" ၂၁ ရာစု မြို့ပြချစ်ခရီး "
__________________________ #မစန္ဒာ
ဒီမှာ ချစ်
နင့်ကို ငါ ဘယ်လောက် ချစ်တယ်ဆိုတာ
ထပ်မပြောတော့ဘူး
နင် သိပြီးသားပါ ။
ငါ့ကို နင် ဘယ်လောက်
ချစ်တယ်ဆိုတာကိုလည်း
ငါ အသေအချာ သိပါတယ် ။
ငါတို့ ချစ်လာကြတာလည်း
ကြာပြီပဲ ချစ်ရယ် ။
နင့်အကြောင်း ငါ သိသလို
ငါ့အကြောင်းကိုလည်း
နင် အကုန်လုံး သိပါတယ် ။
တစ်နေ့တုန်းက နင် ပြောတယ်
အတူနေချင်လှပြီ တဲ့ ။
ဒီစကားကို
ငါကစပြီး ပြောရမှာပါ ချစ်ရယ် ၊
ငါလည်း နင်နဲ့အတူ
နေချင်လှပါပြီ ။
ကိုယ်ချစ်တဲ့သူနဲ့
အတူနေ
အတူစား
အတူသွားရတဲ့ ဘဝကလေးကို
ငါလေ
ညစဉ်ညတိုင်း
အိပ်မက် မက်နေရတာပါ ။
အိပ်မက်ထဲမှာဆိုရင်
ငါဟာ
အိမ်ကလေးတစ်ဆောင်
အခန်းလေး တစ်ခန်းလောက်ကို
အမြဲတမ်းပဲ
အမောတကော ရှာနေမိတယ် ။
နေစရာကလေး တစ်နေရာကို
လွယ်လွယ်နဲ့များ
ရမယ်ထင်သလား မိချစ် ၊
အပြင်မှာ မပြောနဲ့
အိပ်မက်ထဲမှာတောင် ခက်လိုက်တာ ။
အိပ်ရာက နိုးလာရင်
ငါ့မှာ ချွေးတွေနစ်ပြီး
မောနေတာပဲ ။
ငါက
အစ်မအိမ်မှာ ကပ်နေရတာ ။
အိမ်လို့သာ ပြောရတာ ၊
တကယ်တော့
ဆယ့်နှစ်ပေ ၊ ပေလေးဆယ်
အခန်းကျဉ်းကျဉ်း ရှည်ရှည်လေး ၊
အဲဒီထဲမှာ နေကြတာက
လူပေါင်း ကိုးယောက် ၊
အစ်မတို့ လင်မယားရယ်
ယောက်ဖရဲ့ အမေနဲ့ ညီရယ်
ကလေး လေးယောက်ရယ်
နောက်ပြီး ငါရယ်
ညတိုင်ကျရင် တိုးတိုးဝှေ့ဝှေ့
ကျပ်ကျပ် သပ်သပ် အိပ်ကြရတယ် ။
နင် နေရတာကလည်း မိဘအိမ် ။
နင့်မောင်တွေ ညီမတွေအပြင်
အစ်ကို လင်မယားရော
သူ့ကလေးတွေနဲ့ရော
ကျပ်ညပ်နေတာ ငါအသိပဲ ။
ငါတို့နှစ်ယောက်
လက်ထပ်ကြပါပြီတဲ့ ။
ကဲ...ဘယ်မလဲ
ငါတို့အတွက် အိမ်
ငါတို့ ဘယ်မှာ နေကြရမလဲ ။
ငါ့ကို သိပ်ညံ့တာပဲလို့
ပြောချင်လည်း ပြောတော့ ။
ချစ်ရေ _ ငါလေ
နင်နဲ့အတူတူ နေနိုင်ဖို့အတွက်
အလုပ်ကို ကြိုးစားပြီး လုပ်ပါတယ် ။
ခြိုးခြံချွေတာပြီး
ငွေလည်း စုပါတယ် ။
ဒါပေမဲ့ အဲဒီငွေဟာ
အခန်းကျဉ်းကလေး တစ်ခန်းကိုတောင်
မငှါးနိုင်ဘူးဆိုတာ
နင်လည်း သိပါတယ် ။
နှစ်ဆယ့်တစ်ရာစု မြို့ပြရဲ့
အိမ်ဈေး ၊ မြေဈေး ၊ အခန်းဈေးတွေကို
နင်လည်း စုံစမ်းပြီး
သက်ပြင်းတချချ လုပ်နေရတာပဲ မဟုတ်လား ။
ဒီတော့ ချစ်ရယ်
နင်ရော ငါရော
စိတ်ချမ်းသာရအောင်
တစ်ယောက်နဲ့ တစ်ယောက်
စိတ်ချလက်ချ နေရအောင်
ငါ တစ်ခုလုပ်ချင်တယ် ။
ဒီမှာ မိချစ်
နင်နဲ့ ငါနဲ့
လက်ထပ်ကြရအောင်လေ ၊
တရားရုံးမှာ သွားပြီး
လက်မှတ်ထိုးကြမယ် ။
ငါတို့ အတူတွဲပြီး
ဓာတ်ပုံရိုက်ကြမယ် ။
မကင်းရာ မကင်းကြောင်းလေးတွေကို
လက်ဖက်ရည်တိုက်မယ် ။
လက်ထပ်ပြီးစီးကြောင်း ကြော်ငြာကို
သတင်းစာထဲမှာ ထည့်မယ် ။
ကဲ _ ဘယ်သူ ဘာပြောမလဲ
ငါဟာ နင့်ယောက်ျားဖြစ်သွားပြီ ။
နင်ကလည်း ငါ့မိန်းမပေါ့နော် မိချစ် ။
ကြားရဲ့လား မိန်းမရဲ့ ။
ညနေရုံးဆင်းရင်
နင့်ရုံးကို အမြဲလာခေါ်မယ် ၊
ငါတို့နှစ်ယောက် လက်ဖက်ရည်ဆိုင်မှာ
ညဥ့်နက်တဲ့အထိ အကြာကြီးထိုင်ပြီး
စကားပြောလို့ ရပြီ ။
ညပွဲ ရုပ်ရှင်တွေလည်း
ကြည့်လို့ရပြီ ၊
ငါတို့ဟာ
လက်ထပ်ထားတဲ့
ချစ်သူတွေပဲ မဟုတ်လား ။
ငွေလေးဘာလေး
အသင့်ရှိတဲ့အခါ ဆိုရင်လည်း
ဘုရားဖူးကားနဲ့ အတူလိုက်ပြီး
မြန်မာပြည်အနှံ့
ဘုရားစုံ ဖူးကြမယ် ၊
နင် မပျော်ဘူလားဟင် ။
အင်း ....
နောက်ပြီးတော့
နင်ကလည်း နင့်အိမ်ပြန်
ငါကလည်း ငါ့အိမ်ငါ ပြန်ရဦးမှာပေါ့ ။
ချစ်ရယ်
ငါတို့ ဆက်ပြီး ပိုက်ဆံစုကြမယ်လေနော် ။
ဘာလုပ်ဖို့လဲ ဟုတ်လား ၊
မေးမှ မေးရက်ပလေဟာ
ငါတို့ အတူနေနိုင်ဖို့အတွက်ပေါ့ ။
မအိုခင်
မနာခင်
အဲ ... မသေခင် တစ်ချိန်ချိန်မှာ
အခန်းကျဉ်းကလေး တစ်ခန်းလောက်
ငှါးနိုင်အောင်ပေါ့
နော် _ မိချစ် ။
ကြားရဲ့လား
ချစ်ရယ်
ငါ့ကို ပြုံးပြစမ်းပါဦး ။
#မစန္ဒာ
( ပေဖူးလွှာ မဂ္ဂဇင်း ၁၉၉၈ ဇွန်လ )
#မစန္ဒာ
ဝတ္ထုတိုများ (၆) ... စာအုပ်မှ ကူးယူဖော်ပြပါသည် ။
#@Aung Tun Oo~ပြန်လည်မျှဝေပါသည်။
No comments:
Post a Comment