ကြွေချင်ရာကြွေသည် (ဝတ္ထုတို)
......
" ဒီရက်ထဲတော့ ငါအလုပ်ပြန်ဆင်းနိုင်မယ် မထင်သေးဘူး။ ငါ့ယောကျာင်္းအခြေအနေက
နင်တို့မြင်တဲ့အတိုင်းပဲလေ။ အခုလို အားလာပေးတဲ့အတွက် ကျေးဇူးပါပဲဟယ်"
"ငါတို့ လာအိပ်စောင့်ပေးရမလား"
"ရပါတယ်ဟာ။ အရေးအကြောင်းဆို ငါ လူကြုံနဲ့ခေါ်ခိုင်းလိုက်ပါ့မယ်။ နင်တို့ပြန်ကြတော့လေ။ နင်တို့မိသားစုအတွက် ဝေယျာဝစ္စတွေ လုပ်ပေးရဦးမယ်မဟုတ်လား"
ဟုတ်တော့လည်းဟုတ်တာပဲလေ။ငယ်ပေါင်း
သူငယ်ချင်းတွေမို့ အစစအရာရာကူညီချင်ပေမယ့် ကိုယ့်အိမ်ထောင် ကိုယ့်မိသားစုအရေး လုပ်စရာကိုင်စရာတွေက ကိုယ်မရှိရင်လည်း
မဖြစ်။ အခုတောင် အလုပ်သိမ်းပြီးကတည်းက
အိမ်ကိုမပြန်ရသေးဘူး။ခင်သန်းယောကျာင်္း
အသည်းအသန်ဖြစ်နေတယ်ကြားလို့ လူနာသတင်းမေးရင်း အားပေးစကားတွေ ပြော
နေရတာ။ အခုလောက်ဆို အိမ်ကကလေးတွေ
လည်း ဗိုက်ဆာနေလောက်ပြီ။ လျှော်ရဖွတ်ရမှာ
တွေလည်းရှိသေး။
ခင်သန်းရယ်၊ကျွန်မရယ်၊ မိဝေရယ်ဆိုတာက ဟိုးငယ်ငယ်ကတည်းက လည်ပင်း
ဖက်ပေါင်းလာတာ။အခု အသက်လေးဆယ်နား
ရောက်တဲ့အထိလည်း တစ်ရပ်ကွက်ထဲတူတူ
နေပြီး တစ်ယောက်နဲ့တစ်ယောက် ကူညီဖေးမ
ကြရင်းပေါ့။
မိဝေယောကျာင်္းကတော့ ဆုံးသွားတာတစ်နှစ်လောက်ရှိပြီ။ ကလေးလည်းမရခဲ့ဘူးဆိုတော့
အခုချိန်မှာ သူရှာသူသုံးရင်း ငိုစားရယ်စားမရှိတဲ့
ဘဝ။
ခင်သန်းယောကျာင်္းကတော့
ခင်သန်းနဲ့မညားခင်တုန်းက ယိုးဒယားဘက်သွားပြီး ဆယ်နှစ်လောက်အလုပ်လုပ်ခဲ့ဖူးတယ်
ဆိုလားပဲ။ သူတို့က အသက်သုံးဆယ်ကျော်လောက်မှ အိမ်ထောင်ကျကြတာလေ။ လာမယ့်
သီတင်းကျွတ်လောက်မှ အိမ်ထောင်သက်က
ရှစ်နှစ်လားရှိသေး။ သူတို့သားလေးကတော့ ငါးနှစ်ရှိပြီ။ အခု သူ့ယောကျာင်္းဖြစ်နေတာတွေက
အရင် ယိုးဒယားမှာနေကတည်းက စွဲပြီးသောက်ခဲ့တဲ့အရက်ဒဏ်ကြောင့်လို့ ဆိုသတဲ့။ ခုတော့
အသည်းက လုံးဝပျက်စီးသွားပြီတဲ့လေ။
"ဒါဆိုလည်း ငါတို့ပြန်ဦးမယ်နော် ခင်သန်း။ မနက်ဖြန်ညနေ အလုပ်သိမ်းရင် လာခဲ့ဦးမယ်။
ဒီကြားထဲ အရေးကြီးရင်လည်း ခေါ်ခိုင်းလိုက်နော်"
ခင်သန်းကိုနှုတ်ဆက်ပြီး ကျွန်မနဲ့မိဝေ ပြန်ထွက်လာခဲ့ကြတယ်။ကျွန်မတို့သုံးယောက်က
တစ်ရပ်ကွက်ထဲ တူတူနေကြတယ်ဆိုပေမယ့်
ခင်သန်းက သီးခြားဖြစ်နေတယ်။ ကျွန်မနဲ့မိဝေ
ကသာ အိမ်ချင်းနီးတာ။
ဒါပေမယ့် ကျွန်မတို့အခုလက်ရှိ ပန်းရံလုပ်နေ
တဲ့ လေးထပ်တိုက်နဲ့ဆို ခင်သန်းက ပိုနီးတယ်။
တိုက်ပေါ်ကကြည့်ရင် ခင်သန်းတို့အိမ်ကို
ရှင်းရှင်းလင်းလင်းမြင်ရတယ်လေ။
အိမ်နားရောက်တော့ မိဝေလည်းလမ်းခွဲပြီး
သူ့အိမ်သူပြန်သွားပြီ။ကျွန်မလည်း အိမ်ကိုရောက်တာနဲ့ လုပ်စရာရှိတာတွေကို မရပ်မနားနဲ့
ခပ်မြန်မြန်လုပ်ပစ်လိုက်တယ်။ အိပ်ရာထဲဝင်ကာနီး ကျွန်မယောကျာင်္းနဲ့ စကားနည်းနည်း
လောက်တော့ ပြောဖြစ်ကြသေးတယ်။
"ကိုသောင်း။ ရှင်လည်းသောက်တာ ကြည့်သောက်နော်။ မြင်တယ်မဟုတ်လား။ ခင်သန်း
ယောင်္ကျား ကိုနိုင်ကြီး။ နေ့လားညလားပဲ။ "
"ငါသိပါတယ်ဟာ။ဒါပေမယ့် ပင်ပန်းတဲ့နေ့ဆိုရင်
တော့ နည်းနည်းပါးပါးသောက်ပါရစေ။ ခင်သန်း
ယောကျာင်္းဒီလောက်ဖြစ်တယ်ဆိုတာ သူက
ချင့်ချိန်ပြီးမှ မသောက်ခဲ့ပဲ။ ငါက ပင်ပန်းတဲ့နေ့
လောက်ပဲ သောက်ဖြစ်တာပါ"
"ဟွန်း...ရှင်တို့ဆိုက္ကားသမားတွေကလည်း
နေ့တိုင်းကို ပင်ပန်းပြချင်နေတာလည်း ထည့်ပြောဦး"
.....
" မိဝေ..ဒီနေ့ ဆရာမလာဘူးဆို"
" ဟုတ်တယ်။ငါ့တို့ကို လုပ်စရာရှိတာ ကြည့်လုပ်ထားကြလို့ မှာသွားတယ်တဲ့။
ဟိုဘက်ရပ်ကွက်မှာနေတဲ့
သူ့တူမဆုံးတာ ဒီနေ့အသုဘပို့လေ။ အဲဒီ
ကိုသွားပြီ။ "
"အဲဒီကလေးမက အသက်နှစ်ဆယ်ပဲရှိသေးတယ်နော်။ နှမြောစရာကြီးဟယ်"
"အေးဟ။ ဖြူဖြူနုနု ချစ်စရာလေး။ သေသာသေ
သွားတယ် မပစ်ရက်စရာ။သူ့မိဘတွေဆို
ဘယ်လောက်ခံစားလိုက်ရမလဲနော်"
"ဪ...သေခြင်းတရားဆိုတာ အဖြူအမည်း
အကြီးအငယ်မရွေး အချိန်မရွေးရောက်သွားနိုင်
ပါလား"
ဘာဖြစ်တယ်မသိ။ ခုတလော ဒီနားဝန်းကျင်
မှာ အသုဘတွေဆက်နေသလိုပဲ။ဒီတစ်လထဲတင် လေးအိမ်လောက်ရှိပြီထင်တယ်။ အခု ပန်းရန်ဆရာရဲ့တူမလည်း ဒီနေ့ အသုဘပို့။
ခင်သန်းယောကျာင်္း ကိုနိုင်ကြီးကလည်း
အခြေအနေမကောင်း။
ကိုနိုင်ကြီးဆိုလို့ ခုမှသတိရတယ်။
ဒီနေ့လည် ထမင်းစားနားချိန်လောက်တော့
သွားကြည့်လိုက်ဦးမှပဲ။
ကျွန်မ အလုပ်လုပ်နေတဲ့တိုက်ပေါ်ကနေ
ခင်သန်းတို့အိမ်ဘက်ကို လှမ်းကြည့်လိုက်တယ်။
" ဟဲ....ဟဲ့...မိဝေ"
"ဘာဖြစ်တာလဲဟယ် အလန့်တကြား"
" ခင်သန်းတို့အိမ်ကိုကြည့်လိုက်စမ်း။ တစ်ခုခု
တော့ ဖြစ်နေပြီထင်တယ်"
မိဝေကလည်း လှမ်းကြည့်ပြီး ထောက်ခံတယ်။
"ဟုတ်တယ်နော်။ကိုနိုင်ကြီးတော့ သွားရှာပြီ
ထင်ပါရဲ့"
"ခင်သန်းကလည်းနော် အရေးအကြောင်းဆို
ခေါ်ခိုင်းလိုက်ပါလို့ မှာထားရဲ့သားနဲ့။
လာ..ငါတို့ ခင်သန်းကို သွားပြီးနှစ်သိမ့်ရအောင်"
ကျွန်မနဲ့မိဝေ လုပ်လက်စအလုပ်တွေကိုရပ်ပြီး
တိုက်ပေါ်က ဆင်းလာခဲ့ကြတယ်။တစ်ခုခုဖြစ်
တာတော့ သေချာပါပြီ။ သူတို့အိမ်လေးထဲကို
လူတွေ ရုတ်ရုတ်သဲသဲဝင်သွားကြတာ ခုနကတွေ့လိုက်တယ်။ ကနဖျင်းလည်း ထိုးနေကြပြီ။
ခင်သန်းတစ်ယောက်တော့ ဘယ်လောက်တောင်ငိုနေပြီလဲမသိဘူး။ သူ့ခမျာ သနားစရာ
ပါလေ။
ကျွန်မ သူငယ်ချင်းခင်သန်းရဲ့မျက်နှာကို
မြင်ယောင်ရင်း စိတ်မကောင်း။ ခပ်သွက်သွက်
လျှောက်လာခဲ့ရင်း သူတို့အိမ်ရှေ့ရောက်တော့
သူ့ကလေး အော်ငိုနေသံကိုကြားရတယ်။
အိမ်ပေါ်မှာလည်း လူတွေစုရုံးလို့။အော်ငိုသူကငို။ရပ်ကြည့်သူက ရပ်ကြည့်။
အိမ်ပေါ်ကိုတက်ကြည့်လိုက်တော့ မြင်လိုက်
ရတဲ့မြင်ကွင်းက ဘယ်လိုမှမယုံနိုင်စရာ။
"ဟင်....ခင်...ခင်သန်း။ အမလေး သူငယ်ချင်း
ရယ် ဘယ်လိုဖြစ်ရတာလဲ"
ခင်သန်းက အိပ်ရာပေါ်မှာ လဲလျောင်းငြိမ်
သက်လို့။ သူ့ကလေးက သူ့လက်ကိုကိုင်ရင်း
အော်ဟစ်ငိုယိုလို့။ ကိုနိုင်ကြီးက ခင်သန်းရဲ့
ညာဘက်ဘေးမှာ အိမ်ထရံကိုမှီရင်း တရှုံ့ရှုံ့ငိုလို့။
"ဘယ်လိုဖြစ်တာလဲဟင် ကိုနိုင်ကြီး။ ဟင်....
ကျွန်...ကျွန်မတို့ကိုလည်းပြောပါဦး။ ဖြစ်ရလေ
သူငယ်ချင်းရယ်....အီိး....အဟီး"
"ငါလည်းမသိပါဘူးကွာ..မိုးလင်းလို့နှိုးတော့ နှိုးမရတော့ဘူး။ အဟီး...ဟီး။ ဘယ်အချိန်
ဆုံးသွားမှန်းတောင် ငါမသိလိုက်ဘူး။ရဲတွေလာကြည့်သွားတာတော့ သွေးရိုးသားရိုးပါ
ပဲတဲ့။ အမလေး ခင်သန်းရေ တကယ်တမ်းသေရမှာ ငါပါဟ။ နင်က ဘယ်လိုလုပ်ပြီး သေသွားရတာလဲ။ အီး..အဟီး"
ကိုနိုင်ကြီးက ခင်သန်းနာမည်ကိုတကာ အားရပါးရငိုနေလေပြီ။ ကျွန်မနဲ့မိဝေလည်း
ထိန်းမနိုင်သိမ်းမရပေါ့။
ဪ သေခြင်းတရား။ သေခြင်းတရား။
ထင်ထားတာကတစ်ယောက်။ ဘယ်လိုမှမမျှော်
လင့်ပဲ ဆုံးသွားတာကတစ်ယောက်။လူတစ်ယောက်အတွက် သေးခြင်းတရာနဲ့ နီးခြင်း၊ဝေးခြင်းဆိုတာကို ဘယ်လိုအရာမျိုးနဲ့တိုင်းတာရမှာပါလဲနော်။
နတ်စောင်း(ကျိုက်ထို)
၁၇ ဒီဇင်ဘာ ၂၀၁၅
No comments:
Post a Comment