May 25, 2018

နိုင်ပါ့မလား ဟရို့

( လွန်​ခဲ့တဲ့ အနှစ်​ ၃၀ ​ကျော်​​လောက်​တည်းက ​ပေါကား​တွေကို​ဝေဖန်​ခဲ့တဲ့ ဆရာမင်းလူရဲ့ လက်​ရာ)

နိုင်ပါ့မလား ဟရို့
@~~~~~~~@
စ/ဆုံး
မင်းလူ

                        ကျွန်တော်က သိပ်ချမ်းသာသည်။
အဲ.. မဟုတ်သေး။ ကျွန်တော့်မိဘက သိပ်ချမ်းသာသည်။ ဘယ်လောက်ထိ ချမ်းသာသလဲဆိုတော့
တော်တော်လေးကို ချမ်းသာသည်။ ရန်ကုန်မြို့၊ ဆိတ်ငြိမ်ရပ်ကွက်ရှိ ခြံကျယ်ကြီး တစ်ခုထဲမှာ ခေတ်မီပုံစံ သုံးထပ်တိုက်တစ်လုံး ရှိသည်။ သာမန်အားဖြင့်ကြည့်လျှင် နှစ်ထပ်ဟု ထင်ရသော်လည်း မြေတိုက်ခန်း ပါသဖြင့် သုံးထပ်ဖြစ်သည်။ ခြံဝင်းထဲတွင် ကမ္ဘာပေါ်တွင် အလှပဆုံး၊ အရှားပါးဆုံး သစ်ပင်ပန်းမန်တွေ ရှိသည်။ ဘဲဥပုံ
ရေကူးကန်ကြီးက ပြာလဲ့ကြည်လင်နေ၏။

ထိုမျှမကသေး....
မန္တလေးမှာ နှစ်ထပ်တိုက်တစ်လုံး ရှိသေးသည်။ (မီးလောင်တုန်းက ပါမသွား) တောင်ကြီး၊ ပြင်ဦးလွင်၊
မြစ်ကြီးနား စသည့်မြို့များတွင် အပန်းဖြေအနားယူဖို့ တစ်ထပ်တိုက်ကလေးတွေ ဆောက်ထားသည်။

ဒါပဲလား.. မက။
ငပလီကမ်းခြေက ဘန်ဂလိုတစ်ခုကို အချိန်မရွေး သွားနေနိုင်အောင် တစ်နှစ်လုံးအတွက်
ငှားထားသေးသည်။

                   ကျွန်တော်တို့ဆီမှာ ကားသုံးစင်းနှင့် ဆိုင်ကယ်တစ်စင်း ရှိသည်။ ဖေဖေနှင့် မေမေတို့ စီးဖို့က မာစီးဒီး၊ ကျွန်တော့်အတွက် သီးသန့်ထားတာက တိုယိုတာ စပရင်တာ။ ခရီးထွက်သော အခါတွင်ဖြစ်စေ၊
အရေးအကြောင်းရှိလျှင်ဖြစ်စေ သုံးဖို့က ရိန်းဂ်ျရိုဗာ။ ဟွန်ဒါဆိုင်ကယ်ကြီးကတော့ ကျွန်တော့်လက်စွဲတော်။
ကျွန်တော်တို့သည် ပွဲရုံလုပ်ငန်း၊ အဝေးပြေးကားလုပ်ငန်း၊ ဆေးလိပ်ခုံ၊ အိမ်တွင်းစက်မှုလက်မှု စသည့်
လုပ်ငန်းများစွာကို ပိုင်သည်။ ထိုလုပ်ငန်းများသည် ဘယ်တော့မှ မရှုံး၊ အမြဲမြတ်သည်။
ကျွန်တော်သည် ထိုလုပ်ငန်းများအကြောင်းကို တစ်ခါမှ မလေ့လာဖူးပါ။ သို့ရာတွင် ကျွန်တော်က
ဘာမျှမသိဘဲ ဝင်ရောက်ကြီးကြပ်လိုက်သောအခါ ဆထက်ထမ်းပိုး အောင်မြင်ပြီး အမြတ်ငွေတွေ
သောက်သောက်လဲ ပိုရရှိလာပြန်ပါ၏။ (မယုံလျှင်လည်း ဘာမျှမတတ်နိုင်ပါ)

                     ကျွန်တော်က ဘွဲ့ရပြီးသားဖြစ်သည်။ ကျွန်တော့်ရုပ်ရည်က ယောက်ျားပီပီသသ၊ ခန့်ခန့်ချောချော။ ကြည့်လေ..  အရပ် ငါးပေဆယ့်တစ်လက်မ၊ အသားလတ်လတ်၊ အချိုးအဆက်ကျပြီး ကျစ်လျစ်သန်မာသော ကိုယ်လုံးကိုယ်ထည်။ နက်မှောင်သန်စွမ်းပြီး သပ်ရပ်သော ဆံပင်၊ ကြံ့ခိုင်သော မေးရိုး၊ ထူထဲသော မျက်ခုံး၊ စူးရှတောက်ပသော မျက်လုံး၊ နှာတံပေါ်ပေါ်၊ တိကျပြတ်သားသော နှုတ်ခမ်း။
အမေရိကန် ဂျင်းဂျက်ကက်နှင့် ဘောင်းဘီတိုဝတ်ပြီး ဟိုက်ဟီးစီးလိုက်သောအခါ ကျွန်တော့်ဘေးမှာ
ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတော့သည်။ သို့ပေမယ့် ကျွန်တော်က လုံးဝဂရုမစိုက်။
ကျွန်တော် ဂရုစိုက်မိသည်က တစ်ယောက်တည်း။
ဂမုန်းခတ္တာ။
ကော်ရစ်ဒါခေါ် စင်္ကြံထောင့်ချိုးမှာ မိန်းကလေးတစ်ယောက်နှင့် ကျွန်တော် ဝင်တိုက်မိသည်။
သူ့ရင်မှာပိုက်လာသော စာအုပ်တွေ သံမံတလင်းပေါ် ဖရိုဖရဲကျသွား၏။

“လူတစ်ယောက်လုံးလာတာ မမြင်ဘူးလား”
သူမေးသည်။

“ဒီမေးခွန်းကို ကျွန်တော်ကလည်း မေးခွင့်ရှိတာပဲ”
ကျွန်တော်က ပြန်ပြောသည်။

“ရှင့်မှာ မျက်စိမပါဘူးလား”

“Aချစ်မှာ မျက်စိမပါဘူးလို့ပဲ ကြားဖူးပါတယ်”

“ဘာပြောတယ်.. တော်တော်ရိုင်းပါလား”

“ထင်လို့ပါ”

                ကျွန်တော်က မခိုးမခန့် ရယ်လိုက်၏။ သူ့စာအုပ်တွေကို ကျွန်တော်က ကောက်ယူပေးသည်။ သူက
ဆတ်ခနဲ ဆွဲယူပြီး ခြေဆောင့်ထွက်သွား၏။

ကျွန်တော် သင်္ချာကျွမ်းပါသည်။
၃၂၊ ၂၆၊ ၃၄။
(ကျွန်တော်သည် ဤသို့ပင် စင်္ကြံထောင့်မှ ကောင်မလေးတွေနှင့် မကြာခဏ တိုက်မိတတ်သည်။
ရင်ဘတ်တွေတောင် အောင့်လို့)
ကျောင်းသူများ အပန်းဖြေစခန်းဘေးမှ ဖြတ်အလျှောက်တွင် ကျွန်တော့်ရင်ဘတ်ကို တစ်စုံတစ်ယောက်က
ရေနှင့်ပက်လိုက်၏။

“ဘယ်လိုလဲ..မျက်စိ မပါဘူးလား”
ကျွန်တော် မေးသည်။

“ရေခွက်မှာ မျက်စိမပါဘူးရှင့်”
သူက ပြန်ပြောသည်။ ဟိုနေ့က ကော်ရစ်ဒါထောင့်မှာ ဝင်တိုက်မိသည့် အမျိုးသမီး။

“သြော်.... မင်းကိုး”

“ဒီက နာမည် မင်းကိုး မဟုတ်ဘူး”

“ဒါဖြင့် ဂမုန်းခတ္တာတဲ့လား”

“ဟယ်.. ဘယ်လိုလုပ် သိ”

“ဒီလိုလုပ် သိတာပါ”

“သူ့နာမည်ရော”

“နောက်လည်း ခေါ်ရမယ့်အတူတူ ကိုကိုလို့ပဲ မှတ်ထားလိုက်ပေါ့”
သူ ရယ်သည်။
(နောက်ထပ် စာမျက်နှာ ငါးမျက်နှာခန့် ကြာသောအခါ ကျွန်တော်တို့နှစ်ယောက် ချစ်သွားကြသည်)

                      နယ်စပ်အနီးရှိ မြို့ကလေးတစ်မြို့သို့ ကျွန်တော် ခရီးထွက်လာခဲ့သည်။ ကမ်းပါးယံကို
ကွေ့ကောက်ဖောက်လုပ်ထားသော တောင်ပေါ်လမ်းမှာပင် ဆိုင်ကယ်ကို တစ်နာရီ ကီလိုမီတာ
ရှစ်ဆယ်နှုန်းဖြင့် မောင်းလာခဲ့သည်။
ကျွန်တော့်ဆိုင်ကယ်နောက် ခပ်လှမ်းလှမ်းမှာ ဝီလီဂျစ်ကားတစ်စီး လိုက်လာသည်။ အန္တရာယ်၏အနံ့ကို
ကျွန်တော်ရလိုက်ပြီ။ ဒိုင်းခနဲ မြည်သံတစ်ချက် ကြားလိုက်ရသည်။ ဆိုင်ကယ်ဦးထုပ် နောက်ဘက်ကို
တစ်စုံတစ်ခုက ဒုတ်ခနဲ လာမှန်သည်။ သို့ပေမယ့် ဘိုင်ဇမ်နီယမ် သတ္တုရောဖြင့် ပြုလုပ်ထားသော ဦးထုပ်ကို
ကျည်ဆန်မဖောက်နိုင်။
ဆိုင်ကယ်ကို ကီလိုမီတာတစ်ရာအထိ အမြန်နှုန်းမြှင့်လိုက်သည်။ ရှေ့မှာ ဂငယ်ကွေ့တစ်ကွေ့။ အကွေ့၏
ထိပ်အရောက်တွင် ဆိုင်ကယ်လက်ကိုင်ကို ဆတ်ခနဲ ပင့်တင်လိုက်သည်။ ဘီးနှစ်ဘီးက လမ်းပေါ်မှ
တစ်စင်တီမီတာလောက် ကြွတက်သွားသည်။ ခြေထောက်တစ်ဖက်ကို ထောက်ပြီး ဆုံလည်မောင်းတံအဖြစ်
အသုံးချလိုက်သည်။ ဆိုင်ကယ်သည် တစ်ပတ်လည်ပြီး နောက်မှလိုက်လာသည့် ကားနှင့်
မျက်နှာချင်းပြန်ဆိုင်မိ၏။

“ကဲ.. ကိုယ့်Aလှည့်”
ဂျာမနီနှင့် အစ္စရေး ပူးပေါင်းထုတ်လုပ်သော ဒသမသုံးရှစ် “အူဂါ” ပစ္စတိုကို ပခုံးသိုင်းအိတ်ထဲက
ထုတ်သည်။ ဂျစ်ကား ညာဘက်ဘီးကို ချိန်သည်။ လက်ညှိုးကို ကွေးညှစ်လိုက်၏။
တစ်ချက်တည်း။ ဂျစ်ကား ချောက်ထဲကျသွားသည်ကို စောင့်ကြည့်မနေတော့။
လောင်ပန်းအင်ဂမုန်း ဟိုတယ်မှာ ကျွန်တော်တည်းသည်။ ဂမုန်းဆိုသော အမည်က ပါလာပြန်၏။
ဂမုန်းခတ္တာကို သတိရလိုက်သည်။

မြို့ငယ်ကလေး ဖြစ်သော်လည်း ဟိုတယ်က လေးထပ်အဆောက်အအုံ၊ သပ်ရပ်သန့်ရှင်း သားနားသည်။
အဆင်းအတက်အတွက် ဓာတ်လှေကားကို အသုံးပြုသည်။ ဟိုတယ်ပိုင်ရှင်က ဦးလောင်ပန်း။ ဂမုန်းခတ္တာ၊ ဦးလောင်ပန်း၊ ဟိုတယ်နာမည်တို့သည် တစ်စုံတစ်ခု ဆက်စပ်နေရမည်။ ကျွန်တော် ဒီမြို့ကို မရောက်ခင်မှာပင် လုပ်ကြံသတ်ဖြတ်မည့်သူများနှင့် ကြုံခဲ့ရသည်။ ကျွန်တော့်ကို ဘာကြောင့် ရှင်းပစ်ချင်ရသနည်း။
ဘာပဲဖြစ်ဖြစ် ပထမဆုံးပွဲတွင် သူတို့ဘက်က မုဆိုးမနှစ်ယောက် တိုးသွားပြီဖြစ်သည်။
(ကျွန်တော်သည် မကြာခဏ ဆိုသလိုပင် ဤသို့ အလိုလိုသိနေသည့် အဖြစ်မျိုး ကြုံရတတ်သည်။
အင်ကျူအီရှင်း ဆိုပါစို့)


မှောင်သည်၊ မည်းသည်၊ နက်သည်၊ မိုက်သည်။ လမထွက်။ မိုးသားတွေက ကြယ်ရောင်ကို
ဖုံးကွယ်ထားပြန်သည်။

                        သို့ပေမယ့် ကျွန်တော့်မျက်စိတွေက စူးရှသည်။ ရှေ့မှာ လူလေးယောက်။ သုံးယောက်က ကျား။ ကျန်တစ်ယောက်က မ။ မိန်းကလေးကို သူတို့ ရန်မူနေတာ ရှင်းနေပြီ။ သူတို့နားကို လျှောက်သွားပြီး
ပြောလိုက်သည်။

“လှပတဲ့ သမင်ပျိုမလေးကို ခွေးအတွေ ဝိုင်းဆွဲနေသလိုပါပဲလားဟေ့”
ငနဲသုံးကောင် ကျွန်တော့်ကို လှည့်ကြည့်သည်။ သုံးခွန်းသောစကားကို ဆိုကြ၏။

“မင်းက ဘာကောင်လဲ”

“ဘာကိစ္စ ဝင်ရှုပ်တာလဲ”

“ညစာ စားပြီးပြီလား၊ တမလွန်မှာ ထမင်း မရှိဘူးနော်”

ကျွန်တော်က ဟက်ခနဲ ရယ်လိုက်ပြီး..

“ကိုယ့်လူတို့.. ကောင်းကောင်းအိပ်မပျော်တာ ကြာပြီထင်တယ်၊ ကျုပ်မှာ အိပ်ဆေးကောင်းကောင်း
ရှိပါတယ်လေ”

               ချောက်ခနဲ မြည်သံနှင့်အတူ သူတို့လက်ထဲကို ဓားမြှောင်သုံးချောင်း ရောက်လာသည်။
မှောင်နှင့်မည်းမည်းထဲမှာပင် ဓားမြှောင်တွေက ဖျတ်ခနဲ ဖျတ်ခနဲ အရောင်လက်နေကြသည်။
ဟာဒလေနှင့်ချေ့စ် သံမဏိကုမ္ပဏီက ထုတ်လုပ်သော ဓားမြှောင်များ။
ကျွန်တော့်ကို ထောင့်မှန်တြိဂံပုံ ဝိုင်းထားသည်။ ကျွန်တော့်ဦးနှောက်ထဲတွင် တြီဂိုနိုမက်ထရီ ပုစ္ဆာများ
တွက်ချက်နေသည်။ ဆိုင်းနည်း၊ ကိုဆိုင်းနည်း၊ အယ်လ်ဖာ၊ ဘီတာ၊ ဂမ်မာ၊ ဒီဂရီများ။ အဖြေကို
တဒင်္ဂအတွင်း ရလိုက်၏။ ကျွန်တော် စတင်လှုပ်ရှားသည်။ ဘာမျှ မကြာလိုက်၊ ငမိုက်သားသုံးကောင် လက်ရှိ
ကမ္ဘာ့အရေးအခင်းများနှင့် နာရီဝက်လောက် အဆက်အသွယ် ပြတ်သွားကြရှာပြီ။

(သူတို့ကို တိုက်ခိုက်ရာတွင် စုစုပေါင်း လေးဒသမငါးစက္ကန့်သာ ကြာသည်။ တစ်ယောက်
တစ်ဒသမငါးစက္ကန့်နှုန်း မြန်သည်။ သိပ်မြန်သည်။ မည်သို့မည်ပုံ တိုက်ခိုက်လိုက်ကြောင်း
ကျွန်တော့်ဘာသာ ကျွန်တော်ပင် မသိလိုက်အောင် မြန်သည်)

မိန်းကလေးကို ခုမှ သတိပြုမိသည်။ ကျွန်တော် အရမ်း အံ့သြသွား၏။

“ဟင်.... ဂမုန်းခတ္တာ”
သူ ကျွန်တော့်ကို ကြောင်ကြည့်နေ၏။ အကြောက်လွန်နေဟန် တူသည်။ သူ့လက်မောင်းကို ကျွန်တော်
ကိုင်လှုပ်လိုက်သည်။

“ဂမုန်းခတ္တာ”
သူက ကျွန်တော့်လက်ကို ပုတ်ချလိုက်ပြီး....

“ရှင် ဘယ်သူလဲ”

“ဘယ်လိုဖြစ်နေတာလဲကွယ်.... ကိုကိုလေ”

“ဘယ်က ကိုကိုလဲ၊ ရှင့်ကို ကျွန်မ မသိဘူး၊ ကျွန်မနာမည်လည်း ဂမုန်းခတ္တာ မဟုတ်ဘူး”

“ဒါဖြင့် ဘယ်သူလဲ”

“ဒေါနဇီဇဝါပါတဲ့”
ကျွန်တော် ပြုံးလိုက်သည်။ ပြဿနာက ပိုရှုပ်လာပြီ ဖြစ်သည်။
(ရှုပ်လေ ကောင်းလေပေါ့)

             သူတို့အုပ်စုက ကျွန်တော့်ကို အမျိုးမျိုး နှောင့်ယှက်သည်။ ရန်ရှာသည်။ မရ။ ထို့ကြောင့် ကျွန်တော့်ကို
သူတို့နှင့်ပူးပေါင်းရန် စည်းရုံးသည်။ ကျွန်တော် လက်ခံလိုက်၏။ သူတို့ခေါင်းဆောင် ဆရာကြီးရှေ့မှာ ကျွန်တော့်အရည်အချင်းကို စမ်းသပ်သည်။ ဆရာကြီး ဆိုသူကတော့
ဦးလောင်ပန်း။

                ပထမဆုံး လေးယောက်တစ်ယောက် လက်ရည်စမ်းပွဲ။ ကျွန်တော်က လေးစက္ကန့်ဖြင့် စံချိန်သစ်
တင်လိုက်သည်။ နောက်တစ်ခုက မီတာတစ်ရာ အကွာအဝေးရှိ တိုင်ထိပ်မှာတင်ထားသော လစ်ပိုဗစ်တန်ပုလင်းကို ဝင်ချက်စတာရိုင်ဖယ်ဖြင့် ပစ်ရမည်ဖြစ်သည်။ ကျွန်တော်က သေနတ်ကို အေးဆေးစွာကိုင်ပြီး ချိန်လိုက်သည်။ ပစ်သည်။ လစ်ပိုဗစ်တန်ပုလင်းက လုံးဝမလှုပ်။
ဆရာကြီးက သရော်တော်တော် ပြုံးလိုက်သည်။ ကျွန်တော်က ပြောသည်။

“လစ်ပိုဗစ်တန်ကို ဆရာကြီး အဆင်သင့် သောက်နိုင်ပါပြီ၊ ပုလင်းကို မထိခိုက်စေဘဲ
အဖုံးဖွင့်ပေးလိုက်တာပါ ခင်ဗျာ”
ဦးလောင်ပန်း အကြီးAကျယ် အံ့သြသွားသည်။
(ကျွန်တော်လည်း ကိုယ့်ကိုယ်ကို ဒီလောက်တောင် တော်နေသဖြင့် အံ့သြရသေးသည်)

                   ဦးလောင်ပန်းတို့ဂိုဏ်းအတွက် ကျွန်တော် အလုပ်လုပ်ပေးသည်။ သူတို့လုပ်ငန်း အကြောင်းကို
တဖြည်းဖြည်း သိလာရသည်။ ဟိုတယ်လုပ်ငန်း၊ အဝေးပြေး ကုန်တင်ကားလုပ်ငန်းကို ဟန်ပြထားပြီး ဘိန်းဖြူအရောင်းအဝယ်နှင့် မှောင်ခိုလုပ်ငန်း လုပ်ကိုင်နေခြင်းဖြစ်သည်။

ဒီနေရာမှာပင် ဒေါနဇီဇဝါ အမည်ခံထားသော မိန်းကလေးနှင့် ပြန်ဆုံရသည်။ သူက ဦးလောင်ပန်း၏
သမီးဟု ဆို၏။ သူတို့နှစ်ယောက်သည် သားအဖအရင်း မဟုတ်နိုင်ကြောင်း ကျွန်တော်သိနေသည်။
ထိုနှစ်ယောက်ကြားမှာ တစ်စုံတစ်ခုသော လျှို့ဝှက်ချက် ရှိနေကြောင်းကိုလည်း ကျွန်တော်
အလိုလိုသိနေ၏။
(အင်ကျူအီရှင်းဖြင့် သိခြင်းပင်)

                 ဒေါနဇီဇဝါက ကျွန်တော့်ကို ခပ်မှန်မှန် ဆက်ဆံသည်။ ကျွန်တော်က ဂမုန်းခတ္တာဟုခေါ်တိုင်း
သူမျက်နှာပျက်ပျက်သွားတတ်သည်ကို သတိပြုမိသည်။ ဦးလောင်ပန်းရှေ့တွင် ကျွန်တော့်ကို
မယုံသင်္ကာဟန် လုပ်ပြသည်။ တစ်နေ့တွင် ကျွန်တော်က သူတို့လုပ်ငန်းထဲမှာ ဝင်ရောက်ထိုးဖောက် မွှေနှောက်နေသည်ဟု  ဦးလောင်ပန်းက စွပ်စွဲသည်။ ဒေါနဇီဇဝါက အားလုံးရှေ့မှာပင် ကျွန်တော့်ကို ပါးရိုက်သည်။

              ထို့နောက် ကျွန်တော့်ကို နံနက်လေးနာရီတွင် ထုံးစံအတိုင်း စီရင်ရန်၊ လောလောဆယ်တွင်
မြေတိုက်ခန်းထဲ၌ ချုပ်ထားရန် ဦးလောင်ပန်းက အမိန့်ချလိုက်သည်။
(သတ်မည့်ကိစ္စကို ချက်ချင်းမသတ်ဘဲ မနက်လေးနာရီအထိ ရွှေ့ဆိုင်းထားရသည့်အကြောင်းကို ကျွန်တော်
စဉ်းစားလို့ကို မရ)

ညသန်းခေါင်ကျော်လောက်တွင် Aချုပ်ခန်းတံခါး ပွင့်လာသည်။ လူတစ်ယောက် ဝင်လာသည်။

“ဒေါနဇီဇဝါ”

“မဟုတ်ပါဘူး ကိုကို၊ ဂမုန်းခတ္တာပါ”
သူက အကြောင်းစုံကို ရှင်းပြသည်။
ဂမုန်းခတ္တာနှင့် ဒေါနဇီဇဝါ အမြွှာညီအစ်မနှစ်ယောက် ရှိသည်။ အဖေနှင့်အမေ ကွဲကြတော့ ဂမုန်းခတ္တာက
အဖေနှင့်ပါလာသည်။ ဒေါနဇီဇဝါက အမေနှင့် ကျန်ခဲ့သည်။ အမေက ဦးလောင်ပန်းနှင့် Aိမ်ထောင်ထပ်ပြုသည်။ အမေဆုံးသောအခါတွင် အမွေပေးရမည် စိုးသဖြင့် ဦးလောင်ပန်းက ဒေါနဇီဇဝါကို လုပ်ကြံပစ်လိုက်သည်။ ထိုအကြောင်းကို သိသွားသော ဂမုန်းခတ္တာက ဒေါနဇီဇဝါ မသေဘဲ ပြန်ရောက်လာဟန်ဖြင့် ဦးလောင်ပန်းဆီ ဝင်နေခြင်းဖြစ်သည်။

            ကျွန်တော် ထွက်ပြေးလွတ်မြောက်ဖို့အတွက် အချိန်သည် စက္ကန့်ပိုင်းနှင့်အမျှ အရေးကြီးနေသော်လည်း သူပြောပြသမျှကို အေးအေးဆေးဆေးပင် နားထောင်နေလိုက်သည်။
ထိုအချိန်တွင် မြေအောက်ခန်းသို့ဆင်းလာသော ခြေသံများ ကြားရသည်။ ဂမုန်းခတ္တာက
ကျွန်တော့်လက်စွဲတော် “အူဂါ” ပစ္စတိုကို ပြန်ပေးသည်။ အပြတ်ရှင်းကြရတော့မည်။
ကျွန်တော့်မှာက သေနတ်တစ်လက်တည်း။ သူတို့က လက်နက်မျိုးစုံဖြင့် လူသုံးဆယ်လောက်။ သို့ပေမယ့်
သူတို့အားလုံးကို ကျွန်တော် ရှင်းပစ်လိုက်သည်။ ဦးလောင်ပန်း အခန်းရှိရာသို့ ပြေးတက်ခဲ့သည်။ သူက ထွက်ပြေးမည့်ဆဲဆဲ။ ကျွန်တော် သူ့ခြေထောက်ကို လှမ်းပစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် သူ့အလှည့်ကျမှ ကျည်ဆန်ကုန်သွားသည်။ သူ ကောက်ကျစ်စွာ ပြုံးသည်။ ကျွန်တော့်ဘက် ပြန်လှည့်သည်။ သူ့လက်ထဲမှာ သေနတ်တစ်လက်။ ကျွန်တော့်နှလုံးသားတည့်တည့်ကို ချိန်သည်။ ခလုတ်မောင်းကို ညှစ်၏။

             သေနတ်သံတစ်ချက်။ ဦးလောင်ပန်း လက်ထဲကသေနတ် လွင့်ထွက်သွားသည်။ တံခါးဝမှာ ရပ်နေသူက မိန်းမကိုင် ပစ္စတိုကလေးကို ကိုင်ထားသော ဂမုန်းခတ္တာ။
ကိစ္စအားလုံး ရှင်းသွားပြီ။ တစ်ခုပဲ ကျန်သည်။ ဂမုန်းခတ္တာနှင့် ကျွန်တော့်ကိစ္စ။ သူ မျက်ရည်ဝဲနေ၏။

“ကိုကို့ကို ခတ္တာ ချစ်ပါတယ်၊ ဒါပေမယ့် ကိုကိုဟာ ဥပဒေပြင်ပကလူ၊ ပြီးတော့....”
သူ့နှုတ်ခမ်းကို လက်ဖြင့် လှမ်းပိတ်လိုက်၏။

“ကိုကိုဟာ ဥပဒေပြင်ပကလူ မဟုတ်ပါဘူးကွယ်၊ ဦးလောင်ပန်းတို့ရဲ့ ဂိုဏ်းအကြောင်းကို အတွင်းကျကျ
စုံစမ်းဖို့ ရောက်လာတဲ့ ရဲတပ်ဖွဲ့က မှုခင်းထောက်လှမ်းရေးမှူးပါ”

“ဟင်... တကယ်”

“တကယ်ပါ အချစ်ရယ်”

“ဝမ်းသာလိုက်တာ ကိုကိုရယ်”

သူ ကျွန်တော့်ရင်ခွင်ထဲ ရောက်လာသည်။ ကျွန်တော် သူ့ကို တင်းကျပ်စွာ ဖက်ထားလိုက်၏။
(ကျွန်တော်သည် သူဌေးသားအဖြစ်ကနေ ဘယ်လိုကဘယ်လို ရဲတပ်ဖွဲ့ထဲ ရောက်သွားမှန်း မသိပါ။ ဒီလိုမှ မဖြစ်လျှင်လည်း ကျွန်တော့်ဇာတ်လမ်းက ဆုံးတော့မည်မဟုတ်၊ ခုတောင် ပထမတ၊ွဲ ဒုတိယတွဲ နှစ်ခုပေါင်း စာမျက်နှာကိုးရာကျော်နေပြီ မဟုတ်လား။ ထို့ကြောင့် ဤတွင် ပြီးပါပြီ)

မှတ်ချက်။ ။ ဤဇာတ်လမ်းကို ရုပ်ရှင်ရိုက်ကူးရန် လာရောက်ကမ်းလှမ်းလိမ့်မည်ဟု အင်ကျူအီရှင်းဖြင့်အလိုလိုသိနေပြီ ဖြစ်​ပါ​ကြောင်း..... ။

မင်းလူ
ချယ်ရီ၊ ဧပြီ၊ ၁၉၈၅။

No comments:

Post a Comment