အသိလွတ်ကြလေသောအခါ (ဝတ္ထုတို)
......
မျက်လုံးနှစ်လုံးကို ဖွင့်ကြည့်လိုက်တော့ မျက်နှာ
ကျက်ဖြူဖြူကြီးကို တွေ့လိုက်ရ၏။ ခန္ဓာကိုယ်က
ကုတင်ပေါ်မှာ ပက်လက်ကြီး။ ဘေးဘက်သို့
တစ်ခြမ်းစောင်းလှည့်လိုက်ရာ
"အား..ကျွတ်..ကျွတ်"
နာကျင်ကိုက်ခဲမှုတွေက ကျွန်တော်ခံစားဖူးသမျှ၌အဆုံးစွန်ထိဖြစ်မည်ထင်
သည်။ တစ်ခါမှ ဒီလောက် မခံစားဘူးပေ။ အားအင်
များမှာလည်း စုပ်ယူခံထားရသလို လှုပ်ရှားဖို့တောင်
အနိုင်နိုင်။
ဟင်..ကုတင်တွေများလှချည်လား။ ဆယ့်ငါးလုံးခန့် ရှိမည်ထင်သည်။ လူတွေကလည်း အများကြီး။
ကျွန်တော် ဘယ်ကိုရောက်နေပါလိမ့်။
"ဟော..ခင်ဗျား သတိရပြီလား။ နေဦး..ကျုပ်လာထူ
ပေးမယ်"
ကျွန်တော်နှင့် ကုတင်ချင်းဘေးချင်းကပ်မှ လူတစ်
ယောက်က လာထူသည်။တွဲထူပေးသည့်အတိုင်း
အလိုက်သင့် ထထိုင်လိုက်သည်။
"ကျ..ကျွန်တော် ဘယ်ရောက်နေတာလဲဟင်"
မနည်းအားယူပြီး ပြောလိုက်ရသည်။
"ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံ"
"ဗျာ"
"လူတွေ ခပ်လွယ်လွယ်ပြောနေကြတဲ့ အရူးထောင်
ဆိုပါတော့ဗျာ"
"ဗျာ"
"အဲ..ခင်ဗျားက ဘယ့်နှယ့် တဗျာဗျာ ဖြစ်နေရတာတုန်း"
"ကျွန်တော် ရောက်နေတာ ရွာသာကြီးဆေးရုံပေါ့လေ"
"ဟုတ်တယ်။ဒါပေမယ့် တလွဲမတွေးနဲ့။ သာမန်
အရက်ဖြတ်တဲ့ အဆောင်ပါ..ဟဲ..ဟဲ"
"ဒါ..ဒါဆို ခင်ဗျားကရော"
"ကျုပ်လဲ အရက်လာဖြတ်တာ။ ဟောဒီအဆောင်ထဲက လူတွေအားလုံး အရက်လာဖြတ်တဲ့ သူတွေ
ချည်းပဲ"
"ဪ"
တော်ပါသေးရဲ့။ အရက်ဖြတ်ဆောင်ဆိုပါလား။
" ကျနော့်ကို သန့်စင်ခန်းခဏ လိုက်ပို့ဗျာ။ ကျနော်တစ်ယောက်တည်း လမ်းလျှောက်နိုင်မယ် မထင်ဘူး"
"ဟဲ..ဟဲ..ဖြစ်ရမယ်လေ။ ကျုပ်အလှည့်တုန်းက
လည်း ဒီလိုပါပဲ။ ကဲ ထ..ထ"
သို့နှင့် သန့်စင်ခန်းသွား၍ ကိုယ်လက်သန့်စင်ပြီးသောအခါ ကုတင်ပေါ်ပြန်ထိုင်လိုက်သည်။
"ရော့..ဒီမှာ။ ခင်ဗျားနိုးလာရင်ကျွေးပေးပို့ ထမင်း
ချိုင့်။ ခင်ဗျားအိမ်က ပေးခဲ့တာ။ သူပြန်သွားတာ မကြာသေးဘူး။ ကျုပ်ကိုလည်း မှာခဲ့တယ်။ လေးနာရီ
ဧည့်တံခါးမပိတ်ခင် အချိန်မီပြန်လာခဲ့ပါ့မယ်တဲ့"
ထိုစဉ် အခန်းတွင်းသို့ လူတစ်စုဝင်လာသည်။
လူတစ်စု ဆိုသည်ထက် လူတစ်ယောက်ကို ကျန်လူ
သုံးယောက်က ဝိုင်းချုပ်၍ ကနောင်းကနင်းဝင်လာသည်ဆို
လျင် ပိုမှန်ပေလိမ့်မည်။ လွတ်နေသော ကုတင်တစ်လုံးဆီသို့ရောက်သောအခါ ထိုလူကို ကုတင်ပေါ်သို့ ပက်လက်အနေထားဖိထားလိုက်ကြသည်။ ပြီးနောက် လက်နှစ်ဖက်ကို ကုတင်ခေါင်းရင် တစ်ထောင့်စီ၌ သံကြိုးဖြင့်အတင်းချုပ်လိုက်ကြသည်။
တဖန် ခြေနှစ်ချောင်းကိုလည်း ကုတင်ခြေရင်း၌
အလားတူချုပ်နှောင်လိုက်ကြသည်။
ကျွန်တော်လည်း အံ့ဩမင်တက်စွာ ကြည့်နေရင်းမှ
"အဲ..အဲဒါ ဘာလုပ်တာလဲဟင်"
"အဲဒါ အခုမှ ဆေးရုံရောက်လာတဲ့သူပေါ့။ ခင်ဗျား
ကြည့်နေ။ အံ့ဩစရာတွေ ထပ်တွေ့ရလိမ့်မယ်"
ခုတင်ပေါ်မှ လူနာမှာ ခြေကားယား၊ လက်ကားယားဖြင့် အတင်းရုန်းကန်ကာ မကြားဝံ့၊မနာသာစကားတွေ အော်ဟစ်နေလေ၏။ ချုပ်ထားသောလူများက စိတ်ချသွားရသည့်ပုံစံဖြင့်
ပြန်ထွက်သွားကြ၏။
"ဒီလူ အခု စိတ်မမှန်ဘူး မဟုတ်လား"
"အဟား..ဟား။ ဟုတ်ပါ့ဗျာ။ ခင်ဗျားတောင် အဲ့ဒီဘဝ
က လွတ်တာ လေးနာရီလောက်ပဲ ရှိဦးမယ်"
"ကျနော်က..."
"ဟုတ်တယ်။ ခင်ဗျား လက်ကောက်ဝတ်နေရာကို
ကြည့်လိုက်"
ကျွန်တော်လည်း ကိုယ်လက်ကောက်ဝတ် ကိုယ်
ပြန်ငုံ့ကြည့်လိုက်သောအခါ နှစ်ဖက်စလုံးး၌ အရေပြားများ ပွန်းပဲ့ကာ အစင်းကြောင်းများ ထင်နေ
သည်ကို တွေ့လိုက်ရသည်။
"ကျနော့်တုန်းကလည်း ဒီလိုအချုပ်ခံရတာလား"
"ဟုတ်တယ်။ ခင်ဗျားလည်း ဒီလိုပဲ။
ကျုပ်တုန်းကလည်း ဒီလိုပဲ။ ဒါပေမယ့် လူတိုင်းတော့
မဟုတ်ဘူးဗျ။ အပြင်မှာ ကိုယ့်ဘာသာဖြတ်တဲ့သူတွေပဲ အဖြစ်များတာ။ ကြောင်သွားတော့မှ ထိန်းမ
နိုင် သိမ်းမရဖြစ်ပြီး လာပို့ကြတာလေ။ ဘာမှမဖြစ်ခင်
ဒီမှာလာဖြတ်ရင် အဲ့လောက်ထိဖြစ်လေ့ သိပ်မရှိဘူး
လေ။ ဟောဟိုမှာ ကြည့်လိုက်"
သူမေးငေါ့ပြရာ လှမ်းကြည့်လိုက်တော့
အခန်းတွင်းသို့ နာ့စ်မနှစ်ယောက်နှင့် လူသုံးယောက်
ပြန်ဝင်လာသည်။ သံကြိုးခတ်ထားသော လူရှိရာကုတင်
ဆီသို့ ဦးတည်၍ သွားနေသည်ကို တွေ့ရ၏။ ကျွန်တော်ကြည့်နေစဉ်မှာပင် ခုနကဝင်လာသော လူသုံး
ယောက်က သံကြိုးခတ်ထားသော လူကိုချုပ်ထား
ပေးပြီး နာ့စ်မတစ်ဦးက ထိုသူ၏လက်ကို ဆေးထိုး
လိုက်၏။ ပြီးနောက် တင်ပါးသို့ နောက်တစ်လုံးထပ်
ထိုးလေသည်။ ဆေးထိုးပြီး တစ်မိနစ်ခန့်သာ ကြာလိုက်သည် ထင်သည်။ သံကြိုးခတ်ခံထားရသော ထိုလူမှာ တဖြည်းဖြည်း ပျော့ခွေကာ အိပ်ပျော်သွားသည်ကို တွေ့ရ၏။ နာ့စ်များနှင့် ချုပ်နှောင်ပေးသူများ ပြန်ထွက်သွားကြပြန်သည်။
"ဒီကိုရောက်လာသူတိုင်း အဲလိုလုပ်တာပဲလားဗျ"
"မဟုတ်ဘူး။ သူ့လို့အခြေနေဆိုးတဲ့သူတွေ၊ ပြီးတော့
ခင်ဗျားတို့ ကျုပ်တို့လိုလူတွေပဲ ထိတာ။သာမန်ဆိုရင်တော့ မထိဘူး။ ဒီလူ အခုအိပ်ပျော်သွားပြီနော်။
အဲ..အိပ်ရာကနိုးတဲ့အခါ ခင်ဗျားလိုပဲ ပျော့ခွေနေလိမ့်
မယ်။ ပြီးတော့ သတိလည်း မှန်သွားပြီပေါ့"
"ဪ.."
"ကဲ..ခင်ဗျားလည်း ထမင်းစားလိုက်ဦး။ ကျုပ်လည်း ဆရာမတွေလစ်တုန်း ဆေးလိပ်ခိုးသောက်လိုက်ဦးမယ်။
ဒီမှာက ဆေးလိပ်၊ကွမ်း တားမြစ်ထားတယ်လေ
ဟား..ဟား"
"ဒါဖြင့် ဆေးရုံအပြင်မှာ သွားသောက်ပေါ့"
"ရမလားဟ လူနာက အပြင်ထွက်ခွင့်မှ မရှိတာ"
"ဟာ! ဒါဖြင့် ဘယ်လိုယူလာတာလဲ"
"ထမင်းလာပို့တဲ့ အပြင်ဆိုင်သမားတွေက ဖွက်ပြီးယူလာပေးတာလေ"
ကျွန်တော် ဘာမှပြန်မပြောတော့ပဲ ပြုံးပြလိုက်သည်။ ပြီးနောက် အခန်းကျယ်ကြီး၏ အလယ်ရှိ
ထမင်းစားပွဲဆီသို့ အားယူ၍ ဖြည်းဖြည်းချင်းလျောက်
သွားလိုက်သည်။ထမင်းစားနေဆဲမှာပင် သံကြိုးခတ်ခံထားသူဆီသို့ လှမ်းကြည့်လိုက်တော့ တုတ်တုတ်မျှ
မလှုတ်ပဲ အိပ်ပျော်နေသည်ကို တွေ့ရ၏။
"ခုမှပဲ နေလို့ထိုင်လို့ ကောင်းသွားတော့တယ်
ဟား..ဟား။ ဟော..ဟိုမှာ ခင်ဗျားအိမ်ကလူ လာပြီ"
သူမေးငေါ့ပြရာ လှမ်းကြည့်လိုက်သည်။
"ဘယ်မှာလဲဗျ"
"ဟာ..အဲဒီမှာလေ"
ကျွန်တော်မြင်နေသည်က လူစိမ်းတစ်ယောက်။ထို
လူစိမ်းက ကျွန်တော့်နဘေးသို့ ရောက်သောအခါ
ခုံတစ်လုံးဆွဲယူ၍ ထိုင်လိုက်သည်။
"ညီလေး..သတိရပြီလား"
"အစ်ကိုက ဘယ်သူလဲ"
ထိုလူစိမ်းက ကျွန်တော်မေးသည်ကို မဖြေပဲ ပြုံးပြ
နေသေးသည်။ ပြီးမှ
"အစ်ကို့နာမည်က အောင်မင်း။ ညီလေးကရော"
"ကျနော့်နာမည် နိုင်သူပါ။ အစ်ကို့ကို ကျနော့်ညီမ
လွှတ်လိုက်တာလား"
"ညီလေး ထမင်းစားလိုက်ဦး။ ပြီးမှ ပြောကြတာပေါ့"
ဒီလူဘယ်လိုလူပါလိမ့်ဟု တွေးနေရင်း စားချင်စိတ်
မရှိတော့သော ထမင်းချိုင့်ကို ပိတ်လိုက်သည်။
"ကဲ ကိုအောင်မင်း။ ပြောလို့ရပြီ"
"အိုကေ..ဒါဆိုအစ်ကိုပြောပြမယ်။ ညီလေးကို အစ်ကို
မသိသလို ဘယ်မှာနေတာလဲ အစ်ကိုမသိဘူး"
ကျွန်တော် သူ့မျက်နှာကို သေချာစိုက်နေလိုက်၏။
သူက ဆက်ပြောသည်။
"ဒီလိုပါ ညီလေး။ အစ်ကိုက ညဘက်ဆွဲတဲ့ တက္ကစီ
သမား တစ်ယောက်ပါ။ ညက တစ်ညလုံး တက္ကစီဆွဲ
ပြီးလို့ အိမ်မပြန်ခင် သိမ်ကြီးဈေးထောင့်နားက
ပလက်ဖောင်းထမင်းကြော်ဆိုင်လေးမှာ ထမင်းကြော် စားနေခဲ့တယ်။ အချိန်ကတော့ မနက် ငါးနာရီ
ဝေလီဝေလင်းပေါ့"
"မဟုတ်ဘူးလေ ကျနော်ပြောပြစေချင်တာက.."
ကျွန်တော့်စကားမဆုံးခင် သူက လက်ကာပြသည်။
"အစ်ကို့စကားကို ဆုံးအောင်နားထောင်ပြီးမှ ညီလေး
ရှင်းသွားလိမ့်မယ်။ ခဏလေး"
"ဟုတ်ကဲ့"
"ထမင်းကြော်စားနေတုန်း ခပ်လှမ်းလှမ်းမြင်သာလောက်တဲ့ နေရာနားမှာ ကားတစ်စီးရပ်သွားတာ
တွေ့လိုက်တယ်။ ကားပေါ်က လူတစ်ယောက်ဆင်း
လာတယ်။ ပြီးတော့ ကားက ပြန်ထွက်သွားတယ်။
ကားက အဖြူရောင် ပရိုဘောက်လေး။ ဘေးဘက်မှာ
ပန်းကနုတ်တွေနဲ့"
သူက ခဏနားနေသေးသည်။ ပြီးမှ
"ကားပေါ်က ဆင်းလာတဲ့သူက အစ်ကိုတို့ဘက်ကို တဖြည်းဖြည်း လျောက်လာရင်း အနားရောက်လာခဲ့
တယ်။ အဲဒါ ညီလေးပဲ"
"ဗျာ!"
ကျွန်တော် အတော်လေးအံဩသွားမိသည်။
"ဟုတ်တယ်ညီလေး။ အနားရောက်လို့ ညီလေးကို
ကြည့်လိုက်တော့ ညီလေးပါးစပ်က ပေါက်တတ်ကရ
တွေပြောနေတာ ကြားလိုက်တယ်။ ပုံစံကလည်း
လုံးဝ မူမမှန်ဘူး။ အစ်ကိုရိပ်မိလိုက်တာက ညီလေးကို လာစွန့်ပစ်လိုက်တယ် ဆိုတာပဲ"
"အစ်ကိုဆိုလိုတာက ကျနော့်ညီမက ကျနော့်ကို
စွန့်ပစ်လိုက်တာလို့ ပြောချင်တာလား"
"ဒါတော့ အစ်ကိုမသိဘူး။ ညီလေးရဲ့ အတွင်းရေးတွေလည်း မသိဘူး။ အဲဒီမှာ မသကာင်္လို့ ညီလေးနောက်ကို လိုက်ကြည့်ရင်း ညီလေး အန္တရယ်ဖြစ်မှာ
စိုးလို့ တခြားလူတွေကို အကူအညီတောင်းပြီး
ခဏထိန်းထားလိုက်တယ်။ မတော်တဆ တစ်ခုခု
ဖြစ်သွားမှာစိုးလို့ပေါ့။ ပြီးတော့ တစ်ခါတည်း ဒီဆေးရုံကို
ပို့လိုက်တာ။ ဒီရောက်တော့မှ ဆရာဝန်ကပြောတယ်။
အရက်ဖြတ်ထားပြီး
အရက်ကြောင် ကြောင်နေတာတဲ့။ တော်တော်ကံ
ကောင်းတယ်တဲ့။ ညီလေးရဲ့အခြေအနေက တော်တော်လေး သတိကင်းနေပြီတဲ့။ ဒီတိုင်းလွှတ်ထားရင် သေဖို့
ရာခိုင်နှုန်း တော်တော်များတယ်တဲ့။ ဘာလို့လဲဆို
တော့ အရက်ကြောင် ကြောင်နေတဲ့သူတွေဟာ
အမြင်အာရုံတွေ လွဲနေတတ်တယ်တဲ့။ မြင်ရဲ့သားနဲ့
မမြင်မိသလို၊ မမြင်ပဲနဲ့လည်း မြင်တတ်ကြတယ်တဲ့။
ဥပမာ ကားလာရဲ့သားနဲ့ ညီလေးက မမြင်ဘူး။
ကားမလာပဲနဲ့လည်း မြင်သလို ခံစားနေရလိမ့်မယ်တဲ့။လူတွေကိုလည်း
အရှိအတိုင်းမမြင်တာမျိုး ဖြစ်တတ်တယ်တဲ့။အဲ့ဒီလိုနဲ့ အသက်ဆုံးရှုံးနေသည်တွေ ရှိကြတယ်တဲ့။ မနက်ဝေလီဝေလင်းအချိန် မြို့လယ်ခေါင် လမ်း
မကြီးပေါ်မှာ လျှောက်သွားနေတဲ့ ညီလေးအဖြစ်ကို
စဉ်းစားကြည့်ပေါ့"
ကျွန်တော် အတော်လေး တွေဝေသွားမိသည်။
သေချာစဉ်းစားကြည့်လိုက်တော့ အဖြစ်အပျက်တွေက ဝိုးတိုးဝါးတားတော့ ပြန်ပေါ်လာသည်။
အရက်ဖြတ်နေစဉ် အိမ်အောက်ဂိုဒေါင်ထဲတွင်
ကျွန်တော့်ကို ပိတ်ထားကြပုံ၊ မနက်စောစော ကျွန်တော့်ကို ဆေးခန်းသွားမည်ဟုပြောကာ ကားပေါ်
တင်ခေါ်လာပုံ၊ တစ်နေရာအရောက် ရောက်ပြီဟုဆို
ကာ ကားပေါ်မှ ဆင်းခိုင်းပုံ၊ ထို့နောက် အဆင့်ဆင့်
ဆေးရုံရောက်လာပုံ။
ဟုတ်သည်။ အမြင်မှားတတ်သည်ဆိုသည်မှာလည်း
ဖြစ်နိုင်သည်။ ဂိုဒေါင်ထဲရှိနေစဉ် ကျားကြီးတစ်ကောင် လိုက်ကိုက်နေ၍ ပတ်ပြေးခဲ့ရသေးသည်။
ပြီးတော့ လေယဉ်ကြီးတစ်စီးကလည်း လိုက်တိုက်ခဲ့
သေးသည်။ ကြမ်းခင်းအောက်မှ ဝေလငါးကြီးထွက်လာ၍ နံရံပေါ် ကုတ်တက်ခဲ့ရသေး၏။ပြန်စဉ်းစားကြည့်တော့ ဘယ်လိုမှ ဖြစ်နိုင်စရာအကြောင်းကား မရှိ။
ဒါဆိုရင် ကျွန်တော့်ကိုထားခဲ့ခြင်းက သေစေလို
သည့် ရည်ရွယ်ချက်ပေါ့။ ပရိုဘောက် ပန်းကနုတ်နဲ့
ဆိုတာ ကွန်တော့်ညီမကားလေ။
"ဘယ်လိုသဘောရလဲ ညီလေး"
"ဟုတ်ကဲ့။ ကျနော်မှတ်မိပြီ။ ကျနော့်ကို သွားပစ်ထား
ခဲ့တာ ကျနော့်ညီမ လင်မယားပါပဲ။ အဲ..ညီမအရင်း
တော့ မဟုတ်ဘူး။ မွေးစားအဖေရဲ့ သမီးပေါ့။ မွေးစားအဖေ ဆုံးပြီးတော့ အမွေတွေခွဲကာနီးအချိန်
မှာ သူက ကျနော့်ကို အရက်ဖြတ်ခိုင်းတယ်။ ကျနော်
က ဆေးရုံမှာဖြတ်မယ်ပြောတော့ ရွာသာကြီးသွားရ
မှာ ရှက်တယ်တဲ့။ အိမ်မှာပဲ ဖြတ်ဆိုပြီး ဂိုဒေါင်ထဲ ပိတ်ထားခဲ့တာပဲ။ ခုလို လမ်းပေါ်ပစ်ထားခဲ့တာက
သေစေချင်လို့တူပါရဲ့။ အမွေမခွဲပေးချင်လို့ပေါ့"
"အင်း။ဖြစ်နိုင်တယ် ညီလေး။ ညီလေးသေပြီဆိုရင်လည်း သူတို့ပယောဂ မပါတဲ့သဘောပေါ့"
"ဟုတ်လောက်တယ် အစ်ကို။ ဆေးခန်းသွားနေတုန်း
မီးပွိုင့်တစ်ခုခုမှာ ဆင်းပြေးသွားပြီး ပျောက်နေတဲ့ပုံစံ
အကွက်ဆင်ထားခဲ့တာ ဖြစ်မယ်"
"အေးပေါ့လေ။အရက်ကြောင် ကြောင်ပြီး အမြင်မှောက်မှားနေတဲ့ လူတစ်ယောက် ကားလမ်းမပေါ်မှာ တစ်ယောက်တည်းဆို
တော့လည်း။ အင်း..မသေတာ ကံကောင်းပါတယ်။
အစ်ကိုကြားဖူးတယ်ညီရ။ အိမ်ဝရန်တာမှာ ရပ်နေတုန်း အပြင်က တစ်ယောက်ယောက်ခေါ်လို့ဆိုပြီး
တံခါးပေါက် အမှတ်နဲ့ ကျော်ခွပြီး ပြုတ်ကျပြီးသေတာတွေ။
အောက်က တစ်ခုခုလိုက်လို့ဆိုပြီး အမြင့်ကြီးတွေကို
ကုတ်တက်သွားပြီးမှ ပြုတ်ကျသေတာတွေ။ ဟူး..
အများကြီးပဲကွာ။ ဒါနဲ့ ညီလေးအရက်သောက်တာ
ဘယ်လောက်ကြာပြီလဲ"
"သောက်တာတော့ ကြာခဲ့ပြီဗျ။ နေ့ညမပြတ် အလွန်
အကျွံသောက်တာကတော့ ဆယ်နှစ်လောက်ရှိရော
ပေါ့"
"ကဲပါလေ..ဒါတွေထားလိုက်ပါတော့။ အခု ဘာဆက်
လုပ်မလဲ"
ကျွန်တော် ခေါင်းကို ဖြည်းဖြည်းချင်း ရမ်းခါလိုက်သည်။ ပြီးမှ
"ဘာမှ မလုပ်တော့ပါဘူး။ သေစေလောက်အောင်
စီစဉ်ခဲ့တဲ့ လူတွေဆီကိုလည်း ဘာပြဿနာမှ သွားမရှာတော့ပါဘူး။အမွေတွေလည်း မမက်ပါဘူး။ ကျွန်တော် အစ်ကိုနဲ့နေလို့
ဖြစ်လား"
"ဖြစ်တာပေါ့ ညီရ။ အစ်ကိုက တစ်ကိုယ်တည်းသမား
ပဲလေ။ ညီလေးနဲ့ အဖော်ရတာပေါ့"
"ဟုတ်ကဲ့အစ်ကို။ ဘယ်တော့လောက် ဆေးရုံက ဆင်းလို့ရမလဲ"
"ဆရာဝန်ပြောတာတော့ ဆယ်ရက်နေရမယ်တဲ့။ ဒီမှာရှိနေတုန်း
နေ့တိုင်း အချိန်မှန် ဆေးသောက်ရမယ်တဲ့"
"ကျေးဇူးကြီးလှပါတယ် အစ်ကိုရယ်။ ကျွန်တော်
ဘယ်တော့မှ အရက်မသောက်တော့ပါဘူးလို့
ကတိပေးပါတယ် အစ်ကို"
"ဝမ်းသာပါတယ်ညီလေး။ ကဲ ဧည့်တံခါးပိတ်တော့
မယ်။ အစ်ကိုပြန်တော့မယ်"
"ဟုတ်ကဲ့ပါ အစ်ကို"
တရွေ့ရွေ့ထွက်ခွာသွားသော သူ့ကျောပြင်ကိုကြည့်ရင်း ကျွန်တော် အတွေးများဖြင့် ကျန်ရစ်ခဲ့လေ၏။
(ပြီး)
သုတ၊ရသ ပြည့်ဝကြပါစေ
နတ်စောင်း(ကျိုက်ထို)
၁၉.၇.၂၀၁၅
No comments:
Post a Comment