*ရေးတတ်ရင် ဝတ္ထုဖြစ်တယ်*(မောင်သာရ)
မင်းက မင်းကို မမြင်တတ်ဘူး.. ပြောတော့လည်း မကြိုက်ဘူး။ သည်ခေတ်လောက် စာရေးချင်တဲ့ လူတွေအတွက် ရေးစရာ ပေါတာ ဘယ်ရှိမလဲ။ ငါ့မှာဆိုလဲ ရေးစရာတွေ တပုံတခေါင်းကြီး။ ရေးလို့ကို မကုန်နိုင်ဘူး။
မင်းကျမှ ဘာရေးရမှန်း မသိဘူးဆိုပြီး လာညည်းနေတယ်။ အတော်ဟုတ်တဲ့ကောင်။
အရေးကြီးတာက မြင်တတ်ဖို့ လိုတယ်ကွ။ စာရေးဆရာ ဖြစ်ချင်တယ်ဆိုရင် မြင်တတ်ရတယ်။ ကြည့်တတ်ရတယ်။
တကယ်တော့ စာရေးတယ်ဆိုတာက ဘာမှ သိပ်ခက်တာ မဟုတ်ဘူး။ လေ့ကျင့်လိုက်ရင် ရတာပဲ။ တခုတော့ ရှိတာပေါ့လေ။ ဖတ်လို့ကောင်းအောင်၊ ပရိသတ်ကြိုက်အောင်၊ နားလည်း လည်လာအောင် ရေးတတ်ဖို့ ဆိုတာကတော့ သိပ်မလွယ်လှ ဘူးပေါ့။
ဒါပေမယ့် အရေးအကြီးဆုံးကတော့ 'အမြင်' ရှိရမယ်။ ကြည့်တတ် မြင်တတ်ဖို့ လိုမယ်။
တခြား ဝေးဝေးလံလံတွေ လျှောက်ကြည့်မနေနဲ့။ သည်လမ်းက ဘာလမ်းလဲ။ ဘာလမ်းဖြစ်ဖြစ် မင်းနေတဲ့လမ်း။ သည်လမ်းထဲမှာ မင်းနေလာခဲ့တာပဲ ဘယ်လောက်ကြာ ပြီလဲ။ ငါသိတာပဲ ဆယ်နှစ်ကျော်ပြီ။
ငါက မင်းနဲ့ ပတ်သက်ပြီးတော့သာ သည်လမ်းကို ရောက်ဖူးတာ။ ရောက်တာကတော့ ခဏခဏ ပေါ့လေ။ မင်းရှိနေတော့လည်း ရောက်ဖြစ်နေတာပေါ့။
ဆိုလိုတာက ဘာပဲပြောပြော သည်လမ်းအကြောင်းကို မင်းက ငါ့ထက် ပိုသိမယ်။ ငါသိတယ် ဆိုတာက မင်းသိတာထက် ဆယ်ပုံ့တပုံ လောက်ပဲ ရှိမယ်။
ပြီးတော့ သည်လမ်းမှာ မင်းက ရပ်ကွက်လူကြီး။ ရပ်ကွက်က ရွေးချယ် တင်မြောက်ထားတာ။ သည်လမ်းနဲ့ ပတ်သက်တဲ့ ပြသနာ အရပ်ရပ်ကို မင်းကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနေရတာ။ သည်လမ်းရဲ့ အကြောင်းနဲ့ ပတ်သက်လို့ အူသိမ်အူမ မကျန် မင်းမသိဘဲ နေမလား။
ဒါပေမယ့် မင်းလမ်းကို မင်း စာတပုဒ်ဖြစ်အောင် ရေးရကောင်းမှန်း မသိဘူး မဟုတ်လား။
အေး…. မြင်တတ်ဖို့ လိုတယ်ဆိုတာ အဲဒါကို ပြောတာ။
ငါပြောပြမယ် နားထောင်။
မဟုတ်ရင် မဟုတ်ဘူး ပြန်ပြော။ မှားနေရင် မှားနေတယ်ပြော။ ငါ့ကိုတော့ ပြောလို့ ရတယ်။ ကိစ္စ မရှိဘူး။
မင်းနေတဲ့ အိမ်က စ, မယ်။
မင်း ဘာအလုပ် လုပ်သလဲ။ တောက်တိုမည်ရ စာရေးတယ်။ စာရေးဆရာ ဖြစ်ချင်လို့ ကြိုးစားနေတယ်။ မင်းမိန်းမက အိမ်ဆိုင် ထွက်တယ်။ ကလေး စားစရာ အချဉ်ထုပ်၊ အချိုထုပ်ကလေးတွေ ရောင်းတယ်။ ဆေးလိပ်ရောင်းတယ်။ လက်ဖက်သုပ် ချင်းသုပ် ရောင်းတယ်။
ဟုတ်ပြီ။
ဟိုဘက်ခန်းက ဘာလုပ်လဲ။
တရုတ်။ ဖိနပ်ချုပ်တယ်။ ဆိုင်ကြီးတွေက အော်ဒါပေးတဲ့ ဖိနပ်တွေ ချုပ်တယ်။ အလုပ်သမား မရှိဘူး။ မိသားစု လုပ်ကြတာ။
အေး….. အပေါ်ထပ်ကကော ဘာလုပ်လဲ။ တခန်းက အိမ်ရှင်နေတယ်။ တခန်းက အပျိုကြီး ညီအစ်မ နှစ်ယောက်နေတယ်။ လဟာပြင်ဈေးမှာ အထည်ရောင်းကြတယ်။
နောက်တခါ ခေါင်းရင်းအိမ်။ ဘာလုပ်လဲ။ စက်ချုပ်တယ်။ ယောက်ျားဝတ် ရှပ်အင်္ကျီတွေ ချုပ်တယ်။ နာမည်ကြီးတယ်။ ရုပ်ရှင်မင်းသားတွေတောင် လာအပ်တယ်လို့ ပြောတယ်။ ဒါပေမယ့် ဆိုင်းဘုတ်တော့ မရှိဘူး။
အဲသည် ခေါင်းရင်းအိမ် အပေါ်ထပ်ကကော။ လင်မယား နှစ်ယောက်စလုံး ဝန်ထမ်း။ ကုန်သွယ်ရေး ကော်ပိုရေးရှင်းတခုမှာ အလုပ်လုပ်ကြတယ်။ ဟုတ်ရဲ့လား။ နာမည်ကတော့ ထားလိုက်ပါတော့။
ပြီးတော့ ခြေရင်းအိမ်။
အိမ်ငှားမရှိဘူး။ မော်တော်ကား ထောင်တယ်။ အငှားလေးဘီးကားကလေး နှစ်စီး ရှိတယ်။ ညဘက်ဆိုရင် အောက်ထပ်မှာ ကားထားတယ်။ လူတွေက အပေါ်ထပ်မှာ နေကြတယ်။
ပြီးတော့ မျက်နှာချင်းဆိုင်က အိမ်။
အဲသည်အိမ်ကလည်း မော်တော်ကား ထောင်တာပဲ။ ဒါပေမယ့် ကားကြီး။ အုတ်တင် သဲတင်တဲ့ ကား။ တနှစ်မှာ နှစ်ခါလောက် အင်ဂျင်ချရတယ်။ လေးခါလောက် လနဲ့ ချီနားပြီး ပြင်ရတယ်။ ကားအို ကားဟောင်းကြီး။
နောက်တခန်းကကော ဘာတွေလုပ်လဲ။
ပိုင်းလော့ မင်ပုလင်းတွေ ဝယ်တယ်။ ဆော်ဒါနဲ့ ဆေးတယ်။ သန့်စင်တယ်။ ပြီးတော့ စက်ရုံကို ကန်ထရိုက်စနစ်နဲ့ ပုလင်းခွံတွေ ပြန်သွင်းတယ်။
မင်းတို့ လမ်းက တကယ် စုံတယ်။
ဘုန်ကြီးကျောင်းလည်းရှိတယ်။ ဆယ့်နှစ်ခန်း စာလောက်ရှည်တဲ့ အုတ်ရိုးနဲ့။ အကျယ်ကြီး။
ပြီးတော့ နောက်ထပ် ဖိနပ်ချုပ်တဲ့ တရုတ်အိမ် တအိမ်လည်း ရှိတယ်။
တခါ တရုတ် မိန်းမလျာကလေး တယောက်။ သူက ဆံပင်တုတွေ လုပ်ရောင်းတယ်။ အလှပြင်ဆိုင် လည်း ဖွင့်ထားတယ်။ သူ့စီးပွါးရေးကလည်း ဆိုးပုံမရဘူး။
အဲသည် အနားမှာပဲ ပါပလာ အခြောက်တွေ လုပ်ရောင်းတဲ့ ကုလားမ အိမ်တအိမ် ရှိသေးတယ်။
နောက်တခု ခေတ်ပေါ်သင်္ဘောသား အိမ်တအိမ်လည်း ရှိတယ်။ ဗွီဒီယိုနဲ့ ဘာနဲ့။ မင်းကလေးတွေ သွားကြည့်နေကျ။
ပြီးတော့ နောက်တအိမ်က လက်နှိပ်စက် ပြင်တယ်။ အဟောင်းတွေ ဝယ်တယ်။ ပြင်ပြီး ပြန်ရောင်းတယ်။ သူကတော့ ဘားလမ်းမှာလည်း အင်္ဂလိပ် လက်နှိပ်စက် ရိုက်တယ် ပြောတာပဲ။ လမ်းဘေးတော့ လမ်းဘေးပေါ့လေ။
အဲ…. လမ်းထိပ် ရောက်သွားပြီ။ လမ်းထိပ်တဖက်က ဆီဆိုင်ကြီး။ ဆီကုန်သည်။ သည်နားတဝိုက်က ထမင်းဆိုင်တွေ၊ အကြော်ဆိုင်တွေနဲ့ အိမ်တွေကို ဆီရောင်းတယ်။ သူတို့ကတော့ ချမ်းသာတယ်။ ကိုယ်ပိုင် မော်တော်ကားနဲ့ ဘာနဲ့။
လမ်းထိပ်မှာပဲ တဖက်ကတော့ ကုန်စုံဆိုင်။ အခု နောက်ဆုံးခေတ်ပေါ် ကုန်စုံဆိုင်ပေါ့။ ပစ္စည်း အစုံရောင်းတယ်။ အလှကုန်လည်း ရှိတယ်။ စာရေးကရိယာတွေလည်း ရှိတယ်။ အိမ်သုံးပစ္စည်း တွေလည်း ရှိတယ်။ ဘီစကွပ်မျိုးစုံ လည်း ရှိတယ်။ အိမ်သုံး ဆေးဝါးလည်း ရှိတယ်။ နောက်ဆုံး တံဆိပ်ခေါင်းကအစ ရှိတယ်။
သည်ဘက်လမ်းထိပ် ပြီးတော့၊ ဟိုဘက် လမ်းထိပ် သွားရအောင်။ လက်ဘက်ရည်ဆိုင် အအေးဆိုင်။
တဖက်အိမ်က မော်တော်ကား ဝပ်ရှော့။ အထူးသဖြင့် ဖင်မီလီယာကားတွေ လာပြင်တာ တွေ့ရတယ်။
လမ်းထဲကို ပြန်ဝင်ခဲ့။
ဆင်းရဲသားတွေ နေတယ်။
တခန်းက ဂေါ်ရင်ဂျီ ကုလားမ။ မနက်တိုင်း မနက်တိုင်း 'တိုရှည်' လုပ်ရောင်းတယ်။ တခုမှ တမတ်။ ကလေးတွေ တန်းစီ စောင့်ဝယ်ရတယ်။
နောက်တခါဆို ပြိုလုပြိုခင် အိမ်ကလေး။ ဆိုက်ကားဆရာတယောက်က အောက်ထပ်နေတယ်။ အပေါ်ထပ်က လက်သမားဆရာ။
အဲဒီ လက်သမားဆရာကို အကြောင်းပြုပြီး သူတို့နဲ့ ကပ်လျက်အိမ်က ပျဉ်တိုပျဉ်စ ပျဉ်ဟောင်းတွေ ရောင်းတယ် ဝယ်တယ်။ အိမ်ဟောင်းတွေ ဝယ်တယ်၊ ဖျက်တယ်။ ယူလာတယ်။ ပြန်ရောင်းတယ်။ သွပ်ဟောင်းတွေလည်း ရောင်းတာပဲ။
နောက် သူတို့နဲ့ မျက်နှာ်ချင်းဆိုင် အိမ်ကကောင်ကတော့ နည်းနည်း လည်တယ်။ လူငယ်ပဲ။ သူကတော့ ဘိလပ်မြေ အတုလုပ်တယ်။ အတုလုပ်တယ် ဆိုတာကလည်း ငါမြင်ပါတယ်။ အစစ်ကို ဝယ်ရသေးတယ်။ ပြီးတော့မှ မြေနီမှုန့်တွေ၊ ထမင်းခြောက်မှုန့်တွေနဲ့ ပြန်ရောပြီး ရောင်းတာပဲ။ အိတ်ကို ဘယ်ဘက်က ဖောက်ကြည့် ကြည့် အစစ်တွေချည့်ပဲ။ အလယ်ကောင်မှာမှ ရောထည့်ထားတာ။ တအိတ်က နှစ်အိတ်ဖြစ်၊ နှစ်အိတ်က သုံးအိတ်ဖြစ်။ ဘိလပ်မြေတအိတ်ရဲ့ ဈေးနှုန်းကလည်း မင်းသိတဲ့အတိုင်း။ ရာကျော်တယ်။ တွက်ခြေကိုက်တာပေါ့။
ဟော….. အံ့သြစရာ ကောင်းတာက စာကလေး အရှင်တွေ ဝယ်လှောင်ပြီး ဖောက်သည်ပေးတဲ့ ကုလားအိမ် တအိမ်လည်း ရှိသေးတယ်။ တအိမ် မဟုတ်ဘူးလေ၊ နှစ်အိမ်။
ပြီးတော့ မင်းတို့ လမ်းထဲမှာ တပ်မတော်က တပ်ကြပ်တယောက်လည်း ရှိသေးတယ်။ ကလေးတွေ တပြုံကြီးနဲ့။ အဲဒီတပ်ကြပ်က ဗလကောင်းကောင်း၊ ဝတ်စုံဝတ်လိုက်ရင် တကယ်ခန့်တယ်။ လူကြီးတယောက်ရဲ့ မော်တော်ကားကို မောင်းရတယ်။ ဟုတ်တယ် မဟုတ်လား။
နောက်တခါ အရာခံ ဗိုလ်တယောက်လည်း ရှိသေးတယ်။ မနက်တိုင်း မနက်တိုင်း လမ်းထိပ်ထွက်ပြီး စစ်ရုံးက လာကြိုတဲ့ ဖယ်ရီကားကို စောင့်စောင့် စီးတာ တွေ့တယ်။ အရပ်ထဲမှာတော့ သူရှိမှန်းတောင် မသိရဘူး။ လွှတ်အေးတယ်။
ပြီးတော့ ဘဏ်အရာရှိ တယောက်လည်း ရှိသေးတယ်။ ဘဏ်အရာ ရှိဆိုပေမယ့် ယောက္ခမအိမ် ကပ်နေတာပါ။ သူ့ ယောက္ခမကလည်း မင်းလိုပဲ ရပ်ကွက်လူကြီး။ တခါတုန်းက မြို့နယ် အဆင့်အထိ ပါဘူးသေးတယ် မဟုတ်လား။
အေး…. ပြီးတော့ အထူးခြားဆုံးကတော့ ဒိုဘီသမားအိမ်။ ဒိုဘီသမား ဆိုပေမယ့် အခြား ဒိုဘီ ကုလား တွေလို လူတကာအဝတ် လျှော်တာ ဖွတ်တာ မဟုတ်ဘူး။ သူက သီးသန့်။ ယဉ်ကျေးမှု ဦးစီးဌာနက မင်းသမီး မင်းသား ဝတ်တဲ့ အဝတ်တွေ၊ ရွှေချည်တိုး ငွေချည်ထိုးတွေနဲ့ ကန့်လန့်ကာတွေ၊ ကားလိပ်တွေကို လျှော်ရ ဖွတ်ရတာ။ သည်အလုပ်လုပ်နေတာ ကြာလှပြီ။ မိရိုးဖလာ လုပ်လာခဲ့တဲ့ အလုပ်လို့ ပြောတယ်။
နောက် ထူးခြားတဲ့ အိမ်တအိမ်လည်း ၇ှိသေးတယ်။ တနှစ်ပတ်လုံး ဘာအလုပ်မှ မလုပ်ဘူး။ ဘာအလုပ်မှ မရှိဘူး။ တနှစ်မှ တခါပဲ အလုပ်လုပ်တယ်။ အဲဒီအလုပ်ကလည်း တလလောက်ပဲ လုပ်ရတယ်။ ဒါပေမယ့် အဲဒီအလုပ်က ရတဲ့ ဝင်ငွနဲ့ တနှစ် စားလောက်တယ်။ ဘာအလုပ်လဲ ဆိုတော့ ပြွတ်လုပ်တဲ့ လုပ်ငန်း။ ရေပက်တဲ့ ပြွတ်၊ ကလေးတွေ ရေကစားတဲ့ ပြွတ်။ ပလတ်စတစ်ပိုက်လုံးတွေ ဝယ်။ ဖြတ်။ ထီးရိုးတွေ ဝယ်။ ပြွတ်တံလုပ်။ ပွတ်လုံးတွေ ဝယ် လက်ကိုင်လုပ်။ အဖုံးအပိတ်က ပလတ်စတစ်လုပ်တဲ့ စက်ကလေး ရှိတယ်။ တနှစ်မှ တခါပဲ အလုပ်လုပ်တယ်။ ဝင်ငွေကောင်းတယ်။ သင်္ကြန်မတိုင်မီ တလလောက်က စတာပဲ။ ဆိုင်တွေက အလူအယက် လာဝယ်ကြတယ်။
အဲ…. မေ့လို့။ အဝေးပြေး မော်တော်ကားဂိတ် တဂိတ်လည်း ရှိသေးတယ်။ သမဝါယမပိုင်။ အညာဘက်က လာဖွင့်ထားတာ။
ပြောပြီးကော။
မင်းတို့ လမ်းထဲမှာ သိပ်ဆင်းရဲတဲ့ လူတွေလည်း ရှိတယ်။ ဆိုက်ကားဆရာတို့။ တိုရှည်သည်တို့။ သိပ်ချမ်းသာတဲ့ လူတွေလည်း ရှိတယ်။ အငှားကားထောင်တဲ့ အိမ်တို့ ဆီဆိုင်တို့။
ပြီးတော့ တရုတ်လည်း ရှိတယ်။ ကုလားလည်း ရှိတယ်။ မြန်မာလည်း ရှိတယ် လူမျိုးစုံ။
ပြီးတော့ ဘုန်းကြီးကျောင်းတောင်မှ ရှိလိုက်သေးတယ်။
အေး… စာတတ်တဲ့ လူတွေလည်း ရှိတယ်။ ဝန်ထမ်းတွေလည်း ရှိတယ်။ လုံးဝ စာမတတ်တဲ့ လူတွေ လည်း ရှိတယ်။
အဲဒီလမ်းထဲမှာ မင်းနေတယ်။
ပြီးတော့ ရပ်ကွက်ကလည်း ရွေးချယ်တင်မြောက်ထားတယ်။ ရပ်ကွက်လူကြီး။
သည်အထဲကများ မင်းက စာရေးဆရာ။ အကြောင်းအရာ ခေါင်းပါးသတဲ့။ ဘာရေးရမှန်း မသိဘူးတဲ့။
တခါတခါ စဉ်းစားလိုက်ရင် ခြောက်သတဲ့။
မင်းမို့ ပြောရက်ပလေတယ်။ အံ့ရော။
ရေးပါလား။ ကိုယ့်လမ်းအကြောင်းကို ရေးတတ်ရင် ဝတ္ထုတွေ အများကြီး ထွက်နိုင်တယ်။
မောင်သာရ။
[ပေဖူးလွှာမဂ္ဂဇင်း၊ ၁၉၈၉ ဇွန်]
ရေးတတ်ရင် ဝတ္ထုဖြစ်တယ် (၂)
ရေဆိုတာ မြင့်ရာက နိမ့်ရာကို စီးတယ်လို့ပဲ ကြားဖူးပါတယ်။ ဒါပေမယ့် သည်နေရာမှာတော့ ငါလည်း မရေမရာ ဖြစ်တာနဲ့ မင်းကိုပဲ အားကိုးတကြီးနဲ့ ပြန်မေးရဦးမယ်။ ၅၅ - နှစ်ဆိုတဲ့ အရွယ်ဟာ သူငယ်ပြန်ပြီလား၊ ပြန်နိုင်ပြီလား၊ ပြန်တတ်ပြီလား။
အေးပါ ….. ၅၅ - နှစ်နဲ့ သူငယ်ပြန်တယ်လို့တော့ ငါလည်း မကြားဖူးပါဘူး။
ဒါပေမယ့် မင်းသိတဲ့အတိုင်း ငါ့အသက်က အခုလာမယ့် အောက်တိုဘာလကျမှ ၅၄ ပြည့်မယ်။ သူငယ်ပြန်တဲ့အရွယ် ခုနှစ်ဆယ်ကျော်၊ ရှစ်ဆယ်ကျော် မဟုတ်သေးဘူး။ ပြီးတော့လည်း အထူးသန်တုန်း မြန်တုန်း။
ဟုတ်ပါတယ်။ ဒါပေမယ့် ငါ သူငယ်ပြန်စ ပြုနေပြီ။ သူငယ်ပြန်ချင်နေပြီ။ တခါတလေ ငါ့စိတ်ကို ငါမနည်း ထိန်းရတယ်။ ဒါတောင် မရချင်တဲ့အခါ မရဘူး။ လွတ်ချင်တဲ့အခါ လွတ်သွားတယ်။
မင်းက……….. မိန်းမ ငယ်ငယ်လေးတွေကို ယူချင်တဲ့စိတ် ပေါက်ရမှာလား။ တော်လောက်ပါပြီ မောင်ရာ၊ ကြောက်လှပါပြီ။
သည်မယ်.. ဟေ့ကောင် မနောက်နဲ့၊ ငါအတည်ပြောတာ။ အဲ့ဒါ ငါပြောပြမယ်။ မင်းရေး။ ရေးတတ်ရင် ဝတ္ထု ဖြစ်တယ်။ ကဗျာလည်း ဖြစ်တယ်။ စာတပုဒ် ဖြစ်တယ်ပေါ့ကွာ။
ဟ … ငါကိုယ်တိုင် ရေးနိုင်တော့မှ သက်သက်မယ့် မင်းကို ရေးခိုင်းနေပါ့မလား။ ငါရေးလို့ မဖြစ်လို့ပေါ့ကွ။ သိတယ်မဟုတ်လား။ ငါရေးရင် ပြသနာ ဖြစ်မယ်။ ဖြစ်လာနိုင်တယ်။
မင်းကတော့ စာရေးတဲ့ လူချင်း တူပေမယ့် စာရေးတဲ့ မူချင်းမတူဘူး။ ပြီးတော့ လူငယ်လည်း လူငယ်။ ဘာအရောင်အဆင်းမှလည်း မရှိ။ လမ်းမပေါ်မှာ ပုဆိုးကွင်းသိုင်းပြီး ခွေလှိမ့်လည်း မင်းအနေနဲ့ ကတော့ တင့်တင့်တယ်တယ်။ ဘာကိစ္စမှ မရှိနိုင်ဘူး။
မင်းသိပါတယ်လေ။ တတ်နိုင်ရင် ငါ စာမရေးချင်တော့ဘူး ဆိုတာကို။ အသက်ကြီးလာပြီ ဟကောင်ရ။ မျက်စိတွေမှုန်၊ လက်တွေ တုန်နဲ့။ မျက်စိမှုန်တာက မျက်မှန် တပ်လို့ ရသေးတယ်။ လက်တုန်တာက ဘာမှ ကူလို့ ထောက်လို့ မရဘူး။
ပြောရတာလည်း ရှက်ပါတယ်ကွာ။ မရေးပြန်တော့လည်း ထမင်းစားစရာက မရှိပြန်ဘူးဟ။ ထမင်းစားစရာ မရှိလို့များ သိသိတတ်တတ်နဲ့ လာပေးကြ ကမ်းကြလိမ့်မယ် လို့တော့ မမျှော်လင့်နဲ့။ ကြွေးရှင်က လူရှေ့မရှောင် သူရှေ့မရှောင် ကြွေးလိုက်မတောင်းရင်ပဲ ကံကောင်း။
ခက်သားပဲကွ။ သည်အသက် သည်အရွယ်ရောက်လာမှတော့ ငါလည်း တခြားအလုပ် လုပ်မစားတတ်တော့ဘူး။ ပြင်လို့ မရတော့ဘူး။ ခေါက်ရိုးကျိုးနေပြီ ဆိုပါတော့ကွာ။
မင်းမျက်မြင်ပဲ။ ငတ်တော့လည်း တွေ့ကရာ လျှောက်ရေးတော့တာပေါ့။ ဖေတော့ မောင်တော့တွေ ရေးလား ရေးရဲ့။ ကိုယ့်အကြောင်း ကိုယ်ပြန်ရေးလား ရေးရဲ့။ ဘတ်စ်ကားမှတ်တိုင်က အကြောင်းတွေ၊ လက်ဘက်ရည်ဆိုင်က အကြောင်းတွေ၊ လမ်းဘေးက အကြောင်းတွေ ဘာမှလည်း မဟုတ်ဘဲနဲ့ တောင်လျှောက်ရေး မြောက်လျှောက်ရေး။
ဟော …. အခုတော့ မရေးချင်တော့ဘူး။ မရေးတော့ဘူး။ မင်းတို့ပဲ ရေးကြတော့။
အခု ငါပြောပြမယ် ဆိုတာကလည်း ရေးတတ်ရင်တော့ စာကောင်းတပုဒ်ဖြစ်တယ်ကွ။ လှတယ်။ လှအောင်လည်း ရေးတတ်ရမှာပေါ့ကွာ။
အေး ….. သည်ဝတ္ထုမှာတော့ ငါ့ကို အဓိက ဇာတ်ကောင်နေရာမှာ ထားရေးရမယ်။ နာမည်တော့ လွှဲထည့်လိုက်ပေါ။ လွယ်ပါတယ်။
အဲ … ဝတ္ထု အစမှာ စောစောက ငါပြောတဲ့အတိုင်း ငါက ၅၅ နှစ်နဲ့ သူငယ်ပြန်စ ပြုနေပြီပေါ့။
ဘာဖြစ်လို့ သူငယ်ပြန်ပြီလို့ ပြောရသလဲဆိုတော့ မင်းသိတဲ့အတိုင်း ငါက အခု ကမာရွတ်က အဆောင်တဆောင်မှာ နေနေတယ်။ အဆောင်ဆိုတာက ကျောင်းသားတွေ၊ ဘွဲ့ရပြီးစ အလုပ်လက်မဲ့ လူငယ်တွေ၊ အလုပ်ဝင်စ လူငယ်တွေ စုပေါင်း ငှားရမ်း နေထိုင်ကြရတဲ့ နေရာ။ အားလုံး အသက် နှစ်ဆယ် အစိတ် ပတ်ဝန်းကျင် အရွယ်တွေ။ လူပျို ကိုယ်လွတ်တွေ။ ငါလိုလူမျိုး ငါက လွဲလို့ တယောက်မှ မရှိ။
စဉ်းစားကြည့်လေ။ အဲသည်လို အရွယ်လူငယ်ကလေးတွေနဲ့ချည်း နှစ်ရှည်လများ အနေကြာလာတော့ ငါကလည်း လွတ်နေ၊ စိတ်တွေလည်း ပြန်ငယ်လာတယ် ထင်ပါရဲ့။ အတွေးအခေါ်တွေလည်း ပြောင်းကုန်သလား မပြောတတ်ဘူး။ အင်အားချင်းကလည်း ငါက တယောက်တည်း။ သူတို့က အများ။ လွှမ်းမိုးလာတယ် အောက်မေ့ရတာပဲ။
ဟင့်အင်း … မဟုတ်ဘူး။ မင်းပြောသလို တွဲချင်တဲ့စိတ်၊ နွှဲချင်တဲ့ ဆန္ဒမျိုးတော့ ဖြစ်မလာဘူး။ ဒါကတော့ သေချာတယ်။
နောက်တာ ပြောင်တာ၊ ရယ်စရာပြောတာက ပြောတာတခြား။ မိန်းမနဲ့ ပါတ်သက်လို့တော့ ငါ တော်တော် စိတ်ဓါတ်ကျသွားပြီ။ ဘယ်လိုမှ စဉ်းစားလို့ မရတော့ဘူး။ ဒါအမှန်။
ဒါပေမယ့် ငါက ဘာလဲ မသိဘူး။ သတင်းစာဖတ်ရင် ခါတိုင်းလို မဖတ်ဘူး။ ခါတိုင်းဆိုရင် စာအုပ်ကြော်ငြာတွေ ပထမဆုံး လှန်ဖတ်လို့။ နောက် နာရေးကြော်ငြာတွေ ဖတ်လို့။ ဟောဗျ .. ခုတော့ 'အလိုရှိသည်' ဆိုတဲ့ အလုပ်လျှောက်လွှာ ခေါ်တဲ့ ကြော်ငြာတွေကိုပါ အရေးတကြီး ဖတ်နေပြီ။
ဘာလုပ်မှာလဲ။ ငါ့အသက်အရွယ်၊ ငါ့ပညာအရည်အချင်းနဲ့ ဘာဆိုင်သလဲ။ စဉ်းစားလို့ မရဘူး။ ဘာကြောင့် စိတ်ဝင်တစား ဖတ်မိနေတယ် ဆိုတာကို။
အလကား ပြောနေတာ မဟုတ်ဘူး။ တခါတလေ အဲဒီကြော်ငြာတဲ့ အလုပ်ကို စိတ်ကူးနဲ့ လျှောက်ကြည့်လိုက်တယ်။ ပြီးတော့ လူငယ်တွေ အလွတ်ကျက်ကြတဲ့ 'ပြည်မြန်မာ' စာအုပ် ဆိုရင်လည်း ကောက်ဖတ်ကြည့်၊ မှတ်။ ပြီးတော့ စာမေးပွဲ ဝင်ဖြေကြည့်။
တကယ်ရယ်ရတယ်။ ငါမအောင်ဘူး။ ငါ့ကိုယ် ငါသာ အပြင်ဘက်မှာ အထင်ကြီးနေတာ။ လူတွေ့အမေးခံရတဲ့ အဆင့်တောင် မရောက်လိုက်ဘူး။ ဖွတ်ကျား။ စိတ်ကူးထဲမှာတောင် အောက်တန်းကျ။
ဟေ့ကောင် …. ဘာတွေ လိုက်ရေးမှတ်နေတာလဲ။ မဟုတ်တာတွေလည်း လျှောက်မထည့်နဲ့။ ငါပြောသမျှ အကုန်လုံးလည်း ထည့်ရေးဖို့ မလိုဘူး။ ဝတ္ထုတိုဆိုတာ တိုရမယ်။ တိုနိုင်သမျှ တိုရမယ်။ လျှာမရှည်နဲ့။ မလိုအပ်ရင် ထည့်မရေးနဲ့။ စာဖတ်တဲ့ လူတွေမှာလည်း အချိန်အား သိပ်ရှိတာ မဟုတ်ဘူး။ ပြောချင်တဲ့ စကားကို မြန်မြန်ပြော၊ တိုတိုပြော၊ ရှေးခေတ်က ရေးပုံရေးနည်းတွေကို အတုခိုး မမှားနဲ့။ စာအုပ်ဟောင်းပုံထဲက ပညာရှိဟောင်းတွေရဲ့ စကားတွေကိုလည်း နားယောင်မနေနဲ့။ မင်းရဲ့ အလုပ်က ရေး၊ ဆက်ရေး၊ စာရေးဆရာ ဖြစ်ချင်တယ် မဟုတ်လား။ ရေး၊ ပြောနေ ငြင်းနေလို့ စာရေးဆရာ မဖြစ်ဘူး။
ဟုတ်ပါ့။ လျှာရှည်တာက ငါ။ ပြောလက်စ စကားတောင် ဘယ်ရောက်သွားပါလိမ့်။
အေး .. လူငယ်တွေနဲ့ အတူနေတယ်။ လူငယ်တွေနဲ့ ပေါင်းတယ်။ ကိုယ့်ကိုယ်ကိုလည်း လူငယ်လို့ ထင်လာတယ်။
အခုမှ ဘွဲ့ရခါစ ပေါ့လေ။ အလုပ်မရှိသေးတော့ အလုပ်လျှောက်မယ်ပေါ့။ 'အလိုရှိသည်' တွေကို သေသေချောချာ လိုက်ဖတ်။
ဆိုလိုတာက ဘဝကို အခုမှ စမယ်ပေါ့။ စာရေးဆရာ ဘဝကို မေ့လိုက်။ လူငယ်တယောက်။ မောင်သိန်းလွင်။ နောက်အသစ်တယောက်။
မောင်သိန်းလွင် ဘာဖြစ်ချင်သလဲ။ အနာဂတ်ဘဝအတွက် ဘယ်လို စိတ်ကူး ကြံစည်ထားသလဲ။ အလုပ် ရွေးပြီးပြီလား။ လမ်းရွေးပြီးပြီလား။ ဒါမှမဟုတ် ရရာအလုပ်လုပ်မှာလား။ လှေကြုံလိုက် မှာလား။ လွယ်တဲ့လမ်း သွားမှာလား။ ပန်းတိုင် သတ်မှတ်လျှောက်မှာလား။
ဟိုက် … ဘယ်ဆိုးလို့တုန်း။
မောင်သိန်းလွင် အသစ်လည်း စိတ်မကျေပွဲ နွှဲချင်သေးတယ် ထင်ပါရဲ့။ ဘဝမှာ နောက်တကျော့ ထပ်ငတ်ချင်သေးတယ် ထင်ပါရဲ့။
ဆုံးဖြတ်ချက် ချလိုက်တယ်။ ကိုယ်ပိုင်အလုပ် လုပ်မယ်တဲ့ …။
မင်းသိတယ် မဟုတ်လား။
ဝပ်ခါနီး ကြက်မတကောင်ကို ဝယ်ပြီး ကြက်ဥ ဆယ်ဥလုံး ထည့်ဝပ်ခိုင်းလိုက်တာ အခု ပေါက်နေပြီ။ ဆယ်ကောင်။ တဥမှ မပျက်ဘူး။ အဝပ်ကောင်းလိုက်တဲ့ ကြက်မ။ သားထိန်းကောင်းလိုက်တဲ့ ကြက်မ။
ဟေ့ကောင် .. ငေးမနေနဲ့။ အဲဒါ သေသေချာချာ မှတ်။ တနိုင် မွေးမြူရေး ခေါ်တယ်။ မပါပါအောင် ထည့်ရေး။
အေး.. ကြက်ကလေးတွေအကြောင်း ကြုံလို့ ပြောအုန်းမယ်။ မင်းလဲ တိရစ္ဆာန် ချစ်တတ်တဲ့ အကောင်ပဲ။ အဆောင်ပိုင်ရှင် အပျိုကြီး အိုကလည်း တိရစ္ဆာန် ချစ်တတ်တယ်။ တော်သေးတာပေါ့။ ကြက်ဆိုတာ တံမြက်စည်း လှဲထားတဲ့ အမှိုက်ပုံကို ပြန်ဖွ ပစ်လို ဖွပစ်၊ ပေါင်းသင်မြေဖို့ထားတဲ့ ပန်းပင်ခြေရင်းတွေ ယက်လိုယက်နဲ့ ကောင်းကောင်း ပြသနာ တက်နိုင်တယ်။
အင်း .. ငါလည်း ဒီကြက်တွေ ပေါက်လာမှ အတော့်ကို အိမ်မြဲနေတယ်။ အဲ .. အဆောင်မြဲနေတယ်။
ဟန်တော့ကျတယ်။ မြို့ထဲကိုလဲ နေ့စဉ်မထွက်ဖြစ်တော့ဘူး။ ခရီးစရိတ် အကုန်အကျ သက်သာတာပေါ့။ ပြီးတော့ လက်ဘက်ရည် ဆိုင်တွေမှာလည်း သိပ်ကြာကြာ မထိုင်ဖြစ်တော့ဘူး။ အချိန်ပုပ် သက်သာတာပေါ့။
အလကားနေရင်း ငါ့ကြက်ကလေးတွေပဲ ငါထိုင်ကြည့်နေတယ်။ ကြက်ကျောင်းတယ် ဆိုပါတော့။
မင်းမသိဘူး။
လွှတ် စိတ်ဝင်စားဖို့ ကောင်းတယ်။
အစာတွေ့ရင် ကြက်မကြီးက အသံပြုပြီး လှမ်းခေါ်တယ်။ ကြက်ကလေးတွေ ပြေးလာပြီး စားကြတယ်။ ကြက်မကြီးက သူမစားဘူး။ အစာ သိပ်ပေါများနေမှ ဝင်စားတယ်။
နောက်တခါ ကျီးကန်းလာတယ်။ ရန်သူလာတယ်။ ကြက်မကြီးက အသံပြုလိုက်တယ်။ အတောင်နှစ်ဖက်ကို ဖွပေးတယ်။ ကြက်ကလေးတွေက အမေ့နား ပြေးလာကြပြီး ပုန်းကြတယ်။
မိဘမေတ္တာ ပြောပါတယ်။ တိရစ္ဆာန်တောင် ကိုယ့်သားသမီး ကိုယ်ချစ်တယ်။ ဒါလဲ ဖွဲ့နွဲ့ပြီး ရေးလို့ ရတာပဲ။
ငါပြောမယ်။ မနက်ကပဲ မြင်ခဲ့ရသေးတယ်။ ကြက်မကြီးက ပန်းအိုးအောက် အုတ်ခဲကြားက တီကောင်တကောင်ကို မိလိုက်တယ်။ ဆွဲထုတ်လိုက်တယ်။ ပြတ်ပါလာတယ်။ မစားဘူး။ သလင်းပြောင်မှာ ချပြီး ကတော့ ကတော့နဲ့ ကြက်ကလေးတွေကို လှမ်းခေါ်တယ်။ အသံပြု လိုက်တယ်။ ဒီတော့ ကြက်ကလေးတွေ ပြေးလာကြတယ်။ ဝိုင်းလုကြတယ်။
ကြက်ကလေးက ဆယ်ကောင်။ အစာက တခုတည်း။
ပထမဆုံး ရတဲ့အကောင်က အစာကို စားမယ်လို့ အပြင်မှာ နောက်တကောင်က ကောက်ယူပြေးတယ်။ နှုတ်သီးမှာ အစာတန်းလန်းနဲ့။ တကောင်က ပြေးတယ်။ ကိုးကောင်က လိုက်တယ်။
ချနားချိန် မရဘူး။ ချစားချိန် မရဘူး။ အချင်းချင်း အတင်းလုတယ်။
ပြေးတယ်။ လိုက်လုကြတယ်။ နားတယ်။ နောက်တကောင် ပါးစပ်ထဲ ပါသွားတယ်။ နောက်တကောင်က ပြေးရပြန်တယ်။
ဒီလိုနဲ့ ဆယ်ကောင်မှာ ဘယ်ကောင်မှ ဟုတ္တိပတ္တိ မစားလိုက်ရဘူး။ လုရင်းနဲ့ ပြတ်ကုန်တယ်။ ချီပြေးရင်းနဲ့ နည်းနည်း စားလိုက်တဲ့ကောင် စားရမယ်။
အစာကလေး အနည်းအပါး စားရပါမယ့် အရေး ပြေးကြရ၊ လွှားကြရ၊ လုကြရ၊ ယက်ကြရ။
ဒါလည်း ရေးတတ်ရင် ရေးလို့ ရတာပဲ။
ဟော .. နည်းနည်းကလေး အရွယ်ရောက်လာတော့ ကြက်မကြီးက သားမခွဲသေးဘူး။ သူတို့ အခေါ် 'အမွေလု' သတဲ့။ အချင်းချင်း ခွပ်ကုန်ကြပြီ။
ဒါလဲ ရေးလို့ ရတာပဲ။
ဟဲ့ကောင် … အိပ်ငိုက်မနေနဲ့။ စာရေးဆရာ ဖြစ်ချင်တယ်ဆိုရင် မျက်စိကို ဖွင့်ထား။
မောင်သာရ
[ပေဖူးလွှာ ၁၉၈၆ မေလ]
အမည်မမှတ်မိတော့သော ဘလောဂ့်တစ်ခုကနေ copyယူထားမိတာ ၃နှစ်လောက် ရှိပြီမို့ မူရင်း စာစီပေးထားသူကို အမည်မဖော်ပြပေးနိုင်တော့တာ တောင်းပန်ပါတယ်ခင်ဗျာ။
နွေမိုးဝေ။
No comments:
Post a Comment