May 24, 2018

ရယ်စရာမောစရာ စာအုပ်မှ

ရယ်စရာမောစရာ စာအုပ်မှ
🌠🌠🌠🌠🌠🌠🌠🌠🌠

မင်းလူ

ကျော်ကွန့် နှင့် လှထုံ အိမ်ထောင်ကျပြီး ကျော်ကွန့်တို့မိဘအိမ်တွင် တစ်လခန့် နေပြီးနောက် သူတို့ဘာသာ သပ်ရပ်သော တဲကလေးတစ်လုံး ဆောက်ပြီး ပြောင်းနေကြသည် ။

ပထမဆုံး စပြောင်းသောညမှာပင် လှထုံက ဇာတိပြလေတော့သည် ။ အိပ်ခါနီး ခြင်ထောင်ထောင်သောအခါမှာ ဖြစ်၏။
ခြင်ထောင်ဆိုသည်မှာ မှောက်လျက်အနေအထားဖြင့် ထောင်ရမြဲ ဖြစ်သည် ။
ဒါကို သူက ပက်လက်ထောင်သည် ။ ထိုအခါ ခြင်ထောင်ကြိုးတွေ ခံနေသဖြင့် ခြင်ထောင်ချလို့မရတော့ ။

“ကိုကျော်ကွန့် ၊ လာစမ်းပါဦး”

ကျော်ကွန့်သည် အိမ်ရှေ့ပက်လက်ကုလားထိုင်ပေါ်ထိုင်ရင်း ထရံမှ ၀ါးစိမ်းနံ့ပင် မပျောက်သေးသော အိမ်သစ်ကလေး၏ အငွေ့အသက်တွင် ပီတိနှင့် ငြိမ့်နေသဖြင့် လှထုံအသံကို မကြားသေး … ။

“ကိုကျော်ကွန့်”
လှထုံက အသံကို ထပ်မြှင့်တော့မှ

“ဟေ … အေ … ဘာလဲ” ဆိုပြီး အိပ်ခန်းထဲ ၀င်သည် ။

“ရှင်ခေါ်လာတဲ့ လက်သမားတွေက အသုံးကို မကျဘူး …”

“ဟင် … ဘာဖြစ်လို့လဲ”

“ဒီမှာကြည့်လေ ၊ အိမ်တိုင်တွေကို ပြောင်းပြန်စိုက်ထားသလား မသိဘူး ၊ ခြင်ထောင်ချလို့မရတော့ဘူး …”

ကျော်ကွန့်သည် လှထုံခြင်ထောင်ပက်လက် ထောင်ထားပုံကို ကြည့်၍ ရယ်ပဲရယ်ရမလား ၊ စိတ်ပဲဆိုးရမလားမသိ ဖြစ်နေပြီးမှ …
“လောကကြီးမှာလေ ၊ လောလောသာ ကလိုက်ချင်တော့တာပါပဲ လှထုံရယ်” ဟူ၍သာ ညည်းပြော ပြောလိုက်ရတော့သည်။

လထုံအကြောင်းကို သိသဖြင့် ကျော်ကွန့်သူငယ်ချင်းတွေက မကြာခဏ အကြောင်ရိုက်လေ့ရှိသည် ။
တစ်ရက်တွင် လှထုံ သမ၀ါယမဆိုင်သို့ အသွား လမ်းမှာ ပတေးနှင့် ဆုံသည် ။

“လှထုံ ဘယ်လဲဟေ့ …” ဟု ပတေးက နှုတ်ဆက်သည် ။

“သမဆိုင်လေ ၊ ပုဆိုးကြမ်းတွေ ရောက်နေတယ်ဆိုလို့ ၊ ကိုကျော်ကွန့်အတွက် တစ်ထည်လောက် သွားဝယ်မလို့”

“ဟာ ၊ ပုဆိုးသွားဝယ်မယ်ဆိုပြီး အတိုင်းလဲ မပါပါလား ၊ တော်ကြာ ၀ယ်ပြီးမှ ကျော်ကွန့်နဲ့ မတော်ရင် ဒုက္ခရောက်နေဦးမယ်” ဟု ပတေးက အတည်ပေါက်နှင့် ပြောသည် ။

“ဟယ် .. ဟုတ်ပါရဲ့၊ ကြည့်စမ်း ၊ ကိုပတေးပြောမှပဲ သတိရတော့တယ်”ဆိုပြီး အိမ်ကို အမြန်ပြန်ပြေးသည်။ ကျော်ကွန့်၏ ပုဆိုးဟောင်းတစ်ထည် ယူပြီးမှ သမ၀ါယမဆိုင် သွားသည် ။

ဟိုရောက်တော့ သူကြိုက်သည့်အဆင် ပုဆိုးတစ်ထည် ပြခိုင်းပြီး ကျော်ကွန့်၏ ပုဆိုးဟောင်းနှင့် ဖြန့်တိုင်းကြည့်သည်၊ သမဆိုင်မှအရောင်းစာရေးမက လှထုံလုပ်ပုံကိုကြည့်၍ သူတိုကို မယုံသင်္ကာရှိလို့ ဒီလိုလုပ်တာပဲဟု ထင်သွားသည် ။ ထို့ကြောင့်

“ယူချင်ယူ ၊ မယူချင်နေ ၊ စက်ရုံက လာကတည်းက ဒီအတိုင်းပဲ” ဟု ခပ်ဆတ်ဆတ် ပြောလိုက်သည် ။ လှထုံကလည်း အကြောမခံ ။

“ရှင်တို့ကတော့ ၀ယ်သူကို ဟောက်ဖို့ပဲ စဉ်းစားနေတာပဲ ၊ ၀ယ်ပြီးမှ မတော်လို့ ပြန်လဲရင် ရှင်တို့က လဲပေးလို့လား …” ဟု ခပ်စွာစွာပြန်ပြောသည် ။ အရောင်းစာရေးမသည် လှထုံ၏စကားကို နားမလည်ပဲ ကြောင်တက်တက် ဖြစ်သွားရ၏။

ထိုအကြောင်းကို ကျော်ကွန့်အား လှထုံက ပြန်ပြောပြသောအခါ …

“လှထုံရယ် ၊ မင်းမလဲ ခက်တာပဲ ၊ ပုဆိုးဆိုတာ အတိုင်းမှ မလိုဘဲ ၊ အားလုံး အတူတူချည်းပဲဟ”

“ဟုတ်လား ၊ သိမှ မသိဘဲ”

“အေး … နောက်ကို မှတ်ထား”


လှထုံက တကယ်ကို မှတ်ထား၏ ။ ထိုအမှတ်သညာကို နောက်တစ်ခါကျတော့ ကောင်းကောင်းကြီး အသုံးချလေသည် ။
ကျော်ကွန့်အတွက် ရှပ်အင်္ကျီတစ်ထည်ချုပ်ရန် အပ်ချုပ်ဆိုင်သို့ သွားသည် ။ ဆိုင်ရှင် ကိုမင်းညွန့်အား အင်္ကျီစကိုပေးပြီး …

“ကဲ … ကိုမင်းညွန့် ၊ အဲဒီမှာ ကိုကျော်ကွန့်အတွက် ရှပ်အင်္ကျီပုံကောင်းကောင်းလေး ချုပ်ပေးစမ်းပါ”

“လက်တိုလား ၊ လက်ရှည်လား”

“လက်ရှည်ပေါ့”

“အဲ… နေစမ်းပါဦး ၊ ချုပ်တာတော့ ဟုတ်ပါပြီ ၊ အင်္ကျီတိုင်း မပါဘူးလား”

“အို … အင်္ကျီတိုင်းတွေ ဘာတွေ မလိုပါဘူး ၊ ကိုကျော်ကွန့်ကို ရှင်သိသားပဲ ၊ ကြည့်ချုပ်လိုက်ပေါ့”

“ဟာ … ဘယ်ဖြစ်မလဲ ၊ အတိုင်မပါဘဲ ချုပ်လို့မဖြစ်ဘူး”

“ဘာလို့ မဖြစ်ရမှာလဲ ၊ ကိုကျော်ကွန့်ကို ရှင် ကောင်းကောင်းသိတာပဲ”

“သိပါတယ် ၊ ဒါပေမယ့် အတိုင်းမှမပါဘဲ”

“လာပြန်ပြီ အတိုင်း ၊ ရှင်မချုပ်တတ်ရင် မချုပ်တတ်ဘူး ပြောစမ်းပါ ၊ ဒါနဲ့များ ကိုကျော်ကွန့်ကို ခင်မင်လှချည်ရဲ့ ဘာရဲ့နဲ့”

“အဲဒါနဲ့ ဘာဆိုင်လို့လဲဗျ”

“ဆိုင်တာပေါ့ ၊ ကိုယ့်သူငယ်ချင်းတစ်ယေက်လုံးရဲ့ အင်္ကျီတောင် အလွတ်မချုပ်တတ်ဘူးလား”

“ခက်တော့တာပဲ”
ကိုမင်းညွန့် ခေါင်းကုတ်နေသည် ၊ လှထုံက
“တော်ပါပြီရှင် ၊ ဒီလောက်ညံ့တဲ့ဆိုင် မချုပ်တော့ပါဘူး ၊ ကိုကျော်ကွန့် မြို့ထဲသွားမှပဲ ချုပ်ခိုင်းတော့မယ်”
ပိတ်စကို ပြန်ယူမည်ပြုသည် ။

“ဟာ … နေပါဦးလေ”

ကိုမင်းညွန့်သည် လှထုံအကြောင်းကို သိသည် ၊ အင်္ကျီချုပ်လျှင် ကိုယ်တိုင်လျှင်တိုင်း ၊ မတိုင်းလျှင် အင်္ကျီတစ်ထည် အတိုင်းယူလာရစမြဲ ဖြစ်ကြောင်း ဘယ်လို ရှင်းပြရမလဲ မသိ ။ ရှင်းပြလို့လည်း လှထုံက နားလည်မည် မထင် ၊ ထို့ကြောင့်

“ဒီလိုပါ မလှထုံရဲ့ ၊ ကျော်ကွန့်အင်္ကျီကို ကျွန်တော်ချုပ်တတ်ပါတယ် ၊ ဒါပေမယ့် ဟိုဒင်းလေ …. ခင်ဗျားတို့က အခု အိမ်ပြောင်းသွားပြီ မဟုတ်လား ၊ အိမ်အသစ်မှာဆိုတော့ အရင်လို ချုပ်လို့မရတော့ဘူးလေ ၊ ဒါကြောင့်ပါ ၊ ကျော်ကွန့်ကိုသာ ကျွန်တော့်ဆီ လွှတ်လိုက်ပါ ၊ အင်္ကျီပုံစံအသစ် ထပ်ပြောင်းရအောင်လို့” ဟု လှထုံကျေနပ်အောင် မဆီမဆိုင်တွေ လျှောက်ပြောရသည် ။

ထိုအခါကျမှ လှထုံက
“ဒီလိုတော့လဲ ဟုတ်သားပဲ”
ကိုမင်းညွန့်သည် မရယ်မိအောင် မနည်း သတိထားနေရသည် ။

နောက်တစ်နေ့ ကျော်ကွန့် အင်္ကျီလာတိုင်းတော့မှ ကိုမင်းညွန့်က ထိုအကြောင်းကို ရယ်မောရင်း ပြောပြရာ ကျော်ကွန့်က . .

“အေးဗျာ ၊ ကျွန်တော့်မိန်းမထုံပုံကတော့ မပြောချင်တော့ပါဘူး ၊ ဒါပေမယ့် ပြောရဦးမယ် ၊ တစ်ခါတုန်းက သူ့မှတ်ပုံတင်ပျောက်သွားလို့ အသစ်ပြန်လုပ်ဖို့ ဓါတ်ပုံထပ်ရိုက်စရာ ရှိတာနဲ့ ကျွန်တော်က ပြောတော့ ၊ သူက ကျွန်မ အိမ်မှာ လုပ်စရာတွေရှိသေးတယ် ၊ မအားသေးဘူး ၊ ရှင် အပြင်ထွက်ရင်းနဲ့ လမ်းကြုံရင် ၀င်ရိုက်ခဲ့ပေါ့တဲ့ ၊
ကဲလေ … သူ့ဓါတ်ပုံကို ကျွန်တော်က ဘယ်လိုလုပ်
ကိုယ်စား ၀င်ရိုက်လို့ရမှာလဲ”

ကိုမင်းညွန့်မိန်းမသည် ရယ်လိုက်သဖြင့် ချုပ်လက်စ ချုပ်ရိုးတောင် နည်းနည်းတောင် တွန့်သွားသည် ။

🔲

#မင်းလူ

Credit*-#zinwaimyanmar

No comments:

Post a Comment