Apr 9, 2017

ကျွန်တော်နှင့် ရွက်ကြမ်းရေကျိုအလွဲများ

ကျွန်တော်နှင့် ရွက်ကြမ်းရေကျိုအလွဲများ
( အပိုင်း ၁)

     ယခင်နေ့တွေက သုံးလေးရက်ဆက်တိုက်
ရွာထားတဲ့မိုးဟာ ဒီနေ့ကျတော့ မုန့်ရပြီးမှအငိုတိတ်သွားတဲ့ ကလေးတစ်ယောက်လို ကြည်ကြည်သာသာမျက်နှာထားနဲ့
သူမဟုတ်တော့တဲ့အတိုင်း။
   ဒါလည်းကောင်းတာပဲ။ ဒီလိုမဟုတ်ရင် လျှော်လှမ်းထားတဲ့အဝတ်တွေမခြောက်သေးလို့
ဝတ်စရာလည်းကုန်ပြီ။ ဒီနေ့သာဆက်ရွာဦးမယ်
ဆိုရင် မနက်ဖြန်မှာ ကျွန်တော့်အဖို့ သစ်ရွက်တွေခူးပြီး လူရိုင်းဇာတ် ခင်းရတော့မည်ထင်။
   ဆံပင်အရှည်နဲ့မျက်နှာမှာ ပုလင်းဖင်မျက်မှန်ကြီးတပ်လို့ အောက်ပိုင်းကို သစ်ရွက်တွေသီပြီး
ကပ်ထားလိုက်ရင်ဖြင့် အကျီင်္ဗလာ နံရိုးအပြိုင်း
ပြိုင်းနဲ့ဖြစ်သွားမယ့် ကျွန်တော့်ကိုယ်ကျွန်တော်
စိတ်ကူးနဲ့ပုံဖော်ကြည့်လိုက်တော့ အားပါးပါး
တော်တော်ကို ကဗျာမဆန်လိုက်မယ့်ရုပ်မျိုး။
    ဒီနေ့ နေကလည်းသာ၊ သင်တန်းလည်းမရှိ
ပျင်းပျင်းနဲ့မို့ ကားမှတ်တိုင်မှာ တောငေးတောင်ငေး လာထိုင်နေလိုက်တယ်။ အဲ...တောငေးတောငေးဆိုလို့ ငေးစရာ တောတွေတောင်တွေ
တော့ မရှိဘူးပေါ့။ နိစ္စဓူဝသွားလာနေတဲ့ ဘတ်စ်
ကားကျပ်ကျပ်တွေရယ်၊ တခြားကားမျိုးစုံရယ်၊ စုတ်တစ်ဝက်၊ပျက်တစ်ဝက် ကားလမ်းမကြီးရယ်(ကောင်းတဲ့နေရာက မရှိသလောက်ကိုး)၊ လိုင်း
ကားစပါယ်ယာတွေရဲ့ မိဘသဖွယ်ဆူပူငေါက်ငမ်းမှုတွေကို သားသမီးတွေပမာ မြေဝယ်မကျ
ပြန်မပြောပဲ ခေါင်းငုံ့နာခံနေရတဲ့
လိုင်းကားစီးသူတွေရယ် အဲဒါတွေထိုင်ငေးနေတာပါ။
     ဒီမှတ်တိုင်က ရန်ကုန်မြို့လယ်ခေါင်က
လူစည်ကားရာ မှတ်တိုင်လိုမျိုးတော့မဟုတ်ဘူး။
အိမ်ခြေနည်းနည်းနဲ့ လူသွားလူလာ သိပ်မများတဲ့မှတ်တိုင်ဆိုတော့ တစ်ချက်တစ်ချက်
အတက်အဆင်းလုပ်ရုံကလွဲလို့ လူသိပ်မရှုပ်လှဘူးပေါ့။
   အမှတ်တမဲ့နဲ့ ကားလမ်းမတစ်ဖက်ခြမ်းကို
ငေးကြည့်လိုက်တော့ ရပ်ထားတဲ့
ကားအကောင်းစားတစ်ဦးကို တွေ့လိုက်တယ်။
ကျွန်တော်လည်း စိတ်ဝင်စားလွန်းလို့ သေချာငေးကြည့်နေလိုက်တယ်။ စိတ်မဝင်စားနိုင်ရိုးလား။ ကားပေါ်က အသက်ငယ်ငယ်ကောင်မ
လေးတစ်ယောက် စိတ်ကောက်တဲ့ပုံစံနဲ့ ခြေဆောင့်ပြီးဆင်းလာတယ်။ အဲ နောက်ထပ်အသက်ကြီးကြီးယောင်္ကျားကြီးတစ်ယောက်က
လည်း ကပျာကယာဆင်းလာပြီး မြေကြီးပေါ် ဒူးထောက်ပြီး တောင်းပန်နေတယ်လေဗျာ။ ကြည့်ရတာ ပြန်ချော့နေတာဖြစ်နိုင်တယ်။
  ဪ အချစ်...အချစ်။ အသက်အရွယ်မရွေး
ဆာလောင်တတ်တဲ့အရာပါလားနော်။

"ဟဲ့! ထပ်မွေး။ နင် ဘာထိုင်လုပ်နေတာလဲ"

  ကြည့်လိုက်တော့ ခိုင်ခိုင်နဲ့ ကျွန်တော့်ရဲ့
ချစ်လှစွာသော ကြူကြူကြိုင်။

"ခိုင်ခိုင် နင့်ကိုငါပြောထားတယ်လေ။ အဲဒီနာမည်ကြီးမခေါ်ပါနဲ့လို့"

   ဒီနာမည်တွင်လာပုံက ဒီလိုပါ။ ကျွန်တော်
သုံးနှစ်သားအရွယ်လောက်က ကျွန်တော်ရယ်၊အမေရယ်၊အမေ့ညီမ ကျွန်တော့်အဒေါ်ရယ် ရန်ကုန်ကနေမုတ္တမကို ညရထားစီးသွားကြတယ်တဲ့။ ထိုင်ခုံမရတော့ ဖြစ်သလိုစီးသွားရတာပေါ့။
စီးလာရင်းအိပ်ငိုက်လာတော့ ထိုင်ခုံတွေကြားမှာပဲ ဖြစ်သလိုလှဲအိပ်ရတယ်လေ။ အမေလည်းအိပ်၊အဒေါ်လည်းအိပ်၊ ကျွန်တော်လည်း အိပ်တာပဲပေါ့။
အဲဒီမှာ ကျွန်တော်က ဘယ်လိုလုပ်ပြီး
အမေ့ထမိန်ကြားထဲ ဝင်ပြီးအိပ်ပျော်သွားတယ်
မသိဘူး။ ကျွန်တော်နိုးလာပြီး ထထိုင်လိုက်တော့ အမေ့ထမိန်ကကြားကနေ ငေါငေါကြီးထွက်လာပါရော။ အဲဒီတုန်းက မြန်မာ့မီးရထားကလည်း
သိတဲ့အတိုင်းလေ။ အတွဲတစ်တွဲလုံးကို
စပျစ်သီးအရွယ်လောက် မီးလုံးနှစ်လုံးလောက်နဲ့
အားကောင်းမောင်းသန် မှိတ်တုတ်ကလေးပေါ့။
မီးရောင်ဖျော့ဖျော့မှာ ထမိန်ကြားထဲက လှုပ်လှုပ်၊လှုပ်လှုပ်ကြီးထောင်လာတော့ ဘေးနားက
အဒေါ်ကြီး လန့်အော်လိုက်တာ ရထားစောင့်ရဲတွေတောင် လူပြုတ်ကျတယ်ထင်ပြီး ရောက်လာကြတယ်ဆိုပဲ။ နောက်မှ အဖြစ်မှန်သိပြီး ရယ်လိုက်ကြတာ ကြွက်ကြွက်ညံပဲတဲ့လေ။
အဲဒီမှာတင် နှစ်ခါပြန်ထပ်မွေးတာဆိုပြီး ကျွန်တော့်အဒေါ် နာမည်ပေးလိုက်တာ ထပ်မွေးဖြစ်
သွားပါလေရောတဲ့။ ရပ်ကွက်ထဲကလူတွေက
ကျောင်းနာမည် ဝင်းစိန်ဆိုရင် ဘယ်သူမှမသိဘူး။ ထပ်မွေးပဲသိကြတာ။ ကျွန်တော်ကလည်း ဒီနာမည်ဘယ်လိုရလဲလို့မေးခံရတိုင်း ပြန်ဖြေတဲ့အခါ အဟားခံရလွန်းလို့ ထပ်မွေးလို့ကို အခေါ်မခံချင်တာ။ တော်တော်လျှာရှည်တဲ့ အဒေါ်။

"ခေါ်မှာပဲ ဘာဖြစ်လဲ။ ထပ်မွေးဟာ
ထပ်မွေးပေါ့"

"နင်နော်...နင်"

  ကျွန်တော် အံကြိတ်ပြတော့ ခိုင်ခိုင်က လျှာပြန်
ထုတ်ပြတယ်။ငယ်သူငယ်ချင်း အကြောင်းသိဆို
တော့ သူ့ကိုတော့ မနိုင်။
   နေဦး။ယောကျာင်္းရမှ အဲဒီလျှာ သူ့ယောကျာင်္း
ကိုက်ဖြတ်ပါစေ(အဲ..ဘာမှလည်းမဆိုင်ဘူး)။
  ကြူကြူကြိုင်ရှေ့မှာမို့ သူ့ကိုဘာမှ ထပ်မပြောတော့။ တော်ကြာ ကျွန်တော့်ရဲ့ ငယ်ကျိုးငယ်နာ
တွေ ကြူကြူကြိုင်သိသွားမှဖြင့်။

"နင်ငါမေးတာ ဖြေပါဦး။ ဒီမှာဘာထိုင်လုပ်နေတာလဲလို့"

"ဒီလိုဟ"

  ကျွန်တော်က ဆက်မပြောသေးပဲ ကော်လံကို
လက်နဲ့ခါ၊ "အဟမ်း...အဟမ်း"ဆိုပြီး ဆရာကြီးစ
တိုင်နဲ့ လည်ချောင်းရှင်းသံလေး ထုတ်လိုက်သေးတယ်။

"လောကကြီးမှာ လူတိုင်းအတွက် မရှိမဖြစ်အရေးကြီးတဲ့အရာတစ်ခုကို လက်တွေ့ကျကျ ကွင်း
ဆင်းလေ့လာနေတယ် ဆိုပါတော့။ နင်နားလည်နိုင်သလောက် လူပြိန်းနည်းနဲ့ရှင်းပြရရင်တော့
ဟော...ဟိုမှာတွေ့လား။ အသက်ကြီးငယ်မရွေး
လိုလားတောင့်တနေတာနေတာလေ။ နင်တို့
တွေလည်း အချိန်မလွန်ခင် အမိအရဖမ်းဆုတ်နိုင်ဖို့ ခုကတည်းက လေ့လာဖို့လိုပြီနော်"

   ကျွန်တော်တဖတ်သတ် ကြိတ်ချစ်နေရတဲ့
ကြူကြူကြိုင်ကိုပါရည်ရွယ်ပြီး ပြောလိုက်ခြင်းပါ။
ဗွီဒီယိုကားတွေထဲက
မင်းသားတွေစတိုင်အတိုင်း လည်ပင်းကို
တစ်ခြမ်းစောင်းပြီး ကားလမ်းတစ်ဖက်က ဒူးထောက်နေတဲ့စုံတွဲဆီကို မကြည့်ပဲနဲ့ လက်ညှိုးထိုးပြလိုက်တယ်။ မျက်လုံးကတော့ ကြူ့ကြူကြိုင်ကိုပဲ စိုက်ကြည့်နေလိုက်ပြီး ဘယ်လိုလဲဆိုတဲ့ အထာလေးနဲ့ မျက်ခုံးတစ်ဖက်ကို
လှုတ်ပြလိုက်တာပေါ့။
    ဘယ်ရမလဲ ငါကွ။ အကွက်ဝင်ပြီလေ ဟိဟိ။
   ကြူကြူကြိုင်နဲ့ခိုင်ခိုင်က ကျွန်တော်လက်ညှိုး
ညွှန်ရာကို ပြိုင်တူကြည့်တယ်။ပြီး ပြိုင်တူပဲ
ကျွန်တော့်မျက်နှာကို ပြန်ကြည့်ကြတယ်။ နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်လာတယ်။ မျက်လုံး
တွေပြူးထွက်လာတယ်။
     ဟားဟား။ ဘယ်လိုလဲ အချစ်ကလေးရ။ လုံးဝ ဟတ်ထိသွားပြီးမဟုတ်လား။
   စစ်ပွဲနိုင်ပြီးပြန်လာချိန် ပျော်တော်ဆက်တွေနဲ့
တည်ခင်းဧည့်ခံ ခံနေရတဲ့ အောင်နိုင်သူစစ်သူကြီးတစ်ယောက်လိုပုံစံမျိုးနဲ့ မျက်လုံးကို
မှေးထားလိုက်ပြီး နှုတ်ခမ်းကို တစ်ဖက်တည်း
ခပ်ကွေးကွေးပြုံးထားလိုက်တယ်။
   ဗြုန်းဆို တစ်ယောက်တစ်ချက်စီ တက်ခေါက်ပြီး သူတို့နှစ်ယောက် လှည့်ထွက်သွားပါလေရော။
  ဟင်...ဘယ်လိုဖြစ်တာပါလိမ့်။ ခေါင်းလေးတွေကိုယ်စီငုံ့ပြီး ရှက်သွေးဖြာနေရမယ့်အခန်း။
တကယ့် ဖီလင်အခန်းကြီးကိုဗျာ။ ဟိုစုံတွဲကိုကြည့်ပြီး သူတို့လည်း ရင်ခုန်သံတွေ
စီးမျောနေရမှာ။
   ပြန်မချရသေးပဲ လေပေါ်မှာတန်းလန်းကြီးရပ်နေတဲ့ ကျွန်တော့်လက်ညိုးထိုးရာအရပ်ကို
ပြန်ကြည့်လိုက်ချိန်မှာတော့  ပထမအဆင့်
ကျွန်တော်လည်း
ခေါင်းမွှေးတွေ တပင်ချင်းစီ ထောင်တက်လာတယ်။ နောက်တစ်ဆင့် ပုလင်းဖင်အောက်က မျက်လုံးတွေက ၃၆၀°အပြည့်
အပြင်ခုန်ထွက်လာတယ်။နောက်ဆုံးတစ်ဆင့်
ပါးစပ်က တိုင်ကီပေါက်လို ဝိုင်းစက်သွားပါတော့တယ်။
  ခုနတုန်းက စုံတွဲ မရှိတော့။ကားလည်း မရှိတော့။ ဘယ်တုန်းက ထွက်သွားကြသည်မသိ။အခု ကျွန်တော့်လက်ညှိုးထိုးထားတဲ့
အဲဒီနေရာမှာရှိနေတာက 
ခွေးစုံတွဲ တော်သလင်းဇာတ် ခင်းနေကြသည်ဖြစ်ခြင်း။ 
  ကျွန်တော် ဒါကြီးကို လက်ညှိုးထိုးပြပြီး သူတို့နှစ်ယောက်ကို အချိန်မီလေ့လာခိုင်းနေမိသည်ပဲ။

"ကြူ...ကြူရေး။ ထပ်ထပ်က အဲလိုအစားမျိုး
ဟုတ်ပါဘူးရို့ဆို"

ကျွန်တော် ဝမ်းခေါင်းထဲက ညှစ်ပြီးအော်ပြောသော်လည်း သူတို့ကတော့ ဖနောင့်နဲ့တင်ပါး
တစ်သားတည်းကျအောင်ပြေးလေပြီ။

......

အပိုင်း ၂ ဆက်ရန်

တစ်ချက်ပြုံးရင်း အသက်တစ်ရက်ပိုရှည်ကြပါစေ။

နတ်စောင်း(ကျိုက်ထို)

No comments:

Post a Comment