အဘွားကြီးသုံးယောက်နှင့် ထမင်းစားခြင်း
*****===~~~~~~~===*****
*****===~~~~~~~===*****
#မင်းလူ
အိမ်မှာ ဟင်းကောင်းကောင်း မစားရတာ ကြာပြီ။
ထမင်းဟင်းချက်ပြုတ်သည့် တာဝန်ကို နှစ်ပိုင်းခွဲထားသည်။ တနင်္လာမှ သောကြာအထိ အမေက ချက်ပြီး
စနေ၊ တနင်္ဂနွေနှင့် အခြားရုံးပိတ်ရက်များတွင် လေးမေက ချက်ပါသည်။
မည်သည့်မျက်နှာကိုမှ မထောက်ဘဲ ပြောရမည်ဆိုလျှင် ကျွန်တော်သည် လေးမေ၏ လက်ရာကို
အမေ့လက်ရာထက် ပိုပြီးကြိုက်ပါသည်။ ဤသည်မှာ သဘာဝကျပါသည်။ အကြောင်းကား လေးမေသည်
ကျွန်တော့်ဇနီး ဖြစ်သောကြောင့်ပင်တည်း။

တစ်ခါတလေကျတော့ သူတို့နှစ်ယောက် ပူးပေါင်းဆောင်ရွက်တတ်ကြသည်။ ထိုအခါ
လက်ရာနှစ်ခုပေါင်းပြီး ဘာတွေမှန်းမသိ ဖြစ်သွားတတ်လေသည်။ လေးမေက ပဲငံပြာရည်ကို
အချိုချက်ထားသော ဟင်းကို အမေက ဂေါ်ရင်ဂျီမဆလာ အုပ်မိတာမျိုး။
ကျွန်တော်သည် လူပျိုဘဝတစ်လျှောက်လုံး အမေ့လက်ရာကိုပင် ခုံခုံမင်မင် စားခဲ့ရပါသည်။
သူငယ်ချင်းတွေကလည်း အမေ ဟင်းချက်ကောင်းကြောင်း ပြောခဲ့ဖူးပါသည်။
ခုနောက်ပိုင်းတွင် အမေ့ဟင်းတွေက သိပ်မကောင်းတော့ပါ။ အသက်အရွယ်က ထောက်လာသောကြောင့်
စိတ်ရှည်လက်ရှည် မချက်နိုင်တော့ခြင်း ဖြစ်လိမ့်မည်။ ပြီးတော့ မျက်စိကလည်း မှုန်နေပြီ။
နနွင်းအထည့်များသွားသဖြင့် ဟင်းတစ်အိုးလုံး ဝါထိန်နေတာမျိုးတွေ ကြုံလာရသည်။
နောက်တစ်ခုက ကျွန်တော်တို့အိမ်သည် ဧည့်သည်များတတ်သည်။ ရပ်ဝေးဧည့်သည်တော့ မဟုတ်။
ရပ်ကွက်ထဲကပင် လာကြခြင်းဖြစ်သည်။ အမေက ဈေးသွားဈေးပြန် လမ်းမှာတွေ့သော ဓမ္မမိတ်ဆွေများကို
ထမင်းစားဖိတ်လာလေ့ရှိသည်။ သူတို့ကလည်း ဖိတ်ကြားချက်ကို အမြဲလိုလို လက်ခံပြီး
လာစားလေ့ရှိသည်။ ထို့ကြောင့် ထမင်းဟင်းကို ပိုပိုသာသာ ချက်ထားရသည်။ လူများများ စားလို့ရအောင်
အရည်အချင်းထက် အရေအတွက်ကို ဦးစားပေးရတော့သည်။
လေးမေကား အမှန်တကယ် ဟင်းချက်ကောင်းသူ ဖြစ်ခဲ့ပါသည်။
သမီးရည်းစားဘဝတုန်းက သူတို့အိမ်သို့ သွာသွားလည်ဖူးသည်။ ထိုအခါတွင် သူက
ကိုယ်တိုင်ချက်ပြုတ်ထားသော ထမင်းဟင်းများဖြင့် ကျွေးမွေးဧည့်ခံပါသည်။ တချို့မိန်းကလေးများကို
ဘာတစ်ခုမှ ဟုတ်တိပတ်တိ မချက်တတ်ပါဘဲလျက် အမေတွေ အစ်မတွေ ချက်ထားသည်ကို
ကိုယ်ချက်သလိုလိုလုပ်ပြီး ကျွေးတာမျိုး မဟုတ်ကြောင်း သေချာပါသည်။
သူကိုယ်တိုင်ချက်ကြောင်း ကျွန်တော် သေသေချာချာသိသည်။ သူချက်ပြုတ်နေပြီဆိုလျှင်
ကျွန်တော်ကလည်း ဘေးမှာထိုင်၍ ငရုတ်သီးထောင်းပေးခြင်း၊ ကြက်သွန်နွှာပေးခြင်းတို့ဖြင့်
ကူညီခဲ့သောကြောင့်တည်း။
အိမ်ထောင်ကျပြီးနောက်တွင်မူ သူ့လက်ရာများသည် တစ်စတစ်စ ညံ့၍လာလေတော့သည်။ ထို့ကြောင့်
ကျွန်တော်က “နင် ငါ့အပေါ်မှာ တဖြည်းဖြည်း အချစ်လျော့လာပြီထင်တယ်၊ နင်ချက်တဲ့ ဟင်းတွေက
အရင်လို မကောင်းတော့ဘူး” ဆိုပြီး သမီးရည်းစားဘဝက လက်ရာများအကြောင်းကို တမ်းတမ်းတတ
ပြောမိသည်။
သူကလည်း....
“လက်ရာကောင်းတယ်ဆိုတာ လူကချည်း ကောင်းနေလို့ မပြီးဘူး၊ ပစ္စည်းကလည်း ကောင်းဦးမှ၊
ဟိုတုန်းက သူက တစ်ပတ်မှတစ်ခါလောက် အိမ်ကိုလာလည်တာ မဟုတ်လား၊ ပြီးတော့လည်း
သိတဲ့အတိုင်းပဲလေ၊ သူကောင်ကောင်းစားရဖို့သာ စိတ်ထဲမှာ အဓိကထားတာကိုး၊ အကောင်းစား
ချက်ထားတာပေါ့”

“အေးလေ.. ခုလည်း အဲဒီလို အကောင်းစားချက်ပေါ့”
“အမယ်.. အဲဒီတုန်းက ချက်ပုံချက်နည်းမျိုးနဲ့သာ ချက်ရရင် တစ်နေ့ ဆယ့်ငါးကျပ်နှစ်ဆယ် ကုန်မယ်
သိရဲ့လား၊ အဲဒီလိုသာ စားနေရင် တစ်လတစ်လ ဆယ်ရက်လောက်ပဲ ခံမယ်၊ ကျန်တဲ့ ရက်နှစ်ဆယ်က
ဗိုက်မှောက်နေရမှာ”
“မဟုတ်ဘူးလေ.. နေ့တိုင်းလို့လည်း မဆိုလိုပါဘူး၊ တစ်ခါတလေပေါ့၊ နောက်ပြီး တစ်ရက်ရက်တော့ ငါ့ကို
သမီးရည်းစားလို သဘောထားပြီး ချက်ကျွေးစမ်းပါဦး”
ဟု အသနားခံလိုက်ရသည်။
ဒီနေ့ကား တစ်ခါတလေ ဖြစ်ပေသည်။
အမေသည် ကျွန်တော်တို့ ကြီးတော်ကြီး၏ အလှူသို့ မနေ့ညကတည်းက သွားနေသည်။ အိမ်မှာ
ကျွန်တော်တို့ လင်မယားနှစ်ယောက်တည်း။
ကျွန်တော် အိပ်ရာကနိုးသောအခါ လေးမေ ဈေးသို့ ထွက်သွားနှင့်ပြီ ဖြစ်သည်။ သူပြင်ဆင်ပေးသွားသော
နံပြားနှင့် လက်ဖက်ရည်ကို စားသောက်ပြီးနောက် သတင်းစာတစ်စောင်နှင့် နှပ်နေလိုက်သည်။
အီသီယိုပီးယားမှ ဒုက္ခသည်များအကြောင်း ဖတ်ရင်း လေးမေ ဘာတွေများ ဝယ်လာမလဲဟုလည်း
တွေးလိုက်မိသေး၏။ သူက ဒီနေ့ သမီးရည်းစား ဘဝတုန်းကလို ကောင်းကောင်းလေး ချက်ကျွေးမည်ဟု
ဆိုထားသည် မဟုတ်လား။
သူက ခြင်းတောင်းကလေးဆွဲပြီး တက်လာသောအခါ....
“ဘာရခဲ့သလဲ”
ဟု ဆီးမေးလိုက်၏။
“ရတောင့်ရခဲပဲ ဆရာ.. ပုစွန်ထုပ်ကြီးတွေ ရလာတယ်”
“ဟာ.... ကောင်းတာပေါ့၊ စားချင်နေတာ ကြာပြီ”
သူက ဆက်ပြောသည်။
“ဈေးကလည်း မသေးဘူး၊ လေးဆယ်တဲ့၊ အချိန်ကလည်း စီးလိုက်တာ၊ လေးကောင်ကို
သုံးဆယ်သားတောင် ရှိတယ်၊ အဲဒါ ဆယ့်နှစ်ကျပ်ဖိုးပဲ”
ကျွန်တော်က မကြားချင်ယောင်ဆောင်ပြီး သတင်းစာ ပြန်ဖတ်နေလိုက်သည်။ သူက ဆက်လက်၍....
“ဘူးညွန့်က တစ်ကျပ်ခွဲ၊ ခရမ်းချဉ်သီး အစိတ်သားက နှစ်ကျပ်မတ်တင်း၊ ပုစွန်ခြောက်ရယ်၊ မြေပဲရယ်၊
ဆီနဲ့ပါဆို နှစ်ဆယ်ကျော်ဖိုးပဲ၊ ဒါတောင် ကြက်သွန်တို့၊ ငရုတ်သီးတို့က အိမ်မှာ ရှိပြီးသားမို့လို့”
ကျွန်တော် အရေးမကြီးဟန်ဖြင့် ခေါင်းတစ်ချက်သာ ဆတ်ပြလိုက်သည်။ သူက ထွက်မသွားသေးဘဲ..
“ကဲ.. ဇိမ်ယူမနေနဲ့၊ ထလေ”
“ဘာလဲ”

“ဘာရမလဲ.. သူပဲ ဟိုတုန်းကလို ချက်ကျွေးရမယ်ဆို၊ ဒီလိုဆို သူလည်း ဟိုတုန်းကလို
ဝိုင်းကူညီရမှာပေါ့လို့”
သို့ဖြင့် ကျွန်တော်လည်း သူချက်ပြုတ်နေသည့်နားတွင် တောက်တိုမယ်ရ ကူလုပ်ပေးရပါသည်။
စကားတပြောပြောနှင့် လုပ်ကြကိုင်ကြရာ ဆယ့်တစ်နာရီ ကျော်ကျော်လောက်တငွ်
အားလုံးပြီးစီးသွားလေသည်။
ဗိုက်ကလည်း ဆာလာပြီ။ ခဏတဖြုတ်နားပြီး ရေချိုးကြ၏။ အကြောအခြင်တွေ လျော့ပြီး
လန်းဆန်းသွားသဖြင့် ပို၍ပင် ဆာလာသည်။
ထမင်းပွဲကို ကျကျနန လှလှပပ ပြင်ဆင်ပြီးလေပြီ။ ကြက်သွန်နီ အကွင်းလိုက်အုပ်ထားသော
ပုစွန်ထုပ်ဟင်း၊ ခရမ်းချဉ်သီးသုပ်၊ ဘူးညွန့်ဟင်းချို၊ အညာငါးပိထောင်း။ ထမင်းပွဲကို ကြည့်ပြီး
သွားရည်ယိုလာသည်။
“စားကြစို့”
ဟု သူကပြောသည်။ ထမင်းဝိုင်းမှာ ဝင်ထိုင်မည်အပြုတွင်.....
“ဆရာမကြီး.. ဆရာမကြီး”
ဟု အိမ်ရှေ့ကခေါ်သံ ကြားရ၏။ လေးမေနှင့်ကျွန်တော် တစ်ယောက်မျက်နှာ တစ်ယောက်
ကြည့်လိုက်ကြသည်။ လေးမေက ထသွားပြီး တံခါးဖွင့်သည်။
“အမေလား.. အလှူသွားတယ်၊ သြော်.... ဟုတ်လား၊ လာလေ”
ဆိုသော လေးမေ၏အသံကို ကြားနေရ၏။
အဘွားကြီးသုံးယောက်သည် အိမ်ထဲသို့ တန်းစီပြီး ဝင်လာကြသည်။ ရှေ့ဆုံးက အမေ့ဆီ အညာကုန်တွေ
လာရောင်းနေကျ ဒေါ်မှိန်။ သူ့နောက်မှာ ရပ်ကွက်ထဲက ဒေါ်ပုလေး။ နောက်ဆုံးက အဘွားကြီးကိုတော့
ကျွန်တော်မသိ။
“ဆရာမကြီးက အနှိပ်သည်ကောင်းကောင်းတွေ့ရင် ပြောပါဆိုလို့ ခေါ်လာတာ”
ဒေါ်ပုလေးက တတိယအဘွားကြီးနှင့် မိတ်ဆက်ပေးသည်။ လေးမေက....
“သြော်.. ဟုတ်လား၊ အမေကတော့ ညလောက်မှ ပြန်ရောက်မယ်လို့ ပြောတယ်”
“ဒါဆို မောတာပဲ”
“ခဏတဖြုတ် နားကြဦးပေါ့၊ သြော်.. ဒါနဲ့ ထမင်းကော စားပြီးကြပြီလား”
“အင်း......”
ဒေါ်ပုလေး ရေရွတ်လိုက်သော အင်းသည် စားပြီးပြီဆိုသည့်သဘော မဟုတ်။ အင်းရှည်ကြီး ဖြစ်သည်။
“မစားရသေးရင်လည်း တစ်ခါတည်း ဝင်စားလိုက်ပါလား”
“စားကြပါ၊ စားကြပါ၊ ပြီးမှပဲ.. အင်း....”
“ရပါတယ် အဒေါ်ရဲ့”
“ပြီးမှဆို အလုပ်ပိုနေပါဦးမယ်၊ တစ်လက်စတည်း ဝင်လိုက်မှပါ”

လေးမေနှင့် ဒေါ်ပုတို့ကြားတွင် ဒေါ်မှိန်က ဝင်၍ ဖြေရှင်းပေးလိုက်သည်။
ထမင်းပွဲကို သူတို့သုံးယောက်အတွက်ပါ ပြင်ဆင်လိုက်သည်။ ထမင်းကြမ်းတွေလည်း ရှိသေးသဖြင့်
ထမင်းတော့ လောက်လိမ့်မည်ထင်သည်။
ဒေါ်ပုလေးနှင့် ဒေါ်မှိန်တို့သည် အိမ်မှာ ဝင်စားနေကျဖြစ်သဖြင့် နေသားတကျ ထိုင်လိုက်ကြ၏။ အနှိပ်သည်
အဒေါ်ကြီးကတော့ မနေတတ်မထိုင်တတ် ဖြစ်နေသည်။
ထမင်းဝိုင်းတွင် အားလုံးထိုင်မိကြပြီးမှ တစ်စုံတစ်ခုကို ကျွန်တော် စဉ်းစားလိုက်မိသည်။
ပုစွန်ထုပ်ကြီးလေးကောင် ကိစ္စ။
မူလအစီအစဉ်အရ လေးမေနှင့်ကျွန်တော် တစ်ယောက်လျှင် မနက်တစ်ကောင်၊ ညတစ်ကောင်စီ စားကြဖို့
ဖြစ်သည်။ ခုတော့.... ....
ထုံးစံအတိုင်းဆိုလျှင် အိမ်ရှင်များဖြစ်သော ကျွန်တော်နှင့်လေးမေ တစ်ယောက်ယောက်က ဟင်းခွက်ကို
စနှိုက်ရမည်။ ထိုအခါ ဧည့်သည်များလည်းဖြစ်၊ လူကြီးများလည်းဖြစ်သော ထိုအဘွားကြီး သုံးယောက်ကို
အရင်ဦးချရလိမ့်မည်။
ဦးချပြီ ဆိုကတည်းက ပုစွန်ထုပ်တွေကို ခပ်ထည့်ပေးရတော့မည်။ တစ်ပိုင်းစီဖဲ့ပြီး ထည့်ပေးလို့လည်း
မကောင်း။ တစ်ယောက်တစ်ကောင်စီ ထည့်ပေးလို့တော့ ဘယ်နည်းနှင့်မှမဖြစ်။ သူတို့သုံးယောက်ကို
သုံးကောင် ထည့်ပေးလိုက်လျှင် ကျွန်တော်တို့ လင်မယားနှစ်ယောက်အတွက် တစ်ကောင်သာ ကျန်မည်။
ထမင်းဝိုင်းသည် ငြိမ်သက်နေ၏။ မည်သူကမျှ စတင်မလှုပ်ရှားကြ။ ဒေါ်ပုလေးသည် ထမင်းတွေ
အကြောင်းမဲ့သက်သက် လက်ချောင်းကလေးများဖြင့် ထိုးဆွနေသည်။ ဒေါ်မှိန်က ထမင်းနည်းနည်းကို
ပါးစပ်ထဲ ထည့်လိုက်သည်။ ကျွန်တော်လည်း မနေသာသဖြင့် ....
“ကဲ.... အဒေါ်တို့၊ ဟင်းတွေ ထည့်စားလေ၊ အားမနာနဲ့”
ဟု ပြောလိုက်ရသည်။ ခဏကြာသည်အထိ အခြေအနေက ဒီအတိုင်း။
ဒေါ်မှိန်က စတင်လှုပ်ရှားသည်။
သူသည် လက်လှမ်းလိုက်၏။ သူ့လက်၏ လားရာသည်ကား ပုစွန်ထုပ်ပန်းကန်ဆီသို့။ ကျွန်တော် ထိတ်ခနဲ
ဖြစ်သွားသည်။ သူ့လက်သည် ပုစွန်ထုပ်ပန်းကန်ပေါ်တွင် စက္ကန့်ဝက်ခန့် ဝဲပြီးနောက်
လမ်းကြောင်းပြောင်းသွားသည်။ ခရမ်းချဉ်သီးသုပ် တစ်ဇွန်းခပ်သည်။ လေးမေ၏ သက်ပြင်းချသံ
ခပ်သဲ့သဲ့ကို ကြားလိုက်ရသလား မသိ။
ဒေါ်ပုလေးနှင့် အနှိပ်သည်ကြီးတို့ကလည်း တစ်ဇွန်းစီ ခပ်ထည့်သည်။ ကျွန်တော်တို့လည်း လိုက်ထည့်၏။

ဒေါ်ပုလေး လက်လှမ်းပြန်သည်။ ဘူးညွန့်ဟင်းချို ခပ်သောက်သည်။ ကျန်သူများက
လိုက်သောက်ကြပြန်၏။
ဤသို့ဖြင့် ခရမ်းချဉ်သီးသုပ်၊ ဘူးညွန့်ဟင်းချို၊ ငါးပိထောင်းတို့သာ တစ်လှည့်စီ ထည့်စားနေကြသည်။
ပုစွန်ထုပ်ပန်းကန်က အရာမယွင်း။ မည်သူမျှ မတို့သေး။
ဒီအတိုင်းကြီးကျပြန်တော့လည်း ကြည့်လို့မကောင်း။ တစ်ခုခုတော့ လုပ်မှဖြစ်မည်။ ထိုအကျပ်အတည်းကို
လေးမေက ဖြေရှင်းရန် ဆုံးဖြတ်ချက်ချလိုက်ဟန် တူသည်။
“ဟင်းတွေ ထည့်မစားကြပါလား”
ပြောပြောဆိုဆို ပုစွန်ထုပ်တစ်ကောင်ကို ခပ်လိုက်သည်။ အနှိပ်သည်ကြီးသည် လေးမေကို ဖျတ်ခနဲ
ကြည့်လိုက်၏။ လေးမေ၏လက်သည် အလွန်အရေးကြီးသော ပစ္စည်းတစ်ခုကို မပြီးရွှေ့နေသော
ဝန်ချီစက်မောင်းတံ တစ်ခုလို ဖြည်းညင်းစွာ ရွေ့လျားနေသည်။
ဒေါ်ပုလေး၏ ပန်းကန်ဆီသို့။
ဒေါ်ပုလေးသည် ခေါင်းငုံ့၍ ထမင်းနယ်နေရာမှ သူ့ပန်းကန်နားသို့ ဇွန်းအရောက်တွင်....
“မထည့်နဲ့သမီး၊ ကြီးကြီး သက်သက်လွတ်စားတယ်”
ခရမ်းချဉ်သီးသုပ်ထဲတွင် လည်းကောင်း၊ ဘူးညွန့်ဟင်းချိုထဲတွင် လည်ကောင်း ကျွန်တော်ကိုယ်တိုင်
ထောင်းထားသော ပုစွန်ခြောက်တွေ ပါသည်ကို သတိရမိသည်။
လေးမေသည် သူ့လက်ကို ဒေါ်မှိန်၏ ပန်းကန်ဘက်သို့ ရွှေ့သွားပြန်သည်။ ဒေါ်မှိန်ကလည်း..
“အဒေါ် ချောင်းဆိုးနေလို့ကွယ်.... မတည့်ဘူးထင်တယ်”
ဟု ပြောပြန်သည်။
လေးမေ၏လက် ရွေ့သွားပြန်၏။ အနှိပ်သည်ကြီးသည် ချီတုံချတုံ ဖြစ်နေပုံရသည်။ ကျွန်တော်ကား
ရင်တဖိုဖို။
သူသည် တံထွေးကို မျိုချလိုက်ပြီး....
“ဟိုဒင်း.... အင်း..ကျုပ် သွားနာနေလို့”
ဇွန်းကိုင်ထားသော လေးမေ၏လက်သည် ငါးမျှားတံကို သိမ်းလိုက်သလို ဆတ်ခနဲ ရုပ်သိမ်းလိုက်သည်။
ပုစွန်ထုပ်ကြီးကို ကျွန်တော့်ပန်းကန်ထဲသို့ အလျင်အမြန် ထည့်ပေးလိုက်၏။
ထမင်းဖြူဖြူများပေါ်တွင် ရဲခနဲ ဖြစ်သွားသည်။ ပုစွန်ခေါင်းကို ဖဲ့လိုက်သည်။ အထဲမှာ အဆီတစ်ဝင်းဝင်း။
အသားကတော့ ဖွေးနုနေသည်။
ကျွန်တော်သည် ပုစွန်ခေါင်းကို စုပ်လိုက်သည်။ လက်ကြားထဲမှ ပုစွန်ဆီတွေ စီးယိုကျလာသည်။ ထိုအခိုက်
အနှိပ်သည်ကြီးနှင့် မျက်လုံးချင်း တစ်ချက်ဆုံမိ၏။
လည်ချောင်းထဲက နင်သလို ဖြစ်လာသည်။

****========****
မင်းလူ
(ဒဂုန်၊ ဖေဖော်ဝါရီ၊ ၁၉၈၅)
မင်းလူ
(ဒဂုန်၊ ဖေဖော်ဝါရီ၊ ၁၉၈၅)
credit
ပြန်လည်မျှဝေပါသည် (မွန်းလေးဖေဖေ)
ပြန်လည်မျှဝေပါသည် (မွန်းလေးဖေဖေ)
No comments:
Post a Comment