Apr 9, 2017

အချစ်၏အဓိပ္ပါယ်များစွာထဲမှ တစ်ခု

အချစ်၏အဓိပ္ပါယ်များစွာထဲမှ တစ်ခု
(ဝတ္ထုတို)
.......

      ညက လျှပ်စစ်မီးရောင်အားကိုးနဲ့ သဘာဝကိုမထီမဲ့မြင်ပြုတယ်။ အအေးဓာတ်က
အဲ့ဒီညနဲ့ပေါင်းဖက်လို့ ဆောင်းညရယ်လို့
ရုပ်လုံးကြွပြပြန်ရော။
     ရန်ကုန်ဘူတာကြီးကတော့ ညရထားစီးမယ့်
ခရီးသည်တွေကို သူ့ရင်ခွင်ထဲ
ပြီးစလွယ်ထည့်လွယ်ထားလိုက်တာ ဗလာဇာတ်ပွဲခင်းထားတဲ့အတိုင်း။ကိုယ့်နဲ့မသက်ဆိုင်သေး
တဲ့ရထားတစ်စင်းအတွက် လူတစ်ချို့ကတော့
အိပ်ရေးပျက်မခံချင်ဘူးထင်ပါရဲ့။ ကျောမှီခါးဆန့်ထိုင်ရာက ဒူးနှံ့မပျက်သူတွေလည်းရှိသေး။
     ဆောင်းညရဲ့အအေးဓာတ်က ကျွန်တော့်
ခန္ဓာကိုယ်ကို ထိတွေ့ကောင်းထိတွေနိုင်အံ့။
ကျွန်တော့်အသိစိတ်ကိုတော့ စိုးစဉ်းမျှ သွေးတိုး
မစမ်းနိုင်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်
သူမကို အထက်စီးကနေမျှော်လင့်နေခြင်းပါ။

"ငါ လက်မှတ်နှစ်ဆောင်စီစဉ်ထားပြီးပြီ မိုးရိပ်ပြာ။ရော့ နင့်အတွက်တစ်ဆောင်။
နင်စဉ်းစားပေါ့။ ငါ့ကိုမခွဲနိုင်ဘူးဆိုရင်
တော့ အဲဒီညအမီလာခဲ့ပေါ့။ငါဆိုတာ
နင့်ဘဝအတွက် လိုလားတောင့်တသူဟုတ်မဟုတ် အဲဒီညငါစောင့်ကြည့်လိုက်မယ်။
စဉ်းစားချိန် နှစ်ရက်တိတိပေးထားတယ်။ နင်အရင်ရောက်နှင့်ရင်လည်း စောင့်နေလိုက်ပေါ့။
ငါ့ကတော့ လာဖြစ်လိမ့်မယ်ထင်ပါတယ်"

    ကျွန်တော် သူမကိုပြောခဲ့ခြင်းပါ။ နောက်ကျောအရပ်ကလျှံထွက်လာခဲ့တဲ့ သူမရဲ့တက်ခေါက်သံအတွက် ပြန်လှည့်ကြည့်ပြီးစကားနိုင်လုဖို့ စိတ်မကူးခဲ့။ သမင်သားစားပြီးကာစ ကျား
တစ်ကောင်လို နှုတ်ခမ်းကိုလျှာနဲ့သပ်ရင်း
မဲ့ပြုံးတစ်ခွက်နဲ့ အချိုပွဲတည်ခဲ့တယ်။

"ငါ့ညီက တစ်ယောက်ထဲလား"

   ရှေ့ကရထားထိုင်ခုံတန်းပေါ် ဝင်ထိုင်လာတဲ့မိသားစု
ဆီက ထွက်လာတဲ့စကား။ မိတ်ဆက်စကားလား
အမေးစကားလား သဲသဲကွဲကွဲမစဉ်းစားတော့ပါ။

"ဟုတ်ကဲ့။ အဖော်က မရောက်လာ....အင်းလေ
မရောက်လာသေးဘူးလို့ပဲ ပြောရမှာပေါ့။"

    သူတို့ကို ခန့်မှန်းခြေမှန်းကြည့်လိုက်တော့ အမျိုးသားနဲ့သူ့ဇနီးက အသက်သုံးဆယ်လောက်။
ချစ်စဖွယ်ကလေးမလေးက သုံးနှစ်လောက်။ ကလေးမလေးကို နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြလိုက်တော့

"ဦးဦးပြုံးတာက အရမ်းချစ်ဖို့ကောင်းတာပဲ" တဲ့။

  ကျွန်တော့်နှလုံးသားတည့်တည့်ကို မြားနှစ်စင်း
ရှေ့ဆင့်နောက်ဆင့်ဝင်စိုက်တယ်။ ပထမတစ်စင်းက အလွမ်းမြား။ "ငါ့သားကပြုံးလိုက်ရင်
အရမ်းချစ်ဖို့ကောင်းတာပဲ" လို့ ခဏခဏပြောတတ်တဲ့ ကျွန်တော်နဲ့သေကွဲကွဲခဲ့ရှာပြီဖြစ်တဲ့ မွေးမိခင်သို့အလွမ်းမြား။
  ဒုတိယတစ်စင်းက စိုးရိမ်မြား။ " တိမ်ဖြူ...
နင့်ကိုငါ ပထမဆုံးစပြီးရင်ခုန်ခဲ့တာ နင့်အပြုံး
ကြောင့်ပဲ"လို့ ဆိုခဲ့တဲ့ မိုးရိပ်ပြာ အချိန်မီရောက်
မလာမှာတွေးမိတဲ့ စိုးရိမ်မြား။

"ကိုယ့်သမီးလေးက စကားအရမ်းများတာကွ။
ငါ့ညီကို သူခင်သွားပြီဆိုတာနဲ့ တရစပ်ပြောပေတော့မယ်...အဟင်း"

"ဟုတ်။ သူကချစ်ဖို့ကောင်းတယ်ဗျ။ နော်........သမီး"

"ဒါဆို အတူတူပဲပေါ့နော် ဦးဦး"

"ဒါပေါ့ကွ။ လာပါဦး...ဦးဦးဆီ"

    ကလေးက ကျွန်တော့်ဘေးမှာလာထိုင်တယ်။
အဲဒီအခိုက်အတန့်မှာပဲ ရထားဥဩသံက သံရှည်ဆွဲပြီး ထွက်ပေါ်လာခဲ့တယ်။

"ရထားထွက်တော့မယ်ထင်တယ်နော်"

    ကျွန်တော် ရထားပြတင်းကနေတစ်ဆင့် ဘူတာဝင်းအတွင်းကို ဝေ့ဝဲပြီးကြည့်လိုက်တယ်။စောင့်မျှော်ရခြင်းမှာ ဝင်သက်ထွက်သက်တွေက
အနည်းငယ်နှေးကွေးသွားလေမလား။ ထွက်လေတစ်ချက်ကို အားစိုက်ပြီးဖိချလိုက်တော့
သက်ပြင်းလို့အမည်တွင်ပြီး မချိမဆန့်တိုးထွက်
သွားတယ်။

" ဦးဦး သကြားလုံးစားမလား"ဆိုပြီး ဒူးရင်းသီးပုံ
အိတ်ခွံနဲ့သကြားလုံးတစ်လုံး လှမ်းပေးတယ်။

      အပြုံးနဲ့ခေါင်းခါပြရင်း အတွေးတွေဆင့်ဝင်
လာခဲ့တယ်။

"မိုးရိပ်ပြာ။ ရော့...နင်စားဖို့"

"ဟင်...တိမ်ဖြူ နင်ဘာလုပ်တာလဲ"

"ဒူးရင်းသီးလေ နင်စားဖို့"

"အေး...အဲဒီဒူးရင်းသီးကိုပဲ ပြောနေတာ။ ဒီမှာ
တိမ်ဖြူ နင်ငါ့ချစ်သူတစ်ယောက်လုပ်နေပြီး
ဒါလေးတောင်မသိဘူးလား။ ဒူးရင်းသီးလောက်
ငါမုန်းတာ ဒီကမ္ဘာမှာမရှိဘူး"

     အဲဒီတုန်းက ကျွန်တော့်လက်ထဲက အခွံနွာ
ပြီးသား ဒူးရင်းသီးအမွှာတွေ မြေပေါ်ကို
ပစ်ချခံလိုက်ရတယ်။ စေတနာတွေဟာ ပိုးစိုးပက်စက် ညစ်ပေကုန်ပါရော။

"တောက်!"

   ခေါက်ခဲ့ဖူးတဲ့ တက်ခေါက်သံပြင်းပြင်းအတွက်
ကျွန်တော့်ကို နှစ်ရက်လောက် စိတ်ကောက်ခဲ့
တယ်။

"သမီးလေး သီချင်းနားထောင်မလား"

"ဟင့်အင်း ဖေကြီး"

     ကလေးမက ငြင်းလိုက်တယ်။
      သတိရစရာ ပေါ်လာပြန်ပြီ။

" ဒီနေ့ ရှိုးပွဲရှိတယ်။ သွားကြည့်ရအောင်နော်"

"ဘယ်သူတွေလဲ"

"ငါကြိုက်တဲ့ ဟစ်ဟော့အဆိုတော်တွေ အများကြီးပါတယ်ဟ။ သွားရအောင်နော်"

      ကျွန်တော့်ရဲ့ အားတက်သရောခွင့်တောင်း
သံဟာ လေထဲမှာပဲ အငွေ့ပျံသွားခဲ့ပါတယ်။

"တော်စမ်းပါဟာ။ အဲဒီသီချင်းမျိုးတွေ ငါခံစားလို့
မတတ်ဘူး။ ငါက ရော့ခ်ဂီတပဲ နှစ်သက်တာ။
ဟစ်ဟော့ဆိုရင် ထပ်မပြောနဲ့တော့"

သက်ပြင်းတွေပဲမှုတ်ထုတ်ပြီး ပါးစပ်ပြန်ပိတ်ခဲ့ရ
ပါတယ်။
     တစ်ခါတုန်းကလည်း မြို့ထဲကို ရုပ်ရှင်အတူ
ကြည့်ဖို့သွားရင်း ငြင်းခုန်ခဲ့ရသေးတယ်။

"နိုင်ငံခြားကားကြီး ငါမကြည့်ချင်ဘူး။ ဟိုဘက်ရုံ
မှာသွားကြည့်မယ်။ငါ့သူငယ်ချင်းကပြောတယ်။
အဲဒီမြန်မာကားက အရမ်းကောင်းတာတဲ့"

"မဟုတ်သေးဘူးလေ။ အရင်တစ်ခေါက်လာတုန်းက နင့်စိတ်တိုင်းကျ မြန်မာကားကြည့်
ခဲ့ပြီးပြီ။ ဒီတစ်ခါတော့ နိုင်ငံခြားကားကြည့်ပါရစေဟာ။ နော်...မိုးရိပ်ပြာ"

      ဒါပေမယ့်လည်း ကျွန်တော်ရဲ့ဆန္ဒမှန်သမျှ
အဝေးကိုလွင့်သွားခဲ့တာချည်းပါပဲလေ။ တစ်ခါ
တစ်လေစဉ်းစားမိတယ်။ အကြိုက်ချင်းတစ်ခုမှ
မတူတဲ့ ကျွန်တော်တို့နှစ်ယောက် ဘယ်လိုလုပ်
ပြီး ချစ်သူတွေဖြစ်ခဲ့ကြတာလဲလို့။ ဒါပေမယ့်
အချစ်ဆိုတာက အခက်သားဗျ။ အချစ်တစ်ခု
ဖြစ်ပေါ်ဖို့ ဘာကြောင့်ညာကြောင့်ရယ်လို့
အကြောင်းပြချက်တွေမလိုဘူး။ ဘာကြောင့်
ချစ်မိသလဲလို့မေးရင် ရင်ထဲကနေ ချစ်နေလို့
ချစ်မိခဲ့တာပါလို့ ပြန်ဖြေရမှာမျိုး။

"ဟေး...ရထားကြီးထွက်ပြီကွ"
     
     ကလေးမရဲ့ ဝမ်းသာအားရအော်သံကြားမှ
သတိပြန်ဝင်မိတယ်။ ဟုတ်သားပဲ။ ရထားတောင် ဘီးစလိမ့်ပြီ။

"လာ သမီး။ဖေကြီးတို့နား ပြန်လာတော့"

"ဟုတ်...ဖေကြီး။ ဦးဦး သွားပြီနော်"

"အေးအေး..သမီး"

     ရထားက ရန်ကုန်ဘူတာကြီးကိုကျောခိုင်းဖို့
ခြေလှမ်းတွေ စပျိုးနေပါပြီ။
     ရထားဘီးနဲ့သံလမ်းကြား ကျွန်တော့်နှလုံးသား စိစိညက်သွားခဲ့တာတော့ ကျွန်တော့်
ကိုယ်ကျွန်တော် အသိဆုံးပါပဲ။ ဘေးနားက
နေရာအလွတ်ကလေးက လူပြက်တစ်ယောက်ရဲ့ ပြောင်စပ်စပ်မျက်နှာပေးမျိုးနဲ့ ခပ်ထေ့ထေ့
ကြည့်နေလေရဲ့။
      မျှော်လင့်စရာအရိပ်လည်း ဘယ်ဆီဘယ်
ဝယ်မသိတော့။ ရင်ဘတ်ရဲ့
ဘယ်နေကမှန်းမသိပဲထွက်လာတဲ့ စူးစူးရှရှဝေဒနာဟာ အသည်းကွဲခြင်းဆိုရင်တော့
ကျွန်တော်ခံစားနေရတာ အသည်းကွဲခြင်းထက်
ပိုတဲ့ အသည်းကြေခြင်းလောက်ကို ရှိမယ်ထင်တယ်။
      ခါးကြားထဲက ဖုန်းမြည်သံထွက်ပေါ်လာတယ်။ ကြည့်လိုက်တော့ မိုးရိပ်ပြာဆိုတဲ့
စာတန်းလေး။ အစိမ်းရောင်သင်္ကေတကိုဖိပြီး
ဘေးကိုပွတ်ဆွဲလိုက်တယ်။ နားနားတော့
ကပ်လိုက်တယ်။ ဟဲလိုလို့တော့ အသံမပေးမိ။
ဒီလိုပါပဲ။ မိုးရိပ်ပြာဘက်ကလည်း အသံထွက်မလာပါဘူး။ အင်းပေါ့လေ။ ရှူံးလက်စနဲ့ ဆက်ရှုံး
ပါစေတော့။ ကျွန်တော့်ဘက်က စပြောလိုက်
တော့မယ်။

"ဒီပွဲမှာ နင်နိုင်ပါတယ် မိုးရိပ်ပြာ။ ဒါပေမယ့်
နင်ထူလိုက်တဲ့ အလံတိုင်ထိပ်မှာ နင့်နှလုံးသားကို
ချနင်းသွားခဲ့တာများလား။ ငါတို့နှစ်ယောက်
တစ်ယောက်ကိုတစ်ယောက် အနိုင်လုရင်း
ငါတို့ရဲ့အချစ်ပန်းအိုးလေး ကျကွဲသွားခဲ့ပြီပေါ့။
ငါ့ဘက်ကတော့ အစစအရာရာငြင်းခုံခဲ့ပေမယ့်
အလျော့ပေးခဲ့ပါသေးတယ်။ နင်သိလားဟင်။
ငါအခုထိုင်စီးနေတဲ့ ရထားဆိုတာကြီးကို အခုမှ
စစီးဖူးတာဟ။ အဲဒါ နင့်ကိုအရမ်းချစ်လို့။ နင့်ကို
အသာစီးကနေ ပြောခဲ့ပေမယ့်
နင်နှစ်သက်တဲ့ ရထားစီးပြီးခရီးသွားတဲ့လမ်းကို
ငါရွေးချယ်ခဲ့တာပါ။ ဒါပေမယ့် နင်မလာခဲ့ဘူး။
ရပါတယ်။ နင့်အတွက်လိုအပ်တဲ့ ဘဝတစ်ခြမ်း
ဟာ ငါမဟုတ်ခဲ့လို့ပေါ့နော်"

     ရှိုက်သံတွေကို ထိန်းချုပ်ခဲ့ပေမယ့် မအောင်
မြင်ခဲ့ပါဘူး။ မျက်ရည်တွေကို အင်္ကျီစနဲ့ယူသုတ်
တော့ အရှေ့ကမိသားစုက မသိမသာခိုးကြည့်
နေကြတယ်။ နောက်ဆုံးစကားတစ်ခွန်းတော့
ကျွန်တော် ပြောလိုက်ပါသေးတယ်။

"နင်ငါ့ကို နောက်ဆုံးအနေနဲ့ ဘာပြောချင်သေး
လဲ"

"သုံးနဲ့လေး
ကျောခိုင်းထားပေမယ့်
တံတိုင်းမခြားမသေးပါဘူး
နှစ်လွှာမဖြစ်မှသာ စွယ်တော်မစစ်တာပါ
ငါတို့က
တစ်ယောက်အတောင်မှာ တစ်ယောက်နားတဲ့
ထာဝရငှက်တစ်စုံပေါ့"

"ဟင်...မိုး..မိုးရိပ်ပြာ။ အဲ..အဲဒါ ငါနင့်ကို
ရေးပေးခဲ့တဲ့ ကဗျာလေးမဟုတ်လား"

"ဟုတ်တယ်လေ။ တိမ်ဖြူ... နင် စီးလေ့စီးထမရှိတဲ့ရထားကို ငါ့အတွက်စစီးနေသလို ငါမခံစားတတ်ခဲ့တဲ့ကဗျာတွေကို
နင့်အတွက်ကြောင့် စပြီးခံစားတတ်နေပြီပေါ့"

"ဟာ...ငါဝမ်းသာလိုက်တာဟာ။ ဒါ..ဒါပေမယ့်
နင်ဘာလို့ ရောက်မလာခဲ့တာလဲဟင်"

"သုံးနဲ့လေးပေါ့"

"ဪ...ခွဲခွာတော့မယ်ပေါ့"

"ဟာ..နင်ကလည်း ကဗျာတွေတော့ရေးနေပြီး
ဒါလေးတောင်မသိဘူး။ သုံးနဲ့လေးပါဆို"

    ကျွန်တော် ခေါင်းကို တဗြင်းဗြင်းကုတ်နေမိတယ်။ဟာ အခုမှ သတိထားမိတယ်။ ဖုန်း
စပီကာထဲမှာ ရထားခုတ်သံ ကြားနေရသလိုပဲ။

"နင်...နင်ဘယ်မှာလဲ မိုးရိပ်ပြာ"

"တုံးလိုက်တာဟာ သုံးနဲ့လေးပါဆို"

     ကျွန်တော် အနောက်ဘက်ခုံကို ကျော်ပြီး
ကြည့်လိုက်တော့ တွေ့ပါပြီ မိုးရိပ်ပြာ။ အနောက်ဘက် တစ်ခုံကျော်မှာ။ ကျွန်တော့်ကိုကျောခိုင်း
ပြီး နေနေလေရဲ့။

"နင် တော်တော်နောက်တယ်ဟာ"

      ကျွန်တော် လှမ်းအော်ပြောတော့ မိုးရိပ်ပြာက ဒီဘက်လှည့်လာပြီးရှက်ရယ်ကလေး ရယ်နေတယ်။

"သမီး ခုနကသကြားလုံး ဦးကိုပေး"

    ကလေးမလေးက ကျွန်တော့်လက်ထဲ သကြားလုံးထည့်ပေးတယ်။ ကျွန်တော် မိုးရိပ်ပြာ
ဆီသွားပြီး အခွံနွှာကျွေးတော့ ခပ်ပြုံးပြုံးလေး
စားနေပါပြီ။ အရမ်းမုန်းတယ်လို့ သူပြောခဲ့တဲ့ ဒူးရင်းသီးနဲ့လုပ်ထားတဲ့ သကြားလုံးကိုပေါ့။
ကျွန်တော်နောက်ထပ်သိလိုက်ရတာက အချစ်ရဲ့ အဓိပ္ပါယ်တွေထဲမှာ ဝတ်မှုံကူးနိုင်တဲ့စိတ်နှစ်ခု ပေါင်းစပ်ခြင်းဆိုတာလည်း ပါဝင်ပါတယ်
ဆိုတဲ့အကြောင်း။

နတ်စောင်း(ကျိုက်ထို)
၂၁ ဒီဇင်ဘာ ၂၀၁၅

No comments:

Post a Comment