ဇယားတွက်မှားသော အိမ်ထောင်ရေး
💫💫💫💫💫💫💫💫💫💫💫💫
အောင်လင်း
(၁)
ကိုဘမောင်သည် ထမင်းကို အားရပါးရ စားနေရင်းမှ မအုန်းနုကို ကြည့်၍ စိတ်ကူးယဉ် လိုက်လေသည်။
မအုန်းနုကမူ ကိုဘမောင် စိတ်ကူးယဉ်နေပုံကို သိဟန်မတူ။ ထမင်းစားပွဲ ဘေးမှထိုင်ရင်း ကိုဘမောင်အား ကြည်ဖြူ ရက်ရောသော စေတနာဖြင့် ပြုံးပြုံးကြီး ကြည့်နေလေသည်။ သို့ကြည့်နေရင်းမှလည်း ဟင်းများကို ခပ်၍ ထည့်ပေးတတ်၏။ တွတ်တီးတွတ်တာ စကားများလည်း ပြောတတ်သေး၏။ ဤသည်မှာလည်း ကိုဘမောင် အတွက် ထမင်းမြိန်ဆေး တခွက် ဖြစ်ရုံသာမက စိတ်ကူးယဉ်၍လည်း ကောင်းလှသေး၏။
“ရော့လေ ... ဒီဟင်း ထည့်စားပါအုံး၊ ကျမတို့က အောက်သူတွေ ဆိုတော့ ငပိရေနဲ့ဘဲ တို့တတ်တယ်။ ကိုဘမောင် စားချင်တယ် ဆိုလို့ ငပိချက်ကို တမင် ချက်ရတာ၊ ဟောဒီ ကြက်ဟင်းခါးရွက်လေးနဲ့ တို့စားပေါ့”
မအုန်းနုသည် ကိုဘမောင်အတွက် ငပိချက်ကို ခပ်၍ ပေးလိုက်သည်။ တို့စရာ အရွက်များကိုလည်း သင်၍ ပေးလိုက်ပြန်သည်။ ကိုဘမောင်သည် မအုန်းနု ထည့်၍ ပေးသော ငပိချက်ကို ကြက်ဟင်းခါးရွက်နှင့် အသင့်မြှုပ်၍ စားလိုက်လေသည်။
“ကောင်းပါ့ဗျာ ... ကောင်းပါ့”
“ဝက်သားချက်လဲ ထည့်စားပါအုံးရှင်။ အညာသားလို့ မပြောရဘူး၊ ပဲဟင်းနဲ့ဘဲ လူးစားနေတာဘဲ”
“ပဲနဲ့ ငပိဟာ သိပ်လိုက်တယ်”
ကိုဘမောင်သည် သူ၏စိတ်ကို မမျိုသိပ်နိုင်ဘဲ ဖွင့်၍ ပြောချလိုက်လေသည်။
ပဲဟင်းကို အချက်ခိုင်းသည့် အခါတိုင်း မအုန်းနုသည် သူ့အား အညာသား ပဲစား ဟူ၍ နောက်တတ်လေ့ ရှိလေသည်။ ဤသို့ပင် မအုန်းနုက ငပိရည် ဖျော်သည့် အခါတိုင်း ကိုဘမောင်က အောက်သူ ငပိစား ဟူ၍ နောက်တတ်လေ့ ရှိသည်။ ဤသည်ကို အစွဲပြု၍ ပဲနှင့် ငပိ လိုက်တတ်ကြောင်း ကိုဘမောင်က စောင်းချိတ်၍ ပြောလိုက်သည်ကိုလည်း မအုန်းနု ရိပ်မိလိုက်လေသည်။
“ကဲရှင် ... ပီးတော့ကော ဘာနဲ့များ လိုက်သေးလဲ”
“ပီးတော့လား ... ဟဲ ... ဟဲ ... ပဲ ဘသူ စားလဲဗျာ”
“ပဲလား ... အညာသား စားတာပေါ့ရှင်”
“ငပိရောဗျာ ... ဘသူ စားလဲ”
“ငပိလား ...၊ ငပိလဲ အညာသားဘဲ စားတာဘဲ၊ ကဲ ... ရှင် ဘာပြောအုံးမလဲ”
ကိုဘမောင်၏ ‘ပဲ-ငပိ’ လူပျိုစကားသည် ပဲ-ငပိ၌ပင် အဆုံးသတ်၍ သွားလေသည်။ အမှန်မှာမူ ပဲနှင့် ငပိ လိုက်ခြင်း အကြောင်းပြု၍ အညာသားနှင့် အောက်သူတို့လည်း လိုက်ကြောင်းကို မအုန်းနုအား လူပျိုစကား ဆွယ်လိုက်ခြင်း ဖြစ်လေသည်။ သို့ရာတွင် အကင်းပါးလှသော မအုန်းနု၏ အဖြေစကားကြောင့် ကိုဘမောင်၏ ပဲ-ငပိ လူပျိုစကားသည် ပဲ-ငပိ ဖြစ်၍ သွားလေသည်။
“ဟဲ ... ဟဲ ... အညာသားလဲ စားတာပေါ့ဗျာ၊ ဒါပေမယ့် ကြိုက်တော့ အောက်သူတွေက ပိုကြိုက်တာပါ၊ အညာသားတွေက အောက်သူတွေ ချက်ကျွေးမှ စားတတ်တာပါ”
“အမယ် ... ကိုဘမောင်ကြီးက အလာသားနော၊ ရှင်က ဘယ်အောက်သူများ တွေ့နေလို့လဲ”
မအုန်းနုက စကားလွှဲ၍ မေးလိုက်သောကြောင့် ကိုဘမောင်သည် အဖြေရ ကျပ်သွားပြန်လေသည်။
“ဘယ်က အောက်သူမှ မတွေ့ပါဘူးဗျာ၊ ပြောသာ ပြောရတာ အောက်သူများ ကြောက်လွန်းလို့ပါ”
“အမယ် ... အောက်သူကို ဘာလို့ ကြောက်ရတာတုံး ...”
“ဟိုစကားပုံလေ ... မကြားဖူးဘူးလား၊ ကျောက်ဖြူကိုလဲ မနမ်းနဲ့ အောက်သူကိုလဲ မစမ်းနဲ့ ဆိုတာလေ ...”
“ကြားဘူးပေါ့ရှင် ... ကျောက်ဖြူနမ်းတော့ ဘာဖြစ်လဲ ...”
“ဖုန်ကပ်တာပေါ့ဗျ ...”
“အောက်သူ နမ်းတော့ကောရှင် ...”
“ကုန်တတ်တာပေါ့ ...”
မအုန်းနုသည် ကိုဘမောင်၏ စကားကြောင့် နှုတ်ခမ်းစူ၍ သွားလေသည်။
“ရှင်တို့ အညာသားများ ချီပါသား ပခန်းသားလို့ မပြောရဘူး၊ စကား သိပ်တတ်တယ်”
မအုန်းနု ထမင်းပွဲ သိမ်း၍ သွားသောအခါ ကိုဘမောင်သည် ဆေးပေါ့လိပ်ကို ဖွာရင်း စောစောက စိတ်ကူးကို ဆက်၍ ယဉ်လိုက်လေသည်။
အကယ်၍သာ မအုန်းနုနှင့် သူသည် စိတ်ကူးထဲမှာ အတိုင်း အဆင်ပြေ သွားပါက အဘယ်မျှ နေရာကျ လေမည်နည်း။
ကိုဘမောင်သည် အညာသားပီပီ အလွန် ဇယားချတတ်သူ ဖြစ်၏။ ထို့ကြောင့်လည်း ယခုလို လူပျိုကြီး ဖြစ်၍ နေလေသည်။ မအုန်းနုကို စဉ်းစားသည့် နေရာမှာလည်း သူ့စိတ်ထဲတွင် အဖက်ဖက်မှ ဇယားကိုက်သည်ဟု ထင်သောကြောင့်သာ စဉ်းစားခြင်း ဖြစ်၏။
အစ၌ ကိုဘမောင်သည် မအုန်းနုတို့ အိမ်တွင် တလလျှင် ငွေ ၄၀ိ- နှင့် ထမင်းလခပေး စားရသူ ဖြစ်လေသည်။ နေရာကား လူပျိုကြီးပီပီ အတည်တကျ မရှိပေ။ မအုန်းနုတို့အိမ်နှင့် မျက်စောင်းထိုး၌ ရှိသော သူငယ်ချင်း ရုံးစာရေး လင်မယား အိမ်တွင် ကပ်၍ နေခဲ့ရသူ ဖြစ်လေသည်။ မအုန်းနုသည်ကား မုဆိုးမ အမေကြီးနှင့် နေရသော မိန်းမပျိုတယောက် ဖြစ်လေသည်။ ထို့ကြောင့် တခါက ကိုဘမောင်သည် မအုန်းနုတို့ ခြေရင်းမှ လွတ်နေသော အခန်းကလေးကို ငှါးခဲ့ဘူးသည့် တိုင်အောင် သမီး မိန်းမပျိုလေး ရှိနေသဖြင့် လူပျိုလူရွယ်ကို ငှါးရန် မတင့်တယ် ဟူသော အကြောင်းပြချက်ဖြင့် နေခွင့် မရပေ။ ထိုကြောင့်လည်း ကိုဘမောင်သည် ထမင်းလခသာ ပေး၍ စားခဲ့ရလေသည်။ နောက်တွင်မူ မအုန်းနုတို့ သားအမိသည် ကိုဘမောင်၏ ရိုးသားဖြောင့်မတ်ပုံကို သိရှိကာ အိမ်ငှါးအဖြစ် လက်ခံခဲ့လေသည်။ ထိုအခါတွင် ကိုဘမောင်သည် မအုန်းနုတို့ အိမ်၌ တလလျှင် ၆၅ိ- ပေး၍ နေခဲ့ရလေသည်။ အမှန်၌ ထမင်းလခ ၄၀ိ- ပေးရသည် ဆိုသော်လည်း ကော်ဖီက သောက်ရသေးသည်။ အဝတ် အလကား လျှော်၍ ပေးသေးသည်။ ထိုကြောင့်လည်း ကိုဘမောင်က မအုန်းနုတို့ အိမ်တွင် နေရသည်မှာ ဇယား မိသည်ဟု ဆုံးဖြတ်လိုက်၏။ ဆုံးဖြတ်သည့် အတိုင်းလည်း စွဲစွဲမြဲမြဲ နေခဲ့လေသည်။ သို့နေခဲ့ရင်းမှ ပို၍ ဇယားမိလာသည်ကား မအုန်းနုပင် ဖြစ်လေသည်။
မအုန်းနုသည် ကိုဘမောင် အပေါ်တွင် လိုလေသေး မရှိအောင် ပြုစုခဲ့ရှာသည်။ အဝတ်ဟောင်းများ ညစ်နေလျှင် လျှော်၍ ပေးတတ်၏။ အင်္ကျီပြဲ လုံချည်ပြဲများ တွေ့လျှင် သူချုပ် ပေးတတ်၏။ ထမင်းစားလျှင် ထမင်းပွဲဘေးမှ အသင့် ရှိနေတတ်၏။ ဤသည်မှာ လူပျိုကြီး ကိုဘမောင်အတွက် ပို၍ ဇယားမိလာလေသည်။
“အင်း ... တလ တလ ၆၅ ကျပ် ပေးပြီး အိမ်ငှါးအဖြစ် နေရမယ့်အစား အိမ်သား လုပ်လိုက်ရရင် ပိုပြီးများ ဇယားမိမလား ...”
ကိုဘမောင်သည် သူ့အတွေးနှင့်သူ ဇယားချ၍ ကြည့်ပြန်သည်။ အိမ်သား လုပ်လိုက်ခြင်းအားဖြင့် သူ့အတွက် စရိတ် တက်လာစရာ အကြောင်း မမြင်ပေ။ သူပါ ပေါင်းလိုက်မှ အိမ်သား ၃- ယောက်သာ ရှိသည်။ ယခုလည်း သူသည် အိမ်သား မဟုတ်သော်လည်း မအုန်းနုတို့ အိမ်၌ အိမ်သားလို နေရသူ ဖြစ်လေသည်။ မအုန်းနုတို့ သားအမိသည် သူပေးသော ၆၅ိ- ဖြင့်သာ စားနေကြရသူများ ဖြစ်လေသည်။ ထိုအထဲတွင် မအုန်းနု စက်ချုပ်သည့် အလုပ်က ဝင်၍ ခုသေးသည်။ ထို့ကြောင့်လည်း ကိုဘမောင်အတွက် မအုန်းနုတို့ အိမ်သား လုပ်ခြင်းဖြင့် ဇယားမမိစရာ အကြောင်း မမြင်တော့ပေ။
အမှန်မှာ ကိုဘမောင်က အိမ်သားအဖြစ် စဉ်းစား လာရခြင်းမှာလည်း မအုန်းနုတို့ သားအမိကြောင့်ပင် ဖြစ်လေသည်။
ကိုဘမောင်သည် အရာရာ၌ အားနာတတ်သူ ဖြစ်လေသည်။ မအုန်းနုတို့ သားအမိက ကိုဘမောင် အားနာသည်ကို တွေ့သည့်အခါတိုင်း “အိမ်သားလို နေစမ်းပါ” ဟု ပြောတတ်လေသည်။ “ကိုယ့်အိမ်လို သဘောထားပါ” ဟူ၍လည်း ပြောတတ်လေသည်။ မအုန်းနု အမေသည် ဖွာလာကြီး ပြောတတ် ဆိုတတ်သူ ဖြစ်သည်။
ကိုဘမောင် အားနာသလို ရှက်သလို နေသောအခါတွင်
“မောင်ဘမောင်ရယ် ... ဘာဖြစ်ဖြစ် အားမနာစမ်းပါနဲ့၊ ကိုယ့်အိမ်လို နေစမ်းပါ” ဟု ပြောတတ်လေသည်။ ထိုအခါတွင် ကိုဘမောင်မှာ မအုန်းနုကိုပင် မျက်နှာ ပူရသေး၏။ မအုန်းနုကမူ ကိုဘမောင်ကို ရှက်ပြုံးကလေး ပြုံး၍ ကြည့်နေတတ်သည်။ တခါတရံ သူပါဝင်၍ “ဟုတ်သားဘဲ၊ ကိုဘမောင်ကြီးက လူစိမ်းတွေ ကျနေတာဘဲ” ဟု ပြောတတ်လေသည်။
ဤသည်မှ စ၍ ကိုဘမောင်သည် အိမ်သားလုပ်ရန် စိတ်ကူးယဉ်၍ လာလေသည်။ အရာရာ ဈေးကြီးနေသည့် ခေတ်၌ ကိုဘမောင်လို စေ့စပ်သေချာလှသော လူပျိုကြီး တယောက်အတွက် မိန်းမယူရန် မလွယ်လှပေ။ မိန်းမယူမည် ကြံလျှင် ကိုယ်၌ရသော ၁၂၀ိ- ကျော်နှင့် ဇယားမိ မမိကို အဖက်ဖက်မှ တွက်နေရသည်။
မအုန်းနုကို စဉ်းစားသည့် အခါတွင်မူ ဤသို့ တွက်နေစရာ မလိုတော့ပေ။ မအုန်းနုကို ယူလျှင် ယခုအတိုင်းပင် တလ ၆၅ိ- နှင့် ကိစ္စပြီးစေမည်။ ကျန်ငွေ အစိတ် သုံးဆယ်ကို စုနိုင်ဦးမည်။
ထိုမျှသာလော၊ မကသေးချေ။ မအုန်းနုကို ကြည့်လျှင် အဖက်ဖက်မှ ငြင်းစရာ မလိုချေ။ ရုပ်လည်း ပြေပြစ်သူ ဖြစ်၏။ သဘောလည်း ကောင်းသူ ဖြစ်၏။ ထိုထက် ဇယားမိသော အချက်ကား တဖက်တလမ်း ဝင်ငွေရှာတတ်သူ ဖြစ်၏။ ဤသို့ အဖက်ဖက်မှ စဉ်းစားလိုက်သည့် အခါ ကိုဘမောင်သည် မအုန်းနုတို့ မကြာခဏ ပြောတတ်သည့် အတိုင်း အိမ်သားလုပ်ရန် ဆုံးဖြတ်လိုက်လေသည်။
“ကဲကွာ ... ဇယားမိနေပေါ့၊ အိမ်သားဘဲ လုပ်လိုက်ပါတော့မယ်”
(၂)
ကိုဘမောင်သည် သူ၏ ဆုံးဖြတ်ချက် အတိုင်းပင် ယနေ့ မအုန်းနုအား ဖွင့်ပြောမည်ဟု ကြံရွယ် ထားလေသည်။ ထို့ကြောင့်လည်း ရုံးအားသည့်နေ့ ဖြစ်သော်လည်း ဘယ်မျှ မသွားဘဲ အခန်းတွင်း အောင်းကာ အခွင့်ကို ချောင်းနေလေသည်။
တဖက်ခန်းမှ မအုန်းနု၏ စက်ချုပ်သံကို ကြားရလေသည်။ မအုန်းနု၏ စက်ချုပ်သံသည် စန္ဒရားသံကဲ့သို့ ကိုဘမောင်၏ နားထဲတွင် သာယာနေမိသည်။ တခါတရံ စက်ချုပ်ရင်း သီချင်း ဆိုလိုက်သည့် အခါတွင် မအုန်းနု၏ သီချင်းသံနှင့် စက်ချုပ်သံမှာ ရေဒီယိုမှ လာသော စန္ဒရားသံနှင့် သီချင်းသံထက် သာယာမိလေသည်။
ယခုလည်း စက်သံနှင့် ရော၍ မအုန်းနု၏ သီချင်းသံကလေးကို တအေးအေး ကြားလာရလေသည်။ ခဏကြာလျှင် စက်သံ ရပ်သွားကာ သီချင်းကလေးကာ ကြားရပြန်လေသည်။
“ကိုဘမောင်ကြီး ဘယ်မှ မသွားဘူး မှတ်လား”
“မသွားပါဘူး မအုန်းနု၊ ဘာကိစ္စ ရှိလို့လဲ”
“ကော်ဖီ ဖျော်နေလို့ပါရှင်”
ကိုဘမောင်သည် မအုန်းနု၏ ကော်ဖီကိုသာ စောင့်နေမိသည်။ ကော်ဖီ လာပို့လျှင် သူ၏ ဆုံးဖြတ်ချက်ကို ပြောရန် စိတ်ကူး လိုက်လေသည်။
မအုန်းနုသည် ကိုဘမောင်၏ အကြံကို ရိပ်မိဟန် မတူပေ။ ကော်ဖီ လာပို့ပြီးလျှင် ခါတိုင်းလိုပင် ကိုဘမောင်၏ စားပွဲဘေးမှ ထိုင်၍ စောင့်ရှာသည်။ ကိုဘမောင်သည် ကော်ဖီပန်းကန်ကို စားပွဲပေါ်သို့ တင်လိုက်ရင်း မအုန်းနုကိုသာ စိုက်၍ ကြည့်နေလေသည်။ ပြီးမှ သူ့စိတ်ကို သူ တင်းကာ ...
“ကျနော်တော့ဗျာ၊ ဒီလကုန်ရင် ဒီအိမ်က ပြောင်းရမလား မသိဘူး” ဟု ညည်းလိုက်သည်။ ကိုဘမောင် အိမ်ပြောင်းမည် ဆို၍ မအုန်းနုမှာ အံ့ဩမိလေသည်။
“ရှင် အိမ်ပြောင်းမယ် ဟုတ်လား၊ ဘာလို့လဲ၊ ကျမတို့နဲ့ နေရတာ အဆင်မပြေလို့လား ...”
“ဒီလိုလဲ မှုတ်ပါဘူးဗျာ၊ ကျနော့်မှာ နှစ်လမ်းဘဲ ရှိတယ်၊ ဒီအိမ်မှာ ဆက်နေမယ် ဆိုရင်လဲ မအုန်းနုတို့ ပြောသလို အိမ်သားလိုဘဲ နေမှ ဖြစ်မယ်၊ ဒီလိုမှ မနေနိုင်ဘူး ဆိုရင်လဲ ကျနော် တခြားကို ပြောင်းမှ ဖြစ်မယ်၊ မအုန်းနုတို့ကိုလဲ အားတော့ နာပါတယ် ...”
“ဖြစ်မှ ဖြစ်ရလေရှင်၊ ရှင့်ကို ဘယ်သူက မနေရဘူး ပြောသလဲ၊ နေရတာ ကျဉ်းကျပ်သလား၊ စားရတာ အားမရဘူးလား၊ ပြောလေ၊ ကျမတို့ကို ဘာမှ အားနာစရာ မရှိပါဘူး ...”
မအုန်းနုသည် ကိုဘမောင်၏ စကားကို မရိပ်မိရှာဘဲ၊ အရိုးခံ အတိုင်းသာ စေတနာဖြင့် ပြောလိုက်ရှာလေသည်။ ထို့ကြောင့်လည်း ကိုဘမောင်မှာ အခက်တွေ့ရ ပြန်သည်။
“ကျနော် ပြောတာကို မအုန်းနု နားမလည်ဘူး ထင်တယ်၊ မအုန်းနု စိတ်လဲ မဆိုးနဲ့ဗျာ၊ ကျနော် မပြောရင် မဖြစ်တော့ဘူး၊ ကျနော့် အပေါ်မှာ မအုန်းနုတို့ ဘယ်လို ပြုစုတယ်၊ စေတနာ ထားတယ်ဆိုတာ ကျနော် နားလည်ပါတယ်ဗျာ၊ အမှန်တော့ ဒီစေတနာတွေကို တန်ဘိုးထားလို့သာ ကျနော် ခုလို ဖြစ်ရတာဘဲ။ မအုန်းနု လက်ခံမယ်ဆိုရင် ကျနော်ဟာ ဒီအိမ်မှာ တသက်လုံး အိမ်သားအဖြစ် နေသွားပါရစေ ဆိုတာ ခွင့်တောင်းချင်တယ် ...”
မအုန်းနုသည် ခေါင်းကို ငုံ့၍ ထားလိုက်ရှာသည်၊ ထိုစကားမျိုး ကိုဘမောင်ထံမှ တနေ့နေ့တွင် ကြားရမည်ကို မြှော်လင့်ခဲ့သော်လည်း ယခုလို နဖူးတွေ့ ဒူးတွေ့ ကြုံရသည့် အခါတွင် ရင်များပင် ခုန်၍ လာလေသည်။ ဘာကို ပြန်၍ ဖြေရမည်ကား စဉ်းစား၍ မရတော့ပေ။
“ကျနော်ပြောတာ ဘယ်လိုလဲ မအုန်းနု၊ စိတ်ဆိုးသလား ...၊ စိတ်ဆိုးတယ် ဆိုရင်လဲ ကျနော် ဒီအိမ်မှာ ဧည့်သည်အဖြစ် ဆက်မနေတော့ပါဘူး ...”
“ရှင့်ကို ဘယ်သူကများ နှင်နေလို့လဲ၊ ဒါတွေ ကျမ မပြောတတ်ဖူးရှင် ...၊ အမေ့ကိုသာ ပြောပါ၊ အမေ သဘောတူရင် ကျမ ကန့်ကွက်စရာ မရှိပါဘူး ...”
“မအုန်းနုတို့ အမေကိုလဲ ကျနော် ပြောပါမယ်၊ ဒါပေမယ့် မအုန်းနုရဲ့ သဘောတော့ သိပရစေ ...”
မအုန်းနုသည် စာပွဲပေါ်မှ စာအုပ်ကို တရွက်ချင်း လှန်လိုက်ရင်း ခပ်တိုးတိုး အသံဖြင့် ရှက်စနိုး ဖြေလိုက်လေသည်။
“ကျမ သဘောကို ပြောစရာ မလိုပါဘူး ကိုဘမောင်ရယ်၊ တယောက်နဲ့ တယောက် ဒါလောက် ရင်းနှီးနေကြတာဘဲ ...”
“ဒါဖြင့် လက်ခံတယ်ပေါ့နော် ...၊ ဟုတ်လား မအုန်းနု၊ ကျနော့်ကို ချစ်တယ်ပေါ့နော် ...”
ကိုဘမောင်က ဝမ်းသာအားရ မေးလိုက်သည့် တိုင်အောင် မအုန်းနုက ပြန်၍ မဖြေဘဲ ကိုဘမောင်ကိုသာ ပြုံး၍ ကြည့်နေရှာသည်။
“အစကတော့ ကျောက်ဖြူနမ်းရင် ဖုန်ကပ်တယ်ဆို ...”
“အခု ကျောက်ဖြူတွေက ဖုန်မကပ်တော့ ပါဘူးဗျာ ...”
“တခုတော့ ရှိတယ်၊ ကျမတို့က အောက်သူတွေနော်။ အောက်သူကို လာစမ်းပီးမှ နောက်တော့ ကုန်တယ်လေး ဘာလေး မညည်းနဲ့၊ အသုံးအစွဲ ကြီးတယ်လေး ဘာလေး မပြောနဲ့ ...”
ကိုဘမောင်သည် မအုန်းနု၏ စကားကို နားထောင်ရင်း ကျေနပ်စွာ ပြုံးလိုက်လေသည်။ သူ၏ လက်တဖက်ကမူ စာပွဲပေါ်တွင် တင်၍ ထားသော မအုန်းနု၏ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားလိုက် လေသည်။
“မအုန်းနုအတွက် ဆိုရင် ဘာမဆို ကျနော် ကျေနပ်ပါတယ်ဗျာ ...”
(၃)
ကိုဘမောင်သည် မအုန်းနုကို ကြည့်၍ တစုံတခု ပြောရန် စဉ်းစားလိုက် လေသည်။ ကိုဘမောင်နှင့် မအုန်းနုတို့ အိမ်ထောင် ကျခဲ့သည်မှာ ၂- လကျော်၍ ၃- လပင် ပြည့်တော့မည်။ အိမ်ထောင်ကျပြီး၍ တလကျော်လောက်ကပင် ထိုစကားကို ပြောရန် ကြံရွယ်ခဲ့သော်လည်း မပြောဖြစ်ခဲ့ချေ။ ပြောလျှင် သဘောထား သေးရာ ရောက်မည်ကို စိုးရသေးသည်။ မပြောလျှင်လည်း မဖြစ်တော့သော အခြေသို့ ရောက်၍ နေလေပြီ။ တခါတရံ သူပင် ဇယားတွက် မှားလေသလောဟု စိုးရိမ်မိလေသည်။
ကိုဘမောင်သည် သီချင်းလေး တအေးအေးဖြင့် ရှိနေသော ဇနီးသည်ကို ကြည့်ရင်း အလိုလို ရင်လေး၍ လာလေသည်။ အိမ်ထောင် ကျပြီးသည့်နောက် တလကျော်လျှင် သူထင်သည့် ဇယားများ မကိုက်တော့ကြောင်းကို အလိုလို တွေ့လာရလေသည်။ တလ တလ ထုတ်သော လခသည် အလျင်မမှီတော့ချေ။ လကုန်ရက်တွင် ဈေးသုံးဘို့ ပြတ်နေသဖြင့် ဇနီးသည် ညည်းသံကို စိတ်မချမ်းသာဘွယ်ရာ ကြားရလေသည်။ သည်အခါများတွင် ကိုဘမောင်သည် စိတ်ထဲမှ ပြောလိုသော စကားကို ဖွင့်၍ ပြောချင်လှသည်။ သို့ပေမင့် ကိုယ်က သဘောသေးရာ ကျမည် စိုး၍သာ မျိုသိပ် ထားခဲ့ရလေသည်။
ယနေ့တော့ ဇနီးသည်အား ဖျောင်းဖျ ပြောဆိုမည်ဟု ဆုံးဖြတ်လိုက်လေသည်။ မပြော၍လည်း မဖြစ်တော့ချေ။ အိမ်တွင် ဈေးဘိုး မလောက်သော်လည်း မအုန်းနုသည် ယခင်လို တဖက်တလမ်းမှ ဝင်ငွေရသော အလုပ်ကို လုပ်ဖော် မရတော့ချေ။ စက်လည်း မချုပ်တော့ချေ။ ဤသည်ကို ကိုဘမောင်က သိခဲ့သော်လည်း ဖွင့်မမေး။ ဈေးဘိုး မလောက်သည့် အခါတိုင်း လူပျိုဘဝက စုလာခဲ့သော ငွေများထဲမှ ထုတ်ပေးခဲ့ရ၏။ ဒါကိုပင် မအုန်းနုက မကျေနပ်ခဲ့ပေ။ မလောက်သည့် အခါမှ ၅ိ - ၁၀ိ လီ၍ ထုတ်ပေးခြင်းကို သူ့အား ကပ်စေးနဲ ကော်တရာဟု အပြောခံရလေသည်။ သို့အပြောခံရသော်လည်း သူ့တွင်မူ ရှိစုမဲ့စုကလေးများ ကုန်လုနီးပါးပင် ရှိခဲ့လေသည်။ သည်အတိုင်း သွားလျှင်ကား ဇယားမမိရုံသာမက အိတ်ထဲကပင် စိုက်၍ နေရသေးသည်။ စိုက်နိုင်တုန်း ရှိတုန်းအခါမို့ တော်သေး၏။ မရှိ၍ မစိုက်နိုင်တော့လျှင် မည်သို့ လုပ်ပါမည်နည်း။ ဤသည်ကို တွေး၍ ကိုဘမောင်သည် ရင်လေး လာခဲ့လေသည်။
မအုန်းနုသည် လက်ထဲမှ ပိတ်ပါး လက်တိုအင်္ကျီကို သူ့ရင်တွင် ကပ်၍ ထားလိုက်ရင်း ကိုဘမောင်ရှေ့၌ ခပ်ပြုံးပြုံး လာ၍ ရပ်လိုက်လေသည်။
“ကြည့်စမ်း ကိုဘမောင် ဒါ နုနဲ့ လိုက်တယ်နော်”
ကိုဘမောင်သည် မချိသွားဖြီး ပြုံးလိုက်ရှာသည်။
“လိုက်ပါတယ်ကွာ”
မအုန်းနုသည် ကိုဘမောင်၏ စကားကို ကျေနပ်ပုံ မရပေ။ ထို့ကြောင့်လည်း ကိုဘမောင်၏ ဘေးတွင် စူစူအောင့်အောင့် ထိုင်၍ ချလိုက်လေသည်။
“သူများတွေလို နိုင်လွန် မဝတ်နိုင်တော့ ဒါဘဲ ဝယ်ရတယ်၊ အိမ်ထောင်ကျမှ နိုင်လွန်များ မြင်တောင် မမြင်ရဘူး၊ ကိုယ့်တယောက်ထဲ စက်ချုပ် နေတုန်းကမှ ဝတ်ရသေးတယ်”
မအုန်းနု၏ ညည်းညူသံကို ကြားရ ပြန်တော့လည်း ကိုဘမောင်မှာ စိတ်မကောင်း ဖြစ်ရပြန်၏။
“အေးပေါ့ကွယ်၊ ပိုတဲ့ လကျတော့ ကြည့်ဝယ်ပေါ့”
“ပိုတဲ့လရယ်လို့ ရှိပါအုံးမလား ကိုဘမောင်ရယ်၊ ရှင်ရတဲ့ လခနဲ့ တွက်ဘဲ ကြည့်စမ်းပါအုံး၊ တလ တလမှာ ငွေ ၁၀၀ိ- နဲ့ ဘယ်မှာသွား စားလောက်မလဲ”
“ဒါဖြင့်ရင် မအုန်းနုရယ်၊ ကျုပ် မသိလို့ မေးပါရစေ၊ ဟိုတုန်းကတော့ ဘယ်လိုလုပ်ပြီး စားကြသလဲ”
ကိုဘမောင်သည် ဤအချက်ကိုပင် ဇယားချ၍ မရခဲ့ခြင်းပင် ဖြစ်လေသည်။ သူနှင့် မရမီက မအုန်းနုတို့ သားအမိသည် သူပေးသော ထမင်းလခ ၆၅ိ- ကျပ်နှင့်ပင် လောက်အောင် စားခဲ့၍ မအုန်းနု စက်ချုပ်၍ ရသော ဝင်ငွေကို တခြား အဝတ်အစားများ ဝယ်နိုင်ခဲ့သေးလျှင် ယခု ၁၀၀ိ- အပ်၍ မလောက်သည်မှာ စဉ်းစား၍ မရအောင်ပင် ရှိခဲ့လေသည်။ ထို့ကြောင့်လည်း ခုတကြိမ်တွင် ဖွင့်၍ မေးလိုက်ခြင်း ဖြစ်လေသည်။
မအုန်းနုသည် ကိုဘမောင်၏ အမေးကို ရုတ်တရက် မဖြေနိုင်သေးဘဲ ကြောင်၍ နေရာမှ တဖြည်းဖြည်း မျက်စိမျက်နှာ ပျက်၍ လာလေသည်။
“ဘာလဲ ရှင်က ကျမကို မယုံဘူးလား၊ ငွေ ၁၀၀ိ- ကို ဈေးဘိုးနဲ့ဘဲ တွက်ကြည့်စမ်းပါ။ ဆန်၊ ဆီ၊ ဆား၊ ငပိ ရှိတောင် တနေ့ကို ဈေးဘိုး ၂- ကျပ်နဲ့ မလောက်ဘူးရှင့်၊ ၃- ကျပ်ဆိုမှ အသားလေး ငါးလေး တကျပ်ဘိုး၊ ငါးမတ်ဘိုး ဝယ်နိုင်တာ၊ ဒီအထဲ ကော်ဖီ စရိတ်က ရှိသေးတယ်၊ ဆေးလိပ်ဘိုး၊ လဖက်ဘိုး ရှိသေးတယ်၊ ကျမ ဘာနဲ့သွားပြီး လောက်အောင် သုံးရမလဲ”
မအုန်းနုက ငိုသံဖြင့် ပြောသည့် အခါတွင်မူ ကိုဘမောင်သည် သူ၏ ဇယားတွက် မှားခဲ့ခြင်းအတွက် စိတ်မကောင်း ဖြစ်ရပြန်လေသည်။ သို့သော် တစုံတခုကိုကား မကျေနပ်နိုင်သေးပေ။
“အေးပါလေ ... ကျုပ်က မယုံလို့ မေးတာ မဟုတ်ပါဘူး။ ဟိုတုန်းက ၆၅- ကျပ်နဲ့တောင် လောက်သေးတာ၊ ခု ၁၀၀ိ- ဆိုတော့ မပိုတောင် လောက်ရမှာပေါ့၊ အမှန်က ကျုပ် ထင်နေတာက တလကို ငွေအစိတ် သုံးဆယ်လောက်တောင် ပိုမယ် ထင်နေတာ”
ကိုဘမောင်၏ စကားကြောင့် မအုန်းနုမှာ မျက်နှာကလေးများ နီ၍ လာလေသည်။
“ဘာလဲ၊ ရှင်က အညာသားပီပီ ကော်တရာ ကပ်စေးနဲစကား မပြောပါနဲ့၊ ရှင်က မိန်းမ ယူတာကိုများ ထမင်းလခ ပေးနေရသလို တွက်နေသလား၊ ဒီလို တွက်ကြေးနဲ့ ဆိုရင် ရှင်တယောက်ထဲ နေတုန်းက တလ ၆၅ိ- ပေးရရင် ကျမအတွက် ဘယ်သွားထားမလဲ၊ ကျမဟာ ရှင့်မယား ဆိုတာကို ရှင် စဉ်းစားမိရဲ့လား၊ ရှင့်မယားနဲ့ နေတဲ့ ဒီအခန်းအတွက် လခ မပေးရတာရော ရှင် ထည့်စဉ်းစားရဲ့လား၊ အညာသားပီပီ နေရာတကာ ဇယားချဘို့ဘဲ သိတယ်”
ကိုဘမောင်သည် သူ၏ အမှားကို မြင်၍ လာလေသည်။ သူချ၍ မရသော ဇယားလည်း အထင်းသား တွေ့လာရလေသည်။
“ရှင့်လို တွက်ကြေးဆိုရင် ကျမလဲ ရှင်နဲ့ရရင် အေးအေးဆေးဆေး နေရမယ်လို့ ထင်ပြီး စက်တောင် ရောင်းမယ်လို့ စိတ်ကူးခဲ့တယ်၊ ဒါကြောင့် အလုပ်တောင် လက်မခံဘူး၊ ခုတော့ ဒီအရေတွေ မြင်လို့ စက်ပြန်ချုပ်ဖို့ အလုပ်လဲ ရှာနေရတယ်၊ ပြီးတော့လဲ ကျမတို့ ဒီဘက်ခန်းကို ပြောင်းပြီး ဟိုဘက် အခန်းလေးကို ငှါးဘို့လဲ စီစဉ်ရတယ်၊ ဒါတွေကို ရှင် စိတ်မကောင်းမှာ စိုးလို့ ဖွင့်မပြောခဲ့ဘူး၊ အားလုံး အဆင်ပြေအောင် အမေနဲ့ ကြည့်ပြီး စီမံခဲ့တယ်၊ ဒါတောင် အကောင်းထင်ဖော် မရဘူး”
ကိုဘမောင်သည် ဇနီးသည် ခေါင်းကို ဆွဲထူရင်း မျက်ရည်စများကို သုတ်ပေး လိုက်လေသည်။ ပြီးတော့လည်း လှိုက်လှိုက်လှဲလှဲ ညည်းညူ လိုက်လေသည်။
“ငါ ဇယားတွက် မှားလို့ပါကွာ၊ စိတ်မဆိုးပါနဲ့၊ နောက်ကို မင်း ကြိုက်သလို စီစဉ်ပါတော့၊ ငါ့ ခေါင်းအုံး ထဲမှာလဲ ငွေ ၁၀၀- ရှိပါသေးတယ်၊ ကြိုက်သလိုသာ သုံးပါတော့ကွာ”
🔲
#အောင်လင်း
မြဝတီ၊ အတွဲ ၆၊ အမှတ် ၃၊ ဇန်နဝါရီ၊ ၁၉၅၈။
မြဝတီ လက်ရွေးစင် မြန်မာဝတ္ထုတိုပေါင်းချုပ် (၁၉၆၆?)
No comments:
Post a Comment