မောင်းကွဲ - နေဝင်းမြင့်
* * *
(၁)
သူကြီးကိုဗျောက်အိုးရဲ့ အကျင့်က မနက်စောစော မြောက်ကျောင်းက အုန်းမောင်းသံကြားတာနဲ့ အိပ်ရာက ဖျတ်ခနဲ နိုးလေ့ရှိသည်။ ဘယ်လောက်အိပ်ရေးပျက်ပျက် အုန်းမောင်းသံ တတုံတုံကြားတာနဲ့ ခေါက်ခနဲ ထတော့တာပဲ။ ရေကပြင်ဆင်း၊ ဖွဲပြာနဲ့ဆား ရောထားတဲ့ အမှုန့်နဲ့ သွားတွေပွတ်၊ ပချိုးပချောင်စင်သွားအောင် နှစ်ခါလောက် ပလုတ်ကျင်း၊ ဖျင်တဘက်နဲ့မျက်နှာသုတ်။
ကြာလှရင် တစ်မိနစ်ပဲ။ ပြီး ရင် ဘုရားမရှိခိုးအားသေးဘူး။ အိမ်အောက်ဆင်းတယ်။ မန် ကျည်းပင်မှာ တန်းရိုက်ပြီးချိတ် ထားတဲ့ မောင်းကြီးကို မောင်း တုတ်နဲ့ တစ်ချက်ပြင်းပြင်းထု တယ်။ မောင်းက မောင်းကွဲ။ ဒီ မောင်းက တခြားမောင်းတွေလို ထုလိုက်ရင် ဒူဟူဟူလို့ မမြည် ဘူး။ ‘ဂျန်ဟန်ဟန် ဂလန် ဂလန် ဂျလပ် ဂျလပ်’ လို့မြည်တယ်။ မောင်းက မောင်းနစုတ် (မောင်း အနားစုတ်)ကိုး။ သူ့အဖေ သူကြီးလက်ထက်ကတည်းက ပြုတ်ကျဖူးလေတော့ မောင်း အနားတစ်နေရာမှာ လက်ညှိုး လောက်အဟကြီးဖြစ်အောင် ကွဲ ခဲ့ဖူးတယ်။ မနက်မိုးတိမှောင် တောင်မှာ ဒီမောင်းကွဲကို တစ် ချက်ကောင်း မောင်းထုပြီးရင် အိမ်ပေါ်တက်ပြီး ဘုရားကန်တော့ တယ်။ ဒါက နိစ္စဓူဝကိစ္စ။ မြောက် ကျောင်းက အုန်းမောင်းသံ မရှေး မနှောင်း သူကြီးအိမ်က မောင်းကွဲ သံတစ်ချက် ထွက်လို့တော့ ရွာက ဘယ့်နှယ်မှ မနေပါဘူး၊ မလှုပ်ပါ ဘူး။ သူကြီး ကိုဗျောက်အိုးတစ် ယောက် လက်အငြိမ်မနေနိုင်၊ ခြေအငြိမ် မနေနိုင် စောစောစီးစီး ဒီလိုထုနေကျဆိုတာ ရွာက သိတာကိုး။
‘ဂျန်ဟန်ဟန် ဂလန် ဂလန် ဂျလပ် ... ဂျလပ်...’
ဒါက တစ်ချက်ထုတဲ့ကိစ္စ။ ဒီမောင်းကွဲကိုပဲ သုံးချက်ဆက် ထုပြီဆိုရင်တော့ ကျွဲပိန် ရွာသူ ရွာသားမှန်သမျှ တစ်အိမ်တစ်တဲ တစ်ယောက်ခွဲတမ်းနဲ့ သူကြီးဝိုင်း ထဲရောက်အောင် ပြေးကြရ တယ်။ တစ်အိမ်ထောင် တစ် ယောက်တော့ မရောက်မရှိ မဖြစ် ရဘူး။
မောင်းသုံးချက်ဟာ ကျွဲပိန် ရွာအတွက်တော့ လိမ္မော်ရောင် လုံခြုံရေးအဆင့်ပဲ။ သူကြီးဝိုင်း တိုက်က အတန်အသင့် ကျယ် လေတော့ ရောက်လာတဲ့ လူတွေ ကို သူကြီးက စိတ်နဲ့ချင့်တယ်။ သူ့ဝိုင်းထဲ လူပြည့်ရင်ဟုတ်ပြီ။ မပြည့်ရင် ဘယ်အိမ်ထောင်က ကျန်သလဲဆိုတာ မွေးထားတဲ့ လူ မိုက်တွေက သိတယ်။ မရောက် တဲ့အိမ်ထောင်စုက မလာကြေး နှစ်ကျပ်ပေးဖို့သာ ပြင်တော့။ သူ ကြီးကတော့ မလာလေ ကြိုက် လေပါပဲ။ တစ်အိမ်ထောင် မလာ ကြေး နှစ်ကျပ်ကလည်း သူ့အဖို့ ဝင်ငွေကိုး။ ကျွဲပိန်လိုရွာမျိုးမှာ မလာဘူးကွာ၊ ရော့နှစ်ကျပ်ဆို တာမျိုးက ခပ်ရှားရှားပါ။ ဘယ်သူ မှ ငွေနှစ်ကျပ် ခါးပုံစထဲက ထုတ် မပေးနိုင်ဘူး။ ချွေးခံအင်္ကျီထဲက ထုတ်မပေးနိုင်ဘူး။ ဒီတော့ မောင်းသုံးချက်သံကြားရင် ပြေး လာကြသူတွေချည်းပဲ။ လှည်း ကောက်နေတဲ့ ထင်းလှည်းသမား ကလည်း တပ်လက်စ နွားနှစ် ကောင် ပစ်ထားခဲ့တာပဲ။ မုန့် ပေါင်းသည်ကလည်း လုပ်လက်စ မုန့် ထင်းမီးလျှော့ပြီး ပြေးရတာပဲ။ ပုတီးစိပ်နေသူကလည်း ဂုဏ် တော်ကွန်ချာကို ရပ်ခဲ့တော့ပဲ။ ပဲပြုတ်နေသူကလည်း ရေတစ် ခွက်ထပ်ဖြည့်ပြီး ရောက်အောင် လာရတာပဲ။ မောင်းက ဒူဟူဟူ အသံမထွက်ရင်သာ ရှိမယ်၊ ဒါ အရေးပေါ် အခြေအနေပဲ။ ဒါက တော့ ထားပါတော့၊ သုံးချက်ထု တဲ့မောင်းကိုး။ နို့ဖြင့် မနက်စော စော ကျီးမှ မနိုးခင် သူကြီးကိုယ် တိုင် အိပ်မှုန်စုံမွှားထထုတဲ့ တစ် ချက်တည်းသော မောင်းက ဘာ သဘောတုံး။ ဘာကိစ္စထထုတာ တုံး။ သူကြီးကတော် မစိန်ပုက တစ်ခါတော့ မေးဖူးတယ်။
‘‘မောင်သူကြီးရဲ့၊ စောစော စီးစီး ဘာကိစ္စများ မောင်းနစုတ် ကြီး ထထ ထုသာတုံး၊ အလကား အိပ်ရေးပျက်အောင်။ ပြီးတော့ မောင်းသံက သာသာယာယာ မဟုတ်ဘဲနဲ့’’
‘‘ရော်...ခက်ပါ့ရော သူကြီး ကတော်ရဲ့၊ ခက်ပါမင့်ရောဗျာ၊ ခင်ဗျားမသိပါဘူး’’
သူကြီးကတော်က မောင်း နစုတ်လို့ သုံးတာကို သူကြီးက မကြိုက်လေဘူး။ သာသာယာ ယာ မဟုတ်ဘဲနဲ့ဆိုတာကိုလည်း သဘောမတွေ့ဘူး။ ရှင်းတော့ မပြပါဘူး။ ဘယ့်နှယ် မနက်စော စော အဓိပ္ပာယ်မရှိဘဲ ဘယ်သူက ထထုမှာတုံး၊ အကျိုးအကြောင်း မရှိဘဲ ဘယ်သူက ထထုမှာတုံး၊ ဒူဟူဟူ မမြည်ဘဲ ဂျန်ဟန်ဟန်... ဂလန် ဂလန် ဂျလပ်ဂျလပ်လို့ မြည်တော့ကော ဘာပြုလို့တုံး။ မောင်းဟာမောင်းပေါ့။ ဒါဖြင့်ရင် ဘာကိစ္စ ထုရတာတဲ့လဲ။ သူကြီး မှာ သူ့အကြောင်းနဲ့သူ ရှိတယ်။ နံပါတ်(၁)က သူကြီးကိုယ်တိုင် က မနက်ခင်း နေ့သစ်ကို သူ့ မောင်းကွဲသံနဲ့ နိုးထချင်တယ်။ ဒါက တစ်ချက်။ ဒုတိယတစ်ချက် ဒီမောင်းကွဲသံဟာ သူကြီးဖြစ်ခြင်း ကို သက်သေခံတဲ့အသံ။ ဒီရာထူး မှာ သူမြဲနေတုန်းပဲဆိုတာကို အာမခံတဲ့အသံ။ သူကြီးအဆက် ဆက် ကိုင်စွဲခဲ့တဲ့ အာဏာသုံး ရပ်ကို ကိုယ်စားပြုတဲ့အသံ။ သူကိုယ်တိုင်က စာမတောက် တခေါက် ဖတ်ဖူးသူဆိုတော့ လူ ထူရင် အာဏာသုံးရပ်အကြောင်း အင်မတန် ပြောတတ်တယ်။ ရွာ သူရွာသားများ ခမျာတော့ ကိုယ် လုပ်မှ ကိုယ်စားရတာဆိုတော့ လောကမှာ အာဏာသုံးရပ်ရှိတာ လည်းမသိဘူး၊ လေးရပ်ရှိတာလည်းမသိဘူး။ သူကြီးက အဲဒီ အာဏာ သုံးရပ်အကြောင်းပြုပြီး ခိုင်းတာ လုပ်ရတာများပေါ့၊ တောင်းသမျှ ပေးရတာများပေါ့၊ ငေါက်သမျှ ခံရတာများပေါ့။ အာဏာသုံးရပ် နဲ့ ပတ်သက်လို့ မြောက်ကျောင်းမှာ ဥပုသ်စောင့် ရောက်ရတဲ့အခါတိုင်း ဆရာ တော်ကြီးကိုတောင် အလွတ် မပေးဘူး။
‘‘ဘုရားတပည့်တော်ကို ပြည်ပိုင်မင်းများက သူကြီးရယ်လို့ ခန့်အပ်ပါပြီဆိုကတည်းက ကြီး လေးသော ဝန်ထုပ်ဝန်ပိုးများ ကျောပေါ်တင်ထားရသလိုပါ ဘုရား၊ အဟမ်း...အဟွတ်... အဟွတ်...။ သူကြီးဆိုသာက ရပ် မှာရွာမှာ ဘုရင်အသေးစား ဖြစ် လေတော့ အဟွတ်...အဟွတ်... အဟမ်း...’’
သူကြီးကိုဗျောက်အိုးက စကားပြောရင် ချောင်းပါလာ တတ်တယ်။ သူကြီးဖြစ်စက မဖြစ်ပါဘူး။ ဟန်လုပ်ရင်း လုပ် ရင်းက တကယ်ဖြစ်လာတာ ထင် ပါရဲ့။ နောက်တော့ စကားတစ် ခွန်း ချောင်းတစ်ခွန်း ဖြစ်ကရော။
‘‘အဲသာ... အဟမ်း...အဟွတ်...အဟွတ်’’
‘‘မင်းမလည်း အကျိုးရယ် အကြောင်းရယ် စကားရောက် ရသယ်မရှိဘူး။ ချောင်းဆိုရသာနဲ့၊ သလိပ်မကျေရသာနဲ့၊ ချွဲပုပ်ထရ တာနဲ့ လခွေး။ ဆေးဆရာမောင် သိန်းနဲ့ ကုဦးကွ’’
‘‘အဟွတ်...အဟွတ်... အာ ဏာသုံးရပ် ရှိသာကိုးဘုရာ့။ အုပ် ချုပ်ရေးအာဏာတဲ့ဘုရာ့၊ ဥပဒေ ပြုရေးအာဏာတဲ့ဘုရာ့၊ တရား စီရင်ရေး အာဏာတဲ့ဘုရား ... အဟွတ်...အဟွတ် ...သူကြီးဆို ပြန်တော့ သူကြီးအာဏာ လက် တွင်းတစ်ဆုပ်လောက် ရထားပေ သော်လည်း ရွာ့ကိစ္စ၊ ရွာ့ဝေယျာ ဝစ္စ ရှိလာတဲ့အခါ အဟွတ်... အဟွတ်...ထွမ်...။ တပည့်တော် လျှောက်ချင်တာက အရှင်ဘုရား တို့မှာတော့ ဓမ္မာနုဂ္ဂဟလောက် အာရုံပြုရသာကိုးဘုရာ့။ တပည့် တော်မှာတော့ ဓမ္မာနုဂ္ဂဟရော ပစ္စယာနုဂ္ဂဟပါ ပြည့်စုံရအောင် ...’’
‘‘ဘာကွ... ဘာပစ္စယာ နုဂ္ဂဟတုံး၊ ရွာကလောင်းတဲ့ဆွမ်း နဲ့ ကိုယ့်ဆွမ်းကိုယ်ခံစားနေ သကောကွ။ ဘယ်နှခါများ မင်း အိမ်က ဆွမ်းတစ်ချိုင့် ပို့ဖူးလို့ တုံး’’
‘‘အန္တိမဈာပနကျရင် ကြည့် ပါဘုရား၊ တလားကြီး တလား ငယ် စင်ယှဉ်လောင်တိုက် သိုက် သိုက်မြိုက်မြိုက်ကြီးနဲ့ အဟွတ် ... အဟွတ်’’
‘‘သယ်...ငါ ထထောင်း မိရော့မယ်’’
သူကြီးကိုဗျောက်အိုးကသာ အာဏာသုံးရပ်တွေ ပြောနေတာ ပါ။ ရွာကတော့ သူကြီးဆိုးနေကျ ချောင်းကို ‘အာနာသုံးရပ်’ချောင်း ခေါ်ကြတယ်။ ကုတ်ဟီးနာ၊ ကြက်ညှာနာ၊ ဆုံဆို့နာ ချောင်း သုံးချောင်း ပေါင်းပြီးဖြစ်တဲ့ ရော ဂါဆိုတဲ့ သဘောပေါ့။ အာတွေ ရော၊ လျှာတွေရော နာအောင် ဆိုးတဲ့ချောင်းကိုး။ ပြောချင် တာက စောစောစီးစီး မောင်းထု ရခြင်းရဲ့ ဒုတိယအချက်က နရည်းတော်တီးပြီး မင်္ဂလာအခါ တော်ယူသလို အာဏာသုံးရပ် မောင်းနဲ့ နေ့သစ်ကို ဖွင့်တယ် ဆိုတဲ့ သဘောလည်းပါရဲ့။ တတိယအချက်။ တတိယ အချက်က ပိုအရေးကြီးတယ်။
* * *
(၂)
သူကြီး ကိုဗျောက်အိုးက ငတပါးသူကြီးမဟုတ်ဘူး။ မျိုးရိုး မရှိဘဲ သူကြီးဖြစ်လာသူ မဟုတ် ဘူးပေါ့လေ။ ကိုဗျောက်အိုးလို့ သာ ခေါ်သာတာပါ၊ အသက်က (၅၀)ကျော်ပါပြီ။ လူက ဖလံလို့ ခေါ်ကြတဲ့ ကျစ်ကျစ်သေးသေး ရယ်။ ခေါင်းတုံးဆံတောက်နဲ့ မျက်တွင်းကျကြီးနဲ့ဆိုတော့ ရုပ် သေးထဲက ကုန်းမနဲ့တောင်တူ သေးတော့။ ဖျင်တိုက်ပုံတော့ ဘယ်တုန်းကမှ မချွတ်ဘူး။ ရေ ရယ် မိုးရယ် ချိုးတယ်လို့လည်း မရှိတော့ သူကြီးနားကပ်ရင် သစ် ကြံပိုးခေါက်စော် နံတယ်လို့ချည်း ပြောကြတယ်။ စကားပြောရင် သလိပ်ထတာနဲ့ ရင်ခေါင်းထဲက တစီစီထွက်နေတဲ့အသံက ကိုဗျောက်အိုးရဲ့ အမှတ်လက္ခ ဏာပဲ။ ပြောခဲ့သလိုပဲ သူကြီးမျိုး ရိုးဆိုတော့ ‘ဖအေသူကြီးသေ၊ သားသူကြီးဖြစ်’ ပေါ်လစီအရ ဖအေသူကြီး ဦးတိုက်မောင်း နောက် သူ သူကြီးဖြစ်လာတယ်။ မျိုးရိုးကိုပြောရင် ‘ခေါင်’ကစ ပြောရမယ်။ မြန်မာရှင်ဘုရင်များ ထဲက နောက်ဆုံးရှင်ဘုရင် သီပေါမင်းလက်ထက် ကတည်း က စခဲ့တဲ့မျိုးရိုး။
သက္ကရာဇ် တစ်ထောင့်နှစ် ရာ လေးဆယ့်ခြောက်ခုနှစ်က ဦးလူကလေး သူကြီးရာထူး စရ တယ်။ ရှင်ဘုရင် ပါတော်မမူခင် တစ်နှစ်ပေါ့။ ဦးလူကလေးက စလိုက်တာ ဦးလူကလေးရဲ့သား ဦးဖိုးပျော့၊ ဦးဖိုးပျော့ရဲ့သား ဦးတိုက်မောင်း၊ ဦးတိုက်မောင်းရဲ့ သား ဦးဗျောက်အိုး။ လက်ရှိ သူကြီး ဦးဗျောက်အိုးရဲ့ ဘေးကြီး ဦးလူကလေး သူကြီးရတယ်ဆို တာကလည်း သီပေါမင်းလက် မှတ်တော်ထိုး၊ တံဆိပ်တော်ထိုး သူကြီးခန့်စာနဲ့ ရခဲ့တဲ့ ရာထူး မဟုတ်ဘူး။ အရှင်နှစ်ပါး ပါတော် မူခါနီး တိုင်းပြည် ဗရုတ်ဗရက် ဖြစ်နေချိန်မှာ အဝေးမြို့ဝန်ကို ဒေါင်းဒင်္ဂါးငါးရာပေးပြီး ရခဲ့တဲ့ ရာထူး။ အဲဒီအချိန်က မန္တလေး နန်းတွင်းမှာ တိုင်တားဂိုဏ်း၊ ကင်းဝန်ဂိုဏ်း၊ ဆင်ဖြူမရှင်ဂိုဏ်း၊ လှေသင်းအတွင်းဝန်ဂိုဏ်း စသည်ဖြင့် သူ့လူကိုယ့်လူ၊ သူ့ အုပ်စု ကိုယ့်အုပ်စု အားပြိုင်နေ ကြတဲ့အချိန်။ နန်းတွင်းမှာ ဂိုဏ်း တွေကွဲတာနဲ့အမျှ တံစိုးစားကြ၊ လျှပ်စားကြ၊ အချင်းချင်း ကုန်း တိုက်ကြ၊ ရာထူးလုကြ၊ ရှင်ဘုရင် နဲ့ နီးစပ်သူတွေ ကောင်းစားကြ၊ အဝေးနယ်တွေက ဓားပြသူခိုး တွေရဲ့ ဆက်ကြေးခွဲတမ်းယူကြ၊ ဒင်္ဂါးများများ ပေးနိုင်သူ အရာ ရောက်ကြဆိုတော့ ရှင်ဘုရင့် အာဏာကလည်း အဝေးကို မရောက်နိုင်တော့ဘူး။ ဘုရင်က ထန်းဖူးညွန့်ရှည်ပေါ်မှာ သတ်စုံ ရေးပြီး တစ်ကြောင်းစာချွန်နဲ့ ခန့်တဲ့ ရာထူးတွေက အဝေးမြိုဝန်ဆီ ရောက်တဲ့အခါမှာတော့ထန်းပင်မြစ်တစ်ချောင်းလောက် တောင် အရာမရောက်တော့ဘူး ပြောပါတော့။ ဒီမှာတင် ဒေါင်း ဒင်္ဂါးငါးရာပေးပြီး ဦးလူကလေး သူကြီးဖြစ်လာရော။ တစ်ထောင့် နှစ်ရာလေးဆယ့်ခုနစ် ခုနှစ် အရှင်နှစ်ပါး ပါတော်မူတော့ ဦးလူကလေး ကျွဲပိန်ရွာမှာ သူကြီး ပဲ။ ပါတော်မူစ အင်္ဂလိပ်အစိုးရ က မြန်မာမှူးကြီးမတ်ကြီးများပါ တဲ့ ယာယီအကြံပေးအဖွဲ့ ဖွဲ့ထား လေတော့ ရှိရင်းသူကြီးတွေ မူလ ရာထူးမှာ ထောက်ခံချက်နဲ့သူကြီး ဆက်ဖြစ်ကြတယ်။ အင်္ဂလိပ် အုပ်ချုပ်ရေး ပီပီပြင်ပြင် ရှိလာ တော့လည်း သစ္စာခံသူတွေကို သူကြီးဆက်ခန့်ပြန်လို့ မပြုတ် ပြန်ဘူး။ ဒီလိုနဲ့ ဦးလူကလေး ကံ ကုန်တော့ သူ့သား ဖိုးပျော့က ဆက်ခံတယ်။ ဦးဖိုးပျော့ ဘဝကူး တော့ သူ့သား တိုက်မောင်းက ဆက်ခံတယ်။ ဦးတိုက်မောင်းလွန် တော့ သူ့သားဗျောက်အိုးက ဆက်ခံတယ်။ ကိုဗျောက်အိုး သူကြီးဖြစ်တော့ တိုင်းပြည်လွတ် လပ်ရေးရပါပြီ။ လွတ်လပ်ရေး ခေတ် အစိုးရက သူကြီးဆက်ခန့် လို့ တိုင်းပြည်ထိခိုက်တာ မထိ ခိုက်တာတော့ မပြောတတ်ဘူး၊ ကျွဲပိန်ရွာကတော့ ဒုက္ခလှလှကြီး ရောက်တော့တာပဲ။ သူကြီး ကိုဗျောက်အိုးလက်ထက် ရွာမှာ တဘောင်ပေါ်လာတာပဲ ကြည့် လေ။
‘‘သူကြီး ဗျောက်အိုး ××× ငမျောက်သိုး ××× ဇောက်ထိုး ဘယ်တော့လှန်ပါ့မယ် ××× နောက်မိုးဘယ်တော့ မှန်ပါ့မယ် ××× နောက်မိုးမမှန် တာတေလံ ××× ရေကန်ဘယ်တော့ ပြည့်ပါ့ မယ်’’တဲ့။
* * *
(၃)
သီပေါမင်းလက်ထက် ကတည်းက သူကြီးရာထူး ဒေါင်း ဒင်္ဂါး ငါးရာပေးပြီး ဝယ်ခဲ့တဲ့ ဦးလူ ကလေးက နောင်လာနောက်သား သူ့သားသမီး၊ မြေးမြစ်တွေ အတွက်ရယ်လို့ ကျွဲပိန်မှာ ရှိသမျှ မြေတွေ သူကြီးမြေအဖြစ် ထားခဲ့ တာလည်း ထားခဲ့တာပေါ့လေ။ အထင်ကရအားဖြင့် မောင်းကြီး တစ်လုံးနဲ့ ကြေးပြားတစ်ချပ် သူ့ သား ဦးဖိုးပျော့ကို ပေးခဲ့တယ်။ မောင်းက ဆန်ပြာတဲ့ ဆန်ကော လောက်ရှိပြီး ကြေးပြားက တစ် ထွာပတ်လည်လောက် ရှိမယ်။ မောင်းကြီးမှာ အင်းကွက်သုံး ကွက်နဲ့ စာတစ်ချိုး ရေးထား တယ်။ ရှေးရေး မန်ကျည်းစေ့ လက်ရေးကလေးတွေပါ။ မန် ကျည်းသီးမှည့်နဲ့များ ပွတ်လိုက် ရင် ဖတ်လို့ရပြီ။
‘‘စိတ်ကြံတိုင်း ပြီးစေနိုင် သော စိန္တာမယ တန်ခိုးအားဖြင့် ပထဝီကို စိုးမိုးနိုင်သော ပထဝီ သိဒ္ဓိအင်း၊ ရေကိုစိုးမိုးနိုင်သော ဥဒကသိဒ္ဓိအင်း၊ ကောင်းကင်ကို စိုးမိုးနိုင်သော အာကာသိဒ္ဓိအင်း တို့သည် ဤမောင်း၌ ကောင်းစွာ တည်ပါပေ၏။
ဥစ္စာစည်းစိမ်ကို မြဲစေနိုင် သော ဓနသိဒ္ဓိ၊ လက်နက် အမျိုး မျိုး မစူးရှစေနိုင်သော ကာယသိဒ္ဓိ၊ အသက်ရှည်စွာ ရာထူးမြဲစေနိုင် သော အာယုသိဒ္ဓိတို့သည် ဆေး ဝိဇ္ဇာ၊ အင်းဝိဇ္ဇာ၊ ပြဒါးဝိဇ္ဇာ၊ သံ ဝိဇ္ဇာတို့၏ အာနုဘော်ကြောင့် မြဲ စွာတည်ပါပေ၏။
ဤမောင်းကို မမေ့မလျော့ သားမြေးစဉ်ဆက် မပြတ်နှက်ကြ လေ။
ကြေးပြားမှာလည်း စာတွေ ပါတယ်။ ကျွဲပိန်ရွာရဲ့ အရပ်လေး မျက်နှာ နယ်နိမိတ်နဲ့တကွ သူကြီး မြေ အတိုင်းအတာတွေ ရေးထား တဲ့ ဂရန်ပေါက် ကြေးပြားဆိုပါစို့။ သူကြီး ဦးလူကလေးက ကြေးထိုး ဆရာကို အပ်ပြီး ပေးခဲ့တဲ့ ကြေး ပြား။
ပု၊ ဒိ၊ အာ။
‘‘ငါ့သား မောင်ဖိုးပျော့နှင့် တကွ နောင်အခါ ထွန်းကား လာ လတ္တံ့သော မြေးမြစ်များအဖို့ အလို့ငှာ ဘုန်းတော်ကြီးလှသော သီပေါမင်း တရားကြီးလက်ထက် တော် သူကြီးခန့်စာရ အဖေသူ ကြီး မောင်လူကလေးမှာခဲ့လို သည်မှာ ပိုင်ဆိုင်သော မြေ အတိုင်းအတာ ရွာမြေကို ဗဟိုပြု ၍ အရှေ့ကိုလားသော် အရှေ့ ဘက်ရွာခြေမှ ဖိုးခေါင်တောင်ရိုး အထိ၊ အနောက်ကိုလားသော် အနောက်ရွာခြေမှ ကုက္ကိုဝ ယမား ချောင်းစပ်အထိ၊ တောင်ကိုလား သော် တောင်ဘက်ရွာခြေမှ တစ်ဖက် ဗန်းတောရွာနှင့် ကျော ခိုင်း ညောင်ပိန္နဲပင်အထိ၊ မြောက် ကိုလားသော် မြောက်ဘက်ရွာခြေ မှ တစ်ဖက် သရက်ကန်ရွာနှင့် ကျောခိုင်းထုံးစေတီအထိ။
ဤလယ်ယာကိုင်းကျွန်း ထုံးအိုင်တို့ကို စုန်းတိုက်၊ နတ် တိုက်၊ မှော်တိုက်၊ ဇော်တိုက်၊ မိစ္ဆာတိုက်၊ အောက်လမ်းတိုက် အတိုက်အခိုက်တို့မှ ကင်းပစေ ခြင်းငှာ ထောင့်လေးထောင့်၌ လွန်စွာ တန်ခိုးကြီးသော မဟာ သာဂလ အင်းလေးချက် မြှုပ်နှံ ထားချက်။’’
သူကြီး ကိုဗျောက်အိုးက ဒီကြေးပြားကို ကြေးညှိအတက် မခံဘူး။ သူကြီးက ဗမာလဆန်း ၃ ရက်နေ့တိုင်း ရွာကို မောင်းသုံး ချက်နှက်ပြီး လူစုတတ်လေတော့ ရွာသူရွာသားတွေရှေ့မှာ ဒီကြေး ပြားစ ဖတ်ပြတတ်တယ်။ စာ အပေါ် သြဇာရှိအောင်ရယ်လို့ သူကိုယ်တိုင် ချောင်းတဟွတ် ဟွတ်၊ ချွဲတရှဲရှဲကြားက ဖတ်ပြ လေ့ရှိတယ်။ ကြေးပြားစာအရ ရွာမှာလုပ်စားစရာ မြေမကျန် တော့ ရွာသားတွေက စိတ်မဝင် စားပါဘူး။ လုပ်စားစရာ မြေမရှိ တော့ ရွာသူရွာသားတွေက ဘာ လုပ်စားကြ တုံးမေးစရာရှိတယ်။ ပိုက်ဆံရှိ သူတချို့က ခေတ် အဆက်ဆက် သူကြီးပိုင် မြေ တွေထဲက ဖဲ့ဝယ်ထားကြလို့ နည်း နည်းပါးပါး စိုက်ပျိုးစားကြတာ ရှိတယ်။ တော်တော်များများက သူကြီးမြေတွေမှာ သီးစားချခံပြီး ပင်ပင်ပန်းပန်း လုပ်ကိုင်စားကြရ တယ်။ ကျန်တဲ့ ရွာသူရွာသားတွေ ကတော့ ကြွက်ထိုးပေါ့၊ လှေ လိုက်ပေါ့၊ မြက်ရိတ်ပေါ့၊ ရက် ကန်းရက်ပေါ့၊ နတ်ကတော်လုပ် ပေါ့၊ နတ်ဆိုင်းတီးပေါ့၊ သစ်ပင် ချိုင်ပေါ့၊ မြေကျင်းတူးပေါ့၊ အုန်း ပင်ပြင်ပေါ့၊ သက်ငယ်ပျစ်ပေါ့၊ အကြော်ရောင်းပေါ့၊ မောင်း ထောင်းပေါ့၊ ပဲကောက်ဝါကောက် ပေါ့၊ အနင်းအနှိပ်လိုက်ပေါ့။ ထမင်းတစ်လုတ် ချွေးဒီးဒီးကျ အောင်လုပ်မှ စားရတဲ့ဘဝတွေ။
သူကြီးကိုဗျောက်အိုး လူဝါး ဝတယ်ထင်လို့ လူတချို့က သူကြီး လူစုပွဲတွေမှာ ထအော် တတ်ကြတယ်။
‘‘ဘယ့်နှယ်တုံး သူကြီးရဲ့၊ ဒီခေတ်ကြီးထဲ ကြေးတိုင်ဌာန၊ မြေတိုင်းဌာနက ထုတ်ပေးတဲ့ ဂရန်မြေ မဟုတ်ဘဲနဲ့ သီပေါမင်း လက်ထက်က ခင်ဗျားဘေးကြီး ရေးခဲ့တဲ့ ကြေးပြားပေါ်က စာနဲ့ပဲ ကျုပ်တို့က တစ်သက်လုံး ကြွက် ထိုးရကောလား၊ တစ်သက်လုံး ကျင်းတူးရကောလား၊ တစ်သက် လုံး လှေလိုက်ရကောလား၊ ကျုပ် တို့က ဒီကိစ္စ မြို့ပိုင်နယ်ပိုင်တွေ နဲ့ စကားပြောချင်တယ်’’
‘‘ဟေ့...ဘယ်ကောင်လဲကွ ထအော်သာ၊ အဟွတ်... အဟွတ် ...ဟွတ် ...ရွှတ်...ထွမ်။ နယ်ပိုင် မြို့ပိုင်မကလို့ ကွင်းပိုင်အဖေကြီး ပဲ ပွဲထိုးထိုးကွာ။ ငါ့အဘေးသူကြီး ဦးလူကလေးကွာ၊ အဟွတ်... အဟွတ် သူ့သား ဦးဖိုးပျော့ကွာ၊အဟွတ်... ဦးဖိုးပျော့သား အဟွတ်... အဟွတ် ဘယ်သူတဲ့၊ ငါ့အဖေ အဲ...ဦးတိုက်မောင်းကွာ။ အဟွတ် ... ထွမ် ... သူ့သား ငါလ ကွာ ...။ ကိုင်း ...သူကြီးလေးဇာတ် က ပေါက်တဲ့ တို့အမျိုးတွေ၊ ကလေးတွေက ဒီအမွေနဲ့ စားကြ ရသာကွာ။ မင်းတို့ကို ဘယ့်နှယ် လုပ် ဖဲ့ပေးရမှာတုံး။ အဟွတ် ... အဟွတ် တို့လည်း ညှာကြဦးလေ ကွာ’’
‘‘ကြွက်ထိုးစားနေရတဲ့ လူ တွေက ဘယ့်နှယ်လုပ် မြေပိုင်ရှင် ကို သနားရမှာတုံး သူကြီးရဲ့။ ရွာ ကို ညှာရမှာက ခင်ဗျားရယ်၊ ဖြစ် မှဖြစ်ရလေ’’
‘‘အံမာ မင်းတို့က ငါ့ကို ကြေးတမ်းတိုက်လို့ အဟွတ်... အဟွတ် အုပ်ချုပ်ရေးအာဏာ .. အဟွတ် ... အဟွတ်၊ ဥပဒေ ပြုရေးအာဏာ အဟွတ်... အဟွတ် တရား စီရင်ရေးအာဏာ အဟွတ် ... အဟွတ်’’
သူကြီးက မောင်းသုံးချက် တီးပြီး လူစုတိုင်း ဒီလိုနဲ့ ပြီးကြရ တယ်။ မောင်းသုံးချက် နှက်သံ ကြားရင် မလာချင်လို့လည်း မဖြစ်တော့ ပြောခဲ့သလိုပဲ မလာ ရင် နှစ်ကျပ်ပေးရမှာစိုးတော့ လာ ကြရတာပါပဲ။ သူကြီးက ရွာဆင်း ရဲပေမယ့် ရွာက ဘယ်လိုပိုက်ဆံ ကောက်ရမယ်ဆိုတာလောက် တွက်နေသူကိုး။ သီပေါမင်းလက် ထက်က အခွန်ကောက်ပုံတွေကို ရှာဖတ်တယ်။ ရှေးက ဆိပ်၊ တည်၊ ပွဲ၊ ကင်း၊ ကူးတို့အခွန် ကောက်တာတွေ့လို့ အမိန့်ထုတ် ကြည့်တယ်။ ရွာသူရွာသားတွေက ဘာမှန်းတောင် မသိကြဘူး။ ဘာလဲ ... ဆိပ်၊ တည်၊ ပွဲ၊ ကင်း၊ ကူးတို့။ ဆိပ်ဆိုတာက လှေဆိပ်၊ လှည်းဆိပ်တွေမှာ ကောက်တဲ့ အခွန်၊ တည်ဆိုတာက အထိုင် တည်ပြီး ဈေးရောင်းသူတွေကို ကောက်တဲ့အခွန်၊ ကင်းက ကင်း စခန်းတွေမှာ ကောက်တဲ့အခွန်၊ ကူးတို့ဆိုတာက ကူးတို့လှေတွေ ကို ကောက်တဲ့အခွန်။ ခက်တာက ရွာမှာ လှေဆိပ်၊ လှည်းဆိပ်မရှိ ဘူး။ ဈေးရောင်းတဲ့ ကုန်စုံဆိုင် မရှိဘူး။ ပွဲဆိုတဲ့ ပွဲစားပွဲညွန့်စားသူ မရှိဘူး။ ကင်းမရှိဘူး၊ ကူးတို့မရှိ ဘူး။ ဒီတော့ သူကြီးလည်း သူ့ အမိန့်သူ ပြန်ရုပ်သိမ်းရရော။ တစ်ခါ ဘာလုပ်ပြန်သလဲဆိုတော့ ဆယ့်နှစ်မှု မင်းတိုင်း ကောက်မယ် လို့ အမိန့်ထုတ်ပြန်တယ်။ ရွာက မေးတယ်။
‘‘ဘာတုံးဗျ၊ ဆယ့်နှစ်မှု မင်းတိုင်းဆိုတာ’’
‘‘သီပေါမင်းလက်ထက်က အခွန်ကောက်တဲ့ပစ္စည်း ဆယ့် နှစ်မျိုးပေါ့ကွ အဟွတ်...အဟွတ်’’
‘‘ဘာတွေပါလိမ့်ဗျာ’’
‘‘တမာစေးကွာ၊ လျှော်ကွာ၊ ကော်ကွာ၊ အုံတုံကွာ၊ လဲမှို့ကွာ၊ တင်လဲကွာ၊ ဥသျှစ်ကွာ၊ မုရိုးစစ် မီးသွေးကွာ၊ ထန်းဖူးစည်းကွာ၊ မန်ကျည်းမှည့်ကွာ၊ ရေနံကွာ၊ ပွဲ့လျက်ကွာ’’
သူကြီးချောင်းဆိုးနေလို့ ဆယ်အိမ်ခေါင်းက ဖတ်ပြတာပါ။
‘‘ရွာမှာ ဒါတွေ ဘယ်သူက ရောင်းဝယ်နေကြလို့တုံး သူကြီးရ၊ ခင်ဗျားထင်တိုင်း လုပ်မနေနဲ့။ မရူးမကောင်းဗျာ’’
‘‘ဟေ... အဲသာ ဘယ် ကောင်လဲကွ၊ အဟွတ်...အဟွတ် ခြောက်ပေါက် ထိတ်တုံးထဲ ထည့် စမ်းဟေ့’’
တစ်ခါတော့ ဗမာလဆန်း ၃ ရက်နေ့ တစ်နေ့မှာ ‘ဂျဟန် ဟန် ဂလန် ဂလန် ဂျလပ် ဂျလပ်’လို့ မြည်တဲ့ မောင်းကြီးကို သူကြီး ကိုဗျောက်အိုးက သုံးချက်ထု တယ်။ ရွာသားတွေကတော့ ဒီ တစ်ခါလည်း သူကြီးဘာပြော ပြန်ဦးမလဲပေါ့လေ။ သူကြီးအိမ် ကို ပေါ့ပေါ့ပါးပါးပဲ လာခဲ့ကြ တယ်။ လူစုံလောက်ပြီဆိုတော့ သူကြီးမွေးထားတဲ့ လူမိုက်တွေထဲ က တစ်ယောက်က သူကြီးရေး ထားတဲ့စာကို ဖတ်ပြတယ်။
‘‘ရွာထဲမှာ ဒီနေ့ကစပြီး ကောက်ခံမယ့် အခွန်စာရင်းဖြစ် ပါတယ်။ အားလုံးနားထောင်ကြ ပါ။ နှစ်ခါ ဖတ်မပြဘူးနှော။ ရွာ ထဲက မည်သူမဆို ကြွက်ထိုးလိုက် သူ တစ်နေ့ နှစ်ကျပ်နှုန်း၊ သစ်ပင် ချိုင်သူ တစ်ပင် ငါးကျပ်နှုန်း၊ မြက်ရိတ်သူ မြက်တစ်ထုံး နှစ် ကျပ်မတ်တင်းနှုန်း၊ လှေလိုက်သူ လှေတစ်ခေါက် တစ်ဆယ်နှုန်း၊ မြေကျင်းတူးသူ တစ်ကျင်းငါး ကျပ်နှုန်း၊ ဆိုင်းတီးသူ တစ်ပွဲ နှစ် ဆယ်နှုန်း၊ ဗေဒင်ဟောသူ လူ တစ်ယောက်မေး သုံးကျပ်နှုန်း၊ ရှင်ပြုသူ ရှင်တစ်ပါး တစ်ဆယ် နှုန်း၊ နတ်ဝင်သည် နတ်မေး နှစ် ကျပ်နှုန်း၊ မုန့်ပေါင်းသည်၊ မုန့် လက်ကောက်သည်၊ အကြော်စုံ သည် ဖိုတစ်ခွင် နှစ်ကျပ်နှုန်း၊ ယုန်လိုက်သူ ယုန်တစ်ကောင် ယုန်ပေါင်တစ်ကောင်နှုန်း၊ အမဲ၊ ဝက်ပေါ်သူ ဝမ်းတွင်းသား တစ် တွဲနှုန်း’’
ဒီတစ်ခါထုတ်ပြန်တဲ့ အခွန် စာရင်းက မပြီးနိုင်တော့ဘူး။ ရွာ သားတွေက ဒီတစ်ခါ သူကြီးအမိန့် ကို လန့်သွားကြတယ်။ သူတို့ဘဝ နဲ့ ဆိုင်ပြီကိုး။ သူတို့အသက် မွေးဝမ်းကျောင်းနဲ့ ဆိုင်ပြီကိုး။
* * *
နေဝင်းမြင့်
၂၀၁၄၊ နိုဝင်ဘာ၊ ရွှေအမြုတေမဂ္ဂဇင်း။
Credit - 7Day Daily
No comments:
Post a Comment