Mar 31, 2018

မျက်နှာပူတတ်တဲ့သူ

မျက်နှာပူတတ်တဲ့သူ - ယဉ်ယဉ်နု (မန္တလေး)

* * *

“ရေကားတွေ လာပြီဟေ့” ဆိုတာ ဘယ်သူက စအော်လိုက်တယ် မသိဘူး။ တစ်ယောက်ပြီး တစ်ယောက်၊ တစ်အိမ်ပြီး တစ်အိမ် လက်ဆင့်ကမ်း အော်ကြတော့တာ စံပယ်ခြံ အနောက်ခြမ်း ရေဝင်ရပ်ကွက် တစ်ခုလုံး ဆူညံသွားတာပဲ။ အော်သံ၊ ဟစ်သံတွေကြောင့် မောင်ချစ် အိပ်ရာကနေ အိပ်မှုန်စုံမွှားနဲ့ နိုးလာတယ်။ အမေဖြစ်တဲ့ အဘွားမိက “ဟဲ့ မောင်ချစ် ထစမ်း၊ သောက်ရေ မရှိဘူး။ ရေသွားသယ်စမ်း” ဆိုပြီး အော်နှိုး၊ လှုပ်နှိုးတာလည်း ပါတာပေါ့။ ညက ကာလသားခေါင်း ကိုမိုးကြီးတို့နဲ့ နည်းနည်း များသွားလို့ မောင်ချစ် တုန်းတင်းသရော အိပ်ပျော် သွားတာလည်း ပါတယ်။ အမေနှိုးလို့ မထချင် ထချင် ထထိုင်လိုက်တဲ့ အချိန်မှာ တစ်ရပ်ကွက်လုံးလောက် နီးနီး အိမ်ရှေ့လမ်းမှာ ရေအိုးတွေ၊ ရေပုံးတွေ၊ ရေခွက်တွေ သယ်ပြီး ရေကား ရှိရာကိုပဲ ရေတွေကို ဖြတ်ပြီး တဝုန်းဝုန်း သွားနေကြတာ တွေ့ရတယ်။ ကလေး၊ လူကြီး၊ မိန်းမ (အ)စုံပဲ။

မောင်ချစ်တို့ မြို့မှာ မိုးတွေက ရွာ၊ ရေတွေက ကြီး၊ ကန်ရေ၊ အင်းရေတွေက မြင့်တက်တော့ အင်းနဲ့ ဆက်နေတဲ့ စံပယ်ခြံ အနောက်ခြမ်းက ရေမြုပ်တော့တာပေါ့။ တချို့ အိမ်ပုလေးတွေ ဆိုရင် ကြမ်းပါ မြုပ်လို့ ခုတင်ပေါ်၊ စင်ပေါ် တက်နေကြရတာ။ ဒီတစ်ခါ ရေက တအားကြီးတော့ ခါးစောင်းလောက် အထိ တက်လာတာနဲ့ အိုးတွေ၊ ခွက်တွေ၊ ရေတိုင်ကီတွေ အကုန်မြုပ်လို့ မောင်ချစ်တို့မှာ သောက်စရာ၊ ထမင်းချက်စရာ ရေမရှိတဲ့ အဖြစ်တောင် ရောက်တယ်။ မောင်ချစ် ခါးထောက်ပြီး အိမ်ကပြင်ကနေ အခြေအနေကို ထွက်ကြည့်တယ်။ မောင်ချစ်တို့ လမ်းသွယ်လေး ထိပ်မှာ လိုက်ထရပ် ကားတစ်စီး ရပ်ထားတယ်။ ပုလဲဆရာတော် ဘဒ္ဒန္တပညာဝံသ မိုးကုတ်ရိပ်သာကျောင်း၊ ဇနပဒ ရေအလှူတော် ဆိုတဲ့ ဗီနိုင်းကို ကားဘေးမှာ ကပ်ထားတယ်။ ဘုန်းတော်ကြီး တစ်ပါးနဲ့ ရပ်ကွက်လူကြီးတွေက ကြီးကြပ်ပြီး နှစ်ဆယ် လီတာဝင် ရေဘူးကြီးတွေနဲ့ ထည့်လာတဲ့ ရေသန့်တွေကို ရပ်ကွက်သားတွေ ယူလာတဲ့ ပုံးတွေ၊ ခွက်တွေထဲ သွန်ထည့် ပေးနေတာ အုန်းအုန်းကျွက်လို့။ ဟင် ဒီလိုတော့ ရမလား၊ မောင်ချစ်လည်း အညံ့မခံ ရေယူရမှာပေါ့ ဆိုတဲ့စိတ်နဲ့ သောက်ရေ အမေ ထည့်ထည့်နေတဲ့ ပုံးလေးယူပြီး ကားဆီ ထွက်ခဲ့တယ်။

“ဟဲ့ မောင်ချစ်၊ အရမ်း မတိုးနဲ့လေ။ နင်က နောက်မှ ရောက်တာ”
“အိုဗျာ။ အိမ်မှာ သောက်စရာ မရှိဘူးဗျ”

ရေသွန်ထည့်နေတဲ့ ရပ်ကွက်လူကြီးက လှည့်ကြည့်တယ်။

“အဘွားမိ သားပါလား။ မင်းပုံးက သေးလိုက်တာ။ ရေအိုးထဲ ပြန်သွန်ကွာ၊ နောက်တစ်ခေါက် ထပ်လာယူ”
“ဟုတ်ကဲ့”

ရေကားနဲ့ အိမ်ကလည်း နီးနီးလေး ဆိုတော့ မောင်ချစ် ပြေးပြေးပြီး ရေသယ်တာ၊ ဘယ်နှစ်ခေါက်လည်း မမှတ်မိဘူး။ သောက်ရေအိုး လျှံသွားတော့ ဘေးက အဝတ်လျှော် ဒန်ဇလုံ အကြီးကြီးထဲ ရေသန့်တွေ တဝေါဝေါ သွန်ထည့်နေတော့ အမေက မနေနိုင်တော့ဘူး။

“ဟဲ့ မောင်ချစ်၊ သောက်ရေအိုး ပြည့်ပြီ မဟုတ်လား။ တော်တော့လေ။ သူများတွေ ယူပါစေဦး”
“အိုဗျာ။ သူများတွေလည်း ဒီလို သယ်တာပဲ။ ရတုန်း ယူထားရတာ။ ချိုးရေ ဇလုံပြည့်တော့ အမေ ချိုးပစ်လိုက်ပေါ့”
“ဟဲ့။ မတရားသဖြင့် မလုပ်ရဘူး။ သူများတွေက သောက်စရာရေ လာလှူကြတာ”
“ဟိုးဘက်က ရင်ခေါင်းလောက် ရေနစ်နေတဲ့ လူတွေက လာမယူနိုင်ဘူး အမေရဲ့။ ရေတွေက အများကြီး၊ ရသလောက် သယ်မှပေါ့”

မောင်ချစ် နောက်တစ်ခေါက် ပြေးဆင်းသွား ပြန်တယ်။ အမေက ခေါင်းခါပြီး ကျန်ခဲ့တယ်။

နေ့လယ်ပိုင်းမှာ တစ်ခါ ချမ်းမြသုခ လူမှုရေး ကူညီရေး အသင်းက ရေသန့် တစ်လီတာဘူးတွေ၊ ကတ်လိုက် လာလှူပြန်ရော။ ဒီတစ်ခါ လုပ်အားပေး အနေနဲ့ ကာလသားခေါင်း ကိုမိုးကြီးတို့၊ ကျော်ဇင်တို့၊ ဝင်းသန့်တို့ ပါလာတာနဲ့ မောင်ချစ်လည်း တပျော်တပါး ဝင်ပြီး လုပ်အားပေး ဖြစ်တယ်။ ချမ်းမြသုခ အလှူကားကလည်း မောင်ချစ်တို့ အိမ်နားမှာပဲ ရပ်တော့ ရေသန့်ကတ်တွေ သယ်ရင်းနဲ့ အိမ်ရှေ့က ထွက်ကြည့်နေတဲ့ အမေ့ကို ရော့ တစ်ဘူး၊ ရော့ တစ်ဘူး ဆိုပြီး တစ်ခေါက်တစ်ဘူး ပေးခဲ့တာ အမေက စိတ်ဆိုးပြီး အိမ်ထဲ ဝင်သွားတော့ ကပြင်ကနေ မောင်ချစ် တစ်ခေါက်တစ်ဘူး ပစ်တင်ခဲ့တယ်။ ရေသန့်ကား ပြန်သွားတော့ သူ့မှာ ခုနစ်ဘူး၊ ရှစ်ဘူးလောက် ရလိုက်လို့ ပျော်လို့။ ဟုတ်တယ် လှူတဲ့သူက ယူပါ၊ ယူပါ ပေးနေမှတော့ ကိုယ်လည်း လည်သလို ယူရမှာပေါ့။ နောက်နေ့ လာမပေးရင် ဘာနဲ့ ရေသောက် ရမှာတုံး။ မိုးရွာတုန်း ရေခံဆိုတဲ့ စကားပုံ ရှိတယ် မဟုတ်လားလို့။

ညနေကျတော့ ထမင်းထုပ်ဝေတဲ့ ကားတွေ ရောက်လာပြန်တယ်။ သဘာဝ အန္တရာယ် ကျရောက်ပြီး ရေဘေးဒုက္ခ ရောက်နေတော့ ဒီရပ်ကွက်ဖြစ်ရင် ဟိုရပ်ကွက်က ကူ၊ ဟိုရပ်ကွက်ဖြစ်ရင် ဒီရပ်ကွက်က ကူနေကျ ထုံးစံလေ။ ထမင်းထုပ်တွေ၊ လိုက်ဝေနေပြီ ဆိုတော့ မောင်ချစ်က အိမ်ထဲမှာ။ ထမင်းထုပ်တွေ ကိုင်ထားတဲ့ အလှူရှင်တွေက အမေ့ကို ဒီအိမ်က အိမ်သား ဘယ်နှစ်ယောက်ပါလဲလို့ မေးနေသံ ကြားတယ်။ အမေက နှစ်ယောက်လို့ ဖြေသံကြားတယ်။ ခဏနေတော့ အမေရဲ့ထမင်းထုပ်ဝေတဲ့ အလှူရှင်တွေ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ ဆိုတဲ့ ဆုတောင်းသံ ကြားရပြီး အမေ နောက်ဖေးချောင် ဝင်သွားတော့ မောင်ချစ် လှစ်ခနဲ အပြင်ထွက် သွားတယ်။ ရေဒူးဆစ်လောက် ရှိတဲ့ လမ်းပေါ်မှာ ထမင်းထုပ်တောင်း သယ်လာတဲ့ လူတွေ တစ်သုတ်ပြီး တစ်သုတ် လာနေကြတယ်။ ညီအစ်ကို မသိတသိ၊ မိုးမိုး မှောင်မှောင် အချိန်မှာ မောင်ချစ်က ထမင်းထုပ်တောင်းနား တည်တည်ငြိမ်ငြိမ် ကပ်သွားပြီး

“အစ်မကြီး ကျွန်တော်တို့အိမ် ထမင်းထုပ် မရသေးလို့ ခင်ဗျ။ အဲဒါ ပေးပါဦး”
“ဪ၊ အင်း ရှင်တို့အိမ် ဘယ်နှစ်ယောက်လဲ”
“သုံးယောက် ခင်ဗျ”
“ရော့၊ ရော့ သုံးထုပ်”

မောင်ချစ် လွှတ်ပျော်သွားတယ်။ ထမင်းထုပ် သုံးထုပ် ဆွဲပြီး အိမ်ပြန်လာတယ်။ အိမ်မှာ အမေက ဝေသွားတဲ့ ထမင်းထုပ်ကို ဖြေပြီး မောင်ချစ်ကို စောင့်နေတယ်။

“ဟဲ့ သား၊ ဒီမှာ ရပြီးသား”
“ထပ်ပေးလို့ ယူလာခဲ့တာ အမေရေ။ ဟာ ကြက်သားဟင်းတွေဗျ။ ပွတာပဲ။ ဒီညတော့ ထမင်းစား ကောင်းပြီးဗျို့”

ထမင်းထုပ် သုံးထုပ်ထဲက ကြက်သားတွေချည်း ရွေးနှိုက်စားပြီး ထမင်းတွေကို နောက်ဖေးက ရေတွေထဲ ပက်ခနဲ လွှင့်ပစ်လိုက်တဲ့ မောင်ချစ်ကို အမေက မျက်နှာထားနဲ့ ကြည့်နေလို့ မောင်ချစ် အမြန် အိပ်ရာထဲ ဝင်လိုက်ရတယ်။

နောက်တစ်နေ့ မနက်ကျတော့ မောင်ချစ်ကို ကာလသားခေါင်း ကိုမိုးကြီးတို့၊ ကျော်ဇင်တို့၊ ဝင်းသန့်တို့က တစ်ပြုံကြီး လာခေါ်ကြတယ်။ ဘာကိစ္စလဲလို့ မောင်ချစ် မေးကြည့်တော့ ခါးလောက်ထိ နစ်နေတဲ့ ရပ်ကွက် အစွန်းပိုင်းက အိမ်တစ်ရာလောက် အတွက် ထမင်းထုပ် လေးရာလောက် ဓမ္မာရုံမှာ စုချက်ပြီး မနေ့ညကလို ဝေကြမှာတဲ့။ ရေနည်းနည်းပဲ နစ်တဲ့ မောင်ချစ်တို့ အပိုင်းတော့ မပါဘူး။ ဒါကြောင့် ကာလသားတွေ စုခေါ်ပြီး ထမင်းချက် ကြရမှာ။

“ဘာဟင်းတွေနဲ့တုံး”
“ကြက်သား၊ ငါးပိကြော်၊ သရက်ချဉ်နဲ့တဲ့။ ရပ်ကွက်ထဲက ကျောက်ကုန်သည် တစ်ယောက်က စေတနာပေါက်ပြီး ငွေထုတ်ပေးတာ။ တို့က ထမင်းချက်ရမှာ”
“ထမင်းချက်တာက ဟုတ်ပါပြီ။ ငါတို့သောက်ဖို့၊ ထုံးစံအတိုင်းပဲလား ဟေ့ကောင်တွေ”
“မင်းကလည်းကွာ၊ ပူမနေစမ်းပါနဲ့။ ပေးတော့လည်း ပေးပေါ့။ မပေးတော့လည်း ထုံးစံအတိုင်းပေါ့”

ကာလသားတွေ၊ စကား တပြောပြောနဲ့ ဓမ္မာရုံ ရောက်လာတယ်။ ဓမ္မာရုံမှာ ကြက်သွန်လှီးတဲ့၊ ငရုတ်သီးထောင်းတဲ့ ကောင်မလေးတွေနဲ့ ရှုပ်နေတယ်။ ကိုမိုးကြီးက နေကလည်း ပူလိုက်တာကွာ ဆိုပြီး ကြက်သားအိုးကို အရိပ်ရတဲ့ ဓမ္မာရုံနဲ့ မျက်နှာချင်းဆိုင်က ဦးတင့်ဆွေအိမ်ဘက် ကူးခဲ့ကြတယ်။ ဦးတင့်ဆွေအိမ်က မန်ကျည်းပင်ရိပ်ကြီးနဲ့ အေးတယ်လေ။ ဦးတင့်ဆွေအိမ်မှာ ကြက်သားတွေ ရေဆေးရင်းနဲ့ ကိုမိုးကြီးက ဟန်း(မ)ဖုန်း ခါးချိတ်ပြီး ဓမ္မာရုံရှေ့မှာ ရပ်ကွက်လူကြီးတွေနဲ့ စကားပြောနေတဲ့ အလှူရှင်ကို စောင့်ကြည့်ရင်း

“ကိုကြီးတင့်ဆွေ၊ အိုးတစ်လုံး ပေးဗျ” လို့ လှမ်းတောင်းတယ်။ အိုး ရောက်လာတော့ ရေဆေးနေတဲ့ထဲက ကြက်သား တစ်ပိဿာလောက်ကို အိုးထဲကို ခွဲထည့်လိုက်ပြီး ဦးတင့်ဆွေက နောက်ဖေးကို ယူသွားတယ်။ ကိုမိုးကြီးက

“အလှူရှင်က တို့ဖို့ စဉ်းစားပေးမယ့်ပုံ မပေါ်ဘူးကွ။ စောစောစီးစီး ယူထားရမယ်။ ဦးတင့်ဆွေက ကိုယ့်လူကွ။ ငါ ဒါကြောင့် ဒီဘက် ရွှေ့လာတာ”
“ဒါပေါ့ဗျ။ ကျုပ်တို့က ရပ်ရေးရွာရေး လုံခြုံရေး ကိစ္စတွေ အကုန် တာဝန်ယူထားတဲ့ ကာလသားတွေပဲ။ အခုလည်း ကျုပ်တို့ မချက်လို့ ဘယ်သူ ချက်မှာတုံး။ ဒါတော့ ယူရမှာပေါ့ဗျာ”
“ကဲ မီးမွှေးပြီဟေ့။ အရက် ဘယ်သူ သွားဝယ်မှာတုန်း။ တစ်ယောက်က ဦးတင့်ဆွေတို့ မီးဖိုမှာ ကြက် သွားကြော်”

ဒီလိုနဲ့ ထမင်း တစ်အိုးပြီး တစ်အိုး ချက်ကြတယ်။ ကြက်သားဟင်း ချက်ကြတယ်။ ဦးတင့်ဆွေ အိမ်ထဲ ဝင်လိုက်၊ ထွက်လိုက်နဲ့ အရက်နဲ့ ကြက်ကြော် မြည်းကြတယ်။ တောင်းထဲမှာ ဖက်တွေခံပြီး ထမင်းတွေ လောင်းထည့်၊ အအေးခံ၊ ထမင်းထုပ် ထည့်တဲ့ အလုပ်ကို ရပ်ကွက်ထဲက ကာလသား၊ ကာလသမီးတွေ စုပေါင်းပြီး လက်သွက်သွက်နဲ့ လုပ်လိုက်ကြတာ။ ညနေ လေးနာရီ ခွဲပြီးမှ ထမင်းထုပ်တွေ အားလုံး ပြီးသွားတယ်။

“ကဲဟေ့၊ ကဲဟေ့ ထမင်းထုပ်တောင်းတွေ ကားပေါ်တင်ဟေ့၊ ကောင်မလေးတွေ၊ ကောင်လေးတွေ အကုန်တက် ကားသုံးစီးပေါ် မျှတက်၊ အကုန်လိုက်ပြီး ဝေရမှာ”

ရပ်ကွက်လူကြီးရဲ့ ဆော်ဩသံ အဆုံးမှာ မောင်ချစ်က ထမင်းထုပ် တောင်းထဲက ထမင်းထုပ် ခုနစ်ထုပ်ကို လက်မြန်၊ ခြေမြန် နှိုက်ယူပြီး ဦးတင့်ဆွေအိမ် နောက်ဖေးကို ဝင်သွားတယ်။ ကိုမိုးကြီးက အလှူရှင်နား ကပ်သွားပြီး

“ဆရာ၊ ကျွန်တော်တို့ ထမင်း မစားရသေးဘူး ခင်ဗျ။ အဲဒါ ထမင်းထုပ်လေး ပေးပါဦး”
“ယူထားလေ။ လုံလောက်အောင် ယူ”

ကိုမိုးကြီးကလည်း ထမင်းထုပ် ခုနစ်ထုပ် ထပ်ယူပြီး ဦးတင့်ဆွေအိမ် နောက်ဖေးကိုပဲ ဝင်သွားပြန်ရော။ ဟိုရောက်တော့ ထမင်းထုပ်တွေ ဘယ်နား ချရမှန်း မသိတဲ့ မောင်ချစ်နဲ့ ဆုံကြတယ်။ နောက်ဆုံး ထမင်းစားပွဲပေါ် တင်ပြီး အုပ်ဆောင်းနဲ့ အုပ်ထားခဲ့ကြတယ်။

“ခွေးများ စားမလား၊ စိုးရိမ်ရတယ်ဗျာ”
“ရပါတယ်ဗျာ။ အုပ်ဆောင်းနဲ့ အုပ်ထားခဲ့တာပဲ။ မစားနိုင်ပါဘူး”

သူတို့ ထွက်တော့မယ့် ကားပေါ် ပြေးတက်ပြီး ထမင်းထုပ် ဝေဖို့၊ လိုက်သွားကြတယ်။ ဝေရမယ့်နေရာ ရောက်တော့ ခါးလောက်နစ်တဲ့ ရေထဲကို ဆင်းပြီး အိမ်လေးတွေထဲ အထိ ဝင်ပြီး ဝေကြတယ်။ တဖြည်းဖြည်းနဲ့ မောင်ချစ်တို့ ရပ်ကွက် အဆုံးနားကို ရောက်လာတယ်။ ရှေ့မှာ အင်းရေပြင်ကြီးပဲ ရှိတော့တာ။ ဒီလမ်းသွယ်လေး နောက်ဆုံးပဲ။ လမ်းသွယ်လေးက အိမ်လေး ခုနစ်အိမ်လောက် ရှိတယ်။ မောင်ချစ်တို့ ကိုင်ထားတဲ့ (တောင်းထဲမှာ) ထမင်းထုပ်က ဆယ်ထုပ်လောက်ပဲ ကျန်တော့တယ်။ လမ်းသွယ်လေး ထိပ်က အိမ်ရှေ့ကပြင်မှာ အမျိုးသမီး တစ်ယောက်နဲ့ ကလေးနှစ်ယောက် ငုတ်တုတ်ကလေးတွေ ထိုင်ပြီး မောင်ချစ်တို့ကို ငေးကြည့်နေကြတယ်။ အိမ်ပေါ်မှာလည်း နောက်ထပ်လူရိပ် မမြင်တော့ မောင်ချစ်က “သုံးထုပ်ဟေ့” လို့ အော်လိုက်တာနဲ့ ကိုမိုးကြီးက ထမင်းထုပ် သုံးထုပ် နှိုက်ပြီး အမျိုးသမီးကို ပေးလိုက်တယ်။ အမျိုးသမီးက လှမ်းမယူဘဲနဲ့ “တစ်ထုပ်တည်းပဲ ပေးပါရှင်။ ကျွန်မတို့ သားမိတစ်တွေ မျှစားရင် လောက်ပါတယ်။ ရှင်တို့မှာ ထမင်းထုပ် နည်းနေပြီ။ ဟိုဘက်က အိမ်ကလေးတွေကို ရောက်အောင် ဝေပေးပါနော်။ သူတို့ တစ်နေ့လုံး ဘာမှ မစားကြရသေးလို့ပါ”

အားလုံး ကြက်သေသေပြီး ငြိမ်သက် သွားကြတယ်။ အမျိုးသမီးက ထမင်း တစ်ထုပ်တည်း လှမ်းယူသွားပြီး အိမ်ပေါ် တက်သွားတယ်။ ကလေးတွေကလည်း တိတ်တိတ်ဆိတ်ဆိတ် ဝင်သွားကြတယ်။ ကိုမိုးတို့ ဆက်သွားကြပေမဲ့ မောင်ချစ် နေရာက မရွေ့ဘူး။ သူ့မျက်စိထဲမှာ သူ ပက်ခနဲ သွန်ပစ်လိုက်တဲ့ ထမင်းထုပ်တွေရယ်၊ ဦးတင့်ဆွေ အိမ်မှာ ထိုးကြိတ် ထားပစ်ခဲ့ရတဲ့ ထမင်းထုပ်တွေရယ်ကို မြင်နေတယ်။ မျက်နှာတွေလည်း တရှိန်းရှိန်း ပူလာတယ် ထင်ရတယ်။ မျက်နှာကနေ အပူရှိန်က တဖြည်းဖြည်း အောက်ကို ဆင်းပြီး ခါးထိနေတဲ့ ရေတွေတောင် တပွက်ပွက် ဆူလာမလားလို့ ထင်ရလောက်တဲ့ အထိ အပူရှိန်က ပြင်းထန်နေတယ်။ တဖြည်းဖြည်း မှောင်စပျိုးလာပြီ၊ နေကလည်း ဝင်တော့မယ်။ ဘာပဲ ဖြစ်ဖြစ်လေ၊ မောင်ချစ်က မျက်နှာတော့ ပူတတ်ပါသေးတယ်။

-------------------------
ယဉ်ယဉ်နု (မန္တလေး)
ရွှေအမြုတေ၊ ဇွန်လ၊ ၂၀၁၂။
Credit -  မြို့သာသားဘလောခ့်

No comments:

Post a Comment