ခရမ်းချဉ်သီးများ - နေ(ပင်လယ်ပြာ)
* * *
မောင်ငယ်လေးသည် သစ်ရွက်တစ်ရွက် ဖြစ်ခဲ့လျှင် ကြွေကျချိန် တစ်ခုတော့ ရှိပါလိမ့်မည်။ အစ်ကိုနှင့် အစ်မတို့သည် မောင်ငယ်သစ်ရွက်လေးကို ပျိုမျစ်သော သစ်ပင်အကိုင်းထက်မှာပင် ထာဝစဉ် စိမ်းလန်းနေစေလိုပါသည်။ သစ်ရွက်ကလေး စိမ်းလန်းနေရန်အတွက် ဖြစ်မြဲ ပျက်မြဲ လောကတရားကို ဆန့်ကျင်တိုက်ခိုက်ရန် လိုအပ်လာလျှင်လည်း အချိန်ဆိုင်းနေကြမည် မဟုတ်။ အကယ်၍ ရှောင်လွှဲမရသော လောကဓံကြောင့် သစ်ရွက်ကလေး ကြွေကျခဲ့သည်ရှိသော် စိုစွတ်ညစ်ညမ်းသော မြေသားနံရံများဆီသို့ မကျဆင်းစေလိုပါပေ။ အစ်ကိုနှင့် အစ်မတို့သည် ချစ်ခြင်းတရားကြောင့် ခုန်မြဲဖြစ်သော သူတို့နှလုံးအိမ်အတွင်းသို့သာ သစ်ရွက်ကလေးကို ကြွေကျစေလိုပါသည်။ သူတို့သည် သူတို့၏ ရင်နှစ်လွှာကို ထက်ခြမ်းခွဲကာ လေထဲ ဝေ့၀ဲကျလာမည့် သစ်ရွက်ကလေးကို ခံယူချင်ပါသည်။ ထို့နောက် ရင်နှစ်လွှာကို စေ့ပိတ်ပြီး သစ်ရွက်ကလေးကို နှလုံးအိမ်အတွင်း၌ ထာဝရ သိမ်းဆည်းထားလိုပါသည်။
ထိုယုံကြည်ခြင်းကြောင့်ပင် အစ်ကိုနှင့် အစ်မတို့သည် “ မောင်ငယ်လေးရေ ” ဟု နှုတ်မှ တဖွဖွ ရွတ်ကာ အသက်ဆက်ခဲ့ကြသည်။ ငယ်ငယ်ဘ၀ အစောပိုင်းနေ့များကဲ့သို့ပင် သူတို့ရင်ခွင်၌ မောင်ငယ်သစ်ရွက်လေး ပြန်လည်ခိုတွယ်နေလိမ့်မည်ဟု အထင်ရှိခဲ့ကြသည်။ အစ်ကိုနှင့် အစ်မတို့သည် တီတာအသံတို့ပြုတတ်မြဲ ဖြစ်သော မောင်ငယ်လေးကို သူတို့ရင်ခွင်ထဲသို့ ထွေးပွေ့ကာ တစ်လှည့်စီ တေးဆိုခဲ့ကြဖူးပါသည်။
မွေးဖွားစကာလများကပင် ပိန်လှီသေးသွယ်သော ခြေချောင်းငယ်လေးများကိုကြည့်ကာ စိုးရိမ်ပူပန်ခဲ့ရသည်။ အစ်ကိုနှင့် အစ်မတို့သည် မောင်ငယ်လေး၏ သေးသွယ်အားနည်းသော ခြေချောင်းငယ်လေးများကို သူတို့ပါးစပ်အတွင်းထည့်ကာ သန်မာပြည့်ဖြိုးစေရန် တိတ်တဆိတ် ဆုတောင်းခဲ့ကြသည်။
သို့သော် မောင်ငယ်လေးသည် ကလေးတို့ လမ်းလျှောက်တတ်သည့်အရွယ်တွင် လမ်းမလျှောက်နိုင်ခဲ့။ သူ့ခြေထောက်တို့သည် သေးသွယ်အားနည်းခဲ့သည်။ အစ်ကိုနှင့် အစ်မတို့သည် မောင်ငယ်လေး၏ ခြေချောင်းငယ်များကို တဖွဖွ ဆုပ်ကိုင်ရင်း ပူပန်စိတ်ဖြင့် ရူးမတတ် ဖြစ်ခဲ့ရသည်။
တဖြည်းဖြည်း တီတာအသံတို့ ပြုတတ်ရင်းမှ နာမည်မထင်မရှားေ၀၀ါးအသံထွက်နိုင်သောအခါ အစ်ကိုနှင့် အစ်မတို့သည် ပျော်ရွှင်ကြည်နူးရသည်။ အဖေ၊ အမေတို့ ရုတ်တရက် ဆုံးပါးသွားသည့်အခါ အစ်ကိုနှင့် အစ်မတို့သည် မောင်ငယ်လေးကို နှစ်ဆတိုးသောမေတ္တာဖြင့် ချစ်မြတ်နိုးခဲ့ကြပါသည်။ သူတို့သည် သူတို့ ရင်ဘတ်များကို တဖွဖွရိုက်ရင်း “ အစ်ကို ” ၊ “ အစ်မ ” ဟု ခေါ်တတ်စေရန် သင်ပေးခဲ့ကြသည်။
အချိန်အတော်ကြာသည်အထိ မောင်ငယ်လေး၏ နှုတ်မှ “ အစ်ကို ” ၊ “ အစ်မ ” ဟု မခေါ်နိုင်ခဲ့သောအခါ သူတို့မှာ တိတ်တဆိတ် ၀မ်းနည်းခဲ့ရသည်။ မထင်ရှားသော တစ်နေ့မှာပင် မောင်ငယ်လေးသည် ရုတ်တရက် “ အစ်ကို ” ၊ “ အစ်မ ” ဟု အော်ခေါ်တတ်ခဲ့သည်။ အစ်ကိုနှင့် အစ်မတို့သည် မောင်ငယ်လေးကို မိုးအမြင့်ထိရောက်အောင် မြှောက်တင်ချီပိုးချင်စိတ်ဖြင့် ရူးသွပ်ပျော်ရွှင်ခဲ့ကြသည်။
ငယ်ငယ်ဘ၀ ထိုနေ့ရက်များတွင် မောင်ငယ်လေးသည် မြေကြီးကြမ်းပြင်ပေါ်၌ ခြေအစုံကို ကြာရှည်မရပ်နိုင်သော သနားစရာ ကလေးတစ်ယောက် ဖြစ်ခဲ့ပါသည်။ အစ်ကိုနှင့် အစ်မတို့သည် မောင်ငယ်လေး ခြေလှမ်းတစ်လှမ်း လှမ်းနိုင်လျှင်ပင် အနီးအပါး၌ အော်ဟစ်အားပေး၍ လက်ခုပ်တီးခဲ့ကြသည်။ မောင်ငယ်လေး၏ အစ်ကိုသည် သူ့ခြေထောက်တို့ကို ဖြတ်ပစ်ကာ မောင်ငယ်လေးထံ၌ တပ်ဆင်ပေးလိုစိတ်ဖြင့် မချိတင်ကဲ ဖြစ်ခဲ့ရသည်။
သူတို့သည် ဘုရားရှေ့တွင် သဲပုံ ပုံကာ ထိုသဲပုံပေါ်တွင် မောင်ငယ်လေး၏ ခြေအစုံကိုနှစ်၍ သန်မာပြည့်ဖြိုးစေရန် သစ္စာဆိုခဲ့ကြသည်။ သဲပုံပေါ်တွင် မောင်ငယ်လေး ငိုကြွေးသောအခါ သူတို့မှာ နှလုံးကြေကွဲမတတ် ၀မ်းနည်းခဲ့ကြသည်။ အစ်ကိုနှင့် အစ်မတို့သည် နေ့ပေါင်းများစွာပင် ဘုရား၌ ဒူးထောက်သစ္စာဆိုရင် မောင်ငယ်လေး သဲပုံပေါ်မှာ ကိုယ်တိုင်ရုန်းထွက်၍ လမ်းလျှောက်လာနိုင်မည့်နေ့ကို စောင့်မျှော်ခဲ့ကြပါသည်။ နောက်ဆုံးတွင် မောင်ငယ်လေးသည် သဲပုံပေါ်မှ ရုန်းထွက်နိုင်ခဲ့သည်။ အစ်ကိုနှင့် အစ်မတို့သည် သူတို့၏ သစ္စာကြောင့်သာ မောင်ငယ်လေး၏ ခြေထောက်များ သန်မာပြည့်ဖြိုးလာသည်ဟု ယုံကြည်ခဲ့ကြပါသည်။
တစ်ခါတစ်ရံ အချိန်များတွင် အစ်ကိုနှင့် အစ်မတို့သည် မောင်ငယ်လေးကို လမ်းမလျှောက်တတ်သော ကလေးတစ်ယောက်သာ အမြဲ ဖြစ်လိုက်ပါတော့ဟု တွေးမိပြန်ပါသည်။ အစ်ကိုနှင့် အစ်မတို့သည် မောင်ငယ်လေးကို အရွယ်မကြီးရင့်သော စိမ်းနုရွက်ပေါက်ကလေး တစ်ရွက်အဖြစ်သာ အမြဲ ဖြစ်စေချင်ခဲ့ပါသည်။ အမြဲပျော်ရွှင် ရယ်မောတတ်သော၊ ယုံကြည်ရာ အမှန်မရှိသော ကလေးတစ်ယောက်သာ ဖြစ်စေချင်ခဲ့သည်။ သို့သော် နုသော သစ်ရွက်သည် အကြောတစိမ်းစိမ်းဖြစ်လျက် လေတိုးသံကို လှုပ်ခါခံစားတတ်ခဲ့သည်။
မောင်ငယ်လေးသည် ခရမ်းချဉ်ခင်းများကြားတွင် ပြေးလွှားကစားရင်းမှ ငြိမ်သက်တွေးတော တတ်လာခဲ့သည်။ လောကနှင့် လူသားတို့၏ ကောင်းခြင်း ဆိုးခြင်းကို နားလည်သဘော ပေါက်လာခဲ့သည်။ နိမ့်သော မြေလွှာတွင် လှံစိုက်တတ်သူတို့ကို ရွံမုန်းတတ်လာခဲ့သည်။
နေ့များစွာတို့တွင် နေရောင်ခြည် ဖြာထိုး၍ သစ်ရွက်ကလေးသည် ကျန်းမာ သန်စွမ်းခဲ့ပါသည်။ အစ်ကိုနှင့် အစ်မတို့သည် ရေကို အမှန်လောင်း၍ မြေဆီသြဇာဓာတ်ကို မပြတ်ပေးခဲ့ကြပါသည်။ တဖြည်းဖြည်းနှင့် လေကိုပင် ကလူကျီစယ်သော၊ အကြောစိမ်းတို့ဖြင့် သန်စွမ်းသော သစ်ရွက်ကလေးကို အရိပ်တကြည့်ကြည့် ဖြစ်ခဲ့ရသည်။
ခရမ်းချဉ်ပင်များကို စွန့်၍ မောင်ငယ်လေး တက္ကသိုလ်ဆီသို့ ထွက်ခွာသော တစ်နေ့တွင် အစ်ကိုနှင့် အစ်မတို့သည် စည်းရိုးဝါးတိုင် ကလေးများကို တစ်ဖက်စီ ကိုင်ရင်း ငိုကြွေးခဲ့ကြရသည်။ တောက်သော နေရောင်အောက်တွင် ထွက်ခွာသွားသော မောင်ငယ်လေး၏ ကျောပြင်ကို မျက်စိတစ်ဆုံး ကြည့်ရင်း အပြန်အလှန် နှစ်သိမ့်အားပေးခဲ့ကြသည်။ အစ်ကိုနှင့် အစ်မတို့သည် မောင်ငယ်လေးကို သတိရတိုင်း ခရမ်းချဉ်ပင်များကို တိုး၍ စိုက်ပျိုးခဲ့ကြပါသည်။
လောကအလယ်တွင် သစ်ရွက်ကလေးသည် လှုပ်ခတ်ရင်းဖြင့် ရှင်သန်ခဲ့ပါသည်။ မောင်ငယ်လေးသည် ဂီတာနှင့် သီချင်း၊ လက်ရေးပန်းချီစာအုပ်များဖြင့် သူ့ဘ၀၏ အလှဆုံးအချိန်များကို ပျော်ရွှင်ဖြတ်သန်းခဲ့ပါသည်။ သို့သော် လေမုန်တိုင်း တိုက်ခတ်ရာ သစ်ခက်ကိုင်းတို့လည်း လှုပ်ခတ်ခဲ့ရသည်။ မုန်တိုင်းကြောင့် ပန်းတို့ ကြွေမွ၍ အပင်ရိပ်တို့ တေးဆိတ်ခဲ့ရသည်။
အစ်ကိုနှင့် အစ်မတို့သည် မုန်တိုင်းတွင် သစ်ရွက်ကလေး လှုပ်ခတ်လွင့်ပါမည်ကို စိတ်ပူပန်ခဲ့ကြသည်။ လေပြင်းများကြားတွင် သစ်ရွက်ကလေးကို သူတို့ရင်ခွင်၌သာ အုပ်မိုး၍ ကာကွယ်ချင်ခဲ့ပါသည်။ သူတို့သည် မောင်ငယ်လေး ပြန်အလာကို စောင့်မျှော်ခဲ့ကြသည်။ စိမ်းဖန့်ဖန့် စည်းရိုးဝါးတန်းများနံဘေးမှ ဖြတ်ပြေး၍ “ အစ်ကို ” ၊ “ အစ်မ ” ဟု အော်ခေါ် ပြန်ပြေးလာမည်ဟု ထင်မှတ်ခဲ့ကြသည်။
ထိုနှစ်၏ နေ့ရက်များတွင် မောင်ငယ်လေးသည် အစ်ကိုနှင့် အစ်မကိုပင် သတိမရနိုင်တော့။ သွေးညှီလွှမ်းသော နေ့များတွင် မောင်ငယ်လေးသည် လမ်းမထက်၌ လက်သီးကျစ်ကျစ်ဆုပ်၍ အော်ဟစ်တော်လှန်ခဲ့သည်။ မတရားသောလောကနှင့် အနိုင်ကျင့်စိုးမိုးသူတို့ကို မုန်းတီးရွံရှာခဲ့သည်။ ထိုကာလ နေ့ရက်များတွင် မောင်ငယ်သည် သူ့သူငယ်ချင်းတို့၏ သွေးပေစွန်းသော ရုပ်အလောင်းများကို မြင်ရပြီး နာကျင်ငိုကြွေးခဲ့ရသည်။ အမှန်ကို ချစ်မြတ်နိုးသော သူ့သွေးတို့သည် တော်လှန်စိတ်ဖြင့် ပွက်ဆူလျက် ရှိခဲ့သည်။
နွေရာသီ၏ ညနေစောင်းများတွင် အစ်ကိုနှင့် အစ်မတို့သည် စည်းရိုးဝါးတိုင်ကလေးများကို အသစ်လဲရင်း မောင်ငယ်လေး ပြန်အလာကို စောင့်မျှော်ခဲ့ကြပါသည်။ မောင်ငယ်လေးသည် သူ နှစ်သက်သော ခရမ်းချဉ်သီးပင်များကို စွန့်ကာ အချိန်အတော်ကြာအောင် နေနိုင်လိမ့်မည်ဟု မထင်မိခဲ့ကြပေ။ ရွက်ခြောက်ကြွေသော နွေတစ်နေ့တွင် မောင်ငယ်လေး ပြန်ရောက်လာလိမ့်မည်ဟု ယုံကြည်ခဲ့ကြသည်။ မြေအဆုံးတိုင်အောင် ကျယ်သော ခရမ်းချဉ်ခင်းများကို မောင်ငယ်လေးနှင့်အတူ စိုက်ပျိုးနိုင်လိမ့်မည်ဟု စိတ်ကူးခဲ့ကြသည်။ မောင်ငယ်လေး၏ အစ်မသည် ခရမ်းချဉ်သီးများကို ခူးဆွတ်တိုင်း ထိုခရမ်းချဉ်သီးများပေါ်တွင် မောင်ငယ်လေး၏ မျက်နှာကိုသာ မြင်ယောင်ပါသည်။ စိမ်းနုဆဲ ခရမ်းချဉ်သီးတစ်လုံးပေးတွင် ပြုံးရယ်နေသော မောင်ငယ်လေး၏ မျက်နှာကို မြင်မိပြီး အစ်မမှာ အတူတူ ပြုံးရယ်မိပါသည်။ နီရဲရဲ ခရမ်းချဉ်သီးများပေါ်တွင် ငိုကြွေးနေသော မောင်ငယ်လေး၏ မျက်နှာများစွာကို မြင်မိပြီး အစ်မသည် စိုးရိမ်ထိတ်လန့်စိတ်ဖြင့် အော်ဟစ်ငိုကြွေးရသည်။
သူတို့သည် မောင်ငယ်လေး တောဆီသို့ ခိုဝင်သည်ကို ကြားသိလျက်ပင် မယုံကြည်ခဲ့ကြပေ။
စိမ်းဖန့်ဖန့် စည်းရိုးဝါးတိုင်ကလေးများ ၀ါကြင် ပျက်စီးလာသည်အထိ မောင်ငယ်လေး ပြန်ရောက်မလာသောအခါ အစ်ကိုနှင့် အစ်မတို့သည် နာကျင်ငိုကြွေးခဲ့ရသည်။ ဆောင်းဦးပေါက် ညများတွင် အစ်ကိုနှင့် အစ်မတို့သည် မောင်ငယ်လေးကို အိပ်မက်မြင်မက်ပြီး ပြန်လည် မအိပ်စက်နိုင်ဘဲဖြစ်ကြရသည်။ မောင်ငယ်လေး၏ အစ်မသည် အိပ်မက်ဆိုးမက်တိုင်း မောင်ငယ်လေး၏ အမည်ကို တကာ ရူးသွပ်သူကဲ့သို့ ငိုကြွေးမြဲ ဖြစ်သည်။ သူ့အာရုံထဲတွင် မောင်ငယ်လေးသည် အေးခဲသော ရေခဲပြင်များကြားတွင် ရောက်ရှိ၍ ရုန်းမထွက်နိုင်တော့ဘဲ သေဆုံးရတော့မည်ဟု ထင်မှတ်ခဲ့သည်။
ထိုကာလ ဆောင်းညများတွင် မောင်ငယ်လေးသည် အမှန်တကယ်ပင် တုန်ယင်ငိုကြွေးနေခဲ့ရပါသည်။ တော်လှန်လိုသော သူ့သွေး၊ သူ့အရိုးများတွင် အေးခဲမတတ် ချမ်းခိုက်တုန်နေခဲ့သည်။ ထရံအကျဲအပေါက်များမှ တိုးဝင်လာသော ဆောင်းလေကြမ်းများကြားတွင် မြေကြီးကိုပင် အိပ်ရာဟု မှတ်ယူ၍ အိပ်စက်ခဲ့ရသည်။ အချိန်များစွာတို့တွင် မောင်ငယ်လေးသည် နေ့နှင့်ညကိုပင် ခွဲခြားနိုင်စွမ်း မရှိတော့။ သူ့ဦးခေါင်းသည် မည်းနက်သော အ၀တ်စဖြင့် တင်းတင်းကျပ်ကျပ် စည်းနှောင်ခြင်း ခံရသည်။
နေမပွင့်သော နေ့ရက်များတွင် မောင်ငယ်လေးသည် သစ်ပင်ပန်းမန်များမှ နှင်းရည်တစ်စက်တစ်စက် ကျသံများကို အားစိုက်နားထောင်ရင်း လောက၏ မတရားမှုများကို အံ့သြတုန်လှုပ်ခဲ့ရသည်။ ညများစွာတို့တွင် မဝေးသောနေရာမှ ဆွဲငင်အော်ဟစ်သံများကို ကြားရင်း ကလေးတစ်ယောက်လိုပင် တုန်ယင်ကြောက်လန့်ခဲ့ရသည်။ တစ်ချိန်က သူနှင့်အတူ ထပ်ခိုးကျဉ်းပေါ်တွင် ခြိုးခြံနေထိုင်ရင်း တော်လှန်စိတ်တို့ ရဲရင့်ခဲ့ကြသော ဘ၀တူသူငယ်ချင်းများ ထာဝရ ပျောက်ဆုံးသွားသည်ကို လက်ချိုးရေတွက်ခဲ့ရသည်။ အနှောင့်ပါ ဓားရိုးကို ခပ်မှန်မှန် ထိုးသွင်းခံရရင်း နာကျင်သေဆုံးသွားသော သူငယ်ချင်း၏ မျက်လုံးများကို ညစဉ်တိုင်းပင် ပြန်မြင်နေခဲ့ရသည်။ သူ ခိုဝင်ခဲ့သော တောတွင် အချင်းချင်း နှိပ်စက်မှုများကို ကိုယ်တိုင် ကြုံတွေ့လျက်ဖြင့် မယုံနိုင် ဖြစ်ခဲ့ရသည်။
မီးနီရဲသော ဓားမြှောင်များ၊ အခိုးအငွေ့များဖြင့် လောင်ကျွမ်းသော ကတ္တရာစေး အစက်များ၊ ပြတ်တောက်ပုပ်သိုးသော လက်ချောင်း၊ ခြေချောင်းများ။ သူကိုယ်တိုင်၏ သွေးစိမ်းရှင်ရှင်များ။
ကြည်သောရေတွင် သွေးအညှီတို့ မျောပါခဲ့သည်။ အမြဲ အေးသော ထိုတော တစ်နေရာတွင် ပန်းပွင့်များလည်း သွေးရနံ့များဖြင့် ပွင့်ခဲ့ရသည်။ လေပြင်းသည် သစ်ရွက်ကို ပျိုမျစ်ဆဲ သစ်ပင်ပေါ်မှ ကြွေကျအောင် လှုပ်ယမ်းခါချသည်။ အကြောစိမ်းစိမ်း သစ်ရွက်ငယ်သည် တဖြည်းဖြည်း နာကျင်ဒဏ်ရာရသည်။ မောင်ငယ်လေးသည် သူ့သွေး၌ တော်လှန်စိတ်တို့ ရဲတောက်နေလျက်နှင့်ပင် ‘ သူလျှို ’ ဟု စွပ်စွဲခံရသည်ကို နှလုံးကြေကွဲမတတ် နာကျင်ခဲ့ရသည်။
အလင်းတို့ မှုန်ဝါးသော ညတစ်ညတွင် မောင်ငယ်လေးသည် သူနှင့် မိတ်ဆွေသူငယ်ချင်းများအား ထားရှိရာ ထောင်ကုန်းဆီမှ တိတ်တဆိတ် ခေါ်ထုတ်ခြင်းခံရသည်။ ထိုညတွင် သူ့လက်တစ်ဖက်ကို ဓားဖြင့် ခုတ်ဖြတ်ခံရသည်။ ဒဏ်ရာကို အစိမ်းချုပ် ချုပ်နေရင်းနှင့်ပင် သူ မသိသော ‘ ကိုယ်ပိုင်နံပါတ် ’ ကိုမေး၍ သူ့ရင်ဝကို အကြိမ်များစွာ ကန်ကြောက်ခဲ့ကြသည်။ သွေးများကြားတွင် သတိမေ့မြော၍ ပြန်လည် နိုးထလာတိုင်း မောင်ငယ်လေးသည် သူ့ကိုယ်သူ တော်လှန်ရေးသမားပါဟု ညည်းထွား ထွက်ဆိုပါသည်။
ထိုကာလများတွင် မောင်ငယ်လေးသည် သူ၏လက်ငုတ်တိုကို ငေးစိုက်ကြည့်ရင်း ရှေးယခင်က နီရဲသော သွေးများပင် အရောင်မှိန်စပြုလာခဲ့သည်။ ဆောင်းလေ တိုးသောတစ်ညတွင် မောင်ငယ်လေးသည် တစ်ခဏ အိပ်ပျော်၍ ခရမ်းချဉ်သီးများကို အိပ်မက်မက်နေစဉ်တွင်ပင် ထောင်ကုန်းဆီမှ ဆွဲထုတ်ခြင်းခံရပြန်သည်။ ထို့နောက် သူ့ခြေဖ၀ါးနှစ်ဖက်သို့ မီးစွဲဓားမြှောင် ထိုးသွင်းခံရသည်။ မောင်ငယ်လေးသည် အသံကျယ်စွာ ဆွဲငင်အော်ဟစ်မိသည်။ ထို့နောက် သူ့ကိုယ်သူ မဖောက်ပြန်သော တော်လှန်ရေးသမားဟု မှတ်ယူရင်းနှင့်ပင် သူလျှိုပါဟု လိမ်ညာဝန်ခံခဲ့သည်။ နာကျင်စိတ်ဖြင့် တဆတ်ဆတ် တုန်ယင်ရင်း သူ့နှုတ်မှ သူလျှိုပါဟု အကြိမ်များစွာ အော်ဟစ်ခဲ့သည်။
ထိုကာလများတွင် မောင်ငယ်လေးသည် သံခြေချင်းတန်းလန်းဖြင့် အိပ်နေရင်းနှင့်ပင် အိပ်မက်တစ်ဝက်မက်နေသူကဲ့သို့ဖြစ်ကာ ကယောင်ကတမ်း ရေရွတ်မြဲဖြစ်သည်။ သူ့ကိုယ်သူပင် အမှန်တကယ် သစ္စာဖောက် သူလျှိုတစ်ယောက်ဟု ထင်မှတ်မှားလာခဲ့သည်။ မောင်ငယ်လေးသည် ညအရောင်တွင် အရိပ်ကို မြင်တိုင်း သူ့ကိုယ်သူ သူလျှိုပါဟု အော်ဟစ်နေတတ်သည်။ ထိုအကြောင်းကြောင့်ပင် သူ့ခန္ဓာနှင့် ဦးခေါင်းကို လုံးရှည်သစ်သားတစ်ချောင်းဖြင့် အကြိမ်များစွာ ထုရိုက်ခံရသည်။
ထိုဒဏ်ရာဖြင့် တစ်ရက်ကြာအောင် သတိမေ့မြော၍ ပြန်လည်နိုးထလာသည့်အခါ မောင်ငယ်လေးသည် ကြောင်တောင် မျက်လုံးများဖြင့် ငေးမောရင်း သူ့နာမည်ကိုပင် အမှတ်မရနိုင် ဖြစ်ရသည်။ မောင်ငယ်လေးသည် သူ့ခန္ဓာမှ ဒဏ်ရာများကိုပင် သတိမရတော့။
အပေါင်းအသင်းများက သူ့ပါးစပ်ထဲသို့ ရေများအစက်ချပေးသည်ကိုပင် ရေတံခွန်၌ ရေများစီးကျနေသည်ဟု ထင်မှတ်မှားခဲ့သည်။ ထို့နောက် ကြည်သောရေ၌ သွေးအညှီတို့ မျောပါလာသည်ဟု မြင်ယောင်မိပြီး သူ့ပါးစပ်ကို တင်းတင်းပိတ်ပစ်ကာ သူ့ခန္ဓာကိုယ်ကို ယမ်းခါလှုပ်ရှားသည်။ သို့သော် တစ်ချက်သာ ယိမ်းထိုးနိုင်၍ မြေကြီးပေါ်တွင် ပြန်လည်ငြိမ်သက်သည်။ ထို့နောက် ကြောင်ငေးသော သူ့မျက်လုံးတို့ကို တဖြည်းဖြည်းပိတ်၍ သူ့အာရုံတွင် သွေးများသာ မြင်ရကြောင်း မပီမသ ရေရွတ်ပြောသည်။
အစောဆုံး ရောက်လာကြသော နေရောင်ခြည်များ၊ သစ်ပင်ပန်းပွင့်များဆီသို့ ဖြန့်ကြက်ပြီး မကြာမီမှာပင် မောင်ငယ်လေးသည် နောက်ဆုံး ထွက်သက်ငင်သည်။ ကွယ်လွန်ခါနီးချိန်တွင် မျက်လုံးမှတ်ထားလျက်ပင်။ သူ့နှုတ်မှ “ ခရမ်းချဉ်သီးတွေ ” ဟု တစ်လုံးစီ ရေရွတ်ပြီး နှုတ်ခမ်းထောင့်စွန်း၌ အပြုံးတစ်ခု ဖြစ်ပေါ်သည်။ နာကျင်ရာမှ ကင်းလွတ်သောအခါ သူ့လိပ်ပြာသည် လှနေလိမ့်မည်ဟု ဘ၀တူ သူငယ်ချင်းများက ယုံကြည်ခဲ့ကြသည်။
သစ်ရွက်ကလေးသည် လေပြင်းကြောင့် ကြွေကျခဲ့လေပြီ။ အဆင်သင့်ခွဲဖွင့်ထားရာ အစ်ကိုနှင့် အစ်မ၏ ရင်ခွင်နှစ်လွှာတွင်းသို့ကား မဟုတ်။ ညစ်ညမ်းသော ရေတို့စီးဆင်းရာ ချောင်းဆီသို့သာ လွင့်ကျသည်။ ရေစီးအလျဉ်တွင် သစ်ရွက်အသေ မြုပ်ချည်ပေါ်ချည် မျောပါသည်ကို ကမ်းပါးစောက်မှ လူများက မြင်သော် အော်ဟစ်ကြသည်။ တချို့က ‘ သူရဲကောင်း တော်လှန်ရေးသမား ’ ဟု ချီးကျူးဂုဏ်ပြု၍ အချို့က ‘ သားကောင်ဖြစ်သွားသော သစ်ရွက်ကလေးတစ်ရွက် ’ ဟု သာ သတ်မှတ်ကြပါသည်။ အစ်ကိုနှင့် အစ်မတို့သည် သစ်ရွက်အသေ ရေ၌မြုပ်ပါသည်ကို သိရပြီးနောက် မယုံနိုင်၍ ခဏကြာအောင် တွေဝေငြိမ်သက်သွားကြသည်။ ထို့နောက် “ ငါ့ညီလေးကို ပြန်ပေး ” ၊ “ ငါ့မောင်လေးကို ပြန်ပေး ” ဟု အော်ဟစ်ငိုကြွေးကာ အသက်၊ ဘ၀ ဆုံးပါးသွားချိန်ထိတိုင်အောင် အပူမီးလောင်ကျွမ်းကြရပါသည်။
* * *
နေ(ပင်လယ်ပြာ)
ရွှေအမြုတေရုပ်စုံမဂ္ဂဇင်း၊ သြဂုတ်၊ ၂၀၁၇
credit -
No comments:
Post a Comment