#အာဝါဟသဘင်
❇❇❇❇❇❇
သုမောင်
အခန်း (၁)
ကျွန်တော်သည် သီချင်းဆိုကောင်းသူတယောက် ဖြစ်ပါသည်။
ကိုယ်ရည်သွေးသည်ဟု မည်သူ ပြောမည်နည်း။
ကျွန်တော့် ဆရာ့ဆရာ ဂီတပညာရှင်များမှ အစ (မြန်မာအသံ) ကြိုက်သော၊ သို့မဟုတ် ဂီတသီချင်း မှန်သမျှကို အရသာ ခံတတ်သော ပရိသတ်များကပါ အသိသက်သေ ဖြစ်နေကြသောကြောင့် ...။
ပြီးတော့ ...
မြန်မာ့အသံ အပါအဝင် တေးဂီတ ထုတ်လုပ်ရေးများက အသုံးချနေကြသည် မဟုတ်ပါလား။
ထားပါ။
ဘာပဲဖြစ်ဖြစ် ကျွန်တော်သည် အဆိုတော်တယောက် ဖြစ်သည်ကိုကား ကျွန်တော့် ဘာသာပင် တာဝန် ယူရဲပါကြောင်း။
* * *
ထို့ကြောင့် ကျွန်တော် သီချင်း ဆိုပါသည်။
"သားသားရေ အိပ်ပါဗျို့ ... အိပ်ပါဗျို့ ..." ဟု သားကို ချော့သိပ်သည်မှ အစ ကိုယ့်ဘာသာကိုယ် သီချင်းညည်းသည် အလယ် ရေဒီယို တိပ်ခွေများမှ၊ တိပ်ခွေများမှ၊ တယ်လီဗီးရှင်းမှ၊ ရုပ်ရှင်မှ၊ အို ... စတိတ်ရှိုး၊ မင်္ဂလာဆောင်၊ အလှူအဆုံး သီချင်း ဆိုနေတတ်သူ ဖြစ်ပါ သည်။
ဤသို့ နေရာတကာ ပေတရာ လျှောက်ကာ ဆိုနေသောကြောင့် ကျွန်တော့်တွင် အပြစ်ရှိသည်ဟု ကျွန်တော့် အနေနှင့်ကား မထင်မှတ် ခဲ့ပါ။
အကယ်၍သာ ကျွန်တော်သည် နွားကျောင်းသား၊ ကျွဲကျောင်းသား ဖြစ်ဘိမူ ပလွေတို တချောင်းဖြင့် ကန်သင်းရိုး တလျှောက် သီချင်း ကျူနေလိမ့်မည် မဟုတ်ပါလား။
သီချင်း အဆိုတော်သည် သီချင်း ဆိုရမည်ပင်။
* * *
မည်သို့ပင် ရှိပါစေ။
ကျွန်တော်၏ အဆိုတော် သက်တမ်း တလျှောက်တွင် ကျွန်တော့်အဖို့ အလွန် ထူးခြားဆန်းကြယ်ပြီး အလွန် သိမ်မွေ့ နက်နဲသော အကြောင်းတရပ် ကြုံဆုံခဲ့ရ ဖူးပါသည်။ ထိုအကြောင်း တရပ်သည်ပင် ကျွန်တော် ယခု ပြောပြလိုသော အခြေခံ အချက်ပင် ဖြစ်ပါတော့ သည်။
ယင်းအကြောင်းရပ် သို့မဟုတ် ထို အဖြစ်အပျက်မှာ အောက်ပါအတိုင်း ဖြစ်ပါ၏။
တနေ့တွင် ကျွန်တော်သည် ကျွန်တော်၏ ဇနီးသည်နှင့် ပတ်သက်သော မိတ်ဆွေ မင်္ဂလာ ဧည့်ခံပွဲ တခုသို့ သီချင်းသီဆို လက်ဖွဲ့ရန် သွားရောက်ခဲ့ရ ပါသည်။
ထုံးစံအတိုင်း ကျွန်တော် ရောက်ခဲ့ရသော အခြား မင်္ဂလာ ဧည့်ခံပွဲများကဲ့သို့ မင်္ဂလာရှိသည့် သီချင်းများ တပုဒ်စ နှစ်ပုဒ်စ ဆိုမလို့ သီဆိုပေးရရုံမျိုး မဟုတ်ခဲ့ပါ။
အခါတော် ပေးရန် တဲ့။
'အခါတော်ပေး' ဆိုသည်မှာ သတို့သမီး သတို့သားတို့ မင်္ဂလာအချိန် ကျရောက်ပြီမို့ မင်္ဂလာ ဧည့်ခံခန်းမသို့ ကြွရောက်တော်မူလာ ကြသောအခါ သူတို့စုံတွဲ ခြေတလှမ်း ကုဋေတသန်းနှုန်းဖြင့် လျှောက်လာကြသောအခါ စည်းချက်ဝါးချက်နှင့် လိုက်ဖက်ညီစွာ ငြိမ့်ငြောင်း သာယာသော 'ဇေယျတု' အစချီ ပွဲထုတ်သီချင်းခန့်ကို သီဆိုပေးရခြင်း ဖြစ်ပါသည်။
ကျွန်တော် သီဆိုနေစဉ် စောင်းတူရိယာဖြင့် ဂီတသံသာ ကျူးရင့်ပေးသူကတော့ အလင်္ကာကျော်စွာ ဆရာကြီး စောင်းဦးဘသန်း ဖြစ်ပါသည်။
ဆရာကြီးနှင့် ကျွန်တော်သည် တွဲဖက်ညီသည်ဟု ဆရာကြီးရော ကျွန်တော်ပါ သဘောတူထား ကြပါသည်။ တယောက်နှင့် တယောက် အပေးအယူ လုပ်၍ ရတတ်ပါသည်။ ဆရာကြီး၏ လက်ကွက် ကစားတတ်ပုံများကို ကျွန်တော်သည် အလွတ်နီးပါး နားယဉ်ထားပြီး ဖြစ်သလို ကျွန်တော်၏ ဆိုပေါက်ဆိုဟန်ကိုလည်း ဆရာကြီးက အကြော သိထားပါသည်။
သို့သော် အခါတော်ပေး ပွဲထုတ်ခြင်း ကိစ္စမျိုးတွင်ကား ကျွန်တော်ရော ဆရာကြီးပါ အလွန် သတိထား ကြရပါသည်။ မိမိတို့ဘက်က မည်မျှပင် အကွက်စေ့စေ့ အချက်ကျကျ ရှိစေကာမူ ကာယကံရှင် သတို့သမီးနှင့် သတို့သားတို့နှင့်လည်း အံဝင်ခွင်ကျ ဖြစ်ပါမှ တော်ပါသည်။
အကြောင်းမှာ သတို့သမီးနှင့် သတို့သား ဧည့်ခံခန်းမ အဝင်အဝမှသည် ဧည့်ခံ စင်မြင့်ပေါ်သို့ ရောက်သည်အထိ ညင်သာတိုးတိတ် လျှောက်လှမ်းကြရာ၌ ကျွန်တော်တို့ သီဆို တီးခတ်ပေးသော မင်္ဂလာ အခါတော်ပေး တေးသံသာနှင့် ကွက်တိကျဖို့ အရေးကြီးပါသည်။
သူတို့ စုံတွဲ၏ လှမ်းလျှောက်ချိန် အနှေး အမြန်ပေါ်တွင် မူတည် နေပါသည်။ သူတို့ သိပ် နှေးကွေးနေလျှင် သီချင်းက အလျင်ဆုံး ပြီးနေတတ်ပြီး သူတို့ သိပ် မြန်နေလျှင် သီချင်းက သူတို့ စင်မြင့်ပေါ် နေရာယူသည်အထိ မပြီးဆုံးပဲ ဖြစ်နေတတ်သည်။
ထိုအခါမျိုးတွင် သီချင်းကို အခေါက်ခေါက် ထပ်ဆိုနေရတာမျိုး၊ သီချင်း မဆုံးခင် အလျဉ်းသင့်သလို ဖြတ်ပစ်ရတာမျိုး လုပ်ပေးရပါသည်။ ဘာမှတော့ မဖြစ်စလောက်ပါ။ သို့သော် မင်္ဂလာ ယူနေသော အခါသမယမို့ မသေမသပ် ဖြစ်သွားရသည်မှာ နည်းနည်းတော့ သရုပ်ပျက်တာပေါ့။
မှတ်မှတ်ရရ ဆရာကြီးနှင့်ပင် တွဲဖက်၍ အခါတော် ပေးရသော ပွဲတပွဲ။ အခြားလူလဲ မဟုတ်။ ကျွန်တော့် ဇနီးသည်၏ အစ်မအရင်း မင်္ဂလာဆောင်။
ဘာပဲဖြစ်ဖြစ် ကျွန်တော့်မှာ ပို၍ တာဝန် ကြီးပါသည်။
ကိုယ့်အမျိုး မင်္ဂလာဆောင် ဆိုတော့ ပိုပြီး သေသေသပ်သပ် ဖြစ်စေချင်သည်။ သူတို့စုံတွဲကို အိမ်မှာပင်လျှင် ကြိုတင်၍ ... "ဟောသလို လျှောက်၊ ဟောသလို နှုန်းနဲ့ လျှောက်" ဆိုပြီး အကျအန သင်ပေးထားခဲ့သည်။
ဟာဗျာ ...၊ ဟိုရောက်တော့ ခိုးရာ လိုက်ပြေးသလား ကျနေတာပဲ၊ သွက်လိုက်တဲ့ ခြေလှမ်းတွေ။ သီချင်းတဝက် မကျိုးခင် စင်မြင့်ပေါ် ရောက်ကုန်ကြ တော့သည်။
သည်တော့ အဓိပ္ပါယ် မရှိသော်လည်း တယောက်တည်း ကျိတ်၍ ရယ်ရသော ဟာသတခုကို ကိုယ့်ဘာသာကိုယ် ပြန်၍ပင် ပြောဆို ဆုံးမလိုက်မိပါသည်။
"ဪ ...၊ တခါမှ မင်္ဂလာ မဆောင်ဖူးတော့လဲ ဒီအတိုင်းပဲပေါ့လေ" ဟု။
* * *
စောစောက ပြောသော ကျွန်တော့် ဇနီးသည်၏ မိတ်ဆွေ မင်္ဂလာဆောင်တွင်ကား ဤကဲ့သို့ ဖြစ်ပျက်ခြင်း မဟုတ်။ သတို့သား သတို့သမီးတို့မှာ ပွဲမဝင်ခင် အပြင်မှာ အသေအချာ လေ့ကျင့်ထားဟန် တူသည်။ ကျွန်တော်တို့၏ အဆို အတီးနှင့် သူတို့စုံတွဲ လျှောက်လှမ်းလာပုံမှာလည်း ကွက်တိ ခွင်ကျ ရှိလှသည်။
သတို့သမီးနှင့် သတို့သားတို့၏ မျက်နှာများမှာ စိုးရိမ်ထိန်လန့်မှုလည်း မရှိ။ ရှက်ရွံ့ခြင်းလည်း မဖြစ်။ ငါတော့ မိန်းမ ရပြီ၊ ငါတော့ ယောက်ျား ရပြီဟု ဂုဏ်ယူဝံ့ကြွားခြင်းလည်း မပြ။
မိမိတို့ မောင်နှံအား ဘဝကြင်ဖော် အဖြစ် လူကြီးသူမ မိတ်သင်္ဂဟများ အပေါင်းက အသိအမှတ် ပြုပေးကြပါကုန်ဟု ရိုးသားစွာ အစစ်အဆေး ခံနေပုံ ရလေသည်။
ကျွန်တော့် မျက်စိထဲ ပို၍ ခံတွင်း တွေ့ရသည်မှာ သတို့သား၏ မိဘနှစ်ပါး ဖြစ်ပါသည်။ လူကြီး နှစ်ယောက်သည် ပီဘိ တောသူ တောင်သား ရုပ်ရည် ရှိနေကြပြီး မိမိတို့ သားကြီးအတွက် ဂုဏ်ယူမဆုံး ရှိနေပုံရသည်။
ကြွရောက် လာကြကုန်သော ဧည့်ပရိသတ် အများစုမှာလည်း ပြိုးပြိုးပြက်ပြက် ကြောင်ကြောင်ကျားကျား ဝတ်ဆင်ထားကြသော တောသူတောင်သားများသာ ဖြစ်ကြလေ၏။
ရန်ကုန်မြို့ကြီး၏ အထိကရ ဟိုတယ်ကြီး တခုတွင် ဖြစ်သော်လည်း တောအလှူ၊ တောမင်္ဂလာဆောင် သဖွယ် ပျော်စရာ ကောင်းနေ ပါသည်။
ဣနြေ္ဒမဆည်ကြပဲလျက် ပြောမနာ ဆိုမနာ ဝမ်းသာအယ်လဲ နှုတ်ဆက် ရယ်မော နေကြသည်မှာလည်း ကျွက်ကျွက် ညံနေခဲ့၏။
အဲ ... ခုနက ပြောသလို သတို့သားနှင့် သတို့သမီးတို့ စင်မြင့် ရှိရာသို့ ထွက်ခွါလာချိန် ကျွန်တော်နှင့် ဆရာကြီးတို့ ငြိမ့်ညောင်းသော တေးသံသာ ကျူးရင့်ချိန်တွင်ကား လုံးဝ တိတ်ဆိတ်ငြိမ်သက် သွားကြပါသည်။
ဧည့်သည် ပရိသတ်ကြီး အကုန်လုံး နီးပါးသည် သတို့သားနှင့် သတို့သမီးဆို့ လျှောက်လှမ်း လာကြသည်ကို ပီတိအဟုန်ဖြင့် ဝိုင်းအုံ ငေးမော သောမနဿ ဖြစ်နေကြ၏။
အကုန်လုံး နီးပါးဟု ကျွန်တော် ပြောရခြင်းမှာ အချို့အဝက်သော ပရိသတ်ကြီးကား ကျွန်တော် ရုပ်ရှင်မင်းသား သုမောင်နှင့် အလင်္ကာကျော်စွာ ဆရာကြီး ဦးဘသန်းကို ငေးမောနေသောကြောင့် ဖြစ်ပါ၏။
မင်္ဂလာတို့၏ ထုံးစံအတိုင်းပင် နာမည်ကြီး အတီးဆရာ၊ အဆိုသမားများကို ယင်းပရိသတ်က ငေးမောကြသည်မှာ သဘာဝပင် ဖြစ်ပါလိမ့်မည်။
ဘာပဲဖြစ်ဖြစ် အလေးထား ဂရုပြုပြီး ဆိုရ တီးရမည်မှာ ကျွန်တော်တို့ အနုပညာသည်များ၏ အလေ့အထ ကျင့်စဉ်ပင် ဖြစ်ရလေရာ ဆရာကြီးရော ကျွန်တော်ပါ အလွန် ဂရုထားပြီး ငြိမ့်နိုင်သမျှ ငြိမ့်ပြီး ညောင်းနိုင်သမျှ ညောင်းရန် သီဆို တီးခတ်နေသည့် ကာလ ...။
* * *
ကြားဖြတ်၍ ပြောရဦးမည်။
ဆရာကြီး ဦးဘသန်းသည် ကျွန်တော့် ဖခင်ကဲ့သို့ မြတ်နိုးချစ်ခင် အလေးထားသည့် အလျောက်၊ သူငယ်ချင်းလိုလည်း ပေါင်းဖက်သူမို့ တကြောင်း၊ သိုဝှက်ထားအပ်သော ကိစ္စ ဖြစ်လောက်အောင် ဆရာကြီး သိက္ခာ ကျလောက်အောင် ဖြစ်ရမည့် ကိစ္စ မဟုတ်သည်ကြောင့် တကြောင်း၊ ပြီးတော့ ဆရာကြီးသည် စတိတ်ရှိုးခေါ် စင်မြင့်ပွဲများတွင် စောင်းအလင်္ကာအား သင်္ချာတွက်သလို တီးခတ် ကွက်တိ တီးပြတတ်သည်ကို လူ အတော်များများက သိပြီး ဖြစ်နေပြီ တကြောင်းကြောင့် ...။
ဆရာကြီး၏ ဒုက္ခတခုကို ပြောပြပါရစေ။
(ဆရာကြီးက ခွင့်လွှတ်ပြီးသားပါ။ သူ့ သားတပည့် သုမောင်ကပဲဗျာ။)
တခြား ဟုတ်ပါရိုးလား။
ဆရာကြီးသည် အသက် (၇၅) နှစ်သို့ တိုင်နေပြီ ဖြစ်သဖြင့် ခြေတဘက်က အသက် စကားပြောသလို ခပ်ဆာဆာ ဖြစ်နေရှာပါသည်။
ထို့ကြောင့် ဆရာကြီး စောင်းတီးခတ်ဖို့ စင်ပေါ် တက်ပြီဆိုလျှင် တွဲခေါ်ကြရသည်။ ပြီးတော့ ဆရာကြီး ထိုင်ဖို့ တတောင်လောက် မြင့်သော ခုံတခု လုပ်ပေးရသည်။ ခုံပေါ်မှာ ကတ္တီပါ ကော်ဇောတခု ခင်းပေးရသည်။
ဆရာကြီးသည် ထို ထိုင်ခုံကလေးပေါ်မှာ တင်ပျဉ်ချိတ်၍ ထိုင်ယင်း စောင်းကို တီးခတ်လေ့ ရှိသည်။
(မှတ်ချက်။ ။ စောင်းတီးတာကတော့ မတ်တတ်ရပ်ပြီး ဂီတာ တီးသလိုတော့ မရဘူးပေါ့ဗျာ၊ တချို့က ကုလားထိုင်နှင့် ထိုင်တီး တတ်သည်။)
ပြီးတော့ ဆရာကြီးမှာ အကျင့်တခု ရှိသည်။ သူ စောင်းတီးခတ်ပြီ ဆိုလျှင် မိုက်ကရိုဖုန်းခေါ် စကားပြောခွက်ကို သူများတကာတွေလို ရှေ့မှာ ဒေါက်နှင့် ချထားသည်ကို မကြိုက်။
သူ့ ခါးပိုက်ထောင်ထဲမှာ အသာညှပ်ပြီး ထားရမှ ကျေနပ်သည်။
သူ့ရှေ့မှာ အဲသည်ဟာကြီး ကာဆီး ကာဆီး ဖြစ်နေတာ သူ မကြိုက်။
ကိုင်း၊ ခုနက စကား ဆက်ကြစို့။
စောစောက ပြောသည့် ကျွန်တော့် မိန်းမနှင့် ပတ်သက်သော မြို့ဟိုတယ်မျာ ကျင်းပသော မင်္ဂလာပွဲတွင်လည်း အထက်ဖော်ပြပါ အတိုင်းပင် ဆရာကြီးက နေရာယူပြီး ကျွန်တော်က ဆရာကြီး၏ နံဘေးတွင် ရို့ရို့ကလေး မတ်တတ်ရပ်လျက် သီချင်းဆိုပါသည်။
အဲ ... ထိုကာလတွင် ...
“အခါတော် ပေးတာက ... နတ်ရေးငယ် ရွှေစာ ... သာသနာရောင်လင်း ... ကောင်းခြင်းခု သည်ချိန်ခါ ...”
ထိုအပိုဒ်သို့ အရောက် ...
သတို့သား သတို့သမီးကလည်း ခရီးတဝက် အရောက် ...။
နောက်တခေါက် အခါတော် ပေးလိုက်လျှင် သူတို့နှစ်ယောက် စင်မြင့်သို့ အရောက် ...။
သတို့သား သတို့သမီးနှင့် အချွေအရံများ ထိုင်ခုံတွင် ထိုင်လျက် ကွက်တိရမည် မဟုတ်ပါလား။
အဲဗျ ထို ပထမအခေါက် ဆိုလို့အပြီး ဇနီးမောင်နှံများလည်း လမ်းတဝက် ခရီးအရောက် မင်းပရိသတ်များလည်း ငြိမ်သက်ကြည်နူး နေစဉ်မှာပင် ...
အလွန် ကျယ်လောင်သလောက် မပီကလာ ပီကလာ နိုင်လှသော ကလေးငယ် တယောက်၏ အသံတသံ အမှတ်မထင် ပေါ်ပေါက်လာတော့သည်။
သီချင်းသံပင် ဖြစ်ပါသည်။
“ဖေဖေသုမောင် မေမေအေးဘုံ
ဘိုးဘိုးသာဓု ဘိုးဘိုးသာဓု
သမီးလေးနဲ့ သားက
သမီးလေးနဲ့ သားက
စိုးအိမ်သူ ဖိုးသောကြော”
ဤတွင် ဧည့်ခံပွဲ တခုလုံး ဝါးလုံးကွဲမတတ် ပွဲကျ ရယ်မောသံကြီး ထွက်ပေါ် လာပါတော့သည်။
သတို့သား သတို့သမီးတို့လည်း ဣနြေ္ဒ မဆည်နိုင်ပဲ ရယ်လေ၏။
ကျွန်တော်ကတော့ ရုတ်တရက်မို့ ကြောင်တောင်တောင် ဖြစ်နေပါသည်။
သည်အသံ ကြားကတည်းက ကျွန်တော့်သား အငယ်ကောင် ဖိုးသောကြာ (နှစ်နှစ်ခွဲ) ၏ လက်ချက်မှန်းတော့ သိလိုက်ပါသည်။
သူ့အမေ အေးဘုံကို ကြည့်လိုက်တော့လည်း မျက်နှာပျက်နေသည့် ကြားက လှပစွာ ပြုံးလို့ဗျို့။
ကျွန်တော် စဉ်းစား မရသည်မှာ သား၏ အသံသည် ကျွန်တော့် အသံလိုပင် အသံချဲ့စက်မှ အော်လိုက်သော ကျယ်လောင်သည့် အသံ ဖြစ်နေခြင်းပင်။
သည်တွင် ဆရာကြီး ဦးဘသန်းက အသံပြာကြီးနှင့် “ဟေ့၊ ဟေ့” ဟု ကျွန်တော့်အား အချက်ပေးလေမှ ...
လား ... လား၊ သားဖိုးသောကြာသည် ဆရာကြီး၏ နံဘေးတွင် လက်ပိုက် မတ်တတ်ရပ်ပြီး ကျကျနနကြီး ဆိုနေတာကိုးဗျ။
သည်တော့မှ ကျွန်တော်နှင့် ဆရာကြီးလည်း အစီအစဉ်မပျက်ပင် ဖြစ်ရလေအောင် သီချင်းခရီးကို ဆက်ကြရလေတော့သည်။
အဖြစ်က သည်လို ဖြစ်ပါသည်။
ကျွန်တော်သည် သီချင်းသည်ပီပီ အိမ်မှာ သီချင်း လေ့ကျင့်တိုင်း သည်ကောင်ကလေးက ဘေးက မဟုတ်တရုတ် လိုက်ဆိုနေကျမို့ ... သူ့ကို အထက်ပါ သီချင်းတပုဒ် စပ်ပေးထားခဲ့ပါသည်။ (အသံနေ အသံထားကတော့ ... ရောင်စုံဘောလုံး ... ရောင်စုံဘောလုံး ... တလုံးငါးပြား ... ပေါ့ဗျာ။)
ဒါကို သည်ကောင်က သည်လိုပွဲမျိုးမှာ သည်လို ဝင်မနှောင့်ယှက်အပ် ကောင်းမှန်း ဘယ်သိပါ့မည်နည်း။ သူ့အမေနှင့် အဖွဲ့ စကား ကောင်းနေစဉ် ပွဲထုတ်ချိန်မှာ ပရိသတ်အာရုံက သတို့သား သတို့သမီးနှင့် ကျွန်တော်တို့အား အာရုံစိုက်နေသဉ် အလစ် ထွက်ပြေးလာပြီး ဆရာကြီး နံဘေးမှာ လာရပ်နေတာကိုး။ ဘယ်သူမှ ဂရုမစိုက်မိကြဘူးပေါ့။
ပြီးတော့ စဉ်းစားကြည့်။
သူ လာရပ်နေတာက ဆရာကြီး နံဘေး။
ဆရာကြီး ထိုင်နေတာက တတောင်လောက် ရှိသော ထိုင်ခုံ။
ဆရာကြီး၏ ခါးကြားထဲမှာက မိုက်ကရိုဖုန်းခေါ် မိုက်ခွက်။
လား ... လား၊ သူ့အရပ်နှင့် ကွက်တိပါပဲလား။
အခန်း (၂)
ကျွန်တော် ပြောလိုသည်မှာ အနည်းအကျဉ်းသာ ရှိပါသည်။
ထိုမင်္ဂလာပွဲသည် သရုပ်ပျက် မသွားပါ။
ကလေးငယ်ကြောင့် အနှောင့်အယှက် မဖြစ်သည့် အပြင် သာယာစိုပြည် သွားသည်ဟုပင် ထင်၏။
အဘယ့်ကြောင့် ဆိုသော် ...
မြန်မာမင်္ဂလာပွဲ ဖြစ်သောကြောင့်။
အဘယ့်ကြောင့် ဆိုသော် ...
သူဆိုလိုက်သော သီချင်းတွင် ...
ဖေဖေ၊ မေမေ
ဘိုးဘိုး
သားနှင့် သမီးတို့ ပါနေသောကြောင့်။
လူကြီးမင်း ခင်ဗျား၊ ဝတ္ထုတို တစ်ပုဒ်ကို ကျွန်တော် ရေးလိုက်သည်ဟု လက်ခံပါသလား။
လေးစားသော
#သုမောင်
credit
by မွန်းလေးဖေဖေ
No comments:
Post a Comment