Apr 9, 2017

ငါနှင့်ငါပိုင်ဆိုင်သည်ဆိုသော

၃.၈.၂၀၁၆နေ့ထုတ် စံတော်ချိန်

ငါနှင့် ငါပိုင်ဆိုင်သည်ဆိုသော (ဝတ္ထုတို)

"သား သားရေ သား"
    တဟုန်းဟုန်းတောက်လောက်နေတဲ့ မီးညွန့်
မီးတောက်တွေကြားထဲကို ပြေးဝင်မယ်တကဲကဲ
လုပ်နေတဲ့ ဆရာ့ကို ကျွန်တော်အပါအဝင် လူလေးငါးယောက်လောက်က အတင်းဝိုင်းချုပ်ပြီး
ထိန်းထားလိုက်ရတယ်။သားဇောမို့ထင်ပါရဲ့ ဆရာ အရမ်းသန်မာနေသလိုပဲ။
    စက်ရုံတစ်ခုလုံးကို တောက်လောင်ဝါးမျိုနေတဲ့ မီးတောက်တွေက အရမ်းကိုအရှိန်ပြင်း
လွန်းနေတော့ မီးသတ်ကားတွေ ဝိုင်းငြိမ်းနေပေ
မယ့် သိသိသာသာ အရှိန်မကျသေး။နာရီဝက်
လောက်ကြာမှ သစ်ရွက်တွေပြောင်စင်နေတဲ့
သစ်ခြောက်ပင်အိုကြီးလို စက်ရုံကြီးက ထိုးထိုးထောင်ထောင် မီးကျွမ်းတိုင်များကလွဲပြီး အကာအရံတွေဆိုတာ မရှိတော့သလောက်။
    သယ်ထုတ်လာတဲ့ မီးလောင်ပြီးသား လူသေ
အလောင်းတွေကို ဆရာ တည့်တည့်မကြည့်။
မြေကြီးပေါ် ဒူးထောက်လျက်သားနဲ့ အောက်တည့်တည့်ကို တွေတွေကြီးစိုက်ကြည့်နေတယ်။
     ကျွန်တော် ဆရာ့ကိုချုပ်ထားတဲ့လက်ကို လွှတ်ပြီး အလောင်းတွေကို လိုက်ကြည့်တယ်။
တချို့အလောင်းတွေက ဘယ်သူဘယ်ဝါဆိုတာ
တောင် မှန်းရမလွယ်တော့။အလောင်းတစ်လောင်းရဲ့ မျက်နှာကိုတော့ ရှင်းရှင်းလင်းလင်း တွေ့လိုက်ရတယ်။
"ဆ ဆရာ ဆရာ့သားလည်း...."
    ကျွန်တော်ဆက်ပြောဖို့ အင်အားမရှိတော့အောင်ဖြစ်သွားတယ်။တစ်ပေါက်ချင်း တစ်ပေါက်ချင်း လိမ့်ကျလာတဲ့ ဆရာ့မျက်ရည်တွေက ကျွန်တော့်နှုတ်ထွက်စကားတွေကို တားထားလိုက်သလိုပဲလေ။ဒါပေမယ့် ကျွန်တော် မနေနိုင်ခဲ့ပါဘူး။
"ဆရာ စိတ်ကိုတင်းမထားနဲ့။ငိုချလိုက်ပါ။ အားရ
ပါးရ ငိုပစ်လိုက်ပါဆရာ"
  ဆရာ့နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်လာတယ်။
"ငါ့ ငါ့သားလေးက အရမ်းလိမ္မာတာ ရန်နိုင်ရ။
သူကလေ အဖေ့စက်ရုံကို ဦးစီးနိုင်အောင်ဆိုပြီး
စက်ရုံမှာပဲ နေ့ရောညရော လာနေနေတာကွ။
အခုတော့...အခုတော့....အီးဟီး...အီး"
      ကျွန်တော် ဆရာ့ကို တင်းနေအောင် ဖက်ထားလိုက်တယ်။ဆရာ့မျက်ရည်တွေ ကျွန်တော့်
ပုခုံးပေါ်ကျနေသလို ကျွန်တော့်မျက်ရည်တွေလည်း ဆရာ့အင်္ကျီအပေါ် စိုစွတ်သွားတာပေါ့။
      ခဏအကြာမှာ ဆရာ့ကိုယ်ထဲက ဖုန်းမြည်သံ ထွက်လာတယ်။ဒါပေမယ့် ဆရာ ထုတ်မကိုင်ဘူး။သုံးလေးခါလောက်
ဆက်တိုက်မြည်ပြီးတော့ ဆရာ့ဆီက တိတ်သွား
ပြီး ကျွန်တော့်ဖုန်းက မြည်လာပြန်တယ်။
     ကျွန်တော် ဆရာ့ကို ဖက်ထားရင်းနဲ့ပဲ ဖုန်းကို
ထုတ်ကိုင်လိုက်တယ်။ဆရာ့အိမ်က ဆက်တာပါ။ကျွန်တော်တို့ဘက်က လူသံ၊ကားသံတွေ
ဆူညံနေပြီး အသံမသဲကွဲတာမို့ ဖုန်းစပီကာကို
ဖွင့်ထားလိုက်တယ်။
       ဆရာ့အိမ်က ထမင်းချက်မိနွေရဲ့အသံက
အထစ်ထစ်အငေါ့ငေါ့ ကတုန်ကယင်နဲ့။ဒါပေမယ့် ပြောသွားတဲ့ အဓိပ္ပါယ်ကတော့ ရှင်းပါတယ်။
     ကျွန်တော် ပါးစပ်အဟောင်းသားနဲ့ ဘာမှပြန်မပြောမိ။
"ဟလို ဟလိုကြားလား ဟလို ဟလို"
"ဒေါက်"
      ဖုန်းက ကျွန်တော့်လက်ထဲကနေ လွတ်ကျ
သွားခဲ့ပါပြီ။
    ဖုန်းစပီကာဖွင့်ထားတဲ့အတွက် အသံတွေအားလုံးကို ဆရာလည်း ရှင်းရှင်းလင်းလင်း ကြားလိုက်မှာပါ။
    ကျွန်တော် ဆရာ့ကိုဖက်ထားရာကနေ ရုတ်တရက် ဆွဲခွာလိုက်ပြီး ဆရာ့ကို စိုးရိမ်တကြီး
ကြည့်လိုက်တယ်။
"ဆရာ ဆရာ"
      ဆရာ့ပခုံးတွေကို လှုပ်ခါပြီးသတိပေးနေပေ
မယ့် ဆရာတစ်ကိုယ်လုံးက ပျော့ခွေသွားခဲ့ပါပြီ။
    ဆရာ လဲပြိုမကျသွားအောင် ကျွန်တော် ပြန်
ထိန်းထားလိုက်တယ်။
"လာကြပါဦး ဒီမှာ ဆရာသတိလွတ်သွားလို့"
     ဝိုင်းအုံလာတဲ့ လူအုပ်ကြားထဲကနေတစ်ဆင့်
အရေးပေါ်ကားပေါ်ကို ဆရာရောက်သွားပါတော့တယ်။ကျွန်တော်လည်း ဆရာ့ကို စိုးရိမ်စိတ်နဲ့ ဆရာ့ဘေးနားမှာ ဘုရားစာရွတ်ရင်းနဲ့ပေါ့။
    ဪ...ဆရာတို့မိသားစုဘဝ ကံဆိုးမိုးမှောင် ကျခဲ့တာပါလား။
     စက်ရုံမီးလောင်တယ်။သားက မီးထဲမှာ ပါသွားတယ်။အိမ်မှာကျန်နေခဲ့ နှလုံးရောဂါသည်ဇနီးသည်က သတင်းဆိုးတွေ ကြားကြားချင်း
သူ့သားနောက်ကို လိုက်သွားတယ်။
    ဆုံးရှူံးမှုတွေ များလွန်းလှပေါ့ ဆရာရယ်။
စက်ရုံ၊ဇနီးနဲ့သား။ဆရာတော့ အသက်ဘေးက
လွတ်ပါစေ။
.....
     မီးသဂြိုဟ်စက် မီးခိုးခေါင်းတိုင်က ထွက်လာတဲ့ မီးခိုးတွေကို ဆရာစိုက်ကြည့်နေတယ်။
   ရေဝေးသုသာန်ကတော့ မစည်ကားသင့်တဲ့နေရာမှာ စည်ကားနေတာလား။အနိစ္စတရားကို
အကျယ်တဝင့် ခင်းကျင်းပြသနေတာပဲလား။

`ရုပ်ရည်လှစင်း စည်းစိမ်ထင်းလည်း
ပျက်ယွင်းနောက်ဆုံး ရှိလေ၏။

မွေးချင်းနှမ မိနှင့်ဖလည်း
ခွဲရနောက်ဆုံး ရှိလေ၏။

ဇနီးမယား သမီးသားလည်း
ထားသွားနောက်ဆုံး ရှိလေ၏။

ရာထူးဂုဏ်တင့် ပညာမြင့်လည်း
ဝေးလွင့်နောက်ဆုံး ရှိလေ၏။´

     ကြားဖူးခဲ့တဲ့ ကဗျာလေးကို စိတ်ထဲကနေ ကျွန်တော် ရွတ်ကြည့်နေမိတယ်။
"ဆရာ့ကိုကျွန်တော် အကြံတစ်ခုလောက်ပြုချင်
တယ်။ဆရာက တစ်ရက်တည်းမှာ
သားရယ်၊ဇနီးရယ်၊ဥစ္စာပစ္စည်းတွေရယ် ဆုံးရှူံးခဲ့
ရတာဆိုတော့ လောလောဆယ်တော့ အရမ်းခံ
စားနေရမှာပါ။ကျွန်တော်လည်း ဆရာနဲ့ထပ်တူ
ခံစားဝမ်းနည်းရပါတယ်။ဆရာ့ခံစားမှုတွေ
အနည်ထိုင်လိုထိုင်ငြား ခဏလောက်ဖြစ်ဖြစ်တော့ ရဟန်းဝတ်လိုက်ပါလားဆရာ"
    ဆရာက မီးခိုးတွေကို စိုက်ကြည့်နေရင်းနဲ့ပဲ
လေကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး
ခပ်ပြင်းပြင်း ပြန်ထုတ်လိုက်တယ်။
"ငါလည်း အဲဒါပဲ စဉ်းစားနေတာ။အခုချိန်မှာ ငါ့စိတ်တွေက ဘယ်လိုမှ တည်ငြိမ်မှုမရှိဘူး။
ခဏတဖြုတ်တော့ ရဟန်းဝတ်လိုက်ဦးမယ်ကွာ။
အလုပ်တွေကို မင်းပဲဦးစီးထားလိုက်ပေါ့"
"ဟုတ်ကဲ့ စိတ်ချပါဆရာ"
    ချောင်ကျသွားတဲ့ ဆရာ့ရဲ့မျက်နှာကို ဘေးတိုက်အနေအထားကနေကြည့်ရင်း ကျွန်တော် တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်။အင်းလေ ကျွန်တော်တောင် တော်တော်
ခံစားနေရတာ ဆရာ့ရင်ထဲ ဝင်မကြည့်ပေမယ့်
သိနိုင်တာပေါ့။ဆရာ အသက်ဘေးက လွတ်သွားတာကိုပဲ ကံတရားကို ကျေးဇူးတင်လွန်းလှပါပြီလေ။
      ဒီလိုနဲ့ နာရေးကိစ္စတွေပြီးပြီးနောက်ပိုင်း သိပ်မကြာခင်မှာပဲ ဆရာ ဒုလ္လဘရဟန်း ဝတ်သွားတယ်။
    ကျန်ခဲ့တဲ့ လုပ်ငန်းဆောင်တာမှန်သမျှ ဆရာ့
ကိုယ်စား ကျွန်တော်ပဲ ဦးစီးရတာပေါ့။
     အရင်ကတည်းက ဆရာ့လက်စွဲတပည့်မို့
ကျွန်တော့်အတွက် ခက်ခက်ခဲခဲ မရှိလှပါဘူး။ဒါပေမယ့် အကြံပေးတုန်းကပေးခဲ့ပြီး ဆရာမရှိတော့လည်း ဆရာ့ကို ပြန်လာစေချင်မိတယ်။
လွမ်းလည်းလွမ်းတယ်။ဆရာ့ကိုတော့ သွားတွေ့
ခွင့် မရခဲ့ပါဘူး။သူ ရဟန်းဝတ်နေချိန် ဘာစိတ်အနှောင့်အယှက်မှ မရချင်ဘူးဆိုပြီး ဘာကိစ္စနဲ့ပဲ
ဖြစ်ဖြစ် သူ့ဆီမလာခဲ့ဖို့ မှာသွားခဲ့တယ်လေ။ဒီ
တော့ ဆရာ့အလိုက်သိတဲ့ တပည့်တစ်ယောက်
အနေနဲ့ ဆရာ့ကိုကျွန်တော် သွားမတွေ့ခဲ့ပါဘူး။
    ဒီလိုနဲ့ပဲ ရက်နှစ်ဆယ်ကျော် ကြာပြီးတဲ့တစ်နေ့ အကြောင်းမကြားပဲနဲ့ ဆရာ လူဝတ်လဲပြီး
ပြန်ရောက်လာပါတယ်။
"ဟာ ဆရာ ထွက်လာပြီလား။အကြောင်းကြားရောပေါ့ ဆရာရယ် ကျွန်တော်လာကြိုမှာပေါ့"
    ကျွန်တော် ဝမ်းသာပျော်ရွှင်မှုတွေနဲ့ အားရပါး
ရ နှုတ်ဆက်တော့ ဆရာက တည်တည်ငြိမ်ငြိမ်
ပြန်ပြုံးပြတယ်။
   ဆရာမျက်နှာက ဟိုးအရင်တုန်းကလို ပြည့်ပြည့်ဖြိုးဖြိုး ပြန်ဖြစ်နေပါပြီ။ဆရာ့အပြုံးကတော့
အရင်တုန်းကထက်ပိုပြီး အေးဆေးတည်ငြိမ်လာ
ပါတယ်။
"ကဲ ဆရာ အေးအေးဆေးဆေး အနားယူလိုက်ဦး။အလုပ်တွေလည်း စိတ်ရှိသလောက် နားထားလိုက်။တပည့်တစ်ယောက်လုံးရှိတယ်ဆရာ။အခုတော့ ဆရာကင်းကွာနေတာလေးကို
ဆရာတပည့်နှစ်ယောက် ဝိုင်းလိုက်ရအောင်။ညနေခင်းလေးမှာ စိုစိုပြေပြေပေါ့။ကျွန်တော်ကိုယ်
တိုင် စပါယ်ရှယ်အမြည်း လုပ်ပေးမယ်"
    ကျွန်တော် မီးဖိုခန်းဘက် ခြေဦးလှည့်ဖို့ ပြင်လိုက်ချိန်မှာပဲ ဆရာ့အသံကြောင့် ကျွန်တော့်ခြေ
လှမ်းတွေ ဆက်မလှမ်းဖြစ်သေး။
"ရန်နိုင်"
     ဆရာ့အသံက တကယ့်ကို တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး။
   ကျွန်တော် ဆရာ့ဘက် မျက်နှာပြန်မူလိုက်ပြီး
ပြုံးပြလိုက်တယ်။
"ဟုတ်ကဲ့ ပြောပါဆရာ"
   ဆရာက ကျွန်တော့်ကို ခဏစိုက်ကြည့်နေသေးတယ်။
"ငါအခုပြန်လာတာ အရင်ဘဝကို ပြန်လျှောက်ဖို့
မဟုတ်ဘူး"
    ဆရာ့စကားကို နားမလည်နိုင်စွာနဲ့ ပြန်ကြည့်
နေမိတယ်။
"ကျန်နေသေးတဲ့ စည်းစိမ်ဥစ္စာတွေကို မင်းတို့အ
တွက် ပေးသင့်သလောက်ပေးမယ်။ပြီးရင် အကုန်လှူပစ်မယ်။ဒါတွေလုပ်ဖို့ ငါပြန်လာတာ။
အားလုံးပြီးဆုံးသွားရင်တော့ သာသနာ့ဘောင်ထဲ အပြီးအပိုင် ပြန်ဝင်တော့မယ်။ ပိုင်ဆိုင်ခြင်း၊
ဆုံးရှူံးခြင်း ဆိုတာတွေကို ငါ ကောင်းကောင်း သိလိုက်ရပြီ ရန်နိုင်။ ဂေါတမမြတ်စွာဘုရားကဟောခဲ့တယ်။ သင်ပိုင်တယ်လို့ ထင်နေတဲ့
အရာတွေကိုသာ သင်ဆုံးရှူံးတာပါတဲ့။ ငါ့ကိုယ်ငါတောင် မပိုင်တာ ဘာမှဆုံးရှူံးစရာ မရှိတော့ဘူးပေါ့။ဒါပါပဲ"
     အိမ်အတွင်းဘက်ကို လှည့်ဝင်သွားတဲ့ ဆရာ့ကျောပြင်ကိုကြည့်ရင်း ကျွန်တော့်မှာ ပါးစပ်အဟောင်းသားနဲ့။အတွေးများစွာနဲ့.....။

နတ်စောင်း(ကျိုက်ထို)

No comments:

Post a Comment