May 24, 2018

ရွှေဘုံတီး မောင်ကြီးတို့လေ

ရွှေဘုံတီး မောင်ကြီးတို့လေ
မောင်ရင့်မာ (ကျောင်းကုန်း)

(၁)

‘စိုးစိုးဟန်’ ဟူသော အမည်သည် အန္တရာယ် အချက်ပေးသံ၏ အခြား အမည်နာမ တစ်ခုပေလော ဟုပင် ထင်ရလောက်သည်။

သည်ပြည်နယ်သို့ အငယ်တန်း အရာရှိကလေး အဖြစ် သူမ ပြောင်းရွှေ့ရောက်ရှိလာမည် ဆိုသော သတင်းက တစ်ရုံးလုံးကို ‘လှုပ်’ သွားစေခဲ့သည်။

ပထမဦးစီး အရာရှိကြီး ဦးတင်မောင်ဆင့်သည် လက်ထောက်အရာရှိ နှစ်ဦးကို သူနှင့် ချက်ချင်း လာရောက် တွေ့ဆုံစေရန် ရုံးခန်းထဲသို့ ခေါ်ယူလိုက်သည်။

သူသည် ဒေါ်စိုးစိုးဟန်နှင့် တစ်ရုံးတည်း အတူမနေခဲ့ရသော်လည်း မြန်မာပြည် အလယ်ပိုင်းမှာ တစ်တိုင်းတည်း အတူ တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။ သူမကိုလည်း မြင်ဖူးသည်။ သူမ သတင်းကိုလည်း ကြားဖူးသည်။ သူမအကြောင်းကို ကောင်းကောင်း သိသည်ဟု သူ ထင်သည်။

လက်ထောက်အရာရှိ နှစ်ဦးအနက် ဦးဟန်ညွန့်က မိသားစု ပါလာသည်။ ကိစ္စ သိပ်မရှိ။ ဦးမျိုးညိမ်းကတော့ မိသားစုကို ရန်ကုန်မှာ ထားခဲ့လျက် သည်ပြည်နယ်သို့ တစ်ကိုယ်တည်း လာရောက်ခဲ့သော အဲ ... လူလွတ်။ အရေးကြီးသည်။

နှစ်ဦးစလုံးမှာ အသက် လေးဆယ်ဝန်းကျင် အရွယ်ကောင်းတွေ။ သတိပေးထားမှ တန်ကာ ကျလိမ့်မည်။

“အဲဒီ ဒေါ်စိုးစိုးဟန်က တစ်ခုလပ်ပေါ့။ သူ့ ခင်ပွန်းဟောင်းက နိုင်ငံခြား သင်္ဘောအရာရှိ”

ဦးဟန်ညွန့်နှင့် ဦးမျိုးညိမ်းတို့ကို အမိန့်စာရွက် ထိုးပြလိုက်ပြီး ဦးတင်မောင်ဆင့်က စတင် ရှင်းပြသည်။

သူမက စွဲမက်ဖွယ် ရုပ်ရည် ရှိပြီး သွက်လက်ချက်ချာ၍ အမျိုးသားများနှင့် ရောရောနှောနှော နေတတ်ကြောင်း၊ လျှပ်ပေါ်လော်လည်သည် ဟုပင် ဆိုနိုင်ကြောင်း၊ နှစ်အတန်ကြာ နိုင်ငံခြား သွားရောက်ရာမှ ပြန်လာသော ခင်ပွန်းသည်နှင့် ‘မည်သည့် အကြောင်းကြောင့် မသိ’ ကွဲကွာသွားခဲ့ပြီး သမီးတစ်ယောက် ကျန်ခဲ့ကြောင်း။

ထို့နောက် သူမသည် အထက်အရာရှိ တစ်ဦးနှင့် ငြိစွန်းခဲ့ရာ ထိုသူ၏ တရားဝင်ဇနီးက တိုင်ကြားခဲ့သဖြင့် စုံစမ်းစစ်ဆေးမှုများပင် ပြုလုပ်ခံခဲ့ရကြောင်း၊ ထို အထက်အရာရှိမှာလည်း ဝေးလံခေါင်းပါးသော ဒေသတစ်ခုသို့ ပြောင်းရွှေ့ သွားခဲ့ရကြောင်း၊ ယခုလည်း မည်သည့် အပြစ်ကြောင့် ဤပြည်နယ်ရုံးသို့ ပြောင်းရွှေ့လာသည်ကို မသိခဲ့ရသေးကြောင်း၊ သို့ဖြစ်၍ သူမကို အထူး သတိထား ဆက်ဆံလျက် ကင်းကင်းရှင်းရှင်း နေကြစေလိုကြောင်း။

စသည်ဖြင့် စသည်ဖြင့် ဦးတင်မောင်ဆင့်က အကျယ်တဝင့် ဆွေးနွေးမှာကြား နေသည်ကို ရုံးခန်းထဲသို့ လက်ဖက်ရည် လာပို့သော ရုံးအကူ မောင်ခင်ကြည်က နားစွန်နားဖျား ကြားသွားသည်။

မောင်ခင်ကြည်က သူ့ဇနီး လက်နှိပ်စက် စာရေးမလေး မာလာဆွေကို ပြောပြသည်။ မာလာဆွေက သူငယ်ချင်း ဥမ္မာအောင်ကို ပြောသည်။ ထိုမှ စာရေးကြီး၊ ရုံးအုပ် စသည်ဖြင့် ဒေါ်စိုးစိုးဟန်၏ ‘အမနာပ သတင်း’ သည် တောမီးပမာ တဖျစ်ဖျစ် လောင်ကျွမ်းပျံ့နှံ့ကာ ဆရာကြီး ဦးတင်မောင်ဆင့် ဦးစီးသော ရုံးတစ်ရုံးလုံးကို ဝါးမျို သွားတော့သည်။

* * *

(၂)

သမီး ဝတ်မှုန်ဝင်းရဲ့ လက်ကို တင်းတင်းဆုပ်၍ လေယာဉ်ပေါ်မှ ဆင်းလာသော ဒေါ်စိုးစိုးဟန်ကို မည်သူကမျှ လာရောက် ကြိုဆိုခြင်း မရှိ။

လေဆိပ် ထွက်ပေါက်မှာ အသင့် တွေ့ရှိရသော မြင်းလှည်းတစ်စီးကို ငှားရမ်း၍ ပထမ ဦးစီးအရာရှိကြီးထံ သွားရောက် သတင်းပို့တော့လည်း လှိုက်လှဲပျူငှာ ဆက်ဆံခြင်း မခံရ။ စိမ်းစိမ်းပြတ်ပြတ်။

ဝန်ထမ်းငယ်များရဲ့ စူးစမ်းဟန်ကြည့်သော အကြည့်စူးစူး အကြည့်စူးစူးမှာ နွေးထွေးဖော်ရွေဟန် မရှိ။ မလိုလား သလိုလို၊ အဖက်မတန် သလိုလို။

ဒေါ်စိုးစိုးဟန် နားမလည်နိုင်တော့။

သို့ဖြင့် သားအမိ နှစ်ယောက် မြို့ထဲက တည်းခိုခန်း သန့်သန့် တစ်ခုမှာ နှစ်ပတ်လောက် နေလိုက်ရသည်။

ထို့နောက် တည်းခိုခန်း မန်နေဂျာက ကူညီသဖြင့် မြို့တောင်ဘက် ရေကန်ကြီး နံဘေးက အိမ်လုံးချင်းလေးကို တစ်လ နှစ်ရာဖြင့် ငှားရမ်း နေထိုင်ခွင့် ရခဲ့သည်။

* * *     
 
တင်းပြည့် ဖြူဝင်းသော အသားအရေ၊ အချိုးကျကျ ဖွံ့ထွား စိုပြည်သော အဆက်အပေါက်၊ နီစွေး ထူအန်းသော နှုတ်ခမ်းနှစ်လွှာနှင့် ခေတ်မီစွာ ဝတ်စားပြင်ဆင် တတ်ခြင်းတို့ကြောင့် အသက် (၃၅) နှစ်ခန့် အရွယ်ရှိ ဒေါ်စိုးစိုးဟန်သည် အလွန်အမင်း ချောမောလှပသည် မဟုတ်သော်လည်း စွဲမက်စဖွယ် ရုပ်ရည်ရှိသည် ဆိုခြင်းကိုမူ မည်သူမျှ ငြင်းဆန်ဝံ့မည် မဟုတ်ချေ။

သူမ၏ နောက်ကျောအလှကို အနည်းဆုံး နှစ်ခါပြန် ကြည့်လေ့ရှိသော သူကောင်းသား ဖိုသတ္တဝါတို့က ထိုအချက်ကို အကြွင်းမဲ့ ထောက်ခံကြ ပေလိမ့်မည်။

ဘယ် အထက်အရာရှိကိုများ မြှူဆွယ်သိမ်းသွင်း လိုက်လေမလဲ၊ ဘယ် အမျိုးသားနှင့် ပြီတီတီ ဆက်ဆံတာကို မြင်ရတော့မလဲနှင့် သူမ ရောက်လာစ ကတည်းက စိစတ်ဝင်တစား စောင့်ကြည့် အကဲခတ် နေကြသော ဝန်ထမ်းတချို့မှာ ပျင်းရိငြီးငွေ့လှပြီ။

များစွာ ဖိစီးလေးလံခြင်း မရှိသော အလုပ်တာဝန် အနည်းငယ်ကို နိုင်နိုင်နင်းနင်း ထမ်းဆောင်ရင်း အထက်အောက် ပြေလည်ချောမွေ့စွာ တရင်းတနှီး ဆက်ဆံသည်မှအပ သူမ၏ လျှပ်ပေါ်လော်လည်မှု တစ်စုံတစ်ရာ မတွေ့ရခဲ့။

“အစ်မ ရောက်လာစတုန်းက မာလာတို့တောင် တစ်မျိုး ထင်ခဲ့တာ”

ကျွမ်းဝင် ရင်းနှီးလာပြီ ဖြစ်သော မာလာဆွေက ပြောသည်။

“ပြောပါဦးကွယ်၊ အစ်မကို ဘယ်လို ထင်ခဲ့လဲ ဆိုတာ”

မာလာဆွေသည် ခင်ပွန်းသည် ရုံးအကူကလေး မောင်ခင်ကြည်မှ တစ်ဆင့် ကြားသိခဲ့ရသည်တို့ကို အိတ်သွန်ဖာမှောက် ပြန်ပြောပြ လိုက်တော့သည်။

ဒေါ်စိုးစိုးဟန်သည် အလှုပ်အရှား ကင်းမဲ့သော မျက်နှာထားဖြင့် မာလာဆွေ့ စကားကို အစအဆုံး နားထောင်သည်။ အတန်ကြာတော့ တွေးတွေးဆဆ ပြောသည်။

“သူတို့ပြောတာ မှန်တာလဲ ပါ၊ မှားတာလဲ ပါမှာပေါ့ကွယ်၊ ဘယ်လောက် မှန်ကန်ပြီး ဘယ်လောက် မှားယွင်းတယ် ဆိုတာ မာလာ အကဲခတ် စောင့်ကြည့်ပေါ့”

* * *

(၃)

“ငါ့ တပည့်မက ခေတ်မီတယ်၊ သွက်လက် ချက်ချာတယ်၊ အပေါင်းအသင်း ဆံ့ပြီး ဘယ်သူနဲ့မဆို တရင်းတနှီး ဆက်ဆံတတ်တယ်။ အဲဒါဟာ ချွတ်ယွင်းချက်တစ်ခု မဟုတ်ပေမယ့် အနားမှာ ယောက်ျားတစ်ယောက် မားမားမတ်မတ် မရှိတဲ့ အခါကျတော့ ဆက်ဆံရေးသတိ အမြဲရှိဖို့ ဆရာ မှာချင်တယ်”

အထက်မြန်မာပြည် မြို့တစ်မြို့မှာ သူမ တာဝန် ထမ်းဆောင်စဉ် သူမနှင့် အဆင့်တူ တစ်ဌာနတည်း တာဝန်ထမ်းဆောင်ခဲ့သော ဦးအောင်သိန်း ဆိုသူက ‘မြို့စောင့်နတ်ကလေး’ အမည်ခံလျက် သူမကို တိုင်ကြားခဲ့သည်။

ပန်းခြံတစ်ခုထဲတွင် ယောက်ျားတစ်ဦးနှင့် အတူ ထိုင်နေခဲ့သော မိန်းမတစ်ဦး၏ နောက်ကျောဘက်မှ ရိုက်ထားသော ဓာတ်ပုံ တစ်ပုံကိုပါ တိုင်စာနှင့် ပူးတွဲ တင်ပြခဲ့သည်။ ကျင့်ဝတ်သိက္ခာနှင့် မညီ လူမှုရေး ဖောက်ပြန်သူတစ်ဦး ဖြစ်ကြောင်း တိုင်စာမှာ ပြင်းပြင်းထန်ထန် စွပ်စွဲထားသည်။

အကောင်းဆုံး တိုင်စာတစ်စောင် ဖြစ်ကြောင်း ရုံးချုပ်မှ လူကြီးမျာကပင် လက်ဖျားခါခဲ့သည်။ သို့ဖြစ်၍လည်း သူမကို ချက်ချင်း ရာထူးချကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ လူပေါင်း ခြောက်ဆယ်ကျော်ကို စစ်ဆေးခဲ့ပြီးနောက် အဖြေ ထွက်လာသည်။

ဓာတ်ပုံမှာ သူမ၏ပုံ မဟုတ်။ သူမမှာ အပြစ်မရှိ။

နှစ်လအတွင်း သူမအလုပ် ပြန်လည် ရရှိပြီး သူမ၏ ဆန္ဒအရ သည်ရုံးသို့ ပြောင်းရွှေ့မိန့် ထုတ်ပေးခဲ့ခြင်း ဖြစ်ရာ သူမ ပြောင်းရွှေ့ မလာမီကလေးတွင် သူမကိစ္စကို အဖွဲ့ခေါင်းဆောင် အဖြစ် စုံစမ်းစစ်ဆေးမှု ပြုခဲ့သော ဒုတိယ ညွှန်ကြားရေးမှူးက ရုံးခန်းထဲ ခေါ်ယူတွေ့ဆုံလျက် အထက်ပါအတိုင်း မှာကြားခဲ့လေသည်။

* * *

(၄)

ဆက်ဆံရေး ပြေပြစ်ခြင်း၊ ရင်းနှီး ပွင့်လင်းစွာ နေထိုင်၍ အပေးအကမ်း ရက်ရောခြင်းတို့ကြောင့် ဝန်ထမ်းငယ်များက ​ဒေါ်စိုးစိုးဟန်ကို ခင်မင်လေးစား ကြသည်။

ပြောစရာ တစ်ခုတော့ ရှိသည်။

သူမသည် အထက်အရာရှိများကို ရိုသေလေးစားကြောင်း အမူအရာ ပြသည်မှအပ တရင်းတနှီး ဆက်ဆံလေ့ မရှိ။

ဆရာကြီး ဦးတင်မောင်ဆင့်နှင့် ဦးမျိုးညိမ်းတို့မှာ အိမ်ရှင်မများ ပါမလာကြသဖြင့် အိမ်ကို ဝင်ထွက်သွားလာမှု မရှိ။ သူတို့ အိမ်ကိုလည်း မသွား။ သူမအိမ်ကိုလည်း မဖိတ်ခေါ်။ မိသားစု ပါလာသော ဦးဟန်ညွန့်နှင့် အပြန်အလှန် ဝင်ထွက် သွားလာမှု ရှိသည်။ ဦးဟန်ညွန့် ဇနီးကလည်း သူမကို ခင်မင်သည်။ ဦးဟန်ညွန့် သမီးနှင့် သူမရဲ့သမီး ဝတ်မှုန်ဝင်းကလည်း ကလေးချင်း ခင်မင်သည်။

သို့သော် အလွန် အံ့ဩဖွယ် ကြုံရသည်။

ဒေါ်စိုးစိုးဟန် အပေါ် စတင် ဖောက်ပြန်လာသူမှာ ဦးဟန်ညွန့် ဖြစ်နေခြင်းပင်။

မနက်ဘက် ရုံးသို့ သူမ စောစီးစွာ ရောက်လာခဲ့သော ထိုတစ်နေ့တွင် အလွန်လှပ သေသပ်သော စာအိတ်တစ်လုံးကို ဦးဟန်ညွန့်က သူမကို ပေးခဲ့သည်။

“ဟို ... ဟိုလေ စိုးစိုးအတွက် စာတစ်စောင် ရောက်နေလို့”

ရယ်ဖွယ်လည်း ကောင်းသည်။ ကလေးကလားလည်း နိုင်သည်။

မသိမသာ တုန်ယင်လှုပ်ရှားနေသော သူ့ လေသံနှင့် မလုံမလဲ ဟန်အမူအရာတို့ကြောင့် အတောင်နှစ်ဆယ်ဝတ်များနှင့် ရင်းနှီးစွာ ဆက်ဆံဖူးလှပြီ ဖြစ်သော ​ဒေါ်စိုးစိုးဟန်က ချက်ချင်း နားလည် သဘောပေါက်လိုက်သည်။

“ဟုတ်ကဲ့၊ ပေးပါ ဆရာ”

ဣနြေ္ဒမပျက် စာကို လှမ်းယူပြီး အံဆွဲထဲ ထိုးထည့်လိုက်သည်။ မာလာဆွေ ရုံးရောက်လာသော အခါ ...

“မာလာရေ ဟောဒီ အစ်မအံဆွဲထဲက စာတစ်စောင် ယူပြီး ဖောက်ဖတ်ပေးစမ်းပါကွယ်”

ဟု ခိုင်းလိုက်သည်။

မာလာက စာကို ယူပြီး ချက်ချင်း ဖွင့်ဖတ်သည်။

“အိုး ... လက်စသတ်တော့ လက်နှိပ်စက် ရိုက်ထားတဲ့ ရည်းစားစာကိုး၊ ဟင် ... လက်မှတ်လဲ မပါဘူး၊ နေပါဦး၊ ဒါ ရုံးက လက်နှိပ်စက်ပါ၊ ဟောဒီမှာ ဝဆွဲ တစ်ခြမ်းပဲ့ကလေးနဲ့”

မာလာဆွေက စာစာ စာစာနှင့် တအံ့တဩ ပြောလို့သာနေသည်။ စာကိုလည်း အော်ဖတ်နေသည်။ ဘယ်သူ ပေးတာလဲဟင် အစ်မဟု မေးသည်ကို “ဘယ် သိနိုင်ပါ့မလဲကွယ်” ဟု ဖြေလိုက်သည်။

နေ့လယ် လက်ဖက်ရည်သောက်ချိန် အထိ ဆရာ ဦးဟန်ညွန့် အခန်းထဲမှ ထွက်မလာ။ သူ ထွက်လာခြင်း မရှိတော့ ဒေါ်စိုးစိုးဟန်က သွားရသည်။

ဖတ်ခနဲ စာအိတ်ကို စားပွဲပေါ် ပစ်တင်လိုက်သည်ကို ဦးဟန်ညွန့်က မျက်နှာ အပျက်ပျက်နှင့် ကြည့်နေသည်။

“အထက်အရာရှိ တစ်ဦးရဲ့ ကျင့်ဝတ်သိက္ခာနဲ့ အညီ နေထိုင်ပါ ဆရာ ဦးဟန်ညွန့်၊ နောက်တစ်ခါဆိုရင် ဆရာကြီးနဲ့ တိုင်မယ်”

* * *

ဆရာ ဦးမျိုးညိမ်းက သူ့ထက် ညက်သည်။ အတွေ့အကြုံ များခဲ့သော စားနေကျ ကြောင်ဖားလည်း ဖြစ်ဟန်တူသည်။

“ဒေါ်စိုးစိုး ရောက်တာ သုံးလရှိပြီဗျာ၊ ကျွန်တော်တို့ကို ထမင်းစား ဖိတ်ဖို့ မပြောနဲ့ အိမ်တောင် အလည် မခေါ်ဖူးဘူး”
“ခု စနေကျရင် ​ဒေါ်စိုးစိုး အိမ်မှာ မုန့်ဟင်းခါး ချက်ပါလားဗျ။ ဒေါ်စိုးစိုး လက်ရာကလေး မြည်းရအောင်၊ အိမ်က မိန်းမနဲ့ ဘယ်သူ သာမလဲလို့”

သွေးတိုး စမ်းသလို စကားဆိုတိုင်း “အချက်အပြုတ် မကောင်းလို့ပါ ဆရာရယ်” ဟု အလိမ္မာနှင့် ငြင်းပယ်ခဲ့သည် ချည်းပင်။

“ဒေါ်စိုးစိုး၊ ဟိုလူ့အိမ်ကို သူ့မိန်းမ မရှိရင် မဝင်နဲ့နော်၊ ကိုဟန်ညွန့်က ရာဇဝင်နဲ့ဗျ၊ ကျွန်တော် စိတ်မချဘူး”

စေတနာ စကားလိုလို၊ ပိုင်စိုးပိုင်နင်း ရိသဲ့သဲ့ ပြောသလိုလို ဆိုတတ်သည်။ အဲဒီတုန်းက သူမကို ဦးဟန်ညွန့် စာမပေးရသေး။

တစ်နေ့တော့ သူမ ရုံးပြန် နောက်ကျသည်။ ဦးမျိုးညိမ်းလည်း သူမလိုပဲ နောက်ကျသည်။ တိုက်ဆိုင်မှုလား၊ တမင် ဖန်တီးမှုလား သူမ မဝေခွဲတတ်။

“ဒေါ်စိုးစိုးနဲ့ ရန်ကုန်ကနဲ့တော့ ကွာပါ့ဗျာ၊ ကြည့်စမ်း ခုချိန်ထိ လှပစိုပြည်တုန်း၊ နုပျိုနေတုန်း”
“ကျေးဇူးတင်ပါတယ် ဆရာ၊ တကယ်လှတယ် ဆိုရင်ပေါ့လေ”

သည်ကိစ္စ အမြန်ဖြတ်မှဟု သူမ စိတ်ကူးရလိုက်သည်။

“တကယ့်ကို လှတာပါဗျာ၊ ကျွန်တော်လေ ​ဒေါ်စိုးစိုးကို မြင်တိုင်း ဆယ့်ငါးနှစ်လောက် ပြန်ငယ် သွားသလိုပဲ ခံစားရတယ်၊ တက္ကသိုလ်မှာတုန်းက မမျှော်လင့်ဘဲ ကွဲကွာသွားခဲ့ရတဲ့ ကျွန်တော့် ငယ်ချစ်ဦးဟာ ဒေါ်စိုးစိုးနဲ့ တစ်ထေရာတည်း၊ ပြောရင်း ရင်ထဲမှာ နွေးသွားတာပဲဗျာ”

ဒေါ်စိုးစိုးဟန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ ပြီး ချက်ချင်း မျက်နှာထား ပြင်လျက် ...

“အင်မတန် ဟောင်းနွမ်းဆွေးမြည့်နေတဲ့ ချည်းကပ်နည်းမျိုးနဲ့ စိုးစိုးကို ရည်းစားစကား လာပြောမယ် မကြံနဲ့ ဆရာ ဦးမျိုးညိမ်း၊ ဆရာကြီးနဲ့ တိုင်ပစ်လိုက်မယ်” ပြောတော့ ဆောင့်အကန် ခံလိုက်ရသည့် ခွေးတစ်ကောင်လို သူ ချာခနဲ လှည့်ထွက်သွားသည်။

ဆရာကြီးသည် သူတို့အတွက် တကယ်ပဲ အာစေးဂါထာ ဖြစ်သည်။

ယောက်ျားများ တကယ်ပါပဲ။ မိန်းမ တစ်ယောက်ကို အလွယ်တကူလည်း အထင်သေးတတ်သည်။ အချောင်ရမည် ဆိုလျှင်လည်း လွယ်လွယ် လိုချင်လိုက်သေးသည်။ တစ်ကြိမ်တစ်ခါ မှားယွင်းခဲ့ဖူးလေသော မိမိ ဘဝကိုသာ နာကြည်းဝမ်းနည်း မိလေသည်။

အထက်အရာရှိ နှစ်ဦးစလုံးက မရိုးမသား ဆက်ဆံလာပြီ ဆိုတော့လည်း သူမအဖို့ အားကိုးယုံကြည် ရမည့်သူမှာ အမိအဖသဖွယ် ဖြစ်သော ဆရာကြီးမှတစ်ပါး အခြား မရှိပြီ။

ဆရာကြီးက အနေအေးသည်။ သူ့ရုံးခန်းထဲမှာပင် အနေများသည်။ သူ မခေါ်ဘဲ မည်သူမျှ သူ့ ရုံးခန်းထဲ မဝင်ရဲ။

ဒေါ်စိုးစိုးဟန် ပြောင်းရွှေ့လာပြီး ခြောက်လအတွင်း တစ်ပတ်လျှင် သုံးလေးကြိမ် ဆိုသလို ဆရာကြီး၏ အခန်းထဲသို့ ရုံးအကူ မောင်ခင်ကြည်နှင့် လက်ဖက်ရည် အပို့လွှတ်သည်။ ဟင်းကောင်း ကျွေးကောင်း ချက်လျှင်လည်း စားဦးစားဖျား အပို့လွှတ်သည်။ အိမ်သူ မပါလာသောကြောင့် ဆရာကြီး ဦးတင်မောင်ဆင့် အစားဆင်းရဲ အနေဆင်းရဲ ဖြစ်ရှာမည်။

တစ်နေ့တော့ သူမထံ ပြန်ချပေးလိုက်သော ‘ပစ်စာ’ တစ်စောင် ပေါ်မှာ ဆရာကြီးရဲ့ မှတ်ချက်တစ်ခုကို ထူးထူးခြားခြား တွေ့ရသည်။

“လာရောက် တွေ့ဆုံ ဆွေးနွေးရန်”

ဆင်နားရွက် တံခါးကို တွန်းဖွင့်ဝင်လိုက်သည်။ အခန်းထဲမှာ မောင်ခင်ကြည် မရှိ၊ ဆရာကြီးနှင့် သူမ နှစ်ယောက်တည်း။

သူမက မှတ်ချက် ရေးထားသော ဝင်စာကို (Flat File) ဖြင့် တင်ပေးလိုက်သည်။

“ဆရာကြီး ဆွေးနွေးစရာ ရှိတယ်ဆိုလို့”
“ထိုင်ပါဦးကွယ်၊ အေးအေးဆေးဆေးပေါ့၊ မစိုးကို ဆွေးနွေးစရာလဲ အထွေအထူး မရှိပါဘူး”

အလဲ့။ ‘မစိုး’ ဆိုပါလား။ အရင်က ဒေါ်စိုးစိုးဟန်ဟု ခေါ်နေကျ။

သူမကို ရွှန်းရွှန်းစားစားကြီး ပြုံးကြည့်နေတာကို သရိုးသရီ ခံစားနေရသည်။

ဖခင်အရွယ်၊ အသက် (၅၀) ကျော် ဆရာကြီးကို ဖျတ်ခနဲ ငေးကြည့်ရင်း မဟုတ်နိုင်ပါဘူး ဟုလည်း ငြင်းဆိုနေမိသည်။ (Flat File) ကလေးကို မဝံ့မရဲ ထိုးပြလျက် ...

“ဒါ ... ဒါနဲ့ ဒီစာပေါ်က ဆရာကြီးရဲ့ မှတ်ချက် ...”
“အဲဒါ မေ့ပစ်လိုက်ပါကွယ်၊ ဟဲ ... ဟဲ ... ဒီမှတ်ချက်မျိုး မရေးဘဲနဲ့ ဘယ်တုန်းကများ မစိုး တစ်ယောက်တည်း ဒီအခန်းထဲ လာဖူးလို့လဲ”
“ဘုရားရေ ...”

ထိုအခါမှစ၍ ဒေါ်စိုးစိုးဟန်သည် ဆရာကြီး အခန်းထဲသို့ ဝင်မည်ဆိုတိုင်း မာလာဆွေကို အဖော်ခေါ်သွားတတ်သည့် အကျင့် ရခဲ့လေသည်။

* * *

(၄)

ငယ်ရွယ်ချောမောသော အထူးစုံစမ်းစစ်ဆေးရေး အရာရှိကလေး ‘ကိုကျော်ဇေယျ’ သည် တာဝန်ဖြင့် ခေတ္တ လာရောက်ရင်း ရန်ကုန်အိမ်မှ လူကြုံပါးလိုက်သော ပစ္စည်းများကို ဒေါ်စိုးစိုးဟန်ထံ လာပို့သည်။

ကိုကျော်ဇေယျ မပြန်မီအတွင်း ဒေါ်စိုးစိုးဟန်က စားသောက်ဆိုင် တစ်ခုမှာ နှစ်ကြိမ် ထမင်း လိုက်ကျွေးသည်။ သုံးကြိမ်ခန့် လက်ဖက်ရည်ဆိုင် အတူ ထိုင်ဖြစ်ကြသည်။

ရုံးက ဆရာကြီး ဦးတင်မောင်ဆင့်၊ ဦးဟန်ညွန့်၊ ဦးမျိုးညိမ်းတို့ အားလုံး ထိပ်သီးပိုင်းတွေ ‘ခေါင်းချင်းရိုက်’ ကုန်သည်။ ရုံးခန်းထဲမှာ ဆွေးနွေးကြသည်။

ယောက်ျားငယ်ငယ် တစ်ဦးနှင့်အတူ လက်ဖက်ရည်ဆိုင် ထိုင်ခြင်းမှာ အရာရှိတစ်ဦး၏ ကျင့်ဝတ်သိက္ခာနှင့် မညီကြောင်း တစ်ဦးကပြောသည်။ သည်အတိုင်း လွှတ်ပေးထားလျှင် ဌာနသိက္ခာ ကျမည်ဖြစ်ကြောင်း တစ်ဦးက ပြောသည်။ မမှားသင့်တာ မမှားဖို့ ဆွေးနွေးပဲ့ပြင်သင့်ကြောင်း တစ်ဦးက ပြောပြန်သည်။ သည်အထိ သဘောတူညီချက် ရခဲ့ကြပြီ။ ပြဿနာက ...

ဒေါ်စိုးစိုးဟန်ကို ဘယ်သူက ခေါ်ယူ ဆွေးနွေးမှာလဲ။ “ဦးဟန်ညွန့် ပြောပါ၊”၊ “ဦးမျိုးညိမ်း ပြောတာ ပိုသင့်လျှော် မလားလို့”၊ “ဆရာကြီး ကိုယ်တိုင် ပြောတာပဲ ကောင်းမယ်ထင်တယ်” ဘယ်သူမှ မပြောရဲ။ တာဝန် လွှဲကြသည်။ ဆွေးနွေးချက် မပြတ်။

သူတို့ ဆွေးနွေးနေကြသည်ကို ရုံးခန်းထဲသို့ လက်ဖက်ရည် လာပို့သော ရုံးအကူလေး မောင်ခင်ကြည်က ကြားသွားသည်။ သူက လက်နှိပ်စက် စာရေးမလေး မာလာဆွေကို ပြန်ပြောပြသည်။ မာလာဆွေက ဒေါ်စိုးစိုးဟန်ကို တီးတိုး သတင်းပို့သည်။

ဒေါ်စိုးစိုးဟန်သည် သူမ ပြုမူနေကျအတိုင်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

ကိုကျော်ဇေယျသည် သူမ၏ မောင်အရင်း တော်စပ်ကြောင်း ဆရာများနှင့် မိတ်ဆက် ပေးမိခဲ့မည် ဆိုပါက ခုလို ဟက်ဟက်ပက်ပက် ရယ်မောခွင့် ရမည် မထင်။

-------------------------
မောင်ရင့်မာ (ကျောင်းကုန်း)
ရွှေဝတ်မှုန်၊ အောက်တိုဘာ၊ ၁၉၉၂။

credit
ပြန်လည်မျှဝေပါသည် မွန်းလေးဖေဖေ

No comments:

Post a Comment