ဝါးဆစ်ပိုင်း လူသတ်မှု (ဝတ္တုတို)
....
(၁)
တစ်နေ့မနက်စောစော
ကျွန်တော်နှင့် ဒုရဲအုပ်ကိုနိုင်မင်း လဖ္ဘက်ရည်ဆိုင်ထိုင်၍ အေးအေးလူလူ စကားပြောနေစဉ်
"တူ..တူ.."
ကိုနိုင်မင်း ခါးကြားမှ ဖုန်းမြည်သံ
"ဟဲလို.."
"......"
"ဟုတ်ကဲ့"
"..........."
"ဟုတ်ကဲ့..အခုပဲ သွားလိုက်ပါ့မယ်"
ဖုန်းချသွားပြီးနောက် ကိုနိုင်မင်းက
"ကဲ..ကိုခန့်ရေ ..စခန်းမှုးဖုန်းဆက်တယ် ဒေါ်ခင်တင့်
ယောင်္ကျား ဦးမြတ်ထွန်း အသတ်ခံရလို့တဲ့ဗျာ
သွားလိုက်ဦးမယ်"
"ဟာ! ဘယ်လိုဖြစ်တာလဲ"
"သူတို့လမ်းထိပ်နားက ခြုံစပ်မှာ အသတ်ခံရတာတဲ့"
"ကျုပ်ရော လိုက်ခဲ့လို့ရလား"
"လိုက်ချင်လိုက်ခဲ့လေ..လာ"
ကိုနိုင်မင်းက ပြောပြောဆိုဆို ဆိုင်ကယ်ပေါ် တက်
နေပြီ။
ကျွန်တော်လည်း ကမန်းကတန်း သူ့နောက်မှတက်၍ လိုက်လာခဲ့သည်။
ညကရွာထားသည့် မိုးကြောင့် ယနေ့မနက်၌
လမ်းမပေါ်တွင် ရေအိုင်လေးတွေက ဟိုတစ်ကွက်
ဒီတစ်ကွက်။
သေဆုံးသူ ဦးမြတ်ထွန်း ဆိုသည်မှာ ကျွန်တော်နှင့်
တစ်ရပ်ကွက်တည်းနေထိုင်သူ။
စီးပွားရေး ပြေလည်သူမို့ အိမ်ကြီးအိမ်ကောင်းနှင့်
နေထိုင်သူဖြစ်သည်။
ငါးမိနစ်ခန့်အကြာ၌ လူသတ်မှုဖြစ်ရာ နေရာသို့
ရောက်လေသည်။
ဦးမြတ်ထွန်း မှာ မြေကြီးပေါ်တွင် မှောက်ခုံလျက်သား။
လူဆယ်ယောက်ခန့်က ဝိုင်းအုံကြည့်ရှုလို့။
ဆိုင်ကယ်ပေါ်မှ ဆင်း၍
ကိုနိုင်မင်း က
"ခဏဖယ်ပေးကြဗျာ ကျွန်တော်ကြည့်ပါရစေ"
အလောင်းအား သေချာကြည့်နေသည်။ပြီးနောက်
ဘေးဘီဝဲယာသို့ကြည့်ကာ အလောင်းဘေးရှိ
မှတ်ပုံတင်ကို လက်ကိုင်ပဝါထုတ်ကာ ကောက်၍
"အောင်သောင်းဆိုတာ ပွကြီးနာမည်မဟုတ်လား"
လူအုပ်ထဲမှ တစ်ယောက်က
"ဟုတ်တယ်..ပွကြီး"
ထိုစဉ် ဒေါ်ခင်တင့် ရောက်လာသည်။
"ဟင်..အမလေး..ကျွန်မယောင်္ကျားဘယ်လိုဖြစ်တာ
လဲ..အဟင့်..ဖြစ်ရလေ ကိုမြတ်ထွန်းရယ်..အဟင့်
ဘယ်သူသတ်တာလဲ..လုပ်ကြပါဦးရှင်..အီး..ဟီး"
ကိုနိုင်မင်းက ဘာမှပြန်မပြော။
အနီးနားရှိ သွေးစွန်းနေသော ဝါးဆစ်ပိုင်း ကို
သေချာငုံ့ကြည့်နေသည်။
ပြီး..ဦးမြတ်ထွန်း ဦးခေါင်းကိုတစ်လှည့်
"ဒီတုတ်နဲ့ ရိုက်သတ်တာပဲ..အချက်အရည်အတွက်
တော့ မနည်းဘူးထင်တယ်"
ဟုတ်လောက်သည်။
ဦးမြတ်ထွန်း ဦးခေါင်း မှာ မြင်မကောင်းလောက်အောင်ပင်။
ထိုစဉ် ကျွန်တော့်ဖုန်းဝင်လာ၍ ဖုန်းပြောပြီးနောက်
"ကိုနိုင်မင်းရေ..ကိစ္စလေးရှိလို့ သွားလိုက်ဦးမယ် "
"ဪ..ဟုတ်ကဲ့ ကိုခန့်"
ကျွန်တော် ထိုအနားမှ လှည့်ထွက်လာခဲ့လေသည်။
...........
(၂)
"ဗျို့..ကိုနိုင်မင်း"
ကိုနိုင်မင်း က ကျွန်တော်လှမ်းခေါ်သံကြောင့်
လဖ္ဘက်ရည်ဆိုင်တွင်းသို့ လှမ်းကြည့်၍ ဝင်လာသည်။
"ဘယ်တုန်းက ပြန်ရောက်တာလဲ"
"ညတုန်းကမှ"
ကျွန်တော်နှင့် ကိုနိုင်မင်း မတွေ့ဖြစ်သည်မှာ
လွန်ခဲ့သည် တစ်လခန့်ကပင်ဖြစ်သည်။
ဦးမြတ်ထွန်း အလောင်းကိုကြည့်နေစဉ်မှာပင် မန္တလေးမှ ယောက္ခမ အသဲအသန်ဖြစ်နေသည်ဟု
ဖုန်းဝင်လာ၍ မန္တလေးသို့ ထွက်လာခဲ့ကာ ညကမှ
ပြန်ရောက်ခြင်းဖြစ်သည်။
ယခုမူ ယောက္ခမ လည်း နေကောင်းသွားပြီဖြစ်သည်။
"အေးဗျာ..ကိုခန့်နဲ့မတွေ့တာတောင် တစ်လလောက်ရှိပြီ"
"ဟုတ်တယ်နော်..ဒါနဲ့ ဦးမြတ်ထွန်း အမှုဘယ်လို
ဖြစ်သွားလဲ ပွကြီးကိုဖမ်းလိုက်ပြီလား"
"ဖမ်းထားတယ် ဒါပေမယ့် သူမဟုတ်ဘူး ငြင်းနေတယ်"
"ဟာ! ဘာလို့လဲ သူ့မှတ်ပုံတင်တွေ့တယ်မဟုတ်လား"
"မှတ်ပုံတင်တောင် မကဘူး..ဝါးဆစ်ပိုင်း ဆီက
လက်ဗွေရာကလည်း သူ့လက်ဗွေရာ"
"ဗုဒ္ဓေါ! ဒါဆိုပြီးပြီလေ"
"မဟုတ်သေးဘူး..အခင်းမဖြစ်ခင် တစ်ရက်တည်းက
သူက မော်လမြိုင် ရောက်နေတာ..သူ့ညီမဆုံးလို့
အသုဘအိမ် ရောက်နေတာ"
"ဟင်! ဘယ်လိုကြီးလဲ"
"အဲ့ဒီ အသုဘအိမ်ကရော အနီးအနားက လူတွေကပါ သူရှိနေကြောင်း ဖဲဝိုင်းကနေ ဘယ်မှမခွာကြောင်း သက်သေလုပ်ကြတယ်။ပြီးတော့ ရန်ကုန်ကနေ မော်လမြိုင်ကိုသွားတဲ့ ကားလက်မှတ်လဲ
ရှိနေတယ်။ကားဂိတ်ကိုသွားစုံစမ်းတော့လည်း
ဟုတ်တယ်တဲ့။ ကားလက်မှတ်မှာပါတဲ့ နေ့စွဲက
အခင်းမဖြစ်ခင် တစ်ရက်အလိုကတည်းက ဖြစ်နေတယ်။ ဒါပေမယ့် မော်လမြိုင် သွားမယ့်ညက
သူနဲ့ ကိုမြတ်ထွန်းတို့ စကားများကြတယ်တဲ့။
ကိုမြတ်ထွန်း အိမ်ရှေ့မှာတဲ့"
"ဘယ်လိုကြီးလဲ "
"အခင်းဖြစ်တဲ့ညက ကိုမြတ်ထွန်းတို့လင်မယား
စကားများကြတယ်။ကိုမြတ်ထွန်းက အရက်မူးမူးနဲ့
မိုးရွာထဲ ထွက်သွားတယ်တဲ့။သူ့မိန်းမကလည်း
စိတ်ဆိုးဆိုးနဲ့ အိပ်နေလိုက်တယ်တဲ့။ ဦးမြတ်ထွန်း
သေကြောင်း မိုးလင်းမှ သိရတာတဲ့"
ကိုနိုင်မင်းက စီးကရက်ကိုထုတ်ကာ မီးညှိသောက်၍
ခဏနားနေသည်။ပြီးမှ
"ကဲ..သွားဦးမယ်ဗျာ"
ကျွန်တော် ဘာမှပြန်မပြောမိ။
တက္ကသိုလ် တက်တုန်းက ဥပဒေလိုင်းမယူမိတာ
မှန်လိုက်လေခြင်းဟုသာ စဉ်းစားရင်း ကျန်ခဲ့လေသည်။
....
(၃)
နောက်ငါးရက်ခန့်အကြာ
ဒီတစ်ခါ လဖ္ဘက်ရည်ဆိုင် အရင်ရောက်နေသည်က
ကိုနိုင်မင်း။
"ဘယ်လိုလဲ ကိုယ့်ဆရာ..ဒီတစ်ခါ အေးဆေးလို့ပါလား"
ကျွန်တော် ခုံတစ်လုံးဆွဲယူ၍ ထိုင်လိုက်သည်။
ကိုနိုင်မင်းက ဖတ်လက်စ သတင်းစာကို
စားပွဲပေါ် တင်လိုက်ကာ
"ခေါင်းရှင်းသွားပြ်ီကိုးဗျာ"
"ဟာ..ဟုတ်လား ဒါဆိုအမှုပေါ်ပြီပေါ့"
"အင်း"
"ပွကြီးပဲ မဟုတ်လား"
"မဟုတ်ဘူး..ဒေါ်ခင်တင့် "
"ဟာ!"
"မနေ့ကမှ စခန်းမှာ သူကိုယ်တိုင် လာဝန်ခံသွားတာ"
"ဟင်! ဘယ်လို"
"ကိုမြတ်ထွန်း က သူ့ကို ညညသရဲလာခြောက်ပြီး
ဝန်ခံခိုင်းလို့တဲ့"
"ကဲ..ကိုနိုင်မင်းရေ..အစအဆုံးသာ လင်းပါတော့။
နားတွေရှုပ်လှပြီ"
ကိုနိုင်မင်းက ရေနွေးငှဲ့သောက်နေသည်။ပြီးမှ
"ဒီလိုဗျ..ဒေါ်ခင်တင့်က သူ့ယောင်္ကျားကို သတ်ဖို့
ကြိုတင်ကြံစည်ထားတာ။အခင်းမဖြစ်ခင် တစ်ရက်က
သူ့ယောင်္ကျားနဲ့ ပွကြီးတို့ သူ့အိမ်ရှေ့မှာ ရန်ဖြစ်တုန်း
ပွကြီးကျကျန်ခဲ့တဲ့ မှတ်ပုံတင်ကို ကောက်သိမ်းထား
လိုက်တာ။ကိုမြတ်ထွန်း အသတ်ခံရတဲ့ ဝါးဆစ်ပိုင်း
ကလည်း ပွကြီးနဲ့ ကိုမြတ်ထွန်း ရန်ဖြစ်တုန်း ပွကြီးက
ရိုက်မယ်တကဲကဲလုပ်ပြီးမှ ပစ်ထုတ်ခဲ့တဲ့ ဝါးဆစ်ပိုင်း
နဲ့ပဲ ရိုက်သတ်တာ။သူက အရင်ကတည်းက သူ့
ယောကျာင်္းကိုသတ်ဖို့ ချောင်းနေတာ။အဲဒီမှာ အကွက်ဝင်သွားတော့ ပွကြီးသတ်သလို ပုံစံနဲ့
မိုးရေထဲ လိုက်သွားပြီး နောက်ကနေ ရိုက်သတ်တာ။
ကြိုတင်ကြံထားတာဆိုတော့ လက်ဗွေမပေါ်အောင်
လက်အိတ်စွပ်သွားတယ်လေ။ အဲဒီတော့ အရင်ကိုင်
ထားတဲ့ ပွကြီးလက်ဗွေပဲ ပေါ်တာပေါ့။ ရိုက်သတ်ပြီးမှ ပွကြီးမှတ်ပုံတင်ကိုရော ဝါးဆစ်ပိုင်းကိုရော
တမင်တကာ ထားခဲ့တာ"
"ဪ..ဒီလိုလား။ဒါနဲ့ပွကြီးက ရန်ဖြစ်တဲ့နေ့က
မှတ်ပုံတင်ဘာလို့ ရှိနေရတာလဲ"
"အဝေးပြေးဂိတ်မှာ ကားလက်မှတ် သွားကြိုမှာတာ။
အပြန်မှာ ကိုမြတ်ထွန်း မူးမူးနဲ့ ရန်စလို့ စကားများတာ"
"အဟား..ဒါဆို ဒေါ်ခင်တင့်က ပိပိရိရိလုပ်ခဲ့သမျှ
သူ့ယောကျာင်္း သရဲပြန်ခြောက်မှ ပေါ်တော့တာပေါ့
ဟား..ဟား"
"သရဲခြောက်တာတော့မှန်တယ်။ဒါပေမယ့် သူ့ယောကျာင်္း မဟုတ်ဘူး။ကျွန်တော်ခြောက်တာ"
"ဘယ်လို!"
ကျွန်တော် ရယ်နေတဲ့ပါးစပ်ပါ ဟလက်စ တန်းလန်း။
ကိုနိုင်မင်းက စီးကရက်တစ်လိပ်ထုတ်၍ လေးငါးဖွာ
ရှိုက်နေသေးသည်။ပြီးမှ
"ဒီလိုဗျ..နားထောင်။အမှုမပေါ်သေးလို့ ခေါင်းစားနေတဲ့တစ်ရက်။ ဒေါ်ခင်တင့်တို့ အိမ်ဖော် ဒေါ်ဘုတို
ဈေးသွားရင်း ဖုန်းပြောလာတာတွေ့လို့ ဘာများသဲလွန်စ ရမလဲလို့ မယောင်မလည် လိုက်နားထောင်လိုက်တာ။တစ်ဖက်က ပြောနေတာက
မိအေး။သူတို့အိမ်မှာ အရင်တုန်းက သူနဲ့တူတူ
အိမ်ဖော်လုပ်ခဲ့တဲ့ မိန်းကလေး။ ကျွန်တော် မသိမသာ လိုက်နားထောင်တော့ ဒေါ်ဘုတိုက
တစ်ဖက်ကို ပြောနေတာက..နင်ဗိုက်ထွက်နေတာ
သေချာလားတဲ့။နင့်ကို ကြာရိုးက ပိုက်ဆံအပြီးပေးလိုက်ပြီလေတဲ့။ကြာရိုးဆိုတာက ဒေါ်ခင်တင့် ရွာမှာနေတုန်းက ငယ်နာမည်။ခင်ဗျားနားရှုပ်မှာစိုးလို့။ ဒေါ်ခင်တင့် နဲ့ ဒေါ်ဘုတိုတို့က ရွာမှာတုန်းက သူငယ်ချင်းတွေ။ဒါတွေလဲ ကျွန်တော်တောင်
သူတို့ရွာထိလိုက်စုံစမ်းပြီးမှ သိရတာ။ဒေါ်ခင်တင့်က
ဦးမြတ်ထွန်း နဲ့ ညားပြီးမှ ရန်ကုန်လိုက်နေတာလေ။
ပြီးမှ ဒေါ်ဘုတိုကို အိမ်အကူလုပ်ဖို့ ခေါ်လိုက်တာ။
နောက်ပိုင်း မိအေးကိုပါ ထပ်ခေါ်လိုက်တာ။
ခုနကစကား ပြန်ဆက်ဦးမယ်။ ပိုက်ဆံအပြီး ပေးပြီး
သားတဲ့။အိမ်မှာလာထပ်ရှုပ်ရဲရှုပ်ကြည့်လို့ ကြိမ်းနေတာတဲ့။ဖြူနုကိုလည်း အဲဒီအတိုင်းကြိမ်းနေတာတဲ့
ဖြူနုဆိုတာက ဒေါ်ခင်တင့် သူငယ်ချင်းတစ်ယောက်ရဲ့သမီး။သူတို့အိမ်မှာလာနေရင်း ရန်ကုန်မှာ သင်တန်းတက်ဖို့ လာနေသွားဖူးတယ်။မိအေးရော၊ဖြူနု
ရော နှစ်ယောက်စလုံးက ဦးမြတ်ထွန်း နဲ့ တိတ်တိတ်ပုန်း ငြိသွားကြတယ်လေ။မိအေးက အရင်။ဒေါ်ခင်တင့် သိသွားလို့ ပိုက်ဆံပေးပြီး မောင်းထုတ်လိုက်တာ။သူသွားပြီးမှ ဖြူနုထပ်ရောက်လာပြီး ထပ်ဖြစ်လို့
အဲဒီအတိုင်းပဲ မောင်းထုတ်လိုက်တာ။ခုမှ မိအေးက
ဗိုက်ထွက်လာလို့ ဒေါ်ဘုတိုဆီ ဖုန်းဆက်လာတာ"
ကိုနိုင်မင်း မောသွားဟန်ရှိသည်။ကျွန်တော်လည်း
အလိုက်တသိ ငြိမ်နေလိုက်သည်။
ကိုနိုင်မင်းက ဆက်၍
"အဲဒီမှာ နားထောင်ရင်းနဲ့ ဒေါ်ဘုတိုစကားအသွား
အလာအရ မိအေးရော၊ဖြူနုပါ ဦးမြတ်ထွန်းနဲ့ ငြိထား
မှန်း သိလိုက်တာ။နောက်မှ ဒေါ်ခင်တင့်တို့ အိမ်နားဝန်းကျင်မှာ စုံစမ်းကြည့်တော့ မိအေးတို့၊ဖြူနုတို့
နေသွားကြတယ်ဆိုတာ ဟုတ်တယ်။ကျွန်တော်လည်း ဂွင်းဆက်လိုက်ချင်လို့ ဒေါ်ခင်တင့်တို့ ရွာအထိလိုက်ပြီး မိအေးနဲ့ တွေ့ခဲ့သေးတယ်။
မိအေးက ကျန်တာတော့မသိဘူးတဲ့။
ဒေါ်ကြာရိုးကတော့ တစ်ရွာာတည်းသားပါတဲ့""
"အေးဗျ...ဖြူနုတော့မသိဘူး။မိအေးနေသွားတာတော့ ကျွန်တော်လည်းသိတယ်"
"ဒေါ်ခင်တင့်က သူရှိနေရဲ့သားနဲ့ မိန်းမရှုပ်ရမလား
ဆိုပြီး ဦးမြတ်ထွန်းကို စိတ်နာနာနဲ့ သတ်ပစ်ချင်နေတာလေ"
"ဪ..ဒါနဲ့..ကိုနိုင်မင်း သရဲခြောက် တဲ့ကိစ္စ
ပြောပါဦး"
"ဒီလိုဗျ.. ကျွန်တော်က ဖေ့ဘုတ်ပေါ်မှာ
ဥပဒေဆွေးနွေးခန်းဆိုတဲ့ groupမှာ အဖွဲ့ဝင်ထားတာ။တစ်ရက်..ကျွန်တော်
အဲဒီ gp ထဲ ဝင်ကြည့်နေတုန်း ကြာရိုးဆိုတဲ့
နာမည်နဲ့တစ်ယောက်က post တင်ထားတာ
တွေ့ရတယ်။လူတစ်ယောက်ကို ကြိုတင်ကြံစည် သတ်ရင် ဘယ်နှစ်နှစ် ထောင်ကျနိုင်ပါသလဲရှင်တဲ့။
Post တင်ထားတဲ့ နေ့စွဲက အခင်းမဖြစ်ခင်
လေးရက်တည်းက တင်ထားတဲ့ post အဟောင်းကြီးပါ။
ကြာရိုးဆိုတဲ့ နာမည်က ဒေါခင်တင့်နာမည်များလားလို့ သူ့wallမှာ ဝင်ကြည့်မိတယ်။
Profile ပုံကတော့ မင်းသမီးတစ်ယောက်ရဲ့ ပုံပါ။
ကျွန်တော်ကြည့်လိုက်တော့ သူ့wallမှာ တင်ထားတဲ့
Photo တစ်ခုက ကျွန်တော့်ကို အံ့ဩသွားစေတယ်
လေ။အဝါရောင်နှင်းဆီပန်းပင် ပုံပေါ့။ပန်းအိုးက
နှုတ်ခမ်းနဲနဲကွဲပြီး ပဲ့နေတယ်။ဖြစ်ချင်တော့
သူ့အိမ်ကို အမှုကိစ္စနဲ့ ဝင်ထွက်တုန်းက အဲ့ဒီ ပန်းအိုးကို မြင်နေကျ ဖြစ်နေတယ်လေ။ပြီးတော့
Photo မှာက ပန်းအိုးအနောက်နားက သံပန်းတံခါး
ဟာ သူ့အိမ်ရဲ့ သံပန်းတံခါးဖြစ်နေတယ်။ဒါဆို
ဒီacc ပိုင်ရှင်ဟာ ဒေါ်ခင်တင့်ဆိုတာ သေချာပြီလေ"
"အင်း"
"ပြီးတော့ ဥပဒေgp မှာ သူတင်ထားတဲ့ postက
သာမန်လူဆို သိချင်လို့ ဆွေးနွေးသလိုလိုနဲ့
သူကတော့ လူသတ်ဖို့ကြံစည်နေတယ်ဆိုတာ
ကျွန်တော်ရိပ်မိလိုက်တယ်"
"အင်း"
"ဒေါ်ခင်တင့်က ကြာရိုးဆိုတဲ့ နာမည်accနဲ့
ဖေ့ဘုတ်သုံးနေတာ ဦးမြတ်ထွန်း မသိလောက်ဘူး
လို့တော့ ကျွန်တော်ထင်တယ်။ပြီးတော့ သူ့wall
မှာ တင်ထားတဲ့ တစ်ခြားpost တွေမှာ သူ့ဓာတ်ပုံ
တော့ မတွေ့ရပေမယ့် အမှုမဖြစ်ခင်ရက်ပိုင်း တင်ထားတဲ့ post တော်တော်များများဟာ လူသတ်ချင်တဲ့ အကြောင်းအရာ တွေချည်းပဲ"
"ဪ"
"ဒေါ်ဘုတိုဖုန်းပြောတဲ့ စကား၊ ဦးမြတ်ထွန်းရဲ့
အရှုပ်ဇယား၊ ကြာရိုး accရဲ့ post တွေ၊ ဒါတွေအားလုံးကို ခြုံကြည့်ပြီး ဦးမြတ်ထွန်းကို
ဒေါ်ခင်တင့် သတ်တယ်လို့ ကျွန်တော်က တစ်ထစ်ချ
ယုံလိုက်တယ်လေ"
"အင်း"
"ဒါနဲ့ ကျွန်တော်လည်း..ကြာရိုးaccကို
သေချာလေ့လာကြည့်တော့ နေရပ်လိပ်စာတော့
မထည့်ထားဘူး။ acc about ထဲ ဝင်ကြည့်တော့
သူ like ထားတဲ့ pageတွေ၊ သူ အဖွဲ့ဝင်ထားတဲ့
Group တွေ၊ အားလုံးနီးပါးဟာ သရဲတစ္ဆေအကြောင်းအရာတွေ ဖြစ်နေတယ်။သူဟာ သရဲတစ္ဆေ
ယုံကြည်သူတစ်ယောက်ဆိုတာ ကျွန်တော်သိလိုက်တယ်လေ"
"ဪ"
"ဒါနဲ့ပဲ ကျွန်တော်အကြံတစ်ခုရလိုက်တယ်။ဒေါ်ခင်တင့်ကို သရဲခြောက်မယ်ပေါ့။ကျွန်တော့်သူငယ်ချင်း
မိတ်ကပ်ဆရာဆီမှာ ကျွန်တော့်မျက်နှာကို ဦးမြတ်ထွန်း မျက်နှာနဲ့ အနီးစပ်ဆုံး ဆင်တူအောင် ပြင်ခိုင်း
တယ်။ညသန်းခေါင်ချိန်လောက် သူ့ခြံထဲကိုခိုးဝင်၊
သူတို့လင်မယားအိပ်ခန်းရဲ့ အနောက်ဘက် မှန်ပြတင်းပေါက်နားမှာ ရိုးတိုးရိပ်တိပ် ပြလိုက်တယ်။
ဒေါ်ခင်တင့်က ဦးမြတ်ထွန်းကို မုန်းလို့သတ်ပစ်လိုက်ပြီး အများရှေ့မှာ သူမဟုတ်သလို ဟန်ဆောင်နေပေမယ့် သူ့အတွင်းစိတ်မှာတော့ ခြောက်ခြားနေမှာ
အမှန်ပဲလေ။သူနဲ့အတူ ဒေါ်ဘုတိုကိုပါ အတူတူခေါ်
အိပ်တာ။မီးဖွင့်ပြီးမှလည်း အိပ်တာ။ကျွန်တော်သွားတဲ့အချိန် သူတို့အိပ်ပျော်နေလို့ မှန်တံခါးကို
ခပ်ဆတ်ဆတ်ထုလိုက်သေးတယ်။သူတို့နိုးသွားမှ
မျက်နှာမြင်အောင်ပြပြီး ပြန်ကွယ်နေလိုက်တာ။
နှစ်ယောက်သား အခန်းပြင်ထွက်ပြေးတာ
တန်းနေရောလေ။ သူတို့သွားမှ အသင့်ပါလာတဲ့
အနီရောင်သုတ်ဆေးနဲ့ မှန်ပေါ်မှာ ရေးလိုက်တယ်။
အဖမ်းမခံရင် နင့်ကိုပါ လာခေါ်မယ်လို့။
အဟဲ..အဲဒီလို သုံရက်လောက် ခြောက်လိုက်တာ
စခန်းမှာလာပြီး ဖြောင့်ချက်ပေးပါလေရောဗျာ
ဒါပါပဲ"
ကိုနိုင်မင်းက ရှည်းလျားစွာရှင်းပြပြီး ရယ်ဖြဲဖြဲ
လုပ်နေလေသည်။
"ဪ..ဒီလိုလား။ခင်ဗျားဗျာ တော်တော်တတ်နိုင်တဲ့လူပဲ..ဟား..ဟား"
နစ်ဦးသားရယ်သံတွေက လဖ္ဘက်ရည်ဆိုင်အတွင်း
ဆူညံစွာ။ထိုစဉ်
"တူ..တူ.."
"ဟဲလို"
"..."
"ဟုတ်ကဲ့"
ဖုန်းချသွားပြီးနောက်
"ဝှူး..ကိုခန့်ရေ...အမှုသစ်ပေါ်ပြန်ပြီတဲ့ဗျို့"
"ဗုဒ္ဓေါ "
.......
(ပြီးပါပြီ)
ဤဇာတ်လမ်းသည် စိတ်ကူးယဉ် သက်သက်သာ
ဖြစ်၍ နာမည်တူများရှိပါက ခွင့်လွှတ်ပေးကြပါရန်။
ဥပဒေနှင့် မဆီလျော်သော
အကြောင်းအရာများရှိပါက
အလုံးစုံခွင့်လွှတ်ပေးကြပါလို့ အနူးအညွတ် တောင်း
ပန်အပ်ပါသည်ခင်ဗျား။
နတ်စောင်း(ကျိုက်ထို)
၂၆.၆.၂၀၁၅
No comments:
Post a Comment