ပယ်မယား တစ်ယောက်သောကား
🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠
မင်းလူ
ခေါင်းစဉ်နှင့် ပတ်သက်ပြီး အရင်ဆုံး ရှင်းပြဖို့ လိုပါလိမ့်မည်။ ပုဂံခေတ် ကျန်စစ်မင်းကြီးနှင့် ဦးဆောက်ပန်း မိဖုရားတို့၏ သားတော် ရာဇကုမာရ် ရေးထိုးခဲ့သော ကျောက်စာတွင် "ထိုမင်း၏ ပယ်မယား တစ်ယောက်သောကား တြိလောက ဝဋံသကာဒေဝီ မည်၏" ဟု ပါရှိလေသည်။
ပယ်မယား ဆိုသည်မှာ ပယ်ထားသောမယား အပယ်ခံမယား ဟု ဆိုလိုခြင်း မဟုတ်။ ပုဂံခေတ်က သုံးနှုန်းသော 'ပယ်' စကားမှာ ပါဠိဘာသာ 'ပိယ' မှ ဆင်းသက်လာခြင်း ဖြစ်၏။ "ချစ်လှစွာသော မြတ်နိုးအပ်သော" ဟု အဓိပ္ပါယ်ရပါသည်။ ထို့ကြောင့် ပယ်မယား ဟူသည် ချစ်ခင်မြတ်နိုးလှစွာသော မယား ဟု ဆိုလိုရင်း ဖြစ်၏။ ခုခေတ် စကားနှင့်ပြောရလျှင် 'ချစ်ဇနီး' ပင်တည်း။
* * *
အတို့ကျွန်၏ ပယ်မယား တစ်ယောက်သောကား လေးမေ မည်၏။ သူနှင့် ကျွန်တော်သည် ဆယ်တန်းတုန်းက တစ်ခန်းထဲ အတူတက်ခဲ့ကြသော သူငယ်ချင်းဖြစ်၏။ ရုပ်မြင်သံကြား ဇာတ်လမ်းတွေထဲကလို ထိပ်ပုတ်ခေါင်းပုတ် လုပ်ရလောက်အောင် ရင်းနှီးခဲ့ရတာတော့ မဟုတ်။ ကျွန်တော်က အတန်းဖော် မိန်းကလေးတွေနှင့် ရောရောနှောနှော နေတတ်သူ မဟုတ်သောကြောင့် မေးထူး ခေါ်ပြောလောက်သာ ဖြစ်၏။ ပြီးတော့ သူက ရှေ့ဆုံးတန်း လက်ဝဲဘက်ထိပ်က ခုံမှာ ထိုင်ပြီး ကျွန်တော်က နောက်ဆုံးတန်း ညာဘက်အစွန်မှာ ထိုင်သဖြင့် အတန်းထဲမှာ အဝေးဆုံး လူနှစ်ယောက်လည်း ဖြစ်နေ၏။
ဆယ်တန်းကို သိပ္ပံဘာသာတွဲဖြင့် တစ်နှစ်တည်း အတူတူ အောင်ကြသည်။ သူက ဓာတုဗေဒ ယူပြီး ကျွန်တော်က ဒဿနိကဗေဒ ယူသဖြင့် အလှမ်းဝေးနေပြန်၏။ သူက ဖယ်ရီဖြင့် ကျောင်းတက်ပြီး ကျွန်တော်က သွားချင်တဲ့အချိန်ကျမှ ဘတ်စ်ကားစီးသဖြင့် ကျောင်းသွား ကျောင်းပြန်လည်း မဆုံဖြစ်။ နောက်တစ်ခုက ကျွန်တော်သည် တက္ကသိုလ်ကျောင်းဝင်း အနှံ့ လျှောက်သွားနေတတ်သူ ဖြစ်ပါလျက် သူနှင့် သိပ်မဆုံမိခြင်းကလည်း ထူးခြားမှုတစ်ခု ဖြစ်၏။
သို့ရာတွင် ဖူးစာဆိုသော အရာက တော်တော် ထူးဆန်းသည်။ သူနှင့် ကျွန်တော်ကို ဆုံစည်းရအောင် တိုက်ဆိုင်မှု အမျိုးမျိုးကို ဖန်တီးပေးလေသည်။
* * *
ပထမတစ်ခုကတော့ တက္ကသိုလ် တတိယနှစ် တက်နေတုန်းမှာ ဆယ်တန်းတုန်းက သူငယ်ချင်း တစ်ယောက်က အိမ်ထောင်ကျ သွားသည်။ ထိုမင်္ဂလာဆောင်မှာ သူနှင့် ကျွန်တော် ပြန်ဆုံမိကြသည်။ ဒီမှာတွင်ပဲ သူ့ကို ကျွန်တော် စိတ်ဝင်စား သွားပြီး ဇာတ်လမ်းစခဲ့ ပါသည်။
သူက လှလည်းလှ ကိုယ်လုံးကိုယ်ပေါက် ကလည်း တော်တော် ကြည့်ကောင်းသည် (ဟုထင်၏။)
သူငယ်ချင်းတွေ ကလည်း ကျွန်တော့် အဆိုကို သဘောတူပါတယ်ဟု ထောက်ခံကြပါသည်။ သူတို့က ကျွန်တော့် ကောင်မလေးကို လှတယ်ပြောမှ ကျွန်တော်ကလည်း ဒီပလိုမေစီ သဘောအရ "အဆွေတော်ရဲ့ ကောင်မလေး ကလည်း ချောပါပေတယ်" လို့ ပြန်ပြောမှာကိုး။
ကျွန်တော့် သူငယ်ချင်း တစ်ယောက်ရဲ့ ကောင်မလေးက တော်တော် ပိန်ရှာသည်။ ဒါကိုပဲ "ငါးပနော် ကိုယ်လုံးလေးကွ" ဟု ကြံဖန် ချီးကျူးရတာမျိုးလေ။
ကျွန်တော်ကလည်း နှုတ်အားဖြင့် ကြွားရုံနဲ့ အားမရဘဲ စာထဲမှာပါ ထည့်ရေးသည်။ ဆရာကြီး ရွှေဥဒေါင်းက သူ့ဇာတ်ဆောင် ဇော်ဟိတ်ကို မွှမ်းထားသော စကားလုံးကို ယူပြီး
"ဖိတ်ဖိတ်တောက် ကြည်လင်သော အသားအရေကို အသားပို တစ်ကျပ်မျှ မရှိအောင် လေ့ကျင့်ထားသောကြောင့် ကျွန်ုပ်၏ စိတ်တိုင်းကျ ရှိနေပေတော့သည်" ဟု လွန်လွန်ကဲကဲ ဖွင့်ဆိုသည်။
သူငယ်ချင်းတွေထဲမှာ စုန်းပြူးဖြစ်သော ကျွန်တော်၏ ဇာတ်လိုက်ကျော် စိန်ကြောင်က ဒါကို အမြင်ကတ်ပြီး တေးမှတ်ထားသည်။ ကျွန်တော်နှင့် လက်ထပ်ပြီးနောက် လေးမေသည် တဖြည်းဖြည်း 'ဖွံ့' လာသည်။
ထိုအခါ စိန်ကြောင်လည်း အကွက်ကောင်းရလာပြီး ...
"မင်းစာထဲမှာ ထည့်ရေးထားတာ သိပ်မှန်တယ်ကွ မင်းမိန်းမဟာ အသားပို တစ်ကျပ်မှ မရှိဘူး အဆီပိုတော့ တစ်ပိဿာလောက်ရှိတယ်" ဟု ကျွန်တော့်ကို နှိပ်ကွပ်လေတော့သည်။
* * *
ကျွန်တော်က သူ့ကို စာတစ်စောင် ပေးသည်။ သူက အကျဉ်းနည်းနှင့် ငြင်းပယ်လိုက်သည်။ သူ့အတန်း ပြီးချိန်မှာ သွားတွေ့ပြီး စကားပြောဖြစ်သည်။ ကျွန်တော့် အပေါ် ထားရှိသော သူ့ သဘောထားက အပြုသဘော ဆောင်ကြောင်း တွေ့ရသည်။ ထို့ကြောင့် အားတက်ပြီး ဒုတိယ စာတစ်စောင် ပေးပြန်သည်။ မထူးခြားလှ။ ဘာပဲဖြစ်ဖြစ် သူ့ကို ချဉ်းကပ်နေသူတွေ ထဲမှာ ကျွန်တော်က အခွင့်အရေး အသာဆုံးဟု ဆိုနိုင်သည်။ သူက လိုလိုလားလား လက်ခံ စကားပြောခဲ့ သောကြောင့် ဖြစ်၏။ အေးအေးဆေးဆေး အချိန်ယူပြီး ဆွေးနွေးစည်းရုံး လိုက်လျှင် အခြေအနေ ကောင်းနိုင်သည်။
သို့ရာတွင် ကျွန်တော်က မစောင့်နိုင်။ ထို့ကြောင့် တတိယ စာတစ်စောင်ကို ပေးသည်။ စာထဲမှာ ဒီတစ်ခါ နောက်ဆုံးအကြိမ် ဖြစ်ကြောင်း တိကျသော အဖြေကို မရလျှင် နောက်နောင် ဘယ်တော့မှ နှောင့်ယှက်တော့မည် မဟုတ်ကြောင်း ရေးထည့်လိုက်သည်။
ဒါ ကျွန်တော့် အမှား ဖြစ်၏။ စာထဲက စကားလုံးတွေက သူ့ကို ထိခိုက်စေသည်။ သူက ဆောရီးဘဲ ဟု ငြင်းလိုက်သဖြင့် ကျွန်တော် ဆွေးသည်။ သူ စိတ်ဆိုးမည် ဆိုလဲ ဆိုးစရာဘဲ။ ကျွန်တော့် လုပ်ပုံကိုလည်း ကြည့်အုံး။ ရည်းစားစာ ပေးတာကို တရားရုံးက နို့တစ်စာ ပို့သလို 'နောက်ဆုံးအကြိမ် သတိပေး လိုက်သည်။ မလိုက်နာပါက မိမိ၏ တာဝန်သာ ဖြစ်ကြောင်း' ဆိုတာမျိုး ဖြစ်နေတာကိုး။
(တကယ်ချစ်ရင် ဘယ်လောက်ကြာကြာ စောင့်နိုင်ရမှာပေါ့ အချစ်မှာ ဝမ်နင်ခေါ်လို့ ရပါ့မလား နောက်ပိုင်းကျတော့ သူက ပြန်ပြောပြသည်။)
ကံကောင်းချင်တော့ ကျွန်တော်က ပေးထားတဲ့ ကတိအတိုင်း နောက်နောင် မနှောင့်ယှက်တော့ပါ။ ဒါပေမယ့် တစ်သက်လုံးတော့ မျှော်လင့်နေပ့ါမယ် ဆိုသော စာတိုလေး တစ်စောင် ထပ်ပေးမိသည်။ ဒီမှာတင်ပဲ သူက စိတ်ပြေသွားပြီး ကျွန်တော့်ဆီ စာပြန်သည်။
ဒီနေရာမှာ စဉ်းစားစရာတစ်ခု ရှိလာ၏။ တကယ်လို့ ကျွန်တော်ကသာ နောက်ဆက်တွဲ စာတိုလေး တစ်စောင် မပို့ဖြစ်ခဲ့လျှင် ဇာတ်လမ်းက တစ်ခန်းရပ်သွား လိမ့်မည် ဖြစ်၏။ သူက ကျွန်တော့်ဆီ စာပြန်ရာမှာလည်း စာတိုက်က တစ်ဆင့် ပေးပို့လိုက်ခြင်း ဖြစ်၏။
တစ်မြို့နယ်ထဲချင်း ပို့သောစာသည် ရက်သတ္တ တစ်ပတ် အကြာမှာ ကျွန်တော့်ဆီ ရောက်လာ၏။ ဒီလောက်တောင် ကြာရသလား စာတိုက်က ဝန်ထမ်းတွေ ပေါ့လျော့လွန်းသည်ဟု အစက အပြစ်တင်ချင်မိ သေးသည်။ နောက်မှ ဒီစာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်အောင် ပို့ပေးတဲ့ အတွက် စာပို့လုလင်ကိုတောင် ကျေးဇူးတင်သင့်ကြောင်း တွေးမိလာပါသည်။
တကယ်လို့များ ဒီစာဟာ ကြားမှာ ပျောက်ပျက်သွားခဲ့လျှင် ကျွန်တော်ကလည်း ကိုယ့်ကတိနဲ့ကိုယ် သူ့ကို ရှောင်နေမည်။ သူကလည်း စာပို့ထားပါလျက် အဆက်အသွယ် ပြန်မလုပ်တော့တာဟာ သံယောဇဉ် ကုန်သွားလို့ပဲဟု သဘောထား လိုက်မည်။ ဒါဆို ကိစ္စက ပြတ်ပြီ။
ခုတော့ ဖူးစာဆိုသော အရာက ဒီလူနှစ်ယောက် မညား ညားအောင် ဘက်စုံ ထောင့်စုံက တွန်းပို့ ပေးခဲ့လေသည်။
* * *
နောက်ထပ် ထူးခြား တိုက်ဆိုင်မှုတွေ ရှိသေးသည်။ တက္ကသိုလ်မှာ သူနှင့်တွဲသော သူငယ်ချင်း မိန်းကလေး နှစ်ယောက် ရှိ၏။ တစ်ယောက်က ရန်ကုန်တက္ကသိုလ် အနုပညာအသင်း ပန်းချီသင်တန်း တက်ဖူးသည်။ ကျွန်တော်ကလည်း ပန်းချီအဖွဲ့တွေနဲ့ လုံးထွေးနေသူ ဖြစ်၏။ ထို့ကြောင့် ပန်းချီခန်း သံယောဇဉ်ဖြင့် ကျွန်တော့် အပေါ် အကောင်းမြင်သော သဘောထား ရှိသည်။ နောက်သူငယ်ချင်း တစ်ယောက်ကတော့ သဘောကောင်းသည်။ အသားက ညိုသည်။ သူ့လူကြီးကလည်း ညိုမည်းမည်းဘဲ။ ကျွန်တော်ကလည်း ညိုညစ်ညစ် ဆိုတော့ လူမည်းခြင်း စည်းလုံးညီညွတ်တဲ့ အနေနဲ့ ကျွန်တော့်အပေါ် ထောက်ခံမဲ ပေးခဲ့လေသည်။
နောက်ထပ် တိုက်ဆိုင်မှု တစ်ခုကတော့ ကျွန်တော်သည် ဆရာအောင်ပြည့်နှင့် ညီအစ်ကိုလို ပေါင်းနေသူ ဖြစ်၏။ လေးမေတို့ အစ်ကိုကြီးမှာလည်း တက္ကသိုလ်မှာတုန်းက ဆရာအောင်ပြည့်နှင့် တစ်ဆောင်ထဲ အတူနေသော သူငယ်ချင်း ဖြစ်ပြန်လေသည်။
ဒါတွင် မကသေး။ ကျွန်တော်တို့အဖေက နားလေးသလို သူတို့ အမေကလည်း နားလေးသည်။ သူတို့အဖေက တိုင်းပညာဝန် လုပ်ခဲ့ဖူးပြီး ကျွန်တော်တို့ အမေက ကျောင်းအုပ် ဆရာမကြီး ဖြစ်ခဲ့ဖူးသဖြင့် လူကြီးခြင်း ဟာမိုနီ ကိုက်ညီနေ ပြန်၏။
ကျွန်တော်က စာရေးဆရာ ဖြစ်လာပြီး သူက စာကြည့်တိုက်မှူး ဖြစ်လာ၏။ သူက စာဖတ် ဝါသနာ ပါသည်။ မူလတန်း ကျောင်းသူ ဘဝမှာပင် ဝတ္ထုတွေ ဖတ်နေခဲ့ပြီ။ သူ ပထမဆုံး စဖတ်မိသော ဝတ္ထုမှာ "အတာ" အမည်ရှိ စာအုပ် ဖြစ်၏။ ထိုစာအုပ်ကို ရေးသူကား ကျွန်တော်၏ ဖခင် (သာဓု) ပင် ဖြစ်လေတော့သည်။
ထူးဆန်းတဲ့ အချက်တစ်ချက် ရှိသေးသည်။ ကျွန်တော် ကိုးတန်းမှာ သူ့ကို စတွေ့ဖူးသည်။ မြင်မြင်ချင်းမှာပင် သူ့ကို ဟိုအရင်ကတည်းက ရင်းရင်းနှီးနှီး သိကျွမ်း ခင်မင်နေခဲ့ဖူး သလိုလို ခံစားရသည်။ တနေ့နေ့ကျလျှင် သူနှင့် ကျွန်တော် သမီးရည်းစားများ ဖြစ်သွားကြလိမ့်မည် ဟူ၍လည်း အလိုအလျောက် ထင်နေမိသည်။ နောင် လေးငါးနှစ်ကြာမှ ဖြစ်လာမယ့် ကိစ္စကို ကြိုတင် သိမြင်သလို ဖြစ်နေခြင်းမှာ အံ့ဩစရာပင် ဖြစ်၏။ ဖူးစာဆိုတာ ဒီလိုမျိုးပဲလား မသိ။
(ဝတ္ထုတစ်ပုဒ် အဖြစ် ဖတ်ကောင်းအောင် စိတ်ကူးယဉ်ပြီး လျှောက်ရေးနေခြင်း မဟုတ်။ တကယ့် ဖြစ်ရပ်မှန်များသာ ဖြစ်ကြောင်း အထောက်အထား ပြနိုင်ပါသည်။ ကျွန်တော်တို့ ပညာ သင်ကြားခဲ့သော ရန်ကုန်တက္ကသိုလ် ကျောင်းတော်ကြီး အင်းလျားကန် ကျွန်တော်တို့ ဖူးမျှော် ဆုတောင်းခဲ့သော ရွှေတိဂုံ စေတီတော်ကြီး ကျွန်တော်တို့ ရုပ်ရှင်ကြည်ခဲ့သော သမ္မတရုံ ကျွန်တော်တို့ လည်ပတ်ခဲ့သော ဗိုလ်ချုပ်ပန်းခြံ တိရိစ္ဆာန်ဥယျာဉ် စသည်ဖြင့် သက်သေ အထင်အရှား ရှိပါသည်။ မယုံလျှင် သွားရောက် စစ်ဆေး ကြည့်ရှုနိုင်ပါသည်။)
* * *
ကျွန်တော်တို့သည် ငါးနှစ်ခန့် တွဲနေပြီးမှ လက်ထပ်ခဲ့ကြသည်။ လက်ထပ်ဖို့ ငွေစုနေရသောကြောင့် ခုလို နှောင့်နှေး ကြန့်ကြာ နေရခြင်း မဟုတ်။ ထို့အတူ ငွေစုစရာ မလိုလောက်အောင် ငွေကြေး ပြည့်စုံနေတာလည်း မဟုတ်။ သမီးရည်းစား ဘဝနဲ့ အားရအောင် နေနေခဲ့ကြခြင်းသာ ဖြစ်၏။
အိမ်ထောင်ရေး ဆိုသည်မှာ သွေးမတော် သားမစပ် ကိုယ့်အသိုင်းအဝိုင်းနှင့်ကိုယ် ကိုယ့်စရိုက်သဘာဝနှင့်ကိုယ် သီးခြားစီ နေခဲ့ကြသူ နှစ်ဦးတို့ အချစ်အားကိုးဖြင့် ဘဝသစ် တစ်ခုကို ပူးပေါင်း တည်တောက်ကြခြင်း ဖြစ်၏။ ညီအစ်ကို မောင်နှမ အရင်းအခြာတွေတောင် အမြဲတမ်း သဘောထား တိုက်ဆိုင်နေကြတာ မဟုတ်။
သူနှင့် ကျွန်တော်တို့သည်လည်း တစ်ယောက်အပေါ် တစ်ယောက် အလိုမကျတာ အားမရတာလေးတွေ ရှိနေခဲ့မှာဘဲ။ သို့ရာတွင် သာမန် ကတောက်ကဆ ဖြစ်တာက လွဲပြီး ကြီးမားသော ပြဿနာများ မဖြစ်အောင် နေနိုင်ခဲ့ကြသည်။
အထူးသဖြင့် အနုပညာသမား ပီပီ ကျွန်တော် လုပ်ချင်တာတွေ လျှောက်လုပ်နေခြင်း အပေါ် မကန့်ကွက် ခဲ့တာကိုတော့ အသိအမှတ် ပြုရမည်။ ထိုအကျိုးဆက်ကြောင့် ဒုက္ခ သုခတွေနဲ့ ရင်ဆိုင်ကြုံတွေ့ ရသောအခါ မျက်နှာမပျက် အပြစ်မတင် စကားတစ်ခွန်းမှ မဆိုခဲ့ခြင်း အတွက်လည်း သူ့ကို လေးစားရပါမည်။
ကျွန်တော် ပြောချင်တာက အိမ်ထောင်ရေး အဘိဓမ္မာတွေ မဟုတ်ပါ။ သူနှင့် ကျွန်တော့်ကြားမှ ထူးခြားသော စိတ်ချင်း ဆက်သွယ်မှုတစ်ခု ရှိနေတဲ့ အကြောင်းကို တင်ပြချင်တာပါ။
(သူ့အကြောင်း ပြောလျှင် နည်းနည်း လေရှည်သွားတတ်တာ အကျင့်ပါနေလို့ ခွင့်လွှတ်ကြပါ။ သူငယ်ချင်းတွေ ပြောလည်း ပြောစရာဘဲ။ ဘာဘဲဖြစ်ဖြစ် ဆရာ မောင်သွေးသစ် တို့လို မိန်းမ ချစ်တတ်သူတွေ ကတော့ စာနာတတ်မှာပါ။)
သူနှင့် ကျွန်တော်သည် အမြွာတွေမှာလိုဘဲ တိုက်ဆိုင်မှုတွေ ဖြစ်တတ်သည်။ ရုပ်မြင်သံကြား ဇာတ်လမ်းတွေထဲကလို အမြွာတစ်ယောက်က ဗိုက်နာလျှင် တစ်ယောက်က လိုက်နာတာမျိုး တစ်ယောက်က ဓားရှလျှင် ကျန်တစ်ယောက်ရဲ့ လက်က ပူကနဲ ဖြစ်သွားတာမျိုးတော့ မဟုတ်။ စိတ်ကူးချင်း သွားသွား တူနေတတ်ခြင်းကို ဆိုလိုပါသည်။
ကျွန်တော်က ဝက်သားနှင့် မျှစ်ချဉ် မစားရတာ ကြာပြီဟု စဉ်းစားနေတုန်း သူ ဈေးကအပြန်မှာ မျှစ်ချဉ်တွေ ပါလာတာမျိုး အုန်းနို့ခေါက်ဆွဲ စားရသည်ဟု အိပ်မက် မက်ပြီး အိပ်ရာက နိုးတော့ အဆင်သင့် ဝယ်ထားတာ တွေ့ရတာမျိုး မကြာခဏ ဖြစ်သည်။
ပစ္စည်းတစ်မျိုးထဲကို နှစ်ယောက်ပြိုင်တူ ဝယ်ခဲ့မိတာလည်း ရှိသည်။ နှစ်ယောက်စလုံး လိမ္မော်သီးတွေ ဝယ်လာတာမျိုးပေါ့။ တစ်ခါတစ်လေ တိုက်ဆိုင်ဖို့ ခက်သော ပစ္စည်းမျိုးလည်း ဖြစ်တတ်သည်။
တစ်ရက်မှာ မြို့ထဲက အပြန် ကားပြောင်းစီးရင်း တာမွေဈေး ရှေ့မှာ အဘိုးကြီး အဘွားကြီး လင်မယားနှစ်ယောက် ရေစစ်ကလေးတွေ ထိုင်ရောင်းနေတာ တွေ့သည်။ အားပေးအုံးမှပဲ ဆိုပြီး ဝယ်လာခဲ့၏။ အိမ်ရောက်လို့ လေးမေကို ပြောပြတော့ သူက ရယ်သည်။ ဘာရယ်တာလဲ ဆိုတော့ သူလည်း ရေစစ် ဝယ်ခဲ့တယ်တဲ့။ ဘယ်က ဝယ်လာတာလဲ မေးတော့ တာမွေဈေး ရှေ့မှာ အဘိုးကြီး အဘွားကြီး လင်မယားနှစ်ယောက် ရောင်းနေတာ တွေ့လို့တဲ့။ တစ်လောက မြို့ထဲဘက် ထွက်ရင်း စူပါမားကတ် တစ်ခုမှာ စပို့ရှပ်တွေ ဒစ်စကောင့် ချပြီး ရောင်းနေတာ တွေ့သည်။ ကိုယ်ဝတ်ချင်လည်းဝတ် လက်ဆောင်ပေးချင်လည်း ပေးလို့ရအောင် သုံးထည် ရွေးဝယ်ခဲ့သည်။ အမှတ်တမဲ့မို့ သူ့ကိုလည်း အသိမပေးမိခဲ့။ ကျွန်တော့် မွေးနေ့ရောက်တော့ သူက စပို့ရှပ် သုံးထည် ဝယ်ပြီး လက်ဆောင်ပေးသည်။ ကျွန်တော် လန့်တောင် လန့်ချင်သလို ဖြစ်သွားရ၏။ ကျွန်တော် ဝယ်ထားတဲ့ စပို့ရှပ်တွေနဲ့ အတူတူဘဲ။ တူတယ် ဆိုတာမှ သုံးထည်ဆိုသော အရေအတွက်လည်း တူသည်။ တံဆိပ် အမျိုးအစားလည်း တူသည်။ အရောင်လည်း တူသည်။ နီညိုတစ်ထည် မီးခိုးရောင်တစ်ထည် နံ့သာရောင်တစ်ထည်။ ကျွန်တော် ဝယ်တုန်းက ဆယ့်ငါးမျိုးလောက် ရှိတဲ့ အထဲက ရွေးယူခဲ့ခြင်း ဖြစ်၏။ သူကလည်း အရောင်တွေ စုံလို့ လိုက်မယ့်ဟာကို တော်တော် ရွေးယူခဲ့ရသည်ဟု ဆို၏။ ဒီလောက်ကြီးတောင် ထပ်တူထပ်မျှ ဖြစ်နေတာကတော့ အံ့ဩစရာပင် ဖြစ်၏။ ထိုအခါ "အင်း ဒီမိန်းမကိုတော့ တစ်သက်လုံး သစ္စာရှိရှိ ပေါင်းမှ ဖြစ်တော့မယ်" ဟု ဆုံးဖြတ်ချက် ချလိုက်ရလေ တော့သည်။
ထို့နောက် ကျွန်တော်တို့၏ မင်္ဂလာ နှစ်ပတ်လည် နေ့သို့ ရောက်ရှိလာသည်။ မင်္ဂလာ အထိမ်းအမှတ် အဖြစ် ဗမာမုန့်တစ်မျိုး ဝယ်ပြီး သမီးနှစ်ဦးနှင့်အတူ မိသားစု ပျော်ပျော်ပါးပါး တဝကြီး စားကြလေသည်။ ဗမာမုန့် ဆိုလို့ နှယ်နှယ်ရရတော့ မမှတ်နဲ့။ အလွန် အရသာရှိပြီး အဓိပ္ပါယ် ပြည့်ဝသော မုန့်အမျိုးအစား ဖြစ်၏။ ထိုမုန့်ကား 'မုန့်လင်မယား' မည်၏။
* * *
ကျန်စစ်သား မင်းကြီးကဲ့သို့ ပယ်မယားအား ပေးရန် ကျွန်သုံးရွာ ငါ့မှာ မရှိလေရကား မိမိကိုယ်ကိုပင် ကျွန်အဖြစ် နှပ်လေသရောတည်း။ ပယ်မယားလည်း ကောင်းလင့်တည်း ကောင်းလင့်တည်း မိန့်၏။ သူတထူးလျှင် ဤမေတ္တာကို အနှိပ်အစက်တည်းမူမုကား အရိမေတ္တယျ ဘုရားသခင် အဖူးရစေ။
#မင်းလူ
(၁၁၁၁ အမှတ်တရ)
(တစ်ကိုယ်တော် မဂ္ဂဇင်း)
credit
by မွန်းလေးဖေဖေ
No comments:
Post a Comment