က။
“ကျွန်တော့် ဘဝမှာ ဆရာ မရှိဘူး” ဟု ဆိုသော ရှားရှားပါးပါး လူတစ်ယောက်နှင့် ဆုံခဲ့ဖူးသည်။ သူ့နှုတ်ထွက် စကားကြောင့် ကျွန်တော် အင်မတန် တုန်လှုပ် သွားခဲ့ရ၏။ ကြားဖူးနားဝ မရှိသော၊ တွေးထင်စရာပင် မကောင်းသော သူ့စကားများက ကျွန်တော့် ဦးနှောက်ကို အလုပ်တွေ တသီကြီး ပေးသွားသည်။
သူ့ကို သေသေချာချာ ကြည့်တော့ ကာလ အတန်ကြာ မြေကြီးထဲ မြှုပ်ထားပြီးမှ ပြန်လည် တူးဖော်ထားသည့် ပစ္စည်း တစ်ခုလို။ မျက်ဝန်းတွေက စူးလက်ချင်ယောင် ဆောင်နေသော်လည်း သေ နေသည်။ မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေးတို့က ကျိုးတိုးကျဲတဲ။ ခပ်ပါးပါး နှုတ်ခမ်းက လေးလံ ကြီးကျယ်သော အရာများ၏ ဝန်ကို မကြာခဏ အပိခံ ထားရသည့်ပမာ နှေးကွေး လေးလံလွန်းလှ၏။
သူနှင့် မိနစ် အနည်းငယ်ကြာ စကားပြောရုံနှင့် သူ့အတွေး၊ သူ့အမြင်တို့သည် ကျွန်တော့် နှလုံးသား အာဟာရကို တစ်စက် တစ်ပေါက်ပင် ဝင်ရောက် ထိုးဖောက်နိုင်စွမ်း မရှိ။ အတတ်ကြူးသည့် ဘီလူး တစ်ကောင်၏ ကကွက်မှာ ဒယိမ်းဒယိုင်။ ကျွန်တော့် ဦးနှောက်မှ တီးခတ်ပေးသော ဂီတသံစဉ်နှင့် အတော်ပင် အံချော်နေ၏။ တင်ဆက်မှု မလှပသည့် လက်ဖက်ရည် စကားဝိုင်းလေးမှာ ရုတ်ခြည်းပင် ဇာတ်သိမ်း သွားခဲ့၏။ ထိုလူ ‘ဘာ’ ဆိုတာ သိခဲ့ရပြီးနောက် သူနှင့် ကျွန်တော် လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်များ ဆုပ်ကိုင်လျက် လမ်းခွဲလိုက် ကြပါသည်။
* * *
ခ။
ကျွန်တော့် ဘဝ၌ လူများစွာ ကဲ့သို့ပင် ဆရာများစွာ ရှိခဲ့ပါသည်။ စာရင်းဇယား ချ၍ မဖော်ပြ လိုတော့ပါ။ ရံဖန်ရံခါ ဆရာများကို မေ့မေ့လျော့လျော့ ဖြစ်မိသည့်တိုင် ဝတ်ပြုစဉ် ခဏ စတုတ္ထ နေရာတွင် ထားကာ မပျက်မကွက် ဦးခိုက်တတ်သူ ဖြစ်၏။
“မိခင်ဟာ မိန်းမပျက် တစ်ယောက်ပင် ဖြစ်နေဦးတော့ မိခင်ဟာ မိခင်ပါပဲ” ဟု သွန်သင်တတ်သော ဆရာသမားများ၏ စကားကို မှတ်သားရဖူး ပါသည်။ မွေးသမိခင်၏ ကျေးဇူးတော် ဂုဏ်ကို ပြစ်မှားမိမည် စိုး၍ ဟန့်တား သတိပေးသော စကားလည်း ဖြစ်ပါသည်။ ကျွန်တော့်အတွက် စောဒက တက်စရာ မရှိပါ။ ထို့အတူ မိဘနှင့် တစ်ဂိုဏ်းတည်း ထားအပ်သော ဆရာသမားတို့ ကျေးဇူးကိုလည်း ထိုနည်းတူ ထပ်တူထပ်မျှ ရင်ဝယ်ထား နိုင်ခဲ့ပါ၏။
သို့သော် ဘဝတွင် ဘယ်သော အခါမျှ ခွင့်မလွှတ်နိုင်သော ဆရာတစ်ဦး ကိုတော့ ခြွင်းချက်ဖြင့် ချန်လှပ်ထားခဲ့ ပါလိမ့်မည်။ ဆရာတစ်ယောက် အနေနှင့် ဖြူစင် ရှင်းသန့်သော ခွက်လေး တစ်လုံးအား ရေမဖြည့်ချင် နေပါ၊ အပေါက် မဖောက်ပါနှင့်။ ပန်းတစ်ပွင့်ကို မစိုက်ပျိုးချင် နေပါ၊ အဆိပ်အတောက် မြေဆီကို မကျွေးပါနှင့်။ လက်ရာမြောက် ရုပ်တုလေး ပုံမဖော်ချင် နေပါ၊ သစ်သားကို ဆွေးမြည့်အောင် မလုပ်ပါနှင့်။
ခွက်ကလေးကို ဖောက်မိသော အခါ၊ အဆိပ်အတောက် မြေကို ကျွေးမိသော အခါ၊ သစ်သားကို ဆွေးမြည့်စေသော အခါ …။ ဒေဝဒတ်ကို ကျွန်တော် မဆုံဖူးပါ။ အင်္ဂုလိမာလ၏ ဆရာအရှင်ကို ကျွန်တော် မမြင်ဖူးပါ။
မည်သို့ပင် ဖြစ်စေ ကျွန်တော် ထပ်ပြောပါမည်။ ကျွန်တော့်အတွက် ခွင့်မလွှတ်နိုင်သော၊ နာကြည်း မုန်းတီးစရာ ကောင်းသော ဆရာတစ်ယောက် ရှိခဲ့ပါသည်။
* * *
၁။
သူ့အကြောင်းကို စတင် ပြောပါမည်။
ထိုစဉ်က သူသည် ဤမြို့လေးတွင် ရေပန်းအစားဆုံး ကျူရှင်ဆရာ တစ်ယောက် ဖြစ်ခဲ့ပါသည်။ ငယ်ငယ်ရွယ်ရွယ် ထက်ထက်မြက်မြက် ရှိသည်မို့ အများ၏ အာရုံစိုက်ခြင်း ကိုလည်း ခံရသူ ဖြစ်၏။ ထူးခြားချက်မှာ ဘာမှန်း မသိသော ‘စန်း’ ဆိုသည့် အရာနှင့်လည်း သက်ဆိုင်နိုင် ပါလိမ့်မည်။
သွယ်သွယ်ညိုညို မျက်နှာ အချိုးအဆစ် ပြေပြစ်ပြီး အမြဲတမ်း သပ်သပ်ရပ်ရပ် နေတတ်သူ။ ဖြူဖြူသန့်သန့် ရှပ်အင်္ကျီ လည်ကတုံး၊ အနက်ရွှဲရွှဲ လုံချည်နှင့် နီညိုရောင် ကတ္တီပါ ဖိနပ်တို့မှာ သူ၏ ပင်ကို သင်္ကေတများ ဟု ပြောရ လောက်အောင် နှစ်နှစ်ခြိုက်ခြိုက် ဝတ်ဆင်တတ်သူ ဖြစ်သည်။ အမြဲတမ်း ချိုချိုသာသာ ယဉ်ယဉ်ကျေးကျေး ပြောတတ်ပြီး တမင် ဖန်တီးထားခြင်း မဟုတ်သော အပြုံးမျိုး ကိုလည်း ပိုင်ဆိုင်ထားသူပါ။
နာမည်ကိုသာ ကြားဖူးပြီး လူကို မမြင်ဖူးသော ဆယ်တန်းကျောင်းသား တစ်ဦး၏ မိဘက သူ့ကို တွေ့တွေ့ချင်း “မင်းတို့ ဆရာ သွားခေါ် ပေးစမ်းကွာ။ ငါ စကားပြောချင်လို့” ဟု မှားယွင်း လောက်အောင် သူ့မျက်နှာမှာ ငယ်နုလွန်း ပါသည်။
“ဦးတွေ့ချင်တဲ့ ဆရာဦး … ဆိုတာ ကျွန်တော်ပါပဲ ခင်ဗျာ” ဟု ပြောလိုက်ချိန်တွင် ထို ကျောင်းသား မိဘမှာ မြို့လယ်ကောင်တွင် ဒိုင်နိုဆော သတ္တဝါကို တွေ့လိုက်ရသလို အံ့အားသင့်ကာ အားတုံ့ အားနာလည်း ဖြစ်သွားပုံ ရသည်။
“ဟာ … ခွင့်လွှတ် ဆရာလေးရေ၊ ခွင့်လွှတ်။ ငယ်တယ် ဆိုတာသာ သိထားတာ။ ခုလို ကျောင်းသားနဲ့ ရွယ်တူလောက် ရှိလိမ့်မယ်လို့ကို ထင်မထားဘူး။ ဒါနဲ့ ဆရာလေး အသက် ဘယ်လောက် ရှိပြီတုန်း”
“ကျွန်တော် အခုလာမယ့် ဇူလိုင်ဆို နှစ်ဆယ့်ခြောက် ပြည့်ပါပြီ”
“အို … ငယ်သေးတာပဲ။ တော်လိုက်တာ ဆရာလေးရယ်။ အင်းလေ ခေတ်ကြီးကိုက ပြောင်းလဲ နေပြီကိုး။ လူငယ်တွေ တော်တော် စွမ်းဆောင်နိုင်ပြီပဲ။ ကျွန်တော်တို့ ခေတ်ကနဲ့ ဘာဆိုင်လဲဗျာ။ ကျွန်တော်တို့ တုန်းက ဆရာဆို အသက်ကြီးကြီး ခံ့ခံ့ညားညား။ ကြောက်လိုက် ရတာလည်း ကမ်းကုန်ရော။ တော်ရုံ မော်လို့တောင် ကြည့်ရဲတာ မဟုတ်ဘူး”
ကျောင်းသား မိဘက သူ့အမြင်ကို ရိုးရိုးရှင်းရှင်း ပြောသွားသည်။
ဒီမြို့လေးဟာ သူ့မွေးရပ် ဇာတိမြေတော့ မဟုတ်။ မိတ်ဆွေ တစ်ဦးနှင့် ပတ်သက်ပြီး ရောက်လာခြင်း ဖြစ်သည်။ ရောက်စနှစ်က သူ အပြင်းအထန် ကြိုးစား လိုက်ရသည်။ သိပ်မကြာ နောက်နှစ်များတွင် ကျောင်းသားဦးရေ အများဆုံး ကျူရှင်ကျောင်း တစ်ကျောင်း ဖြစ်ခဲ့သည်။ ထို့ကြောင့် အရင်က တစ်ချိန် နှစ်နာရီခွဲ သတ်မှတ်ထားသော စာသင်ချိန်မှာ တစ်နာရီ အဖြစ် လျှော့ချလိုက်ရ၏။
“ငါတော့ … အချိန် နည်းနည်းပဲ သင်တာ ကြိုက်တယ်။ ကြာတော့ စိတ်ညောင်းပြီး ပျင်းစရာကြီး”
“ဆရာက စာ အသင်အပြ သိပ်တော်တာ။ ရယ်စရာလည်း သိပ်ပြောတတ်တယ်။ စာသင်နေရင် ပါးစပ် မစေ့ဘူး”
“နင့်ဟာက စာသွား သင်တာလား၊ လူရွှင်တော် သွားကြည့်တာလား”
“ငါတော့ ဘာမှ စိတ်မဝင်စားဘူး၊ ကတ္တီပါဖိနပ် သည်းကြိုးအောက်က ဆရာ့ ခြေထောက်လေး တွေပဲ ငေးကြည့်ချင်တယ်”
“ဆရာသုံးတဲ့ ရေမွှေးက တစ်မျိုးပဲနော်။ ဘာ အမျိုးအစားလည်း မသိဘူး၊ သင်းသင်းလေး”
“ဆရာက Grammer တွေ မေ့မှာ ကြောက်လို့ ကဗျာတွေ စပ်ပြီး သင်တာ”
“အံမယ် … Close Type အတွက် စာပိုဒ်တွေကို သံစဉ်တွေ ထည့်ပြီး သီချင်းလို ဆိုရတာလည်း ပျော်စရာပါနော်”
“မအောင်ရင်တောင် အဆိုတော် ဖြစ်လောက်တယ်”
“ကျူရှင် သွားတက်တယ် ဆိုတာ ထိုင်နားထောင်ရုံ သက်သက်ပဲ။ သင်္ချာ တွက်ပြတာ ကြည့်၊ ပြီးရင် အဆင်သင့် ရိုက်ထားတာတွေ ဝေလိုက်တာ”
“ဆရာက ပြတ်တယ်။ စာမေးပွဲ နီးလာလို့ မကြည့်နိုင်တော့ရင် ဒါပဲကြည့် ဆိုပြီး Spot ထုတ် ပေးတာ”
“ဟယ် … မတိုးရင်ကော”
“ကံတရားပေါ့၊ ဘာတတ်နိုင် မှာလဲ။ တချို့ Spot လိုချင်လို့ကို တမင် ကျောင်းလာတက်တာ”
ခြုံပြောရလျှင် ကံဇာတာ အထောက်အပံ့များနှင့် အံ့ဩစရာ ကောင်းလောက်သော ‘စန်း’ တို့က သူ့ဘဝ၏ ရွှေရောင်ကာလလေး များကို လင်းလက် စေခဲ့သည်ဟု ပြောချင်ပါသည်။
* * *
၂။
သူ့ထံ အောင်ကြီး ဆိုတဲ့ တပည့်လေး ရောက်လာစဉ်က သူ၏ စာသင်သက် သတ္တမမြောက် နှစ်တွင် ဖြစ်ပါသည်။ မြို့လေးနှင့် အလှမ်း ဝေးကွာသည့် ပင်လယ်ကမ်းစပ် ရွာလေး တစ်ရွာမှ ဖြစ်၏။
“ဒီကောင့်ကို ဆရာလေးဆီပဲ အပ်ပါတယ်။ ကျွန်တော်တို့က တောသူ တောင်သားတွေ ဆရာလေးရဲ့။ ကိုယ်ပိုင် လယ်၊ ချောင်းလည်း ရှိတာ မဟုတ်ဘူး။ လက်လုပ်လက်စား ပေါ့ဗျာ။ ဒါပေမဲ့ ဒီကောင် တစ်ယောက်ကတော့ ပေါက်ပေါက်ရောက်ရောက် ဖြစ်တန်ကောင်းရဲ့လို့ ထင်တာနဲ့ ဇွတ်မှိတ် ထားခဲ့ရတာ။ မနှစ်ကထိ ကျွန်တော်တို့ ရွာမှာ ဆယ်တန်းဆို မူးလို့တောင် ရှူစရာ မရှိဘူး။ ဘယ်ရှိမလဲ၊ လုပ်နိုင်ကိုင်နိုင်ဆို ဆင်း … လယ်ထဲ၊ တက် … လှေပေါ်၊ အဲဒါမျိုး။ ဒါကြောင့် ဒီကောင့်ကို ဖြစ်စေချင်တာ။ မြို့မှာ သားချင်း မရှိတော့ ဆရာလေးနဲ့ အတူတူ နေခွင့်ပြုပြီး ကြိုက်သလို ခိုင်းပါ၊ ပညာလည်း သင်ပေးပါ”
အောင်ကြီးမှာ သူ ထင်ထား သည်ထက် များစွာ သေဝပ် ရိုကျိုးသူ ဖြစ်ပါသည်။ သူ့ကို အရှင်သခင် တစ်ဦးပမာ ရိုသေ လေးစားသူလည်း ဖြစ်သည်။ သူ ငှါးနေသော အိမ်လေး၏ ဝေယျာဝစ္စကို အကုန်လုပ်သည်။ မိန်းကလေး ထက်ပင် အချက်အပြုတ် ကောင်းသူပါ။ သူ သဘောကျဆုံးမှာ အောင်ကြီး၏ ဖြူစင်သော ရိုးသားစိတ်ပင်။ မြို့ခံ ရွယ်တူ ကျောင်းသား များစွာနှင့် အစစအရာရာ တသီးတခြားစီ။ တစ်ခါတစ်ရံ စာမေးရင်း သူ့ထံ လာအိပ်သော အောင်ဝင်း၊ သန်းတင့်နိုင်၊ စိုင်းထူး တို့နှင့်လည်း မတူ။ လုပ်စရာရှိတာ လုပ်ပြီး အေးအေးလူလူ နေတတ်သူ။ မှတ်ဉာဏ် လေးသော်လည်း ဝီရိယ ရှိသူ။ ထိုစဉ်က သူ အရက်ကို မကြာခဏ ဆိုသလို ခပ်စိပ်စိပ် သောက်တတ်လာသော အချိန်လည်း ဖြစ်သည်။ ထင်ထင်ပေါ်ပေါ်တော့ မဟုတ်။ ခွက်ပုန်း။ စာသင်ချိန်များ ပြီးဆုံး၍ ညပိုင်း ရောက်မှပင်။ ခိုင်ခိုင်မာမာ အကြောင်းပြချက် မရှိခြင်းကြောင့် ကြိုက်တတ်၍ သောက်သည် ဟုပင် ပြောရပါလိမ့်မည်။ ဒါကို အောင်ကြီးက နားလည်သည်။ ဘယ်သူ့ကိုမှ ထုတ်မပြော။ အမြည်းကိုပင် ဝတ္တရားမပျက် မထပ်အောင် လုပ်ပေးနေကျ။
သူသည် တစ်ခါတစ်ရံ သာမန်ထက် လွန်ကဲသော စိတ်ကူးဆန်းများ ကိုလည်း အကောင်အထည် ဖော်တတ်ပါသေးသည်။
တစ်ခါက သူ့မိတ်ဆွေ စာသင်ခန်းသို့ လာလည်စဉ် -
“ဟာ … မင်းစာသင်ခန်းက စာသင်ခန်းနဲ့ မတူဘူး၊ ရုပ်ရှင်ရုံ အသေးစားလေး အတိုင်းပဲ” ဟု မှတ်ချက် ပြုသည်။ ပြောမယ် ဆိုရင်လည်း ပြောစရာပင်။ တစ်ခန်းလုံး မျက်နှာကြက်ပါ မကျန် မိုးပြာရောင် ခပ်ဖျော့ဖျော့ သုတ်ထားသည်။ တစ်ယောက်စာ ကုလားထိုင်နှင့် လက်တန်း စားပွဲချပ်လေး များက နီညိုရောင်။ Song Box နှစ်လုံးက စာသင်ဆောင် အနောက်ပိုင်းတွင် စနစ်တကျ။ စာသင်ရာတွင် မိုက်ကရိုဖုန်းကို အသုံးပြုသလို Section တစ်ချိန်နှင့် တစ်ချိန် အကူးတွင် တေးဂီတသံ တိုးတိုးကို ဖွင့်ပေးထားတတ် ပါသေးသည်။ အရှေ့ဘက် စတိတ်ခုံ အထက်တွင် အစိမ်းရောင် သုတ်ထားသော ဧရာမ Green Board ကြီး တစ်ချပ်ရှိပြီး ဘာရည်ရွယ်ချက်မှန်း မသိသော ကြက်သွေးရောင် လိုက်ကာကြီး ကိုလည်း တပ်ဆင်ထားသည်။ စာသင်ချိန်မှ လွဲလျှင် အမြဲတမ်း စေ့ပိတ်လျက်။ စာသင်ရာသို့ အာရုံစိုက်စေရန် Spot Light များက သုံးလေးလုံး။
“ဒါတွေ မလိုပါဘူးကွာ။ အဓိကက ကျောင်းသားဆိုတာ စာရဖို့ ပါပဲ” ဟု မိတ်ဆွေက ဝေဖန်သည့်အခါ သူက ခပ်ပြုံးပြုံးပင်။
“မင်း ပြောတာ ငါ လက်ခံပါတယ်။ ဒါပေမဲ့ကွာ မဂ္ဂဇင်း တစ်အုပ်မှာ သရုပ်ဖော်ပုံ ဝေဝေဆာဆာ ပါတဲ့ ဝတ္ထုတစ်ပုဒ်ကို စာဖတ်သူက ပိုပြီး စိတ်ဝင်စားတဲ့ သဘောပေါ့”
သူ့မိတ်ဆွေ ခေါင်းကို ခါယမ်း နေသော်လည်း ဘာမျှတော့ ပြန်မပြော။
မကြာခဏ ဆိုသလို လမ်းဘေးလူငယ် ဂစ်တာဝိုင်းတွေ ဝင်ရောက် အားပေးတတ်ပြီး စာမေးပွဲ နောက်ဆုံးရက်လို မျိုးတွင် နှုတ်ဆက်ပွဲလေး လုပ်တတ်သည့် ဆရာမျိုးလည်း ဖြစ်သည်။
ထိုနှစ်က အောင်ကြီး ဘီလစ်နှင့်သာ ပါလာ၏။ ထို့ကြောင့် နောက်တစ်နှစ် ပြန်ဖြေဖို့ ဖြစ်လာရသည်။ သူ့ ကျူရှင် အနေနဲ့တော့ အောင်ချက်က ရာခိုင်နှုန်း ကောင်းသည်။ ဒါကို ပြောမနာ ဆိုမနာ မိတ်ဆွေက - “အောင်ချက် ကောင်းတာ မင်းတော်လို့ ဆိုပြီး ဘဝင်မြင့် မနေနဲ့ဦး။ ကျောင်းတစ်ကျောင်း ဆိုတာ နာမည်ရလာပြီ ဆိုရင် တော်တဲ့ ကျောင်းသား စုတာပဲ။ အခြေခံကောင်းတဲ့ ကျောင်းသားဟာ မင်းမသင်ဘဲ တခြားသူ သင်လည်း အောင်မှာပဲ။ သုံးမရဘူး ဆိုပြီး ပစ်ထားခံရတဲ့ ကျောင်းသားမျိုးကို မင်းသင်လို့ အောင်ရင်သာ ဂုဏ်ယူ”
အောင်ကြီး ဒုတိယနှစ် ရောက်သောအခါ သူနှင့် ပို၍ သံယောဇဉ် ဖြစ်ခဲ့ရသည်။ ညပိုင်း အခန်းလေးထဲတွင် အရက်သောက် ရသည်ကို ငြီးငွေ့ လာသောအခါ မြို့လေး၏ အစွန်အဖျား ရင်းနှီးသူများနှင့် မဆုံနိုင်သည့် ဆိုင်လေး တစ်ဆိုင်သို့ အောင်ကြီးကို အဖော်ခေါ်ကာ ရောက်သွားတတ်သည်။ ပတ်ဝန်းကျင်က ဆိတ်ငြိမ်ပြီး သန့်သန့်ရှင်းရှင်းမို့ ထိုင်ရတာ အဆင်ပြေသည်။ သူ့ကို မပျင်းမရိ ထိုင်စောင့် ပေးနေရသော အောင်ကြီးကို နောက်ချင်သဖြင့် အရက်နည်းနည်း ထည့်ကာ တိုက်သည်။ အောင်ကြီး မျက်လုံးပြူး သွားသည်။ ဤ အသက်အရွယ် အထိ အရက်ကို တစ်ခါမျှ မသောက်ဖူး။ သူက မျက်နှာ ခပ်တည်တည်ဖြင့် အမိန့်ပေးသော အခါ မရွံ့မရဲနှင့် အတင်းဇွတ်မှိတ် မျိုချနေသော အောင်ကြီးကို ကြည့်ကာ သူ့မှာ တဝါးဝါးတဟားဟား။ ဒါကို သူ သဘောကျ နေသည်။ သာမန် အသိနှင့် ရယ်နေခြင်းတော့ မဖြစ်နိုင်ပါ။ နောက် အောင်ကြီး ဟန်မဆောင်နိုင်ဘဲ တဝေါဝေါ ထိုးအန်တော့သည်။ ထိုကဲ့သို့မျိုး အောင်ကြီးကို လေးငါးခါထက် မနည်း စနောက်ခဲ့ဖူးသည်။ တစ်ကြိမ်ထက် တစ်ကြိမ် ယဉ်ပါး လာသည်ဟု ထင်ရ၏။
နှစ်လယ်လောက် အရောက်တွင်တော့ သူ့မိဘများ သတင်း ကြားရသည်က စိတ်မကောင်း စရာ။ ကမ်းပြို၍ သူတို့ရွာလေး ပင်လယ်ထဲ ပါသွားသည် တဲ့။ မြို့စွန်လေးသို့ ပြောင်းလာကာ ဖြစ်သလို လုပ်စားကြသည်။ ထို့ကြောင့် အောင်ကြီး၏ ကိစ္စအဝဝကို သူကပင် တာဝန်ယူ လိုက်ရ၏။
“ကျွန်တော် ကျောင်းဆက်တက်လို့ မဖြစ်တော့ဘူးနဲ့ တူတယ် ဆရာ။ အိမ်က အတော် ဒုက္ခရောက် နေပြီ။ အဖေက ကျန်းမာရေး သိပ်မကောင်းတော့ဘူး”
အောင်ကြီးမှာ တော်ရုံတန်ရုံ ခံစားချက်ကို ထုတ်ပြောတတ်သူ မဟုတ်။ ပညာရေး တစ်ပိုင်း တစ်စနှင့် ဆုံးရှုံး သွားမှာကိုလည်း သူ တွေးပူသည်။ ထို့ကြောင့် စာမေးပွဲတော့ ပြီးအောင် ဖြေပါဟု ဆိုကာ အားပေးနှစ်သိမ့် ရသည်။
သို့သော် နောက်ပိုင်းတွင် အောင်ကြီးမှာ အရင်ကလို တက်တက်ကြွကြွ မဟုတ်တော့။ ငေးငေးငိုင်ငိုင် ဖြစ်လာသည်။ စာအပေါ် အာရုံဝင်စားမှု လျော့နည်းလာ၏။ သူ့အမေ သူ့ဆီလာတိုင်း စိတ်မကောင်းစရာများကို ချန်သွားခဲ့ပုံ ရသည်။ စာမေးပွဲ နောက်ဆုံးနေ့က မဖြေနိုင်ဘူးဟု ဆိုကာ အောင်ကြီး ပျောက်သွား၏။ စုံစမ်းကာ ရှာတော့ အရက်ဆိုင်တွင် မှောက်နေပြီ။
“ခွင့်လွှတ်ပါ ဆရာရယ်၊ တအား စိတ်ညစ်လို့ပါ။ ဒီတစ်ကြိမ်တည်းပါ” တဲ့။ သူ သက်ပြင်းချရုံမှ တစ်ပါး ဘာမျှ မတတ်နိုင်တော့။
ထိုနှစ်က သူ ဤမြို့လေးတွင် နောက်ဆုံး စာသင်နှစ်လည်း ဖြစ်ပါသည်။ နိုင်ငံခြားမှ ပြန်လာသော ငယ်သူငယ်ချင်းနှင့် ရန်ကုန်တွင် အလုပ်တူတစ်ခု လုပ်ရန် ဆုံးဖြတ် လိုက်ခြင်းကြောင့် ဖြစ်သည်။ တပည့် အားလုံးက စိတ်မကောင်းကြ။ တချို့က ‘ဘဝ တိုးတက်ရေးပဲ’ ဟု ဆိုကာ ဖြေသိမ့် ကြသည်။
နောက်ဆုံး နှုတ်ဆက်ပွဲလေးကို သူ ခမ်းခမ်းနားနား လုပ်ခဲ့သည်။ တပည့်များ အားလုံး လူစုံ တက်စုံ။ ပွဲသိမ်းတွင် အားလုံး သူ့ကို ကန်တော့ကြသည်။ ဆရာနှင့် တပည့်ဆိုသော ကြားမှ မမြင်နိုင်သော ကြိုးလေး တစ်ကြိုးကို ဖျတ်ခနဲ မြင်ခွင့် ရလိုက်၏။ “ဆရာ မကြာမကြာ လာလည်နော်” တဲ့။ သူ ပြန်မရောက် ဖြစ်တော့ပါ။ သတိရသော်လည်း လူမှုကိစ္စတွေက သူ့ကို အခွင့်အလမ်း မပေးနိုင်တော့။ သို့သော် သူသည် မြို့လေးကို သိပ်သွားချင် နေခဲ့သည်။ သို့ဖြင့် … တစ်နေ့၌ …။
* * *
၃။
တစ်နေ့၌ -
ဆယ်နှစ်ကျော် ကာလ၌ ဖြတ်ကျော်ခဲ့ ပြီးသည့် တစ်နေ့ သူ ဒီမြို့လေးသို့ လွမ်းသည့် စိတ်ဖြင့် အလည်အပတ် ရောက်လာခဲ့ပါသည်။ မြို့အဝင် ဆိုင်းဘုတ်ကလေး လွန်လာချိန်မှ စကာ သူ့နှလုံးသား၏ တုန်ခါသံသည် ပို၍ မြန်လာသလို ခံစားလိုက်ရ၏။
မြို့လေး၏ အသွင်အပြင် အနည်းငယ် ပြောင်းလဲ သွားရုံမှ အပ ထူးထူးခြားခြား သိပ်မရှိလှပါ။ မြို့လယ်တွင် မြင်းစီး ကြေးရုပ်တု တစ်ခု တိုးလာခြင်း၊ ပန်းခြံတစ်ခု ပေါ်လာခြင်း၊ လမ်းတချို့ ကျယ်သွားခြင်းနှင့် ခေတ်မီ ဆိုင်ခန်းများ တိုးပွါး လာခြင်းလောက်သာ။
နှစ်စဉ် တပေါင်းလ၌ ကျင်းပနေကျ ဘုရားပွဲတော်ရက်နှင့် တိုက်ဆိုင် နေသဖြင့် ကျေးလက် ဧည့်ပရိသတ် အပါအဝင် လမ်းသလား နေသော မြို့ခံလူ တချို့ကြောင့် လမ်းမပေါ်တွင် ရောင်စုံလှိုင်း တို့က လူးလူးလွန့်လွန့်။
ရောက်ရောက်ချင်း ကားဂိတ်တွင် လက်ဖက်ရည်ဆိုင် ဖွင့်ထားသော တပည့် တစ်ဦးက အားပါးတရ နှုတ်ဆက်၍ ဧည့်ဝတ်ပြုသည်။
“ဆရာ့ကို မြင်တော့ ကျောင်းသား ဘဝကို ပြန်လွမ်းတယ်” ဟု ပြောသော်လည်း သူ့ကို ကြည့်ရသည်မှာ သိပ်ခံစား ရပုံတော့ မပေါ်။
အစွယ်အပွါးများကို ပုံစံမျိုးစုံဖြင့် ချီပိုးဆွဲငင် လာသော ပွဲဈေးတန်းလျှောက် စုံတွဲက သူ့ကိုမြင်တော့ အံ့အားသင့်စွာ နှုတ်ဆက်၏။
“ဒါတွေ မနေနိုင် မထိုင်နိုင် ဖြစ်နေလို့ လိုက်ပို့ရတာ ဆရာရေ” ဟု နိဒါန်းပျိုးသည်။
တစ်ချိန်က ထုံတုံတုံ အ,တတဟု ထင်ခဲ့ရသော ကောင်မလေး။ ခုတော့ သူမ၏ စက်ရုံတည် ဖြစ်ခဲ့ပုံ၊ ထုတ်လုပ်သော ကုန်ပစ္စည်းများ အကြောင်းကို သွက်သွက်လက်လက် လိုရင်းတိုရှင်း ပြောပြ နေသေးသည်။
“ဘွဲ့တော့ … မရလိုက်ဘူး ဆရာ။ ကလေးတွေတော့ ရလိုက်တယ်” ဟု ရယ်ကာမောကာ ပြော၏။ အရင်ကလို ဝဝကစ်ကစ် ခန္ဓာကိုယ် ပိုင်ရှင် မဟုတ်တော့။ တစ်စုံတစ်ရာက သူ့ကို တိုက်စားသွားပုံ ရသည်။ ထို့အတူ သူမ မျက်ဝန်းများက ဒုက္ခ ဟူသမျှကို အချိုနှင့် ဖုံးကာ ခဏ ခဏ မျိုချ နေရပုံလည်း ရသည်။
စောစော ကတည်းက လှမ်းမြင်ပုံ ရသော ဆိုက်ကားသမားလေးက အနားသို့ ရောက်လာပြီး “ကဲ ကျွန်တော် ဘယ်ကို ပို့ရမလဲ ဆရာ။ ဘုရားပွဲရက် ဆိုတော့ ဈေးနည်းနည်း ကြီးတယ်” ဟု ခပ်တည်တည် နောက်တော့ “ဟာ ဝင်းနိုင်” ဟု ဆိုကာ အံ့ဩဝမ်းသာ ဖြစ်ရပြန်သည်။ မျှော်လင့်မထား။
“ဆရာ … စာသင်နေဆဲပဲလား”
“ဟင့်အင်း … မသင်တော့ဘူး။ ကြာပြီ၊ ဒီမြို့က ထွက်သွားတဲ့ နောက်ပိုင်းပဲ”
“ခု … ဘာတွေ လုပ်နေလဲ”
“ကိုယ် ဝါသနာပါရာ တစ်ခုခုပေါ့ကွာ”
“ကျွန်တော် အပြင်က နှစ်နှစ် ဆက်ဖြေ လိုက်သေးတယ် ဆရာ။ ကိုယ့်ကိုယ်ကို မထွန်းပေါက်ဘူး ထင်တာနဲ့ အောင်အောင်မြင်မြင် ဆုတ်ခွါလိုက်တာ”
ယခုချိန်တွင် သူ့ကို ကြည့်ရသည်မှာ ‘ရေခဲမုန့်’ ကို အင်္ဂလိပ်လို စာလုံးပေါင်း နိုင်ဖို့ပင် မေ့နေပုံ ရသည်။
လမ်းတွင် မြင်လိုက်ရသော တပည့်တစ်ဦး ကျတော့ တစ်မျိုး။
“ဆရာ ဆယ်တန်းတုန်းက သင်ခဲ့တဲ့ သင်္ချာကို ခုမှ ကောင်းကောင်း အသုံးချနေပြီ ဆရာရေ” ဟု ပြက်ချော်ချော် နှုတ်ဆက်သွားသည်။ သူ့ကို ကြည့်တော့ လွယ်အိတ် တစ်လုံး၊ စာအုပ် တစ်အုပ်နှင့် ဘောလ်ပင် တစ်ချောင်း။
သူ့မျက်နှာတွင် ပြုံးနေသော်လည်း အမျိုးအမည် မသိ တဖျပ်ဖျပ် ပုတ်ခတ် နေသလိုပင်။ ကြေကွဲခြင်းလား။ သူ မပြောတတ်ပါ။
သူ တည်းခိုမည့်အိမ် အရောက်တွင် သူ့မိတ်ဆွေက ကျကျနန ဧည့်ဝတ်ပြု ပါသည်။ သူ့မိတ်ဆွေ အပါအဝင် တွေ့သမျှ တပည့် အားလုံးက တူညီသော မေးခွန်းတစ်ခု မေးခဲ့သည် ကိုတော့ သတိထား မိသည်။
“အဆင်ပြေလား” တဲ့။ သူတို့ ရည်ရွယ်ရင်းမှာ ငွေကြေး အဆင်ပြေလား ဟူသော အဓိပ္ပါယ်ပင် ဖြစ်ပါလိမ့်မည်။ အလိုက်သင့် ခေါင်းခါလိုက်ရ သော်လည်း ကျူရှင်ဆရာ ဘဝနှင့် ငွေကြေး အခိုင်အခံ့ ရခဲ့ဖူးသည်။ ဒါဟာ အဆင်ပြေခြင်းလား။ ယခုလည်း အကန့်အသတ် အားဖြင့် စိတ်သွားတိုင်း ကိုယ်ပါခွင့် ရနေသည်။ ဒါ အဆင်ပြေခြင်းလား။ သူကတော့ ထိုသို့မထင်။ ရုပ်ပိုင်း ဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာ ချွတ်ခြုံကျမှုသည် အဆင်ပြေခြင်း စကားရပ် အပေါ် ဘယ် အတိုင်းအတာထိ အမှီသဟဲ ပြုနိုင်မည်လဲ။ ဓနဥစ္စာ အဆင်ပြေခြင်းက စိတ်အဆင်ပြေခြင်း အတွက် မည်မျှ တာဝန်ယူနိုင် သလဲ။ သူ မတွေးချင်ပါ။
ကာလရှည်တစ်ခု တိုက်စားမှုတွင် အဖြစ်အပျက်ပေါင်း များစွာတို့ ပါဝင်သွားနိုင်၏။ မိတ်ဆွေက မြို့လေး၏ ပြောင်းလဲမှု အစုံစုံကို မှတ်မိသမျှ ဇာတ်လမ်းခင်း ပြနေသည်။ အင်ဂျင်နီယာ ဖြစ်သွားသော မိုးကျော်ကျော် အကြောင်းလည်း ပါသည်။ စစ်ထဲဝင်ပြီး တပ်ကြပ်ကြီး ဖြစ်နေသော ချက်ကြီး အကြောင်းလည်း ပါသည်။ ဇင်ယော်လမ်းတွင် ဘော်ဒါဆောင် ဖွင့်ပြီး ကျူရှင် ပြစားနေသော မိုးကျော်ခိုင် အကြောင်းလည်း ပါသည်။ သူက တပည့်ရင်းတော့ မဟုတ်။ ခင်မင်နေသူ။ အောင်ကြီး အကြောင်း ရောက်တော့ မိတ်ဆွေမျက်နှာ နည်းနည်းပျက် သွားသည်။
“ဒီကောင် ဒုက္ခရောက် နေတယ်ကွ။ မိဘတွေက စီးပွါးပျက်၊ မိန်းမ ရပြန်တော့လည်း မမြဲဘူး။ ခု ကွဲနေတာ ကြာပြီ။ သူကိုယ်၌ ကလည်း လေလွင့် ဘိုးဘိုးကြီး ပေါ့ကွာ။ မင်း ဘုရားပွဲ ရောက်လို့ ကံကောင်းရင် တွေ့မှာပါ” ဟု ဆို၏။ သူ အောင်ကြီးကို တွေ့ချင် နေပါသေးသည်။ သူနှင့်အတူ နှစ်နှစ်ကြာ နေခဲ့ရသည်မို့ အားလုံးထက် သံယောဇဉ်လည်း ပိုသည်။ ချစ်လည်း ချစ်သည်။ တတ်နိုင်သမျှ ကူညီလိုက်ဦးမည် ဟူ၍ လည်း စိတ်ကူးမိသေးသည်။
ညပိုင်းတွင် သူနှင့်ရင်းနှီးသော ကျူရှင်ဆရာလေး မိုးကျော်ခိုင်နှင့် မိုးအောင်တို့က Beer Bar တစ်ခုတွင် သူ့ကို ဧည့်ဝတ် ပြုသည်။ ပွဲခင်းလေးနှင့် မနီးမဝေး။
“ဆရာ ဒါ မလုပ်တာ ကြာပြီ မဟုတ်လား”
မိုးအောင်က သူ့အသားအရေ စိုပြည်နေတာ ကြည့်၍ မေးခြင်းဖြစ်သည်။
“ကြာပြီ၊ ကိုယ့်အကြောင်းကို သိတယ်လေ။ သူများ တကာလို မဟုတ်ဘူး။ ဒါ ဝင်သွားရင် ဘာမှ လုပ်လို့ မရဘူး။ မမူးမချင်းလည်း မကျေနပ်ဘူး။ ခက်တာက ဒါလုပ်ပြီးရင် အစား စားချင်စိတ် မရှိတာ။ နောက်ရက်တွေ ကျတော့ ခံရရော။ ခုနောက်ပိုင်း ဒါကို စွဲစွဲမြဲမြဲ မလုပ်တော့တာက ပတ်ဝန်းကျင် အလယ် ကိုယ်ရှုံးသွားမှာ ကြောက်လို့”
ပြောအပြီးတွင် သူက ဘီယာခွက်ကို စငှဲ့လိုက်သည်။
မြက်ခင်းပြင်ရှိ စားပွဲဝိုင်းလေးများက ငြိမ်ငြိမ်သက်သက်။ မီးလုံးလေးများက မှိန်ပျပျ။
နည်းနည်းလေး အရှိန်ရ လာတော့ တစ်ခါမျှ ပြောဖူးပုံ မရသော စကားတစ်ခွန်းကို သူက စတင်လိုက်သည်။ တစ်ဝိုင်းတည်းတွင် ထိုင်နေကြသော ဆရာဝန်၊ ကျူရှင်ဆရာ၊ အင်ဂျင်နီယာတို့က သူ့စကားကို စိတ်ပါလက်ပါ နားထောင် နေကြ၏။
“မိုးအောင်နဲ့ မိုးကျော်ခိုင်ရေ၊ ဒီအချိန်မှာ မင်းတို့ဟာ ဆရာဆိုတဲ့ အလှည့်ရောက် လာပြီကွ။ တကယ်တော့ ‘ဆရာ’ လို့ အခေါ်ခံရသူ တစ်ယောက်အတွက် အင်မတန် တာဝန်ကြီး ပါတယ်။ ကိုယ့်ကိုယ်ကို ဆရာဆိုတဲ့ စကားနဲ့ တန်သလား၊ ဆရာဆိုတဲ့ နာမည်နဲ့ လိုက်ဖက်တဲ့ တာဝန်ကိုကော ကျေပွန်ခဲ့သလား၊ အတတ်ပညာတွေ ဘယ်လောက် ပေးနိုင်ခဲ့သလဲ၊ ဦးဆောင် လမ်းပြမှုတွေ ဘယ်လောက် ခရီးရောက်ခဲ့သလဲ စဉ်းစား။ ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် တစ်ချိန်က ငါဟာ အဲဒီတာဝန်တွေ မကျေခဲ့သလို ဆရာဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း ကိုယ့်ဘာသာကိုယ် ဖယ်ချလိုက်တာ ကြာပါပြီ”
အားလုံးက တအံ့တဩ ဖြစ်ကာ သူ့ကို ငေးရီလျက် -
“ငါ့ကျောင်း လူပိုရဖို့၊ ငါ့အတွက် ဝင်ငွေ ပိုရဖို့ ဆိုတဲ့ စိတ်နဲ့ ကျောင်းသား အကြိုက်ကို လိုက်သင်ခဲ့တာ များတယ်။ ကဗျာတွေ စပ်၊ သံစဉ်တွေ ထည့်၊ Spot တွေ ထုတ်၊ ဒါတွေဟာ နည်းစနစ် မမှန်တဲ့ ဖြတ်လမ်းနည်းတွေပါ။ ကျောင်းသားက တတ်ချင်တာထက် အောင်ချင်တာ ပိုများတယ်လေ။ ဒါကို ကိုယ်က စည်းရုံး နိုင်ရမယ်။ ကြိုးစားအားထုတ် ရမယ်။ အချိန်ပိုပေး နိုင်ရမယ်။ ဆရာဆိုတာ စေတနာ စိတ်ကို မွေးကို မွေးရမှာ။ ပြီးတော့ ကိုယ်ကျင့်တရား။ ခုချိန်ထိ သိက္ခာရှိရှိ အရက်မူးအောင် သောက်ပြနိုင်တဲ့ ဆရာမျိုး ငါ မတွေ့ဖူးသေးဘူး။ သုရာမေရယကံ တစ်ပါး ကျူးလွန်မိတာနဲ့ ကံငါးပါးစလုံး ကျူးလွန်နိုင်တာပဲ။ ကိုယ်ဟာ စံပြလူ တစ်ယောက် မဖြစ်သရွေ့ ဆရာ ဆိုတာနဲ့ မအပ်စပ်ပါဘူး”
အရက်ဝိုင်းတွင် အရက် မကောင်းကြောင်း ပြောနေသည့် ဆရာ တစ်ဦး၏ သီအိုရီကို ဆရာဝန်က နားမလည်နိုင်စွာ အဖြေထုတ် နေသည်။
“ဆရာ စာသင်ခဲ့တဲ့ ကာလ တစ်လျှောက်လုံး မှားတာတွေ ရှိခဲ့လား”
အင်ဂျင်နီယာက ဝင်မေး၏။
“ဟာ … ရှိတာပေါ့၊ သိပ်ရှိတာပေါ့။ ခွင့်မလွှတ်နိုင်တဲ့ အမှားတွေကို ရှိတာ။ တပည့်ဆိုတာ ဆရာဆိုတဲ့ လူအပေါ် သိပ်အားကိုးတာ။ အမှားကို သင်လိုက်မိရင်လည်း အမှန်ဆိုပြီး တစ်သက်လုံး စွဲသွားရော။ အပြစ် သိပ်ကြီးတယ်”
ကျူရှင်ဆရာ ကတော့ တိတ်တိတ် ဆိတ်ဆိတ်ရယ်။ ဘာတွေ စဉ်းစား နေမှန်းတော့ မသိ။
ထိုစဉ် သူ့ကျောဘက် ဝိုင်းမှ ဆူညံသံတချို့ ကြားလိုက်ရ၏။ လူရွယ် တစ်ယောက်၏ အသံ။
“မင်းကို စေတနာ မရှိလို့ အပြစ်ပြော နေတာ မဟုတ်ဘူးနော်။ တရားနည်းနည်း လွန်နေလို့။ ဒီလို နေရာမျိုးတော့ မင်း ရှောင်သင့်တယ်။ ပြီးတော့ ငါ့မိတ်ဆွေတွေနဲ့”
ခပ်ယိုင်ယိုင် အသံတစ်ခု။
“အေးပါကွာ၊ ငါလည်း မင်းကို တွေ့လို့သာ ဝင်လာတာပါ။ နေ့လယ် ကတည်းက မလုပ်ရသေးလို့ မနေနိုင် မထိုင်နိုင် ဖြစ်လွန်းလို့ပါ”
“မင်းလည်း မြန်မြန်သေမှ အေးမှာပဲ။ နို့မို့ ဘယ်ဆိုင် သောက်သောက် မင်းနဲ့ကို မလွတ်ဘူး။ တောက် …”
လူရွယ် ဒေါသ ထွက်သွားပုံ ရသည်။ ဆိုင်ရှင် ကပျာကရာ အနားရောက်လာ၏။
“ဟေ့ကောင် … မင်း ထွက်သွားစမ်း၊ မင်းတို့ လူမှန်းသူမှန်း မသိတဲ့ကောင်တွေ။ ဆိုင်တကာပတ် အရက် လိုက်တောင်းသောက်”
“တောင်းပန် ပါတယ်ဗျာ။ နည်းနည်း ဖြစ်ဖြစ်တော့ ဒီခွက်ထဲ ထည့်ပေးပါ။ ကျွန်တော့်လက်တွေ တုန်လွန်းလို့ပါ”
သူ လှည့်ကြည့်မိတော့ စုတ်စုတ်ပြတ်ပြတ် လူတစ်ယောက်။ ဆံပင်ရှည်ရှည် မုတ်ဆိတ်မွေး ဗရပျစ်နှင့် မီးရောင် မှုန်ဝါးဝါး အောက်တွင် တောင်းပန်စကား ဆိုနေခြင်းကြောင့် အနားတွင် ရပ်နေသော ဆိုင်ရှင်အား -
“သူ့ကို Rum တစ်ပြား ပေးလိုက်ဗျာ။ ကျွန်တော့်ဘေလ်ထဲ မှတ်ထားလိုက်”
ဆိုင်ရှင်က အပြစ်ပြော နေသေးသည်။ သူ နားမထောင်ချင်တော့။ စားပွဲထိုးလေး ပုလင်းပြား ယူလာတော့ သူ့ကို ပေးလိုက်ဟု အမူအရာဖြင့် ပြောလိုက်သည်။
ထိုလူမှာ မျှော်လင့်ထားသော အရာ မဟုတ်၍ အံ့ဩသွား၏။ အဖိုးတန်ပစ္စည်း တစ်ခုကို ကောက်ရလိုက် သလို ပျော်သွား၏။ ပုလင်းပြားလေးကို ကျစ်ကျစ်ပါအောင် ကိုင်ရင်း သူ့နောက်ကျော ဘက်နားဆီ မဝံ့မရဲ တိုးလာကာ -
“ကျေးဇူးတင် လိုက်တာ ဆရာရယ် တကယ်ပါ။ ခုချိန်မှာ ကျွန်တော့်အတွက် အလိုအပ်ဆုံး မို့ပါ”
“နေပါစေကွာ၊ ပြောမနေ ပါနဲ့တော့။ မင်း ဒါဆို ဖြစ်ပြီမို့လား”
သူ နောက်သို့ ထပ်မံ လှည့်အကြည့် -
“ဟာ … အောင်ကြီး”
“ခင်ဗျာ …”
စကြဝဠာမှ ဂြိုဟ်အပိုင်းအစကြီး တစ်ခု ကမ္ဘာမြေသို့ ပြင်းပြင်းထန်ထန် ဝင်ဆောင့်လိုက် သလို။ ဖောင်းကား အမ်းနေသော မျက်နှာ၊ စုတ်ဖွာဖွာ ညှဉ်းသိုးသိုး ဆံပင်၊ ညစ်ထပ်နေသော အင်္ကျီ အဝတ်အစားမှ လွဲလျှင် အောင်ကြီး ဖြစ်ကြောင်း သူ ကောင်းကောင်း သိသွားသည်။ သူ့ဦးနှောက်တွင် မင်းမူစိုးမိုး နေသော အယ်လ်ကိုဟော တို့မှာ ချက်ချင်း လွင့်စဉ် သွားပြီလား အောက်မေ့ရ၏။
“ဆ … ဆ … ဆရာ”
သူ့ကို ကြည့်နေသော မြင်ကွင်းသည် ရုတ်တရက် ပြောင်းလဲ သွားသည်။ ရုပ်ရှင် တစ်ကားကို ကြည့်နေရ သလို။ ဖျတ်ခနဲ ဖျတ်ခနဲ ခုန်ကာ အတိတ်မှ မြင်ကွင်းများဆီ ရောက်သွား၏။
“ကျွန်တော့် ဘဝမှာ ဒါ ပထမဦးဆုံး အကြိမ် ပါးစပ်ထဲ အရက် ရောက်ဖူးတာ ဆရာ။ ဆရာ့ စကားကို မလွန်ဆန်ရဲလို့သာ သောက်ရတာ။ ခါးသလို ပူသလိုကြီးပဲ။ နောက်ဆို ကြောက်သွားပြီ”
“ဒါဆို ဘီယာနဲ့ ရောကွာ။ ငါက နည်းနည်းမူးရင် စကားပြောချင် သေးတာ။ ဒီအတိုင်းကြီး ထိုင်နေရတော့ မင်း ပျင်းနေမှာ။ မဖြစ်စလောက်ဘဲကွာ။ အန္တရာယ် မရှိပါဘူး၊ အပျော်ပေါ့”
အောင်ကြီး မသက်မသာ ဖြစ်နေပုံကို ကြည့်ချင်၍ ခပ်တည်တည်ဖြင့် ပြောသည်။
သူ့အတွေးတွေက တဒိုင်းဒိုင်းနှင့် ဟိုရောက်ဒီရောက်။ အံ့ဩ တုန်လှုပ်မှု ဖြစ်စဉ်တစ်ခုနှင့် မရှေးမနှောင်းပင် အောင်ကြီးထံမှ ရှိုက်သံ ထွက်လာ၏။ မျက်ရည်လုံးကြီး တွေက ပါးပြင်ပေါ် စီးကျ လာ၏။
“ကျွန်တော် ရှက်လိုက်တာ ဆရာရယ် …”
ချုံးပွဲချ ငိုလိုက်၏။ လက်အတွင်းမှ ပုလင်းပြားလေးက မြက်ခင်းပေါ်သို့ လျှောခနဲ ပြုတ်ကျ သွားသည်။ သူ့လက်တွေက တဆတ်ဆတ်။ သူ့နှုတ်ခမ်းတွေက တုန်တုန်ရီရီ။ ထို့နောက် သူ ချာခနဲ ထွက်သွားသည်။
“ဟာ … ဟေ့ … အောင်ကြီး နေဦးလေကွာ”
လုံးဝ လှည့်မကြည့်ပါ။ လူအုပ်စုဆီသို့သာ တစိုက်မတ်မတ် သွားနေ၏။ တစ်ချိန်က သူ့အမိန့်ကို ပြားပြားဝပ် နားထောင်ခဲ့သော အောင်ကြီးမှာ ခုတစ်ကြိမ် မှာတော့ ပြတ်ပြတ်သားသားကြီး ဆန့်ကျင် သွားပါပြီ။ သူ နောက်မှ ကယောင်ကတမ်း လိုက်သော်လည်း လူအုပ်ကြားထဲ ပြေးဝင် ပျောက်ကွယ် သွား၏။
မြက်ခင်းပေါ် ကျကျန်ရစ်သော ပုလင်းပြားကို ခပ်ဝေးဝေး ကတည်းက စူးစူးစိုက်စိုက် ကြည့်ကာ လှည့်ပြန်လာလေသည်။ သူ့တစ်ကိုယ်လုံး မကောင်းဆိုးဝါး ဝင်ပူးနေသလို။ အသံတွေ အားလုံး ရုတ်တရက် ငြိမ်ကျသွား၏။ ဆရာဝန်၊ ကျူရှင်ဆရာ၊ အင်ဂျင်နီယာ၊ ဆိုင်ရှင်၊ တစ်ဖက်ဝိုင်းမှ လူတစ်စု၊ အားလုံးက အကြောင်းစုံကို သိကြမည် မဟုတ်။ သူ့မေးရိုးတွေက လှိုင်းထနေသည်။ မျက်လုံးတွေက နာနာကြည်းကြည်း။ ပုလင်း အနားတွင် ခြေစုံရပ်ကာ ကောက်ယူလိုက်၏။
“ငါ့ကြောင့်” ဆိုသော စကားလုံးများက သူ့ခန္ဓာကိုယ်တွင်းမှ ဖောက်ထွက်ကာ မှိန်ပျပျ မီးရောင်ကို တိုးဖြတ်သွား၏။ ထို့နောက် စိတ်ရှည်လက်ရှည် အားထည့်ကာ နံရံသို့ ပစ်ပေါက် လိုက်သည်။ နံရံတွင် ပြန့်ကျဲ စိုစွတ်ကာ အနီရောင် အရည်များက စကားတစ်ခွန်း ဆိုကာ အောက်သို့ ဆက်လက် စီးဆင်းသွားပါသည်။
“ဒါနဲ့များ သူ့ကိုယ်သူ ဆရာ တဲ့။ သူမို့ မရှက်တယ်”
* * *
ဂ။
ကျွန်တော် ပြောပြခဲ့သော ‘သူ’ ဆိုသည်မှာ ကျူရှင်ဆရာ တစ်ယောက် ဖြစ်ကြောင်း အားလုံးသိပြီး ဖြစ်ပါလိမ့်မည်။ ကျွန်တော်တို့တွင် လူများစွာ ကဲ့သို့ပင် ဆရာများစွာ ရှိခဲ့ပါသည်။ ဆရာများကို စိတ်ဖြင့်ပင် မပြစ်မှားရဲပါ။
သို့သော် ကျွန်တော် ကြုံတွေ့ ခဲ့ရသော အဖြစ်အပျက်လေးသည် တမင် ဖန်တီးထားခြင်း မဟုတ်သောကြောင့် ရင်ထဲတွင် ထိထိရှရှ ခံစားလိုက် ရပါသည်။ လူတစ်ဦး၏ တစ်ဘဝစာ ဆုံးရှုံးမှု အတွက် ဘယ်လို အရာများနှင့် ပြုပြင် ဖာထေးမလဲဟု စဉ်းစားမိတိုင်း ကျွန်တော် ဆရာ့အပေါ် ခွင့်လွှတ်၍ မရနိုင်ခဲ့ပါ။ စေ့စေ့တွေး ကြည့်တိုင်းလည်း နာကြည်း မုန်းတီးမိ ပါသည်။
ထို့ထက်ပို၍ ဆရာနှင့် ပတ်သက်သော အကြောင်းအရာများကို ကျွန်တော် ပြောလိုစိတ် မရှိတော့ပါ။ ပြောလည်း မပြောချင်တော့ပါ။ သို့သော် အရေးကြီးသော စကား တစ်ခွန်းတော့ ပြောရန် ကျန်နေပါသေးသည်။ ထို ‘ဆရာ’ ဆိုသောသူမှာ ကျွန်တော် ကိုယ်တိုင်လည်း ဖြစ်ပါသည်။
(ခရမ်းမြို့မှ ဘုရားပွဲ ညလေးတစ်ညသို့ အမှတ်တရ)
* * *
ဒေါင်းနေမင်း
ရွှေအမြုတေ၊ ဇွန်၊ ၂၀၀၁။
ဒေါင်းနေမင်း
ရွှေအမြုတေ၊ ဇွန်၊ ၂၀၀၁။
No comments:
Post a Comment