May 24, 2018

လူရွှင်တော်အကြောင်းမှတ်စု

#လူရွှင်တော်အကြောင်းမှတ်စု
🌠🌠🌠🌠🌠🌠🌠🌠🌠🌠

နေမျိုး

#လူရွှင်တော်_မွေးဖွားခြင်း

စစ်ကြီး ဖြစ်ပွါးနေစဉ်အတွင်း လူရွှင်တော်ကို မွေးဖွားခဲ့သည်။ ဆောင်းရာသီ ဗုံးခိုကျင်းတစ်ခု၏ အမှောင်ထုထဲတွင် လူရွှင်တော်ကို မွေးဖွားခဲ့ကြခြင်းဖြစ်သည်။ လူရွှင်တော်၏ မိဘများမှာ ကျေးတောသားများ ဖြစ်ကြသည်။ စစ်ကြီးအတွင်းက ထရမ်းပက်တစ်လက်ကို သူတို့ ရရှိထားကြသည်။ လူရွှင်တော် အရွယ်မရောက်မီအထိ ထိုအရာဝတ္ထုသည် သူတို့အဖို့ အခြားသော ဂြိုဟ်ကမ္ဘာမှ အရာဝတ္ထုတစ်ခုသာ ဖြစ်သည်။ စစ်ကြီး ပြီးသွားသောအခါ လူရွှင်တော် အရွယ်ရောက်လာသည်။ သူ၏ တေးတကြော်ကြော် အော်ဟစ်သံများကို စတင်ကြားလာရသည်။ ရံဖန်ရံခါ ထရမ်းပက်သံသဲ့သဲ့ကိုလည်း ကြားရ တတ်လေသည်။

#လူရွှင်တော်ရဲ့_ငယ်ဘဝ

လူရွှင်တော်သည် ငယ်ဘဝတစ်ခုလုံးကို ဖျားနာခြင်းဖြင့် အချိန်ကုန်လွန်စေခဲ့သည်။ ပြင်းထန်သော အဖျားရောဂါ ပျောက်ကင်းသွားသောအခါ မျက်စိပြူးပြူးဖြစ်၍ ကျန်ရစ်ခဲ့သည်။ လူရွှင်တော်သည် ငယ်စဉ်ကပင် သာမန်ထက်ကြီးသော ဦးခေါင်းရှိသည်။ လူရွှင်တော်ကို ခေါင်းကြီး ဟု ခေါ်ဝေါ်ကြသည်။ လူရွှင်တော်၏ ဦးခေါင်းကြီးသည် နောင်အခါတွင် ပရိတ်သတ်များကို ဧည့်ခံရာ အကောင်းဆုံး အစိုင်အခဲကြီးတစ်ခု ဖြစ်လာသည်။ ထိုဦးခေါင်းကြီးထက်၌ ငယ်စဉ်က ရရှိ ခဲ့သည့် အမာရွတ်များအပြင် ကြီးပြင်းမှ ရရှိလာသော အမာရွတ်များဖြင့် ပြည့်နေသည်။ အမာရွတ်များသည် ရယ်စရာ မကောင်းသော်လည်း လူရွှင်တော်သည် ရယ်စရာများကို လှုပ်ရှားပြသနိုင်ခဲ့သည်။

#လူရွှင်တော်အဖြစ်_လိုက်ပါခြင်း

စစ်ကြီး ပြီးဆုံးသွားသဖြင့် ရယ်ရွှင်ဖွယ်ရာများ ခေတ်စားလာသည်။ ထူးထူးဆန်းဆန်း မျှော်လင့်ချက်များ ပေါ်ပေါက်လာ သည်။ မျက်နှာဖုံးများ စွပ်ကာ ကကြသည်။ ညနေခင်းများတွင် ချိုင်းထောက်များ၊ ပတ်တီးများဖြင့် လမ်းလျှောက်ထွက် ကြသည်။ နွေဦးပေါက်တွင် လူရွှင်တော်တို့ ကျေးရွာကလေးသို့ ဆပ်ကပ်အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာသည်။ ဆပ်ကပ်အဖွဲ့ သည် တိရစ္ဆာန်အသစ်များကို ဖမ်းဆီးလေ့ကျင့်ရန် ရောက်ရှိလာခြင်းဖြစ်သည်။ ကျေးရွာကလေးမှ ဆပ်ကပ်အဖွဲ့ ပြန်လည် ထွက်ခွါသောအခါ လူရွှင်တော်သည် ထရမ်းပက်ကိုယူကာ ဆပ်ကပ်အဖွဲ့နှင့်အတူ တစ်ပါတည်း လိုက်ပါသွားခဲ့တော့သည်။ ဆပ်ကပ်အဖွဲ့တွင် လူရွှင်တော် ပထမဆုံး လုပ်ရသောအလုပ်မှာ ဆင်ခြေထောက်ကြီးများကို ရေဆေးပေးရခြင်းဖြစ်သည်။ လူရွှင်တော်၏ ပထမဆုံး ဖျော်ဖြေမှုမှာ ကြိုးတန်းပေါ်တွင်ရပ်၍ ထရမ်းပက်မှုတ်ပြခြင်း ဖြစ်သည်။

#လူရွှင်တော်ပြက်လုံးများ

လူရွှင်တော်သည် ကြိုးတန်းပေါ် လမ်းလျှောက်ရင်း ခြေချော်ကျမည့် ကိုးရိုးကားရားဟန်အမူအရာမျိုး လုပ်ပြတတ်သည်။ သူ၏ ကြီးမားသော ဦးခေါင်း ပြူးကျယ်သော မျက်လုံးများက ရွှေပွဲလာတို့ကို ဘဝင်စွဲငြိစေသည်။ လူရွှင်တော်သည် အမြောက်ဆန်အဖြစ်လည်း အသုံးတော်ခံရသည်။ အမြောက်တစ်လက်ထဲ ထည့်၍ သူ့ကို ပစ်လိုက်သောအခါ အထဲမှ အရှိန်အဟုန်ဖြင့် လူရွှင်တော် ထွက်လာခြင်းကို ပရိတ်သတ်များ နှစ်ခြိုက်သဘောကျသည်။ လူရွှင်တော်သည် လေထဲတွင် ဝဲကာ ကြိုးတန်းပေါ်သို့ ရောက်ရှိသွားတတ်သည်။ ထိုအခါ လက်ခုပ်ဩဘာသံများ ပေါ်ထွက်လာလေ့ ရှိသည်။ သေတ္တာ ထဲတွင် လူရွှင်တော်ကို ထည့်၍ လွှဖြင့် နှစ်ပိုင်းဖြတ်ပြကြသည်။ လူရွှင်တော်၏ ဦးခေါင်းပိုင်းက စကားပြောသောအခါမှ ရွှေပွဲလာတို့ ရယ်မောနိုင်ကြတော့သည်။ လူရွှင်တော်သည် ဧရာမပူဖောင်းကြီးကို မှုတ်ပြခဲ့သည်။ ပူဖောင်းထဲမှ လေများ ခန္ဓာကိုယ်ထဲသို့ဝင်ကာ လူရွှင်တော်ဖောင်းကားသွားပုံမှာ မရိုးနိုင်သောပြကွက် ဖြစ်သည်။

#လူရွှင်တော်ရဲ့_ဇနီး

လူရွှင်တော်သည် အချိန်တန်သောအခါ ဇနီးတစ်ယောက် ရရှိခဲ့သည်။ လူရွှင်တော်၏ဇနီးမှာ ဖြူဖြူပိန်ပိန် သေးသေးကလေး ဖြစ်သည်။ ဇနီးသည် သူ့အတွက် ဝက်ခြေထောက်စွပ်ပြုတ် လုပ်ပေးသည်။ သိုးမွေးခြေအိတ် ထိုးပေးသည်။ ထရမ်းပက်ကို ပြောင်လက်အောင် တိုက်ချွတ်ပေးသည်။ ဆပ်ကပ်အဖွဲ့ မြို့ကြီးများသို့ လှည့်လည်စဉ် လူရွှင်တော်၏ဇနီးသည် အိမ်တွင် ကျန်ရစ်ကာ အဝတ်ဟောင်းများကို ကြယ်သီးတပ်ရင်း စောင့်မျှော်နေတတ်သည်။ ဆပ်ကပ်အဖွဲ့ လှည့်လည်ကပြရာ ကြော်ငြာများ သတင်းစာထဲတွင် ပါလာသည်။ လူရွှင်တော်၏ဇနီးသည် နေ့ခင်းအားလပ်ချိန်များတွင် သတင်းစာကိုဖတ်ကာ ငြိမ်သက်နေတတ်သည်။ မြို့တော်ကြီးတွင် ယနေ့ည တင်ဆက်ကပြပါမည်။

#လူရွှင်တော်ရဲ့အလေ့အထများ

လူရွှင်တော်သည် တိရစ္ဆာန်များကို ချစ်တတ်သည်။ သူ့ကိုယ်သူ တိရစ္ဆာန်တစ်ကောင်အဖြစ် ထင်မြင်မိသည့်အခါတွေပင် ရှိသည်။ လူရွှင်တော်သည် အပျော်တမ်း ဖဲကစားခြင်းကို ဝါသနာပါသည်။ မှောက်ထားသော ဖဲချပ်များကို လွန်စွာ စိတ် ဝင်စားသည်။ လူရွှင်တော်သည် ဝိုင်အရက်နဲ့ ဒိန်ခဲကို ကြိုက်နှစ်သက်သည်။ လူရွှင်တော်သည် ငွေကြေးသုံးစွဲရာတွင် စေးနဲသူဖြစ်သည်။ ဘဏ်တိုက်တွင် အပ်နှံထားသောငွေကို ထုတ်ယူသုံးစွဲလေ့မရှိ။ လူရွှင်တော်သည် လေယာဉ်ပျံစီးရန် ကြောက်ရွံ့သည်။ လူရွှင်တော် ဓာတ်ပုံရိုက်ခံရန် ရှက်ရွံ့သည်။ လူရွှင်တော်သည် ပင်ကိုအားဖြင့် တစ်ယောက်တည်း နေရခြင်းကို နှစ်သက်သည်။

#လူရွှင်တော်ရဲ့_နောက်ဆုံးနေ့

ဆောင်းရက်များတွင် လူရွှင်တော်သည် ထရပ်ကားကြီးကိုစီးကာ ဆပ်ကပ်အဖွဲ့နှင့်အတူ မြို့ကြီးများသို့ လှည့်လည်ကပြ ရာမှ ပြန်လာခဲ့သည်။ သူနှင့်အတူ ဝိုင်အရက်များနှင့် သမ္မာကျမ်းစာအုပ် တစ်အုပ် ပါလာခဲ့သည်။ လူရွှင်တော်သည် ဇနီးနှင့် အတူ ဖဲကစားသည်။ ဝိုင်အရက်များကို မသောက်ဘဲထားသည်။ သမ္မာကျမ်းစာအုပ်ကို မဖတ်ဘဲထားသည်။ ဇနီးနှင့်အတူ နေ့စဉ် ဖဲကစားသည်။ ညဥ့်နက်သည်အထိ ဖဲကစားကြသည်။ ဖဲကစားရင်း ဇနီးက သူ့ကိုမေးသည်။ ရှင် ဘယ်လောက် ဝေးဝေးထိ ရောက်ခဲ့သလဲ။ လူရွှင်တော်က ဖြေသည်။ ငါ တော်တော်ဝေးဝေးထိ ရောက်ခဲ့တယ်။ ထိုနေ့ညနေခင်းတွင် လူရွှင်တော် ညင်သာစွာ ကွယ်လွန်သည်။ ဝိုင်အရက်များနှင့် သမ္မာကျမ်းစာအုပ် ကျန်ရစ်ခဲ့သည်။

#လူရွှင်တော်ကွယ်လွန်ပြီးနောက်

လူရွှင်တော် ကွယ်လွန်သွားသောအခါ သူနှင့်အတူ ရယ်ရွှင်ဖွယ်ရာများအားလုံး ပါသွားသလို ထင်မှတ်ရသည်။ ရယ်ရွှင်ဖွယ် များ ငြိမ်သက်ရပ်တန့်သွားသည်။ တဖွဲဖွဲ ကျဆင်းနေသော မိုးပေါက်များထဲတွင် လူရွှင်တော်၏ ဈာပနကို တိတ်ဆိတ်စွာ လိုက်ပါပို့ဆောင်ကြသည်။ တစ်အိမ်အိမ်မှ ရယ်သံတစ်သံကြားရနိုးဖြင့် လူတွေ စောင့်မျှော်နေကြသည်။ သို့ရာတွင် ရယ်သံကို မကြားရ။ မည်သူမျှ မရယ်ကြ။ လူရွှင်တော်၏ ဇနီးသည် ထရမ်းပက်ကို နံရံတွင် ချိတ်ထားလိုက် သည်။ မကြာမကြာ အဝတ်တစ်စဖြင့် ပွတ်တိုက်သည်။ ပြတင်းပေါက်တစ်ပေါက်ကို မဖွင့်ဘဲထားသည်။ တနင်္ဂနွေနေ့တိုင်း လူရွှင်တော်၏ သင်္ချိုင်းဂူကိုသွားကာ နှင်းဆီပန်းတစ်စည်း တင်ထားလေ့ရှိသည်။ လူရွှင်တော် ကွယ်လွန်ပြီးနောက် ထရမ်းပက်မြည်သံ တိတ်ဆိတ်သွားခဲ့တော့သည်။

🔲

#နေမျိုး

No comments:

Post a Comment