#ကလဲ့စား
❇❇❇❇
မောင်ထင်
°°°°°°°°°°
“ဗျို့ ဟိုရှေ့က လှည်းဆရာ၊ ကျုပ်ကို ခဏ စောင့်ပါလားဗျာ”
“ဘာကိစ္စ စောင့်ရမှာတုံး”
“ကျုပ် လိုက်ချင်လို့ပါ”
“အလို၊ ဟုတ်ပဲ ဟုတ်သေးတော့ဗျာ”
“လိုက်ပါရစေ ဆရာကြီးရယ်”
“လိုက်တာက ဟုတ်ပါပြီ။ ကိုရင်က ဒီတောကြီးမျက်မည်း ထဲမှာ ဘယ်က ပေါ်လာတာတုံး။ ဘယ်ကလာပြီး ဘယ်ကို သွားမှာလဲ”
“ကျုပ်ဗျာ၊ ပြောပဲ မပြောချင်ပါဘူး။ ကပ်ခိုကို စပါးဖိုး သွားတောင်းတာ၊ ငွေမရတဲ့ အပြင် အပြန်မှာ မျက်စိလည်ပြီး တောနက်ထဲ ရောက်သွားလို့။ ကြောက်လိုက်တာဗျာ၊ မပြောချင်ပါဘူး။ အခု ဆရာကြီးက ကနောင်ကို သွားမလို့ မဟုတ်လား”
“ဟုတ်တယ်”
“လိုက်ပါရစေဗျာ၊ ကျွန်တော်လည်း ကနောင်ရောက်မှ အရီးတို့အိမ်မှာ တည်းခိုပြီး ရွှေကျင်ကို တာလမ်းအတိုင်း ပြန်ရမှာပဲ။ နေကလည်း ညိုနေပြီ။ ကျုပ်တစ်ယောက်တည်း ယောင်လည်လည်နဲ့မို့ လိုက်ပါရစေ”
“လိုက်တာက အရေးမကြီးပါဘူး။ ကိုရင်က ဘယ်သူတုံး၊ ဘယ်သူ့ သားသမီးလဲ”
“ကျုပ် လူကောင်းပါဗျာ။ ရွှေကျင်က ဆယ်အိမ်ခေါင်း ဦးရွှေကြုတ် ဆိုတာ ကြားဖူးမှာပေါ့။ အဲ သူ့ညီ ပွဲစား ဦးသိုင်း ဆိုတာ ကျုပ်အဖေဗျာ့။ ကျုပ်နာမည်က မောင်ထွန်းဦးတဲ့။ ကျုပ် လူဆိုး မဟုတ်ပါဘူး။ လူဆိုးပဲ ဖြစ်ဦးတော့၊ ကျုပ်ဗလနဲ့ ခင်ဗျားဗလ ယှဉ်လိုက်ရင် ကျုပ်မှာ လက်သီး တစ်ချက်ထိုးစာ တောင်မှ မရှိပါဘူး”
“ကျုပ်က ကိုရင့်ကို ကြောက်လို့ မေးနေတာ မဟုတ်ပါဘူး။ ကိုရင် လူဆိုးမှန်း မသိ၊ လူကောင်းမှန်း မသိနဲ့။ ရွာရောက်တော့ ဧည့်စာရင်း တိုင်ရရင် - ဘာကောင်ကို ခေါ်လာမှန်း မသိဘဲနဲ့ ကျုပ်အပေါ် အမှုပတ်ရင် မခက်ပါလား။ ဟဲ့ အတိုင်ဘက်က ဒီနွားသိုးဟာ၊ ဘယ်သဝေ ထိုးချင်သလဲ။ တောက်၊ ဪ၊ ဒီနေရာကျရင် နွားအမြဲလန့်တယ်”
“ကျုပ် လှည်းပေါ် တက်ခဲ့ပါရစေ။ ဘာဖြစ်လို့ ဒီလို နွားလန့် ရတာလဲ”
“ကျွတ်၊ ကျွတ်၊ ကျွတ်၊ ကျွတ်။ ဟဲ့ကောင်ကြီး။ ငါ နဖားကြိုး တုပ်ဆွဲလိုက်ရ နှာခေါင်း စုတ်သွားရော့မယ်။ နေဦး၊ ကျုပ် လှည်းကို ခဏရပ်မယ်။ ပြီးမှ တက်။ အရမ်း မတက်လိုက်နဲ့နော်။ ကျုပ် ရွှေဖရုံသီးတွေ ခြင်းထဲက ထွက်ကျကုန်လိမ့်မယ်”
“ကိုင်း တက်ပြီနော်။ အမယ်လေး၊ လှည်းပေါ်မှာ ပစ္စည်းပစ္စယ ကလည်း စုံလို့ပါလား။ ဟင်းသီးဟင်းရွက်၊ ကြက်၊ ဘဲ၊ အိုးခွက် တွေနဲ့။ ရွာပြောင်းလာတာလား”
“ဟုတ်ပါဘူး၊ သံသရာကြွေးကလေး ဆပ်စရာ ရှိလို့ပါ။ လာခဲ့၊ လာခဲ့၊ လှည်းဦးနားကို တိုးထိုင်။ လှည်းက နောက်လေးနေတယ်။ အဲ၊ ဟုတ်ပြီ။ ဟိုဘက် နည်းနည်းတိုး။ ကြိမ် မဝင့်သာဘူးကွယ့်”
“နွားက ဘာဖြစ်လို့ လန့်သလဲ”
“ဒီနေရာက နွားသင်္ချိုင်း နေရာ။ ဟိုအရင်တုန်းက ဒီမှာ ရွာကြီးတစ်ရွာ ရှိတယ်၊ နွားသတ်ရုံနဲ့ ဘာနဲ့ပဲ။ အခု ဒီရွာ ပျက်သွားပြီ။ နွားသတ်ရုံ နေရာကို လှည်းဖြတ်မောင်းရင် နေဝင်ရီတရောမှာ နွားလန့်တတ်တာပဲ”
“နေပါဦးဗျာ၊ ဒီနေရာမှာ ဟိုဆယ်နှစ်လောက်က အင်မတန် တောကြမ်းတယ်။ တောပုန်း ဓားပြတွေလည်း အတော်ထတယ် ဆိုတာပဲ။ ဒီနားက ရွာတစ်ရွာဟာ ခဏခဏ ဓားပြ အတိုက်ခံရတယ်လို့ ကြားဖူးတယ်”
“အဲဒါ ကျုပ် ပြောနေတဲ့ ရွာပေါ့။ အခု ပျက်သွားပြီ။ တချို့က ကပ်ခို ရောက်၊ တချို့က ကနောင်ကို ပြောင်း၊ တချို့တော့လည်း ငါးပိဆိပ်မှာ ရှိကြပါရဲ့”
“နေပါဦး ဆရာကြီး၊ ဆရာကြီးရဲ့ သံသရာကြွေး ဆိုတာက ဘာလဲဗျာ။ ကျုပ် ကြားဖူးတာကတော့ သံသရာကြွေး ဆပ်ဖို့ သံသရာကြွေး ကျေအောင် လှူတယ် တန်းတယ် ဘုန်းကြီး ဝတ်တယ်သာ ကြားဖူးတယ်။ ခင်ဗျား က ပဉ္စင်းတက်မလို့လား”
“ဟုတ်ပါဘူး၊ ကနောင်က မောင်သာအောင်ကလေး အတွက် ပစ္စည်း လာပို့တာပါ။ ကျုပ် နှစ်တိုင်းလိုလို သူဖို့ လက်ဆောင် ယူယူလာရတယ်”
“ခင်ဗျာ့းသားလား”
“အင်း မွေးစားသား ဆိုပါတော့”
“သားအဖကလည်း တခြားစီလား။ ဆရာကြီးက ကနောင်က ဟုတ်မယ် မထင်ဘူး”
“ဟုတ်ပါဘူး၊ ကျုပ် အရင်က ဒီရွာပျက်မှာ နေတယ်။ အခုတော့ ကပ်ခိုနဲ့ လေးမိုင်လောက် ဝေးတဲ့ နှံကားကွင်းမှာ တစ်ဦးတည်း လယ်လုပ်တယ်။ ယာလည်း ခုတ်တယ်။ ကိုင်းလည်း စိုက်တယ်။ တပည့်နောက်လိုက်တွေ တစ်ကျိပ်လောက် ရှိတယ်။ အခုလို စပါးပေါ်ချိန်ကျရင် မောင်သာအောင့်ဆီ ကြွေးပါ လာဆပ်ရတယ်”
“ဆရာကြီး ဥစ္စာ၊ ခုနကတော့ လက်ဆောင်တဲ့။ အခုတော့ ကြွေးဆပ်တယ် ဆိုတယ်။ ကျုပ်တော့ နားထောင်ရင်း နားဝေးလာပြီ”
“ဒီလိုလေ။ ကျုပ်မှာ မောင်သာအောင်ကလေး အပေါ် ပြစ်မှု ကျူးလွန်ထားတာ ရှိတယ်။ ဒါ ကျေအောင်လို့ ကြွေးဆပ်နေတာပဲ”
“နေပါဦး၊ ဆရာကြီး နာမည်က ဘယ်သူတုံး”
“ကျုပ်နာမည် မာဃတဲ့”
“နာမယ်ကလည်း ဆန်းလိုက်တာ။ ကျုပ် ကြားဖူးတာကတော့ လွန်ခဲ့တဲ့ လေး ငါး ဆယ်နှစ်လောက်က ကပ်ခိုတစ်ဝိုက်မှာ မာဃဂိုဏ်း အင်မတန်ထ ဆိုပါကလား”
“အဲဒီဂိုဏ်းက ဦးမာဃဆိုတာ ငါပဲလကွယ့်”
“ဗျာ”
“အေး၊ ဦးမာဃဆိုတာ ငါ”
“တောပုန်းကြီးလေ”
“ဟုတ်တယ်။ ဘာလဲကွယ့်၊ မင်းက ကြောက်သလား”
“ဆရာကြီးရယ်၊ ဆရာကြီး ကြည့်ရတာ ကြောက်စရာရုပ် မဟုတ် ပါဘူး။ ရုပ်ရည်ရူပကာကတော့ သမာဓိရှိတဲ့ လက္ခဏာပါ။ ဆရာကြီး ဘယ်သူက ဓားပြလို့ ထင်နိုင်ပါ့မလဲ။ ကျုပ် မကြောက်ပါဘူး။ ဒါပေမယ့် ဆရာကြီး ဒီဘဝ ရောက်ခဲ့ရတာကို သနားမိတယ်”
“ဟေ့၊ တော်ကွယ်၊ တော်၊ တော်။ မင်းသနားတာ ငါ မလိုချင်ဘူး။ ငါ့ အကုသိုလ်နဲ့ ငါ ရှိပါစေ။ ဒီအကုသိုလ်ကို ပျောက်အောင် အခု ငါ သံသရာကြွေး ဆပ်နေတယ်၊ မင်း သနားဖို့ မလိုဘူး”
“ဆရာကြီးရယ်၊ စကားမှားရင် ဗွေမယူပါနဲ့။ ကျုပ်က သဘောရိုး ပြောတာပါ။ ကျုပ်မှာ ဆရာကြီးနဲ့စာရင် တူသားအရွယ်ပါ။ ဆရာကြီးရဲ့ အင်္ဂါရုပ် မြင်မြင်ချင်း လေးစားမိပါတယ်”
“ဟော၊ ဒီနေရာ တစ်ဝိုက်မှာ ငါ ရွာလုံးကျွတ် ဝင်စီးဖို့ ခဏခဏ ကန်တော့ပွဲ ပေးခဲ့တာပေါ့ကွယ်။ ဟောဒီတောလမ်းက ဘယ်ဘက် ကွေ့လိုက်ရင် မောင်သာအောင်တို့ မိဘများရဲ့ လယ်တဲကို တွေ့နိုင်တာပေါ့”
“မောင်သာအောင်မှာ မိဘ ရှိသလား”
“ခုတော့ ငါ့လက်ချက်နဲ့ သူ့အမေလည်း လူ့ပြည်မှာ မရှိတော့ဘူးကွ။ သူ့အဖေကတော့ သေပြီ”
“ဘုရား ဘုရား”
“ဟဲ ဟဲ ကြောက်လာပလားကွယ့်”
“ကြောက်တော့ မကြောက်ပါဘူး။ ဒါပေမယ့် ကျောထဲက စိမ့်လာတယ်။ ကျုပ်လေ ဆရာကြီး ဒီဘဝမျိုးမှာ ကျင်လည်ခဲ့ရတယ် ဆိုတာ မယုံချင်ဘူး”
“အင်း ဆိုးတုန်းကတော့ အင်မတန် ဆိုးခဲ့တာပဲ”
“အင်း ဆေးပေါ့လိပ်ကလေး ရှူလိုက်ပါဦးလား။ ပြီးတော့ ဦးမာဃကြီး ရှေးဟောင်း နှောင်းဖြစ်ကို ပြောစမ်းပါဗျာ။ ကျုပ်တော့ နားထောင် နေရင်းက နားမလည်တော့ဘူး”
“အေး အေး ပြောရမှာပါ့ကွယ်။ မောင်သာအောင်တို့ မိဘက ဦးဖြူတီးနဲ့ ဒေါ်ကြေးအုံတဲ့။ သူတို့က လူရတတ်တွေ။ ငါကတော့ ဆရာစံ သူပုန်ထတုန်းမှာ ချက်ကောင်းယူပြီး လူတစ်ကျိပ် နှစ်ကျိပ်လောက် စုတယ်။ ပြီးတော့ မာဃဂိုဏ်း ထောင်တယ်။ ပြီးတော့ ဒီနယ်တစ်ဝိုက်မှာ ခိုးဆိုးတိုက်ခိုက် သတ်ဖြတ်နေတာပဲ။ တို့က ဒီနယ်လာတိုက်ပြီးရင် ငှက်ကြီးကွင်း ဘက်ဆီက ဂုံမင်းရွာမှာ စခန်းချကြတယ်။ ကပ်ခိုနဲ့တော့ အဝေးကြီးပဲ။ ဒါပေမယ့် တို့က မြင်းနဲ့ဆိုတော့ ကိုယ့်ရွာကိုယ် အချိန်မီ ပြန်ဝင်နိုင်တယ်။ ဂုံမင်း တစ်ရွာလုံးကလည်း သူပုန်နဲ့ လူဆိုးချည်းပဲ။ ဒီရွာထဲ ဘာမှုဖြစ်ဖြစ် သက်သေမပေါ်ဘူး။ တော်ရုံတန်ရုံ ရာဇဝတ်အုပ်ဆိုတာ တို့ရွာထဲ မလာရဲဘူးကွယ့်။ အစိုးရမှာ ဆရာစံ အရေးကြီးနေတုန်း တို့ကို သိပ် ဂရုမစိုက် နိုင်ဘူး”
“သူပုန်ဂိုဏ်းထဲ ဝင်ခဲ့သေးသလား”
“တို့အလုပ်က နိုင်ငံရေး မဟုတ်ဘူးကွ၊ သက်သက် ဓားပြတိုက်စားတာ။ သူများအလုပ်ထဲ ငါက ဝင်ရှုပ်တတ်တာ မဟုတ်ဘူး။ ဘယ်ဓားပြမှု ဖြစ်ဖြစ် လွတ်တာများတယ်။ လွတ်တဲ့အခါမှာ ငါ့တပည့်တွေက မာဃဂိုဏ်းအတွက် ကုန်းပြီး ခံသွားကြတာချည်းပဲ။ ဒါပေမယ့် လူသတ်တဲ့ ကိစ္စကတော့ ရှောင်ပါတယ်။ အင်မတန်မှ မလွှဲမကင်းသာ သတ်စရာရှိလည်း သတ်ရတာပေါ့။ ဥပမာဆိုရင် ဖြူတီးတို့အိမ်ကို ဝင်စီးတော့ သူ့မိန်းမ ကြေးအုံက ငါ့ကို ငှက်ကြီးတောင်ဓားနဲ့ ခုခံတယ်။ သူ့မောင်က နှစ်လုံးပြူးနဲ့ ပစ်မလို့ လုပ်တယ်။ ဒါနဲ့ ငါလည်း နှစ်ယောက်စလုံးကို ဝင်ပြီး ပိုင်းလိုက်တာပဲ။ အဲဒီအမှုလည်း တရားလိုက ပုလိပ်ကို မတိုင်ဘူး။ ဒီနောက် ဖြူတီးကိုယ်တိုင် သေသွားတော့ ငါတို့ အချောင်လွတ်နေတာပေါ့ နို့ပေမယ့် ရပ်ရွာကတော့ ငါ့ကို ခုထက်ထိ မသင်္ကာ ဖြစ်နေတာပဲ”
“တစ်ခါမှ ထောင်မကျဘူးလား”
“ဟင့်အင်း”
“ဒီလောက် ဆိုးသွမ်းတိုက်ခိုက်လာတာ ပုလိပ်က ဦးမာဃကို မနိုင်ဘူးပေါ့”
“သူပုန်ကိစ္စကြောင့် ငါလည်း အချောင်ပွခဲ့တာပါ။ ရိုးရိုးအချိန်မှာ ဆိုရင် စက်တိုင် တက်ရပြီပေါ့။ ပြီးတော့လည်း မောင်သာအောင့်ကို အကြောင်းပြုပြီး ငါလည်း အခု လူကောင်း ပြန်ဖြစ်နေတော့ ဘယ်သူကမှ ရန်မရှာတော့ပါဘူး။ ငါ့အပေါ် သူတို့ ခွင်လွှတ်တဲ့ သဘောပေါ့လကွယ်။ ဒါပေမယ့် ဖြူတီးက အငြိုးကြီးသကွယ့်၊ ငါ့ကို မမေ့ဘူး။ ငါလည်း အစက ဖြူတီးဆိုတာ ဖြူသလား မည်းသလား မသိပါဘူး။ သူ သေတော့မှ အကြောင်းစုံ သိရတော့တာပဲ”
“ဖြစ်ပုံက ဘယ်လိုလဲဗျာ့”
“အေး အေး၊ ဒီလိုကွယ့်။ တစ်နေ့မှာ ငါက ဖြူတီးအိမ်နားက ကျောင်းအစ်မကြီး ဒေါ်အိမ်သာ့အိမ်ကို အနုကြမ်း စီးတယ်။ ဒီတုန်းမှာ ငါ့မှာ အဖော်ဆိုလို့ အောက်စောင့် တစ်ယောက်ပဲ ပါတယ်။ ဒေါ်အိမ်သာ ဆိုတာက ကြီးလှပါပြီ။ ဒါ့ကြောင့် ငါက ဓားမြှောင်နဲ့ ခြိမ်းခြောက်တယ်။ အမယ်ကြီးက ကြောက်လန့်တကြား အော်တယ်။ သူတို့မလည်း ငါတို့အကြောင်း သတင်း ရထားတာနဲ့ တူသကွယ့်။ ဒေါ်အိမ်သာ အော်လိုက်တယ် ဆိုရင်ပဲ ရွာတောင်ဘက်က နည်းနည်းဆူသံ ကြားတယ်။ နောက်ပြီး တိတ်သွားတယ်။ ဘယ်သူမှ မကပ်ရဲကြဘူးလို့ ငါက ထင်လိုက်တယ်။ ဒါနဲ့ အမယ်ကြီးကို ပါးစပ်ပိတ်ပြီး ရင်ဝ ဓားတေ့ ထားတယ်။ ပြီးတော့ ကျွန်းသေတ္တာကို ငါဖွင့်တယ်။ ဖွင့်နေတုန်း ဒုန်းဆို တစ်ချက်ကြားတယ်။ ငါ့ခေါင်းမှာ နွေးခနဲ ဖြစ်သွားတယ်။ ငါလည်း မေ့သွားရော”
“ဆရာကြီး ခေါင်းက အမာရွတ်ဟာ ဟိုတုန်းကရတဲ့ ဒဏ်ရာနဲ့ တူတယ်”
“အစစ်ပေါ့၊ ဖြူတီးက အင်မတန် သတ္တိကောင်းတဲ့ အကောင်ကွယ့်။ ဒါနဲ့ ငါလည်း မေ့လဲရာက နိုးလာတော့ ဖြူတီးတို့ အိမ်ပေါ်ကို ငါရောက်နေတယ်။ ငါ့အကြောင်း ဖြူတီး မသိလို့ ငါ့ကို ခေါ်ထားတယ်လို့ ငါထင်ခဲ့တယ်။ ဒါပေမယ့် ဓားပြ တစ်ယောက်လုံးကို ဖြူတီးက အနာဆေးထည့်ပြီး ပြုစုတာ ငါ နားမလည်ဘူး။ စင်စစ်တော့ ဖြူတီးကို ငါက မှတ်လည်း မမှတ်မိဘူး။ သူ့အိမ် တက်ပြီး ဓားပြတိုက်တုန်းက သူနဲ့ မျက်နှာချင်း မဆုံခဲ့ရတော့ ငါလည်း မသိ ဖြစ်နေတယ်။ စင်စစ်မှာတော့ကွယ် ဒီနယ်တစ်ဝိုက်မှာ ငါ ဓားပြတိုက်ထားတဲ့ အိမ်တွေက များနေတော့ ကိုယ်တိုက်ဖူးတဲ့ အိမ်ကိုတောင် ကိုယ် ခပ်မေ့မေ့ပဲ။ ဖြူတီးကလည်း ငါ့ကို အတော်ပြုစုရှာသကွယ့်”
“အံ့ပါရဲ့ဗျာ၊ ကိုယ့်အိမ်တိုက်တဲ့ လူသတ်ဓားပြ ကိုယ့်အိမ်မှာပဲ ခေါ်ပြီး ပြုစုတယ်လို့။ ကြား ကြားဖူးပေါင်။ ဧကန္တ ဦးဖြူတီးက သူတော်ကောင်းကြီးနဲ့ တူတယ်”
“အေးကွယ်၊ ငါလည်း ငါ့အပေါ် ဘာ့ကြောင့် သဘောကောင်း နေပါလိမ့်မလဲလို့ တွေးမိသကွယ့်။ ငါ့ ချိုစောင်းမှာ ထန်းနှစ်တုတ်နဲ့ ချတဲ့ဒဏ်ရာ မကျက်တကျက် ရှိတုန်း ငါက မေးပါသေးသကွယ့်။ ဖြူတီးက ရယ်တယ်။ ‘မာဃရယ်၊ မင်း အမယ်ကြီးကို ဓားမြှောင်နဲ့ တေ့ပေမယ့် မင်း ဘာပစ္စည်းမှ မရလိုက်ပါဘူး။ ဒီတော့ မင်းကို ဘာမှ ပြန်မလုပ်ချင်ပါဘူး။ မင်း နေကောင်းတဲ့ နေ့ကျမှ ငါ ကျကျနန ပြောပြပါ့မယ်’။ သူက ဒီလိုပြောသကွယ့်။ ငါလည်း မရိပ်မိပါဘူး။ ဖြူတီးကိုသာ ကျေးဇူးတင်တဲ့ဇောနဲ့ နေခဲ့တယ်။ အဲ တစ်နေ့ကျတော့”
“အမယ်လေးဗျာ၊ ဒီနေရာမှာ ချောက်ကြီးရှိတယ်။ လှည်းက ဆောင့်လိုက်တာ အောင့်သွားတာပဲ”
“ဒီနေရာ နည်းနည်းတော့ လမ်းကြမ်းသကွယ့်။ ရှေ့က နင်းကြမ်းကြီးလွန်ရင် နီးပါပြီ။ မင်း ပါလာလို့ စကားကောင်း နေတာနဲ့ ကြာသွားသကွယ့်။ နို့မို့ရင် ဒီအချိန် ကနောင်ကို ဝင်ပြီ”
“အေးဗျာ၊ ကျုပ် အဖော်ရသားပဲ။ ဖြည်းဖြည်းနဲ့ ရောက်ရင် ပြီးတာပါပဲ။ ဆက်စမ်းပါဦးဗျာ့”
“ငါ့အနာ မကျက်တကျက်ပဲကွယ့်။ ဒါပေမယ့် ခေါင်းမူးတာ ပျောက်ပြီး လူကောင်း ပကတိတော့ ဖြစ်လာပြီ။ အဲဒီနေ့ ရောက်တော့ ဖြူတီးက ငါ့ကို တောစပ်ကလေးတစ်ခု ခေါ်သွားတယ်။ ရွာနဲ့ တော်တော်လှမ်းတယ်။ အချိန်ကတော့ နေထွက်စပဲ။ နှင်းတဖျောက်ဖျောက် ကျရာက နေပွင့်လာတဲ့အချိန် တို့ သွားကြတယ်။ တောစပ်ရောက်တော့ ဖြူတီးက ငါ့ကိုပြောတယ်။ ‘ဟေ့ မာဃ၊ ဖြူတီးဆိုတာ တစ်တီးတည်း ရှိတယ်ကွ’ လို့ ဆိုတယ်။ ငါကတော့ နားမလည်သေးဘူး။ ‘မင်းမှာလည်း မာဃဆို တစ်ဃတည်း ရှိတယ်။ အကြောင်း သိရမှာပေါ့ကွယ်’။ အဲဒီလို ပြောတယ်။ ဘာ့ကြောင့် ပြောမှန်း မသိဘူး”
“ဆရာကြီးကို တရားချမလို့လားဗျို့”
“အေး၊ သူ တရားချလို့ ငါလည်း တရားကျတာပဲ။ ဒါပေမယ့် ငါ သူ့ကို နှမြောတယ်။ သတ္တိရှိတဲ့ လူချင်းဆိုတော့ ပိုနှမြောမိတယ်။ သူ ငါ့ကို အဲဒီလို ပြောတော့ ငါက ငေးနေတယ်။ ဒီတော့မှ သူက ‘ဟေ့ မာဃ။ မင်း ငါ့ကို မမှတ်မိဘူးလားကွ။ မင်း ငါ့အိမ်တက် ဓားပြတိုက်ပြီး ငါ့မယားနဲ့ ငါ့ညီကို ဓားနဲ့ပိုင်းခဲ့တာ မေ့ပလား။ ငါကတော့ မမေ့ဘူးကွ၊ သေတောင် မမေ့ဘူး။ မင်းကို ငါကိုယ်တိုင် စီရင်ချင်လို့ လူနှစ်ယောက်တောင် သေတဲ့ကိစ္စမှာ မင်းနာမည်ကို တိုင်ချက်ထဲ ထည့်မတိုင်ဘူးကွယ့်။ ငါကိုယ်တိုင် သတ်ရမှ ကျေနပ်မယ်’။ ဒီလိုပြောတော့မှ ငါကလည်း ရိပ်မိသဟေ့”
“သတ်ချင်ရင် အလွယ်လေးပဲ။ ဆရာကြီး ခေါင်းကွဲပြီး လဲတုန်းမှာ သတ်လိုက်ရင် ဖြစ်ထာပဲ”
“အေး၊ အဲဒါကို ငါက မေးကြည့်တယ်။ သတ်ချင်ရင် စောစောက သတ်ရောပေါ့လကွာလို့ ပြောပြတယ်။ ဖြူတီးက ‘မင်း လူနာကြီး ဖြစ်နေတုန်းမှာ ငါက သတ်လို့ ဘယ်တရားရာ ကျမလဲ။ ဟော အခု မင်းလည်း သန်သန်မာမာ၊ ငါလည်း သန်သန်မာမာ။ ဟောဒီမှာကြည့်၊ ငှက်ကြီးတောင် ဓားနှစ်လက်။ မင်း ကြိုက်ရာရွေး’။ သူက အတည် ပြောနေတာကွယ့်။ ငါကတော့ ကြိုက်ရာဓား ရွေးပြီး ဘာလုပ်ရမှာလဲလို့ မေးလိုက်သေးတယ်။ သူက ‘ယှဉ်ခုတ်မယ်၊ ယှဉ်ခုတ်မယ်။ မင်းလို ငါက လက်နက်မပါတဲ့လူနဲ့ ယှဉ်ပြီး သတ်ချင်တဲ့အကောင် မဟုတ်ဘူး။ မင်းလို ငါက မိန်းမကိုမှ ရွေးပြီး သတ်ဝံ့တဲ့ အကောင် မဟုတ်ဘူး’။ သူ ဒီလိုပြောတော့ ငါက တောင်းပန်တယ်။ ‘တော်ပြီ၊ ကျုပ် ဒီ ဒုစရိုက်အလုပ်ကို စွန့်ပါတော့မယ်။ ကျုပ် နောက်ကို မဆိုးတော့ပါဘူး။ ကျုပ်ကို အနာပျောက်အောင် ကုပေးပြီး အိမ်ပေါ်မှာ တစ်လသေ တစ်လဆန်း ကျွေးမွေးခဲ့တဲ့ ကျေးဇူးရှင်အပေါ်မှာ ဓားမပြောနဲ့၊ အပ်နဲ့တောင် မရွယ်ချင်ဘူး’။ ဒီလိုပြောပေမယ့် ဖြူတီးက မကျေနိုင်ဘူး။ သူ့အသားတွေ ဆတ်ဆတ်တုန်နေတယ်။ သူ့ကို ပြောလို့ မရဘူး။ ငှက်ကြီးတောင်ဓား တစ်ချောင်းကို ငါ့လက်ထဲ အတင်းထည့်တယ်။ ဒေါသတကြီးနဲ့ ငါ့အနား ကပ်လာတော့ နှင်းစိုနေတဲ့ မြက်ခင်းပေါ်မှာ ခြေချော်သွားသေးတယ်။ ဒီနေရာမှာ ငါက လက်ချက်ဦးရင် သူ သေမှာပေါ့။ ဒါပေမယ့် ငါ က သန္နိဋ္ဌာန် ချပြီးသား။ ငါ သေချင် သေပေစေ၊ သူ့ကို ငါ ပြန်မလုပ်နိုင် ဘူး။ ဖြူတီးကတော့ ရှူးရှရှူးရှဲရှဲ ဖြစ်နေပြီ။ ဓားကို ငါ့လက်ထဲ အပ်ပြီး နောက်တစ်လှမ်း ဆုတ်တယ်။ ‘ကိုင်း၊ မာဃ။ ခုတ်လေ၊ ခုတ် ခုတ်’ လို့ သူက အော်တယ်။ ငါက ဓားကိုင်ပြီး ရပ်နေတယ်။ ဘာမှ မပြောဘူး။ သူက အော်ရင်း ဓားကို ရွယ်တယ်။ ငါက မတုန်မလှုပ်နေတယ်။ ဒီတော့ သူက ခုတ်ရမှာကို အားမလို အားမရ ဖြစ်ပြီး ငါ့ပခုံးကို ကိုင်တွန်းလိုက်တယ်။ ငါက နည်းနည်း ရှောင်ပေးလိုက်တယ်။ သူ ဒေါသ ပိုဖြစ်လာတော့ ငါက ရှောင်ပေးပြန်တယ်။ ‘ဟေ့ မာဃ၊ မင်းကိုယ်မင်း ဓားပြဆိုပြီး သတ္တိကြောင် ရသလား။ လာလေ၊ ခုတ်လေ။ ခုတ်၊ ခုတ်’။ အဲဒီလိုအော်ပြီး ငါ့ခေါင်းကို ချိန်ပြီး တအားခုတ် လိုက်ပြန်တယ်။ ငါ အသာ နောက်ကို ယိုင်ပေးလိုက်တော့ လေထဲမှာ ဓားဟာ ရွီးခနဲ မြည်သွားတာပဲ”
“နို့ ကိုမာဃကြီးကတော့ ဘာမှ ပြန်မလုပ်ဘူးလား”
“ငါက သန္နိဋ္ဌာန်ချထားတယ်။ သူ့ကို ငါ ပြန်မလုပ်ပါဘူးလို့ အောက်မေ့တယ်။ ဒါပေမယ့် ငါလည်း သေချင်သေးတာ မဟုတ်ဘူးကွ။ ဒီတော့ သူ့ဓားကို ရှောင်လို့မှ မရရင် ငါကလည်း ချရတော့မယ်။ ငါက နောက်ဆုတ်ခံနေတုန်း ဖြူတီးက ရှေ့ကို လောကြီးပြီး လိုက်အလာမှာ ဓားဟာ ငါ့ လည်ပင်းဘက်ဆီကို ဦးတည်လာတာပဲ။ ဒီတော့မှ ငါက သူ့ဓားကို ငါ့ဓားနဲ့ ခံတယ်။ သူကလည်း ဗလကောင်းတဲ့ အကောင်မို့ တောတော်နဲ့ လန်မသွားဘူး။ သူ့ ဓားလည်း သူ့လက်ထဲမှာပဲ။ သူ နောက်တစ်ချီခုတ်ဖို့ အရှိန်ယူနေတယ်။ နောက် သူ့လက်လှုပ်တာ ငါမြင်တယ်။ ငါလည်း နောက်ထပ် ဓားချက်ကို မလှန်နိုင်ရင် စလွယ်သိုင်း ပိုင်းဖို့အတွက် ဓားကို ဝင့်လိုက်တယ်။ ဖြူတီးလည်း လဲသွားကရော့”
“ဟင်၊ ဒါဖြင့် ခင်ဗျား သူ့ကို ပြန်မလုပ်ဘူးဆိုပြီး အခုတော့ အသေသတ်လိုက်တာပေါ့”
“ဟ၊ ငါက ဓားကိုဝင့်ရုံ ဝင့်လိုက်တာ။ သူက သူ့ဟာသူ လဲသွားတာပါ။ သူ့လက်ထဲကဓား လွတ်ကျသွားတယ်။ ဒီတော့ ငါလည်း သူ့ဓားကို ခြေနဲ့ ကျောက်လိုက်ပြီး သူ့အနား သွားကြည့်တယ်။ သူ့ကို ထူမယ် လုပ်တယ်။ သောက်ကျိုးနဲ နည်းတဲ့ အကောင်ကြီး မဟုတ်ပါဘူး။ ခြေမျက်စိကို ကိုက်လိုက်တာကိုး။ ဖြူတီးကို ပိုးထိတာပဲ။ ဖြူတီးကို ကိုက်ပြီးတော့ မြွေပွေးဟာ သူ့နေရာက သူ မရွေ့နိုင်ဘူး။ ဒါကြောင့် ငါလည်း ဒင်းကို အပိုင်းပိုင်းပြတ်အောင် ခုတ်သတ်လိုက်တယ်”
“ဟာ ဒီလိုဆိုရင် ဖြူတီးဆိုတဲ့လူ တစ်ခါတည်း သေရော့လား”
“သူက အတော် သတိကောင်းသားကွယ့်။ ပထမတော့ သူ့မျက်စိထဲ မိုက်ခနဲ နေတယ်နဲ့ တူပါတယ်။ သူ့ဟာသူ ဘာဖြစ်သွားတယ် ဆိုတာ မသိဘူးနဲ့ တူပါရဲ့။ စွေ့ခနဲ လဲရာက ဓားကိုကိုင် ငိုင်နေတယ်။ နောက် ငါက သူ့ကို မခုတ်ဘဲနဲ့ မြွေပွေးကို အပိုင်းပိုင်း ခုတ်လိုက်တော့မှ သူ့ဟာသူ ဘာဖြစ်တယ်ဆိုတာ နားလည်သွားတာနဲ့ တူရဲ့။ ငါလည်း ဘာလုပ်ရမှန်း မသိဘူး။ ဒီအချိန်မှာ ငါဟာ သူ့ကို စွန့်ပြီးပြေးရင် ဖြစ်ပါတယ်။ ဒါပေမယ့် ငါ ဘယ်လောက်ပဲ ဆိုးခဲ့ဆိုးခဲ့၊ ဖြူတီးဟာ ငါ့ကျေးဇူးရှင် ဖြစ်နေပြီ။ သူ့လက်ချက်နဲ့ ငါ သေခါမှ သေရော့၊ ငါ့ကြောင့်တော့ ဖြူတီး ပိုးစိုးပက်စက် မဖြစ်စေရဘူး။ ဒါပေမယ့် သူက ဓားကို ကိုင်ထားတော့ ငါက နည်းနည်း သတိရှိရသေးတယ်။ ကျားနာကြီးလို ဖြစ်နေတဲ့အခါမှာ မပြောနိုင်ဘူးကွယ့်။ သူ ငါ့ကို အင်မတန်မှ လက်စားချေချင်နေတယ်။ ဒီတော့ ငါက ခပ်လှမ်းလှမ်းကပဲ ကြည့်နေတယ်။ ဒါပေမယ့် သူ မယုံသင်္ကာ ရှိမှာစိုးလို့ ငါ့ဓားကို အဝေးကြီး လွှင့်ပစ်လိုက်တယ်။ ဒီတော့ သူက ဘာပြောသလဲ သိလား”
“အင်း၊ ဆိုစမ်းပါဦး”
“သူက ‘မာဃရေ၊ တို့တော့ မှားကုန်ပြီဟ’ တဲ့’
“နောက်တော့ကော ဘာဖြစ်သေးသလဲ”
“ဘာမှတော့ ဖြစ်စရာ မရှိပါဘူး။ သူ ငါ့ကို ရန်မူချင်သေးသလား၊ တကယ်ပဲ မှားတာ သိပလား။ ဒါကို ငါက ဇဝေဇဝါ ဖြစ်နေတယ်။ ဒါကြောင့် ငါ သူ့အနား မကပ်ဘူး။ ဒီတော့ ဖြူတီးက ‘မှားပြီဟေ့။ ပြုသူ အသစ်ပဲဟ၊ ဖြစ်သူကတော့ အဟောင်းပေါ့လကွာ။ ငါ ဒီလိုဖြစ်ရတာ အမှန်တော့ မင့်းကြောင့်ပဲဟေ့။ မင်းကို ငါလက်စားချေဖို့ ကြံခဲ့တယ်။ လက်စားချေတာမှ သေသေချာချာကို မင့်းမျက်နှာ တစိမ့်စိမ့်ကြည့်ပြီး လက်စားချေချင်တယ်။ မင့်းအပေါ်မှာ တစ်ဖက်သတ် အနိုင်ရပြီးမှ လက်စားချေတာမျိုးလည်း မဟုတ်ဘူး။ မင်းလည်း မင့်းဓားတစ်ချောင်း၊ ငါလည်း ငါ့ဓားတစ်ချောင်းနဲ့မှ လက်စားချေချင်တယ်။၊ ဒါပေမယ့် ငါ ကြံတိုင်း မဖြစ်ဘူးလဟ။ အေး၊ မင်းကတော့ မင့်းထိုက်နဲ့ မင်းကံပဲ။ တော်ပြီ၊ ငါ ကျေနပ်ပါပြီ။ မင်းကို ခွင့်လွှတ်လိုက်ပြီ’။ အဲဒီလို မြည်တွန်တောက်တီးပြီး သူ့ဓားကို လွှင့်ပစ်လိုက်တယ်။ ဒီတော့မှ ငါလည်း သူ့ဓားရော၊ ငါ့ဓားရော နှစ်ခုပေါင်းပြီး ခါးမှာ ထိုးတယ်။ ပြီးတော့ သူ့အနား သွားတယ်။ သူလည်း မြွေဆိပ် တက်နေပြီ။ မျက်လုံးအိမ်ဟာ ကြည့်လို့ မကောင်းတော့ဘူး။ ‘သာအောင်၊ သာအောင်။ သား၊ သား’။ အဲဒီလို တတွတ်တွတ် ခေါ်တယ်။ ငါလည်း ဖြူတီးကို အားပေးတယ်။ ‘ယောက်ျားပဲကွာ၊ စိတ်တင်းပါ။ ရွာရောက်လို့ ရှိရင် ခေမာကျောင်းက ဦးပဉ္စင်းနဲ့ကုရင် အဆိပ်ပြေပါလိမ့်မယ်’။ အဲသလို အားပေးတယ်။ ဒါပေမယ့် ခရီးက နည်းနည်းလှမ်းနေတယ်။ သူ့ကိုယ်ကြီးကလည်း လေးတယ်။ ဒီတော့ ငါလည်း ကြိုးစားပြီး ထမ်းပေမယ့် ခရီး သိပ်မတွင်ဘူး။ ရွာကို ဆွမ်းစားချိန်လောက်မှ ရောက်တယ်”
“အဲဒီတော့ သတိရသေးရဲ့လား”
“'ဖြူတီးကတော့ မြောနေပြီ။ ဘာမှ စကားကို လေးလုံးကွဲအောင် မပြောနိုင်တော့ဘူး။ ဒါပေမယ့် သာအောင်ကို ငါက ခေါ်ပြီး အဖြစ်အပျက် ပြောပြတယ်။ သူ့အဖေ အနားကို ခေါ်လာတယ်။ သားအဖနှစ်ယောက် တစ်ယောက်ကို တစ်ယောက် ဖက်ကြတယ်။ ကောင်ကလေးက ဆယ်နှစ် အရွယ်လောက်ပါပဲ။ ဒါပေမယ့် တွတ်တီးတွတ်တာ ပြောငိုတယ်။ ငါဟာ အဲဒီတုန်းက အောက်မေ့လိုက်တယ်။ ငါလို မိုက်လှတဲ့ သတ္တဝါ့ကိုတော့ မြွေပွေးက ဘာ့ကြောင့် မပေါက်ပါ သလဲလို့ အောက်မေ့မိတယ်။၊ ငါလည်း ချုံးပွဲချပြီး ငိုတာပဲ”
“အင်း သနားစရာဗျာ။ အလို၊ အတော်တောင် မှောင်လာပြီ။ ခပ်သုတ်သုတ် မောင်းလဗျာ”
“မင်းက ကြောက်လာပလားကွယ့်။ အဟင်း ဟဲဟဲ၊ ဆေးလိပ်မီး တစ်တို့လောက်”
“နေ၊ ကျုပ် မီးခြစ် ခြစ်ပေးမယ်”
“အေး အေး”
“အောင်မယ် ခင်ဗျား မျက်ရည်တွေ ကျလို့ပါလား”
“မှားသကွယ်။ ငါ ဘာလို့ ဒီလောက် မိုက်ရသလဲလို့၊ ကိုယ့်ဟာကိုယ် ပြန်တွေးမိတိုင်း အခုလိုပဲ ငါ ငိုမိတယ်။ ဘုန်းတော်ကြီးဦးတေဇွန် ပြောတာ သွားသတိရသဟေ့။ မောဟဆိုတာ ဒါပဲနဲ့ တူပါရဲ့ကွာ”
“ကိုင်း ဆရာကြီးရေ့၊ ဆရာကြီး လိုက်ပို့တာ ကျေးဇူးလည်း တင်ပါရဲ့။ ဒါပေမယ့် အခုလို ရှေးဟောင်း နှောင်းဖြစ်တွေကြောင့် ဆရာကြီး မျက်ရည်ကျတာကိုလည်း ကျုပ် မကြည့်ရက်ဘူးဗျာ။ ဒိပြင် အကြောင်းသာ ပြောကြပါစို့”
“မဟုတ်ဘူးလကွယ့်။ ငါက ဒီနေရာကို တစ်နှစ်မှာ သုံးလေးခေါက် ဆိုတာလို ဖြတ်ဖြတ်သွားရတယ်။ သွားတိုင်း သွားတိုင်း ငါ မျက်ရည်ကျမိပါတယ်။ ငိုမိပါတယ်။ မင်းပါလည်း ငိုမိမှာပဲ၊ မပါလည်း ငိုမိမှာပဲ။ ဒီတော့ ငါ့အကြောင်း ငါ ဆုံးအောင် ပြောမယ်”
“သဘောပါပဲဗျာ။ ကျုပ်က အစဖော်ပေးလို့ စိတ်ဆင်းရဲတာမျိုးတော့ မဖြစ်စေချင်ဘူး”
“မင်းကြောင့် စိတ်ဆင်းရဲတာ မရှိပါဘူးဟ။ ငါ့ကြောင့်သာ ငါ့ အကြောင်းနဲ့ငါ ငရဲဖြစ်နေတာပါကွ”
“ကိုင်းဗျာ၊ ဒါဖြင့် ရွာသူရွာသားတွေက ခင်ဗျားကို ဘာလုပ်ကြ သေးသလဲ။ ကိုဖြူတီးကလည်း ကုမရတော့ဘူးလား”
“မင်းသိတဲ့ အတိုင်းပဲ၊ တောမှာဆိုတော့ မန်းတာ မှုတ်တာက လွဲပြီး ဘာဆေးမှ ရှိတာ မဟုတ်တော့ ညချမ်းကျတော့ ဖြူတီးလည်း ပစ်လိုက်ရတာပဲ။ ရွာသူရွာသားတွေ ကတော့ ငါ့ဇာစ်မြစ်ကို မသိကြပါဘူး။ မသင်္ကာတာပဲ ရှိတယ်။ ငါလည်း ပြောပြလို့ ဘာထူးမှာလဲ။ ငါ့အတွက် တာဝန်တစ်ခု ရှိလာပြီ မဟုတ်လား။ ငါ မိုက်ခဲ့မှားခဲ့သမျှကို အဖတ်ဆယ်ဖို့ တစ်ခုပဲ ရှိသေးတယ်။ ဒါက မောင်သာအောင်ကလေးကို လူတစ်လုံး သူတစ်လုံး ဖြစ်အောင် စောင့်ရှောက်ဖို့ပဲ။ ဖြူတီး သေပေမယ့် ငါ ဖြူတီးအိမ်မှာပဲ ခဏနေပြီး မောင်သာအောင်ကို ပြုစုခဲ့တယ်။ နောက် မောင်သာအောင်ကို ရွာသူရွာသားတွေဆီမှာ ခဏအပ်ပြီး ငါ ဂုံမင်းကို ခဏပြန်တယ်”
“သာအောင်မှာ ဒိပြင်အမျိုး မရှိတော့ဘူးလား”
“အေး၊ ဆွေမျိုးနီးစပ်ထဲက မရှိတော့ဘူးကွယ့်။ ရှိလည်း သူ့ကိုတော့ ငါကပဲ တာဝန်ယူမှာပါ။ ဒါနဲ့ ဂုံမင်းသွားပြီး ငါ့တပည့်တွေကို ဆုံးမတယ်။ လူစုခွဲကြတယ်။ ကျန်ပစ္စည်း အနည်းငယ်ကို ထုခွဲကြတယ်။ ဒီအချိန်မှာ အင်္ဂလိပ်အစိုးရရဲ့ ‘ဒိုးဂရား’ခေါ်တဲ့ စစ်တပ်ကလည်း အတော်ဆိုးလာပြီ။ ဒီတော့ တို့ ထောင်တဲ့ မာဃဂိုဏ်းလည်း ဇာတ်ခေါင်းကွဲရော။ ငါလည်း ငါနဲ့အတူ လိုက်လာတဲ့ တပည့်တပန်းတွေကို စုပြီး လယ် စ လုပ်တာပဲကွယ့်။ အကျိုးပေး ဟန်လာတော့လည်း စီးပွားလမ်း ဖြောင့်လာတာပါပဲ။ ငါ့ ကုသိုလ်လား၊ မောင်သာအောင့် ကုသိုလ်လားတော့ မပြောတတ်ဘူး။ ရွာသူရွာသား တွေကလည်း ငါ့အဖြစ်ဟောင်းကြီးကို မေ့ပစ်လိုက်ကြတယ်။ ခွင့်လွှတ် လိုက်ကြတယ်။ တချို့က ငါ့လက်ချက်ကြောင့် လင်သေ သားသေ ဖြစ်တာတွေကို ရိပ်မိကြမှာပေါ့လကွာ။ ဒါပေမယ့် မောင်သာအောင့် မျက်နှာနဲ့ အားလုံးက မသိချင်ယောင် ဆောင်နေကြတာနဲ့ တူပါရဲ့”
“အင်း၊ သဘောထား ကြီးကြပါပေရဲ့။ ကျုပ်သာဖြင့် သည်းခံနိုင်မယ် မထင်ဘူး”
“သည်းမခံနိုင်ဘူး ဆိုရင်လည်း ငါက အပြစ်မဆိုချင်ပါဘူး။ ငါက အဟုတ်လုပ်ခဲ့သူမှ မဟုတ်ဘဲ၊ မဟုတ်တာတွေကိုချည်း လုပ်ခဲ့တာပဲ။ ဒီနှစ် လယ်က စပါး အတော်ထွက်တယ်။ လယ်သာ မဟုတ်ဘူးကွယ့်။ တချို့ ကိုင်းမြေမှာ ကိုင်းလည်း လုပ်သေးတယ်။ အခု ကိုင်းထွက်ပစ္စည်းတွေကို မောင်သာအောင့်အတွက် လာပို့တာပဲ။ သူ အခု ကနောင် စာသင်ကျောင်းမှာကွယ့်။ နောင်နှစ် ခုနစ်တန်းအောင်ရင် မြန်အောင်ကို ပို့မယ်လို့ စိတ်ကူး ထားတယ်။ အခု ကြီးလှပြီကွယ့်။ မိန်းမယူမယ့် အရွယ်တောင် ရောက်နေပြီ။ ဒါကြောင့် သူ့ကို တယ် စိတ်မချချင်ဘူး။ ပညာလိုတယ်ကွယ့်။ ပညာအသိ မရှိရင် ငါလို ဒုစရိုက်ကောင် ဖြစ်မှာပေါ့။ ဟော ပြောရင်းဆိုရင်း ရွာကို မြင်နေပြီ။ မင်း ဘယ်မှာ တည်းမှာလဲ”
“ကျုပ်တော့ အရီးတို့အိမ် သွားတည်းမယ်”
“မင့်းအရီးက ဘယ်မှာလဲ”
“ကမ်းနားတန်းမှာ”
“မိုးချုပ်ပြီ။ ငါနဲ့ တာကွင်းကိုပဲ လိုက်ခဲ့ပါ။ ကမ်းနားတန်းဘက် မသွားနဲ့တော့။ ဟိုကျ မောင်သာအောင်ကို ပြရဦးမယ်။ အေး၊ သူ့ရှေ့မှာ ငါ အခုပြောတာတွေ မပြောနဲ့နော်။ ဒါတွေကို မေ့မေ့ပျောက်ပျောက်ပဲ ထားတယ်။ မင်းက ဆွ မပေးနဲ့”
“စိတ်ချပါဗျာ၊ ခင်ဗျား အတွင်းရေးတွေဟာ ကျုပ်နဲ့ မဆိုင်ပါဘူး”
“ဒါပေမယ့် ငါ့ကို တစ်ခုတော့ ကူစမ်းပါဦး”
“ဟုတ်ကဲ့၊ ဆိုစမ်း၊ ဘာကူရမှာတုံး”
“မောင်သာအောင်နဲ့ တွေ့ရင် မိန်းမ စိတ်မကူးနဲ့ဦးလို့၊ ပညာရအောင် ရှာဦးလို့။ အဲဒါကို ပြောပြစမ်းပါကွယ်။ ခုခေတ်မှာ ကုလားဖြူစာကလေး ဘာကလေး တတ်ထားမှ လူတောထဲ ဝင်နိုင်တယ် မဟုတ်လားကွယ့်”
“လယ်သမားသားပဲဗျာ၊ ဒါတွေ မလိုပါဘူး”
“အေး၊ ဟုတ်တော့ ဟုတ်ပါရဲ့ကွယ်။ ဒါပေမယ့် သူ့မိဘက သူ့ကို မပေးနိုင်ခဲ့တဲ့ စည်းစိမ်တွေကို ငါက သူ့ကို ပေးချင်တယ်။ ဒါကြောင့် ခေတ်အလိုက် ပညာတတ် ဖြစ်စေ့ချင်သကွယ်။ ဟို ဘာဆိုလဲ၊ ကောလိပ်ဆိုလား၊ ဘာဆိုလဲ။ အဲဒီအထိရောက်အောင် ငါ ကျွန်ခံလုပ်ရလုပ်ရ လုပ်ပေးချင်တယ်။ ဟဲ့ ပြောရင်းဆိုရင်း ရှေ့ကဟာ အိမ်မဟုတ်လား။ ဟောဟိုမှာ မောင်သာအောင်နဲ့ တူရဲ့။ မီးတိုင်ကြီး ဝင့်ဝင့် ပြနေတယ်။ ဟေ့ မောင်ထွန်းဦး၊ မင်း လှည်းပေါ်က မဆင်းပါနဲ့တော့ကွာ။ ငါနဲ့သာ တစ်ခါတည်း လိုက်ခဲ့ပါတော့”
“နေပါစေဗျာ၊ ဒုက္ခ မရှာနဲ့”
“ဟေ့၊ ဒုက္ခရှာစရာ ဘာမှ မရှိဘူး။ ငါကိုယ်တိုင် မောင်သာအောင့်ဖို့ တောကြက်ဟင်းတွေ ချက်လာတယ်။ အိမ်ကျတော့ နွှေးပြီး စားရုံပဲ။ လိုက်ခဲ့ပါလကွယ့်၊ အားနာစရာ မရှိပါဘူး”
“ဒီလိုဆိုလည်း ကောင်းသားပဲ”
“အေး၊ ကောင်းသဟေ့။ ဟဲ့နွား၊ အိမ်ပြန်တဲ့နွား၊ မြက်မစားဘူးတဲ့နော်။ ရွာဝင်ပလားဆိုရင် နဖားကြိုး တုပ်လို့တောင် မရဘူး”
🔲
#မောင်ထင်
သွေးသောက်၊ ဖေဖော်ဝါရီ၊ ၁၉၅၄။
မောင်ထင်၏ ဝတ္ထုတိုပေါင်းချုပ် (၁၉၉၉)
No comments:
Post a Comment