May 24, 2018

ဆင်ပေါက်တို့ မင်္ဂလာဦးည

ဆင်ပေါက်တို့ မင်္ဂလာဦးည
❇❇❇❇❇❇❇❇❇

မောင်သာပို

ဆင်ပေါက်ကို မလှချုပ်က နောက်နေ့မှ လူကြီးတွေ ကန်တော့ရင်း သွားတာပေါ့လို့ အတန်တန် ပြောတယ်။ ဒါပေမဲ့ မရဘူး။ ဆင်ပေါက်က သူ့ဘကြီး ဘကြီးသိုက် မှာခဲ့တဲ့အတိုင်း ဒီနေ့ သွားယူမှ ဖြစ်မှာမို့ သူ့သူငယ်ချင်း လှအုန်းမောင်ကို ခေါ်ပြီး ထွက်သွားတာပါ။ အခုတော့ မလှချုပ် ထင်တဲ့ အတိုင်းပဲ၊ မိုးတောင် တော်တော် ချုပ်သွားပြီ။ ဆင်ပေါက်ဆိုတဲ့ အကောင် ခုထက်ထိ ပြန်မရောက်လာ သေးဘူး။

မလှချုပ် မသွားစေချင်တာက ဘကြီးသိုက်တို့ ပန်းတခုံရွာနဲ့ မလှချုပ်တို့ ကျောက်ပနံရွာဟာ လေး ငါး ခြောက်မိုင်လောက် ဝေးလို့ပါ။ အချိန်နဲ့ အချိန်မသွားရင် အချိန်နဲ့ အချိန်ပြန်ရောက်ဖို့ မလွယ်ဘူး။ ဒါကြောင့် မလှချုပ်က နောက်နေ့မှ သွားဖို့ ပြောတာပါ။ ဒါကို ဒီကောင်က နားမထောင်ဘူး။ ဇွတ်ထွက်သွားတယ်။ မလှချုပ် ကတော့ ဒီနေ့မှ မင်္ဂလာ ဆောင်ထားတဲ့ အသစ်စက်စက် လင်လေးမို့ သူ သွားချင်တာ သွားပါစေဆိုပြီး လွှတ်လိုက်တာပါ။ အခုတော့ မလှချုပ် ထင်တဲ့ အတိုင်းပဲ အချိန်နဲ့ အချိန် ဘယ်ပြန်ရောက်လာလို့တုန်း။ ဒါကြောင့် စူဠလိပ် ရေထဲ လွှတ်တဲ့ကိန်း ဆိုက်ပါပြီ ဆိုပြီး မလှချုပ် စိတ်တွေ ပူနေတယ်။ စိတ်ပူတာလည်း မပြောနဲ့ သူငယ်အိပ်ဆိတ် ကြက်တောင် တွန်သွားပြီ မဟုတ်လား။ ဆင်ပေါက်ဆိုတဲ့ ကောင်က ခုထက်ထိ ပြန်ရောက် မလာသေးဘူး။

မလှချုပ်က ဒီအရေး မြင်လို့ကို ဆင်ပေါက်တို့ သွားခါနီးတုန်းက မှာလိုက်သေးတယ်။ မှာတာမှ လူကြားရင် ရှက်စရာကြီးမို့ နှစ်ကိုယ်ကြား တိုးတိုးလေး မှာလိုက်တာပါ။ ဒါတောင် ဒီကောင်က သဘောမပေါက်ဘူး။

မလှချုပ် မှာတာက ဒီလိုပါ။

ဒီနေ့ညဟာ မင်္ဂလာဦးည ဖြစ်တဲ့ အကြောင်းနဲ့ မင်္ဂလာဦးညမှာ သတို့သမီးနဲ့ သတို့သား တစ်ယောက်နဲ့ တစ်ယောက် ဝေးဝေးလံလံ ခွဲခွာ မနေရဘဲ သတို့သမီးရဲ့ အခန်းထဲမှာ ခန်းဝင်ပစ္စည်းများနဲ့အတူ မျက်နှာချင်းဆိုင် ထိုင်ပြီး ရှေ့ရေး နောင်ရေးများကို တိုင်ပင်နှီးနှောရအောင်လို့ပါ။ ဒါပါ။

ဒါကို ဒီကောင်က သဘောမပေါက်ဘူး။ သဘောမပေါက်တာလည်း မပြောနဲ့လေ။ ဒီကောင်က ခုမှ လူပျိုကလေး ရှိသေးတဲ့ ဥစ္စာ။ ဒီတော့ မလှချုပ် ပြောတဲ့ နိမိတ်ပြ စကားတွေကို ဘာမှန်းမှ မသိဘဲ ထွက်သွားတာပေါ့။ မလှချုပ်ကလည်း ဆင်ပေါက် ဒီလို ပြန်မပြော၊ နားမထောင် အပေါက်မျိုး ချိုးသွားတာကိုပဲ သဘောကျပြီး ရင်တွေ ဘာတွေတောင် ခုန်နေလိုက်ပါသေးတယ်။

မလှချုပ်နဲ့ ဆင်ပေါက်ဟာ တစ်ခုလပ်နဲ့ လူပျိုပေါက်ကလေး တွေ့ကြတာ ဆိုတော့ အသက်အရွယ် ကွာသလို အသိဥာဏ်ချင်းလည်း ကွာတာပေါ့လေ။ ပြီးတော့ ရုပ်ရည် ရူပကာချင်းလည်း ကွာတာပဲ။ ကွာဆို မလှချုပ်ကို ပပဝတီလို့ တင်စားပြီး ဆင်ပေါက်ကျတော့ မင်းကုသ လို့တောင် ပြောနေသေးတယ် မဟုတ်လား။ တကယ်လည်း သူတို့ နှစ်ယောက်ကို မလိုက်ဖက်ဘူးလို့ လူတိုင်းက ပြောနေကြတယ်။ ဒါလည်း ဟုတ်တာပဲ။ ဟိုကောင် ဆင်ပေါက်ဆိုတဲ့ အကောင်က တစ်နေကုန် ထိုင်ကြည့်လို့မှ နှစ်ပြားမတန်တဲ့ရုပ် ဆိုတော့ ပြောကြပေမှာပဲ။

ဒါပေမဲ့ မလှချုပ်ကတော့ ဆင်ပေါက်ဟာ သူ့အတွက် ဘဝလုံခြုံရေး အပေးနိုင်ဆုံး ဧရာမ ယောက်ျားကြီး တစ်ယောက်လို့ ယုံကြည် ထားပါတယ်။ ပြီးတော့ မလှချုပ်ဟာ ဆင်ပေါက်ရဲ့ ရင်ခွင်ထဲကို နားနားနေနေ ခိုလှုံချင်တယ်။ ဒါက ဘယ်သူ မှ မသိနိုင်တဲ့ မလှချုပ်ရဲ့ ရင်ထဲက ဆန္ဒတွေပါ။

တကယ်တော့ မလှချုပ်က အိမ်ထောင်တစ်ခု ပျက်ခဲ့တဲ့ တစ်ခုလပ်ပေမယ့် ကြိုက်သူတွေကတော့ ဝိုင်းဝိုင်းလည် နေတာပဲ။ ဝိုင်းဝိုင်းလည်ဆို ရွာနီးချုပ်စပ်က သူကြီးသားတွေ၊ မြေပိုင်ရှင်တွေဟာ နည်းနည်းနောနောမှ မဟုတ်တာ။ လာပြီး စကား ကမ်းလှမ်းကြတာများ ဆိုရင် တစ်ခါတလေ တစ်နေ့တည်းတင် နှစ်ဦး၊ သုံးဦးများတောင် ဆုံနေလိုက်ကြ သေးတယ်။ တစ်ဦးက မြေဆယ်ဧက တင်မယ်ဆိုရင် နောက်တစ်ဦးက မြေဆယ့်ငါးဧကနဲ့ နွားတစ်ရှဉ်း တင်မယ်ဆိုပြီး ပစ္စည်းတစ်ခု လေလံဆွဲသလို သူ့ထက်ငါ အသောအကျောတွေ ပေးလို့ပေါ့လေ။ ဒါပေမဲ့ မလှချုပ်က သူတို့ကို မျက်မွေးထော်လို့ မော်တောင် မကြည့်ခဲ့ပါဘူး။

ဘာဖြစ်လို့တုံး ဆိုတော့ မလှချုပ်က သူ့ကိုယ်သူ ဒုတိယမယား အဖြစ် မခံနိုင်လို့ပါ။ ဒါလောက်တော့ မလှချုပ်လည်း သိတာပေါ့။

သိဆို သူတို့က တောင်သူကြီးနဲ့ အရှိန်အဝါ ရှိတဲ့လူတွေ မဟုတ်လား။ သူတို့ဟာ သစ်စေ့တွေ တအားရကြ၊ သစ်စေ့ဈေးတွေက ကောင်းကြဆိုတော့ သူတို့လက်ထဲမှာ ငွေယားလေးတွေနဲ့ မြို့တက်ပြီး ခေါင်းလျှော်၊ ရေချိုး၊ ဒိုင်ဗင်ထိုး လုပ်နေကြတာ မလှချုပ် မသိတာ မှတ်လို့။ တောသားဆန်းရင် အိုးလုံးမှောက်တတ်တဲ့ စကားပုံ ရှိသားပဲ။ မလှချုပ် ကြောက်လွန်းလို့ပါ။

ဒါကြောင့်လည်း ဆင်ပေါက်ကို ယောက်ျားကောင်း တစ်ယောက်အဖြစ် ရာသက်ပန် လက်တွဲသွားဖို့ ရွေးဖြစ်သွားတာပါ။ ဘာပဲပြောပြော ရွာကာလသားများ နဲ့ ရွာနီးချုပ်စပ် ကာလသားတွေကတော့ ဆင်ပေါက်ကို ကံကောင်းတဲ့ ကောင်လို့ တညီတညွတ်တည်း သတ်မှတ်လိုက်ကြတာ အမှန်ပဲ။

ဒီကောင် ကံကောင်းတာလည်း မပြောနဲ့၊ မလှချုပ်ကို သူ ရထိုက်လို့ကို ရသွားတာပါ။ ဘာပြုလို့တုံး ဆိုတော့ မလှချုပ်က သူ ဒီဘဝ လင်မယူတော့ဘူး ဆိုတာ ရွာသိရပ်သိ ပြောထားလို့ပါ။ မလှချုပ်က ဒီလိုပြောပြီးမှ သူ့စကားသူ ဘာကြောင့် ပြန်ရုပ်သိမ်းလိုက်တယ် ဆိုတာတော့ သူကလွဲလို့ ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး။

ဒါပေမဲ့ ဆင်ပေါက် ကံကောင်း သွားတာကတော့ အမှန်ပဲ။

တကယ်တော့ မလှချုပ်ကို ဆင်ပေါက် ရသွားတာလည်း ဘာမှ သိပ်ပြီး အဆန်းတကြယ် မဟုတ်လှပါဘူး။ ကလေးတစ်ယောက် ရွာထဲ လျှောက်သွားရင်း လမ်းမှာ ဘိုမရုပ်ကလေး ကောက်ရလိုက် သလိုမျိုးပါပဲ။

သူတို့ချင်း တွေ့ပုံလေးက ဒီလိုပါ။

အဲဒီနေ့က ဆင်ပေါက်နဲ့ မလှချုပ်ဟာ အရီးကောင်းအိမ်တို့ အိမ်မှာ မမျှော်လင့်ဘဲ တွေ့ကြတော့ မလှချုပ်က ကြည်သာချိုမြတဲ့ အသံလေးနဲ့ပေါ့နော်။

"ဪ...ကိုရင် ဆင်ပေါက်တောင် လှလို့ဝလို့ လူပျိုကြီး ဖြစ်နေပါပေါ့လား။ မလှချုပ်ဖြင့် အိမ်ထဲတင် စက်တချုပ်ချုပ် လုပ်နေရတာနဲ့ပဲ နွေမိုးဆောင်း ပြောင်းသွားတာတောင် မသိလိုက်ဘူး။ ကြည့်စမ်း၊ သူက တကယ့်ကို လူပျိုကြီး ဖြစ်နေတာကိုး"

ဆိုပြီး ဆင်ပေါက်ရဲ့ပခုံးနှစ်ဖက်ကို သာသာဖွဖွ ကိုင်လှုပ်လိုက်တော့ ဒီကောင် ဘယ်ခံနိုင်ပါ့မတုန်း။ အသည်းနှလုံးတွေ တုန်ခါပြီး အမဲခြောက် မီးဖိုထဲ ပစ်ထည့်လိုက်သလို တစ်ခါတည်း တွန့်လိမ်သွားတော့ တာပေါ့။ ဒါပါပဲ။

ဒါတောင် ဒီကောင် ဘာကြောင့်များ အခုလို မင်္ဂလာဦးညကို ဥပေက္ခာပြု နေရတာတုံး။ မလှချုပ်ကတော့ မျှော်တော်ဇောနဲ့ မောလှပြီ။

* * *

"တကယ်တော့ ဆင်ပေါက်ဟာ သစ်သားကို ထုထားတဲ့ ပန်းပုရုပ် မဟုတ်ပါဘူး။ ဆင်ပေါက်မှာလည်း အသည်းနှလုံးနဲ့ပါ။ မလှချုပ်ရဲ့ နူးညံ့တဲ့ ခန္ဓာကိုယ်လေးကို ပွေ့ဖက် ထားချင်တာပါပဲ။ ပြီးတော့ မလှချုပ်ရဲ့ ကြည်သာချိုမြတဲ့ စကားသံတွေကိုလည်း ကြားချင်လှပါပြီ။ ဒါပေမဲ့ မလှချုပ်ရယ်၊ ဆင်ပေါက် ဖြစ်အင်ကိုလည်း လာကြည့်လှည့်ပါဦး"

ဒါက ဆင်ပေါက် ရင်ထဲက ပြောနေတဲ့ စကားတွေပါ။ တကယ်တော့ ဆင်ပေါက် အနေနဲ့ အပြင်မှာ ဒီစကားမျိုး မပြောတတ်ပါဘူး။ အခု ဆင်ပေါက် ပြောနေတဲ့ ရင်ထဲက စကားတွေဟာ ပန်းတခုံရွာက သူ့အမေရဲ့ အစ်ကိုအကြီးဆုံး ဘကြီးသိုက်အိမ်မှာ ဘကြီးသိုက်ရဲ့ သရော်တော်တော် မျက်နှာကြီးကို ကြည့်ပြီး ပြောနေတာပါ။

ဆင်ပေါက်ဟာ သူ မော်ကြည့်နေရတဲ့ သူ့ဘကြီးရဲ့ သရော်တော်တော် မျက်နှာကြီးပေါ်မှာ မလှချုပ်ရဲ့ မျက်နှာလေး ဖုံးအုပ်ပြီး ကြည့်နေတာကြောင့် ဘကြီးသိုက် ပြောနေတဲ့ စကားများကို ဘာမှမကြားသလို ဖြစ်နေပါတော့တယ်။

ဘကြီးသိုက်ကလည်း သူ ပြောနေတဲ့ စကားများကို ဒီကောင် စိတ်မဝင်စားဘူး ဆိုတာ သိတယ်။ ဒါကြောင့် သူ ပြောတာ စိတ်မဝင်စားဘူး ဆိုတာ သိလေ ရွဲ့ပြီး ဖိပြောလေ လုပ်နေတယ်။ ကြာတော့ ပြောရင်းပြောရင်း အချိန်တွေ ကုန်မှန်းမသိ ကုန်သွားတော့တာ ပါပဲ။ အခုတော့ သူ လိုချင်တဲ့ နေဝင်ဖျိုးဖျ အချိန်လည်း ရောက်ပြီမို့ သူ့စကားကြောကို ဖြတ်လိုက်ပါတယ်။ ပြီးတော့ မနက်က ဆင်ပေါက်တို့ မင်္ဂလာဆောင်မှာ လက်ဖွဲ့ခဲ့တဲ့ ချိုရှည် လည်စေ့ကြီး သက်ကြီးပု နွားလေးကို ချည်တိုင်က သွားဖြုတ်ပြီး ဆင်ပေါက်လက် ကြိုးအပ်လိုက်ပါတယ်။ ဆင်ပေါက်လက် နွားကြိုးအပ်ရင်း "ကဲ- ငါ့တူကြီး၊ ဒီနွားနဲ့ ဒီရေအလား စီးပွားတိုးတက်ပြီး မင်းတို့လင်မယား အိုအောင်မင်းအောင် ပေါင်းကြရပါစေဗျား" ဆိုပြီး သူ့ရဲ့ သရော်တော်တော် မျက်နှာကြီးနဲ့ ဆုပေးနေတော့ လှအုန်းမောင်က ရယ်ချင်နေတယ်။ ဒါပေမဲ့ ဘကြီးသိုက်ကို ကြောက်လို့ မရယ်ရဲပါဘူး။ ဆင်ပေါက်ကတော့ မျက်နှာငယ်လေးနဲ့ပေါ့လေ။ သူ့မှာ လှအုန်းမောင်လို ရယ်ချင်တာ ထားလို့ ငိုတောင် ငိုချင်နေသေးတယ်။

တကယ်တော့ ဘကြီးသိုက်က ဆင်ပေါက်ကို သူ့နှလုံးသားမို့ သံယောဇဉ် ရှိတာ အမှန်ပါ။ ဒါပေမဲ့ ဒီကောင်က မိဘဆွေမျိုးသားချင်း စကားကို တစ်စက်ကလေးမှ နားမထောင်ဘဲ သူ့သဘောနဲ့သူ မိန်းမ ယူသွားတာကြောင့် ဘကြီးသိုက်က ခပ်ချဉ်ချဉ် ဖြစ်နေတာပါ။ ဘကြီးသိုက်တို့ ဆွေမျိုးတစ်သိုက်က တစ်ခုလပ် မလှချုပ်ကို ယူလို့ ဘာညာ မဟုတ်ပါဘူး။ ဒီကောင်ကိုက ငယ်နေသေးလို့ပါ။ ငယ်ဆို ရှင်လူထွက်တာတောင် ဘာမှ မကြာသေးဘူး။ ဒါကြောင့် သူ့အမေဟာ မလှချုပ်ကို သူ့သား ယူတော့မယ် ဆိုတာ သိတဲ့နေ့ကများ ထမင်းတောင် မစားနိုင်ဘူး။ အိပ်ရာထဲမှာ တခွေခွေနဲ့။ ဒါကြောင့် ဘကြီးသိုက်က ဒီကောင်အပေါ် ချဉ်နေတာပါ။ အဲဒီလို ချဉ်နေတဲ့အလျောက် ဒါလောက်တောင် မိန်းမ ယူချင်တဲ့ကောင် တွေ့ကြသေးတာပေါ့ ဆိုပြီး အခု သူ့ဝသီအတိုင်း ဆင်ပေါက်တို့ရဲ့ မင်္ဂလာဦးညကို နည်းနည်းလောက် ကသိကအောက် ဖြစ်အောင် ကျီစယ်လိုက်တာပါ။

ဒါကလည်း ဘကြီးသိုက် ပြောသလို ပြောရရင် ခွင်ဆိုက်လာလို့ လုပ်ဖြစ် သွားတာပါ။ ခွင်ဆိုက်လာတော့ သူ့ဝသီအတိုင်း ရယ်ရအောင် လုပ်လိုက်တာပေါ့လေ။ ဒီလိုလုပ်လိုက်လို့ ဆင်ကျီစားတာ ဆိတ်မခံနိုင်သလို ဖြစ်သွားရင်လည်း ဘယ်တတ်နိုင်ပါ့မတုန်း။ ဒါလောက် မိန်းမယူချင်တဲ့ကောင် ခံပေါ့။

ဘကြီးသိုက်က သူ့တူ ဆင်ပေါက်ကို အခုလို ကလိလိုက်တာဟာ သူ့အပေါင်းအသင်း နွားသမား တစ်သိုက်က လွဲလို့ ဘယ်သူမှ မသိလိုက်ကြပါဘူး။ ဆင်ပေါက် ဆိုတာတော့ မပြောနဲ့တော့ ဘာမှန်းမှကို မသိလိုက်ဘူး။ ဘယ်သိပါ့မတုန်း ဘကြီးသိုက် လုပ်လိုက်ပုံကလည်း ကြက်မွေးနဲ့ ကျောသပ်သလို ယားကျိကျိဖြစ်ရုံလေး လုပ်တဲ့ဥစ္စာ။

ဘကြီးသိုက် လုပ်ပုံက ဒီလိုပါ။

ဘကြီးသိုက်တို့ ပန်းတခုံရွာနဲ့ ဆင်ပေါက်တို့ ကျောက်ပနံရွာက လေး ငါး ခြောက်မိုင်လောက် ဝေးတယ်။ တောသားခြေလှမ်းနဲ့ ခပ်ပြင်းပြင်း လျှောက်တာတောင် နှစ်နာရီသာသာ လျှောက်ရတတယ်။ ဒီခရီးရဲ့ အကွာအဝေး အနေအထားကို ဘကြီးသိုက်က နွားသမားပီပီ သိထားတယ်။ ဒါကြောင့် ဆင်ပေါက်တို့ မင်္ဂလာဆောင်မှာ ဒီကတ်တီးကတ်ဖဲ့နဲ့ အင်မတန် စိတ်ပျက်စရာ ကောင်းတဲ့ ဒီနွားကို လက်ဖွဲ့ခဲ့တာပေါ့။ ပြီးတော့ နွားကို နောက်နေ့အထိ မကူးရဘူး။ ဒီနေ့ညနေ လာယူရမယ်။ ဒါမှ မင်္ဂလာခန်းဝင်ပစ္စည်း မြောက်မယ် ဘာညာပြောပြီး မှာထားခဲ့လို့ အခု ဆင်ပေါက်က သူ့သူငယ်ချင်း လှအုန်းမောင်နဲ့ လာယူရတာပါ။

လာယူတော့ လမ်းမှာ ဒီနွားက သူ့အကျင့်အတိုင်း တစ်ခုပြီးတစ်ခု ဒုက္ခပေး သွားလိမ့်မပေါ့။ ဒုက္ခပေးတော့ သတို့သားဖြစ်တဲ့ ဆင်ပေါက် ဆိုတဲ့ အကောင်လည်း လမ်းမှာ တစ်ညလုံး နွားနဲ့ လုံးချာရိုက်ပြီး သတို့သမီးဆီ တော်တော်နဲ့ မရောက်နိုင်ဘဲ စိတ်တွေ ညစ်ပေါ့လေ။ စိတ်ညစ်လို့ ဒီနွားကို လမ်းတင် ပစ်ထားခဲ့လို့လည်း မဖြစ်၊ မဖြစ်တော့ စိတ်တွေတို၊ စိတ်တွေတိုတော့ နွားကိုရိုက်၊ နွားက ရိုက်လေ ပေကတ်ကတ် လုပ်လေပေါ့။ ဒီလိုနဲ့ သူ့တူဖြစ်တဲ့ သတို့သား ဆင်ပေါက်ရဲ့ မင်္ဂလာဦးညဟာ လမ်းမှာတင် မိုးလင်းရတဲ့ အဖြစ်မျိုး ဆိုက်အောင် လုပ်လိုက်တာပါ။

ဘကြီးသိုက် လက်ဖွဲ့လိုက်တဲ့ မင်္ဂလာဦးည ခန်းဝင်ပစ္စည်းတစ်ခု အဖြစ် သတို့သား ဆင်ပေါက် ယူသွားရမယ့် နွားရဲ့ ပုံပန်းကိုလည်း ကြည့်ဦး။

နွားက လမ်းသွားရင် ဖယ်ယမ်း ဖယ်ယမ်းနဲ့ ဒူးခေါင်းချင်း ရိုက်ပြီး အပျင်းတကြီး သွားတတ်သလို အစားကျတော့ ကောင်းမှ စားတာရယ်။ ပြီးတော့ ဗွေချက်ဖောက် ဆိုတော့ စိတ်ကောက် လိုက်တာကလည်း တာတေကို လန်ရောပဲ။ ဒါတင်ပဲလား ဆိုတော့ ဘယ်ဟုတ်ဦးမှာတုန်း၊ အပျင်းထူတဲ့ နေရာမှာ နှစ်ကောင် မရှိသလို ချည်တိုင်မှာ ချည်ထားရင် အမွေးတွေ ဆောင်းပြီး နွားမမာလေးလို တမှိုင်မှိုင် တတွေတွေ နေတတ်သေးတယ်။

ဒါကြောင့် ဒီနွားမျိုးကို နွားသမားတိုင်း ရှောင်ကြတယ်။ ဒါဖြင့် ဘာပြုလို့ အခု ဝါရင့်နွားသမားကြီး ဖြစ်တဲ့ ဘကြီးသိုက်ဆီ ဒီနွားက ဆီလို အပေါက်ရှာပြီး ရောက်လာရတာတုံး မေးစရာရှိတယ်။

ဒါက ဒီလိုရှိတယ်။ ဆင်ပေါက်တို့ မင်္ဂလာ မဆောင်ခင် အရင် လေးငါးရက်က ဒီနွားကို အဝယ်မှားထားတဲ့ လူတစ်ယောက်ဆီက ဟင်းဖိုးသာသာလောက်နဲ့ အချောင် ဝယ်ထားလိုက်တာပါ။ ဘကြီးသိုက် မသိလို့ အဝယ်မှားထားတာ မဟုတ်ပါဘူး။ ဘကြီးသိုက်က သူ့တူ ဆင်ပေါက်ကို ကလိချင်လို့ တမင်သက်သက် အပျော်တမ်း သဘောမျိုး ဝယ်ထားလိုက်တာပါ။ ဒါကြောင့် ဆင်ပေါက်တို့လည်း နွားဆွဲပြီး ရွာထဲက ထွက်သွားရော ဘကြီးသိုက် အိမ်မှာ ကျန်ခဲ့တဲ့ နွားသမားတွေက ဒီနွားအကြောင်းကို ပြောပြီး တသောသောနဲ့ ရယ်မောနေကြတာပေါ့။

ဘကြီးသိုက်ကတော့ သူ့တူ ဆင်ပေါက်နဲ့ သူ လက်ဖွဲ့လိုက်တဲ့ မင်္ဂလာဦး နွားလေးကို မျက်စိထဲ မြင်ယောင်ပြီး ပြုံးဖြဲဖြဲ လုပ်နေလေရဲ့။

* * *

ဆင်ပေါက်နဲ့ လှအုန်းမောင်တို့ ပန်းတခုံရွာက ထွက်ခဲ့တော့ မှောင်စပျိုးနေပြီ။ ဒါပေမဲ့ လဆန်း လေးငါးရက် လလေး ရှိနေသေးလို့ တော်ပါသေးတယ်။

နွားက ရွာက ထွက်စမှာတော့ မဆိုးဘူး။ ချောလို့ပါပဲ။ ကျောပေါ် ကြိုးပစ်ပြီး ရှေ့ကထား မောင်းလို့ ရပါသေးတယ်။ ဒါပေမဲ့ ပန်းတခုံနဲ့ ကျောက်ပြားရွာကြားက သင်္ချိုင်းကုန်းနားလည်း ရောက်ကရော ဖောက်တော့တာပါပဲ။ ဖောက်ဆို ရှေ့ကို မတိုးတော့ဘူး။ ပေကတ်ကတ် လုပ်ပြီး စုံကန် ရပ်နေတယ်။ ဆင်ပေါက်နဲ့ လှအုန်းမောင်လည်း ဘာဖြစ်တာပါလိမ့်မတုံး ဆိုပြီး ဆန်းစစ်ကြည့်တော့ ရှေ့ခပ်လှမ်းလှမ်းကနေ တောကြောင်လား၊ မြွေလား မသိဘူး။ အကောင်တစ်ကောင် ဖြတ်ပြေးတာပဲ ရှိတယ်။ ဒါကြောင့် ဆင်ပေါက်နဲ့ လှအုန်းမောင်လည်း စိတ်ပေါက်ပေါက်နဲ့ နွားကို ရိုက်လိုက်ကြတာ နဘူးသား ဆယ်ချောင်းလောက် ကုန်တယ်။ ဒါလည်း မရဘူး။ နွားက ပေကတ်ပြီး ရပ်နေတယ်။ နွားက ဘယ်လိုပဲ ရိုက်ရိုက် မရတဲ့အပြင် ဗွေချက်ဖောက် ဗီဇကို ပြတော့တာပါပဲ။ ပြဆို သူ့ကို မညှာမတာ ရိုက်နေတဲ့ ကြားထဲက တစ်ခါတည်း ဗုန်းခနဲ ပစ်လှဲလိုက်တယ်လေ။ ဘယ်လိုရိုက်ရိုက် သူကတော့ မဖြုံဘူးဆိုတဲ့ အပေါက်မျိုးကို ချိုးတော့တာပါပဲ။

အဲဒါမှ ခွကျတာရယ်။ ဒီနွားလုပ်ပေါက်က တစ်ညလုံး ကသိကအောက် လုပ်တော့မယ့် အပေါက်မျိုးကို ချိုးနေပြီ။ ဆင်ပေါက်နဲ့ လှအုန်းမောင်လည်း ကြံရာမရ ဖြစ်နေပြီ။ အဲဒီမှာ လှအုန်းမောင်က အကြံတစ်ခု ရပြီး ယာခင်းထဲက ထန်းရွက်ခြောက်တွေ သွားယူပါတယ်။ ပြီးတော့ ဒါလောက် အကျင့်ယုတ်တဲ့နွား သေပေတော့ ဆိုပြီး ထန်းရွက်မီးနဲ့ တိုက်တော့တာပါပဲ။ ဒီတော့မှ နွားလည်း ဝုန်းခနဲ ထပြေးတော့တယ်။

နွားက ဗြုန်းခနဲ ထပြေးတာကြောင့် ဆင်ပေါက်လည်း ကြိုးစကို ပျာယီးပျာယာ လှမ်းဆွဲလိုက်တာပဲ။ ဒါပေမဲ့ မမိလိုက်ဘူး။ ဒါကြောင့် နွားပြေးရာ နောက်ကို နှစ်ယောက်သား လိုက်ကြရ ပြန်တယ်။ လိုက်ရင်း လိုက်ရင်းနဲ့ နွားက သင်္ချိုင်းကုန်းထဲ ဝင်ပြေး ပါလေရော။ ဒီတော့ နှစ်ယောက်သား ကြောက်ကြောက်နဲ့ လိုက်ကြရ ပြန်တယ်။ ဒီအထဲမှာ လူတွေကမှ ကြောက်ရတဲ့အထဲ ညောင်ပင်ကြီး နှစ်ပင်က မိုးမိုးမည်းမည်းနဲ့ ဖြဲခြောက်သလို ဆီးကြို နေတာကြောင့် နှစ်ယောက်သား ခေါင်းနပန်းတွေ ကြီးပြီး ကြက်သီးတွေထ၊ ဆံပင်မွေးတွေ ထောင်လို့ပေါ့လေ။

အဲဒီလို ကြက်သီး မွေးညင်းတွေ ထနေတုန်း ဗြုန်းဆို နွားက ဘာမြင်လို့ရယ် မသိဘူး၊ နှာတွေ ဘာတွေ မှုတ်ပြီး ပြန်လှည့် ထွက်ပြေး လာတာကြောင့် ဆင်ပေါက်နဲ့ လှအုန်းမောင် ဘာပြော ကောင်းမတုန်း လန့်ပြီး အော်လိုက်ကြတာ ငယ်သံများကို ပါသွားတာပဲ။

နွားက ဂူပျက်ကလေးပေါ်ထိုင်နေတဲ့ လူတစ်ယောက်ကို မြင်ပြီး လန့်ထွက် ပြေးလာတာပါ။ အဲဒီ ဂူပျက်ကလေးပေါ် ထိုင်နေတဲ့လူက ကျောက်ပြားရွာသား ယုန်မီးရိုက်သမား ညထွက်မုဆိုး ကိုခွေးညိုပါ။ ကိုခွေးညိုက အချိန်နည်းနည်း စောနေသေးလို့ လကလေး အဝင်ကို စောင့်နေတာပါ။ ဒါကို နွားက မြင်ပြီး လန့်ထွက်ပြေး လာတာကြောင့် လူတွေပါ လန့်ကုန်ကြတာပါ။

ဆင်ပေါက်နဲ့ လှအုန်းမောင်လည်း ကြောက်စိတ်ကို ဘေးချိတ်ပြီး နွားပြေးရာ နောက်ကို လိုက်ကြရပြန်တယ်။ ဒီတစ်ခါ နွားက ယာခင်းတွေထဲက ဖြတ်ပြေးတာကြောင့် မြွေမကြောက် ကင်းမကြောက် လိုက်ရင်း လှအုန်းမောင်က ဒီနွားကို အမဲ ပေါ်ပစ်ချင် စိတ်တွေ ပေါ်နေတယ်။ ယာဆယ်ခင်းလောက် ကျော်ဖြတ်ပြီးတဲ့အခါ နွားက အလိုလို ရပ်ပြီး အမိခံတယ်။ ဒီတော့ လှအုန်းမောင်က ပျစ်ပျစ်နှစ်နှစ် ဆဲတယ်။ ပြီးတော့ နွားကျောကို တံတောင်နဲ့ ထောင်းတယ်။ နွားက ခါးကော့ပြီး ခံတယ်။ ဆင်ပေါက်က စိတ်ပေါက်ပေါက်နဲ့ နွားရဲ့ နံဘေးကို လက်သီးနဲ့ ဆယ်ချက်လောက် "ကဲကွာ၊ ကဲကွာ" ဆိုပြီး ပစ်ပစ်ထိုးတဲ့အခါ နွားက သူ့ကို အယားဖျောက် ပေးသလို ငြိမ်ခံနေတော့ ဆင်ပေါက်လည်း ဆက်မထိုးဘဲ ရပ်ပစ်လိုက်တယ်။ ဒီနွားအပေါ်မှာ ဆင်ပေါက်ရော၊ လှအုန်းမောင်ပါ တော်တော်ချဉ်ပြီး စိတ်ကုန်သွားကြ တယ်။ ဒါကြောင့် လှအုန်းမောင်က ဒီနွားဟာ ကြီးပွားမယ့်နွား မဟုတ်တဲ့ အတူတူ အမဲပေါ်ပစ်ဖို့ အကြံပေးတဲ့အခါ ဆင်ပေါက်က "မင်္ဂလာဦးည ခန်းဝင်ပစ္စည်း ဖြစ်နေလို့ပေါ့ကွာ။ နို့မို့ဖြစ်ရင် ဟိုနားကတည်းက ကိစ္စပြီးပြီပေါ့" လို့ ပြောပါတယ်။

ဒီတစ်ခါတော့ ဆင်ပေါက်က နွားကြိုးကို ရှေ့ကဆွဲပြီး လှအုန်းမောင်က နောက်ကနေ တုတ်တစ်ချောင်းနဲ့ မောင်းပေးရပါတယ်။

ဆင်ပေါက်က နွားကြိုးကို ရှေ့ကဆွဲရင်း မလှချုပ် မျက်နှာလေးကို မြင်ယောင်လို့ပေါ့လေ။

ဆင်ပေါက်က မလှချုပ်ဆီ မြန်မြန် ရောက်ချင်လှပြီ။ ဒါကြောင့် နွားကြိုးကို တအားဆွဲလိုက်တာ ဘာပြောကောင်းမတုန်း ကြိုးပြတ်တော့ မတတ်ဘဲ။ နွားလည်း ခေါင်းကြီး စောင်းငန်းစောင်းငန်းနဲ့ ဆင်ပေါက် ကြိုးဆွဲရာနောက် ပါသွားလေရဲ့။

* * *

မလှချုပ်လည်း သူငယ်အိပ်ဆိတ် သက်ကြီးခေါင်းချနဲ့ လုလင်ပြန် ကြက်များ တစ်သုတ်ပြီး တစ်သုတ် တွန်သွားတာကို မှတ်ရင်း တငုတ်တုတ်တုတ် ထိုင်စောင့်နေလိုက်တာ လင်းကြက်တောင် တွန်တော့မှာ ဆင်ပေါက်က ခုထက်ထိ ပြန်ရောက် မလာသေးဘူး။ ဒါကြောင့် မလှချုပ် စိတ်တွေ ပူနေတယ်။ စိတ်ပူတာထက် ရင်ထဲမှာ ဘယ်လိုကြီး ဖြစ်နေမှန်း မသိတာက ပိုဆိုးပါတယ်လေ။

မလှချုပ်က အဲဒီလို စိတ်တွေ ပူနေတုန်းမှာ ရွာတံခါးဆီက ဆင်ပေါက်တို့ စကားပြောသံ ကြားလိုက်ရတော့ အားရဝမ်းသာနဲ့ မီးခွက်ကလေး ယူပြီး အိမ်အောက်ကို ဆင်းပြေးခဲ့တယ်။ အိမ်က အောက်ထပ် မကာရသေးတဲ့ အိမ်မို့ အိမ်အောက်ကနေ ဆင်ပေါက်တို့ မြင်သာအောင် မီးခွက်ကလေး မြှေက်ပြပေးထားတယ်။ မကြာခင်မှာ ဆင်ပေါက်နဲ့ လှအုန်းမောင်လည်း ပန်းတခုံရွာက ဘကြီးသိုက် လက်ဖွဲ့လိုက်တဲ့ မင်္ဂလာဦး နွားလေးကို ဆွဲပြီး အိမ်အောက် ဝင်လာကြပါတယ်။

လှအုန်းမောင်က သူ့တာဝန် ကျေပြီမို့ ဆင်ပေါက်တို့ လင်မယားကို နှုတ်ဆက်ပြီး သူ့အိမ်သူ ပြန်သွားတဲ့အခါ ဆင်ပေါက်က မင်္ဂလာဦး နွားလေးကို အိမ်တိုင်မှာ ချည်ရင်း ဒီနွားနဲ့ တစ်ညလုံး ဒုက္ခရောက်ခဲ့ရ ပုံတွေကို ပြောပြတော့ မလှချုပ် ရင်သပ်ရှုမော တအံ့တဩ နားထောင်နေတယ်။ ပြီးတော့မှ မင်္ဂလာဦး နွားလေးကို ကြည့်ပြီး နှစ်ယောက်သား ရယ်နိုင်ကြတယ်။

မလှချုပ် ဆိုရင် ဘယ်တုန်းကမှ ဒီလို မရယ်ဖူးဘူး။ ကျောပြင်လေးကို သိမ့်သိမ့်လှုပ် နေတာပဲ။

ဘာပဲပြောပြော မလှချုပ်နဲ့ ဆင်ပေါက်ဟာ ဒုက္ခတွေကို ပြန်ပြောကြရင်း ဒုက္ခတွေက ရယ်စရာဖြစ်ပြီး ရယ်ကြတဲ့အခါ မင်္ဂလာဦးညမှာ အလိုအလျောက် ပျော်ရွှင်မှုလေးတစ်ခု ရသွားကြတယ်ပေါ့လေ။

အဲဒီမှာ မလှချုပ်ရဲ့ မျက်နှာလေး ဝင်းပသွားသလို ဆင်ပေါက်ရဲ့ မျက်လုံးများလည်း မလှချုပ်ကို ကြည့်ပြီး အရောင်တွေ တောက်နေတော့တယ်။ အဲဒီလိုနဲ့ ပေါ့လေ မလှချုပ်က ဆင်ပေါက်ကို ကိုယ်လက် သန့်စင်သွားအောင် လှေကားရင်းက စဥ့်အိုးမှာ ရေချိုးခိုင်းပြီး အိမ်ပေါ် ရောက်တော့ သူကိုယ်တိုင် ကြိုတင် ချုပ်ထားတဲ့ ပုဆိုးနဲ့ အင်္ကျီကို အဝတ်ခိုင်းပါတယ်။ ဆင်ပေါက်လည်း မလှချုပ် ဆင်မြန်းပေးတဲ့ အဝတ်အစားသစ်များနဲ့ တစ်ရေတက်ပြီး တစ်သွေးတစ်မွေး ဖြစ်လာပါတော့တယ်။

အဲဒီ မှာ မလှချုပ်က ဆင်ပေါက်ကို ဝါးပိုးမျှစ်စို့ကြီးလို နုထွားကြီးမို့ ချစ်ရမ္မက်တွေ တက်ခဲ့ရသူပီပီ သူ ထိုင်နေတဲ့ ခုတင်ပေါ်ကနေ ကြင်နာတဲ့ မျက်လုံးများနဲ့ ကြည့်ရင်း "လာလေ ဒီကို" လို့ ခေါ်လိုက်တဲ့အခါ ဆင်ပေါက် ရင်တွေ ခုန်သွားတယ်။ ဆင်ပေါက် ရင်တွေ ခုန်နေတုန်းမှာပဲ အိမ်ကလေး သိမ့်ခနဲ လှုပ်သွားတာကို သတိထားလိုက်မိတယ်။ ဒါကြောင့် ...

"လုပ်ပြန်ပြီ ဒီနွားနဲ့တော့" ဆိုပြီး အိမ်ပေါ်က ဒုန်းစိုင်း ဆင်းပြေးပါတယ်။ မလှချုပ် နောက်က အပြေးဆင်းလိုက် သွားတာတောင် မမီလိုက်တော့ဘူး။

မလှချုပ် လှေကားရင်းရောက်တော့ ဆင်ပေါက်က ဝင်းအပြင် ရောက်သွားပြီ။

မလှချုပ် ဝင်းအပြင်ကို လှမ်းကြည့်လိုက်တော့ ...

မင်္ဂလာဦး နွားလေးက ရှေ့က ပြေးလို့။

ဆင်ပေါက်က နောက်က လိုက်လို့။

🔲

#မောင်သာပို

ရွှေအမြုတေ၊ အောက်တိုဘာလ၊ ၂၀၀၃။

No comments:

Post a Comment