#ဝိုးတဝါး_ဘာသာဗေဒ
🌠🌠🌠🌠🌠🌠🌠🌠
တာရာမင်းဝေ
သူတော်ကောင်း တစ်ယောက်နဲ့ တွေ့ပါတယ်။ " ရော့ အင့် မင်းဖတ်ဖို့ " သူက ကျွန်တော့်ကို စာအုပ်တစ်အုပ်ပေးတယ်။ အိမ်ရောက်တော့ ကျွန်တော် ဖတ်ကြည့်ပါတယ်။ စာအုပ်ထဲမှာ ဘာမှရေးမထားပါဘူး။ မြတ်နိုးလွန်းတဲ့အတွက်ကြောင့် ခေါင်းအုံးအောက်မှာ ထားပြီး ကျွန်တော်အိပ်ပါတယ်။ သူ့ကိုလည်း ကျွန်တော် အရမ်းကြည်ညိုသွားပါတယ်။ သူ့လို လူမျိုးမို့လည်း ဒီလိုကျမ်းမျိုးကို ပြုစုနိုင်တာလို့ ကျွန်တော် ယူဆပါတယ်။
( -၁ ) လူရိုင်းက ခေါ်ဆောင်ခြင်း
" လာ လိုက်ခဲ့ "
လူရိုင်းတစ်ယောက်က ကျွန်တော့်ကို ခေါ်သွားပါတယ်။ ဘယ်ဆီခေါ်မှန်းမသိဘဲ ကျွန်တော်က လိုက်သွားရတာပါ။ နောက်ဆုံးမှာ သူတို့ရဲ့ နတ်ဆရာဆီ ရောက်သွားပါတယ်။
" ခင်ဗျားက နတ်ဆရာလား "
" ဟုတ်တယ် "
" နတ်က ခင်ဗျားရဲ့ တပည့်လား "
သူဘာမှ ပြန်မဖြေပါဘူး။
" ကောင်းပြီ ခင်ဗျားအတွက် ကျွန်တော်ကြိမ်လုံးလိုက်ငှါးပေးမယ် "
ဆိုပြီး လှည့်ထွက်ခဲ့ပါတယ်။
( +၂ ) လူသေများနှင့် စကားပြောခြင်း
လူသေတွေနဲ့ တွေ့တော့ သူတို့က ကျွန်တော့်ကို စကားပြောဖို့ အလုအယက်ကြိုးစားကြပါတယ်။ သူတို့ အင်မတန် နားထောင်စေချင်တဲ့ စကားမှန်းသိလို့ ကျွန်တော်ကလည်း ကြိုးစားပြီး နားထောင်ပါတယ်။ ဒါပေမယ့် မအောင်မြင်ဘူး။
" က + ဃ + ဝ + လ "
" ပ + အ + စ် + ႒ + ဃ "
လူသေတွေက ပြောတာမို့လို့ စကားလုံး အသေတွေဖြစ်နေပါတယ်။ ကျွန်တော် နားမလည်ပါဘူး။ နားလည်ချင်စိတ်လည်း အရမ်းရှိပါတယ်။ အဲဒီ စကားလုံးတွေကို အသက်သွင်းပေးနိုင်တဲ့သူရှိရင် အရမ်းကောင်းမယ်လို့လည်း တွေးမိပါတယ်။
( -၂ ) မြင်းဝါတစ်ကောင်ကို ရခြင်း
မြင်းဝါတစ်ကောင်နဲ့ ကျွန်တော်ဆုံပါတယ်။
" ခင်ဗျားက အဝါရောင်ကြီးပါလား "
" အဲဒါဘာဖြစ်လဲ "
" ဘာမှ မဖြစ်ပါဘူး။ ခင်ဗျားကို ကျွန်တော်စီးလို့ရမလား "
အဲဒီစကားကြောင့် သူက ကျွန်တော့်ကို စေ့စေ့ကြည့်ပါတယ်။
" မင်းက လူဖြူလား၊ လူမည်းလား "
" လူဖြူ၊ လူမည်းကို ခင်ဗျားက ဘာနဲ့ခွဲလဲ "
" နှလုံးသားဖြူတဲ့လူက လူဖြူပေါ့၊ နှလုံးသားမည်းတဲ့သူက လူမည်း "
ပြောပြီး သူက ရယ်ပါတယ်။ ကျွန်တော်လည်း လိုက်ရယ်ပါတယ်။
( +၃ ) ကြယ်များ၏ စက်ဝိုင်းကို မြင်ခြင်း
ညကောင်းကင်ရဲ့ ကြယ်တွေကို ကျွန်တော် ငေးကြည့်နေမိတယ်။ စက်ဝိုင်းတစ်ခုရဲ့ အနားလို ဝန်းပတ်နေတဲ့ ကြယ်တွေက စတင် သတိထာထားလိုက်မိတယ်။ နောက်မှ ကြယ်စက်ဝိုင်းကြီး တစ်ခုလုံးကို မြင်လိုက်ရတော့တယ်။
ပြိုးပြိုးလက်လက် တောက်ပရင်း အဲဒီ ကြယ်စက်ဝိုင်းကြီးက လှလိုက်တာ။ မနက်ကျမှ တွေးမိတယ်။ သူည ဘုရားက ကောင်းကင်ပေါ်ကနေ ကျွန်တော့်ကို ကိုယ်ထင်ပြတာများလား။
( -၃ ) ရုပ်ဖျက်ထားသူနှင့် တွေ့ခြင်း
ရွှံ့ထဲမှာ ထိုင်နေသူ တစ်ယောက်ကို ကျွန်တော် တွေ့ပါတယ်။ သူ့မျက်နှာကို ရုပ်ဖျက်ထားတယ်။
" ခင်ဗျား မျက်နှာကို ဘာဖြစ်လို့ ရုပ်ဖျက်ထားရတာလဲ "
သူက သက်ပြင်းချပြီး ဖြေတယ်။
" မျက်နှာပျက်စရာတွေ ရှိနေလို့ပါ "
ခေါင်းငုံ့သွားရပြန်တယ်။
" ခေါင်းလည်း မဖော်ချင်တော့ပါဘူးဗျာ "
လို့ ထပ်ပြောတယ်။
" ဝင်ထိုင်ပါဦးလား "
လို့ မဖိတ်ခေါ်တဲ့ အတွက် ကျေးဇူးတင်ရတယ်။
( +၄ ) မြို့တစ်မြို့သို့ဝင်ခြင်း
မြို့တစ်မြို့ထဲကို ကျွန်တော်ရောက်သွားပါတယ်။ ဘာမြို့မှန်း ကျွန်တော်မသိပါဘူး။ သတိရလို့ မျက်နှာချင်းဆိုင်က လမ်းလျှောက်လာသူ တစ်ယောက်ကို မေးလိုက်ပါတယ်။
" ဒီမြို့က ဘာမြို့လဲဗျ "
သူ ဇဝေဇဝါ ဖြစ်သွားပါတယ်။
" ဘူတာရုံမှာတော့ ရေးထားတာပဲ။ ကျွန်တော်လည်း မမှတ်မိတော့ဘူး "
ပွဲတော်ဆီသွားမယ်လို့ ယူဆရတဲ့ လူတစ်အုပ်ကို တွေ့လိုက်ရပါတယ်။ ကျွန်တော်လည်း ပျော်ချင်လို့ သူတို့နောက်က လိုက်သွားလိုက်တယ်။ ဒါပေမယ့် သူတို့ကပွဲတော်ဆီသွားတဲ့ လူအုပ်မဟုတ်ဘဲ ပွဲတော်က ပြန်လာတဲ့ လူအုပ်ဖြစ်နေတယ်။
( -၄ ) နေထဲမှ လိမ့်ကျခြင်း
နေထဲကနေ ကျွန်တော်လိမ့်ကျလာပါတယ်။
ကမ္ဘာဆီရောက်အောင် အကြာကြီးကျလာခဲ့ရတာပါ။ လူသူစည်ကားတဲ့ မြက်ခင်းပြင်တစ်ခုပေါ် ကျတယ်။ အပန်းဖြေနေတဲ့ လူတွေက ကျွန်တော့်ကြောင့် ထိတ်လန့်တကြား ဖြစ်သွားကြတယ်။
" ဘာလဲ ဘာလဲ "
" ဘာမှမဟုတ်ပါဘူး။ ကျွန်တော် နေဆီက ဆင်းလာတာပါ။ "
သူတို့က မျက်လုံးမျက်ဆန်းပြူးလို့
" ဘာလုပ်မလို့လဲ "
" ခင်ဗျားတို့ကို အလင်းပေးမလို့ပါ "
လူအုပ်က ရှဲခနဲ နောက်ကို ထပ်ဆုတ်သွားကြပါတယ်။
" သွား သွား၊ မလိုချင်ဘူး၊ မင်းဟာ အပူသည်ပဲ "
ကျွန်တော့်ကို သူတို့ မောင်းထုတ်လိုက်ကြပါတယ်။
( +၅ ) မီးတောက်တစ်ခုကို ခူးခြင်း
မီးတောက်တစ်ခုကို ကျွန်တော်တွေ့လိုက်ပါတယ်။ လှပကျော့ရှင်းပြီး အရှိန်ပြင်းပြင်းနဲ့ လောင်ကျွမ်းနေတဲ့ မီးတောက်တစ်ခုပါ။
" အေး မင်းကို ငါ စောင့်နေတာကြာပြီ "
ပန်းရုံညှပ်တဲ့ ကပ်ကြေးကို သွားယူပြီး အဲဒီ မီးတောက်ကို အပိုင်းပိုင်း ပြတ်သွားအောင် ကျွန်တော် ညှပ်ပါတယ်။ ဒါပေမယ့် မရဘူး။ သူကလည်း ဟူးဟူး ဟဲဟဲ လောင်ကျွမ်းပြီး ဒေါသတွေ ထွက်နေတယ်။ ကျွန်တော့်ကပ်ကြေးသံကလည်း တချွမ်းချွမ်းညံလို့။ နောက်ဆုံးကျတော့ သူလောင်စာကုန်သွားပါတယ်။ အဲဒီတော့မှ အမြစ်က ကျွတ်ပြီး သူ ငြိမ်းသွားပါတယ်။
( -၅ ) နတ်ဆိုးနှင့် ကစားခြင်း
နတ်ဆိုးက ကျွန်တော့်ကို စိန်ခေါ်နေပါတယ်။
" သတ္တိရှိရင် မင်း ငါနဲ့ ကစားရဲသလား "
ကျွန်တော်ကလည်း မကြောက်တတ်ဘူးလေ။
" ရပါတယ် ၊ တို့ ဘာတမ်းကစားကြမလဲ "
ကျွန်တော်က တစ်ချက်စဉ်းစားလိုက်တယ်။ ပြီး လက်ညှိုးထောင်ပြီး ပြောလိုက်တယ်။
" ကောင်းပြီ၊ ငါတို့ နတ်ကောင်းလုပ်တမ်း ကစားကြမယ် "
သူ မျက်နှာပျက်သွားပါတယ်။ ကျွန်တော့်ကို အရှုံးပေးလိုက်ပါတယ်။ ပြန်ခါနီးမှာ တစ်ခွန်းလှည့်ပြောသွားတယ်။
" မင်း လူကောင်းမဟုတ်ဘူး "
( ၀ ) သုံးသပ်ချက်
အထက်မှာ တင်ပြခဲ့တာတွေဟာ ကျွန်တော်မက်ခဲ့တဲ့ အိပ်မက်တွေပါ။ အပေါင်းအိပ်မက်တွေဟာ ကောင်းသောအိပ်မက်တွေ ဖြစ်ပြီး အနုတ်အိပ်မက်တွေဟာ ဆိုးသော အိပ်မက်တွေ ဖြစ်ပါတယ်။ အိပ်မက် တိတ္တုကျမ်းက အဲဒီလို ဆိုထားပါတယ်။ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် ကျွန်တော်ခံယူချင်ပါတယ်။ သချာင်္ပညာရဲ့ ဆန့်ကျင်ဘက်တို့ ပေါင်းစည်းမှု သဘောသဘာဝအရ အပေါင်းအိပ်မက်နဲ့ အနုတ်အိပ်မက်တို့ သူ့ဘာသာ ကြေပျက်သွားကြမှာကို ကျွန်တော် မလိုလားပါဘူး။ အဲဒီလိုသာ ဖြစ်ခဲ့မယ်ဆိုရင်တော့ ဒီအိပ်မက်တွေကို ကြိုးစားပမ်းစား ကျွန်တော် မက်ခဲ့ရတာ အလကားဖြစ်သွားမှာပဲလေ။
🔲
#တာရာမင်းဝေ
No comments:
Post a Comment