အလုပ်က အမြင်သေးနုပ်သော်လည်း တွက်ခြေတော့အကိုက်သား။ ငွေဖြစ်မြန်သော ရွှေမျက်မှန် ကိုင်းကျိုးကိုင်းပျက်နှင့် ရွှေနစ်သွားများလည်း မကြာခဏ ရတတ်သည်။
“ ဖောင်တိန်ခေတ် ကုန်သွားပြီ အိရဲ့၊ ဖောင်တိန်ဟောင်းဆိုရင်ရောင်းစားဖို့ပဲ နားလည်ကြတော့တယ်။ မင်အိုးကလည်း ဈေးကြီးတယ်မဟုတ်လား။ ပတ်ကားကွင့်အစစ်ဆိုရင် ၄၀ တဲ့။ ဘယ်မှာ ၀ယ်သုံးနိုင်ပါ့မလဲ။ ဒီတော့ သားမြေးမြစ်တွေက ဖောင်တိန်အကောင်းစားတွေ ချရောင်းကြရော။ ပတ်ကား ၅၁ မှန်း မသိ။ ၁၀ိ  ၉  ကျပ် ရရင် ပျော်လို့ရွှင်လို့။ မသိနားမလည်သူကို ညာဝယ်ရတာ အားနာစရာကြီး ”

ကိုလတ်တို့ အားနာပုံကတော့ လွန်လွန်းသည်။ ဘတ်စ်ကားပေါ်မှာ ကံကောင်းထောက်မလို့ နေရာရလျှင် သူ့မှာ ဖင်တကြွကြွ။ အနားကို လူလာရပ်လျှင် အားနာပြီး ထပေးတတ်သည့် ကိုလတ်။
ဘုန်းကြီး ရဟန်း၊ သက်ကြီးရွယ်အိုနှင့် ကိုယ်ဝန်ဆောင်များကို နေရာဖယ်ပေးတာကတော့ ကန့်ကွက်ရန်မရှိပါ။ သန်သန်မာမာကြီးတွေကို ဘာလို့ နေရာဖယ်ပေးရလဲ ကိုလတ်ရယ် ဆိုတော့ ကုသိုလ်ရတာပေါ့ မိန်းမရာတဲ့။ နေရာလုနေတဲ့လူရဲ့မျက်နှာ ကြည့်ရတာ အားနာစရာကြီးတဲ့။

ဟိုတလောက အဖြစ်ကိုပဲကြည့်။ ဝေလီဝေလင်းမှာ အိမွန်တို့အိမ်ကို သူခိုးကပ်သည်။ သူခိုးကလည်း ဘယ်အချိန်က ငတ်ပြတ်နေမှန်း မသိ။ ထမင်းကျန် ဟင်းကျန်များကို အကျအန ထိုင်စားနေတာကို မြင်နေရပါလျက် ကိုလတ်က အားနာပြီး ချောင်းသံမပေးသေး။ မီးနေစာအတွက် သိုလှောင်ထားသော ဆီပုလင်းနှင့် ငါးကျည်းခြောက်ထုပ်ကို လှမ်းဆွဲမှ မရဲတရဲချောင်းဟန့်သည်။ သူခိုးကလည်း ကံဆိုးလိုက်သည့်ဖြစ်ခြင်း။ ကြမ်းပေါက်ထဲကျပြီး ခြေကျိုးကာ ပုံလျက်သား လဲနေတော့သည်။ သူတော်ကောင်း ကိုလတ်က ရဲမတိုင်သည့်အပြင် ဆေးရုံကိုပင် ကိုယ်တိုင်ကိုယ်ကျ တင်ပေးလိုက်သေးသည်။

အိမွန်ရဲ့ အိမ်ရှေ့ဈေးဆိုင်ကလေး အရင်းပြုတ်ရတာလည်း ကိုလတ်ကြောင့်ပါပဲ။ လမ်းထဲက ကလေးတွေက ကိုလတ်ကို လူနုံလူအကြီး ထင်ကြသည်။ ပြားသုံးဆယ်တန် ရွှေအိုးဆီးထုပ်ကို မတ်စေ့နှင့်ဆင်တူသော ဆယ်ပြားစေ့အ၀ိုင်းနှင့် ငါးပြားစေ့ပေးပြီး ၀ယ်လျှင်လည်း ကိုလတ်က မငြိုမငြင် ရောင်းတတ်မြဲ။
“ မြတ်ချင်လို့ ဈေးရောင်းတာပဲ ကိုလတ်ရယ်၊ ကိုလတ် သဘောကောင်းပုံနဲ့တော့ ခက်တော့တာပဲ ”
“ ကလေးတွေပဲ အိရယ်….၊ ဆာလို့ လောင်လို့သာ လာဝယ်ကြတာ၊ သူတို့မှာ ပါသမျှလေး ပေးဖော်ရတာပဲ တော်လှပြီ။ ကုသိုလ်ပြုတယ်သဘောထားပါ အိရယ် ”

ဟောတော့၊ စောစောက တိုက်ပုံထဲက ထွက်ကျတဲ့ ကတ်ပြားလေးက သွေးလှူရှင် လက်မှတ်ပါလား။ တစ်မြန်နေ့က ကြက်ဥတွေ ပါလာတာ ဒါကြောင့်ကိုး။ အတော်ဆိုးတဲ့ ကိုလတ်။ မယားဆူမှာစိုးလို့ လျှို့ဝှက်ထားတယ်ပေါ့။ သွေးလှူတာ ကုသိုလ်ရမှန်းတော့ သိပါရဲ့။ သို့ပေမဲ့ ၀မ်းတစ်ထွာအတွက် အမြဲပြေးလွှား ရုန်းကန်နေရသူက သွေးလှူတယ်ဆိုတော့ ဘုရား …. ဘုရား … သွားရင်းလာရင်း အားပြတ်ပြီး လဲကျမှဖြင့် ဒုက္ခ၊ မဖြစ်ပါဘူး။ ကုန်ကုန်ခန်းခန်း ကိုလတ် ခံတွင်းမြက်မယ့် ဟင်းတစ်ခွက်တော့ ချက်ဦးမှပဲဟု စိတ်ကူးရင်း အိမွန်သည် မီးနေစာ ကြိုတင်စုဆောင်းထားသော ဆီပုလင်းဖင်ကပ်နှင့် ငါးကျည်းခြောက် မဖြစ်စလောက်နဲ့ အိုးကင်းတိုက်ရန်အတွက် သွက်လက်မြူးကြွစွာပြင်ဆဲ ချွေးသံရွှဲရွှဲ ကျောပိုးအိတ်နှင့် ကိုလတ် ပြန်ရောက်လာ၏။

“ မွှေးလှချည်လား မိန်းမရ၊ ဆာနေတာနဲ့ အတော်ပဲ။ ဒီနေ့ ကိုလတ် ပွကြောမိလာတယ်ကွ သိလား။ ရှားပါးစာအုပ်တွေ ပိဿာချိန်နဲ့ ရလာတယ်။ ဆရာသော်ကောင်း စာအုပ်မျိုးတွေ ”
×××××××××××××××××

ချောအိမွန် ကိုလတ်ကို စတွေ့စဉ်က ခုလိုပင် တစ်အိမ်လုံး ညှော်နံ့တွေ မွှန်နေချိန်။
အဖေ သတင်းစာတိုက်မှ ရုတ်တရက် အလုပ်ပြုတ်သွားသဖြင့် ရောင်းချစရာ အကုန်ထုတ်နေရသည့်ဘ၀။ ဘီအေ(မြန်မာစာ) လက်မှတ်မှာ ခြောက်ကျပ်ခွဲစား အလုပ်ကိုပင် လက်လှမ်းမမီသဖြင့် ဟင်းချက်ရောင်းပြီး ၀မ်းတစ်ထွာတိုက်ပွဲဝင်နေရဆဲကာလ။
အိမွန်တို့ရပ်ကွက်မှာ ခေါင်းရွက်ဗျပ်ထိုးနှင့် လက်လုပ်လက်စားများသာ များသည်။ အိမ်ရှင်မများမှာ တစ်နေကုန် အပြင်ထွက် ရှာဖွေနေရသဖြင့် မီးဖိုချောင်ဝင်ချိန်မရကြ။ မိဘများ အပြင်ထွက် လှုပ်ရှားနေခိုက် ကလေးငယ်များက ထမင်းအိုးတစ်လုံး မနိုင်မနင်းတည်ကာ ဈေးသိမ်းချိန်တွင် အဖေ အမေတို့ နှစ်သက်မည့် ချွေတာရေး ဟင်းများကို စောင့်စားနေကြရသည်။

အိမွန် ဟင်းချက်ရောင်းသည့်အလုပ်က ကိုယ့်ရပ်ကွက်နှင့်ကိုယ်တော့ အတော်အံကျနေ၏။ ဟင်း ဆိုသော်လည်း ကြက်သား၊ ၀က်သားနား မကပ်နိုင်။ လက်လုပ်လက်စားများ လက်လှမ်းမီသော ဈေးနည်းနည်း၊ များများရ ဟင်းများသာ အရောင်းသွက်သည်။
ငပိကြော်စပ်စပ်၊ ငါးခြောက်ထောင်းဟင်း၊ ပဲဟင်း၊ ရေနွေးအဖြူထည်။ ဟင်းတစ်ပွဲ နှစ်ကျပ်၊ ရေနွေးအဖြူ တစ်ခွက် တစ်မတ်၊ အချိုမှုန့်တစ်ထုပ် တစ်မတ်၊ ပဲဟင်းကို ရေနွေးဖောက် အချိုမှုန့်ခတ်။ ငွေနှစ်ကျပ်ခွဲကုန်ရုံနှင့် မိသားစု လေးယောက် ၀မ်းမီးငြိမ်းလေသည်။
အိမွန်သည် မျက်စိအောက်မှ ငါးပိကြော် အိုးကင်းတိုက် အညှော်နံ့တူးတူးကို နှာခေါင်းလက်ပိတ်ပြီး ကာကွယ်ရင်း တစ်ခါက အင်တာဗျူးဖြေခဲ့ရသည်ကို ပြန်လည်သတိရနေသည်။ သင်္ဘောကျင်းတစ်ခုမှာ သံချေးခေါက် ဆေးသုတ်သမား အလုပ်။ နေ့စား။

အင်တာဗျူးတွင် ဆိုင်ရာလူကြီးများ မေးသမျှကို အိမွန် ကောင်းစွာဖြေနိုင်သည်။ သို့သော် သတင်းစာဆရာ၏ သမီးဖြစ်မှန်း တာဝန်ရှိလူကြီးသိသောအခါ မျက်စိမျက်နှာ ပျက်တော့သည်။ လိမ္မာပါးနပ်စွာ ငြင်းပယ်ခြင်းခံခဲ့ရသည်။
တစ်နေ့ ညနေပိုင်းတွင် အိမွန်တို့ အိမ်ရှေ့သို့ လူရွယ်တစ်ယောက် ရောက်လာသည်။ အသားဖြူဖြူ၊ ပိန်ပိန်သွယ်သွယ်။ သူ့ခန္ဓာကိုယ်ထက် အဆများစွာ ပွယောင်းသော အထက်အောက် တစ်ဆက်တည်း ၀တ်စုံပြာကြီးဝတ်လျက်။
“ ကျွန်တော် သင်္ဘောကျင်းက အင်ဂျင်နီယာ ပညာသင် မောင်မောင်လတ်ပါ။ အခြေခံကောင်စီ ဥက္ကဋ္ဌက အတိုက်အခံ ပြောပေးလို့ မအိမွန် အလုပ်ဝင်နိုင်ပါပြီတဲ့ ”

သို့ဖြင့် အိမွန် အလုပ်ဝင်ဖြစ်သည်။ သံချေးခေါက် ဆေးသုတ် အလုပ်ကြမ်းသမားရာထူး ဆိုသော်လည်း တကယ်တမ်း သံချေးမခေါက်ရ။ ဆေးလည်း မသုတ်ရ။ ဘွဲ့ရထားသူမို့ ပညာသင်အင်ဂျင်နီယာလိုင်း ၀င်သွားလေသည်။ ပညာသင်ကာလ လေးနှစ်အတွင်း သင်္ဘောကျင်း လက်အောက်ခံ လျှပ်စစ်ရုံ၊ မော်တော်ကားရုံ၊ တွင်ခုံရုံ၊ လက်သမားရုံ၊ သံဂဟေဆက်ရုံ၊ ပန်းပဲရုံ အစရှိသော အလုပ်ရုံ အသီးသီးတွင် ခြောက်လမှ ကိုးလအထိ လက်တွေ့ပညာသင်ရသည်။ စက်ရုံလုပ်သက် လေးနှစ်ပြည့်မှသာ ရေကြောင်းအင်ဂျင်နီယာစာမေးပွဲ ဖြေခွင့်ရမည် ဖြစ်သည်။

အိမွန်အဖို့ကတော့ ၀မ်းရေးအတွက် ခြေကုပ်တစ်ခုအနေဖြင့်သာ အလုပ်ဝင်ခဲ့ရသည်။ ရေကြောင်းပညာသင် အလုပ်မှာ မိန်းကလေးများနှင့် အပ်စပ်လှသည် မဟုတ်။ အမ်အိုတီ အောင်ပြီးသော်မှ ရှေ့ရေးအတွက် လမ်းဘယ်မမြင်။ ယောက်ျားလေးများလို သင်္ဘောလိုက်ဖို့ကလည်း မဖြစ်နိုင်။ ကံကောင်းထောက်မလျှင်တော့ ကုန်းပေါ်က ရုံးတစ်ရုံးမှာ ပုံဆွဲအလုပ်လောက်တော့ ရနိုင်ကောင်းရဲ့ထင်သည်။

သင်္ဘောကျင်းစက်ရုံမှာ ပညာသင်အင်ဂျင်နီယာအဖြစ် ကျင်လည်ရင်း ကိုလတ်နှင့် ဖူးစာဆုံခဲ့ခြင်းဖြစ်သည်။ အစကတော့ နှစ်ယောက်စလုံး အမ်အိုတီအောင်ပြီးမှ လက်ထပ်ကြဖို့ပါပဲ။ သို့သော် အိမွန်ဖခင် ရုတ်တရက် ကွယ်လွန်သဖြင့် နာရေးကိစ္စ ဦးဆောင်ကူညီရာမှ ကိုလတ် မပြန်ဖြစ်တော့ချေ။
အိမွန်နှင့် လက်ထပ်ခြင်းကြောင့် ကိုလတ်မိဘများက အမွေပြတ်ကြေညာခဲ့၏။ ကလေးနှစ်ယောက်ရသည်အထိ အိမွန် ယောက္ခမများမျက်နှာကို မမြင်ဖူးသေး။
××××××××××××××××××××

သားနှစ်ယောက်ကို ရေချိုးပေးနေဆဲ ကိုလတ် ပြန်ရောက်လာသည်။ လက်ထဲမှာလည်း အထုပ်တွေ တိုးလို့တွဲလောင်းနှင့်။ ဧကန္တ ကိုလတ်တစ်ယောက် ပွပေါက်တိုးလာပြီ ထင်သည်။
“ ဖေဖေ၊ သားမှာတဲ့ ဒံပေါက် ပါလား ”
“ ပါတာပေါ့ကွ ”
“ ဟေး …. ဒါမှ တို့ဖေဖေကွ ”
မိသားစု ထမင်းဝိုင်းတွင် ကိုလတ်က ဒံပေါက်ထုပ်ထဲမှ ကြက်ရင်ပုံသားနှင့် ပေါင်သားများကို အိမွန်နှင့် သားများ ပန်းကန်ထဲသို့ ပုံအောထည့်ပေးပြီး သူကိုယ်တိုင်ကတော့ သားများ မ၀ါးနိုင်သော အရိုးများကိုသာ ကိုက်နေ၏။

“ ကိုလတ်ကလဲကွယ်၊ သူများ မျိုမကျအောင် လုပ်နေပြန်ပြီ။ ကိုလတ်က ဦးဆောင်ရှာဖွေရတဲ့ လူပဲ။ ကျန်းမာအောင် များများစားပေးမှပေါ့ ”
“ ကိုလတ်အတွက် အရေးမကြီးပါဘူး မိန်းမရာ၊ အိတို့ သားအမိတွေ မြိုးမြိုးမြက်မြက် မစားရတာကြာလို့ တမင် ၀ယ်လာတာ။ မိန်းမရေ … ဘာမှ မပူနဲ့တော့ကွ။ ကိုလတ် သင်္ဘောတက်ရတော့မယ်။ ကိုလတ် သွေးလှူခဲ့တဲ့ ပုဂ္ဂိုလ်ကြီးက ဆောင်ရွက်ပေးတာလေ။ ခန့်စာရပြီး မကြာခင် လေယာဉ်လက်မှတ် ရောက်လာလိမ့်မယ် ”
အိမွန်တို့မိသားစု မျှော်လင့်ချက်အာဟာရဖြင့် ပျော်ရွှင်တက်ကြွနေချိန်တွင် မီးမလာသည်မှာ ကြာပြီဖြစ်သော လမ်းမီးတိုင်များ ဖျတ်ခနဲလင်းလာ၏။
ဝါထိန်သော အလင်းရောင်မှိန်မှိန်အောက်တွင် ကျောက်ပေါက်မာလမ်းသည် အလှကြီး လှနေဆဲကို ……။     ။

စမ်းစမ်းနွဲ့(သာယာဝတီ)
သဘင် မဂ္ဂဇင်း၊ ဇန်န၀ါရီလ၊ ၁၉၈၈

credit
by မွန်းလေးဖေဖေ

No comments:

Post a Comment