Mar 31, 2018

ကုလားထိုင်

ကုလားထိုင် - မိုးသက်ဆွေ

* * *
သူ့ခန္ဓာကိုယ်မှာ အရိုးပေါ်အရေတင်ပြီး ပိန်ချုံးလျှက်ရှိသည်။ သူအိပ်ရာပေါ်တွင် လဲနေသည်မှာ တစ် ပတ်ကျော်ခန့် ရှိလာပြီ။ အမျိုးသမီးသည် ပိန်လှီပြီးအိပ်ရာပေါ်တွင် ခပ်ယဲ့ယဲ့လေးဖြစ်နေသည့် သူ့ကိုကြည့်ကာ တရှုံ့ရှုံ့ ငိုကြွေးလျှက်ရှိ၏။ သူသည်လည်း အမျိုးသမီး ငိုနေသည်ကို ကြည့်ပြီး စိတ်မကောင်း ဖြစ်ကာ ပိန်ခွက်နေ သောပါးပြင်ပေါ် မျက်ရည်စတို့ စီးကျလာတော့သည်။ ဆရာဝန်ကတော့ သူ့တွင် ဘာရောဂါမှမရှိ အားပြတ်ပြီး အိပ်ရာပေါ် လဲသွားခြင်း ဖြစ်သည်ဟုသာ ပြောသွားသည်။

သူ ထမင်းမစားနိုင်သည်မှာကြာပြီ။ သူ့လျှာသည် အစားအသောက်များ၏ အရသာကို ကောင်းစွာ မခံ စားနိုင်ဘဲ ဖြစ်နေ၏။ သူသည် ယခင်ကတော့ အစားကောင်းအသောက်ကောင်းများကို  မက်မောလေ့ရှိပြီး မြိန် ရည်ယှက်ရည် အားပါးတရစားလေ့ရှိပါသည်။ သို့သော် ဒီအိမ်ရောက်ပြီးနောက်ပိုင်းတွင်မှ သူအစားကောင်း ကောင်းစား၍ မရတော့ချေ။
  
[၁]

ထမင်းကို ငုံ့စားနေသော်လည်း သူ့စိတ်ထဲတွင် ကသိကအောက်ဖြစ်လျှက်ရှိ၏။ ထိုင်နေရာမှ ပြုတ် ကျမသွားအောင် မနည်းသတိထားနေရသည်။ သူ ရှေ့မှကိုကြီးကို မသိမသာကြည့်မိသည်။ ထမင်းကို အာရုံ စိုက်စားနေသည့် ကိုကြီးပုံစံမှာ အေးချမ်းလျှက် ရှိသည်။ ကိုကြီးမိန်းမ ဒေါ်ခင်သက်ကတော့ သူတို့ကို ဂရုစိုက်ကာ ဟင်းထည့်ပေးနေရင်း သူမဘာသာလည်း ထမင်းနှင့်ဟင်းကို နယ်ဖတ်ကာ မြိန်ရည်ယှက်ရည် စားလျှက်ရှိ သည်။သူ့ဘေးမှ သူ့အမျိုးသမီး ကတော့ ထမင်းစားရင်း ဘာတွေ တွေးနေသည် မသိ ငြိမ်သက်လျှက်ရှိ၏။

သူ့စိတ်ထဲ ယခုအချိန်တွင် အနည်းငယ် ရှက်နေသည်ဟု ပြောရမလား ဒါမှမဟုတ် ဒေါသငွေ့တို့ခပ်ပါးပါး လေးထွက်နေသည်ဟု ပြောရမလားမသိသည့် စိတ်ရှုပ်ထွေးမှုကလေး အနည်းငယ် ဖြစ်နေလေသည်။ ကြည့်ဦးလေ သူ ထမင်းထိုင်စားနေရသည့်ခုံမှာ သူများလို ခုံတစ်လုံးပေါ် အိနြေ္ဒရရထိုင်စားနေရသည်မှ မဟုတ်ဘဲ။ ပလတ်စတစ်ဖိုင်ဘာ နောက်မှီထိုင်ခုံ ပက်လက်ပေါ်တွင် ခွေးခြေထိုင်ခုံ အပုလေးကို ဆင့်ကာ ထိုင်စားနေရတာလေ။ ဘယ်လောက် စိတ်ကသိကအောက်ဖြစ်စရာ ကောင်းလိုက်သည့် အဖြစ်လဲ။
 
သူ့အနေနှင့်ထိုအခြေအနေကို မကြိုက်သော်လည်း ယခုလက်ရှိသူတို့လေးဦးတွင် သူက အငယ်ဆုံးဆို တော့ ခုံမလုံလောက်သည့် အနေအထားတွင် ယခုလို သူသာအနစ်နာခံပြီး ထိုင်သင့်သည် မဟုတ်လား။ ပြီးတော့ သည်အခြေအနေကလည်း သည်နေ့တစ်ရက်ထဲကြုံရမှာပဲလေ။ ဒီည ကိုးနာရီကားနှင့် ကိုကြီးတို့ လင်မယားက တာဝန်ကျရာ ရခိုင်ပြည်နယ်ဘက်ကို သွားရတော့မှာဖြစ်သည်။ သူ့အမျိုးသမီးက သူမ တာဝန်ကျရာ ရှမ်းပြည်နယ်မှ ယခု နေပြည်တော် ရုံးချုပ်ကို ပြန်ပြောင်းလာရသဖြင့် ကိုကြီးတို့ လက်ရှိနေနေသည့် အခန်းမှာပဲ ဆက်နေကြမှာ ဖြစ်သည်။ ကိုကြီးတို့ကလည်း ဟိုမှာတစ်နှစ်ပဲ နေမှာမို့ ပစ္စည်းတွေဘာမှ ယူမသွားဘဲ အားလုံး
ထားခဲ့မှာဆိုတော့ သူတို့လင်မယားက ဘာမှပြန် ထူထောင်စရာမလိုဘဲ အဆင်သင့်တက်နေရုံသာ ဖြစ်သည်။

ကိုကြီးတို့လင်မယားက သူတို့လိုပင် ကလေးမရှိလင်ကိုယ်မယားနှစ်ယောက်ထဲမို့ အိမ်ထောင်ပရိ ဘောဂတွေက နှစ်ယောက်စာသာ ၀ယ်ယူစုဆောင်းထားခဲ့သည်။ ယခုလို ထမင်းစားစာပွဲတွင် ခုံနှစ်လုံးထဲရှိ တာမျိုးပေါ့။ ခုံအဟောင်းလေးတစ်လုံး အပိုရှိနေ၍သာ သူ့အမျိုးသမီးအတွက် အိနြေ္ဒရရယခုလို ထိုင်စားနေ နိုင်တာကိုပင် ကျေးဇူးတင်ရဦးမည်။

ကိုကြီးကတော့ သူ့ယောက်ဖကိုကြည့်ပြီး သူ့ညီမအတွက် စိတ်ချနေမည်လား မပြောတတ်ပါ။ ဘာ ကြောင့်လဲဆိုတော့ သူအခုလို ထိုင်နေခြင်းအားဖြင့် အားလုံးရှေ့တွင် အမျိုးသမီးကိုဦးစားပေးပြီး ကိုယ့်ကိုယ် ကိုယ် နှိမ်ချတတ်သူတစ်ယောက်ဟု မြင်သွားနိုင်သည် လေ။ အခုအချိန်မှာတော့ သူက ဒီမဖြစ်စလောက် စိတ် ကသိကအောက် ဖြစ်မှုလေးကို သည်းခံနိုင်ပါသည်။ နောက်နေ့တွေကျရင်တော့ သူ့အမျိုးသမီးနှင့် သူနှစ် ယောက်ထဲသာ ရှိတော့မည်မို့ စိတ်လွတ်လက်လွတ် နေလို့ရ ပြီလေ။ သူထမင်းကို ငုံ့စားရင်းနှင့် သူ့အတွေး ကို သူပြန်သဘောကျကာ ပြုံးမိသွားသည်။

[၂]

ထမင်းပွဲပြင်နေသည့် အမျိုးသမီးကိုလှမ်းကြည့်ပြီး  သူကြည်နူးစွာပြုံးမိသည်။  အမျိုးသမီး အခုတလော ပိုလှလာသလိုပင် သူ့စိတ်ထဲခံစားမိသည်။ ခရီးပန်း၍ဖြစ်မည်ထင်သည် အမျိုးသမီးမှာ အနည်းငယ်တော့ ကိုယ် ရည်စစ်သွားသလို ထင်ရ၏။ မီးရောင်အောက်မှာ ထမင်းပွဲ ပြင်နေသည့် ရိုးရိုးယဉ်ယဉ် သူ့အမျိုးသမီးကို ကြည့် နေရသည်မှာ လိမ်မာရေးခြားရှိလှသည့်  အိမ်ထောင်ရှင်မကောင်းတစ်ယောက်လို ကျက်သရေရှိလွန်းလှသည်။

အမှန်တကယ်တော့ သူ့အမျိုးသမီးသည် ရုံးတွင် အကြီးအကဲတစ်ဦးဖြစ်၏။ အနေအေးပြီး စိတ်သ ဘောရင်းကောင်းသည့် အမျိုးသမီးက မာန်မာန ထောင်လွှားခြင်းမရှိဘဲ ခပ်အေးအေးသာ နေတတ်သူမို့ ရုံးရှိ သူ့ လက်အောက်ငယ်သား အားလုံးက သူ့ကို ချစ်ခင်လေးစားကြပါသည်။ သူ့အမျိုးသမီးနှင့်သူက အသက်ဆယ် နှစ်ဝန်းကျင်ခန့်ကွာပြီး အမျိုးသမီးလက်အောက်မှာ ၀န်ထမ်းလည်း ဖြစ်ခဲ့ဖူးသည်။ သူတို့နှစ်ယောက် အိမ်ထောင်ကျသွားတော့မှသာ ယောကျာ်းလုပ်သူ က အမျိုးသမီး လက်အောက်ငယ်သား  ဖြစ်နေတာ မသင့်တော်သဖြင့် သူအလုပ်မှထွက်ပြီး အပြင်ဂျာနယ်တိုက်တွင် စာပြင်ဆရာ ၀င်လုပ်နေခဲ့ခြင်း ဖြစ်သည်။

အခု သူတို့နှစ်ယောက် နေပြည်တော်ရုံးချုပ်ကို ပြောင်းလာရပြီဆိုတော့ သူ့အလုပ်တော့ အနည်းငယ် ထိခိုက်သွားသည်ဟု ဆိုရမည်။ ဒါပေမဲ့ သူက ဂျာနယ်မှာ ပင်တိုင်ဆောင်းပါးလေး တွေ၊ ပင်တိုင် ကဏ္ဍလေးတွေ လည်း တာဝန်ယူထားသည်မို့ အဝေးကနေ အီးမေးလ်နှင့် လှမ်းပို့ပြီးတော့သာ အလုပ်လုပ်ရပေတော့မည်။

“ မောင်ရေ ထမင်းစားရအောင် ”

အမျိုးသမီး၏ ထမင်းစားလှမ်းခေါ်သံကြားတော့မှ သူ့အတွေးစတွေ ပြတ်သွားသည်။ သူက အိမ်ရှေ့ ခန်းမှာ ဖွင့်ထားသည့် တီဗီကိုပိတ်ကာ ထမင်းစား ခန်းထဲ ၀င်လာခဲ့လိုက်သည်။ ထမင်းစားခန်းထဲ ၀င်လာသည့် သူ့ခြေလှမ်းတို့သည် ထမင်းစား စားပွဲတွင်ထိုင်နေသည့် အမျိုးသမီးကိုကြည့်ပြီး အနည်းငယ် တွန့်ဆုတ်သွားသည်။ အမျိုးသမီး သည် ထမင်းစားစားပွဲ၏ထိပ်က ကုလားထိုင်တွင် ထိုင်ပြီး နေရာယူထားပါလား။ မနေ့က သူတို့ရောက်ရောက်ချင်း ကိုကြီးတို့နှင့် ထမင်းစားကြမည်လုပ်တော့ ဒေါ်ခင်သက်က  လာအစ်ကို ဒီမှာထိုင် ဆိုပြီး နေရာချပေးနေသည်ကို သူ မြင်ယောင်လာသည်။ အမှန်ကတော့ အဲဒီနေရာမှာ ကိုကြီးအမြဲထိုင်ခဲ့မည်ဆိုတာ သေချာပါသည်။ ဘာကြောင့်လဲဆိုတော့ ကိုကြီးက ဒီအိမ်မှာ အိမ်ထောင်ဦးစီး တစ်ယောက်မဟုတ် လား။ အခု သူတို့ရောက်လာတော့ နေရာ အခက်အခ၊ဲ ခုံအခက်ခဲရှိသဖြင့် ဒေါ်ခင်သက်က ဘာရယ်မဟုတ်ဘဲ ပါးစပ်မှလွှတ်ခနဲ ထွက်သွားခြင်း ဖြစ်နိုင်သလို  ကိုကြီးကို သူတို့ရှေ့မှာ အလေးအမြတ်ထား ဦးစားပေးပြခြင်း လည်း ဖြစ်နိုင်ပါသည်။ မီးဖိုခန်းထဲမှာကုလားထိုင်ဆို၍ ထိုကုလားထိုင် တစ်လုံးသာရှိသည်။ ကျန်သည့် ခုံနှစ် လုံးက ဖိုင်ဘာ ခွေးခြေခုံ အစိမ်းရောင်တွေ ဖြစ်သည်။     

သူသည် ထမင်းစားစားပွဲနား ဖြည်းဖြည်းချင်း ကပ်သွားပြီး အမျိုးသမီးရှေ့ရှိ ဖိုင်ဘာခုံစိမ်းလေး တွင် ထိုင်ချလိုက်သည်။ သူ့စိတ်သည် ရုတ်ချည်းပင် လေးလံထိုင်းမှိုင်းလာသလို ခံစားရ၏။ သူ အခုထိုင်နေသည့် အနေအထားမှာ  အရာရှိရှေ့တွင် ထိုင်နေရသည့်  ရုံးဝန်ထမ်းငယ်ကလေးတစ်ဦးသဖွယ် ဖြစ်နေသည်ဟု ခံစား လာရသည်။ သူ့အမျိုးသမီးကတော့ ဘာမှ သတိထားမိသည့်ပုံ မပေါ်ချေ။သူ့ပန်းကန်ထဲသို့ ဟင်းတွေကိုကော် ခပ်ထည့်ပေးနေသည်။ သူသည် ထမင်းသာ စားနေသော်လည်း အရသာကို မခံစားမိပေ။ သူ့စိတ်ထဲတွင် ခုံကိစ္စ က အရေးကြီးနေသည်။ သူ ထင်ထားသည်က ဒီနေ့ထမင်းစားလျှင် အမျိုးသမီးသည်  သူ့ကို ထိုကုလားထိုင် တွင် အရေးတယူ နေရာချပေးလိမ့်မည်ဟု ထင်ထားခဲ့သည်။ 

အခုဘယ်လိုဖြစ်တာပါလိမ့်။ အမျိုးသမီးသည် တမင်တကာများထိုနေရာတွင် ထိုင်လေသလား။ ဒါမ ဟုတ် ဘာရယ်မဟုတ်ဘဲ ကြုံသလို ထိုင်ခြင်းများလား။ အမှုမဲ့အမှတ်မဲ့ ထိုင်ခြင်းမျိုး ဆိုလျှင်တော့ ကိစ္စမရှိ တမင် ထိုင်ခြင်းမျိုး ဆိုလျှင်တော့ ကိစ္စရှိလာပြီ။ ဒီအိမ်မှာသူက အိမ်ထောင်ဦးစီးတစ်ယောက် မဟုတ်လား။ ဒီအိမ်မှာ တစ်လုံးတည်းသာရှိသည့် ကုလားထိုင်တွင် သူသာထိုင်သင့်သည်ဟု သူထင်သည်။ ဒါပေမဲ့ ယခုတော့ သူ့ အမျိုးသမီးက ထိုနေရာတွင် ထိုင်နေလေပြီ။ သူ့စိတ်ထဲ ထမင်းကို ငုံ့စားနေသော်လည်း စိတ်ထဲတွင်တော့ အ တော်လေး ကသိကအောက် ဖြစ်နေသည်။ သူ့ရှေ့တွင် ဘာကိုမှ သတိမထားမိသည့်ပုံစံနှင့် ကုလားထိုင်တွင် ထိုင်ပြီး ထမင်းစားနေသည့် အမျိုးသမီးကိုကြည့်ပြီး သူ  ဒေါသထွက်ချင်သလို ဖြစ်လာသည်။ ဒီမိန်းမ အလိုက်ကန်းဆိုး မသိတာလား တမင်သူ့ကို အရေးမပေးတာလား ဒါမှမဟုတ်သူမက အသက်ကြီးသူမို့ ထိုကုလား ထိုင်တွင် သူမသာထိုင်သင့်သည်ဟု ယူဆပြီး ထိုင်နေတာများလား သူ့ခေါင်းထဲတွင် အတွေးပေါင်းစုံတို့ဖြင့် ယောက်ယက်ခတ်ပြီး ထမင်းပင်ဘယ်လိုစားပြီးသွားမှန်း မသိလိုက်ချေ။ ထမင်းစားပြီးသွားချိန်တွင် သူသည် အစာမကြေဘဲ ဖြစ်လျှက်ရှိသည်။ သူအစာမကြေဖြစ်နေသည်မှာ ဗိုက်ထဲရှိအစားအစာများ မကြေညက်ခြင်း မ ဟုတ်ဘဲ သူ့ခေါင်းထဲရှိ အတွေးများ အစာမကြေဖြစ်နေခြင်းပင် ဖြစ်သည်။

ထိုညက သူစောစောအိပ်ပျော်သွားပြီး အိပ်မက်ထဲတွင် သူက ပေါလစ်ရောင် ပြောင်လက်နေပြီး ပန်းက နုတ်များဖော်ထားသည့် ကုလားထိုင်တွင်ထိုင်လျှက် ထမင်းစားနေပြီး သူ့အမျိုးသမီးကသူ့ရှေ့ရှိ ဖိုင်ဘာခုံစိမ်း ကလေးတွင်ထိုင်ကာ ထမင်းစားလျှက်ရှိနေသည်ဟု အိပ်မက်မက်လေသည်။

[၃]

ဆောင်းတွင်းကြီးထဲတွင် မိုးကအုံ့မှိုင်းနေခဲ့တော့ နေရထိုင်ရတာ လေးလံထှိုင်းမှိုင်းလျှက်ရှိသည်။ အပြင်ရာသီဥတုမှာ အေးစိမ့်နေသော်လည်း သူ့စိတ်ထဲတွင်တကျဉ်ကျဉ်တစစ်စစ်ကြီးဖြစ်ကာ သူ့ရင်ထဲတွင် တအုံ့နွေးနွေးနှင့် ပူပြင်း လောင်မြိုက်နေသည်။ သူ့စိတ်ထဲတွင် တစ်ခုခုအတွက်ဝမ်းနည်း ချင်သလိုလို မျက် ရည်ကျချင်သလိုလို လည်းဖြစ်နေသည်။ သူဘာတွေဖြစ်နေသလဲ ။ အခုတလော စာလည်းရေးလို့မရချေ။ တစ် ခုခုကိုအသေအချာ အာရုံစူးစိုက်လို့မရဘဲ သူ့စိတ်တွေ ပျံ့လွင့်နေသည်။ အဆိုးဆုံးမှာ အစားအသောက် ကို ကောင်းကောင်းမွန်မွန် ဟုတ်တိပတ်တိ စား၍ မရခြင်းပင် ဖြစ်သည်။     

သူသည် ထမင်းစားစားပွဲထိပ်ရှိ ကုလားထိုင်ကို ငေးစိုက်ကြည့်ရင်း နာကျင်စွာ ခံစားနေရသည်။ သူ သည် သူ့အဖြစ်ကိုတွေးကာ ရှက်လည်းရှက် ၀မ်းလည်းနည်းကာ  ပါးပြင်ပေါ် မျက်ရည်ပူများ စီးကျလာသည်။ သူ့အဖြစ်မှာ အတော်လေးကို ဆိုးဝါးလွန်းလှသည်ဟု သူထင်သည်။ တစ်ခါတလေ သူ့ကိုယ်သူ ပြန်တွေး ကြည့်မိသည်။ သူ ဘာလို့များ အဲ့လောက်ထိ သေးသိမ်ညံ့ဖျင်း လွန်းသည့် လူတစ်ယောက် ဖြစ်နေခဲ့ရတာလဲ။ သူ့အတွေးကိုများ တကယ်လို့ တစ်ယောက်ယောက်က သိသွားခဲ့လျှင် အားပါးတရ ရယ်မော လှောင်ပြောင် နေမှာလားဟု သူစိုးရိမ်ထိတ်လန့်မိသည်။ ယခုအချိန် သူ့ရင်ထဲတွင် တအုံ့နွေးနွေးနှင့် တည်ရှိနေသည့် စိတ်အ နာတို့မှာ အနာတစ်လုံးနှင့် နှိုင်းယှဉ်ပြီးပြောရလျှင် ရင့်မှည့်ပေါက်ကွဲလာခြင်း မရှိဘဲ မြုံနေသည့် အနာလုံးလိုဖြစ် နေခဲ့လေပြီ။

နေပြည်တော်ကို ပြောင်းလာပြီး တစ်လပြည့်ချိန် လောက်ထိ သူအစားအသောက်စားရသည်မှာ သိပ်ပြီး ခံတွင်းမတွေ့လှသော်လည်း စား၍၀င်သေးသည်ဟု ပြောနိုင်ပါသည်။ ထမင်းစားတိုင်း သူ့အမျိုးသမီးရှေ့က ဖိုင် ဘာခုံစိမ်းလေးတွင်ထိုင်ပြီး ငြိမ်သက်စွာ သူစားနေခဲ့သည်။ အမျိုးသမီးသည် သူ ကြိုက်တတ်သည့် ဟင်းများကို အရသာရှိစွာ ချက်ပြုတ်ကျွေးမွေးခဲ့ပါသည်။  ဖွယ်ဖွယ်ရာရာ  စီမံထားသော ဟင်းလျာများကို စားသောက်နေ ရသော်လည်း သူ့ခံတွင်းထဲတွင်အရင်ကလို အရသာသိပ်တွေ့ခြင်း မရှိလှတာကို သူ့ဘာသာ ပြန်သတိထားမိပါ သည်။ အမျိုးသမီးသည် သူ့ရှေ့ရှိ ကုလားထိုင်တွင် ထိုင်ကာ သူ့ကို ဟင်းတွေ ကော်ခပ် ထည့်ပေးနေခဲ့သည်။ သူသည် အနည်းငယ် စားသောက်ပြီး လက်စသပ်ကာ အိမ်ရှေ့ခန်းထဲတွင် တီဗီထိုင်ကြည့်နေတော့သည်။ ထ မင်းစားပြီးတိုင်း အစာမကြေဖြစ်တတ်သည်မှာ သူ့အတွက် အကျင့်ကြီးတစ်ခုလိုပင် ဖြစ်နေခဲ့ပြီ။

သူသည် နေ့လယ်ဘက်များ၌ တစ်ယောက်ထဲ ထမင်းစားရလေ့ရှိ၏။ သူ့အမျိုးသမီးမှာ ရုံးကို ထမင်း ချိုင့်ထည့်သွားသဖြင့် နေ့လည်စာကို သူတစ်ယောက်ထဲစားရခြင်းဖြစ်သည်။ သူသည် နေ့လယ်စာ ထမင်းစား ခါနီးတိုင်း ဝေခွဲမရသည့် အတွေးတို့နှင့် နပမ်းလုံးရလေ့ရှိသည်။ ပြဿနာက သူဘယ်ထိုင်ခုံမှာ ထိုင်ပြီးစားလျှင် ကောင်းမလဲ ဆိုသည့် ပြဿနာ ဖြစ်သည်။ အမှန်ကတော့ နေ့လည်ဘက်အိမ်တွင် သူတစ်ယောက်ထဲသာ  ရှိ သဖြင့် ဘယ်ခုံတွင်ထိုင်ပြီးစားစား ရပါသည်။ ခက်နေသည်က သူ့အတွေးများပင် ဖြစ်သည်။ ကုလားထိုင်တွင် သူထိုင်စားလျှင်လည်း မည်သူမှသိမည် မဟုတ်ပါ။ ဖိုင်ဘာခွေးခြေခုံ စိမ်းလေးတွင် ထိုင်ပြီးစားလျှင်လည်း မည် သူမှ သိမည် မဟုတ်ပါ။ ဒါပေမဲ့ သူ့စိတ်ထဲတွင် လိပ်ပြာမလုံဘဲ ဖြစ်နေသည်။ ထိုကုလားထိုင်တွင် သူ့အမျိုးသ မီးက သူ့ကိုထိုင်စားပါဟု မပြောဘဲ သူထိုင်မစားချင်ပါ။ အမျိုးသမီးမရှိသည့်အချိန် ထိုကုလားထိုင်၌ ထိုင်စား ရမှာကိုလည်း သူရှက်သည်။ သို့နှင့် သူသည် နေ့လည်ဘက်များ၌လည်း စားပွဲထိပ်မှ ကုလားထိုင်တွင် ထိုင် မစားဘဲ ဖိုင်ဘာ ခွေးခြေခုံစိမ်းလေးတွင်သာ ထိုင်စားလေ့ ရှိသည်။တစ်ခါတရံတော့လည်း ရှမ်းပြည်နယ်မှာ သူ တို့နေခဲ့စဉ် အချိန်များကို သတိရမိသည်။ ဟိုမှာတုန်းကတော့ သူတို့နှစ်ယောက်အတွက် ကုလားထိုင်နှစ်လုံးရှိ ပြီး ယခုလိုပြဿနာမျိုး မကြုံတွေ့ခဲ့ရဘူး မဟုတ်လား။ ကုလားထိုင် အသစ်တစ်လုံး ထပ်ဝယ်လိုက်ရင်တော့ ရ ပါသည်။ သို့သော် သူလိုချင်သည်က ကုလားထိုင်အသစ် တစ်လုံးမဟုတ်ဘဲ သူ့အမျိုးသမီး၏ သူ့အပေါ် အလေးထား ဦးစားပေးမှုပင်ဖြစ်သည်။

သူသည် ထမင်းစားတိုင်း ထိုဝေခွဲမရသည့် အခြေအနေနှင့် ကြုံတွေ့နေရပြီး ထမင်းစားရသည်မှာ အရသာမရှိတော့ချေ။ သူ အဲသည်လိုအဖြစ်မျိုး ခံစားမှုမျိုးဖြစ်နေသည်ကို သူ့မိန်းမကတော့ လုံးဝရိပ်မိခြင်း မရှိချေ။ ရိပ်မိသွားလျှင်လည်း သူရှက်လို့ ဆုံးမှာ မဟုတ်တော့။ အမှန်တကယ်တော့ ထိုကိစ္စကို ဖြေရှင်းဖို့ သိပ်ခက်ခဲနေ တာမျိုးလည်း မဟုတ်ပါဘူး။ သူကခပ်တည်တည်နှင့် ထိုကုလားထိုင်တွင် ၀င်ထိုင်ပြီး စားလိုက်လို့လည်း ဘာမှ မဖြစ်ပါဘူး။ အမျိုးသမီးကလည်း ဘာမှပြောမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီလိုလုပ်ဖို့ သူ့စိတ်ထဲတွင် တစ်စုံတစ်ရာက တားဆီးထားသလို ဖြစ်နေသည်။ ထိုအရာဟာ ဘာဖြစ်မလဲဟု သူမကြာခဏ တွေးကြည့်မိသည်။ အ ရှက်အကြောက်တရားလား။ ဒါမှမဟုတ် ငါအိမ်ထောင်ဦးစီး ငါအဲဒီကုလားထိုင်မှာ ထိုင်မယ်ဆိုပြီး ဗီတိုအာဏာ သုံးဖို့ကို ရှက်ကြောက်နေမိတာလား။ ဒါမှမဟုတ် သူများမပေးသည့် နေရာကို အတင်းယူဖို့ ၀န်လေးနေတာ များလား။ သူကသူ့ကိုယ်သူ အိမ်ထောင်ဦးစီးဟု ထင်မြင်ယူဆထားသော်လည်း အမှန်တကယ်တမ်းတွင် သူ့ ၀င်ငွေမှာ သူ့အမျိုးသမီးဝင်ငွေနဲ့ နှိုင်းယှဉ်လျှင် အလွန်တရာ နည်းပါးလှပါသည်။ အဲဒီအတွက် သူ့စိတ်ထဲတွင် သိမ်ငယ်စိတ်ဝင်နေတာများလား။ အဲသည်ထဲက တစ်ခုခု သို့မဟုတ် အားလုံးသည် သူ့ကို ထိုကုလားထိုင်တွင် ထိုင်ဖို့ တားဆီးနေတာ ဖြစ်နိုင်သည်။ နောက်ကနေ တုံ့ဆွဲထားတာ ဖြစ်နိုင်သည်။

ကြာလာတော့ သူထမင်းစားရမှာကိုပင် ကြောက်သလိုဖြစ်လာသည်။ ထမင်းစားရတော့ မည်ဟု သူ့ ခေါင်းထဲ အချက်ပြလာလျှင် သူ့စိတ်တို့မှာ ရုတ်ချည်းပင် ကျောက်တုံးကျောက်ခဲ တစ်လုံး  ချိတ်ဆွဲခံလိုက်ရသူ လို လေးလံဖိစီး သွားတော့သည်။ သို့နှင့် သူသည်ညနေစာကို အမျိုးသမီးနှင့် အတူတူမစားတော့ချေ။  ဗိုက်မ ဆာသေးလို့၊ ဗိုက်အောင့်နေလို့၊ စောစောကမှ မုန့်တစ်ခုခုစားထားလို့စသည့် အကြောင်းပြချက် တစ်ခုခုကို ပေး ကာ ရှောင်နေလိုက်တော့သည်။ အမျိုးသမီးစားပြီး တအောင့်လောက်နေမှ သူ့ဘာသာ ပြင်ဆင်ခူးခပ်ပြီး ဖိုင် ဘာခုံစိမ်းလေးတွင် ထိုင်စားတော့သည်။ သူ့ရှေ့တွင် ရှိနေသည့် ကုလားထိုင်ကို ကြည့်မိလျှင်တော့ သူ ဘယ် လိုမှ ဆက်စား၍ မရနိုင်တော့လောက်အောင်ပင် ခက်ခဲပင် ပန်းလွန်းလှသည်။ သူ့အမျိုးသမီးကတော့ သူ့ကို ကုလားထိုင်တွင် ထိုင်စားပါလားဟု ယောင်ယမ်းပြီးပင် ပြောဆိုခြင်း မရှိခဲ့ချေ။

[၄]

သူသည် နောက်ပိုင်းတွင် ထိုကဲ့သို့ အမျိုးသမီးနှင့် ထမင်းအတူထိုင်မစားတော့သည်မှလွဲ၍ လုံးလုံးကြီး အစားအသောက်ပျက်နေတာမျိုးတော့ မဟုတ်ခဲ့ပေ။ စားရသောက်ရတာ အရသာ သိပ်မတွေ့ ရုံလောက်သာ ဖြစ်သည်။ သို့သော် ထိုအခြေအနေသည် သူတို့အိမ်သို့ သူ့အမျိုးသမီး၏ မိတ်ဆွေလုပ်ဖော်ကိုင်ဖက်တစ်ဦး အား ထမင်းစားဖိတ်မကျွေးခင် အချိန်ထိဟုသာ ပြောရပါမည်။

တစ်ရက်တွင် အမျိုးသမီးသည် ရန်ကုန်မှလာသော သူ့လုပ်ဖော်ကိုင်ဖက်တစ်ဦးအား အိမ်သို့ထမင်း စားဖိတ်ထားသည်။ နေ့လည်စာ စားချိန်လောက် တွင် ဧည့်သည်အမျိုးသမီး ရောက်လာခဲ့သည်။ သူသည် ဧည့် သည်အမျိုးသမီးကို ၀တ်ကျေ တမ်းကျေ စကားပြောပြီး ထမင်းပွဲပြင်ဆင်နေသည့် သူ့အမျိုးသမီးကိုသာ ဂရုတ စိုက် ကြည့်နေမိသည်။ ဧည့်သည်အမျိုးသမီးကို ဘယ်ခုံမှာနေရာချပြီး ကျွေးမလဲဆိုတာထက် သူ့အမျိုးသမီး သူ့ကို ဘယ်ခုံမှာနေရာချပေးမလဲ ဆိုတာကို ပိုစိတ်ဝင်စားနေမိသည်။

အခုလို ဧည့်သည်ရှေ့တွင်တော့ သူ့အမျိုးသမီးက သူ့ကိုဦးစားပေးပြီး အလေးထားသင့်သည် မဟုတ် လား။ ဧည့်သည်အမျိုးသမီးမှာလည်း ထမင်းပွဲပြင်ရာတွင် ၀ိုင်းကူပြီး လုပ်ပေးနေတာ တွေ့ရသည်။ သူ့အမျိုး သမီး၏ ထမင်းစားရအောင် မောင်ရေဟု ခေါ်သံကြားလျှင် သူ့ရင်တွေ အခုန်မြန်လာတာကို သတိထားမိသည်။ သူသည် စိတ်ကိုတည်ငြိမ်အောင်ထိန်းကာ ထမင်းစား စားပွဲဆီသို့ လာခဲ့သည်။ လှမ်းမြင်လိုက်ရသော မြင်ကွင်းသည် သူ့မျက်နှာအား သွေးဆုတ်ဖြူရော် သွားစေ၏။ ဧည့်သည်အမျိုးသမီးသည် ကုလားထိုင်တွင် ထိုင်လျှက် ရှိပြီး အမျိုးသမီးက ခွေးခြေထိုင်ခုံအစိမ်းတွင် ထိုင်လျှက်ရှိသည်။ သူသည်မသိမသာတုန်ယင်နေသော ခန္ဓာ ကိုယ်အား တည်ငြိမ်အောင်ထိန်းပြီး အမျိုးသမီး ဘေးနားရှိ ခွေးခြေခုံတွင် ၀င်ထိုင်လိုက်သည်။ ကုလားထိုင် တွင် ထိုင်နေသော ဧည့်သည် အမျိုးသမီး၏ စပ်ဖြဲဖြဲမျက်နှာကို မြင်ရချိန်တွင် သူ့ဒေါသများ တလိပ်လိပ် ထွက် လာလေသည်။ ထိုဒေါသသည် ဧည့်သည်အမျိုးသမီးအပေါ် ထွက်တာလား သူ့အမျိုးသမီးအပေါ် ထွက်သည့် ဒေါသလားဆိုတာကိုတော့ သူ မစဉ်းစား တတ်တော့ချေ။

ထမင်းကို ခပ်မြန်မြန်ပင်စားပြီး လက်စသပ်လိုက်ကာ အိမ်ရှေ့ခန်းထဲ ထွက်လာခဲ့လိုက်သည်။ သူ့စိတ် တို့သည်  အုံ့ဆိုင်းမှုန်မှိုင်းပြီး  တိမ်မည်းညိုတို့ အလိပ်လိုက်   ဖုံးလွှမ်းခံထားရသော  ကောင်းကင်လို ဘာတစ် ခုကိုမှ မမြင်ရဘဲ မည်းညစ်နေလေပြီ။ သူ့မျက်ဝန်းတို့တွင်လည်း မကြာခင် ရွာကျလာတော့မည့် မိုးရေစက် များလို ရစ်သိုင်းဖွဲ့ဝေ့လည်နေခဲ့တော့သည်။

သူသည် အမျိုးသမီးအား မယုံနိုင်လောက်အောင် အံ့အားသင့်ကာ နာကျင်အမျက်ဒေါသထွက်မိ၏။ တစ်ချိန်လုံးသူ့ကို ထိုကုလားထိုင်တွင် ထိုင်ခိုင်းဖို့မေ့လျော့နေခဲ့သည့် သူမက ဧည့်သည်ကိုကျတော့ ကုလား ထိုင်တွင် ထိုင်ခိုင်းဖို့ သတိရခဲ့သည်တဲ့လား။ သူ့အမျိုးသမီးသည် သူ့ကိုကျတော့ အလေးအနက်ထားစရာ မလို ဘူးဟု သတ်မှတ်ခဲ့လေသလား။ သူ့ရင်ထဲတွင် ပြင်းစွာနာကျင်လျှက် ဒေါသအမျက်တို့မှာ တလိပ်လိပ် ထွက် နေခဲ့တော့သည်။ သို့ပေမဲ့ သူသည် သူ့ခံစားချက်တို့ကို အကောင်းဆုံး ထိန်းသိမ်းနိုင်ခဲ့ပါသည်။ သူသည် ပေါက်ကွဲလုလု ဗုံးတစ်လုံးမဟုတ်ဘဲ မြုံနေသော အနာတစ်လုံးသာ ဖြစ်နေခဲ့သည် မဟုတ်ပါလား။

* * *
ကုလားထိုင်ကို အပြင်ဘက်ဆွဲထုတ်ပြီး ခွေးခြေခုံနေရာတွင်ရွှေ့လိုက်သည်။ ပြီးလျှင်ခွေး ခြေခုံကို ကု လားထိုင်နေရာတွင် ထားကြည့်လိုက်သည်။ ဒီလိုဆိုလျှင်ရော။ သူကဧည့်ခန်းထဲသို့ ထွက်လာပြီး ထမင်းစား စားပွဲနှင့်ခုံများ နေရာချထားမှုအခြေအနေကို အဝေးမှ လှမ်းအကဲခတ် နေမိသည်။ အဲဒီလိုကုလားထိုင်ကို နေ ရာပြောင်းရွှေ့ ချထားလိုက်ရုံနှင့်တော့ သိပ်အဆင်မပြေသလို သူခံစားရသည်။ သူ ဘယ်နေရာမှာပဲထိုင်ထိုင် ခွေးခြေခုံနှင့် ထိုင်နေသ၍တော့ အမျိုးသမီးရှေ့တွင် ၀န်ထမ်းငယ်တစ်ဦးအသွင်သာ ရှိနေမြဲရှိနေမည်ကို သတိ ထားမိသည်။ အမှန်က သူ့ပြဿနာမှာ နေရာပြဿနာမဟုတ် ကုလားထိုင်ပြဿနာဟု သဘောပေါက်လာ သည်။ ဒါဆို ကုလားထိုင်ကို ထမင်းစားစားပွဲတွင်မထားဘဲ တခြားမှာ ပြောင်းထားလိုက်ပြီး ထမင်းစားစားပွဲတွင် ခွေးခြေခုံနှစ်လုံးပဲ ထားမည်ဆိုလျှင်ရော။ ဒါလည်းမဖြစ် ကုလားထိုင်ကို ဘာလို့နေရာ ရွှေ့လိုက်သလဲဟု သူ့အ မျိုးသမီးက မေးလာ နိုင်သည်။ ထိုသို့မေးလာလျှင် သူဘယ်လိုမှ ဖြေတတ်မှာမဟုတ်။ ပြီးလျှင် သူ့စိတ်ထဲ ဖြစ် နေသည့် အတွေးတွေကို သူ့အမျိုးသမီး ရိပ်မိသွားနိုင်သည်။ အဲ့ဒါတော့ လုံးဝမဖြစ်။ သူ့ကို စိတ်ဓာတ် သေး သိမ်ညံ့ဖျင်းလွန်းသူဟု သူ့အမျိုးသမီး ထင်မြင်ယူဆသွားမှာကို သူသေမလောက် ကြောက်သည်။ သူသည် ကု လားထိုင်ကို ငေးကြည့်ရင်း စိတ်ညစ်စိတ်အိုက် လာကာ သူ့ရင်တစ်ခုလုံး ပူလောင်လာတော့သည်။ ကုလား ထိုင်ကိုလည်း ခါးခါးတူးတူးမုန်းချင်သလို ဖြစ်လာ၏။ သူ့စိတ်ထဲ ကုလားထိုင်ကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်ချင် စိတ်ပေါက်လာသည်။ ဟာ…ဟုတ်တာပေါ့။ သူ ဒီကုလားထိုင်ကို ဖျက်ဆီးလိုက်လျှင် သူ့ပြဿနာအေးသွား မည်။ ဒီစိတ်ကူးကို သူ အစက ဘာလို့မရခဲ့ပါလိမ့်။ သူသည် စတိုခန်းထဲသွားကာ သံရိုက်သည့်တူကို သွားယူ လိုက်သည်။ ဒီတူနှင့် ကုလားထိုင် ခြေထောက် တစ်ချောင်းကို ရိုက်ချိုးလိုက်လျှင် ကိစ္စပြတ်ပြီပေါ့။

သူသည် သူ့အကြံသူသဘောကျသွားကာ ကုလားထိုင်ကိုဆွဲယူလိုက်ပြီးကြမ်းပြင်ပေါ်သို့ ခပ်ကြမ်းကြမ်းပင်  ပစ်ဆောင့်ချလိုက်သည်။ ပြီးလျှင်တူကို အားကုန်မြှောက်လျှက် ကုလားထိုင်ခြေထောက်ကို ရိုက်ချ ရန် ရွယ်လိုက်သည်။ ထိုအချိန်တွင် သူသည် သူ့စိတ်နှင့်ခန္ဓာကိုယ်၏ ကြမ်းတမ်းခက်ထန်နေပုံကို  ရုတ်တ ရက် သတိထားမိသွာ၏။ သူစိတ်နှင့်လူ မကပ်ဘဲ ဖြစ်နေခဲ့ပါလား။ သူသည် သူ့ကိုယ်သူ ပြန်ရှက်သွားကာ လက်ထဲမှတူကို ပစ်ချလိုက်မိတော့သည်။ ပြီးလျှင် သူသည် အိမ်ထဲတွင် အရူးတစ်ယောက်လို စိတ်ရှိလက်ရှိ တရှုံရှုံ ငိုကျွေးနေခဲ့ မိတော့သည်။

ထိုနေ့က သူ ညနေစာမစားဖြစ်ခဲ့ဘဲ စောစောအိပ်ရာဝင်ခဲ့သည်။ ညဘက် အိပ်မက်ထဲတွင် အရွယ်အ စားစုံဒီဇိုင်းစုံသော ကုလားထိုင်များသည် သူ့ခေါင်းပေါ် ပျံဝဲလျှက် ရှိနေခဲ့ကြ၏။ သူက ပေါလစ်ရောင် ပြောင် လက်နေသော ကျွန်းကုလားထိုင်တစ်လုံးကို လိုက်ပြီးခုန်ဖမ်းနေခဲ့သည်။ ကုလားထိုင်သည် သူနှင့် နီးလာလိုက် ဝေးသွားလိုက်ဖြင့် ရှိနေပြီး သူနှင့်လက်လှမ်းမီလောက်သည်အထိ နီးလာချိန်တွင် သူက လှမ်းခုန်ဖမ်းဆွဲလိုက် ရာ ကုလားထိုင်ခြေထောက်တစ်ချောင်းက ပြုတ်ထွက်သွားပြီး သူ့ လက်ထဲတွင် ကျန်နေရစ်ခဲ့တော့သည်။ ထို အချိန်တွင် သူအိပ်ရာမှ ရုတ်တရက် လန့်နိုးသွားတော့၏။  အိပ်ရာမှ လန့်နိုးလာချိန်တွင် သူ့တစ်ကိုယ်လုံး ချွေး များ ရွှဲနစ်နေပြီး လူမှာ မောဟိုက် ပင်ပန်းလျှက် ရှိသည်။  သူသည် အိပ်မက်ကို ပြန်တွေးမိပြီး တုန်ယင်ချောက် ချားကာ ပြန်အိပ်၍  မရတော့ချေ။

နောက်ပိုင်းတွင် သူသည် အစားအသောက်လည်း စား၍မရတော့သလို  အိပ်မက်ဆိုးများကြောင့် အိပ် ရေးပျက်ပေါင်းလည်းများလာကာ အားအင်ချို့တဲ့ ချိနဲ့လာပြီး အိပ်ရာပေါ် လဲသွားတာ့သည်။ သူ့အမျိုးသမီးက သူကြိုက်တတ်သည့် ဘယ်လိုဟင်းလျာမျိုးကို ချက်ပြုတ်ကျွေးကျွေး သူစား၍ မ၀င်တော့ချေ။

* * *
သူ့ခန္ဓာကိုယ်မှာ အရိုးပေါ်အရေတင်ပြီး ပိန်ချုံးလျှက် ရှိသည်။ သူအိပ်ရာပေါ်တွင် လဲနေသည်မှာ တစ် ပတ်ကျော်ခန့် ရှိလာပြီ။ အမျိုးသမီးသည် ပိန်လှီပြီး အိပ်ရာပေါ်တွင် ခပ်ယဲ့ယဲ့လေးဖြစ်နေသည့် သူ့ကို ကြည့် ကာ တရှုံ့ရှုံ့ငိုကြွေးလျှက် ရှိ၏။ သူသည်လည်း အမျိုးသမီးငိုနေသည်ကို ကြည့်ပြီး စိတ်မကောင်း ဖြစ်ကာ ပိန်ခွက်နေသော ပါးပြင်ပေါ် မျက်ရည်စတို့ စီးကျလာတော့သည်။ ဆရာဝန်ကတော့ သူ့တွင် ဘာရောဂါမှမရှိ အားပြတ်ပြီး အိပ်ရာပေါ် လဲသွားခြင်း ဖြစ်သည် ဟုသာ ပြောသွားသည်။

ဆရာဝန်မှာ သူ့ကိုအားဆေးတစ်လုံး ထိုးပေးခဲ့ပြီး ပုလင်းကြီး ချိတ်သွားခဲ့သည်။ အစားအသောက် အ အိပ်အနေ ပုံမှန်ပြန်ဖြစ်လျှင် သူ့ကျန်းမာရေးမှာ မကြာခင်ပြန်ကောင်းလာလိမ့်မည်ဟုလည်း အားပေးစကား ပြောသွားခဲ့သေးသည်။ ဆရာဝန်၏ စကားကိုနားထောင်ရင်း သူခေါင်းကို ခပ်ယဲ့ယဲ့ငြိမ့် ပြလိုက်မိသည်။ ခေါင်း ငြိမ့်လိုက်စဉ် ခဏအတွင်း၌ သူ့ခေါင်းထဲသို့ ခြေတစ်ချောင်း ပြုတ်ထွက်နေသော ကုလားထိုင်တစ်လုံးက ၀င် ရောက်လာလေ တော့သည်။  

* * *
မိုးသက်ဆွေ
ရွှေအမြုတေမဂ္ဂဇင်း နိုဝင်ဘာလ ၂၀၁၇
credit - မိုးသက်ဆွေ FB account

No comments:

Post a Comment