*ကွေ့သော ကောက်သော မျဉ်းဖြောင့်တစ်ကြောင်း*
၁။
လေယာဉ်သည် ပြေးလမ်းပေါ်တွင် အရှိန်ယူနေရာမှ တစ်ဆင့် ကောင်းကင်သို့ ထိုးတက် လိုက်၏။ မှုန်ဝါးစွာ ကျန်နေခဲ့သည့် ချန်းဂီလေဆိပ်ကို ငေးကာ စင်္ကာပူကို နှုတ်ဆက်လိုက်ပါသည်။သင်္ဘောသား လုပ်သက် ၅နှစ်အတွင်း ကြိမ်ဖန်များစွာ ဝင်ချည်ထွက်ချည် လုပ်ခဲ့ရသောကြောင့်လားတော့ မသိ ။
စင်္ကာပူက ကိုယ့်အိမ်လိုပင် ဖြစ်နေလေပြီ။အကြည့်ကို လွှဲဖယ်ကာ မျက်ဝန်းတို့ကို မှိတ်ထားလိုက်သည်။ အိပ်စက်၍တော့ မပျော်ပါ။ရန်ကုန် ရောက်လျှင် ဆက်လက်လုပ်ဆောင်ရမည့် အကြောင်းအရာတို့အတွက် စိတ်လှုပ်ရှား နေမိပြန်သည်။ နှစ်ကာလများစွာ မျှော်မောခဲ့ရသည့် အချိန်တစ်ခုကို မကြာခင်မှာ ရောက်လာတော့မည် ဆိုသော အသိကြောင့် ကြည်နူး လှိုက်ဖိုရသလို၊ကြုံတွေ့ရဦးမည့် အခက်အခဲများကြောင့်လည်း ရင်မှာ နွမ်းနယ် လာမိသည်။ ဆိတ်ငြိမ်နေသည့် ဝန်းကျင်ကြောင့် ထင်၊စိတ်အတွေးတို့က ပျံ့လွင့်လွန်း၏။ ၁၅နှစ်လုံးလုံး ပင်ပန်းနာကျင်စွာ ဖြတ်သန်းခဲ့ရသည့် ပုံရိပ်များက မနေ့တနေ့ကနှယ် ပီပြင်လာသည်။ကျွန်တော် မရပ်တန့်နိုင်တော့ပါ။
၂။
"ကလောင် ကလောင် ကလောင်"
မုန့်စားကျောင်းဆင်းပြီ ဖြစ်သည်။
ကျွန်တော့်လက်ထဲမှ ကလိုင်လေးကို အသံမြည်အောင် လှုပ်ကာ ပါးစပ်ကလည်း အော်၍ ရောင်း၏။
"သံပုရာပေါင်းတွေ ရမယ် ဘာလီပါတယ် ဇီးပေါင်းပါတယ် နို့မလိုင်ချောင်းတွေရမယ်"
အကျင့်မရှိသေး၍ အော်ရသည်မှာ သိပ်တော့ မရဲပေ။
"ဒါးလှီး နှစ်ချောင်းပေး"
"ငါ့ကို သံပရာပေါင်း တစ်ထုတ်"
ဘယ်နေရာကိုမှ လည်လည်ပတ်ပတ် မသွားတတ်သေးသဖြင့် ကျောင်းရှေ့တွင်သာ ရောင်းနေရသည်။
"ဟေ့ကောင် ကိုမိုး မင်းကကျောင်းပြန်မတက်တော့ဘူးဆို ဟုတ်လားကွ"
အောင်စိုးက ရေခဲချောင်းကို လျှာနှင့် "ပြွတ်"ခနဲ မြည်အောင် တစ်ချက်စုပ်ပြီး ရိသဲ့သဲ့ လေသံဖြင့် မေးလာပါသည်။ပြန်ဖြေလိုစိတ် မရှိ။ ခေါင်းကိုသာ ညိတ်ပြလိုက်၏။
မနှစ်က ၄တန်းမှာ သည်ကောင်နှင့်ကျွန်တော် အတူတူ တက်ခဲ့ကြခြင်း ဖြစ်သည်။
"ကိုကြီး ညီမလေးကို ခဲတံချွန်ပေးဦး"
ပထမတန်း တက်နေသည့် ကျွန်တော့် ညီမလေး ရောက်လာသဖြင့် ရေခဲချောင်း တစ်ထုတ်နှင့်အတူ ပိုက်ဆံ ၁၀ ကို လှမ်း၍ ပေးကာ...
"ညီမလေး စားချင်တဲ့မုန့် သွားဝယ်စားနော် ကိုကြီး ဈေးရောင်းလိုက်ဦးမယ်"
ညီမလေးက မသွားပါ။ကျွန်တော့်ဘေးမှာသာ ထိုင်နေရှာသည်။
အနည်းငယ်လူပါးသည်နှင့် ခဲတံလေးကို ချွန်ပေးလိုက်သည်။
"အထဲပြန်ဝင်တော့နော် ညီမလေး ခဏနေရင် ကျောင်း တက်တော့မှာ "
ငိုမဲ့မဲမျက်နှာလေးဖြင့် ကျောင်းဝင်းထဲသို့ ပြန်ဝင်သွားသည့် ညီမလေးကို ကြည့်ကာ ကျွန်တော် စိတ်မကောင်းမိ။ နွမ်းပါးစွာ ကျောင်းတက်ရ၍ အားငယ်နေသည့် ပုံစံပင်။
သိပ်မကြာခင်မှာပင် ကျောင်းတက် ခေါင်းလောင်း ထိုးသွားသည်။
စာတိုင်ပေးနေသောဆရာ/ဆရာမတို့၏ အသံနှင့်အတူ ကျောင်းသူ/ကျောင်းသားတို့၏ ညီညီညာညာ လိုက်ဆို နေကြသည့် အသံများလည်း ထွက်ပေါ်လာ၏။
ခေတ္တရပ်၍ နားစွင့်နေမိသည်။ကျွန်တော်လည်း ကျောင်းနေရလျှင် သူတို့လို လိုက်ဆိုခွင့်ရမည်ပင်။ ဒါတွေ တွေးပြီး အချိန်ဆွဲ၍ မဖြစ်။ ကုန်အောင် လှည့်ရောင်း ရဦးမည်။အများကြီး ပြန်ပါသွားလျှင် အမြတ် ကျန်မည်မဟုတ်။ အသံများကို ကျောခိုင်းပြီးနောက် ကျောင်းရှေ့မှ ထွက်ခဲ့လိုက်သည်။ဈေးပိုင်းနှင့် ကားဂိတ်ဘက်သို့ တက်ကာ တစ်နေကုန်အောင် လှည့်၍ ရောင်း၏။ ညနေစောင်းစပြုလျှင် ရေခဲစက်သို့ ပြန်လာ၍ ကျသင့်ငွေ ရှင်းပေးပြီးလျှင် ပုံးကို ပြန်အပ်ခဲ့ လိုက်သည်။အိမ်အပြန်လမ်းတွင် သစ်လုံးတွေပုံထားသည့် ကွင်းကြီး ရှိ၏။ခြောက်သွေ့သွားသော သစ်လုံးတွေ၏ အပေါ်ယံအခွံများမှာ ခွာယူ၍ လွယ်သလို ထင်းဆိုက်၍လည်း ကောင်းလှသည်။ လက်တပွေ့စာလောက် သယ်သွားနိုင်လျှင် တစ်ရက်စာတော့ ထင်းဖိုး သက်သာသည်။
၃။
"အဟွတ် အဟွတ် ဂလူး"
အိမ်ထဲသို့ ဝင်လိုက်သည်နှင့် အဖေ့ ချောင်းဆိုးသံကို ကြားနေရသည်။အိမ် ဆိုသော်လည်း လွတ်နေသည့် မြေကွက်ပေါ်တွင် ယာယီဆောက်ထားရသည့် တဲသာသာ အိမ်ကလေးမျှသာ။ကျွန်တော်တို့လို တဲလေးများလည်း အနီးအပါးမှာ များစွာ ရှိ၏။ ညီမလေးက အဖေ့ကျောကုန်းကို လက်နှင့်ဖိကာ ထွေးခံကို ထိုးပေး လိုက်သည်။အဖေ တစ်ခါ,တစ်ခါ ချောင်းဆိုးလိုက်တိုင်း သွေးစတွေ ပါလာသည်မှာ လနှင့်ချီ၍ကြာနေပြီ။မြစ်ပွားနာ ဆိုလား ပြောကြသည်ပင်။ ထိထိရောက်ရောက်လည်း မကုနိုင်ခဲ့ပါ။
"မုယားကြီးရွက်နဲ့သကြားကို ၃ခွက်၁ခွက်တင် ကြိုပြီး တိုက်စမ်းပါအေ ဒို့ ဦးလေးတစ်ယောက်တော့ အဲ့ဒါနဲ့ ပျောက်တာပဲ "
ဟိုကသည်က ဆေးမြီးတိုတွေ ပြောကြပေမယ့် ခဏတဖြုတ်တော့ သက်သာသလိုလို။ အရှင်းတော့ မပျောက်ချေ။ကျွန်တော်အိမ်ရောက်ပြီး သိပ်မကြာခင်မှာ အမေလည်း ပြန်ရောက်လာ၏။
"အငယ်မ ဒေါ်ရှုကြည်ဆိုင်ကို ပြေးစမ်း ဆန်၃ဗူးနဲ့ ဆီ ငါးကျပ်သား ပေးလိုက်ပါလို့ပြော ရော့.. လမ်းမှာကျမပျောက်စေနဲ့နော် သေသေချာချာကိုင်သွား "
ခေါင်းပေါ်က ပဲပြုတ်တောင်းကို ချသည်။ပြီးသည်နှင့် ညီမလေးကို ဈေးဝယ်ခိုင်းသည်။
"မဌေး "
အဖေ့ လေသံက ခပ်ယဲ့ယဲ့ ။
ဝါးကြမ်းခင်း အိမ်ကလေးပေါ်သို့ အမေတက်လာ၏။
"ရောင်းလို့ရနိုင်တဲ့ ပစ္စည်းလေးတွေ အကုန်စပ်ပြီး ရောင်းလိုက်တော့ ..အဟွတ် အဟွတ် ..နေ့လယ်တုန်းက ကိုခင်မောင်ဝင်း လာပြောသွားတယ် ငါတို့ တဲစုလေးတွေအားလုံး ၇ရက်အတွင်း ဖယ်ပေးရမယ်တဲ့ ဒီနေရာမှာ စက်ရုံဆောက်တော့မယ် ဆိုလားဟာ အဟွတ် အဟွတ် "
"ငါတို့ရွာပြန်ကြစို့ မဌေးရယ် သေရင်လည်း ငါ့ရွာမှာပဲ ငါသေချင်တယ် ဒီမှာဆက်နေရင် အကုန်လုံး ဒုက္ခတွေ ရောက်ကြတော့မယ် ငါ့သားလေးလည်း ကျောင်းမနေရရှာဘူး"
အဖေက စကားအရှည်ကြီးကို ဆက်တိုက် ပြောသည်။ထို့နောက် ချောင်းတဟွတ်ဟွတ် ဆိုးနေပြန်သည်။
ထိုညက လျှပ်ရောင် တဝင်းဝင်း ထစ်ချုန်းသံများနှင့်အတူ မိုးတွေသည်းသည်းမည်းမည်း ရွာချပါသည် ။မလုံ့တလုံ အိမ်ကလေးသည် ရွှဲရွှဲ စို၏။ကျွန်တော်တို့ မောင်နှမနှစ်ယောက် မိုးလွတ်ရာ ထောင့်ကလေးတွင် နိုးတဝက် ပျော်တဝက် အိပ်စက်ရသည်။နက်ရှိုင်းသော အမှောင်ထုထဲမှာ ရှိုက်သံ တစ်ချက် ကြားလိုက်သလိုပင်။အမေ့ဆီက ထင်ပါရဲ့။
၎။
ရထားသည် အရှိန်ပြင်းစွာ ခုတ်မောင်းနေ၏။စည်လုံးတွဲကြီးပေါ်တွင် ကျွန်တော်တို့ မိသားစု လိုက်ခဲ့ကြသည်။ဝဲယာဘေး နှစ်ဖက်မှာ အကာအရံ မပါသဖြင့် လေတွေ တဟူးဟူး တိုးဝင်နေသည်။ အဖေ့ချောင်းဆိုးသံက အမျှင်မပြတ်နိုင်တော့ ပါပေ။မိုးစင်စင်လင်းစ အချိန်မှာ သာစည်ဘူတာသို့ ရောက်ရှိနေသည်။ တစ်နေကုန်အောင် ရထားရပ်ထား၏။ ညနေစောင်းလာသည့်တိုင် ပြန်ထွက်မည့် အရိပ်အယောင် မရှိ။ မိုးတွေက သည်းသည်းမည်းမည်း ရွာလာပြန်သည်။ရထားပေါ်မှာ နေ၍ မဖြစ်တော့၍ ဘူတာထဲသို့ ရွှေ့ထိုင်ရသည်။
"စမုန်နဲ့ သပြေတောင်း ကြားမှာ တံတားကျိုးနေလို့တဲ့ ကိုမင်းဒင်ရေ ရှင့်အခြေအနေကလည်း မကောင်းလှဘူး ကျုပ်တို့ ကားနဲ့ ဆက်သွားမှ ဖြစ်တော့မယ်"
ပြောပြောဆိုဆိုနှင့်ပင် လက်ထဲမှာ ကျန်သည့်ပိုက်ဆံလေးတွေကို အမေက စစ်စစ်ပေါက်ပေါက် ရေတွက် နေသည်။
"ငါ့သား ညီမလေးနဲ့ အဖေ့ကို သေချာကြည့်ထားနော် အမေ ဟိုး..နားက လက်ဖက်ရည်ဆိုင်မှာ ရေနွေး သွားတောင်းလိုက်ဦးမယ်"
တော်တော်လေး ကြာမှ အမေပြန်ရောက် လာသည်။
ထို့နောက် ပီနံအိတ်အတွင်းမှ ပုဆိုးဟောင်း၂ထည်နှင့် ဘောင်းဘီတို၂ထည်၊ အကျီင်္၎ထည်ကို ကျွန်တော် ကျောင်းတက်တုန်းက သုံးသည့် လွယ်အိတ်ဟောင်းလေးထဲသို့ ပြောင်း၍ ထည့်နေသည်။
တဆက်တည်းပင် ကျွန်တော့်ကို ပြော၏။
"ငါ့သား ဟိုနားက လက်ဖက်ရည်ဆိုင်လေးမှာ ခဏနေခဲ့နော် အမေတို့ ရွာကို ရောက်တဲ့အခါ သားကိုပြန်လာခေါ်မယ် ဟုတ်လား"
ကျွန်တော် ခေါင်းညိတ်ပြလိုက်မိလေ သည်လား၊ခေါင်းခါငြင်းဆန်ခွင့်ကော ရှိမည်လား၊ကျွန်တော် မသိပါ။
အမေ ခေါ်ရာနောက် လိုက်ခဲ့သည်ပင်။ဆိုင်ရှင် အဒေါ်ကြီးကတော့ အမေ့ကို ပိုက်ဆံတွေ ပေးနေပါသည်။
အမေက ကျွန်တော့် ဦးခေါင်းကို ဖွဖွ ပွတ်ကာ မျက်ရည်တွေ စီးကျနေ၏။ထို့နောက် ဘူတာဘက်သို့ ပြန်သွားချေပြီ။ ဆိုင်အပြင်ဘက် တံစက်မြိတ်လေးဆီ ကျွန်တော်ပြေး၍ ငေးနေမိသည်။
အမေ့ ခေါင်းပေါ်မှာ ပီနံအိတ်ကြီးကို ရွက်သည်။ လက်တစ်ဖက်က အဖေ့ကို တွဲ၍ ကားလမ်းဘက်သို့ သွားနေကြသည်။ညီမလေးကတော့ အမေ့လုံချည်စကို သူ့လက်ကလေးဖြင့် ခပ်တင်းတင်း ဆုပ်ကိုင်ထား၏။လွတ်နေသော လက်တစ်ဖက်ကမူ ကျွန်တော်ရှိနေသည့် လက်ဖက်ရည်ဆိုင်ဘက်ကို ခဏခဏ ထိုးပြနေသည်။
"ဟိုမှာ ..ဟိုမှာ ကိုကြီး ကျန်နေသေးတယ် "ဟု အမေ့ကို ပြောနေသည် လားပင်။
ရုတ်တရက် သူတို့ ခြေလှမ်းတွေ ရပ်တန့်သွားသည်။ ကျွန်တော် ရှိရာဘက်သို့ လည်ပြန် လှည့်ကြည့်လာကြ၏။ညီမလေးက ကျွန်တော့်ဆီကို ပြေးလာမည့်ဟန် ပြင်နေပါသည်။အမေက ကမန်းကတန်း လှမ်းဆွဲလိုက်သည်။ ကျွန်တော် တံစက်မြိတ် အပြင်သို့ ထွက်ရပ်လိုက်၏။ ညီမလေး မြင်သာအောင် လက်ကလေးတစ်ဖက်ကို ယမ်းပြလိုက်သည်။ ညီမလေးကလည်း သူ့လက်ကလေးကို ယမ်းကာဝေ့ကာ ခုန်ဆွခုန်ဆွလေး ပြနေရှာသည်။
မိုးတွေက ပို၍ပင် သည်းလာပါပြီ။ တရွေ့ရွေ့ဝေးကွာသွားသည့် အရိပ်ကလေး ၃ခုက ကျွန်တော့် မြင်ကွင်းမှ တရွေ့ရွေ့ပျောက်ကွယ်သွားကြပါပြီ။မိုးရေစက်များအောက်မှာ ကျွန်တော် ရပ်ရင်း တွေးနေ မိသည်။
' အမေ့ပါးပြင်မှာ မျက်ရည်စတွေ ရှိနေခဲ့လေမလား' 'ညီမလေးလည်း ငိုနေရှာမယ် ထင်ပါရဲ့"
ကျွန်တော် မြင်ခွင့် သိခွင့် မရှိတော့ပြီ။အဖေပြောသည့် ရွာ ဆိုတာကြီးကရော ဘယ်နားမှာ ရှိသည်လဲ၊ ဒါကိုလည်း ကျွန်တော် မသိပါ။
ကျွန်တော်သိသည်ကတော့ နှုတ်ခမ်းနှစ်ခုကြားက ထွက်ကျလာသော"ရွှတ်ရွှတ် "ဆိုသည့်အသံတွေ။
ထိုသို့ခေါ်လျှင် ကျွန်တော် သွားရ၏။
၅။
"တူးတီး ဝမ်းကော် နံထော နှစ်ပွဲ"
အသံကိုမြှင့်၍ ခပ်ကျယ်ကျယ် အော်လိုက်သည်။ ကျယ်ကျယ်မအော်လျှင် ဆိုင်ရှင်အဒေါ်ကြီး မကြိုက်ပေ။တဆက်တည်းပင် စားပွဲနံပါတ်၅မှ မီးညှိခိုင်းသည့် စီးကရက်တစ်လိပ်ကို မီးညီအောင် ရှိုက်ဖွာလိုက်သည်။
"အဟွတ် အဟွတ်"
ဆေးလိပ်တစ်ခါမှ မဖွာဘူးသေး၍ လည်ချောင်းထဲမှာ စူးရှနေသည်။
"ဟဲ့ ဟိုအကောင် ငမိုး နင်မှာထားတဲ့ တူးတီး ဝမ်းကော် လာဆွဲလေ အလုပ်လုပ်တာကိုက လေးတိလေးကန်နဲ့ ကောင်းကောင်းလုပ် ပန်ကန်တွေ ကျကွဲလို့ကတော့ နာပြီသာမှတ်"
တစ်နေ့ကို ၄ခါလောက်အဆူခံ ရသဖြင့် နေရသည်မှာ မပျော်ပါ။တစ်ခါတလေတွင် ခေါင်းကို တဒေါက်ဒေါက် ခေါက်၏။စိတ်မထင်လျှင် မထင်သလို လူကွယ်ရာတွင် ရိုက်တတ်သေးသည်။ဆိုင်မှာ ကျွန်တော်နှင့်အတူ နောက်၁ယောက် ရှိသေးသည်။ဖိုးထောင်ဟု ခေါ်၏။ကျွန်တော့်ထက်တော့ အသက်ကြီးသည်။ သူ ဗိုက်မှာလည်း အညို အမည်းတွေ စွဲနေသည်မှာ မြင်၍ပင် မကောင်းတော့ပေ။
သူ့အမေက တစ်လလျှင်တစ်ခါ လာ၍ ဖိုးထောင် လစာကို ထုတ်လေ့ ရှိသည်။ည၁၀နာရီ ဆိုင်ပိတ်ပြီးလျှင် စားပွဲခုံတွေကို ပူးဆက်ပြီးတော့၂ယောက်အတူတူ အိပ်ကြရသည်။
ကျွန်တော်တို့ နှစ်ယောက်လုံး သည်ဆိုင်မှာ မနေချင်တော့ပါ။ အလုပ်လုပ်တာလည်း ၆လတောင် ကျော်လာခဲ့ပြီ။အမေကလည်း လာမခေါ်သေးပေ။ဘူတာအတွင်းသို့ ရထားတွေ ဝင်တိုင်း "အမေများ ပါလာမလား မသိဘူး"ဆိုသည့် အတွေးဖြင့် နေ့တိုင်း မျှော်နေခဲ့မိသည်။
"ဟေ့ကောင် ငမိုး ငါတို့ထွက်ပြေးရအောင်ကွာ မင်းမှာ ပိုက်ဆံ ဘယ်လောက်ရှိတုန်း"
ကျွန်တော့်မှာ ယခုလ ထုတ်ပေးထားသည့် လခ -၁၂၀၀ -ရှိပါသည်။အမေလာခေါ်သည့် အခါ ပိုက်ဆံ မလောက်လျှင် တခြားတစ်နေရာမှာ ထားခဲ့မည် စိုး၍ သေသေချာချာ သိမ်းထားခြင်းပင်။
"မင်း အမေကလည်း လာမခေါ်လောက်တော့ပါဘူးကွာ
မင်း သေချာစဉ်းစားကြည့်လေ အခုပဲ ကြာလှနေပြီ ဟာ"
ဖိုးထောင်စကားက ဟုတ်တော့ ဟုတ်သည်။ကျွန်တော် အမေသာ လာမခေါ်တော့လျှင် ကျွန်တော်က လိုက်ရှာရမည်။ အမေတို့ကို လိုက်ရှာသည့်အခါ ပိုက်ဆံတွေ အများကြီး လိုချင်လိုမှာ။သည်ဆိုင်မှာ ဆက်နေ၍တော့ ပိုက်ဆံများများ ရမည် မဟုတ်။ကျွန်တော်လည်း နေချင်စိတ် မရှိတော့ပါ။
ကျွန်တော်တို့နှစ်ယောက် အသံမမြည်အောင် ချွတ်နင်း၍ လမ်းမပေါ်ထွက်ခဲ့ကြသည်။ မလှမ်းမကမ်း ဘူတာရုံမှာမီးရောင် တလက်လက် မြင်နေရသည်။ကုန် ရထားတစ်စီးလည်း ထိုးဆိုက် ထားသဖြင့် ထွေထွေထူးထူး မစဉ်းစားတော့ပါ။ ကျောက်ခဲများ တင်ဆောင်လာသည့် ပက်လက်တွဲပေါ်သို့ တက်လိုက်ကြသည်။
သည်ရထားကြီး သွားမည့် အရပ်ကို ကျွန်တော် လုံးဝ မတွေးတတ်ပါ။ရထားကြီးကတော့ အမှောင်ထုထဲသို့ တိုးဝင်ကာပင် တငြိမ့်ငြိမ့် ခုတ်မောင်း စပြုပြီ...။
၆။
ဆူဆူညံညံ အသံများကြောင့် ဖျတ်ခနဲ လန့်၍ နိုးလာသည်။ဝန်းကျင်ကို ဝေ့ကြည့်မိတော့ ဖိုးထောင်ကို မတွေ့တော့ပေ။ဘူတာတစ်ခုခုမှာများ ဆင်း၍ ကျန်နေခဲ့လေသလား ။ဝေခွဲမရသည့် အတွေးတို့နှင့်အတူ အင်္ကျီအိတ်ကို စမ်းလိုက်မိသည်။ကျွန်တော့် ပိုက်ဆံလေးတွေ တစ်ပြားမှ မရှိတော့ပါ။
မျက်နှာမူရာ တူရှူအရပ်တွင် ရောင်နီပျို့စပြုလာပါပြီ။လေတွေကလည်း တဟူးဟူး တိုက်၏။ ပက်လက်တွဲကြီးပေါ်မှာ ကျွန်တော် တစ်ယောက်တည်း ဝမ်းနည်းစွာ ငိုနေမိသည်။
နေရောင် ရင့်ရင့် မြင့်စအချိန်မှာ ရထားကြီးက ဘူတာတစ်ခုအတွင်းသို့ ဝင်နေပြီ။လူတွေလည်း များပြားလွန်း၏။ကျွန်တော် ဆင်းလိုက်ပါသည်။
ပျားပန်းခတ် နေသည့် စင်္ကြန်ပေါ်မှာ ဟိုသည် ငေးရင်း ဆိုင်းဘုတ်တွေကို ရှာ၍ ဖတ်သည်။ကျွန်တော် ရန်ကုန်သို့ ရောက်နေမှန်း သိလိုက်ရပါသည်။အပြင်သို့ ထွက်၍ ကားလမ်းအတိုင်း လျှောက်ခဲ့လိုက်သည်။ဦးတည်ရာ အရပ် မရှိသဖြင့် မောသည့်အခါ ထိုင်၍ နားသည်။အမောပြေလျှင် ဆက်လျှောက်လိုက်သည်။မိုးးချုပ်စ ပြုချိန်မှာတော့ ဂုံးကျော်တံတား တစ်ခု၏ အောက်သို့ ရောက်သွားပါသည်။ကျွန်တော် ဆက်မလျှောက်နိုင်တော့ပါ။လူတချို့လည်း အိပ်နေကြသဖြင့် လွတ်ရာ ထောင့်လေးတွင် လှဲကာ ခွေခွေလေး ဝင်အိပ်လိုက်ပါသည်။
၇။
မိုးလင်းစလောက်ပင် ရှိဦးမည်။ကားသံ၊ရထားသံများကို ဆူညံစွာ ကြားနေရသည်။မျက်စိတို့ မဖွင့်နိုင်လောက်အောင် ခေါင်းတစ်ခုလုံး အုံခဲနေ၏။ တစ်ကိုယ်လုံး ကိုင်ရိုက်ခံထား ရသလို နာကျင်မှုနှင့် အတူ ဝမ်းဗိုက်အတွင်းကလည်း တကျုတ်ကျုတ်ဖြင့် ဆာလောင်နေသည်။အားတင်း၍ ထလိုက်ပါသည်။မလှမ်းမကမ်းတွင် ရွယ်တူကလေး တချို့က ကျွန်တော့်ကို အကဲခတ်သလို ကြည့်နေကြသည်။ သူတို့ အမူအယာမှာ ကြည်ဖြူဖော်ရွေဟန် မရှိ။
"ဟေ့ကောင် မင်းက ဘယ်ကလဲ"
အနည်းငယ် ဗလတောင့်တောင့်နှင့်တစ်ယောက်က ခပ်မာမာ မေးလာ၏။ကျွန်တော် ဘယ်က စပြောရမည်မှန်း စဉ်းစား၍ မရပါ။ထို့ကြောင့် ကြောင်ပြီးတော့ ကြည့်နေမိသည်။
"ဟာ ဒီကောင် ပမာမခန့်နဲ့ ဟေ့ကောင်တွေ တွယ်ကွာ"
ပြောပြောဆိုဆိုနှင့်ပင်ကျွန်တော့်ကို ကန်သည်။
ထို့အတူပင် အနီးမှ ကလေးများလည်း ပြေး လာနေသည်။မျက်နှာပေါ်သို့ လက်သီးချက်များ အဆက်မပြတ် ဝင်လာပါသည်။မနေ့က တစ်နေကုန် အစာမစားရသဖြင့် ကျွန်တော် ခွန်အားမဲ့နေသည့် အပြင် ယခုလို ဝိုင်းထိုးကြသဖြင့် မခံနိုင်တော့သည့် အဆုံး အားတင်း၍ ထွက်ပြေးမိသည်။
နံနက်ခင်း ဆိုသော်လည်း ရန်ကုန်သည် ပူပြင်းလွန်းလှသည်။ကျွန်တော်ကတော့ ပြေးနေဆဲပင် ။ပြေးရင်းလည်း တွေးနေမိသည်။
"သူတို့ ဘာကြောင့် အခုလို လုပ်တာလဲ"
တိတိကျကျ ကျွန်တော် မသိပါ။
ကျွန်တော်သိသည်ကတော့ လိုင်းကားတစ်စီးပေါ် တက်လိုက်မိခြင်းပင်။
၈။
"ဘာကွ ကားခမပါပဲ တက်စီးရအောင် ဒါ မင်းအမေလင် မဟုတ်ဘူးကွ ဆင်း ဆင်းဟေ့ကောင်"
ကန်မချရုံတမယ် ဆွဲချ လိုက်သဖြင့် ကျွန်တော် အောက်သို့ ရောက်သွားပါသည်။ လမ်းမပေါ် ခြေချ မိသည်နှင့်တပြိုင်တည်း ထိတ်ခနဲ ဝမ်းသာ သွားသည်။အဘယ့်ကြောင့်ဆိုသော် မလှမ်းမကမ်းမှာ ရွှေတိဂုံစေတီတော်ကြီးအား မြင်လိုက်ရ၍ ဖြစ်ပါသည်။ရွှေတိဂုံဘုရားနားက ဘုန်းကြီးကျောင်း တစ်ကျောင်းသို့ ကျွန်တော်ငယ်ငယ်က ၂ခေါက် ရောက်ဖူးသည်။ထိုကျောင်းတိုက်သို့ လာတိုင်း မုန့်တွေ ချကျွေးတတ်သည့် ဥူးဇင်းတစ်ပါးကိုလည်း ကျွန်တော် မှတ်မိသည်။
"နင့်အဖေရဲ့ ငယ်သူငယ်ချင်း"ဟုတော့ အမေတစ်ခါက ပြောဖူးသည်။အားကိုးရာ မမဲ့တော့ဘူး ဆိုသည့် အတွေးကြောင့် အားတင်း၍ ဆက်လျှောက်လိုက်သည်။ဘုရားခြေရင်း အနီး ဝန်းကျင်မှာ သေသေချာချာ ရှာကြည့်၏။ကျောင်းမုဒ်ဦးကို မြင်သည်နှင့်ပင် ကျွန်တော် မှတ်မိသွား ပါသည်။
တိတ်ဆိတ်နေသည့် ကျောင်းဝင်း အတွင်းသို့ ခပ်ရဲရဲ ဝင်လိုက်ချိန်မှာ ခွေးတွေ အများကြီး မြင်လိုက်ရသည်။ကျွန်တော် ဆက် မသွားရဲတော့ပါ။ပတ်ဝန်းကျင်ကို ဝေ့ကြည့်တော့လည်း လူရိပ်လူယောင် မတွေ့မိသေး။ဗာဒံပင်လေး တစ်ပင်အောက်မှာတော့ ကွပ်ပျစ်လေး တစ်ခုရှိနေပါသည်။
တစ်ကိုယ်လုံး နုန်းချိနာကျင်နေသလို ဝမ်းဗိုက်အတွင်းကလည်း တကျုတ်ကျုတ် ဆာလောင်နေသည့် အရှိန်ကြောင့် လှဲ၍ အိပ်ချလိုက်မိ၏။အိပ်မက်ထဲမှာ မိုးတွေ ရွာနေပါသည်။အမေက ညီမလေးနှင့်အတူ ကျွန်တော့်ကို လိုက်ရှာနေသတဲ့။ကျွန်တော်က အမေ့ကိုမြင်နေပေမဲ့ အမေကတော့ ကျွန်တော့်ကို မတွေ့ပါ။
"အမေ့ ...သားဒီမှာ""ကျွန်...တော်...ဒီ...မှာ ...အမေရဲ့" အသံကုန် အော်၍ ခေါ်နေမိသည်။အမေကတော့ မကြားပေ။
"နောင် ဝေ ဝေ ဝေ ဝေ"
"ဝု အူ ဝု အူး ဝု"
ကြေးစည်ထုသံနှင့်အတူ ခွေးအူသံများကြောင့် လန့်ပြီးနိုးလာ ခဲ့ပါသည်။ဆက်ခနဲ ထ၍ထိုင်ကာ အသံလာရာသို့ ကြည့်လိုက်မိသည်။ ဦးလေးကြီးတစ်ယောက်ကို တွေ့လိုက်ရ၏။သူ့ လက်ထဲမှာလည်း ဇလုံကြီးတစ်ခု။ ထမင်းနှင့်ဟင်းများကို အားရပါးရနယ်ကာ ခွေးစာခွက်တွေထဲသို့ ထည့်ပေးနေသည်။ ငေး၍ကြည့်နေချိန်မှာပင် ကျွန်တော့်ကို သူလည်း တွေ့သွားပါသည်။ဘာမျှတော့ မပြောပေ။
ကျွန်တော် မတ်တပ် ထရပ်လိုက်၏။အစာမစားရတာ ၂ရက်ရှိပြီ။ ရင်ထဲမှာ တလှပ်လှပ် တုန်နေမိသည်။
စိတ်ကို တစ်ချက်တင်းပြီး ဆုံးဖြတ်ချက်ကို ချလိုက်ပါသည်။ ဦးလေးကြီးအနားသို့ မရဲတရဲ တိုးသွားမိသည်။ထို့နောက် ညစ်ပေနေသည့် လက်ဖဝါးနှစ်ဖက်ကို ဇလုံရှေ့မှာ ဖြန့်လိုက်မိပါသည်။
"ဘဘ ကျွန်တော့်ကို ထမင်းလေး နည်းနည်းလောက် ကျွေးပါ ခင်ဗျာ"
ကျွန်တော့် အသံကြောင့် စူးစမ်းသလို ပြန်ကြည့်လာသည်။တော်တော်လေးကြာသည်အထိ တုံ့ပြန်လာခြင်းမရှိပေ။
ကျွန်တော့် စိတ်ထဲမှာ ကြောက်လာမိ၍ နောက်ကို တရွေ့ရွေ့ ဆုတ်လိုက် မိသည်။ကျွန်တော့်ကို ရိုက်မှာ ကြောက်သည့်စိတ်ကြောင့် တုန်တုန်ယင်ယင်ဖြင့်ပင် ထွက်ပြေးရန် ကြိုးစားမိပြန်သည်။
သို့သော် ကျွန်တော် ထင်သလို မဟုတ်။ ခပ်ဖွဖွ ပြုံးပြပြီးနောက်...
"လာ ဘဘနောက်ကို လိုက်ခဲ့ ဒါက ခွေးစာတွေကွ လူလေးရ"
ထမင်းချက်သည့်အဆောင်ထဲသို့ ကျွန်တော့်ကို ခေါ်သွားခဲ့ပါသည်။ ထမင်းနှင့်ဟင်းများ ပုံကျွေးလာချိန်မှာ ကျွန်တော်များများ မစားနိုင်ပါ။တောင်းစားရသောအဖြစ်ကို ပြန်တွေးမိ၍ ဝမ်းနည်းစိတ်က လှိုက်တက်လာသည်။ဦးလေးကြီးက ကျွန်တော့်ကို ကြည့်ကာ မေးခွန်းများ မေးလာပါသည်။
ကျွန်တော့် အကြောင်း အပြည့်အစုံကို ဝမ်းပန်းတနည်း ပြောပြမိသည်။ကျွန်တော်တွေ့ချင်သည့် ဥူးဇင်း၏ ပုံသဏ္ဍာန်ကို ပြောပြလိုက်တော့ ..
"ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုတဲ့ စကားပုံဟာ တယ်မှန်ပါ့လားကွယ် လူလေးပြောတဲ့ပုံစံအရတော့ ဥူးဇင်းသုမနပဲကွ ဒါပေမဲ့ ဒီကျောင်းမှာ မရှိတော့ဘူးကွ အညာဘက်ကို စာချဖို့ အပြီး ကြွသွားပြီ ဘယ်မြို့ရယ်လို့တော့ ဘဘလည်း အတိအကျမသိဘူး"
တဆက်တည်းပင် ကျွန်တော့် ပုခုံးကို ပုတ်ကာ...
"မပူပါနဲ့ကွာ ဆရာတော်ကြီးကို ဘဘ လျှောက်ပေးပါ့မယ် ခုလိုတော့ လမ်းပေါ်မှာ လျှောက်သွားနေလို့ ဘယ်ဖြစ်မလဲ မင်းပုံစံက ရည်ရည်မွန်မွန်လေး ဆိုတော့ ဆရာတော်ကလည်း လက်ခံမှာပါ "
၉။
"တုံ တုံ တုံ တုံ"
တုံးမောင်းခေါက်သံ ကြားသည်နှင့်ပင် ကျွန်တော် အိပ်ယာမှ ထပါသည်။ဘဘက မီးမွှေး၍ရေနွေးအိုး ကျိုနေချိန်တွင် ကျွန်တော်က ကျောင်းဝင်းအတွင်းမှ အမှိုက်များကို လှဲကာ
ကုဋီများကို ပြောင်အောင် ဆေးသည်။သံဃာတော်များအား အရုဏ်ဆွမ်း ကပ်ရန် ဘဘနှင့်အတူ ကူလုပ်ပေး၏။
သည်လိုနှင့်ပင် နေ့ရက်တို့က ကျွန်တော့်ကို တိုက်စား သွားပါသည်။နွေရက်များမှသည် မိုးကာလသို့ ရောက်လာ၏။ဆွမ်းချိုင့် သွား၍ယူတိုင်း အဖြူအစိမ်းဝတ် ရွယ်တူ တချို့ကို မကြာခဏ မြင်နေရသည်။ကျောင်းတွေ ပြန်ဖွင့် ပြန်ပြီပေါ့။
တစ်ရက်တွင် ဆရာတော်ကြီး၏ စာကြည့်ခန်းအား သန့်ရှင်းရေး လုပ်ပြီးသည့်နောက် ဓမ္မစာစောင် တစ်အုပ်ကို ဖတ်နေမိသည်။ဆရာတော်ကြီး မြင်သွားသဖြင့် နောက်ရက်တွင် မိန့်လာပါသည်။
"ဟေ့ မောင်မိုး သင်္ကန်းမစီးချင်ဘူးလားကွ သာသနာ့ ဝန်ထမ်းရင်း စာသင်ပေါ့ကွယ်"
မငြင်းပယ် ဝံ့သော်လည်း ကျွန်တော် ငြင်းဆန်ခဲ့ပါသည်။
"တင်ပါ့ ဘုရား တပည့်တော်ရဲ့ အဖေ အမေနဲ့ ညီမလေးကို တနေ့နေ့မှာ ပြန်ရှာချင်ပါသေးတယ် ဘုရား
ဒါကြောင့် တပည့်တော် အရွယ်ရောက်လာတဲ့အခါကျရင် ပိုက်ဆံတွေ အများကြီး ရှာဖို့ပဲ ဆန္ဒပြင်းနေမိပါတယ် ဘုရား"
စကားဆုံးတော့ ဆရာတော်ကြီးက ကရုဏာသက်စွာ ပြုံးပါသည်။ဘာမျှတော့ ထပ်မမိန့်တော့ပေ။နောက်တစ်ရက်မှာတော့ ဘဘက ပြောလာ၏။
"လူလေးကို မနက်ဖြန်ကျရင် ကျောင်းလိုက်အပ်ပေးဖို့ ဆရာတော်ကြီးက မိန့်လိုက်တယ် ကြိုးစားကွာ လူလေးနော"
ပျော်လိုက်သည်မှာ ပြောဖွယ်ရာ မရှိပေ။အတန်းဖော်များကြားတွင် လူကောင်ကြီး ထွားနေသော်လည်း ကျွန်တော် ရှက်ရွံ့နေ၍ မဖြစ်ပါ။နေ့လယ်ပိုင်းတွင် ကျောင်းစာကို ကြိုးစားသင်၍ ညဘက်များမှာတော့ ဆရာတော်ကြီးကို ကိုယ်လက် ဆုတ်နယ် ဝတ်ဖြည့်ပေးရင်း နှစ်ကာလများကို ဖြတ်သန်းခဲ့သည်။
စကားပြောဖော် အပေါင်းအသင်း မရှိသဖြင့် ကျောင်းပြင်ပ စာအုပ်များကို အားလပ်ချိန်တိုင်းမှာ ဖတ်ဖြစ်လာသည်။
" အေး ကောင်းတယ် ကောင်းတယ် စာများများဖတ်ကွ ...ဘဝရဲ့အဆစ်အချိုးတွေမှာ လိုက်လျောညီထွေ နေထိုင်တတ်ဖို့ အတွက် စာပေကသာ အထောက်အပံ့ ပေးနိုင်တယ် မောင်မိုးရဲ့ အမြင်ကန်းခဲ့ရင်တောင် ညဏ်ကန်းသူတစ်ယောက် မဖြစ်ဖို့ ကိုယ်တိုင် ထိန်းကျောင်း နိုင်ရမယ် ကြားလား မောင်မိုး"
ဟိုအရင် ငယ်စဉ်က ဆိုပါလျှင်တော့ ဆရာတော့်စကားကို နားလည်နိုင်မည် မထင်ပါ။ယခုတော့ ကျွန်တော် အရွယ်ရောက်ပါပြီ။စကားလုံးတိုင်းကို နားလည်ပြီ။
သည်လိုနှင့်ပင် ကျွန်တော့်အသက် ၂၀ပြည့်လာ၏။ထို နှစ်တွင်ပင် ဆယ်တန်းအောင်မြင်ခဲ့ပါသည်။
ကျောင်းဆက် မတက်တော့ဘဲ ဝင်ငွေရသည့် အလုပ်တစ်ခုကို လုပ်ကာ အဖေ၊ အမေနှင့် ညီမလေးတို့ကို ရှာဖွေချင်ကြောင်း ဆရာတော့်ကို ခွင့်ပန်ထားလိုက်သည်။
၁၀။
"လူလေးရေ ဆရာတော်ကြီးက မင်းကို ခေါ်နေတယ်ဟေ့ ကျောင်းပေါ် သွားလိုက်ဦး"
ကျွန်တော် ကျောင်းပေါ်သို့ အတက်တွင် စကားလုံး တချို့ကို ကြားနေရသည်။
"တပည့်တော်ကလည်း မြန်မာပြည်ကို ပြန်မလာဖြစ်တာ ၅နှစ်လောက် ကြာသွားလို့ မရောက်ဖြစ်တော့တာပါ ဘုရား အရှင်ဘုရား လိုအပ်တာများ ရှိရင်လည်း အားမနာတမ်း မိန့်ပါဘုရား"
အမျိုးသားကြီး တစ်ယောက်၏ စကားပြောသံနှင့် တဆက်တည်းပင်..
"ဥူးဇင်းအဖို့ ကတော့ ပြည့်စုံပါတယ် ဒကာကြီးရေ အဲ မွေးစားသား အတွက်တော့ စိတ်မအေးရသေးဘူး ဆိုရမှာပဲ"
စကားအဆုံးမှာပင် ကျွန်တော်လည်း ကျောင်းပေါ်ကိုရောက်သွား သဖြင့် ဆရာတော်က လှမ်း၍ခေါ်ကာ မိတ်ဆက်ပေးပါသည်။ထို့နောက် ကျွန်တော့် အကြောင်း အပြည့်အစုံကို ကရုဏာသက်စွာ ပြောပြနေသည်။
"အန်ကယ့်နာမည်က ဦးမောင်မောင်ဆွေတဲ့ စင်္ကာပူမှာ နေတယ်ကွ အန်ကယ့် အလုပ်ကတော့ သင်္ဘော ကုမ္ပဏီ တစ်ခုရဲ့ ကိုယ်စားလှယ် ဆိုပါတော့ကွာ"
ဘဝဆိုသည်မှာ ထင်မှတ်မထားသော အချိုးအကွေ့ အပြောင်းအလဲများ ရုတ်တရက် ဖြစ်ပေါ်လာလေ့ ရှိတတ်သော အရာဟု အံ့သြစွာ လက်ခံရပါတော့မည်။ အန်ကယ် ဦးမောင်မောင်ဆွေသည် သိန်းပေါင်းများစွာ စိုက်ထုတ် အကုန်အကျခံ၍ လိုအပ်သည့် သင်တန်းတွေ တက်ခိုင်းခဲ့သည်။အဆက်အသွယ် လက်တံရှည်သူတစ်ယောက် ဖြစ်နေ၍လည်း စာရွက်စာတမ်းများလုပ်ရသည်မှာ အခက်အခဲဟူ၍ မရှိခဲ့ပါ။ အချက်အလက်များ စုံလင်သည်နှင့် ကျွန်တော့်ကို စင်္ကာပူသို့ခေါ်၏။ထို့နောက် သင်္ဘောပေါ်သို့ တင်ပေးခဲ့သည်။ ဘဝသည် တစ်ဆစ်ချိုးစ ပြု၍ မျှော်လင့်ချက်တို့ အရောင်လက်လာပါသည်။ သင်္ဘောပေါ်သို့ မတက်ခင် အန်ကယ်ဆွေ့ကို ဦးချ၍ ကန်တော့လိုက်၏။ကြည်နူးစွာ ပြုံးကြည့်ပြီးလျှင် စကားတစ်ခွန်း ဆိုလာပါသည်။
"လောကမှာ ဘယ်သူက ဘယ်လောက်ထိအောင် ကူညီပါစေ ကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှု နည်းရင်တော့ အချည်းနှီးပဲ ဖြစ်တတ်တယ်.. အန်ကယ်ပြောတာကို နားလည်ရဲ့လား သား"
ကျွန်တော်ခေါင်းညိတ်ပြကာ"အစွမ်းကုန် ကြိုးစားပါ့မယ်"ဟု ကတိပေး၍ သင်္ဘောပေါ်သို့ တက်ခဲ့ လိုက်ပါသည်။
၁၁။
"ညီလေး ခါးပတ် ပတ်ထားတော့လေ ကွင်း ဆင်းဖို့ ကြေငြာနေပြီ"
နံဘေးက သတိပေးမှပင် ဝန်းကျင်ကို ဂရု ပြုမိသည်။တပြန့်တပြော လယ်ကွင်းပြင် များနှင့်အတူ မြို့ပြ၏ အရိပ်ကို မြင်စမှာပင် ကွင်းအတွင်းသို့ ဆင်းသက် နေသည်။အမိမြေ ဆိုသည့် အသိကြောင့် နှလုံးသားမှာ နွေးထွေး လာ၏။ထိုမြေ၏ တစ်နေရာရာတွင် ကျွန်တော့်မိသားစုလေး ရှိနေပါသည်။
လေဆိပ် အပြင်သို့ ထွက်ရန် ခန်းမအတွင်းသို့ လှမ်းဝင်လိုက်၏။ခရီးသည်များအား လာရောက် ကြိုဆိုနေကြသည့် မိသားစုဝင် တချို့ကို မြင်ရပြန်တော့ အဖေ၊အမေနှင့်ညီမလေး တို့ကို သတိရ မိသည်။
အမေ...မိုးရေစက်တွေ အောက်ကို နာကျင်စွာ တိုးဝင်သွားခဲ့သည့် အမေ။
"အမေ့ မျက်ဝန်းတွေကို သားနားလည်ခဲ့တဲ့ အကြောင်း အမေ သိအောင် သား ပြောပြခွင့် ရချင်ပါသေးတယ် အမေရယ်"
ညီမလေး...ကျွန်တော့်ကို ချစ်ခင်အားကိုး ရှာသည့် ညီမလေး ..ဟော့ဒီ နှစ်ကာလတွေထဲမှာ ဘဝကို နွမ်းပါးစွာ ဖြတ်သန်းပြီး သိမ်ငယ်နေရ ရှာလေမလား။
"ညီမလေး ရေ ဒီတစ်ခါ ပြန်ဆုံတဲ့အခါ ငယ်ငယ်တုန်းကလို လက်ကလေး မပြရတော့ပါဘူး ညီမလေးရယ်"
အဖေ..ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားနေရသည့် အဖေ။ ချောင်းတွေ တဟွတ်ဟွတ် ဆိုးပြီး မချိတင်ကဲ ဖြစ်နေရှာခဲ့သည့်အဖေ။ အခုချိန်လောက်ဆို အဖေတစ်ယောက် ရှိမှ ရှိပါဦးလေမလား။
"ကျွန်တော်အခု ပိုက်ဆံတွေရှာနိုင်ပြီ အဖေရဲ့..အရင်လို ရေခဲချောင်းပုံးကြီး မနိုင့်တနိုင် ထမ်းစရာ မလိုတော့ဘူးဗျ အဖေ့ကိုလေ အကောင်းဆုံးဆိုတဲ့ ဆေးတွေနဲ့ ကုပေးနိုင်ပြီဗျ သိလား"
ဝေ့ဝဲလာသည့် မျက်ရည်စတို့ကို လူမမြင်အောင် ခိုး၍သုတ်ကာ ခြေလှမ်းတို့ကို ဆက်လျှောက်ဖြစ်သည်။စိတ်အတွင်းမှာတော့ မတွေ့ တွေ့အောင် ရှာရန် ဆုံးဖြတ်လိုက်၏။
နောက်ဆုံး မြင်တွေ့ခဲ့ရသည့် သာစည်မြို့လေးဆီသို့ အရင်ဆုံး သွား၍ စုံစမ်းမည်။
ထိုမှ တဆင့် တစ်မြို့ပြီးလျှင် နောက်တစ်မြို့ ...
တစ်ရွာပြီးလျှင် နောက်တစ်ရွာ ဆက်စပ်မိသမျှ ရှာဖွေပါမည်။
ကံကြမ္မာသည် ကျွန်တော့်ဘက်တွင် မည်မျှရှိမည် လဲ။
ထို့အတူပင်...
ခရီးမိုင်တို့ကကော မည်မျှဝေးကွာ ဦးမည် ဆို သည် ကိုမူ ...။
နွေမိုးဝေ။
No comments:
Post a Comment