May 24, 2018

မိန်းမတို့အကြောင်း

#မိန်းမတို့အကြောင်း 
💫💫💫💫💫💫💫

(ခင်နှင်းယု)

မမြစိန်ကွယ်လွန်အနိစ္စရောက်ရခြင်းတွင် ကျွန်တော့်ပယောဂ မကင်းပေ။ ကွယ်လွန်စက ကိုယ်ချစ်မြတ်နိုးသော ဇနီးတစ်ယောက်နှင့် ကွေကွင်းရခြင်း ဒုက္ခတစ်ခုသာ ဖြစ်ခဲ့၏။ သို့သော် သူ၏ရိုးရိုးသားသား ရေးသားထားခဲ့သော စာတမ်းရှည်ကို ဖတ်ရချိန် တွင်မူ ကျွန်တော့်စိတ်များသည် ဘယ်သောအခါမှ မတည်ငြိမ်ခဲ့ပါပေ။

မသေခင်က ပစ်ထား၍ သေပြီးမှ လွမ်းဆွတ်တသငိုချင်သော နောင်တတရားများဖြင့်မြွမ်းသည့် ပူပန်ခြင်းမျိုးလည်း မဟုတ်ပါ။ သို့သော် ကာလကြာလေလေ ကျွန်တော့်ကိုယ်ကျွန်တော် ပြန်လည်ဆန်းစစ်ကြည့်သောအခါ ကျွန်တော်သည် အများသဘောကို ချောချောကြီးကျအောင် ရေးသားနိုင်သော နာမည်ကျော် ‘မောင်စန္ဒာ’ဟူသော စာရေးဆရာတစ်ယောက်ဖြစ်ပါလျက်နှင့် ပြဿနာတစ်ခုအား မိန်းမနှစ်ယောက်၏စိတ်ကို ပြေလည်ရှင်းလင်းအောင် ပြောပြဆွေးနွေးနိုင်သော သူတစ်ယောက်မဟုတ်နိုင်ကြောင်း ကိုယ့်ကိုယ်ကိုယ် သိသာလာသည်။ ထို့ကြောင့်ပင် ကျွန်တော့်ချစ်ဇနီးသည် ခွဲသင့်ခွဲထိုက်သော အချိန်ထက်စော၍ ကျွန်တော့်အား ခွဲခွာသွားခြင်းပင်ဖြစ်၏။

မမြစိန်သည် ကျွန်တော်၏တစ်ဦးတည်းသော လက်ထပ်မယားဖြစ်ခဲ့သော်လည်း ကျွန်တော်၏ချစ်ဦးသူမဟုတ်ခဲ့။ ကျွန်တော့်ချစ်ဦးသူမှာ မနှင်းအေးဖြစ်သည်ကို မမြစိန်သည် လက်မထပ်ခင်ကပင် သိခဲ့၏။ မနှင်းအေးသည် စာတတ်သည်။ ပိုက်ဆံရှိသည်။ ဒီဂရီမှာ ဘီအေ-ဘီအီးဒီဘွဲ့ကိုလည်း ယူထားသည်။ ဘီအယ်လ်လည်း အောင်ပြီးပေပြီ။ ကျောင်းနေစဉ် မေတ္တာမျှခဲ့သူမို့ မနှင်းအေးအကြောင်းကို ကျွန်တော် အားလုံးပင် သိရှိပြီးဖြစ်ပါသည်။ ကျွန်တော့်အမည်မှာ ကလောင်နာမည်ကသာ မောင်စန္ဒာဖြစ်သော်လည်း နာမည်ရင်းမှာ မိုးဟိန်းဖြစ်ပါသည်။

မနှင်းအေးသည် ကျွန်တော့်ကို ‘မိုး’ဟု တစ်လုံးတည်းပင် ခေါ်ပေသည်။ သူ ဘီအေ-ဘီအီးဒီအောင်စက သူ့ဖေဖေနှင့်မေမေမှာ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ခဲ့သည်။ အဒေါ်သားချင်း ဆွေမျိုးများနှင့်လည်း သူ မနေ။ သူ့အိမ်တွင်ပင် ငယ်ငယ်က သူ့ကိုထိန်း လာသော ဒေါ်ရှင်နှင့်အတူ နေကြပေသည်။

‘‘ မိုး...ယူ ဘာစားချင်တယ်ဆိုတာ ပြောနော်။ ဒေါ်ရှင် အားလုံးချက်တတ်တယ်ကွယ့် ’’

တစ်ခါတစ်ခါ ကျွန်တော် သူ့အိမ် ထမင်းသွားစားလျှင် သူသည် ကျွန်တော့်အပါးတွင် ထမင်းစားရင်း ပြောပြ၏။

‘‘ မိုး...ကျွန်မနဲ့အတူတူ ထမင်းလာစားတဲ့အခါ စိတ်ပျော်တာပေါ့လေ။ အရင်ကတော့ ဒီထမင်းဝိုင်းမှာ သားအမိသားအဖ သုံးယောက်၊ ဒေါ်ရှင်နဲ့ဆိုတော့ ပေါင်း လေးယောက်ပေါ့။ အခုတော့ ဒေါ်ရှင်နဲ့ကျွန်မ နှစ်ယောက်တည်းရယ်။ မိုး...လာတဲ့အခါ ထမင်းဝိုင်းဟာ စိုသွားတာပေါ့’’

သူသည် ပြုံးပြုံးရွှင်ရွှင် အေးအေးချမ်းချမ်းနှင့်ပင် ဧည့်ခံ၏။ သူ့မျက်နှာသည် ရှင်း၏။ မနှင်းအေးသည် သူ့စိတ်ထဲတွင် ခံစားရသမျှ မျက်နှာတွင် ထင်းခနဲ ပေါ်လွင်လွယ်သော သူမျိုးဖြစ်၏။ တောက်ပသော သူ့မျက်လုံး ကျယ်ကျယ်ဝန်းဝန်းမှာ သူ့နှလုံးသားကို ထိုးဖောက်မြင်နိုင်လောက်အောင် ကြည်လင်နေသည်ဟု ကျွန်တော်ထင်ပေသည်။ အသားဖြူ၍ သေးသေးနွဲ့နွဲ့နှင့် ပေါင်တံသွယ်သောကြောင့် သူကြိုက်သောအရောင်ရင့် ပြောင်လုံချည်များကို ၀တ်သောအခါ ထိုင်နေစဉ်ထက် မနှင်းအေးသည် လမ်းလျှောက်သောအခါ ပို၍လှလေသည်။

‘‘ ဒေါ်ရှင်ရေ၊ နက်ဖြန်ကျရင်တော့ ကျွန်မ ငါးရံ့အူစားချင်တယ် ’’

‘‘ စား ရပါတယ်။ ကြည့်မြင်တိုင်ဈေးသွားဝယ်၊ ပြီးတော့ မရန်းသီးထောင်း၊ တမာချဉ်တို့မယ် ’’

‘‘ အဲ ... အဲ ... ဟုတ်ပြီ။ မိုး နက်ဖြန်လည်း လာစားပါဦး။ ဒေါ်ရှင်းဟင်းစပ်ပုံက ကောင်းတယ် ’’

သူသည် လက်ဆေး၍ ကျွန်တော့်အပါးမှထရင်း ပြော၏။

‘‘ မိုး စန္ဒရားတီးတာ နားထောင်မလား၊ ခြံထဲပဲ လျှောက်မလား ’’

‘‘ ခြံထဲလျှောက်ရအောင်ကွယ် ’’

ခြံထဲတွင် ပန်းပင်များပွင့်နေကြ၏။

‘‘ ကိုယ်တို့လက်ထပ်ရအောင်လား မနှင်းအေး ’’ဟု ကျွန်တော်က စကားဆိုလျှင်မူ...

‘‘ ဖြည်းဖြည်းပေါ့ မိုးရယ်၊ စောစောစီးစီး ငရုတ်သီး၊ ကြက်သွန်တွေအကြောင်း မစဉ်းစားပါရစေနဲ့ဦးကွယ် ’’ဟု သူဆိုပါသည်။

သို့သော် သူ ကျွန်တော့်ကိုချစ်သည်ကိုတော့ ကျွန်တော်သိ၏။ အဘယ်ကြောင့်ဆိုသော် မေမေပေးစားသော မမြစိန်ကိုယူမည်ဟု သူ့အား ဖွင့်ဟပြောစဉ် ရွှင်ပ၀င်းလက်သော သူ့မျက်လုံးထဲဝယ် မျက်ရည်နှင့် ပြည့်ဝန်း၍ နေပေသည်။ ထိုနေ့မှာ လှပသော ညဖြစ်၍ ပန်းရောင်စုံလေးများပေါ်တွင် ၀ါဖျော့သော နေရောင်ခြည်တို့ နားနေသောအချိန်ဖြစ်၏။ သူနှင့်ကျွန်တော်သည်လည်း ခြေပစ်လက်ပစ် မြက်ခင်းပေါ်တွင် နားနားနေနေ စကားကို ပြောနေကြခြင်းဖြစ်၏။ သူသည် လက်ထပ်ရေးကိုရော၊ မမြစိန်အကြောင်းကို ဘာမှမပြော။ သူပြောချင်တာကို သူပြောနေသည်ဟု ကျွန်တော်ထင်ပေသည်။

‘‘ ဟိုတစ်ပတ်ကပဲ ဒေလီတွေ ပွင့်လာတယ် မိုးရယ်။ ဆောင်းဦးပေါက်လာရင် ကျွန်မစိုက်တဲ့ပန်းတွေ ပွင့်လာတော့မှာပဲလို့ သိပ်ဝမ်းသာတာပဲ။ သူတို့ကိုပဲ ကြိုရတော့မလိုလို၊ ခု သူတို့ပွင့်လာတော့လည်း နေရောင်အောက်မှာ သိပ်လှတာပဲနော်။ ညဥ့်လသာရင် သူတို့အနား လမ်းလျှောက်ရတာ တယ်ပျော်စရာ ကောင်းပါတယ်။ ဆောင်းကုန်လို့ နွေဘက်နီးလာလေလေ သူတို့ပန်းတွေကျကြတော့မယ် ဆိုတဲ့အသိက ကျွန်မကို သိပ်ဒုက္ခပေးတာပဲ။ နွေပေါက်ရင် သူတို့အားလုံး မရှိကြတော့ဘူးဆိုတာ ကျွန်မသိတယ်။ ကျောင်းလည်း ပိတ်ရောမို့လား။ အဲဒီအချိန်ကြီးမှာ ကျွန်မ ... ကျွန်မတစ်ယောက်တည်း အထီးကျန်နေရစ်ခဲ့မှာကို ကျွန်မသိပ်ကြောက်တာပဲ။ ဒါပေမဲ့လေ အဲဒီလိုနွေရာသီတွေ ကျွန်မတစ်ယောက်တည်း တွေ့လာခဲ့တာ နှစ်ကြာတော့လည်း ကြောက် ကြောက်နဲ့ နေတတ်လာသား မိုးရယ် ’’

သူသည် ဒါပဲပြောပြ၏။ သူ  သည်လိုပြောသည့်ဟန်ကို ကျွန်တော်နားထောင်ရချိန်တွင် စာရေးဆရာပီပီ အလွန်ကျေနပ်၏။ မမြစိန်ကို လက်ထပ်ပြီးတော့လည်း ပင်ပန်းနွမ်းနယ်လာလျှင် သူ့ထံသို့ ကျွန်တော်ရောက်ခဲ့၏။ သူပြောသော ဤကဲ့သို့ အထီးကျန်ဘ၀၊ ပန်းကိုချစ်၍ နွေရာသီကိုကြောက်သောအကြောင်းများကို နားထောင်ရသည်မှာ စိတ်သက်သောင့်သက်သာ ရှိလှပါသည်။ တစ်ခါတစ်ရံ သူတီးတတ်သမျှ စန္ဒရားတီးပြသောအခါ ကျွန်တော် သူ့ဘေးတွင် သီချင်းကို စိတ်ပါလက်ပါလိုက်၍ ဆိုတတ်ပါသည်။

‘‘ ခင်ရယ် နေ့တိုင်းများဖြင့် ခင့်မျက်နှာကိုကွယ် မောင် ထင်တရေးနဲ့ မြင်ယောင်မိသေးတယ် ’’

ခင်မောင်ရင်ဆိုသော ထိုသီချင်းကို ဆိုသောအခါတိုင်း သူသည် သွက်လက်စွာတီးရင်း သူ့နှုတ်ခမ်းလေးများက အားရစွာ ပြုံး၍နေတတ်ပါသည်။ ကျွန်တော်သည် ထိုခဏတွင် စာရေးဆရာဘ၀၏ ဦးနှောက်ခဲတတ်ခြင်း၊ တစ်ခါတစ်ရံငြီးငွေ့ခြင်းများကို ပြေပျောက်သွားပါတော့သည်။

မမြစိန် သားဦးလေးမွေးစဉ်က ဆွယ်တာတစ်ထည်၊ ဦးထုပ်တစ်လုံး၊ ခြေအိတ်တစ်စုံ၊ သူကိုယ်တိုင်ထိုး၍ ကလေးအတွက် ပေးလာပေသည်။ မမြစိန်သည် ယခုအခါတွင် ပျော်ရွှင်လာပုံရ၏။ ကျွန်တော်စာရေးချိန်တွင် သူသည် ယခင်ကလို တစ်ယောက်တည်းမနေရတော့။ သားလေးနှင့် စကားပြောဖော်ရလာသည်။

‘‘ ကိုဟိန်းရေ ...ဘာစားချင်လဲ ’’

ကျွန်တော်စားချင်သောဟင်းစပ်ကို ဈေးသွားခါနီးတိုင်း မေးတတ်သည်။ ထမင်းစားစဉ်တွင်လည်း အနားမှမခွာပေ။ ကျွန်တော်သည် ငါးဖယ်ကိုလည်း စားချင်သည်။ အရိုးကိုလည်း ကြောက်၏။ အရိုးမပါအောင် ငါးဖယ်ကိုခြစ်၍ ငါးဆုပ်လုပ်ပေးပြန် တော့သည်။ ကျွန်တော့်က ပေါ့သည်ထင်၍ မစား။ သူ့ခမျာ ငါးဖယ်ကို ထုရိုက်တုံးတစ်၍ ရေကျိုချက်သောနေ့များတွင် ကျွန်တော့်အပါးတွင်ထိုင်ကာ ငါးရိုးထွင်ပေးရသည်မှာ ပင်ပန်းလှသည်။ သူ့မျက်နှာပြုံးပြုံးကလည်း ရိုးရိုးနှင့် ရှင်းရှင်းပင်တည်း။ မျက်နှာ ၀ိုင်း၍ ပါးစုံမှာ ဖောင်းအိအိရှိသည်။ ကိုယ်လုံးကလည်း ခပ်အိုင့်အိုင့် ၀တုတ်တုတ် နေသောကြောင့် ပုသလိုထင်ရပေသည်။ ကျွန်တော်များ ထမင်းမြိန်လျှင် သူ့ခမျာ ၀မ်းသာ၍မဆုံးသည်ကို မျက်နှာဟန်ပန် ကိုယ်အမူအရာတို့နှင့် ပြ၏။

‘‘ ကိုတူးလေးကို ကျောင်းပို့ချင်ပြီ ’’

ထမင်းပွဲသိမ်းစတွင် သူသည် အိမ်အကြောင်းကိုဖြစ်ဖြစ်၊ သူ့သားအကြောင်း၊ ငွေကြေးအကြောင်း၊ သူပြောချင်သောအကြောင်းတစ်ခုခုကို ပြောတတ်ပါသည်။ ကိုတူးအတွက် ငွေကြေးလိုချင်လည်း ထမင်းစားချိန်တွင်ပင် ပြောပြတတ်သည်။ ကိုတူးအား ကျွန်တော်သည် ရပ်ကွက်မြူနီစပယ်ကျောင်းတွင်ပင် ထားသည်။ ကျွန်တော့်ဝင်ငွေနှင့် အသင့်တော်ဆုံးသာ ဤလိုကျောင်းမျိုးတွင် ထားသည့်အတွက် သူသည် ဘာမျှ ကန့်ကွက်ခြင်း၊ ဝေဖန်ခြင်းမလုပ်ပါပေ။

စာရေးဆရာချင်းတူသော်လည်း ၀င်ငွေတောင့်သောကိုဘခန့်ဇနီးက စိန်ပေါလ်ကျောင်းတွင် သူ့သားများကို ထားရှိရသောစရိတ်နှင့် ကျောင်းဘတ်စ်ကားခ ကုန်ကျပုံ၊ ယခု သူ့သားများ အင်္ဂလိပ်စကားကို ရည်ရည်မွန်မွန်ပြောတတ်လာပုံများကို အလည်အပတ်ရောက်လာတိုင်းလိုလို ပြောတတ်သော်လည်း မမြစိန်သည် စူးစိုက်နားထောင်ရုံမှလွဲ၍ ဘာမျှ ထွေထွေရာရာမပြောပါပေ။ အကယ်၍သာ ကိုဘခန့်ဇနီးပြန်သွားချိန်တွင် မမြစိန်က ‘‘ ကိုဟိန်း၊ ကိုတူးကိုလဲ စိန်ပေါလ်ထားရအောင် ’’ ဟု တောင်းဆိုလာခဲ့ပါလျှင် အနည်းနှင့်အများ ကျွန်တော့်တွင် ခေါင်းခဲရမည်သာ ဖြစ်ပေသည်။

တစ်ခါတစ်ရံ သူ့ကို သနားသည်က ...
‘‘ ကျွန်မ နောက်ကလေးရှိပြန်ပြီ ’’ဟု ပြောသောအချိန်ဖြစ်၏။ ကလေးလေးယောက်ကို သူသည် ကိုယ်ဝန်ရှိကြောင်း ပြောပြသည့်အခါတိုင်း မျက်လုံးကလေး ပေကလတ်ပေကလတ်နှင့် ပြော၏။ သားဦး ကိုတူးတုန်းက မိတ်ဆွေဒေါက်တာဖွင့်ထားသော ဆေးခန်းတွင် သွားရောက်ပြသည်ကလွဲ၍ ကျန်ကလေးများကို အရပ်ထဲရှိ သားဖွားဆရာမနှင့်ပင် သူ ပြီးအောင်မွေးဖွားခဲ့လေသည်။

ကိုတူးနောက်ကလေးများကို ကျောင်းပို့ရလွယ်ကူသည်ဆိုသော်လည်း နံနက်တွင် ကျောင်းပို့၊ အပြန်တွင် ဈေးခြင်းလေးနှင့် သူ ဈေးဝင်ဝယ်သည်။ မီးဖိုတွင် ချက်ပြုတ်ပြီး ကျွန်တော့်ဖို့ပြင်ဆင်ထားခဲ့ကာ ထမင်းချိုင့်တစ်လုံးနှင့် သူ့သားများထံသွားရသည်မှာ မမြစိန်၏ နေ့စဉ်အလုပ်ဖြစ်လေသည်။ ပြန်လာပြန်လျှင်လည်း သားတို့ကသာ ကျွက်ကျွက်ညံနေသည်။ မမြစိန်ကမူ သူ့လုပ်ငန်းရှိရာ မီးဖိုချောင်သို့ ၀င်ပါတော့သည်။

ကျွန်တော့်အဖို့ တစ်ခါတစ်ရံ မဂ္ဂဇင်းဝတ္ထုရှည်အတွက် ငွေသုံးရာလောက် ရလာတတ်၏။ တစ်ခါတစ်ရံ လုံးချင်းဝတ္ထုများ အုပ်ရေများများထွက်သောအခါ ရာခိုင်နှုန်းနှင့်ယူသောကြောင့် တစ်ထောင်၊ ထောင့်ငါးရာလောက်ရပါသည်။ သို့သော် တစ်နှစ်လုံးမှ ကျွန်တော့်ခေါင်းက လုံးချင်းတစ်ပုဒ်လောက်သာ ထွက်ပါသည်။ မရသောလများတွင်လည်း ၀င်ငွေလုံးဝမရှိပေ။ ကျိုးတိုးကျဲတဲ ၀တ္ထုတိုများမှ တစ်ရာ့ငါးဆယ်လောက်ရသည့်အခါလည်း ရှိပေသည်။

‘‘ ရော့ ... မမြစိန် ’’

ကျွန်တော်ရသမျှ သူ့ပေးလျှင် သူ ဘာမျှမပြော။ နည်းသည်ကိုလည်း မညည်း၊ များသည့်အတွက်လည်း တိုးထူး၍ ဘာမျှမပြော၊ ထမင်းဝိုင်းတွင် အနည်းဆုံး ငါးခူငါးပိကောင်ချက်ကောင်းကောင်းနှင့် ကန်စွန်းရွက်တို့စရာကိုတော့ ကျွန်တော်စားရပေသေး သည်။ စင်စစ်မတော့ ကျွန်တော်သည် ကျွန်တော့်ဘ၀နှင့် အလွန်လိုက်ဖက်သောဇနီးတစ်ယောက် ရရှိထားခြင်းပင်ဖြစ်၏။ ကျွန်တော် အပြင်ထွက်လည်ပတ်၍ အချိန်ကြာမြင့်မှ ပြန်လာလျှင်လည်း ဘာကိုမျှမမေးပေ။

‘‘ ကိုဟိန်း ... ရေနွေးကြမ်းသောက်ချင်သေးလား၊ ကော်ဖီယူဦးမလား ’’

ဒါလောက်ပင်မေး၍ ကျွန်တော့်အပါးတွင် ရေနွေးကြမ်းကရားကိုဖြစ်ဖြစ်၊ ကော်ဖီတစ်ခွက်ကိုဖြစ်ဖြစ် ချကာ သူ့သားများရှိရာသို့ သွားအိပ်နေတတ်ပါသည်။

ကျွန်တော့်စားပွဲသည် စာအုပ်စာတမ်းများနှင့် အစဉ်ရှုပ်ပွေနေ၏။ မမြစိန်ရှင်းသလောက် သားကိုတူးနှင့် ကိုပြူးတို့က ဖွ၏။ ကျွန်တော်က သားများကို မအော်၊ တစ်ခါတစ်ရံသာ ....

‘‘ မြမြရေ ...၊ ဒီက ဆွန်မားဆက်မောန်ရဲ့စာအုပ်ကြီး ဘယ်ပျောက်ပြန်ပလဲ ’’

အော်၍ မေးမိ၏။ ထိုအခါတွင် သူ၏ ပိပြားပြားနေသောနှာခေါင်းလေးကို ရှုံ့ချည်ပွချည်လုပ်ကာ အပြစ်မဲ့သော ကလေးလေးတစ်ယောက်လို ကျွန်တော့်အပါးတွင် ရပ်နေတတ်သည်။

‘‘ ကျွန်မ မသိဘူး ကိုဟိန်း ’’

‘‘ မိထုံကြီး ...တယ်ပြီး ထုံတာကိုးကွယ် ’’

ကျွန်တော်သည် သူ့နဖူးကို လက်နှင့် မနာအောင် ထုလိုက်၏။

‘‘ စာလဲ မဖတ်ဘူး။ အဖုံးနီနီနဲ့ ညကဟာ၊ ဒီစားပွဲပေါ် ကိုယ်ထားတဲ့ဟာ ’’

‘‘ ကျွန်မ အိပ်ခန်းထဲ ရှာလိုက်ဦးမယ် ’’

စင်စစ် စာလည်း မဖတ်ဘူးဟူ၍ မမြစိန်ကို ကရုဏာဒေါသောနှင့် ပြောသာပြောလိုက်ရသည်။ မြန်မာလို ငါးတန်းမျှအောင်သော မမြစိန်သည် ဆွန်မားဆက်မောန်ကို ဘယ်လိုလုပ်၍ ဖတ်တတ်ပါမည်နည်း။

‘‘ ဒါလားဟင် ...ကိုဟိန်း ’’

သူရှာလာသောစာအုပ်မှာ ဆွန်မားဆက်မောန်၏စာအုပ်ဖြစ်၏။

‘‘ အေး ...ဟုတ်တယ် ’’

သူသည် အဖုံးနီနီနှင့်စာအုပ်ကို ကျွန်တော့်လက်ထဲထည့်၍ ‘‘ ကိုဟိန်းဝတ္ထုတွေကိုတော့ ကျွန်မ ဖတ်ပါတယ် ’’ဟု မျက်လုံးလေး ပေကလပ်ပေကလပ်နှင့် ပြောတတ်ပေသည်။

ကျွန်တော်သည် တနင်္ဂနွေဆိုလျှင် ကျွန်တော်လိုချင်သောစာအုပ်များကို မနှင်းအေးဆီလာ၍ ရှာ၏။ မနှင်းအေးစာကြည့်ခန်းတွင် အနောက်ရော၊ အရှေ့ရော စာရေးဆရာ အတော်စုံစုံ၏ စာအုပ်များ ရှိ၏။ မြန်မာပညာရှိများ၏ သုတေသန စာတမ်းများလည်း ရှိ၏။ မြန်မာဝတ္ထုတိုရှည်များလည်း ရှိပေသည်။ မနှင်းအေးသည် အစိုးရကျောင်းတွင် ကျောင်းအုပ်ဆရာမကြီး လုပ်နေသောကြောင့် တနင်္ဂနွေနေ့မှ သူနှင့်ကျွန်တော် ဆုံနိုင်ပေသည်။ လူပျို၊ အပျိုတုန်းကလိုပင် တွေ့ဆုံကြလျှင် စန္ဒရားတီးသည့်အခါလည်း တီးသည်၊ စာဖတ်ခန်းထဲ စာအကြောင်းပေအကြောင်း ပြောသည့်အခါလည်း ပြောပေသည်။

မနှစ်က နွေဦးပေါက်တွင် မမြစိန် အစားပျက်လာ၏။ ကိုယ်အလေးချိန်လည်း လျော့လာသည်။ မနှင်းအေးက ထိုအကြောင်းကြားကြားချင်း ဆေးရုံတင်ဖို့ အကြံဉာဏ်ပေးပါသည်။ ကုပေးသည့် ဆေးရုံကြီးက ရှိသော်လည်း အိမ်တွင် ကလေးများနှင့် ကျွန်တော့်အတွက် ကိုယ်ခွဲမရှိခြင်း၊ ငွေရေးကြေးရေးကလည်း အဆင်မပြေတတ်သေး၍ အချိန်အတော်နှောင်းမှပင် မမြစိန် ဆေးရုံသို့ ရောက်ရသည်။

မိုးနှောင်းရာသီဖြစ်သော သီတင်းကျွတ်လတွင် မမြစိန် ကွယ်လွန်ခဲ့လေသည်။ ကျွန်တော့်မိတ်ဆွေ ဒေါက်တာတစ်ယောက်ကမူ မမြစိန်တွင် စိတ်ထိခိုက်စရာတစ်ခု ရှိသည်ဟု ဆိုပါသည်။ မနှင်းအေးသည် အသုဘချသောနေ့က ဆွတ်ဆွတ်ဖြူသော ပန်းခွေတစ်ခွေ ပို့လာသည်။ ကျွန်တော့်အတွက်တွင်မူ ကိုတူးတို့လေးယောက်နှင့် နေရေးထိုင်ရေးမှာ ငွေရေးကြေးရေးထက်ပင် ခက်ခဲ၏။ ကျွန်တော့်အဖို့ အချစ်သက်သက် တစ်ခုတည်းသာ မဟုတ်။ ဘ၀အတွက် အလွန်အဆင်ပြေသော ဇနီးကောင်းတစ်ယောက် ဆုံးရှုံးရခြင်းပေတည်း။

စာရေးဆရာ တကယ်လွမ်းသောအခါ စာရေး၍ မရတော့ပြီ။ နှာခေါင်းပိပြားပြားနှင့် ငြိမ်သက်အေးချမ်းသော မိန်းမငယ်တစ်ယောက် ကျွန်တော့်အပါးမှာ မရှိသောအခါ ခြောက်သွေ့ပုံမျိုးသည် ကျောင်းသင်္ခမ်း၏ ညဥ့်သန်းခေါင်ယံနှင့်လည်း မတူ၊ မိုးသည်း သောညဥ့်၏ သင်္ချိုင်းဇရပ် ခြောက်သွေ့ပုံမျိုးလည်းမဟုတ်။ အားလုံးသည် လေးတွဲ့ငြိမ်အိနေသည်မှာ ထုတ်ဖော်မပြောတတ် လောက်အောင်ပင် ချောက်ချားစရာ ကောင်းနေပေသည်။ ကျွန်တော့်ဝတ္ထုများထဲတွင် ဇာတ်လိုက်အမျိုးသမီးသည် ဖျတ် လတ်သွက်လက်ရုံမက သူ့အစွမ်းသတ္တိကြောင့် ချစ်သူယောက်ျားမှာ ကွေကွင်းချိန်တွင် သူ့လှုပ်ရှားမှုများသည် အသက်ဝင်လာသယောင်ယောင် ရေးသားဖွဲ့နွဲ့ခဲ့၏။ ခုတော့ ကျွန်တော့်အဖို့တွင် ဤအေးစက်စက်ဇနီးလေး စွန့်ခွာသွားကတည်းက ဘာမျှ လှုပ်ရှားမလာသလို ဖြစ်နေတော့သည်။ လေတိုက်၍ သစ်ပင်များလှုပ်ရှားသည်ကပင် နှေးကွေးလေးပင်ကာ ငှက်မြည်သံများကလည်း အီတီတီလေးတွဲ့တွဲ့ ဖြစ်နေပေသည်။

သားများကို ကျောင်းပို့ပြီး စာဖတ်ခန်းတွင် တစ်ယောက်တည်းထိုင်ကာ ငိုမိသည်။ အခုတစ်လလောက်တင်တော့ မမြစိန်အဒေါ်က စားရေးသောက်ရေး လာလုပ်ပေးပေသည်။ နောက်လများတွင် ကျွန်တော် ဘယ်လိုစီစဉ်ရပါမည်နည်း။ စိတ်ညစ်ညစ်နှင့် ပက်လက်ကုလားထိုင်မှ အထလိုက်တွင် ကုလားထိုင်သည် ဒေါက်ပြုတ်ကျသွား၏။ ကုလားထိုင်နောက်မှ ကျွန်တော့်စာအုပ်ပုံများလည်း ပြိုကျလာသည်။ တစ်ခါက ကျွန်တော် မမြစိန်ကို ရှာခိုင်းသော ဆွန်မားဆက်မောန်၏ စာအုပ်လေးသည်လည်း ကြမ်းပေါ်သို့ စဉ်ကျလာ၏။ ကျွန်တော်သည် စာအုပ်လေးကို အသာအယာ ကောက်ကိုင်မိသည်။ ထိုစာအုပ်ကို ကျွန်တော့်အား လှမ်းပေးစဉ်က မျက်စိလေးပေကလပ် ပေကလပ်နှင့် သူ့မျက်နှာထားဟန်ကို ကျွန်တော် ပြန်၍ မြင်ယောင်လာပါသည်။

‘‘ မိထုံ ... ’’

ကျွန်တော်သည် ပါးစပ်မှ ထွက်အောင်ပြန်ခေါ်မိသည်။

‘‘ မင်းကို မိထုံလို့ ခေါ်တဲ့အတွက် ခွင့်လွှတ်ပါ မြမြရယ် ’’

ကျွန်တော်စိတ်ထဲတွင် တောင်းပန်မိသည်။ စာအုပ်ကြားထဲမှ စာရွက်ခေါက်လေးတစ်ခု တစ်ဝက်ခန့် ထွက်နေပါသည်။

ကျွန်တော်သည် ထိုစာရွက်ကို ဖွင့်ဖတ်ချိန်တွင် စိတ်ဝေဒနာခံစားရမှုမှာ ခုချိန်တိုင် မပြေသေးပေ။

ကိုဟိန်း/

ဒီစာကို အချိန်ကာလ ဘယ်လောက်ကြာမှ ကိုဟိန်းဖတ်မယ် မသိဘူး။ ကျွန်မ ရေးပြီးပြီးချင်းတော့ ကိုဟိန်းလက်ထဲကို ထည့်ချင်ပေမယ့် စိတ်ထဲက မရဲဘူး။ ကိုဟိန်း ကျွန်မကို လက်ထပ်ရတာ ပျော်ပုံမရပါဘူး။ တကယ်တော့ ကိုဟိန်းလက်ထပ်သင့်သူဟာ မနှင်းအေးပါ။ တစ်လောက ဧည့်သည်က လိုက်ခေါ်ခိုင်းလို့ မနှင်းအေးတို့အိမ်မှာ ကိုဟိန်းကို ကျွန်မလိုက်ခေါ်တယ်။ ကိုဟိန်းနဲ့မနှင်းအေး စာအကြောင်း၊ ပေအကြောင်းတွေ ပြောနေလိုက်တာ အားရစရာကြီး။ ကျွန်မ မနှောင့်ယှက်ချင်တာနဲ့ အိမ်ကို တိတ်တိတ်ဆိတ်ဆိတ်ပဲ ပြန်လာခဲ့တယ်။ ဧည့်သည်ကိုလည်း နောက်နေ့မှလာဖို့ ပြောလိုက်တယ်။ ကျွန်မကလေ ... ကိုဟိန်းရေးလိုက်တဲ့ မြန်မာဝတ္ထုတွေကိုတောင် တစ်ခါတစ်ခါဖတ်ရတာ သဘောမပေါက်ဘူး၊ မနည်းဖတ်ရတယ်။ ကိုဟိန်း ကျွန်မကို ‘ မိထုံ.. ’လို့ ခေါ်သင့်ပါတယ်။ ကျွန်မဟာ မြန်မာစာတောင် မနည်း ဖတ်နေရတာပဲ။ မနှင်းအေးနဲ့သာ ညားရင်လေ ကိုဟိန်းဘ၀ ပိုသာယာမှာလို့ ကျွန်မ နေ့စဉ်တွေးမိတယ်။ အဲဒီအတွေးဟာ နေ့တိုင်းနေ့တိုင်းပဲ ပေါ်လာတယ်။ ပေါ်လာတိုင်းလည်း ကျွန်မ မပျော်ဘူး။

ကျွန်တော်သည် စာဖတ်ပြီး ကြီးစွာသော သက်ပြင်းကို ချမိ၏။ ရက်စွဲမပါ၊ ဘယ်တုန်းကရေးခဲ့မှန်း မသိသော စာကို အခေါက်ခေါက်ဖတ်ရင်း မမြစိန်ဝေဒနာကို ကျွန်တော်နားလည်လာပါသည်။ တကယ်တော့ ကျွန်တော်သည် ရှင်းလင်းပြောပြခဲ့သင့် သည်များကို မမြစိန်အား မပြောမိခဲ့။ ကျွန်တော်၏ အမှတ်မထင် အပြုအမူများကြောင့် မမြစိန် သူ့စာထဲတွင် ပါသည့်အတိုင်း ထင်မြင်ခြင်းမှာလည်း မမှားပေ။

စင်စစ် ကျွန်တော်လက်ထပ်သင့်သူမှာ မမြစိန်သာတည်း။ မမြစိန်သည် ကျွန်တော်ရှာပေးသမျှနှင့် တင်းတိမ်သည်။ သူတတ်သလောက်အစွမ်းနှင့် မီးဖိုကိုရော၊ အိမ်ကိုရော၊ သူ့သားများကိုရော ငြိမ်းချမ်းစွာ အုပ်ချုပ်သည်။ ထို့ကြောင့် ကျွန်တော်သည် ကြောင့်ကြမှုကင်းစွာဖြင့် ဦးနှောက် အေးချမ်းကာ စာကောင်းကောင်းရေးနိုင်ခြင်း ဖြစ်ပေသည်။ မမြစိန် သည် အသည်းနှလုံးရော၊ ခန္ဓာကိုယ်ရော ပုံ၍ချစ်တတ်သော မယားတည်း။

မနှင်းအေးမှာ တော်ရှာပါသည်။ သို့သော် ဦးနှောက်ပန်းသောအခါ အပန်းပြေ ဆွေးနွေးဖလှယ်၊ ဦးနှောက်ကို အားသစ်လောင်းပေးသော မိတ်ဆွေလိုပေါင်းအပ်သည့် မိန်းမသားတည်း။ ထိုအကြောင်းကို စောစီးစွာ တွေးခေါ်မိသောကြောင့်ပင် ချစ်လှစွာသော ချစ်ဦးသူ မနှင်းအေးကို ထားရစ်ခဲ့၍ မမြစိန်ကိုပင် ကျွန်တော့်မယားအဖြစ် ရွေးချယ်ခဲ့ခြင်း မဟုတ်ပါလော။ မနှင်းအေးနှင့်လက်ထပ်ခဲ့ပါလျှင် သူဖွင့်ဟဆိုသည့်အတိုင်း ငရုတ်သီး၊ ကြက်သွန် အကြောင်းများကို သူစောစီးစွာ မတွေးလိုပါပေ။ သူ့အိမ်ရှင်ကို အိမ်တော်ပါအဖြစ် မီးဖိုဆောင်ကို အပ်ရမည်မှာ သေချာသည်။ မနှင်းအေးမှာ ပစ္စည်းဘယ်လိုပင်ပါပါ ကျွန်တော်သည် ယောက်ျားမာန် ရှိသူတည်း။ မနှင်းအေး၏အဆင့်အတန်းကို ကျွန်တော့် ကိုယ်ပိုင်ဝင်ငွေနှင့်သာ ကျွန်တော်ထမ်းရပေမည်။

မနှင်းအေးသည် ကလေးကိုယ်ဝန်ရှိလာလျှင် ကိုယ်ပိုင်ဆရာဝန်နှင့် စောင့်ရှောက်ထိန်းသိမ်း၍ တစ်နေ့တစ်ဆယ်ပေးရသော ဒပ်ဖရင်ဆေးရုံခန်းတွင် မွေးဖွားလိုပေလိမ့်မည်။ မမြစိန်လို အရပ်ဝမ်းဆွဲနှင့် မပြီးနိုင်ပါပေ။ အစောင့်လိုသည်ဆိုလျှင် နေ့ဆရာမ နှစ်ဆယ်၊ ညဥ့်ဆရာမ အစိတ်တာဝန်ကို ကျွန်တော်ယူရပါမည်။ သားတို့ ကြီးပြင်းလာပါလျှင်လည်း ကိုတူးတို့ကိုပို့သော မြူနီစပယ်ကျောင်းကို သူလက်ခံလိမ့်မည်မဟုတ်။ သူ့သားကို စိန်ပေါလ်သော်လည်းကောင်း၊ ဒိုင်အိုသော်လည်းကောင်း ပို့လိုသည် ဆိုလျှင် ကျွန်တော်က အလိုအလျောက် အလိုက်သိစွာ တာဝန်ယူရမည်သာတည်း။

သည်လိုဖြစ်၍ကော မနှင်းအေးအပြစ်လားဆိုလျှင် မဟုတ်ပါပေ။ မနှင်းအေးသည် သူ့ကိုယ်ကိုယ် လျှော့မချနိုင်၍သာ ကျွန်တော်လက်ထပ်မည် တောင်းဆိုစဉ်က မျက်ရည်ရစ်ဝိုင်းကာ လိမ္မာပါးနပ်စွာ ငြင်းဆိုခဲ့ခြင်းဖြစ်၏။ ယခုလည်း သူ့ဘ၀ကို သူရပ်တည်နိုင် အောင် သူ့ဘာသာ ကြိုးပမ်းနေရစ်ရှာသည်။ သို့သော် ကျွန်တော့်အတွက်မှာမူ ဦးနှောက်နွမ်းလျသောအခါ မနှင်းအေးထံ သွားရောက်လည်ပတ်၍ အပန်းဖြေရ၏။ ထိုအပန်းဖြေခြင်းကို မမြစိန်အထင်လွဲသည်။ အထင်လွဲမှားမှုသည် မမြစိန်၏ အပြစ်မဟုတ်။ ကျွန်တော်သာ စောစီးက ကျွန်တော် ‘မယား’ ရွေးချယ်ပုံကို မမြစိန် သဘောပေါက်အောင်သာ ရှင်းလင်းပြောပြခဲ့ပါလျှင် မမြစိန်သည် သူကိုယ့်သူ အထင်ကြီးလာမည်။ ပိုမို၍ အားကိုးယုံကြည်လာပေမည်။ သူသည် ကျွန်တော်၏ တကယ်စင်စစ်အားကိုးရာ၊ လဲလျောင်းရာ မယားကောင်းကြီး ဖြစ်ကြောင်းကို သဘောပေါက်လာမည်။ စိတ်ဝေဒနာသည်လည်း နှိပ်စက်တော့မည် မဟုတ်ပေ။ ယခုလို အချိန်စောစီးစွာနှင့် ကျွန်တော့်ကို ခွဲခွာသွားဖို့ရောဂါ ရလာမည်လည်း မဟုတ်ပါပေ။

ကျွန်တော်သည် စာတစ်ရွက်ကို အထပ်ထပ်ဖတ်ရင်း ငို၍လည်းမရ၊ စောစီးက ကျလာသော မျက်ရည်ပေါက်များလည်း ခန်းခြောက်သွား၏။ ရင်ထဲတွင်သာ ပို၍ ပူလောင်လာသည်။ နေ၍ထိုင်၍ မရသောအခါ မနှင်းအေးတို့အိမ်ဘက်သို့ ထွက်လာခဲ့သည်။
မနှင်းအေးဆီရောက်လျှင် သူ့ကိုမတွေ့ရ။ ဒေါ်ရှင်တစ်ယောက်တည်းသာ ရှိပေသည်။

‘‘ မနှင်းအေး ခရီးထွက်သွားတယ် ’’ဆိုပြီး စာတစ်စောင်သာ ဒေါ်ရှင် ကျွန်တော့်ကို ပေးလာသည်။

မိုးရေ /

မမြစိန်ရှိတုန်းက မိုးနဲ့ကျွန်မဆက်ဆံနေထိုင်ပုံဟာ သင့်တော်တယ်၊ အပြစ်ကင်းတယ်လို့ ထင်တယ်။ မမြစိန်မရှိတဲ့နောက် မိုးနဲ့မနှင်းအေးတို့ နှစ်ယောက်တည်း တွေ့ကြ၊ စကားပြောကြ၊ ဆွေးနွေးကြတာဟာ အချိန်ကြာလာရင် မကောင်းဘူးလို့ ကျွန်မထင်လို့ နယ်ပြောင်းဖို့အမိန့်ကို လက်ခံလိုက်တယ်။ ဒေါ်ရှင်တော့ ပစ္စည်းတွေနဲ့အတူ နောက်မှ လိုက်လာလိမ့်မယ်။
ချမ်းမြေ့ရွှင်လန်းပါစေ

/ မနှင်းအေး

စာဖတ်ပြီး တစ်ခဏအတွင်းတော့ ကျွန်တော် လှုပ်ရှား၍ မရပါပေ။ အများသဘောကို ချောချောကျအောင် စာရေးနိုင်သော စာရေးဆရာကြီး ယခုမှ ကျွန်တော့်အယူအဆအား မိန်းမနှစ်ယောက်စိတ်တွင် လိပ်ပတ်လည်အောင် မဖြေရှင်းခဲ့၍ အထီးကျန်ပေမည်။ မနှင်းအေးတစ်ခါကပြောသော ‘‘ အထီးကျန်ခဲ့ရမှာကို ကျွန်မသိပ်ကြောက်တာပဲ။ ဒါပေမဲ့ အဲဒီကြောက်ရမယ့်အချိန်တွေ များလာတော့လည်း တဖြည်းဖြည်း ကြောက်ကြောက်နဲ့ နေတတ်လာခဲ့ရတယ် ’’ဆိုသည့်စကားကို ကျွန် တော် ပြန်သတိရ၏။ ကြောက်မက်ဖွယ်ကောင်းသော တစ်ယောက်တည်း နေရသည့်ဘ၀ကို ရင်ဆိုင်ရပေဦးတော့မည်။

သို့သော် ဖျတ်ခနဲ ကျွန်တော် တစ်စုံတစ်ခုကို စဉ်းစားမိ၏။ မမြစိန်အသက်ရှင်စဉ်က ကျွန်တော် ဦးနှောက်ပန်း၍ နွမ်းလျလာလျှင် မနှင်းအေးဆီ မသွား။ အရက်ဆိုင်တစ်ခုခုကို ခြေဦးလှည့်၍ ကျွန်တော့်ဦးနှောက်ကို အရက်နှင့်ဖျန်းဆွတ်ပါလျှင် မမြစိန်သည် မနှင်းအေးထံ လာသလောက် စိတ်ထိခိုက်ခြင်း ပြင်းထန်ချင်မှ ပြင်းထန်ပေလိမ့်မည်။

ကျွန်တော့်အတွေး ဘယ်လောက်အထိ မှန်ပါမည်နည်း။
ဖြေဆိုမည့်မိန်းမနှစ်ဦးကား ကျွန်တော့်အပါးတွင် မရှိတော့ပါပေ။

🔲

#ခင်နှင်းယု

၁၉၆၃ ခုနှစ်၊ ဇွန်လထုတ် ငွေတာရီမဂ္ဂဇင်း။

Credit - 7Day Daily

No comments:

Post a Comment