May 4, 2018

သေဆုံးခြင်း - ရေအေး

သေဆုံးခြင်း - ရေအေး

***

ည ကိုးနာရီထိုးပြီ။ `အမယ်လေး ဒီညတော့ အိပ်ရတော့မယ်မထင်ဘူး´တဲ့။ လူနာဘေးကနေ ထွက်လာတဲ့ဒေါက်တာမက သူ့ရဲ့ မုန်တိုင်းမိထားသလို ဆံပင်ကို တဗြိဗြိကုတ်၊ သူ့ခုံမှာ ယိမ်းယိမ်းထိုးထိုး ၀င်ထိုင်လိုက်ရင်း မလှမ်းမကမ်းက ဖတ်သီဖတ်သီ အလှုပ်ရှုပ်နေတဲ့ အနီဝတ်သူနာပြုကို လှမ်းပြောလိုက်တယ်။ ဆရာမက မချိပြုံးပြုံးတယ်။ ပြီးတော့ `ကျွန်မ မအိပ်ရတာ သုံးညရှိပြီ။ ညဂျုတီ စကတည်းကပဲ´ လို့ နွမ်းလျလျပြန်ပြောရှာတယ်။ အဲဒီနောက် `အစ်မလည်း ၀ဋ့်ပဲ၊ ကျွန်မလည်း ၀ဋ်ပဲ၊ လူနာလည်း ၀ဋ့်ပဲ´ ဆိုတဲ့ စကားကို တိုတိတိုတောင်းဆိုပြီး သုတ်သီးသုတ်ပြာ ထွက်သွားပြန်ရော။ ဒေါက်တာမက `ဟုတ်တာပေါ့´ ဆိုတဲ့ပုံနဲ့ ခေါင်းကို တဆတ်ဆတ်ငြိမ့်ပြီး ကျန်ခဲ့တယ်။ သူတို့ သူနာပြုတွေဆိုတာက နေ့သမား၊ ညသမားလို့ ခွဲထားပြီး ညသမားက ညကြီးပဲ ဆက်တိုက် ဆင်းကြတာဆိုတော့ အိပ်ရေးက ရက်ဆက်ပျက်တယ်။ ဒေါက်တာမတွေလို နှစ်ဆယ့်လေးနာရီ ဂျူတီကို တစ်ယောက်တစ်လှည့်စီ သုံးလေးရက်ခြားယူကြရတာ မဟုတ်ဖူး။ ခေါင်းငြိမ့်နေရင်းပဲ ဒေါက်တာမက `နေပါဦး ညဂျုတီစကတည်းက မအိပ်ရတာဆိုတော့ သူက ဂျူတီစအဆင်း၊ ဟိုလူနာက စအဖောက်ပေါ့´လို့ ရက်တွက်မိတယ်။ `သေချာတယ်၊ ဒင်းရှုပ်တာပဲ။ ဒင်းကြောင့် လူရှုပ်မ´ လို့ စိတ်ထဲ ရေရွတ်လိုက်တယ်။ ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့။ ဒါပေမယ့် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဒါက တစ်ယောက်ကိုတစ်ယောက် စွပ်စွဲနေကြ ထုံးစံပဲ။ ဒီလိုနဲ့ ဒေါက်တာမက အဲဒီလို ဒင်းကြောင့်၊ ဒင်းကြောင့်လို့စိတ်ထဲ သူနာပြုမကို တရားခံငြိုးနေရင်းပဲ ဟစိဟစိဖြစ်နေတဲ့ ဟိုလူနာဆီ စိတ်က ရောက်သွားပြန်ရော။

အဲဒီလူနာ အမောဖောက်နေတာ သုံးရက်ရှိပြီ။ ဒီလူနာဆောင်မှာ တစ်ပတ်ပြီးတစ်ပတ် ကြည့်နေကြတဲ့ ဆရာဝန်၊ ဆရာမတိုင်းက သေမှာပါလို့ လက်လျော့ပြီးသား။ ဒေါက်တာမ ဒီမနက် ဂျုတီလာချိန်းတော့လည်း ညကသွားလောက်ပြီ လို့ထင်နေတာ။ `ကျန်တာတွေက အကောင်းဟေ့။ မိုးကျော်တစ်ယောက်ပဲ ဖောက်ဖောက်နေတာ။ ဘယ်အချိန်သွားတော့မလဲ တွေးပြီး အိပ်ကိုမအိပ်ရဘူး။ ကဲ ငါတော့ လွှတ်ပြီ။ ဒီနေ့ ကူးမယ်တော့မထင်ဘူး။ သူငယ်ချင်းလေး ကံကောင်းပါစေ´လို့ သူ့သူငယ်ချင်း ဒေါက်တာမက ပြုံးစိစိနဲ့ ကြိုတော့ သူ့မယ် `ဟင် မသွားသေးဘူးလား´လို့ စိတ်ပျက်လက်ပျက် ရေရွတ်မိတယ်။  `အေး ရှိတုန်း၊ နင့်ကို စောင့်နေတာတဲ့´လို့ သူငယ်ချင်းက ခပ်ရွှင်ရွှင် ပြန်ပြောပေမယ့် သူ့မှာ မပြုံးနိုင်ဘူး။ `သေနာမ ကိုယ့်ကိစ္စကို အပြတ်ရှင်းမသွားဘူး´လို့  ပွစိပွစိ ပြန်ဆဲလိုက်တယ်။ ဒါပေမယ့် ခပ်ကြာကြာတော့လည်း စိတ်မညစ်နိုင်ပါဘူး။ တစ်ယောက်ပြီးတစ် ယောက် ရောက်လာတဲ့ ဆရာဝန်ကြီးတွေ၊ ဆရာဝန်လတ်တွေနဲ့ လိုက်ပြီး လူနာတွေကြည့်ရ၊ ပြီးတော့ မိုးဦးကျမှာထွက်တဲ့ ပရစ်ဖူးတွေလို အလျှိုလျှိုပေါ်လာတဲ့ သွေးစစ်တာတို့ ၊ ခါးရိုးဖောက်တာတို့ ၊လူနာတွေကို ရောဂါအကြောင်းလိုက်ပြီး ရှင်းပြရတာတို့ လို အလုပ်မျိုးတွေကြားမှာ ပြေးဟယ်၊ လွှားဟယ်နဲ့ လူက နွေရာသီ လေတိုက်တိုင်းလွှင့်ရတဲ့ သစ်ရွက်ခြောက်လောက်မှ မငြိမ်နိုင်ဘူး။

`ဆရာမ၊ မိုးကျော်လေ´

အဲဒီကြားကာလမှာ လူနာရဲ့အမေက ဒေါက်တာမဆီကို မျက်နှာအညိုးသားနဲ့ ရှစ်ခါရောက်တယ်။  အဲဒ်ီအချိန်မှပဲ သူကလည်း လူနာကို မေ့သလိုရှိနေရာက သတိရပြီး ကသုတ်ကရက်ပြေးကြည့်ရတာပဲ။ ပြီးရင်`ဆရာမ ဟိုက်ဒရိုကော်တီဇုံးလေး ထိုးပေးပါဦး´၊ `ဆရာမ သွေးအချိုဓါတ်လေး စစ်ပေးပါဦး´ ၊`ဆရာမ ဒိုပါမင်းကို ဆယ့်ငါးစက်တိုးလိုက်တော့´လို့ လိုအပ်တယ် ထင်တာလေးတွေ ထထ အော်ရတယ်။ အမြုပ်ပလုံစီထနေတဲ့ အောက်ဆီဂျင်အိုးလေးကို ရမယ်ရှာတဲ့အခါ ရှာတယ်။ တခါတလေတော့လည်း `ဆရာ လူနာမိုးကျော်ကလေ´လို့ သူ့ထက်အကြီးကို ပြေးပြောရတယ်။ ပြီးရင် `အဒေါ့်သား အခြေအနေက အဒေါ်တို့မြင်တဲ့အတိုင်းပဲနော်။ ကျွန်မတို့လည်း ထိုးစရာရှိတဲ့ ဆေးကို အကုန်ထိုးပေးတာပဲ။ ဆရာကြီးတွေလည်း ကြည့်တာပဲ။ ဒါပေမယ့် ´လို့ လေကု ကုရသေးတယ်။ လာမခေါ်ပေမယ့် ခဏတဖြုတ်အားရင်လည်း ပြေးကြည့်ရတယ်။ လူနာက ဘယ်အချိန်များ ထလျောမလဲ မသိဘူးလေ။ အခုချက်ချင်းပဲလား၊ နောက်ထပ် နာရီဝက်နေရင်လားနဲ့ ရင်တမမ ပြေး,ပြေးကြည့်ရတာ။

အခုတော့ ညရောက်ပြီ။ နေ့ခင်းတာဝန်ကျဆရာမနဲ့ ညတာဝန်ကျဆရာမတို့တောင် `ဟယ်မိုးကျော်က ရှိသေးတာလား´ လို့ တစ်ယောက်က မချိုမချဉ်မျက်နှာနဲ့ နောက်တစ်ယောက်က ငိုချင်သလို မျက်နှာနဲ့ တာဝန်ပြောင်းလိုက်ကြပြီ။ ညဆရာမက `လူတစ်ယောက်သေဖို့ ခက်ခဲပင်ပန်းလိုက်တာနော်´တဲ့။ ရေရွတ်တယ်။ တစ်နေ့လုံးတတောက်တောက်နဲ့ ပြေးနေရပြီး မကြာခင်ကမှ စထိုင်ရတဲ့ဒေါက်တာမက အဲဒီစကားကြားတော့ `ဟုတ်ပ၊ ဘာတွေကိုများ စိတ်စွဲပြီး ဒီလောက်ခံနေရပါလိမ့်´ လို့တွေးမိရော။ ဒါနဲ့ အိပ်ရတော့မယ်မထင်ဘူးလို့ အတွေးရောက်ပြီး ဆရာမကို လှမ်းပြောမိရော။ ဒေါက်တာမက `လူနာကိုကြည့်ရတာ ဒီညတော့ သွားမှာ သေချာသလောက်ပဲ´ လို့ ဆက်တွေးတယ်။ စောစောပဲ သွားမလား၊ နောက်ကျပြီးပဲ သွားမလား နှစ်ခုထဲက တစ်ခုဖြစ်ဖို့ရှိတာပဲ။ ဒါပေမယ့် အခုတောင် ညကိုးနာရီ ထိုးပြီးပြီ ဆိုတော့ အခုချက်ချင်းပဲ ကိစ္စပေါ်ဦး ဟိုလူကို လှမ်းခေါ်ရ၊ ဒီလူကို စကားပြောရ၊ တိုင်ပင်ကြ၊ ဆွေးနွေးကြ ကိစ္စ၀ိစ္စတွေနဲ့ အနည်းဆုံး ဆယ့်တစ်နာရီ ဆယ့်နှစ်နာရီကတော့ ထိုးမယ်။ ဒါတောင် လူနာက ချက်ချင်းသွားဦးမှ။ ဒီပုံစံအတိုင်းဆိုရင် ချက်ချင်းကြီး သွားဖို့ကလည်း မဖြစ်နိုင်သေးဘူး။ အချိန်မရွေး ခေါက်ခနဲဖြစ်နိုင်တဲ့ အခြေအနေပေမယ့် ဒီလူနာကြည့်ရတာတော့  သက်ဆိုး ရှည်ဦးမယ့်ပုံစံ။ တောင်တောင်အီအီ တွေးနေရင်းပဲ လွန်ခဲ့တဲ့ တစ်ပတ်လောက်က မိုးကျော်ရဲ့ ခုတင်မှာ ရောင်းဒ်နေတုန်း သူ့ကိုပြောလိုက်တဲ့ စကားကိုပြန်ကြားတယ်။

`ဆရာမ တကယ်လို့ ကျွန်တော်တစ်ခုခုဖြစ်ရင် သက်တောင့်သက်သာနဲ့သွားနိုင်အောင် ကူညီပေးပါ´တဲ့။

အဲဒီတုန်းကတော့ ဒေါက်တာမက အကယ်ဒမီရ မင်းသမီးအလားပဲ။ `သေစရာလား၊ ဒီလောက်ဆေးတွေ ကုနေတာ´ ဆိုတဲ့ မျက်နှာပေးနဲ့လေ။ `ရှင် သေတော့မယ်လို့ ဘယ်သူကပြောတုံး´ ဆိုတဲ့စကားကို သွက်သွက်ကြီးကို ပြန်ပြောလိုက်တယ်။ ဆေးတွေကုနေရင်ကိုပဲ မသေတော့မဲ့ပုံစံ၊ လူဆိုတာ သေမျိုးဟေ့ ဆိုတာကို လက်သင့်မခံချင်တဲ့ ပုံစံနဲ့လေ။ အမှန်တော့ ပြောနေကျမို့သာ ပါးစပ်ကထွက်သွားတာ သူ့စိတ်ထဲ ပြောလိုက်တဲ့စကား သူကိုယ်တိုင်တောင် မယုံဘူး။  မယုံလည်း ပြောရတာပါပဲ။ `ဟုတ်ကဲ့ပါ၊ ရှင့်အတွက် အသက်သာဆုံးဖြစ်အောင် ကူညီပေးပါမယ်´လို့ ပြန်ပြောလို့လည်းမရ၊ `ဒါက မြန်မာပြည်ရှင့်။ ရှင်တောင်းဆိုတဲ့ ညင်သာစွာ အသက်သေဆုံးအောင် ကူညီပိုင်ခွင့် ဥပဒေက ဒီနိုင်ငံမှာ မရှိသေးဘူး´လို့ ပြန်ပြောလို့လည်းမကောင်း တော့၊ ဒီစကားပဲ ပြောစရာရှိတယ်။

`ကျွန်တော် မခံစားချင်တော့ဘူး´

လူနာကလည်း ယုံပုံမရပါဘူး။ ကွဲထွက်ခါနီးအိုးကို ပုတ်လိုက်ရင် ထွက်လာတဲ့ အက်တက်တက် စကားသံမျိုးနဲ့  ဝေဒနာတွေ မခံစားချင်တော့ကြောင်းကိုပဲ ဒေါက်တာမကို ပြန်ပြောတယ်။ ဒီတောင်ကိုတော့ မကျော်တော့ဘူး၊ မကြာခင် သေရတော့မယ် ဆိုတာ သိနေတဲ့ပုံမျိုးပဲ။ သိနေမှာပေါ့။ ဒေါက်တာမ တွေးတယ်။ လွန်ခဲ့တဲ့ငါးလ လူနာဆေးရုံကို ပထမဦးဆုံးရောက်လာတာနဲ့ အခု အခြေအနေတွေက ဗျိုင်းနဲ့ကျီးရဲ့အမွေးတွေလို တခြားစီဖြစ်ကုန်ပြီ။ အဲဒီတုန်းက လူနာဆိုတာ သူ့ရောဂါက ကင်ဆာမှန်းသိပေမယ့် မျက်လုံးတွေက အရောင်တောက်နေတုံး။ ကင်ဆာဆေးသွင်းမယ်၊ ဓါတ်ကင်မယ်၊ ငါးနှစ်တာနေရဦးမယ့် ကာလမှာ လုပ်ချင်တာတွေလုပ်သွားဦးမယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ရှိတုံး။ အဲဒီနောက်မှ ဆေးရုံမှာ ဆင်းချည်တက်ချည်၊ ကင်ဆာဆေးတွေ သွင်းတော့လည်း တဝေါ့ဝေါ့ထိုးအန်၊ ဓါတ်ကင်နေတဲ့ကြားက အနာက တဖြည်းဖြည်း ကြီးလာ။ လူကလည်း တဖြည်းဖြည်း ဖြူဆုပ်လာလိုက်တာ နောက်ဆုံး စက္ကူဖြူတစ်ချပ်လိုပဲ။ သွေးတွေ တစ်လုံးပြီးတစ်လုံးသွင်းနေရင်းပဲ ကင်ဆာဆိုတာကြီးက ကိုက်စားသွားလိုက်တာ ကိုယ်ခန္ဓာက နေပူမိတဲ့ရေခဲချောင်းလိုကို ရုတ်တရက် ပါးလှပ်သွားတော့တာ။ ငါးလအတွင်းမှာ အကူမပါရင် ဟိုဘက်ဒီဘက်တောင် မလှည့်နိုင်တော့တဲ့ ဘ၀။ ဘတပြန်၊ ကျားတပြန် အပြန်အလှန် လုံးထွေးသတ်ပုတ် ကြတာပေမယ့် နောက်ဆုံးတော့ သေမင်းကနိုင်ခါနီးနေပြီ်ဆိုတာ  နည်းနည်းလေးပဲ စဉ်းစားဦး သိနိုင်ပြီကိုး။ လူနာလည်း ကိုယ့်အခြေအနေကိုယ် မသိဘယ်ရှိပါ့မလဲ။

`အားတင်းထားစမ်းပါဟယ်´ ဒေါက်တာမ ပြန်ပြောလိုက်တယ်။ ပြန်သာပြောရပေမယ့် သူသာ လူနာနေရာမှာဆိုရင် လည်း ဒီလိုဖြစ်မှာပဲလို့ ဒေါက်တာမတွေးတယ်။ လူနာကို ဖျတ်ခနဲ ကြည့်လိုက်တာနဲ့တင် မျှော်လင့်ချက်မဲ့နေတဲ့ မျက်လုံးပြူး ကျယ်ကျယ်၊ ကြည်လောင်လောင်ကို အရင်ဆုံးမြင်ရတယ်။ မျက်တွင်းက ဟောက်ပက်ပက်၊ နားရင်း နားထင်တွေက ကျနေပြီ။ ငေါထွက်နေတဲ့ ပါးရိုး ၊ခေါထွက်နေတဲ့ သွား ၊ မျက်နှာက မျောက်နဲ့ သိပ်တူတယ်။ လက်တွေ ခြေထောက်တွေ ကြည့်တော့ကော ဘာထူးသေးသလဲ။ ပါးလှပ်လှပ် အရေပြားအောက်မှာ အရိုးတစ်ချောင်းချင်းစီက အထင်းသားနဲ့။ ရင်ဘတ်ကလေးတစ်ခုသာ နိမ့်ချည်မြင့် ချည် အသက်ရှူမနေတော့ဘူးဆိုရင် တကယ့်လူသေပဲ။ တကယ့် ကမ္မဌာန်းရုပ်။ ငါးနှစ်ခံနိုင်တယ်ဆိုတဲ့ အခြေအနေက ငါးလအတွင်းမှာပဲ လုံးပါးပါးသွားပြီ။ ဘယ်လိုတွေးတွေး အားတက်စရာမရှိဘူး။ အသက်နှစ်ဆယ့်ငါးနှစ်အရွယ်မှာ သေမင်းက မျက်စောင်းလှမ်းချိတ်နေပြီ။ ဒါပေမဲ့ ဒါမပြော ဘာပြန်ပြောရမလဲ။ နောက်ဆုံး ဒေါက်တာမတစ်ယောက် လုပ်စရာရှိတာ မြန်မြန် သွက်သွက် လုပ်ပြီး လူနာနားကနေ ထွက်ပြေးခဲ့ရတယ်။ သေခါနီးနေတဲ့ သူအတွက် သူ့မှာ ပြောစရာစကားမရှိတော့ဘူးလေ။ ဖြစ်နိုင်ရင် ဟန်ဆောင်ပန်ဆောင်လည်း မပြောချင်တော့ဘူးလေ။ `မအားဘူး၊ အလုပ်လုပ်ဦးမယ်´လို့စကားစဖြတ်ပြီး ပြေးလာတဲ့ သူ့ကျောကို လူနာငေးပြီး ကြည့်နေမှာ သိသားပဲ။ သနားပေမဲ့ မတတ်နိုင်ဘူး။

ကဲ ထိုင်တာဖြင့် ဖင်မပူသေးဘူး၊ ဟိုတွေးဒီတွေးနဲ့ပဲ ဆယ်နာရီက ထိုးပြန်ပြီ။ ဒေါက်တာမ ဟူးခနဲသက်ပြင်းချ၊ သူ့ရှေ့စာရေးခုံပေါ်က နားကျပ် ကိုကောက်ပြီး ထတယ်။ သူ ယိုင်တိယိုင်တိုင်နဲ့ လူနာဘေးဝင်သွားတော့ ၀ိုင်းအုံနေတဲ့ လူအုပ်ကြီးက ရှဲပေးတယ်။ ခေါင်းရင်းမှာ သားရဲ့နဖူးကိုပွတ်ပြီး ထိုင်နေတဲ့ လူနာ့အမေရဲ့ ပါးစပ်က လှုပ်တုတ် လှုပ်တုတ်နဲ့။ တရားစာ ရွတ်နေတယ် ထင်ပါရဲ့။ ဒေါက်တာမလည်း လူနာကိုသွေးပေါင်ချိန်၊ နားကျပ်လေးနဲ့ ဟိုထောက်၊ဒီထောက်ပေါ့။ ဟန်ပြပါပဲ။ ဒီလောက်တောင် သေချာနေမှတော့ ဘာလုပ်လို့ ရဦးမှာလဲ။ လူနာရှင် စိတ်ကျေနပ်အောင်သာ ဒေါက်တာမခမျာ ထ,ထပြီး ကြည့်နေရတာ။ ဟိုစမ်း၊ ဒီစမ်းလို့ပြီးတော့ ဒေါက်တာမ ဘာပြောရမှန်းမသိတာနဲ့ ခေါင်းကိုပဲ ယမ်းပြရပြန်တယ်။ ဒီတော့ ခေါင်းရင်က လူနာ့အမေကတော့ အိခနဲ တစ်ချက်ရှိုက် ပြီးငိုပြန်ရော။

`ဆရာမ မိုးကျော်မျက်လုံးဖွင့်ကြည့်တယ်´တဲ့။ မိုက်ခနဲ အိပ်ပျော်သလိုဖြစ်သွားတဲ့ ဒေါက်တာမ နားထဲ အသံတိုးတိုးလေး ကြားတော့ အိပ်မက်များ မက်သလားပေါ့။ စူးခနဲ မျက်လုံးထဲဝင်လာတဲ့ လျှပ်စစ်မီးအလင်း၊ ဘေးမှာ စိတ်လှုပ်ရှားသလိုရပ်နေတဲ့ လူနာ့အမေ၊ ဒီနှစ်ခုနဲ့တင် အိပ်မက်မဟုတ်မှန်း သေချာနေတော့ ကပျာသီသုတ် ထကြည့်ရတယ်။ ဟုတ်တယ်၊ မိုးကျော်ရယ် မျက်လုံးကလေးပွင့်လို့။ ပြူးကြောင်ကြောင် မျက်လုံးတွေက မြင်ရရဲ့လားတော့မသိဘူး။ မသေချင်သေးဘူး၊ သူ့ကို ကယ်ကြပါလို့ ပြောနေသလိုပဲ။ ဟုတ်ချင်မှလည်း ဟုတ်မယ်။ ဟိုတစ်ခါက  ပြောဖူးတဲ့ သူ့ကို ညင်သာစွာ အသက်ထွက်အောင် လုပ်ပေးဖို့ တောင်းဆိုအသနား ခံနေတာလည်း ဖြစ်ချင်ဖြစ်နိုင်တာပဲ။  အမှန် လူနာက သူ့မျက်စိကိုဖွင့်ကြည့်တာ ခဏလေးပဲ။ ဘေးက လူနာစောင့်လူအုပ်ကြီးနဲ့  ဒေါက်တာမတို့မှာသာ ငြိမ်နေတဲ့ရေကန်ထဲ ခဲလုံးပစ်ကျသလို ဖြစ်နေတာ။ ဒေါက်တာမအတွက်ကတော့ ခေါင်းကြိမ်းစရာပေါ့။

`မိုးကျော် ၊ မိုးကျော် ဘယ်လိုနေသေးသလဲ။ သက်သာသလား´ လူနာကို မေးပေမယ့် ပိတ်သွားတဲ့ မျက်လုံးတွေ က ပြန်ပွင့်မလာပါဘူး။ ဒေါက်တာမ လူနာရင်ဘတ်ကို ထောက်ပြီးနားထောင်ရတယ်။ သွေးပေါင်တကျိကျိ ချိန်ရတယ်။ ပြီးတော့ သူနာပြုကို `သွေးအချိုဓါတ် ဖောက်ပေးပါဦး´လို့ လှမ်းအော်ရတယ်။ အဲဒီနောက် ကင်ဆာရဲ့ ဒဏ်တွေကြောင့် ကိုယ်ခံအားမရှိတဲ့ လူနာကို ပိုးဝင်ပြီး သွေးဆိပ်ပျံ့တဲ့အကြောင်း ထပ်ရှင်းရပြန်ရော။ ကုလို့ရသမျှ ဆေးတွေကုထားတဲ့အကြောင်းလည်း မကြာမကြာ ထည့်ပြောရတာပေါ့။ လူနာ့အမေက ဒေါက်တာရဲ့လက်ကို ဆွဲဆွဲပြီး `တတ်နိုင်သမျှ ကြိုးစားပေးပါဆရာမရယ်´လို့ ငိုတယ်။ ဒေါက်တာမ လူနာ့အမေငိုသံကိုနားထောင်နေရင်းပဲ အသက်ရှူတွေ ကြပ်လာတယ်။ `တတ်နိုင်သမျှ လုပ်ပေးနေတာပဲ´ လို့ ပြန်ပြောလိုက်ပေမယ့် အသံက မထွက်ချင် ထွက်ချင်ပဲ။ နောက်ဆုံး လူနာကို ကြည့်ပြီး `အသက်ပြင်းလိုက်တာ´လို့ တွေးမိပြန်ရော။

ဟိုက်ခနဲ ဟူးခနဲ တစ်ချက်တစ်ချက် ရှိုက်ပြီး အသက်ရှူနေတဲ့ လူနာကို ကြည့်ရတာ လဟာပြင်မှာ ထွန်းထားတဲ့ ဖယောင်း မီးတောက်ကလေးနဲ့ သိပ်တူတယ်။ လေတစ်ချက်အဝှေ့မှာ ပျောက်သွားပြီလို့ ထင်နေတုန်း ၀ုတ်ခနဲ ပြန်ပြီးတောက်လာသလိုပဲ။ အသံတွေ တခွီးခီင်္ွးမြည်ပြီး ချိုင့်ဝင်သွားအောင် အသက်ရှူနေရတဲ့ ရင်ဘတ်က ပြန်မလှုပ်တော့မယ့်ပုံ ငြိမ်သက်သွားတယ်။ ဒါပေမယ့် ခနလောက်ဆိုရင်ပဲ အင့်ခနဲ ပြန်ထိုးတက်လာပြီး ရင်ဘတ်ကြီးချိုင့်တဲ့အထိ အသက်ရှူပြန်ရော။ တကယ့်ကို ပင်ပန်းဆင်းရဲခြင်းပဲ။

`သက်တောင့်သက်သာသာ သွားလိုက်ပါတော့´ လို့ ဒေါက်တာမစိတ်ထဲကနေ ပြောမိတယ်။ အမှန်က လူနာရဲ့အနားကို ကပ်ပြီး ခပ်ကျယ်ကျယ် ပြောလိုက်ချင်တာ။ ဒါပေမယ့် ဒါက မလုပ်သင့်ဘူး။ အခုလိုတွေးနေတာတောင် လွန်လှပြီ။ အခုနေ သူ့စိတ်ထဲက အတွေးတွေကိုသာ တခြားတစ်ယောက် ကြားရင်လည်း ဘယ်သူမှ `စေတနာပါအေ´လို့ လက်ခံနိုင်လိမ့်မယ် မထင်ဘူး။  `ဘုရားရေ ဘယ်လို ဆရာဝန်မလဲ´လို့ ဒေါက်တာမကို ရှုံ့ချတဲ့အကြည့်နဲ့ ၀ိုင်းကြည့်ကြမလားပဲ။ ဒါမှမဟုတ် အကြင်နာတရား ကင်းမဲ့လိုက်တာ၊ နှလုံးသား မရှိလိုက်တာ၊ ဘုရားစူး ဆရာဝန်မတဲ့တော်၊ လူနာကို သေခိုင်းနေသတဲ့ ဆိုတဲ့ မျက်လုံးတွေနဲ့ အံ့သြဘနန်း ၀ိုင်းကြည့်ကြမှာ။ အဲဒီအခါကျရင်`ကျွန်မ သားကို ကယ်ပါဦးဆရာမရယ်´ လို့ ငိုမဲ့မဲ့ဖြစ်နေတဲ့ လူနာ့အမေကြီးက သူ့ကို အမုန်းဆုံးဖြစ်မယ်ထင်တာပဲ။

`ဆရာမ ဟိုက်ဒရိုကော်တီဇုံးလေး ငါးဆယ်လောက် ထပ်ထိုးပေးပါဦး´

သူနာပြုကို လှမ်းပြောလိုက်ပေမယ့် ဆေးထိုးလည်း ပြန်ကောင်းလာလိမ့်မယ်လို့ ဒေါက်တာမ မထင်ပါဘူး။ အမှန်ပြောရရင် ဆေးလည်း ထပ်ပြီး မထိုးချင်တော့ဘူး။ သိကြားမင်း ဆင်းကုရင်တောင် ဒီရောဂါနဲ့ အထမမြှောက်နိုင်တော့တာ သေချာနေတာပဲ။ ဒါပေမဲ့ ဆေးကတော့ ထိုးရမယ်။ ဒေါက်တာမရဲ့ အတွေအကြုံအရ သားလူနာကို ထိုးလိုက်တဲ့ ဆေးအာနိသင်က နောက်ဆုံးဆိုတဲ့ အချိန်တွေမှာ လူနာ့အမေဆီမှာ လာပြလိမ့်မယ်။ လူနာ အသက်မရှိတော့ဘူးဆိုတာနဲ့ `ကျွန်မတို့လည်း အသက်ကယ်ဆေးတွေ ထိုးတာပါပဲ။ ကုစရာရှိတဲ့ ဆေးတွေ ကုတာပါပဲ။ ထိုးစရာရှိတာ အကုန်ထိုးတာပါပဲ။ ဒါပေမယ့် အဒေါ်ရယ်။´လို့ ဒေါက်တာမက စိတ်မသက်မသာစွာနဲ့ပြောရမယ်။ ဒါမှ သားသေလို့ဝမ်းနည်းနေတဲ့ အဒေါ်ကြီးခမျာ `ဆေးတော့ ထိုးလိုက်ရ ကုလိုက်ရသေးတာ´လို့ ဖြေသာနိုင်မှာ။ နောက်တစ်နည်းနဲ့ ပြောရမယ်ဆိုရင် `ဒေါက်တာမ လာပြီးမကြည့်လို့၊ ဒေါက်တာမ ဆေးမထိုးပေးလို့ သေရတာ´လို့ ဒေါသမထွက်မှာ။

`အဒေါ့်ကို ကျွန်မ ရှင်းပြထားပါတယ်။ လူနာအခြေအနေက စိုးရိမ်ရတယ်ဆိုတာထက် လွန်နေပြီ။ ကျွန်မ အခုဆေးထိုး ပေးလိုက်ပြီ။ နောက်ထပ် ထိုးစရာဆေးကလည်း မတတ်နိုင်တော့ဘူး။ ဆေးတွေပဲထပ်ခါထပ်ခါ ထိုးသင့်တာထက် ပိုထိုးနေရင်လည်း ကောင်းကျိုးထက် ဆိုးကျိုးပဲဖြစ်မှာ။ အခု အဒေါ်တို့ လူနာအနားမှာ တရားခွေဖွင့်ပေးထားပါ´

လူနာရှင်အုပ်စုကို လေပစ်နေရင်းပဲ သူပေးတဲ့ အကြံကို `နားညီးလိုက်တာ´ဆိုပြီး လူနာ စိတ်မဆိုး လောက်ကောင်းလို့ ဒေါက်တာမ တွေးမိတယ်။  နားညီးကာမှ ညီးရောပဲ။ ဒါကလည်း လူနာအတွက် မဟုတ်ရင်တောင်မှ လူနာစောင့်တွေအတွက်တော့ စိတ်သက်သာရစေမယ့် နည်းလမ်းတစ်ခုဆိုတော့ မတတ်နိုင်ဘူး။ အခုက လူနာထက် လူနာစောင့်တွေကို ကုရမယ့်အချိန် ရောက်နေပြီ။ ပြောစရာရှိတာတွေ ပြောပြီးလို့ ဖျတ်ခနဲပြန်အလှည့် လူနာရဲ့ မျက်လုံးထောင့်စွန်းမှာ စီးကျနေတဲ့ မျက်ရည်စီးကြောင်း ကို ဒေါက်တာမ သတိထားမိတယ်။ ဆေးရုံ စတက်ကတည်းက လူရှေ့မျက်ရည်မကျခဲ့တဲ့မိုးကျော် နောက်ဆုံးတော့ ငိုရှာပြီ။

`အစ်မ မိုးကျော်အသက်မရှိတော့ဘူးထင်တယ်´တဲ့။ တိုးတိုးလေးလာပြောတဲ့ သူနာပြုရဲ့စကားမဆုံးခင်ပဲ ဒေါက်တာမ ထိုင်နေတဲ့ဆီကနေ လူနာနေရာကို ၀ရုန်းသုန်းကား ထပြေးတယ်။ `ကျွန်မသားလေးကို ကယ်ပါဦး´တဲ့။ လူနာ့အမေကြီးက ငိုသံကြီးနဲ့ ခြေမကိုင်မိ လက်မကိုင်မိ ပုံစံဖြစ်နေတယ်။ ဒေါက်တာမက ရင်ဘတ်ကို နားကြပ်လေး တစ်ချက်ထောက်၊ မျက်လုံးလေး ဖြဲကြည့်တာနဲ့တင် သိပြီ။ လူနာ အသက်မရှိတော့ဘူး။ ဘယ်အချိန်က သေသွားပါလိမ့်။ တွေးရင်း ဖျတ်ခနဲ ဘေး ပတ်ပတ်လည်ကို ဝေ့ကြည့်တော့ မျှော်လင့်ချက် မကုန်သေးတဲ့ မျက်လုံးတွေက ၀ိုင်းလို့။ အဲဒီနောက် ဒေါက်တာမ လူနာ့ရင်ဘတ်ကို တစ်ချက်ချင်း စဖိတယ်။ `အင်းဗျူးဘက် ယူခဲ့´လို့လည်း ပါးစပ်ကအော်တယ်။ `အယ်ဒရီနယ်လင်း ထိုးဆရာမ´လို့လည်း အော်တယ်။ သူနာပြုက `ထိုးဦးမှာလား၊ ထူးမှ မထူးတာ´ဆိုတဲ့ ပုံစံ မျက်လုံးပြူးနဲ့ပြန်ကြည့်ပေမယ့် ကပျာကယာ ဆေးစုပ်ရှာတာကို မြင်ရတော့ `မဆိုးဘူး၊ ဒီဆရာမ အကင်းပါးသား´လို့ ဒေါက်တာမ တွေးမိသေးတယ်။  ညှစ်ဟယ်၊ ဖိဟယ် အလုပ်တွေ ဇယ်ဆက်သလို လုပ်နေပေမဲ့ ဒေါက်တာမ မျက်လုံးတွေက မငြိမ်ဘူး။ ဖျတ်ခနဲ ဘေးက ၀ိုင်းကြည့်နေတဲ့ လူနာစောင့်တွေကို အကဲခတ်နေတယ်။ အတွေးတွေကလည်း မငြိမ်ဘူး။ သူ့စိတ်နဲ့ သူ့သဘောအရသာ ဆိုရင် သူနာပြု သဘောလိုပဲ ဖိတာ၊ နှိပ်တာ၊ ဆေးထိုးတာတွေ မလုပ်ချင်တော့ဘူးလို့လည်း တွေးရဲ့။ဒီအချိန် သူ လုပ်လက်စတွေကို ရပ်ပြီး လူနာ ဆုံးပြီလို့ ပြောလိုက်လို့ အဆင်ပြေလောက်ပြ်ီလား၊ လူနာရှင်တွေ အနေနဲ့ ဒေါသတွေ၊ မောဟတွေ မဖြစ်ပဲ ဒီသတင်းစကားကို လက်ခံနိုင်တဲ့ပုံ ပေါ်ပြီလား စသဖြင့် တွေးနေတာ။ လူနာရှင်တွေ စိတ်ကျေနပ်အောင်သာ ဖိပြနေရပေမဲ့ လူနာပြန်ပြီး အသက်မရှင်လာနိုင်တာ သိနေလို့ထင်ပါရဲ့၊ ဒေါက်တာမခမျာ အခါတိုင်းထက် ပိုမောသလိုပဲ။

အခုတော့ အားလုံးပြီးပြီ။ အလောင်းသယ်မယ့် တွန်းလှည်းက အသံတဂျိန်းဂျိန်းနဲ့ လာနေပြီ။ လူနာရှင်တွေကလည်း တအီအီငိုရင်း ပစ္စည်းတွေ သိမ်းနေကြပြီ။ ခဏလောက်ဆိုရင် အားလုံး ရှင်းသွားတော့မှာပဲ။ ရှင်းလည်း ရှင်းသင့်ပါပြီ။ အခုပဲ အချိန်က သုံးနာရီမတ်တင်း ရှိနေပြီ။ ရေးစရာရှိတာ ခပ်သွက်သွက် ရေးနေခြစ်နေရင်းပဲ `အိပ်ရတော့မယ်၊ မအိပ်ခင် တစ်ခုခု အဆာပြေလေး စားရရင်ကောင်းသား´လို့ ဒေါက်တာမတွေးတယ်။ လူနာကို ဖိလိုက်နှိပ်လိုက်ရတာနဲ့ ချွေးတွေထွက်ပြီး ဗိုက်ထဲ ဟာနေသလိုပဲ။ ဒါနဲ့ `ဆရာမ ဘာစားစရာရှိလဲ´ လို့မေးလိုက်တော့ ဆရာမက `ခေါက်ဆွဲခြောက်ထုပ် ရှိတယ်၊ ရေနွေးလည်းရှိတယ်´လို့ပြန်ဖြေတယ်။  အမယ်လေး ပျော်လိုက်တာဟဲ့၊ ဒေါက်တာမ ခပ်တိုးတိုးရေရွတ်တယ်။ အကျယ်ကြီးလဲ မပြောရဲဘူး။ အရှေ့မှာ လူနာရှင်တွေက ငိုနေကြတုန်း။

***       
ရေအေး
ရွှေအမြုတေမဂ္ဂဇင်း မေလ ၂၀၁၆

No comments:

Post a Comment