Mar 26, 2018

တာရာမင်းဝေကဗျာပေါင်းချုပ်

တာရာမင်းဝေ ကဗျာပေါင်းချုပ်
____________________
|ပထမပိုင်းမှ ပဉ္စမပိုင်းအထိ|
|       ကဗျာ{51}ပုဒ်        |
__________________copy

သတိရကြောင်း
~~~~~~~~

မှော်ဆရာရေ...
စက်ရုပ်တစ်ရုပ်ရဲ့ရင်ဘတ်မှာ
ဝိညာဉ်ကိုကော်နဲ့ကပ်ပြီး
လူဖြစ်အောင်...ငါ အသက်သွင်းဖူးတယ်

မီးခြစ်ကျောက်ကိုလက်သည်းနဲ့
ပွင့်ထွက်အောင်တောက်
မီးတောက်ကို ခါးက လိမ်ချိုး
စီးကရက်သောက်ရင်း သူ ချောင်းဆိုးဘူးတယ်

သူ့ ခြေထောက်အတွက်
သူ့ဖိနပ်အတွက်
မြေပြင်သက်သက်ခင်းပေးစရာမလို
"ကြယ်ကိုကြယ်နဲ့ရံမတဲ့"
သံအိမ်မက်ကြီးနဲ့
ပင်လယ်ရေပွက်ထဲက...ည...
အားလုံးကို သူ အပိုင်ရတယ်

ပထမတော့...
လကို ခိုစီး
ကောင်းကင်ကြီးနဲ့တွဲက
စက္ကူဂီတာ တစ်လက်ပိုက်ပြီး
ပျော်လိုက်ရတာ

နောက်မှ...
စကြာဝဠာ ရဲ့
မဟာတွင်းနက်ထဲကို
လက်ခနဲခုန်ချ
သူ… ဘယ်ဆီကျသွားသလဲ

ကဲ...မှော်ဆရာ
အပိုင်းပိုင်းအတစ်တစ်
သက္ကရာဇ်တို့ မပြိုခင်မှာ...
''သုည'' တစ်လုံးထဲရှိတဲ့
သူ့ရဲ့ တယ်လီဖုန်းနံပါတ်ဆီ...ဆက်ပေးပါ...

ဘာပဲဖြစ်ဖြစ်
ပဆစ်အိမ် ဝင်္ကပါပျက် နက္ခတ်ပျံရာည...
ငါ… သူ့ကို"သတိရကြောင်း" ပြောပြပေးပါ..

:::::::::::::::::::::ACT:::::::::::::::::::::::

မာယာ
~~~~

သူရှာနေတာက
သူရဲ့“ နှင်းဆီပွင့်” တဲ့
[ဟုတ်မဟုတ်တော့မသိဘူး]

တိတ်တိတ်လေး ရွေ့လျားလာရင်း
နောက်ဆုံးမှာ သူဟာ….
မှော်ရုံကို ရင်ဖွင့်ကြည့်လိုက်တယ်
[ဘာကို မြင်သလဲဆိုတာ မပြောဘူး]

အဲဒီလိုနဲ့
သိန်းခိုမြို့ကြီးလည်း
မီးပုံထဲကို တရူးထိုးခုန်ချ
[မျက်မြင်သက်သေမရှိဘူး]
ဒါပေမယ့် သေချာတယ်

သူကတော
သူ့အမြင်အတိုင်း ပြန်ပြောပြတယ်
“စကြဝဠာက
နှင်းဆီပွင့်လေးကို မြိုချလိုက်တာ”တဲ့
[အဲဒီနောက် သူထွက်ခွာသွားလေရဲ့
နားထောင်ကြည့်လေ
အခုတောင်မြင်းခွာသံတွေကိုကြားရသေးတယ်]

:::::::::::::::::::::ACT:::::::::::::::::::::::

သံဆူးကြိုး
~~~~~~

အခုလို တိမ်ခိုးရာသီ တစ်ခုပြီးတစ်ခုတိုင်အောင်
ကြာ ….. ခဲ့ ……. တယ်

သီချင်းတွေနဲ့ ကိုယ့်ကိုယ်ကို ကုတ်ခြစ်
ဂစ်တာပျော့တစ်လက်လိုလည်း ဆန့်မော့ညွတ်ကွေး
သူ့နာမည်ကို
ခွေးရေ ပုရပိုဒ် မှာမရေးဘူးလို့လည်း
ငြင်း …….. ခဲ့ ……….. တယ်

နားလည်ပါရဲ့ကွယ်
နှင်းဆီဖြူဆွတ်လေးတစ်ပွင့်အတွက်
ဒီလောက်တော့ ရင်နင့်ပေးရမှာပေါ့

ရိုးရိုးစင်းစင်း ခလုတ်တိုက်လဲ ခဲ့တာပါ
အစိပ်စိပ်အမြွှာမြွှာ ကွဲပြီးကာမှ
လမင်းပြန်လုပ်ရမှာမို့
နည်းနည်းတော့
ကြာမယ် … ကြာ..လိမ့်..ဦးမယ်

အဲဒီလိုနဲ့
သံဆူးကြိုးရသကို စိုက်ပျိုးခံစား
ငါ့တောင်ယာလေး စကားနည်း နေတုန်းပဲကွယ်

:::::::::::::::::::::ACT:::::::::::::::::::::::

ပူဖောင်းကွဲသူ   
~~~~~~~~

ဟိုတုန်းကတော့
ပူဖောင်းကလေးတွေလို ဖြူမွေ့ပါးလျား
အဲဒီနွေရာသီလေးကို
ဘယ်သူမှ ခိုးမစားခဲ့ကြဘူး

မြို့ကလေးရဲ့ ရင်ဘတ်ကို ကြယ်သီးဖွင့်ပြီး
ကြည့်လိုက်ရင်
တိမ်တွေကို ဘယ်တော့မှ တွန်းမလှဲတတ်တဲ့ ကောင်းကင် မြင်ရတယ်

နောက်တော့လည်း ကျွန်တော်တို့တတွေ
ကျွတ်ကျွတ်ရွရွ ဝေးကွာသွား
ဘဝသံသရာဟာ သီချင်းထဲကလို
ရထားကြီး မဟုတ်တော့ဘူး
အကိုင်းချင်း မတူပေမယ့် ဒီအတိုင်း
ပွင့်ကြလိမ့်မယ်လို့ ကျွန်တော် ထင်မှတ်မှားခဲ့

မြို့ကလေးကို သတိရမိတဲ့တစ်နေ့
ကိုယ့်ကိုယ်ကို သတိမရတဲ့
နယ်လွန်သားတွေပြန်လည် ဆုံတွေ့ကြ
မေမေရယ်
ပူဖောင်းကို မန်းမှုတ်သလို မှုတ်ခဲ့မိတဲ့အတွက်
ကျွန်တော်ဟာ ဝလုံးတစ်လုံးစာ
စိမ့်ပြီး ရှက်ခဲ့ရပေါ့

အဲဒီမှာ
တချို့ဟာ ရယ်သလိုမောသလို
အမှောင်ပွက်ပွက်ထ
တချို့ကျတော့လည်း
လိမ္မာပါးနပ်လွန်းတဲ့ အလင်းတန်းကြီး
အမြီးနှစ်ခွနဲ့

မေမေ
အားလုံးက မမှားရအောင် ကျွန်တော်ကပဲ မှားပေးလိုက်ပါတယ်
ဘာပဲဖြစ်ဖြစ်
အဲဒီပူဖောင်းလေးကို အသစ်ပြန်မှုတ်ဖို့
နက်ဖြန်ခါမှာ မြို့ကလေးဆီ
ကျွန်တော်ဆက်ဆက်ပြန်လာမယ်

:::::::::::::::::::::ACT:::::::::::::::::::::::

ဆောင်းနှောင်းရာသီရဲ့ တေး
~~~~~~~~~~~~~~~

ရွှေမင်းသမီးလေးရေ

သိပ္ပံကျေးရွာထဲမှာ
မီးဂါထာတစ်ပုဒ်နဲ့ အသက်သွင်းခဲရတဲ့
အလင်းဓား တစ်လက်လို
မင်းရဲ့ အိပ်မက်လေးတွေ ဝင်းပဖြူမွှေးနေပါစေ

ကိုယ့်အိပ်မက်တွေကတော့
ကျောက်ကောင်းကင်ကြီးဆီ ပြေးတက်ဖို့
စစ်မြင်းရထားလို ဒုန်းစိုင်းဖို့
ပါးသိုင်းကြိုးကိုလည်း ကိုက်ခဲ့ပြီးပြီ
ဆူးဘီးစက်ဝိုင်းတွေလည်း တပ်ခဲ့ပြီးပြီ

ကိုယ်...သွားတော့မယ်
[ပြန်မဆုံရမှာကတော့ သေချာပါတယ်]

လပြည့်ဝန်းတောင် ငြင်းတဲ့ကောင်
နတ်စိမ်း အရိုင်းတွေကြားမှာ
ဂစ်တာသံပြာလဲ့လဲ့နဲ့ လွမ်းနေမယ့်ကောင်
ကိုယ်တစ်ယောက်တည်း
မိုးကြီးမှောင်ရဦးမှာပေါ့ကွယ်

:::::::::::::::::::::ACT:::::::::::::::::::::::

သေနေတဲ့ကဗျာ
~~~~~~~~~

လွမ်းတယ်
သက်တံရဲ့ အဲဒီဘက်အခြမ်းလေးကို လွမ်းတယ်
မပြယ့်တပြယ်နဲ့
လူနံ့သင်းရတာကိုလည်း မုန်းတယ်

စိတ်ထဲမှာ မီးစုန်းတွေ အခါခါပွက်ခဲ့
ကျဉ်းကျဉ်းကလေး ဆိုပေမယ့်
ကိုယ့်တွင်းကို ကိုယ်တူးခဲ့တယ်

ဘယ်တုန်းကမှ မဖူးပွင့်ခဲ့သလို
နှစ်တွေဟာ ပွတ်ကာသီကာ ကြာခဲ့ပြီ

ဝေးရမှာက
ိုစပယ်တစ်ပွင့်စာလောက် ကြိုသိပါရဲ့
ဒါပေမယ့်
ပူအိုက်စွတ်စိုတဲ့ အဲဒီလမ်းကလေးမှာ
ကျွန်တော်တို့ အတူတူမိုးခိုခဲ့ကြပါတယ်

အရှုံးကို ဘယ်လို
သဲကန္တာရတွေနဲ့ ခြယ်မှုန်းရမှာလဲ ပြောပါ

ဝန်ခံပါတယ်
ဆောင်းမြအမှုန်တွေကို တွေ့တိုင်း
တလဲ့လဲ့ ပြေးကောက်
'တစ်ခွက်တည်းပါ' လို့ ပြောဆိုခွင့်တောင်းပြီး
ကျွန်တော်က ပင်လယ်အဟောင်းကို
ခပ်သောက်ချင်နေတုန်းပဲ

:::::::::::::::::::::ACT:::::::::::::::::::::::

မြေမှုန်တောလား
~~~~~~~~~~

အူဝေ လွင့်လူးနေတဲ့ မြူမိုးတွေ အောက်မှာပဲ
သူပြန်ခွင့်ရခဲ့တယ်

အို ဘုရားသခင် ..
မြေဆီသို့ တိုးဝင်လာပြီဖြစ်သော
သူ့ကို မြင်ပါ

သူဟာ
လူသားအရည်ပြားနဲ့ တည်ဆောက်ထားတဲ့
'နေမြင်လမြင်' လူသားတစ်ယောက်ပါပဲ

သူ့ကို
ကုလားအုတ်တွေ မိုးဝင်ခိုလိုက်ကြတယ်လေ

:::::::::::::::::::::ACT:::::::::::::::::::::::

သွေးနွေး သတ္တဝါတစ်ကောင်အကြောင်း
~~~~~~~~~~~~~~~~~~~~~

[င့ါရဲ့ ဘဝကို
လခြမ်းလို ဆွဲကွေ့လိုက်ကြတယ်]
င့ါဆီ...ငါပြန်ရောက်ပါတော့မလား...
မြေပုံကြမ်းကိုကြည့်ပြီး
လှမ်းလျောက်နေရတာ...မောလှပြီ

င့ါကို...ယုံပါ
ငါဟာ...
လမ်းကူးရင်တောင်
မျဉ်းကြားက ဖြတ်ကူးတတ်တဲ့
ခွေးလေခွေးလွင့် တစ်ကောင်ပါ

ငါ...မပစ်ခတ်ခဲ့ပါဘူး
လေးကြိုးဆွဲရင်း
လက်ထဲက လွပ်ထွက်သွားတာပါ
င့ါကို...ယုံပါ

လူတွေဆီက မတောင်းခဲ့ပါဘူး
ဘုရားက မပေးဘူးဆိုရင်တောင်
ဘုရားဆီကပဲ တောင်းခဲ့သူပါ
င့ါကို ယုံပါ

[ဖိနပ်စီး မထားတဲ့ ကလေးငယ်လိုပဲ
ဘယ်သူကမှ
အိမ်ထဲဝင်ဖို့ င့ါကို မဖိတ်ချင်ကြဘူး]

လက်တစ်ဖက်နဲ့
ခေါ်လို့မရတဲ့ ကောင်းကင်
လက်နှစ်ဖက်နဲ့ လှမ်းခေါ်တော့လည်း
အရာမထင်ဘူး

ငါ...တတ်တဲ့ မြေကြီးစကားနဲ့
ကောင်းကင်ကြီး နားလည်အောင်
......ပြောမပြနိုင်ခဲ့ဘူးကွယ်

:::::::::::::::::::::ACT:::::::::::::::::::::::

မျော်သူ
~~~~

အပြစ်ရှိလျှင် ခွင့်လွပ်တော်မူပါ
မိုးရေချိန်ကျဲပါးသော
ရာသီဥတု အလွတ်တစ်လုံးထဲတွင်
ကျွန်တော် ဝင်ပုန်းခဲ့ရဖူးပါသည်

အပြစ်ရှိလျှင် ခွင့်လွပ်တော်မူပါ
ဤပေါက်ချွန်းဖြင့် တစိုက်စိုက် တူးရင်း
ဟင်းလင်းပြင်ထဲတွင် ညပ်နေသည့် သစ်သီးတစ်လုံးကို
ကျွန်တော် ခူးခဲ့မိပါသည်
ထိုသစ်သီးမှာ ပြာသောရနံ့ ရှိပါသည်

အပြစ်ရှိလျှင် ခွင့်လွပ်တော်မူပါ
သို့တည်းမဟုတ်...အပြစ်ယူတော်မူပါ...

မည်သို့ပင်ဖြစ်စေ
သင် လာသောအခါတွင် တိုက်ကြွေးရန်အတွက်
အေးချမ်းတတ်သော သောက်ရေဖြူဖြူတစ်ခွက်ကို
ဤလက်များဖြင့် ခပ်ယူခဲ့ပြီး ဖြစ်ပါသည်

မည်သို့ပင်ဖြစ်စေ
ကျွန်တော်ကတော့ မျော်နေမည်ဖြစ်ပါသည်

:::::::::::::::::::::ACT:::::::::::::::::::::::

ပြုစားခဲ့တဲ့သူ
~~~~~~~

မနေ့ကမှ ကိုယ့်ကိုယ်ကိုငုံ့ကိုင်းကြည့်မိရဲ့
ကျွန်တော့်ရဲ့ ဝင်သက်ထွက်သက်ကလေးတောင် အရပ်အတော်မြင့်ခဲ့ပြီ

လမ်းထိပ်က သွေးနွေးသတ္တဝါတွေအတိုင်းပါပဲ
လောကဓံခွန်းကြီးခွန်းငယ်တွေကြားမှာ
ကျွန်တော်ဟာလည်း ဝူးဝူးဝါးဝါးနဲ့
လူအဖြစ် 'ပွင့်'ခဲ့ရတာပါ

တကယ်ဆို ကဗျာဟာ
အချစ်ဦးမသိအောင် ရေးရတဲ့အရာပေါ့
ကံ့ကော်နဲ့ အဖူးရောအပွင့်ရော လွဲခဲ့ရသလိုမျိုး ဘာညာဘာညာ အဲဒီလို မာယာအမှုကိုလည်း
ကိုယ်တိုင်ကိုယ်ကျ ပြုခဲ့ဖူးပြီ

တစ်ရံတစ်ခါ လေပူ အဝေ့တွေမှာတော့
လမ်းလျှောက်သူတို့ရဲ့ ဘာသာဘာဝ
တုန်ခါ ယိမ်းသွေ့ဖူးတယ်
အဲဒါကလွဲရင် သူလိုကိုယ်လို လောက်တောင် ကျွန်တော်မကွေ့ကောက်ခဲ့ပါဘူး

ကျွန်တော်နဲ့ သိုးထိန်းတို့
ခုလိုမျိုး စကားစိမ်းဆိုကြ
အော်...တစ်ခုတော့ရှိတယ်
ကျွန်တော်မပါဘဲနဲ့လည်း
ဧရာဝတီဟာ စီးမြဲစီးနေလိမ့်မယ်
အဲဒါကိုပြောဖို့ ကျန်ခဲ့တယ်

:::::::::::::::::::::ACT:::::::::::::::::::::::
တာရာမင်းဝေ ကဗျာပေါင်းချုပ်
_____________________
|ဒုတိယပိုင်းမှ ကဗျာ{10}ပုဒ်|
_____________________

ချစ်သူ သို့[1]
~~~~~~~

သံချေးတစ်ထပ် ရွှံ့တစ်ထပ်မို့
သူတို့ရဲ့ စိတ် အတင်အချကို
မင်း...ဘယ်လိုမှ ဖတ်ရမှာ မဟုတ်ဘူး

အာငွေ့မှုတ်သံတွေကြားမှာပဲ
ရယ်ကာ မောကာ တစ်နွေလုံးပိတ်
ကိုယ့်ယဉ်ကျေးမှုနဲ့ကိုယ် အိပ်ပစ်လိုက်ပေါ့ကွယ်

ချစ်သူရေ
လောက မာယာဆိုတာ
အတီးခံရတဲ့ ဗုံတွေရဲ့ ဂီတပါပဲ

စစ်တုရင် တစ်ပွဲလုံးကို
ဆွဲမှောက်ခံလိုက်ရပေမဲ့
...ဘာဖြစ်လည်း
ဝမ်းမနည်းကြေး တို့တွေ ရွာသွန်းကြရုံပေါ့

ယုံကြည်ထားစမ်း
ရေငွေ့ ရေခိုးကလည်း
ပင်လယ်ကို ပစ်ပေါက် စိုက်ပျိုးနိုင်တယ်ဆိုတာ

:::::::::::::::::::::ACT:::::::::::::::::::::::

ချစ်သူ သို့[2]
~~~~~~~

ကံကြမ္မာက
အနက်ရောင် လေးကိုင်းကြီး လွယ်ပြီး
ဆိုင်ထဲ ဝင်လာတယ်

အခြားမှာ စားပွဲလွတ်တွေရှိလျက်နဲ့
ငါတို့စားပွဲမှာ လာထိုင်ပြီး...
'အိပ်မက်အသေတစ်ပွဲ'...လို့ လှမ်းမှာတယ်

နတ်ဆိုး အဝါတွေ
ပျံသန်းခုတ်မောင်းလာသံကိုလည်းကြားရရဲ့
ရင်ခွင်မှာ မီးတောက်တန်းလန်းနဲ့
မိုးတွေ ချုန်းအောင် သူတို့ လွမ်းပြပလေ့စေ

မျက်တောင်ကော့လေးရေ
မြေပြင်ပေါ်မှာ ကိုယ်နဲ့ နေရစ်ခဲ့...!မလိုက်နဲ့

မြင်းသည်တော်တွေနဲ့...
...ကျော်မတတ်နိုင်တဲ့ အရပ်ကို
ငါတို့ ပြေးထွက်ကြမယ်
သစ်သီးခွံ သောက်ရေဘူးတစ်လုံးနဲ့...
ကောင်းကင်ဓားသွား အဆုံးအထိ
ငါတို့ စီးနှင်လိုက်ကြတာပေါ့

:::::::::::::::::::::ACT:::::::::::::::::::::::

ချစ်သူ သို့[3]
~~~~~~~

မြေကြီးဖြစ်မှတော့
'မိုးလွတ်ပါ့မလား'လို့ တွေးမနေနဲ့တော့
ချစ်သူရေ. . .တို့တွေ ပေခံလိုက်ကြစို့ရဲ့

မသေချာတာတွေက အများကြီးပဲ
ဒါပေမဲ့
သေချာတာလေးတွေလည်း ရှိတတ်လို့
တို့...စောင့်...ရ...ဦး...မယ်...

[မကြာခင်မှာ...
လင်းရနံ့တွေ ဝေလာမှာပါပဲ
ကိုယ်ယုံတယ်…]
ဘယ်သူမဆို
မနက်ဖြန်ခါကိုတော့ နေထွက်ခွင့် ပေးရမယ်လေ

:::::::::::::::::::::ACT:::::::::::::::::::::::

ချစ်သူ သို့[4]
~~~~~~~

ဒီမြေမှာ
ချစ်သော ဝါးရနံ့တို့ လင်းသုန်နေကြပြီ

ငါ ဆောင်းချင်တဲ့ ထီးကလေးရေ...

မိုးသွန်ရာသီအတွက်
မကြာခင်မှာ တို့တွေ ထွန်ရေးဝင်ကြမယ်

ရင်ကို
တောက်စားတတ်တဲ့ ကောက်ပဲသီးနှံများလို
ငါတို့လည်း
အချင်းချင်း ဝင်းမှည့်တွယ်တာကြမယ်

'နက်ဖြန်ခါ'ဆိုတာ
နေဝန်းက အသစ် ထပ်ရေးပေးတဲ့ ကဗျာပဲ
ဘယ်လို လက်တွေကမှ ဆွဲမဖြဲနိုင်ဘူးကွဲ့

သစ်ပင်အိုအောက်က နတ်ကွန်းမှာ
ဖရောင်းမီးရှူးတစ်တိုင်...ငြိမ်သက်ညှိထွန်းရင်း
ဒီဆောင်းတွင်းကို...
......တို့တွေ......အလင်းခိုပြီး......စောင့်မယ်

:::::::::::::::::::::ACT:::::::::::::::::::::::

ချစ်သူ သို့[5]
~~~~~~~

သုံးဆယ်ကျော်တာတောင် မလိမ္မာဘူး
ဒီအရွယ်ကြီး ရောက်ကာမှ...
စိတ်ထဲက...စာမေးပွဲ'ကျ'တယ်
ညီမလေးရယ် ငါ့ကို ရိုက်ပါ

နီကိုရဲ ထွန်းဝေမြင့်...စသဖြင့် ပြန်သွားကျပြီ
ဘယ်ဆီကိုသွားဖို့ ငါက ကျန်နေခဲ့တာလည်း...

ကိုယ့်ကိုယ်ကိုယ် တစ်ခန်းလုံး မီးဖွင့်ပြီး
ကပိုကရို'ပွင့်'လိုက်တယ်
ညီမလေးရယ်..စိတ်ထဲမှာ..စာမေးပွဲ'ကျ'တယ်

တစ်ကယ်တော့လည်း
'လောကဓံ'ဆိုတာ ကိုယ်ခံစားမှ ဖြစ်တဲ့ အရာပါ
လမ်းထိပ်က ခွေးကြီးထက်နည်းနည်းပဲပို'ဝါ'တယ်

ဟော
ကိုရင်တစ်ပါးက တုန်းမောင်းခေါက်သံလက်
ဆောင်ပါးတယ်
မကြာခင်[6]နာရီ
နေဝန်းဆိုက်ရောက်လာတော့မှာပါ...တဲ့

ညီမလေးရေ
မြင်းရထားတွေကို လက်ပြမတားတော့ဘူး
ကိုယ့်ဖိနပ်လေးနဲ့ပဲ ကိုယ်သွားကြမယ်
အဝေးကြီးကို ရွှေ့လျားချင်မှတော့
လမ်းတို့ရဲ့ အလျားကိုလည်း...ရင်ဆိုင်ရဲ ရမှာပေါ့ကွယ်

:::::::::::::::::::::ACT:::::::::::::::::::::::

ကျွန်တော်နှင့် ထီးကလေး
~~~~~~~~~~~~~~~

ကျွန်တော့်ကောင်းကင်သည်
မို့ပြာအုံ့မှိုင်းလျက် ရှိ၏
ကျွန်တော့် တောင်ကုန်းမှာ
ခတ္တာရနံ့တို့ ထစ်ခြုန်းပြီ

ကျွန်တော် မိုးရွာတော့မည်လောဟု
ငြိမ်သက် တွေးတောရင်း
တစ်ခါတုန်းက ထီးကလေးကို
သတိရနေမိတော့၏

:::::::::::::::::::::ACT:::::::::::::::::::::::

ကျွန်တော်နှင့် တိန်ညိုနိမိတ်
~~~~~~~~~~~~~~~

ဒီလမ်းမှာ ဘယ်သူ့ကိုမှ ခေါ်မသွားဘူးဆိုရင်တောင်
ကျွန်တော်ရဲ့ ဖိနပ်ကလေးကိုတော့ ခေါ်သွားရမှာပဲ

ကျောက်စရစ်ခဲလေးကလည်း ပြောတယ် ဖေဖေ

မြေပြင်က ဘာမှ မပြောင်းလဲပါဘူး
ခြေထောက်တွေကသာ ပြောင်းလဲ နေကြတာပါတဲ့

:::::::::::::::::::::ACT:::::::::::::::::::::::

သိဟ်ရာသီဝတ်ရုံ
~~~~~~~~~

အမုံအဖူးတွေ ဖြစ်ခဲ့ပြီးမှတော့
အပွင့် ဆက်ဖြစ်ရတော့မှာပေါ့
ဒါပေမယ့်
အဲဒီနေ့ကို ကျွန်တော့်ရဲ့ သစ်ပင်ကလေးတွေ
ပြန်ရောက်မလာကြတော့ဘူး

မျက်နှာပေါ် ဖိနပ်မချွတ်ပဲ တက်လာတဲ့အပြုံးကို
'မုန်းတယ်'
သုည ဝင်စားသလိုလိုနဲ့
ကိုယ်ကပဲ ကွေ့လျားဝိုင်းစက်
ပြီးဆုံးသည်ထိ တိုင်အောင်
အိမ်ထရံမှီပြီး ရှက်ရတယ်

ခုတော့လည်း မဆင်မခြင် လိမ္မာလိုက်ပါပြီ...
ဂီတတွေကို ပိုပိုလိုလို တီးမှုတ်ယူမသွားတော့ဘူး
မုယောအပွင့်ကလေးကိုလည်း မြေပြင်ဆီ ပြန်ပစ်ပေးလိုက်ပြီ

18း00 နာရီ
ရထားဟာ လှလှပပကြီး တံခါးဖွင့် ဝင်ရောက်လာပါရဲ့
ဒါပေမယ့်...
အဲဒီအိမ်ကလေးမှာ ဘူတာက သေဆုံးသွားခဲ့ပြီးတာ......ကြာပြီ......

:::::::::::::::::::::ACT:::::::::::::::::::::::

ကိုယ်ရေးမှတ်တမ်း
~~~~~~~~~~

ဓားရှည်တစ်လက်နဲ့အတူ
ဗျပ်စောင်း တစ်လက်ကိုပါ လွယ်ခဲ့မိတာ
ငါ မှားသွားတယ်

မီးတုတ်တွေနဲ့ ဝိုင်းရင် ကြောက်မှာ မဟုတ်လို့
[င့ါကို သူတို့...]
မင်နီလေးနဲ့ပဲ ဝိုင်းလိုက်ကြတယ်

ငါဟာ...
ဘုရားတစ်ပိုင်း...
မာန်နတ် တစ်ပိုင်း သတ္တဝါ...တဲ့...

ရပါတယ်လေ...
အဲဒီ ကောင်းကင်
အဲဒီ တောင်ကုန်း
ရဲရဲနီတဲ့ နေလုံးကို စောင့်ကြည့်ရင်းနဲ့ပဲ
...သေပေးလိုက်ပါတယ်...

:::::::::::::::::::::ACT:::::::::::::::::::::::

မနေ့က ပုံပြင်
~~~~~~~

ကျေးလက်ဟာသလောက်မှ
မပြောင်မြောက်တဲ့...လူ
ဘယ်ဘူတာရုံကမှ...သူ့ကို မယူဘူး

လမ်းမှာ...
သူ့ကို ကျောပေးထားတဲ့
ဂျစ်ပစီ ဖဲတစ်ချပ်နဲ့ ဆုံခဲ့ပါရဲ့
ဘာအပွင့်လဲလို့ သိချင်တာတောင်
လှန်မကြည့်ရဲခဲ့ဘူး

'ပြန်ကြစို့'လို့
ကိုယ့်ကိုယ်ကိုယ် လှမ်းပြောရတာ
အားနာတယ်...

အဲဒီလို
လဝန်းရနံ့တွေ မလင်းညို့နဲ့
မြို့တော်ဆီပြန်အဝင်
'မြူခြေတွေဆိုင်း
ပြာလဲ့မှိုင်း'နေတဲ့
ဆစ်ခါတုန်းက'ဆောင်း'ကို
......မြင်လိုက်တယ်

:::::::::::::::::::::ACT:::::::::::::::::::::::
တာရာမင်းဝေ ကဗျာပေါင်းချုပ်
______________________
|တတိယပိုင်းမှ ကဗျာ{10}ပုဒ်|
______________________
နွား
~~

[1]မနှင်းဆီဆိုတဲ့ကြောင်မလေးကို ပန်းဝါတစ်ပွင့်လှီးကျွေးရတယ်
[2]သံမံတလင်းပေါ် လွတ်ကျသွားတဲ့ရထား
အော်သံကို ပြန်ကောက်တယ်
[3]ဝတ်ရည်ကိုင်းတစ်ကိုင်းကို တနင်္ဂနွေနေ့နဲ့ တိုင်းပြီး ချိုးပေးရတယ်
[4]တစ်ဘဝလုံးကို လိမ်းကျံသမျှ ရွံစေးလို
ကွာကျမယ်မှန်း မသိဘူး
[5]အံ့သြစရာတော့ မဟုတ်ပါ
[6]မထားခဲ့ဖို့ဆိုင်းညှို့တောင်းပန်ရင်း...
အုန်းလက်နွားလို ကျန်ခဲ့သူပါ...

:::::::::::::::::::::ACT:::::::::::::::::::::::

လျော်ကြေး
~~~~~~

အသင့်၌
ပျိုးမကြဲသော လက်တို့သည်
ရှိကြကုန်၏......

ငါတို့၏ ကောက်ရိတ်သိမ်းပွဲသို့
အိပ်မက်ထဲ၌ပင်
သင်...လာရန်မလို...

:::::::::::::::::::::ACT:::::::::::::::::::::::

တစ်ခါကဘုရင်စော်နံခဲ့တဲ့ကောင်
~~~~~~~~~~~~~~~~~~

ပွဲတော်မှာ ငါ ရှုံးခဲ့တယ်
ငါကမှ
ဝှက်ထားတဲ့ လမင်းကို
ထုပ်မပြခဲ့ဘဲ...

လှေကို မလှော်ဘူး
ပင်လယ်ကို လှော်မယ်...
စံပါယ်တွေ အိပ်တန်းဝင်တဲ့ ကျွန်းမှာ
င့ါကိုယ်ငါ...
မီးတုတ်လို ထွန်းပစ်ရဦးမယ်...

:::::::::::::::::::::ACT:::::::::::::::::::::::

မုန့်ကြိတ်ဆုံ လုပွဲ
~~~~~~~~~

ဆီမထည့်နိုင်တဲ့ တံခါးကြောင့်
ခြေထောက်တွေ တအီအီ ဝင်လာကြ
သူတို့ မှုတ်တဲ့ စကားလုံးတွေနဲ့ပဲ
ငါ့ကို ဖောင်းကနဲ...ဖောက်ကြ…

အဲဒီလိုနဲ့ပဲ နတ်တွေကတောင်
ကစားရမလို နားရမလို
[ငါလိုကောင်အတွက်ကတော့ ပြောမနေနဲ့တော့]

သေချာတာက ငါဟာ နွေတွေလို ဆောင်းစား သတ္တဝါ မဟုတ်ဘူး
ဖြေဆေးကိုင်ပြီး ပွင့်ပေးမယ့်
ပဒိုင်းပန်းလည်း မဟုတ်ဘူး
ဒါပေမယ့် ထားလိုက်ပါတယ်
မေ့ထားလိုက်ပါတယ်...

ရှိသမျှ လင်းစရာဝေစရာလေးတွေကို
သေခိုင်းလိုက်ပြီ
ဘယ်တောင်တန်းမှာမှ သစ်ပင်နံပါတ်ပြောပြီး အမြစ်မချချင်ဘူး
သောကြာနေ့အချင်းချင်း အပျင်းခံရရင် နာတယ်...

လှံတံကခေါ်လို့ မလိုက်ရင်လည်း
ပင်အပ်ယူပြီး လာမစိုက်နဲ့
မင်းတို့ ကျေနပ်ရင်
ငါလိုမြေက နိမ့်မြဲနိမ့်ပေးလိုက်မယ်
လပြည့်ဝန်းကို
ပိန်ချွန်းချွန်း ထိုင်ကြည့်နေရရင်ပဲ...
ငါ့အတွက် ဖြစ်ပါတယ်...

:::::::::::::::::::::ACT:::::::::::::::::::::::

မိတ္တဗလဋိကာ
~~~~~~~~

လူတွေက ရေစိုပြီးပြဲနေကြတယ်...
သူတို့နေတဲ့ မြို့ကတော်ကလည်း
ဘယ်အချိန် စိုက်စိုက် မပွင့်ဘူး ဆိုတဲ့မျက်နဲ့

တစ်ယောက်ယောက်က
တကျွီကျွီ ပြုံးလိုက်တာကို ကြားသားပဲ...
ဒါပေမယ့် ငါရဲ့ အ…အာ…၏….ဤ...
အိပ်မက်ကလေးကို
နွားကျွေးပစ်ဖို့ ထွက်ခဲ့ရတယ်...

တစ်ခရီးတည်း ဆိုပေမယ့်
ကိုယ့်လှေကိုယ် စီးပြီး ပျံသန်းခဲ့ကြတာပါ...
ငါရယ်၊ ကောင်းကင်စော်နံတဲ့ လူတွေရယ်
နောက်ဆုံးကွဲသွားတယ်......

:::::::::::::::::::::ACT:::::::::::::::::::::::

အကြောင်းကြားစာ
~~~~~~~~~~

မင်း တမ်းတနေတဲ့...နတ်ဖြစ်အံ့မူးမူး
လူတွေဆီက
ကိုယ့်ကိုယ်ကိုယ် ကြိုးရှည်နဲ့လံထားတဲ့
'နွားငေါက်သံ' တွေကို ကြားနေရတယ်...

အိပ်ပါတော့ ခွေးလေးရေ...လို့
ကျောသပ်ရင်သပ် အချော့ခံရတာရယ်
လူရိုသေရှင်ရိုသေ...ကြိမ်လုံးကြီးနဲ့
တဗုန်းဗုန်းရိုက်ပြီး အခြောက်ခံရတာရယ်...
ဘာကိုမှ မတွယ်တာခဲ့ရင်တောင်...
ဘာကို ပြန်လေ့ကျင့်ရင်ကောင်းမလဲ...

ဟော...
လက်ထဲက 'တြိယာ' ကို ကိုင်ထားတဲ့
'ကတ္တား' ဝဖိုင့်ဖိုင့်ကြီးက
'ကံ' ပုဒ်လေးနောက်ကို
တခွပ်ခွပ်၊တဝုတ်ဝုတ်...အမဲလိုက်နေတယ်...

ငါကလည်း ဒူးထောင်ပေါင်ကား
နေ့လယ်ခင်းတွေကို ညည်းငွေ့တတ်တယ်

တိမ်ကွဲနေ့...အတောင်ပံတွေကို
ခြိမ့်ခြိမ့်သဲသဲ ငါ ခတ်ခဲ့တဲ့နေ့
ကောင်းကင်က ပျံသူဆိုတာ
တောလည် မကျွမ်းတဲ့အကြောင်း
အဲဒီမုဆိုးကို မိုးတသိမ့်သိမ့် ရွာပြီး
စာလုံးပေါင်းပြလိုက်တယ်...

လပြည့်စကားဝိုင်းတွေထဲက...
အနတ္တတရားတော် ခပ်ခါးခါးထဲမှာ
ငါတို့ချင်း သေချာခဲ့ကြတဲ့...
13:00 နာရီလည်း ပါဝင်နေကြပြန်တယ်
အဲဒါကို...
င့ါရဲ့ ကိုယ်ရေးကိုယ်တာ ဘုရင်မ..သို့မဟုတ်
ဘူးသီးခြောက်ချိန်မှာ ရောက်လာတဲ့
င့ါရဲ့ အရီးတော်မ...သိစေချင်လွန်းရဲ့

:::::::::::::::::::::ACT:::::::::::::::::::::::

တစ်နေ့တာ
~~~~~~~

တွေ့ကြတော့လည်း...အဲဒီသီချင်းကြီးဟာ မျက်နှာမသာမယာနဲ့
ဝို့ဝို့ဝေးဝေး အသံပြုလို့ ကျွန်တော့်ကို တံတျာတေရှင်တယ်
စိတ်ရှည် လက်ရှည် နောက်ဆုတ်ပေးပြီး နားချဉ်ခဲ့တယ်...

မရဲပဲ ရင့်တဲ့ အတင်းပြောသူတွေနဲ့လည်း ဆုံတယ်...
စာမျက်နှာကို သေနေတဲ့ ဗုံလို တီးခတ်ပြီး လက်ရုံးရေးပြတယ်
အဲဒီအချိန်မှာပဲ 'တော်တော့...တော်တော့' လို့
ကုလားအုတ်ကြီး တစ်ကောင်က
အောက်အီးအီးဝင် 'အွတ်' တယ်
ပြီးမှ သူတို့ချင်း မိတ်ဖြစ် ဆွေဖြစ် စကားဆက်များတယ်...

ကိုယ့်ကြောင့်ပဲ သူ့ကိုယ်သူ သီးခံထားသလို ဘတ်[စ်]ကားက ပြောတယ်
ဝါသနာပါတိုင်း ရွှေမန်းတင်မောင် လုပ်လို့မရမှန်း သူမသိဘူး
စာရေးကြီးကလည်း ဒသ၁န ဟပြဲနဲ့
တစ်ခရီးစာ နေထိုင်တယ်
ကျွန်တော်ကလည်း လူပဲ နည်းနည်းနဲ့ ကျဲကျဲတော့ စိတ်ညစ်တယ်...

အိမ်ရောက်ပြီ...
ကိုယ့်ကို ဖွင့်တဲ့သော့ကလေး ကိုယ်ပြန်ကောက်ရလိုက်ပြီ...
1 လ ရှိတဲ့သားကလေးက
'အေး…အေး' လို့ လှမ်းခေါင်းညိတ်တယ်...
ချမ်းမြေ့လိုက်တာကွယ်...
ခုမှပဲ အမောတွေ တဗောက်ဗောက် ကွာကျတယ်

စိတ်ချသား...
အဖေ အိမ်ကိုပြန်လာခဲ့ပြီပဲ...တခြား ဘယ်ကိုမှ မပြန်တော့ဘူး...

:::::::::::::::::::::ACT:::::::::::::::::::::::

အသံဗလံများ
~~~~~~~

A.အရင်က ဘယ်လို ဝတ်ဆံမျိုးနဲ့ မားမတ်ခဲ့တာလဲ
B.င့ါရဲ့ တစ်ဆောင်းသစ်ပွဲပေါ် နွေကောင်ကြီး လဲကျလာတယ်...

A.တစ်ကိုယ်တော် ညိုမှောင်မယ့်နေ့ကို ရှာမတွေ့သေးဘူးလား
B.အဲဒီကြယ်ကို ဘင်္ဂဖွားလိုလို ပြောကြတယ်...

A.ပွင့်တာက မလွန်ဘူးဆိုရင် ရနံ့ပြု့တာကလွန်သလား...
B.လောက အနည်းငယ်အတွင်းမှာ သူ့သတင်းကို ရမယ်တဲ့...

A.ကျောက်ခဲလေး တစ်လုံးနဲ့ ဝုန်းခနဲ ဖြစ်နိုင်ပ့ါမလား
B.ကျွဲချိုမှုတ်သံထဲမှာတောင် အလင်္ကာတွေ လဲ့လို့ပြာလို့...

A.ညီအကိုတွေကို လေနဲ့ လာတိုက်မှတော့
B.င့ါလို တောအုပ်ကြီးက လင်ပိုက်ကြည့်မနေပါဘူးကွယ်...

:::::::::::::::::::::ACT:::::::::::::::::::::::

တေးသွားအမှတ်[6]နာရီ
~~~~~~~~~~~~~

ချောက်ကမ်းပါး အရင့်အမာကြီးထိပ်မှာ
သူ့ကိုယ်သူချောင်ပိတ်ပြီး တင်ထားလိုက်တယ်

ပြီးတော့...
ရုပ်ကို ပါးပါးမတ်မတ်...'တန်း' ပစ်ပြီး
စိတ်ကို ချောက်ကမ်းပါးထဲ တွန်းချလိုက်တယ်

'အား' လို့
လေးရိလေးတွဲ သံရှည်ဆွဲပြီး အော်ဖို့ရာ
စကားလုံးတွေမှာ ပါးစပ်ရှိပါသလား...

[နေလောင်ဂစ်တာ ထဲကတော့
'ဆိပ်ကမ်းဟွန်းသံ'တွေ ပွင့်ပေါက် ကျလာပြီ]

လူအ တစ်ယောက်ရဲ့ပေါ့တီးပေါ့ဆ ညနေပေါ့
ပြန်မလာတဲ့ ဖိနပ်လေးအကြောင်းတွေးပြီး
ခုထက်ထိ...သူ့ခြေထောက်ကို ရေဆေးနေတုန်း...

:::::::::::::::::::::ACT:::::::::::::::::::::::

င့ါရဲ့ သဲကန္တာရမှတ်စု
~~~~~~~~~~~

ဓမ္မတေးသံတွေကို တဝီးဝီး ကြားနေရတယ်
တနလာင်္အဖြူကလည်း နွေတလူလူမှာ ဆုတွေ တောင်းလို့
ကိုယ်ပိုင် သက္ကရာဇ် [30] ကျော်ချိန်မှာ
တစ်ကိုယ်ရည်ဖွဲဖွဲရွာတယ်
ကောင်မလေးရယ်...
ဘယ်လို နှင်းရာသီမျိုးကျမှ...
မြို့တံခါးက ပွင့်မှာလဲ
နက်ဖြန်ခါမဟုတ်ရင်တောင်...
နက်ဖြန်ခါမှာ ပြန်လာပါ...
နင့်နာမည်လေး ရနံ့ တဝူးဝူးကို
သင်းကွဲ ဘီလူးကြီးလို...
ငါ  အော်ခေါ်နေမိတယ်

တချို့အလွမ်းတွေက တော်ရုံတန်ရုံ
'ဒိုရေမီဖာ'နဲ့ မရဘူး
တခြား ကဗျာဆရာတွေလိုလည်း
ပင်လယ်ကို ပွတ်သီးပွတ်သပ် မလုပ်ချင်ဘူး
ကိုယ့်ကိုကိုယ်...မိုးကလေးညိုပြီး ပြန်ဆင်ခြင်တယ်
သေချာတယ်...ကောင်မလေးရယ်...
ခိုက်ခိုက်တုန်အောင် လွမ်းတယ်...

အုတ်နဲ့ စီထားတဲ့ နတ်ဆိုးနီနီများကလည်း
တို့နှစ်ယောက်ကြားမှာ
ပြားလျားပြီး လာ'ရပ်'မနေဘူး
တကယ်တော့ ဘာမှမရှိဘူး၊
ဘာမှမရှိလို့ ဘာမှကို မရှိဘူး
နောက်ဆုံးမှာ...
ဥက္ကာပျံ တစ်ခဲလို စုန်းဝုန်း နစ်မြုပ်ဖို့
[မှတ်မှတ်ရရကြီး...] ဖေဖော်ဝါရီ [29] ကို
ငါ့ ဓားကောက်နဲ့ 'ထစ်'လိုက်တယ်

:::::::::::::::::::::ACT:::::::::::::::::::::::
တာရာမင်းဝေ ကဗျာပေါင်းချုပ်
_____________________
|စတုတ္ထပိုင်းမှ ကဗျာ{10}ပုဒ်|
_____________________

ကိုယ်ရေးကိုယ်တာစာမေးပွဲ
~~~~~~~~~~~~~~~

အဲဒီစာအုပ်က
သူ့ကိုယ်သူ ကဒ်ထူအကျီ င်္နဲ့ ပြန်ချုပ်တယ်
အဘိဓာန် နည်းနည်းလုပ်မလို့တဲ့..

စီးကရက်ကပြောတယ်
သူ့ကို နှုတ်ခမ်းဖျားမှာ တပ်ရင်တပ်ပါ
တံတွေးနဲ့ လာမကပ်ပါနဲ့...တဲ့
[ဟုတ်တော့လည်း...ဟုတ်ပါတယ်လေ...]

ဖိနပ်က...
လှေကားခြေရင်းမှာ ရပ်တယ်...
သူ့အမေက...
အလှူအိမ်တွေဖက်မသွားဖို့ မှာလိုက်တယ်

တီ...တီ...တီ
နာရီကသူ့ကိုယ်သူနှိုးစက်ပေးချင်လှပြီ
မျက်မှန်က နိုးပြီး မျက်လုံးကမနိုးဘူး
ဆိုးလိုက်တာ...

ဂေါက်သီးရိုက်တံကလည်း
မြေကြီး ထရံမှာပဲ သူ့ကိုချိတ်ထားလိုက်ပါ...တဲ့
'ကျင်း'တွေကို နာခံရတာ'ကျဉ်း'တယ်ဆိုပဲ...

ဆေးပုလင်းကို စားပွဲပေါ်တင်ထားလိုက်တော့
ဖော့ဆို့လို...
ကျွန်တော့်ကို လွတ်လပ်ခွင့်ပေးပါ...

အဲဒီမှာ...
ခင်ဗျားအတွက် ခြေကြွခ..
လျှောက်ပြလိုက်စမ်းပါ...
ဆင်မယဉ်သာ...

:::::::::::::::::::::ACT:::::::::::::::::::::::

သားအဖနှစ်ယောက်လမ်းလျောက်ထွက်ခြင်း
~~~~~~~~~~~~~~~~~~~~~~~~

လွင်ပြင်က မညီညာဘူး
ကျွန်တော်နဲ့သားကလေးကလည်း
မညီမညာရွေ့လျား သွားကြတယ်

သားကလေးက
လွင်ပြင်ကို သူ့ခြေဖဝါးနဲ့တိုင်းတယ်
ွကျွန်တော်က
ကောင်းကင်ကို ဖခင်အရပ်နဲ့တိုင်းတယ်

နောက်တော့လည်း
တိန်အိုတွေနဲ့အမှောင်က တရိပ်ရိပ်နိုးပြီ
ကျွန်တော်ရယ်သားကလေးရယ်
အိမ်ပြန်လာခဲ့ကြတယ်...

သားကလေးကစကားမပြောတတ်ပေမယ့်
ကျွန်တော်က စကားပြောတတ်တယ်
ဆည်းဆာသံပျပျနဲ့ဆိုမိ
သားရေ...
ဘဝဆိုတာအဲဒီလိုပဲ...ကြမ်းတယ်...
သားရေ...
ဘဝဆိုတာ အဲဒီလိုပဲ
"…………………………………………"

:::::::::::::::::::::ACT:::::::::::::::::::::::

အဖြစ်အပျက်
~~~~~~~

သစ်ပင်တွေအားလုံးက
သူ့ကိုဆို...ထက်ချမ်းခွဲချင်ကြသတဲ...

ခုလည်း
နဂါးအရုပ်ကြီးကလှမ်းဟပ်...လို့
လေပွေရဲ့ဗဟိုအစက်လေးကို
တွယ်ဖက်ပြီး...သူ...ပြေးခဲ့ရတယ်...တဲ့

သူကတော့
[မြုတ်ချည်ပေါ်ချည်နဲ့]
ပါးစပ်ဟ...အသက်ရှူနေရတဲ့
ရေထဲက 'ဓါးမ' ဝဝကြီး တစ်လက်ပေါ့...

ဟော...
သူ့ကိုပေးဆပ်ဖို့လည်း စိတ်ကူးလိုက်ရော..
ကျွန်တော်နဲ့...
ပင်လယ်နဲ့...ဝေးသွားပါလေရော...

:::::::::::::::::::::ACT:::::::::::::::::::::::

ကြာခဲ့ပြီ
~~~~

တစ်နေ့ပြီး တစ်နေ့ ဆိုနေရတဲ့ သီချင်းပေမယ့် မပျင်းပါဘူး
ဘဝက ခြေဆင်းထိုင်နေရုံလေးနဲ့တော့
အဲဒီလို မပြောကြပါနဲ့

တောင်စွယ်မှာ နေကွယ်တာကို မြင်သားပဲ
ဘာဖြစ်လဲ...
အဲဒီ ဓားက မလွဲခဲ့ဘူးဆိုရင်တောင်
ငါကလည်းမပြိုလဲခဲ့ပါဘူးကွယ်

ကျောင်းဆင်းခေါင်းလောင်းသံကို မကြားရတာကြာပြီ
တစ်ယောက်တစ်လမ်းစီ မသွားရတာလည်း ကြာပြီ
ကိုယ်ကတခြား၊သူကတခြား ဖြစ်ခဲ့ကြပေမယ့်
ဘယ်သူကမှမလွဲမှားခဲ့ကြတာလည်း...ကြာပြီ...

ဘာတွေဖြစ်ခဲ့ ဖြစ်ခဲ့...
ဘယ်သူတွေဘယ်လိုပြောပြော
ငါ့အတွက်တော့
နေသံ လသံ ရောနေခဲ့တာလည်း … ကြာပြီ...

:::::::::::::::::::::ACT:::::::::::::::::::::::

ကျွန်တော်နှင့် မစံပါယ်ဖြူ[1]
~~~~~~~~~~~~~~~

င့ါမှာ
ချစ်သူမရှိပါ...မစံပါယ်

မရှိခိုးနိုး
မျက်နာမျိုးနဲ့
မိုးမကြည့်ရန် တောင်းပန်ပါတယ်

:::::::::::::::::::::ACT:::::::::::::::::::::::

ကျွန်တော်နှင့် မစံပါယ်ဖြူ[2]
~~~~~~~~~~~~~~~

တံခါးတွေ တဝေ့ဝေ့လှမ်းပိတ်မိပေမယ့်
မအိပ်ချင်သေးဘူး

အရင်လို
...စိတ်ထဲရနံ့လေး...လွမ်းမိတယ်

ကျောင်းတော်ရယ်...
ကျွန်တော့်ကိုပြန်ငယ်ခွင့်ပြုပါ...
နှင်းမြူပါးပါးကောင်မလေးက...
...စောင့်ချင်ရင်...စောင့်နေဦးမှာပါ...

:::::::::::::::::::::ACT:::::::::::::::::::::::

သံဝေဂတေး
~~~~~~~

ရုပ်နှင့်နာမ်ကလက်ခုပ်တီးလိုက်လို့
ကျွန်တော်တို့ဟာလူအဖြစ်မြည်ဟည်းလာသလား
ကိုယ့်အသံကို တစ်ပါးသူကြားသွားမှာ
...အားနာလိုက်တာ...

စီးကရက်ကိုတဟွတ်ဟွတ်သောက်မိတာလား
ချောင်းဆိုးမီးညှိပြီးဆိုးနေတာလား
ကျွန်တော့်မှာ စွတ်စိုဖျားနာခဲ့ရပြီ

မေမေရေ...
ကြွေရင်လည်းမြေမှုန်တွေနဲ့ဓာတ်ပြုရတာပေါ့
ကျွန်တော်ဟာ
ကိုက်ခဲညောင်းညာနေတဲ့လောကအဝါတစ်ပွင့်ပါပဲ
ခုတော့...
လေအလာကိုမျော်လင့်ရင်းရနံ့ချိုချိုတွေပွင့်ရပါဦးမယ်

:::::::::::::::::::::ACT:::::::::::::::::::::::

လမ်း
~~~

ကောင်းကင်င
ကြယ်လို့ခေါ်တဲ့ကျောက်တုံးအရှင်တွေကို
မြေပြင်ဆီ တွန်ူအချ...

ဖယောင်းစက်တွေ တအိအိပြိုရင်း
ကျောက်ရုပ်လိုငိုရတဲ့ ဖယောင်းတိုင်လေးဟာ
သူ့...ပိုင်ဆိုင်တဲ့မြူငွေ့တွေနဲ့ပဲ ကွေးညွတ်လာ...

ငါ...
တရားခဲ့ရဲ့လားကွယ်...

ပွင့်အံ့မူးမူးအိပ်မက်တွေကိုလည်း
ဆောင်းကွဲရာသီမှာ ကားစင်တင်ခဲ့ရ...
တစ်ကိုယ်တော်ချောင်းချားတဲ့ည...ဟာ
ပိန်းပိတ်အောင်မှိုင်းဝါလာတယ်...

နာရီလည်သံမှိန်မှိန်လေးကတောင်
င့ါဆီကိုမြင်းရိုင်းလိုပြေးဝင်ခဲ့
မှုံပြာရီ မီးအိမ်တလွန့်လွန့်နဲ့ င့ါလမ်းဟာ
ဟိုး အဝေးတိုင်အောင်...ခုံးမောက်ရွာ...

:::::::::::::::::::::ACT:::::::::::::::::::::::

[4]နရီတေးသွား
~~~~~~~~~

ချောက်ကမ်းပါး အရင့်အမာကြီးထိပ်မှာ...
သူ့ကိုယ်သူချောင်ပိတ်ပြီး တင်ထားလိုက်တယ်

ပြီးတော့...
ရုပ်ကို ပါးပါးမတ်မတ်တန်းပစ်...ပြီး
စိတ်ကိုချောက်ကမ်းပါးထဲ တွန်းချလိုက်တယ်

'အား...' လို့
လေးရိလေးတွဲမျှင်မျှင်သံရှည်ဆွဲပြီးအော်ဖို့ရာ
စကားလုံးတွေမှာ ပါးစပ်ရှိပါသလား

[ဟော်လိုလောင်ဂစ်တာ ထဲကတော့
ဆိပ်ကမ်း'ဟွန်း'သံတွေပွင့်ပေါက်ကျလာပြီ]

လူအ တစ်ယောက်ရဲ့ပေါ့တီးပေါ့ဆ ညနေပေါ့
ပြန်မလာတဲ့ ဖိနပ်လေးအကြောင်းတွေးပြီး
ခုထက်ထိသူ့ခြေထောက်ကိုရေဆေးနေတုန်း

:::::::::::::::::::::ACT:::::::::::::::::::::::

ရည်းစားစာ
~~~~~~

စာရွက်ပေါ်မှာပဲနင့်ကိုချစ်ရုံနဲ့တော့
ငါ့ဘဝ မင်ကုန်တာပဲ အဖတ်တင်လိမ့်မယ်...

မပျံသန်းနိုင်တဲ့ ငှက်လို့ပြောတိုင်း
ပင်ကွင်းငှက်ကို ပြေးမြင်ရင်
နင့်ကိုငါမခေါ်ချင်ဘူး...

ကျောင်းအုပ်ကြီး ဖတ်ဖို့ရေးတဲ့စာမဟုတ်လို့
ကျောင်းသွားဖော်လေး ဖတ်စေချင်တာ
ငါ့စေတနာပါ...

နင့်နှလုံးသားကို နင်ဖုန်းခေါ်ပါ
ပြီးမှ ငါ့ကိုစာပြန်ပါ...

:::::::::::::::::::::ACT:::::::::::::::::::::::

သစ်ချောက်ပင်
~~~~~~~~

လေပွေမလေးက
သူ့ရဲ့ ဆံနွယ်မျှင်တွေကို
ဖြန့်ကျဲချလိုက်ပြီ...
ခြေထောက်အပြာလေးရေ
င့ါရဲ့ အတောင်ပံတွေကို
နင်းချေလိုက်ပါတော့

ဒေါက်...ဒေါက်
ရေတစ်ပေါက်လောက်
သောက်ခွင့်ပြုကြပါ

ကျွန်တော်ဟာ အရက်မူးလာတဲ့
မီးတောက်ကလေးပါ
အင်္ဂတေတွေ ကွာကျထားတဲ့
ရင်ဘတ်မှာ
ဖတ်မရတဲ့
ကဗျာတစ်ပုဒ်နဲ့ကောင်ပါ

ကျောက်စရစ် နက္ခတ်တွေက
ပက်လက်ကောင်းကင်မှာ
အခါခါပွင့်
ယုံကြည်မျော်လင့်ခဲ့ဖူးတဲ့
နွေရာသီပါးပါး နှင်းဆီဝါများ
ကြေမွစုပ်ပြဲသွားစဉ်...

င့ါဆီလာနေတဲ့ မြားတစ်စင်းကို
ငါငေးကြည့်နေမိဆဲပေါ့ သခင်

:::::::::::::::::::::ACT:::::::::::::::::::::::
တာရာမင်းဝေ ကဗျာပေါင်းချုပ်
___________________
|ပဉ္စမပိုင်းမှ ကဗျာ{10}ပုဒ်|
___________________

လယ်သမား
~~~~~~

ဆောင်းဦးရာသီပါ
မြောက်လေပြာပြာတွေတည်ငြိမ်စီးမျော
ငါချစ်သော လယ်ခင်းကလေးမှာ
အဝါရောင်တွေပွင့်ပြီ

သူ့အတွက်...
ကျောက်မြေကိုငါထွန်ယက်ခဲ့ရ
သူ့အတွက်...
မိုးစက်ကိုငါပေါက်ခွဲခဲ့ရ
အခုတော့...
ငါချစ်သော လယ်ခင်းကလေးမှာ
အဝါရောင်တွေဝေပြီ

မြတ်နိုးခွင့်ကို
လိမ်ကျစ်ထုတ်ပိုးရင်း
ဘယ်သူမှမခိုးအောင်
စောင့်ရှောက်ခဲ့ရတဲ့ညများမှာ
ငါဟာ...
တမျော်တခေါ် အလင်းဝိုးဝါး

ရေတွင်းကလေးလို
ကို့ရင်ထဲက ရေစင်တွေကို
အသံမထွက်အောင်တောင့်ရပ်ထားရတဲ့
1995...
ငါဟာ
ရှက်တတ်တဲ့လယ်သမားကြီးပဲပေါ့

:::::::::::::::::::::ACT:::::::::::::::::::::::

ယေဘုယျဝိညာဉ်
~~~~~~~~~

င့ါကိုတော့ခွင့်တောင်းသင့်ပါတယ်
င့ါနှာခေါင်းပေါ်တက်ပြီး
ဘယ်သူလာအသက်ရှူနေတာလည်း

မင်းကသာ
ဟိုဘက်ကအပ်နဲ့မမှုတ်ဘူးဆိုရင်
မင်းလက်ထဲကပြောင်းကို
ဒီဘက်က ငါချောင်းကြည့်ရဲမှာပါ...

ငါက
တွေ့နေကျ မြင်နေကျ
ရိုးရိုးလူမျိုးပေါ့
မင်းနဲ့ပဲဖြစ်ဖြစ် ကောက်ရိုးနဲ့ပဲဖြစ်ဖြစ်
အရမ်းလာပစ်ပေါက်ရင်တော့
ကြောက်တတ်တဲ့ကောင်မျိုးလေ

ဆောင်းတစ်ခုမှာ
ပါဝင်ခဲ့ဖူးတဲ့နှင်းတစ်စက်လို
စာရင်းလည်းမရှိ နံပါတ်လည်းမသိ
ဘယ်အထိမှလည်း မကြီးကျယ်ပါဘူးကွယ်...

ငါက...သာမညလူ...
ငါက...ေယဘုယ်လူ...
ဆပ်ပြပူဖောင်းလို
အရေခွံတစ်ထပ်ခွါလိုက်ရင်ပဲ
အထဲမှာဘာမှကျန်မှာမဟုတ်တဲ့လူ...

ဘယ်သူကမှ မသိဘူးဆိုရင်တောင်
င့ါကိုယ်ငါတော့သိတာပေါ့ကွယ်
သိပ်ကိုသိတာပေါ့ကွယ်...

:::::::::::::::::::::ACT:::::::::::::::::::::::

ဒြပ်မဲ့လူ
~~~~

အလင်းအလျဉ်နဲ့ ငါပျံသန်းသွားနေရဲ့
ဒါပေမယ့်...
စကြာဝဠာကြီးကကျယ်လွန်တော့
ဘယ်ကိုသွားသွား ဘယ်ကိုမှမရောက်ခဲ့သလိုပဲ...
တစ်ယောက်ယောက်က ငါ့ကိုခူးယူနေသလိုလည်း... ... ... ခံစားရတယ်
အရွေ့သုံညမှာ...ငါကြွေကျပေးခဲ့ပါမယ်

:::::::::::::::::::::ACT:::::::::::::::::::::::

အလကားလူတစ်ယောက်ရဲ့ စကား
~~~~~~~~~~~~~~~~~~~

တစ်ဘဝလုံးအရက်စော်နံသွားရတဲ့အကြောင်းကတော့
ရိုးရိုးလေးပါပဲ...
ကိုယ့်ကိုကိုယ် ပုလင်းကွဲနဲ့ ခွဲကြည့်တာပါ

ဟိုနေ့ကဘုံဆိုင်ထဲငုံ့အဝင်...ခရေပင်ကြီးနဲ့ ပက်ပင်းတိုးပြီး
1996...မိုးစက်တွေ...တနင့်နင့်...ဝေတယ်...

အမြည်းမရှိဘူး တွဲသောက်ရတဲ့လူကြီးက တူးစော်နံတယ်
ခုနှစ်စင်ကြယ်ပြောင်
ဂျွမ်းတစ်ဝက်ထောင်တာတောင်မှ
ငါလို[12]နာရီကောင်ကို
ဘယ်သူကမှ အပေါင်မခံဘူး...

မကြာခင် အိမ်ပြန်တော့မှာပါ
တစ်ခွန်း နှစ်ခွန်း အနစ်မွန်းခံပြီးရင်
ခြူသံပေးလိုက်ရုံပါ
သူ့လမင်းကို...
ကိုယ်လက်လှမ်းမမီကြောင်

No comments:

Post a Comment