Apr 26, 2018

မိကျောင်း

မိကျောင်း - နေဝင်းမြင့်

* * *

(၁)

ရက်စက်တယ်ပဲပြောပြော၊ မညှာမတာ လုပ်တယ်ပဲဆိုဆို ချစ်တီးလို လူမျိုးကလည်း
ရှိပါဦးမှ။ မြို့ရယ် ရွာရယ်လို့ရှိလာရင် ရွာတော်ရင်၊
မြို့တော်ရင်ဆိုတာတွေ ရှိလာရသလိုပဲ။ ကိုချစ်တီးလို လူမျိုးကလည်း လိုအပ်စွာ ရှိနေရတော့တာပါ။ သူ့နာမည်အရင်းက ကိုကျင့်တီးပါ။လူတွေက သူ့အသက်မွေးဝမ်းကျောင်းမှုကို လိုက်လို့ ကိုကျင့်တီးလို့ မခေါ်ကြတော့ဘူး။
ကိုချစ်တီးပဲခေါ်ကြတော့တယ်။ အသားဝါဝါ မျက်ရစ်မပါတဲ့ မျက်ခွံပိတ်ကြီးနဲ့
ပိန်သွယ်သွယ်သူက ကိုချစ်တီးဆိုတဲ့ နာမည်နဲ့တော့ မလိုက်တော့ မလိုက်ဘူးပေါ့။ ဒါပေမယ့် တစ်မြို့လုံးက သည်လိုပဲခေါ်ကြရာက
ကိုချစ်တီးဆိုမှပဲ သိကြတော့တယ်။ မြို့ပေါ်ရယ်တောင် မဟုတ်ပါဘူး။ မြို့ရဲ့
အရှေ့ခုနှစ်တိုင်၊ အနောက်ခုနှစ်တိုင် ရွာနီးချုပ်စပ်ကလည်း သည်လိုခေါ်တာပဲ။
ကိုချစ်တီး ကိုယ်တိုင်ကလည်း ကိုကျင့်တီးခေါ်ခေါ် ကိုချစ်တီးခေါ်ခေါ် ကိစ္စလုပ်တဲ့ပုံ မပေါ်ပါဘူး။ သူ့အတွက် ဘာမှလည်း ထူးခြားဟန်မပြပါဘူး။
သူ့အသက်မွေးဝမ်းကျောင်းနဲ့ ကိုချစ်တီးဆိုတဲ့ နာမည်က လိုက်တောင် လိုက်သေးတယ်လို့ သူတွက်တယ်။

သူ့အလုပ်က အပေါင်ခံတဲ့အလုပ်။ အပေါင်ခံတာမှ ဘိုးစဉ်ဘောင်ဆက်အပေါင်ခံတာ။
နှစ်ပေါင်းကို မနည်းတော့ဘူး။ မျိုးနဲ့ရိုးနဲ့ပဲ ဆိုပါတော့။ သူ့မိဘများလက်ထက် အရင့်အရင်ကတော့ အစိမ်းအောက်ခံမှာ အဖြူစာလုံးနဲ့ “အမိန့်ရအပေါင်ဆိုင်” ဆိုတဲ့ ဆိုင်းဘုတ်တွေ ဘာတွေနဲ့ပေါ့လေ။
နောက်ပိုင်းတော့ အဲ့သလို ဆိုင်းဘုတ်မျိုး တပ်ခွင့်မရှိပေမယ့် အဲ့သလို အလုပ်မျိုးကတော့ လုပ်လို့ရနေသေးတော့ ငှက်ပျောပင်စိုက် မိလိုက်ဖပါပဲ။လက်ကြောတင်းစရာမလို၊ နဖူးကချွေးခြေကျစရာမလိုတဲ့ အလုပ်မဟုတ်လား။ အေးဆေးပဲ။

ဈေးမြောက်ဘက်ထောင့်က လေးထောင့်စပ်စပ် ရေဒီယိုပုံ အညာတိုက်ဟောင်းကြီးက
ကိုချစ်တီးတို့တိုက်ပဲ။ တိုက်ထိပ်နဖူးစည်းမှာ ၁၉၄၉ လို့ စာလုံးထွင်းထားတဲ့ အဲ့ဒီတိုက်ကို အပေါင်ဆိုင်တိုက်လို့ပဲ ခေါ်ကြတယ်။

တစ်ချို့ကလည်း ချစ်တီးတိုက်တဲ့။ တိုက်တံခါးလုပ်ထားတဲ့ သစ်သား
ဘေးထိုးတံခါးတွေဆိုတာ ဟောင်းမြင်းနေပြီ။ တိုက်ဘေးက ပြတင်းပေါက်ရယ်လို့လည်း မရှိတော့ တိုက်ကအမြဲတမ်း မှောင်ပိန်းနေတတ်တယ်။
အဲဒီတိုက် မဲမှောင်ထဲမှာ သစ်သားခုံရှည် တစ်လုံးရယ်၊ သားရေပြားခင်းထားတဲ့
ပက်လက်ကုလားထိုင် တစ်လုံးရယ်၊ ခွေးခြေရယ် နှစ်လုံးရယ်ပဲ ရှိတယ်။ သူ့ဘေးမှာ စုံစီနဖာထည့်ထားတဲ့ မှန်ဘီရိုဟောင်း တစ်လုံးလည်း ရှိတယ်။ ဒါပဲ။
ခွေးခြေပုကလေး တစ်လုံးပေါ်မှာတော့ ရေနွေးကရားတစ်လုံးရယ်၊ ပန်းကန်းလုံး နှစ်လုံးလောက်ရယ် သော့တွဲတစ်တွဲရှိတယ်။

ကိုချစ်တီးရဲ့အလုပ်က အဲ့သည် ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်ပြီးရင်
ရေနွေးတစ်ခွက် နှစ်ခွက်သောက် လိုအပ်ရင် သော့တွဲယူ၊ အခန်းသော့ဖွင့်၊
ပြီးရင် ပက်လက်ကုလားထိုင်ပေါ်မှာ တစ်နေကုန်ပြန်ထိုင်။ ဒါသူ့အလုပ်ပဲ။
သူ့မိန်းမ မကျင်လှကတော့ သူ့နားမှာ ဘယ်တော့မှမရှိဘူး။ နောက်ဖေးဘက်မှာချည်းပဲ။ သားသမီးတွေရှိပေမယ့် လက်လွတ်ကုန်ပြီ။ ကိုချစ်တီးက ဘယ်မှလည်းသွားလေ့မရှိဘူး။ “အပေါင်ဆိုင်တိုက်ကိုသွားတာ ကိုချစ်တီး
မတွေ့ခဲ့ပေါင်ကွာ” ရယ်လို့ တစ်ခါမှ မကြားဖူးဘူး။

ဝါးငါးမျှားတံတစ်ချောင်းလို ပိန်သွယ်ပြီး ကိုင်းကွေးနေတဲ့ အရပ်ကြီးနဲ့
ပက်လက်ကုလားထိုင်မှာ ထိုင်တဲ့ပြီး မျက်ခွံပိတ်ပိတ်ကြီးကို မဖွင့်တမ်း
ချထားပြီး ထိုင်နေလိုက်တာ တစ်နေကုန်ပဲ။ တိုက်ရှေ့လူလာရပ်လို့ကတော့
ပိတ်ကျနေတဲ့ မျက်ခွံထူထူကြီးအောက်က မှေးကျဉ်းကျဉ်း မျက်လုံးတွေကို
မိကျောင်းတစ်ကောင်က အစာကိုလှမ်းမြင်ရင် ဖျတ်ခနဲ လှမ်းကြည့်တတ်သလို
ကြည့်နေတတ်တယ်။ မျက်ခွံတစ်ချက် အပင့်ကလေးကိုမှာပဲ ဘယ်သူလဲ၊ ဘာလုပ်တာလဲ၊
လက်ထဲမှာဘာပါလာသလဲ၊ ဘယ်လောက် အရေးကြီးတဲ့လူလဲ၊ လက်ထဲကပစ္စည်းဟာ
ကာလပေါက်ဈေးဘယ်လောက်တန်သလဲ၊ အခုသူပေးနိင်တာ ဘယ်လောက်ဖြစ်သင့်သလဲ၊
စတဲ့အချက်တွေကို တထိုင်တည်း အကဲခတ်ပြီးသားလည်း ဖြစ်နေတတ်တယ်။
မျက်စိကမြင်လိုက်ရသမျှ ဦးနှောက်ကို သတင်းပို့၊ ဦးနှောက်က ဒေတာ (data)တွေကို အခြေခံပြီး တွက်ချက်ရတဲ့ အဖြေကို မှတ်ထားလိုက်တာက ကြာလှရင် နှစ်စက္ကန့်သာသာလေး။ အဲသလောက်ကိုမြန်တယ်။

အဲ့သလိုအခါမျိုးမှာ သူ့ခန္ဓာကိုယ်ကို ပက်လက်ကုလားထိုင်ပေါ်က
ဆတ်ခနဲထလိုက်ပြီး ဘယ်တော့မှ မပြုံးတဲ့ သူ့နှုတ်ခမ်းတွေကို တလှုပ်လှုပ် လုပ်နေတတ်တယ်။ သူ့တိုက်ရှေ့က ဘေးထိုးသစ်သား တံခါးဟောင်းရှေ့မှာ
ရပ်နေပေမယ့် ပေါင်မယ့်နှံမယ့်သူ မဟုတ်ဘူးဆိုရင်တော့ မျက်ခွံကြီးတွေ ပြန်ပိတ်ပြီး ငိုက်တော့တာပဲ။ သူ့အာရုံတွေကလည်း ထက်မြက်တယ်။နှစ်ပေါင်းများစွာ လူတွေကို ထိစပ်နေရလို့လား မသိဘူး။ လူကိုကြည့်တာနဲ့
ပေါင်မယ့်လူလား၊ ရိုးရိုးလာလည်တဲ့လူလားဆိုတာ သိတယ်။ ပေါင်မယ့်နှံမယ့် လူဆိုဦးတော့၊ ရွှေပေါင်မယ့်လူလား၊ ပစ္စည်းပေါင်မယ့်လူလား၊ ငွေသားသက်သက် အတိုးနဲ့ ချေးမယ့်လူလား ဆိုတာကိုလည်း သိတယ်။

ရွှေပေါင်မယ့်လူဆိုလို့တော့ ယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် သူ့ကုလားထိုင်ကိုကျော်ပြီး နောက်ဖေးက သူ့မိန်းမ မကျင်လှဆီ သွားရုံပဲ။
သူ့မိန်းမ မကျင်လှက သူ့ဘေးမှာ ဘယ်တော့မှ မထိုင်ဘူး။ တိုက်နောက်က အုတ်ရေကန်ဘေးမှာ ထိုင်နေတတ်တယ်။ ကိုချစ်တီးက ရွှေမကိုင်ဘူး။ ငွေသားသပ်သပ် နှစ်ဆယ်တိုးချေးတယ်။ မကျင်လှကတော့တစ်မျိုး။ ဘာပစ္စည်းမှ လက်မခံဘူး၊ ရွှေမှရွှေပဲ။ တစ်ခြားဟာမလာနဲ့၊ လင်မယားချင်းတောင် လိုအပ်မှ စကားပြောတယ်။
တစ်ခါတစ်လေကိုချစ်တီးအိမ်ရှေ့က သားရေပြားခင်း ပက်လက်ကုလားထိုင်မှာ
ထိုင်ရင်း နေသာကုန်သွားရင် ကုန်သွားမယ်။ စကားတစ်ခွန်းမှ မပြောဖြစ်ဘူး။

သူတို့လင်မယားမှာက တူတာ နှစ်ချက်ပဲရှိတယ်။ တစ်ချက်က မကျင်လှက ရွှေပေါင်ကိုမျှော်ပြီး ကိုချစ်တီးက ပစ္စည်းပေါင်ကိုမျှော်တယ်။
နောက်တစ်ချက်တူတာက လင်မယား နှစ်ယောက်စလုံး သူတို့အပေါင်ခံထားတဲ့ ပစ္စည်းကို
တစ်နေ့သုံးခါ ထုတ်ကြည့်တာပဲ။ မကျင်လှက သူ့သံမဏိသေတ္တာကို တစ်နေ့သုံးခါဖွင့်ပြီး ကိုချစ်တီးက သူ့ပစ္စည်းလှောင်တဲ့အခန်းကို
တစ်နေ့သုံးခါဖွင့်ကြည့်တတ်တယ်။ တစ်နေ့မှ ဝတ်မပျက်ဘူး၊ တစ်နေ့မှ မလစ်ဟာစေရဘူး။

(၂)

မနက်မိုးလင်းလို့ မျက်နာသစ်ပြီးတာနဲ့ ကုလားထိုင်ပုကလေးပေါ်က သော့တွဲနဲ့
သူ့အခန်းကို သူစဖွင့်တယ်။ ဘာရယ်လို့ မဟုတ်ဘူး။ သူ့ဝသီပဲ။ ဒီလိုပဲကြည့်တာပဲ။ သည်အခန်း မှောင်မှောင်ထဲကို ဝင်လာတဲ့
ပစ္စည်းတော်တော်များများဟာ အချိန်ကာလအားဖြင့် တော်တော်ကြာ
(ပြန်မရွေးမချင်း) ရှိနေတတ်တော့ သည်ပစ္စည်းတွေကို ကြည့်နေရတာကိုက သူ့မှာ
အရသာရှိနေတယ်။ အခန်းထဲမှာ ပစ္စည်းဆိုတာကလည်း အစုံပဲ။
ပစ္စည်းတစ်ခုစီပေါ်မှာလည်း စာရွက်လေးတွေ ကပ်လို့။ ပေါင်တဲ့နေ့ရယ်၊ ဘယ်လောက်နဲ့ ပေါင်တယ်ဆိုတာရယ်၊ ပေါင်တဲ့လူနာမည်ရယ် ရေးပြီးကပ်ထားရတယ်။ ဘယ်လိုမှကို မရွေးတော့ဘူးဆိုတဲ့ ပစ္စည်းကိုလည်း ပြန်ထုတ်ရတာ ရှိသေးတယ်။ အရှုံးရယ်လို့လည်း မရှိပါဘူး။ သူ့ဆီ လာပေါင်ကတည်းက မတန်တဆ
လျှော့ပေးထားတာမဟုတ်လား။

ပစ္စည်းတွေကိုလည်း ကြည့်ဦး။ သံသေတ္တာတွေလည်းပါတယ်။
ထင်းရှူးသေတ္တာတွေလည်းပါတယ်။ အဲဒီထင်းရှူးသေတ္တာထဲမှာ ထဘီတွေ၊ ပုဆိုးတွေ၊
မင်းသမီးဗလာထဘီတွေ၊ မောင်ရင်လောင်း မကိုဋ်တွေဆိုတာ အပြည့်ပဲ။ ကျန်တာကတော့
ပေါက်တူးအသွားတွေ၊ ကနုတ်ကွက်တွေ ဖော်ထားတဲ့ ရှေးဟောင်းကုလားထိုင်တွေ၊
ကြေးလင်ဗန်းတွေ၊ ကြေးခွက်တွေ၊ ဓါတ်ဘူးတွေ၊ မီးချောင်းတွေ၊ ဆေးလိပ်ခွက်၊ နာရီတွေ၊ ရှူးဖိနပ်တွေ၊ လွယ်အိတ်တွေ၊ စောင်တွေ၊ ယောကျာ်းစီး၊ မိန်းမစီးဖိနပ်တွေ၊ ကက်ဆက်ဟောင်းတွေ တစ်လိုင်းဆွဲ နှစ်လိုင်းဆွဲ
ရေဒီယိုတွေ၊ ဒန်အိုးအမျိုးမျိုး၊ ဖန်ခွက်တွေ၊ ကြည့်မှန်တွေ၊ ကြေးမီးပူတွေ၊ ကြက်တောင်ရိုက်တဲ့ ဘတ်တံတွေ၊ ကြေးမောင်းတွေ၊ မယ်ဒလင်တွေ၊
ခြောက်လုံးပတ်တွေ၊ ကြိမ်ပျက်နေတဲ့ ဆက်တီဟောင်းတွေ၊ လှံတွေ၊ ဓါးတွေ၊
ဖောင်တိန်တွေ၊ မျက်မှန်တွေ အစုံပဲ။

အခန်းတံခါးဖွင့်ပြီး ပစ္စည်းတွေကို ကြည့်လိုက်ပြီးရင် တံခါးပြန်ပိတ်၊ သော့ပြန်ခတ်၊ သော့တွဲကို ခုံပေါ်ပစ်တင်ပြီး ပက်လက်ကုလားထိုင်ပေါ်
ပြန်ထိုင်တော့တာပဲ။ တစ်ခါတစ်လေ ထမင်းကြမ်းကျန်ရင် လှော်စားတယ်။ မကျန်ရင်
တိုက်ဘေးကာကာဆိုင်က အကျရေပေါ့တစ်ခွက် မှားပြီးသောက်တယ်။ ဒါပဲ။ တစ်နေကုန်ပဲ။ လူမျှော်ပဲ။ သူ့ဆီလာတဲ့လူတွေကလည်း အမျိုးမျိုး။
တစ်ခါကလည်းကြည့်ဦး။ လူတစ်ယောက် စုတ်စုတ်နုပ်နုပ်ပါပဲ။ ကြယ်သီးတံတွေ
ပြုတ်နေတဲ့ တိုက်ပုံဟောင်းကလေးဝတ်လို့ ရိုရိုကျိုးကျိုးပဲ ဝင်လာတယ်။ သူ့လက်ထဲက ပစ္စည်းတစ်ခုကိုပြတယ်။ ကိုချစ်တီးကလည်း လှည့်ကာပတ်ကာကြည့်တယ်။ကြေးနဲ့ လုပ်ထားတဲ့ အချွန်အတက်တွေ တော်တော်များများပါတဲ့
အဝိုင်းပြားလေး တစ်ပြားပါ။ ခက်တာက ကိုချစ်တီးက အပေါင်သာခံရမှာ
ဘာပစ္စည်းမှန်းသိတာမဟုတ်ဘူး။

“ဒါဘာလဲ”

“တံဆိပ်ခင်ဗျ”

“ဘာတံဆိပ်လဲ”

တိုက်ပုံနဲ့ဆရာက စကားတော်တော်နဲ့မထွက်ဘူး။ သူ့ပစ္စည်းလေးကိုပဲ စိတ်မကောင်းခြင်း ကြီးစွာနဲ့ ကြည့်နေတယ်။ လက်တွေကလည်းတုန်လို့။

“ဒီလိုပါခင်ဗျ၊ ဒီပစ္စည်းဟာ…”

ဒါလေးပြောပြီးရပ်သွားလိုက်တာ အကြာကြီး။ ကိုချစ်တီးစိတ်မရှည်ဘူး။ ဘာမှန်းမသိတဲ့ ပစ္စည်းတစ်ခုအတွက် အချိန်ကုန်လည်း မခံချင်ဘူးမဟုတ်လား။

“ကိုင်း… ဆရာကြီး၊ မြန်မြန်ပြောပါ၊ ဘာတံဆိပ်လဲ”

“ဒီလိုပါခင်ဗျ တစ်ထောင့်ကိုးရာ လေးဆယ့်သုံးခုနှစ်လောက်က ဂျပန်တွေ
မြန်မာပြည်မှာ ရှိနေတုန်းကဆိုပါတော့၊ အဲဒီတုန်းမှာ…”

“လိုရင်း မြန်မြန်သာပြောပါ ဆရာကြီး ကျုပ်တော့အချိန်သိပ်မရှိဘူး”

“ဟုတ်ကဲ့၊ ဒီတံဆိပ်ဟာ ဂျပန်ခေတ်က ဂျပန်စစ်ဗိုလ်ချုပ် မစ္စတာအီးဒါးက
ထုတ်ပေးထားတာပါ၊ သမိုင်းတန်ဖိုး…”

“ဆရာကြီး၊ သမိုင်းတန်ဖိုးတွေ ဘာတွေမပြောနဲ့တော့၊ ခင်ဗျားဟာကြီးကို
ကျုပ်အပေါင်မခံချင်ဘူး”

“မဟုတ်ဘူးခင်ဗျ၊ ဒီလိုခင်ဗျ၊ ကျွန်တော်တို့ဆွေစဉ်မျိုးဆက်မှာ ဒီတံဆိပ်ဟာ…”

“ဟုတ်ပါပြီ၊ ခင်ဗျားတော်တော်စကားများပါလား၊ ခင်ဗျားကို ဒီတံဆိပ် ဘယ်သူကပေးပေး ကျုပ်ကဘာလုပ်ရမှာလဲ၊ ခင်ဗျားလိုရင် တစ်ဆယ်ယူသွား၊မြန်မြန်တော့ပြန်ရွေး”

“တစ်ဆယ်မဟုတ်ပါဘူးခင်ဗျ၊ ဒီပစ္စည်းကြီးကို တစ်ဆယ်ဆိုတာ တစ်ကယ်တော့…”

“ဆရာကြီးက ဘယ်လောက်ဆိုချင်လို့လဲ”

“ဟိုဒင်း… နှစ်ရာလောက်”

“နှစ်ရာလောက်ဆိုရင် ခင်ဗျားဂျပန်စစ်ဗိုလ်ဆီ ပြန်သာယူသွားတော့၊ ကျုပ်ကတော့
နှစ်ဆယ်ပဲ ပေးနိင်မယ်။”

နောက်တော့ ငွေနှစ်ဆယ်နဲ့ ပေါင်သွားတာပါပဲ။ ဘာမှန်းမသိတဲ့ တံဆိပ်ကြီးကို
ဂျပန်ခေတ်က ဆိုတာနဲ့ ကိုချစ်တီးယူထားလိုက်ပြီး သေတ္တာထဲ ထည့်ထားလိုက်တယ်။

တစ်ခါကလည်း လူငယ်တစ်ယောက်။ မျက်လုံးတွေကရဲလို့၊ မူးနေလိုက်တာလည်း
ယိမ်းထိုးလို့။ လက်ထဲမှာလည်း ဖြူဖြူရှည်ရှည်သေတ္တာလို ပစ္စည်းတစ်ခုကိုလည်း
ကိုင်လို့။ တိုက်ရှေ့လာရပ်တော့ တိုက်ရှေ့ လာရပ်တော့ မိကျောင်းမျက်ခွံတွေ ပွင့်သွားတယ်။

“လာဟေ့ ဘာပါသလဲ”

အရက်မူးနေတဲ့လူငယ်က သူ့ပစ္စည်းလေး စားပွဲပေါ်တင်တယ်။ ကိုချစ်တီးကိုမော့ကြည့်တယ်။

“ဒါလေး ပေါင်ချင်လို့”

“ဒါဘာကြီးလဲ”

“အော်ဂင် ခေါ်ပါတယ်”

ကိုချစ်တီးတော်တော် အံ့သြသွားတယ်။ အော်ဂင်ဆိုတဲ့ပစ္စည်းက တောရောမြို့ပါ
ပျံ့နှံ့နေတာ မှန်ပေမယ့် သူတစ်ခါမှ မတွေ့ဖူးဘူး။

“မင်းဟာက မြည်ရဲ့လား”

“ဟာ… မြည်တာပေါ့ဗျ၊ ခင်ဗျားကလဲ”

လူငယ်က သီချင်းတစ်ပုဒ်တီးပြတယ်။ ဘက်ထရီတော်တော်ကောင်းသေးလို့လား မသိဘူး။ အော်ဂင်သံက စီ လည်းထွက်လာရော ကိုချစ်တီး တော်တော်သဘောကျသွားတယ်။
အပေါင်လည်းခံလိုက်တယ်။ ငွေစက္ကူတွေကိုင်ပြီး ထွက်သွားတဲ့လူငယ်တောင် လမ်းပေါ် မရောက်သေးဘူး။ ကိုချစ်တီး တောင်တစ်လုံး မြောက်တစ်လုံးတီးနေလိုက်တာ
တစ်နေ့လုံးလိုလိုပဲ။

အဲသလိုပါပဲ။ အသံမြည်ရင်လည်း အပေါင်ခံတာပါပဲ။ သူ့အခန်းထဲမှာ
ဂျပန်ခေတ်ကတံဆိပ်ရော၊ အင်္ဂလိပ်ခေတ်က ရွှေစလွယ်တွေရော၊ ငွေဓါးတွေရော၊
အော်ဂင်တွေရော၊ အားကစားဆုတွေရော၊ ဓါတ်ပြားတွေရော၊ စုံလို့စုံလို့။

(၃)

အဲသည်မြို့မှာ ကိုချစ်တီးလိုလူ ရှိသလိုပဲ
မစံမယ်လိုမိန်းမမျိုးလည်းရှိတယ်။ ကိုချစ်တီးက လာသမျှအပေါင်ခံသလို မစံမယ်ကလည်း ရှိသမျှပေါင်ဖို့လောက် စဉ်းစားနေတဲ့မိန်းမမျိုး။

ဘယ်တော့မှ အုန်းဆီမလိမ်းတဲ့ ခေါင်းစုတ်ဖွားကြီးနဲ့ မျက်နာမှာ တင်းတိတ်တွေထနေတဲ့ မစံမယ်ကို ကြည့်လိုက်ရင် ကိုချစ်တီးတိုက်နဲ့ သူ့အိမ်ကို အမြဲတမ်း ပြေးလွှားနေတတ်တယ်။ ဟိုအိမ်ဒီအိမ်က အဝတ်ပြေးဖွပ်လိုက်၊ မီးပူလေးပြေးတိုက်ပေးလိုက် သူ့အိမ်ပြန်ပြီး
ထမင်းဟင်း ပြေးချက်လိုက်နဲ့ တစ်ခါမှ သက်သက်သာသာမရှိဘူး။ နေ့လည်ဘက်
မုန့်ကြာစေ့လေး၊ သာကူလေး ကျိုရောင်းတာ ရှိသေးတယ်။ ဒါလည်း မပြေလည်ဘူး။
ကလေးငါးယောက်။ ဘုစုခရုတွေပါ။ လင်ကလည်း ဒုက္ခိတ။ လင်ကကောင်းတုန်းကတော့
ဟိုဟာလေးလုပ်၊ ဒီဟာလေးလုပ်ပေါ့လေ။ အလုပ်ကြမ်းဘောက်လိုက်လုပ်တယ်။ တစ်ခါတရံ
မြေကျင်းတူး၊ တစ်ခါတစ်လေ ထရံလေးယက်တာရှိသေးတယ်။

တစ်ခါတော့ အကြော်ဖိုတစ်ဖိုက မြေကျင်းတူးခိုင်းတာ စစ်အတွင်းကမြုပ်နေတဲ့
ဗုံးဆံကို သံတူရွင်းနဲ့ ထိုးမိလို့ ဗုံးထကွဲလိုက်တာ
ခြေထောက်နှစ်ဘက်စလုံး ဖြတ်ပြစ်လိုက်ရတဲ့ အထိပဲ။ အဲဒီနောက်ပိုင်း မစံမယ်ပဲ
အိမ်ထောင်ဦးစီးဖြစ်သွားတယ်။ မစံမယ်ပဲ ဖတ်သီဖတ်သီရှာလိုက်၊ စားလိုက် သောက်လိုက်၊ ရှိတာလေး ပြေးပေါင်လိုက်၊ ပြန်ရွေးလိုက်။
သည်လိုနဲ့ပဲ လုံးချာလည်နေရတော့တယ်။ အိမ်မှာရှိတဲ့ ပစ္စည်းတွေလည်းကုန်ပြီ။
ခြင်ထောင်လည်း မရှိတော့ဘူး။ စောင်လည်းမရှိတော့ဘူး။ ပုဆိုး၊ အင်္ကျီကောင်းကောင်းလည်း မရှိတော့ဘူး။

ပလတ်စတစ်ရေခွက်၊ ကုန်ဝယ်စာအုပ်၊ ဒန်အိုး၊ သင်ဖြူးဖျာ၊ ကြွေဇွန်း၊ ဟင်းသောက် ပန်းကန်လုံး တော်တော်များများလည်း ကိုချစ်တီးရဲ့ အိမ်ခန်းထဲရောက်ကုန်ပြီ။

အခုလည်းမစံမယ် ဖရဲသီးရောင်းချင်နေတယ်။ ဖရဲသီးလေးပေါ်တုန်းပေါ်စ စိတ်ရောင်းရင် နှစ်ဆယ်အစိတ်တော့ ကျန်တယ်လို့ ကြားထားတာလည်းရှိတယ်။ ခက်တာက အရင်းအနှီး မရှိတာပဲ။ အရင်းအနှီးကလည်း လန်ဗန်းတစ်ချပ်။ဓားထက်ထက် တစ်ချောင်းနဲ့ ဖရဲသီးလေးငါးလုံးဖိုးလောက် လိုတာပါ။ လင်ဗန်းက ဘေးကငှားလို့ရတယ် ထားဦး၊ ဓားတစ်ချောင်းနဲ့ ဖရဲသီးဖိုးက လိုသေးတယ် မဟုတ်လား။ အိမ်မှလည်းပေါင်ရအောင် ဘာပစ္စည်းမှ မကျန်တော့သလောက်ဖြစ်နေပြီ။

ဘုရားစင်နဲ့သောက်ရေအိုးပဲ ကျန်တယ်ဆိုပါတော့။ ဘာများပေါင်ရမလဲလို့ တစ်ညလုံး စဉ်းစားတယ်။ မနက်လင်းတော့မှ ပေါင်စရာကိုသွားတွေ့တယ်။ မစံမယ် တော်တော်ဝမ်းသာသွားတယ်။ ဒါပေမယ့်မတတ်နိင်ဘူး။ မလုပ်လို့ကလည်း
မဖြစ်ဆိုတော့ သူ့ယောကျာ်းနဲ့တိုင်ပင်တယ်။ သူ့ယောကျာ်းကလည်း မျက်နာမကောင်းတဲ့ ကြားက လုပ်လေတဲ့။ မစံမယ် သိပ်စဉ်းစား မနေတော့ဘူး။ ကိုချစ်တီးတိုက်ဘက်ကို ပြေးတယ်။ ထုံးစံအတိုင်း ကိုချစ်တီးက
အခန်းမှောင်မှောင်ထဲမှာ မျက်ခွံပိတ်ကြီးနဲ့ ထိုင်နေတယ်။

သူ့ဖောက်သည် မစံမယ်ဝင်လာတာကို ငှက်ကြီးဒုံးစပ်တစ်ကောင်ကို
လှမ်းမြင်လိုက်ရတဲ့ မိကျောင်းတစ်ကောင်လို ကြည့်ရင်းက လှမ်းခေါ်တယ်။
သည်တစ်ခါ ဘာလာပေါင်ပြန်ပလဲဆိုတဲ့ မျက်လုံးတွေက တဖျပ်ဖျပ်လက်နေတာလည်း
ပါတယ်။

“ဆရာကြီး ထပါဦး၊ ဒါပေါင်ချင်လို့”

“ဘာလဲ”

“ဒါလေ”

မျက်နာမှာ ချွေးစေးတွေပြန်နေတဲ့ မျက်နာမည်းမည်းကြီးကို အတတ်နိင်ဆုံး ပြုံးရင်း မစံမယ် သူ့ပစ္စည်းကိုပြတယ်။ ကိုချစ်တီးပထမတော့ ကြောင်သွားတယ်။ နောက်တော့ ကိုချစ်တီးမျက်လုံးတွေ အရောင်တွေတောက်လာတယ်။

“ချိုင်းထောက်တွေ ဟုတ်တယ် မဟုတ်လား”

“ဟုတ်တယ် ဆရာကြီး၊ ချိုင်းထောက်တွေ ပေါင်ချင်လို့”

“ဘယ်ကဟာတွေလဲ ရှုပ်ရှုပ်ယှက်ယှက်”

“ကျွန်မယောကျာ်းဟာတွေပါ၊ လုပ်ပါဦး ဆရာကြီးရယ်၊ အတိုးလည်း တစ်ခါတည်းသာ
ဖြတ်ထားလိုက်ပါ”

ကိုချစ်တီး ချိုင်းထောက်တွေကို သေသေချာချာ ကြည့်တယ်။ တော်တော်သေသေသပ်သပ်
လုပ်ထားတဲ့ ချိုင်းထောက်တွေဖြစ်နေတယ်။ နောက်တစ်ခုက ချိုင်းထောက်ဆိုတာ
တော်တော်ကြာကြာ ထားမယ့်ပစ္စည်းမျိုး မဟုတ်ဘူးလို့ ကိုချစ်တီးတွက်တယ်။

ထုံးစံအတိုင်းပဲ ကိုချစ်တီးလက်ခံလိုက်တယ်။ ငွေငါးဆယ်သတ်မှတ်ပြီး အတိုးတစ်ဆယ် တစ်ခါတည်း နုတ်ယူထားလိုက်တယ်။ မစံမယ်ကတော့ ငွေလေးဆယ်ကိုင်ရင်း ခေါင်းစုတ်ဖွားကြီးနဲ့ ထွက်သွားတော့မှ ကိုချစ်တီး
သူ့အခန်းတံခါးကို ဖွင့်ရင်း ချိုင်းထောက်တွေကို သိမ်းလိုက်တယ်။ နောက် သော့ပိတ်တယ်။ သော့တွဲကို ကျွန်းခွေးခြေပုပေါ် ပစ်တင်လိုက်တယ်။

(၄)

ချိုင်းထောက်ကြီးနှစ်ချောင်း အိမ်ရောက်လာတဲ့ နေ့က ကိုချစ်တီးမိန်းမ အိမ်မှာမရှိဘူး။ နောက်တော့ သိသွားတာပါပဲ။ ခါတိုင်း သူ့ယောက်ျားအလုပ်မှာ ဘာမှ ဝင်စွက်ဖက်လေ့ မရှိတဲ့ မကျင်လှက သည်တစ်ခါ ဒေါတွေ ကန်နေလိုက်တာ ကိုချစ်တီး ခေါင်းတောင် မဖော်ဘူး။ တစ်ကယ်က မိန်းမက ဆူတာကလည်း ဆူတာပေါ့လေ။ သူကလည်း မစံမယ်ကို မျှော်တယ်။ ရွေးစေချင်လှပြီ။

မစံမယ်ကလည်း ဖရဲသီးလေးရောင်းလိုက်၊ ချိုင်းထောက်ရွေးဖို့ ဖယ်ထားလိုက်၊
စားတဲ့အထဲ ပါသွားလိုက်၊ ပြန်စုလိုက်၊ ပဲ့သွားလိုက်နဲ့ လုံးချာပတ်ချာ လည်နေတော့ မရွေးဖြစ်တာ တော်တော်ကြာသွားပြီ။ ငွေလေးငါးခြောက်ဆယ် လုံးခနဲ
ရဖို့ဆိုတာလည်း မသေချာတော့ ဘယ်က ပိုက်ဆံရပါ့မလဲဆိုတာပဲ မစံမယ် မျှော်တယ်။

မစံမယ်ယောကျာ်းကလည်း သူ့ချိုင်းထောက်တွေကို မျှော်တယ်။ မစံမယ်သွားပေါင်ကတည်းက သူလည်း ဘယ်မှမသွားရတော့ဘူး မဟုတ်လား။ မစံမယ်ရဲ့ လုံးချာပတ်ချာထဲမှာ သူပါ ရောပါနေတာဆိုတော့ မပြောလည်း မပြောရက်ဘူး။ မပြောလည်း မပြောသာဘူး။ ဒီလိုနဲ့ ရက်တွေလည်း ကြာလှပြီ။

(၅)

ကိုချစ်တီးက မစံမယ်ကိုမျှော်တယ်။ မစံမယ်က ပိုက်ဆံကိုမျှော်တယ်။ မစံမယ်ယောကျာ်းက ချိုင်းထောက်နှစ်ချောင်းကို မျှော်တယ်။ ဘယ်တတ်နိင်မလဲ။ မျှော်ကြပေါ့။

* * *
နေဝင်းမြင့်
ရွှေအမြုတေ မဂ္ဂဇင်း ၁၉၉၁၊ စက်တင်ဘာ။

No comments:

Post a Comment