Mar 31, 2018

စည်းများနှင့်လူ

စည်းများနှင့်လူ - ဇေဦးယျာ

* * *

စည်းတစ်ခု၏ လုံခြုံမှု တန်ဖိုးကို ကျွန်တော်မသိပါ။ ထိုတန်ဖိုးထက် ကျွန်တော် နားလည်မိသည်မှာ စည်းမခြားထားသော ခင်မင် ရင်းနှီးမှုတစ်ခုကိုသာ ဖြစ်သည်။ ငယ်စဉ်ကတည်းကနေ တဖြည်းဖြည်း ကြီးပြင်းလာသည့် သက်တမ်း တစ်လျှောက်အတွင်း ကြုံတွေ့ခဲ့ရသော စည်းတွေကလည်း အမျိုးမျိုးပင်။ တချို့စည်းတွေကို ကိုယ်တိုင်က ချမှတ်ထားတာ ဖြစ်ပေမဲ့ တချို့စည်းတွေကတော့ လောကနိယာမ အရ လိုက်နာ စောင့်ထိန်းခဲ့ရသော စည်းတွေ။ တချို့သော စည်းတွေကိုတော့ ကိုယ်တိုင်က လိုလိုချင်ချင် လိုက်နာတတ်ပေမဲ့ တချို့စည်းတွေ ကိုတော့ မလိုလား။ တချို့စည်းတွေကိုတော့ မုန်းတောင် မုန်းတီးမိသည်။ ဘာပဲဖြစ်ဖြစ် လောကတွင် ကျင်လည်နေရသော လူသားမှန်သမျှ စည်းတွေနှင့်တော့ ကင်းနိုင်ကြမည် မထင်။

၁။

ကျွန်တော်  ငါးတန်းကျောင်းသားဘ၀က သူငယ်ချင်း တစ်ယောက်နှင့် စကားများခဲ့ဖူးသည်။ ထိုသူငယ်ချင်းသည် ကျွန်တော်၏ ငယ်ပေါင်းကြီးဖော်ဖြစ်ရုံမက ထိုစဉ်က အချစ်ဆုံး သူငယ်ချင်းလည်း ဖြစ်သည်။ ကျောင်းသွား အတူတူ၊ ကျောင်းပြန်အတူတူ၊ ထိုင်လျှင်တောင် ရှေ့ဆုံးတန်းမှာ ဘေးချင်းယှဉ်လျက် ထိုင်ဖြစ်ခဲ့သူ။ ငါးယောက်ထိုင်ရသော တန်းခုံတွင် ကျွန်တော်က အစွန်ဆုံးမှာ ထိုင်လျက် ၊ ကျွန်တော်နှင့် ကပ်လျက်မှာ သူ ထိုင်သည်။ သူနှင့် စကားများပြီး နောက်နေ့တွင် ကျွန်တော်တို့ နှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက် မာနတွေထားလျက် မခေါ်မပြောနိုင် ဖြစ်ကြရုံမျှ မက ကျွန်တော်တို့ ထိုင်ရာ တန်းခုံထက်တွင်လည်း ပိုင်ဆိုင်မှု ဧရိယာကိုပါ ကန့်သတ်ခွဲဝေခဲ့ကြသည်။ ခဲချွန်ဓါးတစ်ချောင်းကို အသုံးပြုလျက် စာအုပ်တင်ရာ တန်းခုံထက်မှာသာမက ဖင်ထိုင်ရာ နေရာအထိပါ စည်းတစ်ကြောင်း ဆွဲ၍ နယ်မကျော်ကြေး သတ်မှတ်ခဲ့ကြသည်။

ထိုစဉ်တုန်းက အဖြစ်အပျက်သည် ပြန်တွေးကြည့်လျှင်တော့ ရယ်စရာ ကောင်းနေပြန်သည်။ သူက စည်းကို ကျော်လာလျှင် ကျွန်တော်က ဦးအောင် တွန်းပစ်လိုက်သလို ကျွန်တော်က အမှတ်တမဲ့ ကျော်သွားလျှင်လည်း သူက ဦးအောင် တွန်းပစ်ဖို့ ၀န်မလေးခဲ့။ သူကတွန်းလျှင် ဒေါသထွက်ရပေမဲ့ ကိုယ်က ဦးလို့ တွန်းလိုက်ရလျှင်တော့ ပျော်လို့မဆုံး။ နောက်ဆုံး ရှေ့က ဆရာစာသင်နေတာကိုတောင် အာရုံ မစိုက်နိုင်လောက်အောင် သူနှင့်ကိုယ် အပြိုင်အဆိုင် တွန်းနိုင်ဖို့ မျက်ခြေမပြတ်စတမ်း စောင့်ကြည့်နေမိသည် အထိ သည်စည်းက ကျွန်တော်တို့နှစ်ယောက်၏ စိတ်ကို ဒုက္ခပေးနိုင် ခဲ့သည်။ လူတွေကသာ အချင်းချင်း စကားမပြောဖြစ်ကြသလို နယ်မြေပိုင်ဆိုင်မှု ကန့်သတ်နေကြပေမဲ့ သူ့ရွာဘုရားပွဲမှာ သူ့အိမ်သို့ ကျွန်တော်ထမင်းစားရောက်ခဲ့သလို ၊ ကျွန်တော့်တွင် မုန့်ပါလာလျှင်လည်း တစ်ဝက်ခွဲ၍ သူ့ဘက်ခြမ်းမှာ ထားပေးဖို့ စိတ်ကူးကလည်း မပျောက်ခဲ့။ ကလေးသဘာဝ ခဏတာမို့ အချိန်ကြာလာတော့ ထိုအဖြစ်အပျက်ကို မေ့ထားနိုင်ခဲ့သော်လည်း သူနှင့် ကျွန်တော် ပြန်လည်ချစ်ခင်ကြပြီး နောက်ပိုင်းတွင် ကျွန်တော်တို့ ဒေါသဖြင့် ဖန်တီးဖြစ်ခဲ့သော စည်းတစ်ခုကတော့ ကျွန်တော်တို့ ထိုင်ခဲ့သော တန်းခုံလေးထက်တွင် မပျောက်မပျက် ကျန်နေခဲ့တာတော့ အသေအချာ။

စည်းဟူသော သဘောတရားကို ကျွန်တော် သေချာကျနစွာ နားမလည်သေးသော်လည်း ထိုငယ်စဉ် အချိန်ကတည်းက စည်းဆိုတာကို မုန်းတီးမှုဖြင့် အမြင်ကတ်ပုဒ်မ တပ်ခဲ့မိတာကတော့ အမှန်ပင်။ ကိုယ်တိုင် ဖန်တီးမိသော စည်းဖြစ်ဖြစ်၊ သူတစ်ပါး ဖန်တီးသော စည်းဖြစ်ဖြစ်၊ စည်းဆိုတာ ကန့်သတ်ချုပ်ချယ်မှုတစ်မျိုးဟု ကျွန်တော်ထင်မြင်ယူဆမိသလို ထိုအဖြစ်အပျက် ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ကိုယ်တိုင်၏ အမှားတွေကြောင့် နောက်ထပ်စည်းတွေ မတားမိအောင် သတိထား ဆင်ခြင်နေထိုင်ခဲ့သည်။ အထူးသဖြင့်တော့ ခင်မင်ရင်းနှီးထားပြီးသား သံယောဇဉ်တွေကို ပြတ်တောက်မှု မဖြစ်စေချင်တာလည်း ပါသည်။

၂။

တက္ကသိုလ်ကျောင်းပိတ်ရက် အားလပ်ရက်မို့ ကျွန်တော် ရွာပြန်လာသည့် တစ်ခေါက်တွင်တော့ စည်းနှင့်ပါတ်သက်သော ကျွန်တော်၏ မုန်းတီးမှုသည် ရင်ထဲသို့ နောက်တစ်ကြိမ် ၀င်ရောက် ထိခတ်လာခဲ့သည်။

`သည်နှစ်တွေမှာ မိုးတွေက ခေါင်တယ်သားရယ်။ လယ်တွေကလည်း မဖြစ်၊ လူတွေကလည်း အကြွေးတင်ကြဆိုတော့ စီးပွားရေးကလည်း အရင်လို မပြေလည်ကြတော့ဘူး´

အမေ့စကားသံတို့သည် ကျွန်တော့်နားထဲမှာ ကြားလိုက် မကြားလိုက်။ အာရုံထဲသို့ ၀င်လိုက် မ၀င်လိုက်နှင့်။ ကျွန်တော့်မျက်စိကတော့ တစ်စုံတစ်ခုသော အရာကို လွတ်ထွက်သွားမှာကို စိုးသည့်အလား နေရာတစ်ခုသို့ မမှိတ်မသုန် ကြည့်နေမိလျက်။ ထိုအရာသည် ကျွန်တော့်တစ်သက်မှာ ပထမဆုံး မြင်မိဖူးသောအရာ။ ကျွန်တော်ပြန်မလာဖြစ်သည့် နှစ် နှစ်တာ ကာလအတွင်းမှာ ဖြစ်ပေါ် ပြောင်းလဲလာခဲ့သည့် အရာ။ တိုးတက်လာတာ လား၊ ဆုတ်ယုတ်လာတာလား ဆိုတာ အဓိပ္ပါယ်ဖွင့်မရပေမဲ့ ထိုအရာကတော့ ကျွန်တော့်မျက်စိရှေ့မှာ တစ္ဆေတစ်ကောင်ပမာ မားမားမတ်မတ် ရပ်တည်နေခဲ့သည်။ ၀ါးတို့ဖြင့် ရက်လုပ်ထားသော ခြံစည်းရိုးတစ်ခုကို ကျွန်တော် ရွံရှာမုန်းတီးစွာဖြင့် ကြည့်နေမိသည်။သည်စည်းရိုးကို ကျော်လျှင် ဟိုဘက်မှာ ကြီးဒေါ်ဟု ကျွန်တော်ခေါ်လေ့ရှိသော အရီးလေးတို့ မိသားစု နေသည်။ ဒီစည်းရိုးသည် ဟိုအရင်တုန်းက မရှိခဲ့။ ဘယ်တော့မှလည်း ပေါ်ပေါက်လာလိမ့်မည်ဟု ကျွန်တော် မမျှော်လင့်ခဲ့ဖူးသော အရာ။ ယခု ပေါ်မယ့် ပေါ်လာတော့လည်း မိသားစုနှစ်ခုကြားက ခြံဝင်းနယ်နိမိတ်ကို ပိုင်းခြားရုံသာမက ချစ်ခြင်းမေတ္တာတွေကိုပါ ပိုင်းခြားခြင်း အမှတ်အသားတစ်ခုအဖြစ် ကိုယ်စားပြု ပေါ်ပေါက်လာခဲ့သည်။ မိသားစုနှစ်ခုကြားက မကျေနပ်မှု၊ မုန်းတီးမှုတို့၏ သင်္ကေတကို ဒီစည်းရိုးတစ်ခုက ကိုယ်စားပြု ဖော်ပြနိုင်လေသလား။ ကျွန်တော် မသိပါ။

အဖြစ်အပျက်တွေကို ခရေစေ့တွင်းကျ ရှင်းပြနေသော အမေ့စကားတို့သည် ကျွန်တော့်နားထဲသို့  တိတ်ဆိတ်စွာ ၀င်လာပေမဲ့ ကျွန်တော့နှလုံးသားမှာတော့ နာကျင်မှုတို့ဖြင့် ဆူညံပေါက်ကွဲနေသည်။

အရင်တုန်းအခါက ကျွန်တော်တို့ အိမ်နီးချင်း မိသားစုတွေ တကယ် စည်းလုံးခဲ့ကြပါသည်။ တစ်အိမ်နှင့် တစ်အိမ်ကြားမှာ ဘာစည်း ဘာဝင်းမှ မထားခဲ့ကြ။ ခြံစည်းရိုးဆိုလို့ ထန်းပင် မန်ကျည်းပင်လေးတွေကို အပရိကသဘော စိုက်ထားတာက လွဲ၍ တခြားစည်းရိုးဆိုလို့ သတ်သတ်မှတ်မှတ် ၀င်းခတ်ထားတာ မရှိခဲ့ကြ။ မိသားစုတစ်ခု၏ ပျော်ရွှင်မှု၊ စိတ်ဆင်းရဲမှုတွေကို မျှဝေယူကြဖို့ ကျန်မိသားစုတွေက ၀န် မလေးခဲ့ကြစဖူး။

သည်တစ်အိမ်မှ ဟင်းကောင်းချက်လို့ စားချင်လိုက်တာ စားချင်လိုက်တာဟု မျှော်မှန်းတမ်းတ ဖြစ်နေစရာမလို။ အချိန်တန်လျှင် တစ်ပန်းကန် တစ်ခွက်တော့ ရောက်လာမည်မှာ မြေကြီးလက်ခတ်မလွဲ။ ကောက်လှိုင်းသယ်ရာ လှည်းငှားစရာမလို၊ တလင်းနယ်ရာ၊ တိုက်ထဲသို့ စပါးသွင်းရာတွေမှာ အခကြေးငွေပေးပြီး လူငှားနေစရာ မလို။ မိသားစုအချင်းချင်း ၀ိုင်းဝန်းကူညီလိုက်ရုံ၊ အလုပ်ရှိသူက ကောက်ညှင်းလေး၊ ငါးခြောက်ဖုတ်လေး တစ်ဆုပ်နှစ်ဆုပ်ကို ရေနွေးကြမ်းဖြင့် ဧည့်ခံကျွေးမွေးလိုက်ရုံဖြင့် ကျေနပ်နှစ်သိမ့် နေကြသော မိသားစုတွေ။ ဒီလိုမိသားစုတွေ ကြားထဲသို့ ဒီစည်းရိုးတစ်ခုက ဘယ်လို အကြောင်းပြချက်ဖြင့် ခြေထောက်ပေါက် ရောက်လာရသနည်း။ ကျွန်တော့်စိတ်ထဲမှာ ဒေါသတွေရော၊ နားမလည်ခြင်းတွေရော အရောရော အထွေးထွေးဖြစ်တည်နေလျက်။

`အိမ်နီးချင်းမိသားစုတွေပဲမို့ တရားမစွဲဖို့ ပြောပါသေးတယ်။ အဲဒါကို သူ့ဘက်က ပါတယ်၊ ငါ့ဘက်က ပါတယ်နဲ့ အထင်မှားပြီး စည်းခတ်လိုက်တာ။ စီးပွားရေးတွေ မပြေလည်တော့ လူတွေလည်း စိတ်တွေ ဖောက်ပြန်လာတာပေါ့ကွယ်။´

စီးပွားရေးတွေ မပြေလည်ဘူးတဲ့လား။ လူတွေ စိတ်တွေက ဖောက်ပြန်လာကြသတဲ့လား။ စီးပွားရေး အဆင်ပြေမှု မပြေမှုဆိုတာ ချစ်ခြင်းမေတ္တာတွေကို အနှောင့်အယှက် ပြုနိုင်သလား။ နယ်နိမိတ်ပိုင်းခြားနိုင်သလား။ တိုက်ရိုက်အချိုးကျတာလား။ သွယ်ဝိုက်အချိုး ကျတာလား။ လောဘသည် လူတွေကို သင်းကွဲစေနိုင်ပါသလး။ အတ္တသည်ကော လူတွေကို သင်းကွဲစေနိုင်ပါသလား။ ဒါတွေကို ကျွန်တော်နားမလည်နိုင်ပါ။

ကျွန်တော်တို့နှင့် နောက်ကျောအိမ်က ထွန်ရှင်းအငှားခတွေအတွက် အရီးလေးတို့အိမ်သို့ ပေးစရာရှိနေတာကို အချိန်မီ မပေးသောကြောင့် အရီးလေးတို့အိမ်က တရားစွဲပြီး တောင်းသည်တဲ့။ အမေတို့က အိမ်နီးချင်းတွေ အမှုမဖြစ်စေလို သောကြောင့် ဖျောင်းဖျတားဆီးတာကို အထင်လွဲပြီး ၀င်းခတ်လိုက်တာတဲ့။ စကားမပြောတာလည်း ကြာပြီတဲ့။

တရားတပောင် ပြုရလောက်အောင် ငွေကြေးကလည်း နှစ်သောင်းခွဲလောက်ပဲတဲ့။ နေပူထဲမှာ တစ်နေကုန် ကောက်စိုက်မှ ၂၀၀၀ လောက်ရသောသူတွေ အတွက်တော့ သောင်းဂဏန်းကလည်း များသည့် ပမာဏထဲမှာ ပါနေသည်တော့ အမှန်။ နောက်ကျော အိမ်ကလည်း မပေးချင်လို့ ကပ်နေတာမျိုး တော့လည်း မဟုတ်တဲ့။ လယ်တွေက မဖြစ်လို့ စပါးမရတာကြောင့် အမှန်တကယ်ပဲ ကျပ်တည်းနေကြလို့တဲ့။

` အမေတို့ကတော့ အမုန်းမပွားပါဘူးကွယ်။ ဟိုတုန်းကတည်းက အိမ်နီးချင်းဆိုတာထက် ဆွေမျိုးတွေလောက်ကို ရင်းနှီးခဲ့ကြတာဆိုတော့ စိတ်မကောင်းတောင် ဖြစ်မိသေးတယ်။ ကိုယ်ကလည်း စေတနာနဲ့ ပြောမိတာကိုး။ သူတို့ဘက်က အထင်လွဲပြီး ၀င်းခတ်တာဆိုတော့ အမေတို့လည်း ဘယ်တားလို့ ရမှာလဲသားရယ်။ သူတို့ဘာသာ ဘာတွေလုပ်လုပ် အထင်မှားတာတွေ ပျောက်တဲ့နေ့ကြရင် အမေတို့အပေါ် ပြန်ချစ်လာကြဦးမှာပါ။ စိတ်ဆိုးတုန်း ခဏပေါ့ သားရယ်´

ကျွန်တော်စိတ်မကောင်းဖြစ်နေတာကို မြင်နေသော အမေကတော့ ဖျောင်းဖျောင်းဖျဖျ ပြောသည်။ ကျွန်တော့်စိတ်ထဲမှာလည်း အရီးလေးတို့ မိသားစုအပေါ် ဒေါသမဖြစ်မိ။ ပြောင်းလဲလာသော လူနေမှုဘ၀တွေကိုသာ နားမလည်နိုင်အောင် စိတ်ပျက်မိတော့သည်။ ဆင်းရဲမှုရဲ့ နောက်ဆက်တွဲလို့တော့လည်း မမြင်လိုက်ချင်။ ခေတ်စနစ်တစ်ခုရဲ့ ပြယုဂ်တစ်ခုလို့သာ လက်ခံလိုက်ချင်တော့သည်။

၃။

လရောင်အောက်တွင် ကန်ရေပြင်က တိတ်ဆိတ် ငြိမ်သက်နေလျက်။ ကန်ဘောင်ပေါ်မှာတော့ ကျွန်တော်ရယ်၊ ကျွန်တော့်သူငယ်ချင်း အောင်ကျော်ရယ်။ ရှေ့တန်းမှ ပြန်လာကာစမို့ အောင်ကျော်လည်း ခွင့်ရတုန်း၊ ကျွန်တော်လည်း ကျောင်းပိတ်ရက် ရွာပြန်လာတုန်းမို့ မတွေ့ဖြစ်တာ ကြာနေသော ကျွန်တော်တို့နှစ်ယောက် ၀ိုင်းဖွဲ့ဖြစ်ကြသည်။ ရှေးဟောင်းနှောင်းဖြစ်တွေကို ပြန်လည်အောက်မေ့ကြရင်းမှ အောင်ကျော် ပြောလာသော စကားတစ်ခွန်းကြောင့် ကျွန်တော် မှင်သက်မိသွားသည်။

`မင်း ခင်နှင်းကို ဘယ်လိုသဘောရသလဲ´

`ဘာကိုမေးတာလဲ အောင်ကျော်ရ။ မင်းစကားက ဆိုင်းမဆင့်၊ ဗုံမဆင့်နဲ့´

`ငါသူ့ကို ချစ်နေမိပြီ သူငယ်ချင်းရာ´

အားလုံးသည် ရုတ်ချည်းတိတ်ဆိတ်သွားသလို။ ကြားလိုက်ရသော စကားက ကျွန်တော့်ရင်ကို မီးနှင့် မြှိုက်လိုက်သလို။ မဟုတ်။ ဒီထက်မက ပူပြင်းစေပါသည်။ လရောင်သည် အကျည်းတန်သွားသကဲ့သို့ ကန်ရေပြင်သည်လည်း မည်းမှောင်သွားသည်။ စိတ်ဝိညာဉ်သည် ကျွန်တော်နှင့် ဝေးရာသို့ပြေးထွက်သွားလျက် ခင်နှင်းထံသို့ ရောက်သွားသည်။ ထိုမှတဖန် ကျွန်တော်ကြိုတင်စိတ်ကူးထားသော ကျွန်တော့်အိပ်မက်တွေသို့ ရောက်သွားပြန်သည်။ ကျောင်းပြီးလျှင် ခင်နှင်းကို လက်ထပ်ခွင့် တောင်းမည်။ ခင်နှင်းက လက်ခံလျှင် မိဘတွေ ဆီကို နားဖောက်မည်။ ကျွန်တော်အလုပ်ရလျှင် ခင်နှင်းကို လက်ထပ်မည်။ ကျွန်တော်တာဝန်ကျရာ သို့ ခင်နှင်းကို ခေါ်သွားမည်။ မဟုတ်ပါစေနဲ့။ အောင်ကျော်ပြောတာ မဟုတ်ပါစေနဲ့။ ကျွန်တော်နားကြားမှားတာ ဖြစ်ပါစေ။ ကျွန်တော် အနှစ်နှစ်အလလက မက်ထားသော အိပ်မက်တွေကို ကျွန်တော် လွင့်ပစ်ရမည်လား။

`ဒီတစ်ခါ ပြန်လာတာ ငါသူ့ကို ဖွင့်ပြောမလို့လည်း ပါတယ်ကွာ။ သူလက်ခံရင် တစ်ခါတည်း လက်ထပ်ပြီး ခေါ်သွားချင်တယ်။ ငါတို့ဆိုတာက တစ်ခေါက်နဲ့ တစ်ခေါက် ပြန်လာဖို့ဆိုတာက လွယ်တာ မဟုတ်ဘူးကွ။ မင်းဘယ်လို သဘောရလဲ။ မင်းသဘောထားကို ပြောစမ်းပါဦး´

ဘယ်လိုသဘောရလဲတဲ့။ ကျွန်တော့်၏ အချစ်ဆုံးသူငယ်ချင်းက မေးလာလေပြီ။ ကျွန်တော် ဘယ်လိုဖြေရမည်နည်း။ မကောင်းဘူးလို့ ဖြေချင်သည်။ ငါစိတ်ကူးထားတာကွလို့ ပြောလိုက်ချင်သည်။ မဖြစ်ပါ။ ယခုအချိန်တွင် အောင်ကျော်သည် ပထမဆုံးသောသူ ဖြစ်သွားလေပြီ။ ကျွန်တော့်အတွက်ဆိုတာ မရှိတော့ပါ။ သဘောတူပါတယ်ဆိုတာကလွဲပြီး ကျွန်တော် ဘာပြောပိုင်ခွင့် ရှိဦးမည်နည်း။ ကြိုးစားခွင့် ဆိုတာတောင် ကျွန်တော်နှင့် မသက်ဆိုင်တော့ပြီ မဟုတ်ပါလား။ ကျွန်တော့စိတ်ထဲမှာ အတွေးပေါင်းစုံတို့ ယောက်ယက်ခတ်လျက်။ ခြေဖျားလက်ဖျားတွေ အေးစက်လာပေမဲ့ စိတ်ထဲမှာတော့ ပူလောင်ရပါသည်။ စိတ်ကူးတွေကို ကျွန်တော် လက်လွတ်ရ တော့မည်။ လက်ထဲမှာ ဆုပ်ကိုင်ထားသော ခွက်ကို တစ်ရှိန်ထိုး မော့ချလိုက်သည်။ နာကျင်မှုတွေက ရင်ထဲကို အရှိန်အဟုန်ဖြင့် စီးဆင်းသည်။ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းတွေ ကြားက ခင်မင်မှုနဲ့ သစ္စာတရားကိုတော့ ကျွန်တော် စောင့်ထိန်းရပါမည်။

၎။

`စိတ်တိုတယ်အစ်ကိုရာ။ သူအဆင့်နဲ့ ကျွန်တော့ကို ဒီလိုပြောစရာလား´

အခန်းထဲဝင်လာကတည်းက ဒေါသမျက်နှာဖြင့် ၀င်လာသော ညီငယ်အလုပ်သင်ဆရာဝန်ကို ဘာဖြစ်တာလဲမေးတော့ ပြန်ကြားရသောစကား။ စိတ်တိုတယ်တဲ့။ အကျိုးအကြောင်းကို မေးကြည့်တော့ ဆိုင်ကယ်အပ်သည့်နေရာက ၀န်ထမ်းက သူ့ကို စည်းကမ်းမဲ့သည်ဟု ပြောလိုက်သောကြောင့်တဲ့။

`မင်းက ဘာသွားလုပ်လို့လဲ ညီလေးရ´

`ကျွန်တော်က ဆေးရုံပေါ်တီကို အောက်မှာ ဆိုင်ကယ်ရပ်ထားလို့တဲ့´

`အေးလေ အဲဒီမှတော့ ပြောတော့မှာပေါ့ ညီလေးရာ။ မင်းက စတန်းမှာမှ မအပ်ပဲ ဘာဖြစ်လို့ ပေါ်တီကိုအောက်မှာ သွားထားတာလဲ´

`တခြားဆိုင်ကယ်တွေလည်း ရှိနေတာကိုး´

ဆိုင်ကယ်အပ်လက်ခံသည့် လူက နည်းနည်းတော့ ပြောပေါက်ဆိုးသည်။ ဆိုးဆို ဆိုင်ကယ်တွေက လည်း တစ်ခါတစ်လေ ရပ်ချင်သည့်နေရာမှာ ဖြစ်သလို ရပ်ထားတတ်ကြသည်။ တစ်ခါမဟုတ်တော့ သူလည်း ဘယ်အပြော ချိုနိုင်ပါ့မည်လဲလေ။

`အော် ညီလေးကလည်း သူများဆိုင်ကယ်တွေ ရှိတော့လည်း ဘာဖြစ်လဲကွ။ အဓိက က မင်းဆိုင်ကယ်ကို လက်ခံဌာနမှာပဲ အပ်ရမယ်ဆိုတာ ညီလေးလည်း သိနေတာပဲ။ သူများ စည်းကမ်းဖောက်တာကို ကြည့်ပြီး လိုက်ဖောက်တော့ ညီလေး အပြောခံထိရော မဟုတ်လား။ နေရာတကာမှာ သူ့စည်းနဲ့သူ ရှိတယ်လေ ညီလေးရ။ မင်းက ဆေးရုံက ၀န်ထမ်းဆိုပြီး မင်းဆိုင်ကယ်ကို အဲဒီနေရာမှာ ပေးထားလိုက်ရင် နောက်လူတွေက ဘာမသိ ညာမသိနဲ့ လိုက်ထားကြမှာပေါ့။ အဲဒီတော့ သူတို့အတွက် မကောင်းဖြစ်သွားတယ်လေ။ သူတို့အလုပ်အတွက်လည်း အနှောင့်အယှက် ဖြစ်တယ်လေ။ မဟုတ်ဘူးလား။´

`ကိုယ်ကမှားလို့ ပြောမှန်းတော့ သိပါတယ် အစ်ကိုရ။ ဒါပေမဲ့ သူ့အဆင့်နဲ့ ပြောစရာလား။´

`မှားတာကို မှားတယ်လို့ ဝေဖန်ဖို့ အဆင့်အတန်းဆိုတာ မလိုပါဘူး ညီလေးရာ။ သူက မမှားပါဘူး။ သူ့ကို အစကတည်းက ဒီအလုပ်လုပ်ဖို့ ခန့်ထားတာလေ။ သူ့အလုပ်သူ တာဝန်ကျေအောင် လုပ်တာပဲကို။ ငါတို့ ခေါင်းဆောင်ကြီးတောင် သူမှန်းမသိလို့ တံခါးဖွင့်မပေးတဲ့ အစောင့်ကို ဒေါသ မထွက်ခဲ့ဖူးဘူးလေ။ မဟုတ်ဘူးလား။ တကယ်ဆို သူ့အဆင့်နဲ့ဆို လုပ်နိုင်တာတွေမှ အများကြီး။ ဒါပေမဲ့ သူ့အလုပ်သူ ကျေပွန်အောင် တာဝန်ထမ်းဆောင်နေတဲ့သူကို ဒေါသမထွက်ခဲ့ဘူးလေ။ ညီလေးလည်း နောင်တစ်ချိန်မှာ ခေါင်းဆောင်တစ်ယောက် ဖြစ်မှာပဲလေ။ အခုကတည်းက ခေါင်းဆောင်ကောင်း စိတ်ဓါတ်ကို ကြိုမွေးထားပေါ့။ ဒါမှ ကိုယ့်လက်အောက်က လူတွေရဲ့ ဝေဖန်ကဲ့ရဲ့မှု၊ သူတော်ကောင်းတွေရဲ့ ဝေဖန်ကဲ့ရဲ့မှုကနေ ကင်းမှာပေါ့ကွာ။ အစ်ကိုတို့လည်း နေရာတိုင်းမဟုတ်တောင် ကိုယ့်စည်းနဲ့ ကိုယ်တော့ လိုက်နာနေထိုင် တတ်အောင် ကျင့်ကြံနေရတုန်းပဲ။ ကဲပါကွာ အခုဒေါသတွေကို လျှော့။ လူနာတွေ သွားကြည့်ရအောင် ပြင်တော့´

အလားတူ ပြသနာတွေကို ကျွန်တော်ကိုယ်တိုင် လည်း ကြုံခဲ့ဖူးပါသည်။ ကိုယ့်စည်းကိုယ် မထိန်းသိမ်းသောကြောင့် အပြောခံ ထိတော့ နာခဲ့ဖူးသည်။ နောက်တော့ အပြောခံမထိအောင် ဆင်ခြင်နေထိုင်ရင်းမှ စည်းဆိုတာ လိုအပ်ပါလားလို့ ကိုယ်တိုင် သဘောပေါက် နားလည်ခဲ့ရသည်။ ကျွန်တော်နားလည်သလို ညီလေးလည်း နားလည်နိုင်ပါစေလို့ ကျွန်တော် မျှော်လင့်ပါသည်။ ဘာပဲဖြစ်ဖြစ် ဒီလိုစည်းမျိုးကိုတော့ ကျွန်တော်ကိုယ်တိုင်လည်း လိုလိုလားလား လက်ခံပါသည်။ ဒီစည်းကြောင့်တော့ အမုန်းတရားတွေ မပွားစေချင်တာတော့ အမှန်။ ဒီလို စည်းမျိုးက လူတိုင်းလိုက်နာသင့်သည့် စည်း ပင် မဟုတ်ပါလား။

၅။

အသက် ၃၀ ဆိုတာ ကျွန်တော့်အတွက်တော့ မငယ်တော့ပါ။ ဖြတ်သန်းခဲ့ရသော ဘ၀တစ်လျှောက်မှာတော့ စည်းအမျိုးမျိုးကို ရင်ဆိုင် တွေ့ကြုံခဲ့ရဖူးပါသည်။ တချို့စည်းတွေက ချစ်စရာ ကောင်းသလောက်၊ တချို့စည်းတွေက မုန်းစရာ ကောင်းနေပြန်သည်။ တချို့ စည်းတွေကတော့ အမှန်တကယ် လိုက်နာ သင့်သော စည်းမျိုးတွေ။ တချို့စည်းတွေကို ငယ်စဉ်တုန်းကတော့ အမြင်တစ်မျိုးဖြင့် ကြည့်ခဲ့ဖူးပေသိ နောက်ပိုင်းမှာတော့ ကိုယ်ကိုယ်တိုင် လိုလိုချင်ချင် ခံယူလိုက်နာ ခဲ့ရတာတွေလည်း ရှိခဲ့ပြီ။ ရှောင်သင့်သည် ထင်သော စည်းမျိုးတွေကိုလည်း ရှောင်တတ်ခဲ့ပြီ။ အကြောင်းအရာ များစွာတွေ နောက်မှာ ထက်ကြပ်မကွာ ပါလာတတ်သော စည်းတွေကိုလည်း အသွင်အမျိုးမျိုးဖြင့် သဏ္ဏန်ခွဲ ကြည့်ဖူးလေပြီ။ နောက်ထပ်လည်း ဘယ်လိုစည်းမျိုးတွေ တွေ့ကြုံရင်ဆိုင် ရဦးမည်ဆိုတာကိုတော့ ကျွန်တော်ကိုယ်တိုင်လည်း မခန့်မှန်းနိုင်ပါ။ ဒါပေမဲ့ အမုန်းမပွားသင့်သော စည်းတွေကြောင့်တော့ လူတွေ အမုန်းမပွားစေဖို့ ကျွန်တော် ဆုတောင်းပါသည်။

* * *
ဇေဦးယျာ
၂၀၁၄ ၊စက်တင်ဘာလ၊ ရွှေအမြုတေမဂ္ဂဇင်း
credit - ဇေဦးယျာ FB account

No comments:

Post a Comment