မောင်တစ်ထမ်း မယ်တစ်ရွက် သမီးတစ်နိုင်
(ဝတ္ထုတို)
....
အိမ်ရှေ့ကွပ်ပျစ်ပေါ်၌ အမေနှင့်အတူထိုင်
ပြီး အမေပြန်ပြောပြနေတဲ့ ရှေးဟောင်းနှောင်း
ဖြစ်အကြောင်းတွေကို ဇာဇာ စိတ်ဝင်တစား
နားထောင်နေမိသည်။
"အဲဒီတုန်းက သမီးအဖေက မုန်းဟင်းခါးဆိုင်ကြီးတစ်ဆိုင်မှာ အလုပ်လုပ်နေတာလေ။ အမေ
မုန့်ဟင်းခါးသွားဝယ်ရင်းနဲ့ သမီးအဖေနဲ့ ဇာတ်လမ်းစခဲ့ကြတာပေါ့။ မြင်တွေ့ပါများလာရင်း
တဖြည်းဖြည်း သံယောဇဉ်တွယ်ပြီးတော့ ရည်ငံ
သွားခဲ့ကြတယ်။ အမေ့ရဲ့အမေ သမီးဖွားဖွားလည်းဆုံးရော အားကိုးမရှိတော့တဲ့
အမေက သမီးအဖေနဲ့ အကြောင်းပါခဲ့တယ်။
အခုလက်ရှိနေနေတဲ့ ဒီအိမ်ကလေးဟာ သမီးဖွားဖွားရှိစဉ်ကတည်းက နေခဲ့တဲ့အိမ်ပေါ့"
"အဖေကဘာဖြစ်လို့ မုန့်ဟင်းခါးဆိုင်က အလုပ်ထွက်လိုက်တာလဲဟင်"
"ဒါကတော့သမီးရယ်။သူက အိမ်ထောင်ဦးစီးဖြစ်သွားပြီလေ။ အပိုငွေမစုနိုင်တဲ့ လုပ်အားခလောက်နဲ့ အိမ်ထောင့်တာဝန်မထမ်းဆောင်နိုင်
ဘူးဆိုတာ သူကြိုတင်စဉ်းစားမိလို့ပေါ့။ အဲဒီကနေထွက်ပြီး သမီးအဖေက ကြုံရာကျဘမ်း အကုန်လုပ်တယ်။ ငွေပိုလည်းစုနိုင်ခဲ့တယ်။
သိပ်မကြာဘူး သမီးကိုယ်ဝန်ကို အမေလွယ်ရတယ်။"
"အဲဒီနောက်ပိုင်းရော"
"အဲဒီနောက်ပိုင်းကျတော့ စုဆောင်းထားတဲ့
ငွေလေးနဲ့ ဆိုက္ကားဝယ်နင်းတယ်။ တဖြည်းဖြည်း
ပြောင်းလဲလာပြီး ဆိုင်ကယ်တစ်စီးဝယ် ကယ်ရီ
ဆွဲနေတာ သမီးဆယ့်ငါးနှစ်အရွယ်
ရောက်လာတဲ့ အခုထိပေါ့"
အမေပြောပြနေတာတွေ နားထောင်ရင်း
ဖခင်တစ်ယောက်ရဲ့ အိမ်ထောင့်တာဝန်ကြီးမား
ပုံကို ဇာဇာတစ်ယောက် ပိုပြီးသိလာခဲ့သည်။။
အဖေ့ကိုလည်း ပိုပြီးသနားလာမိလေ၏။
"အဖေတော်တော် ပင်ပန်းမှာပဲနော်"
အမေကပြုံးရင်းနှင့် ခေါင်းတဆတ်ဆတ်ညိမ့်
သည်။
"လူမှန်ရင်အလုပ်လုပ်ရမှာ သဘာဝပေါ့သမီးရယ်။
တစ်ခုမဟုတ်တစ်ခု လုပ်ကိုလုပ်နေရမယ်။
အမေကျတော့ သမီးအဖေလိုဝင်ငွေမရှာတတ်တော့ အိမ်မှုကိစ္စတွေတာဝန်ယူရတယ်။
သမီးကို အနီးကပ်စောင့်ရှောက်ရတယ်။ သမီးကျတော့ အခုလက်ရှိပညာသင်နေရတယ်။
တစ်ချိန်ကျရင်လည်း တစ်ခုခုတော့သမီးလုပ်ရ
မှာပဲ။
ဒါပေမယ့် သမီးအဖေကတော့ မေမေနဲ့သမီးအပေါ် ကျေးဇူးကြီးတာအမှန်ပဲ"
ဆောင်းည၏အေးစက်မှုက တစစနှင့် ပို၍
သိပ်သည်းလာ၏။ အမေက ရေနွေးမှုတ်သောက်နေရင်း လမ်းထိပ်ဘက်ကို မျှော်ကြည့်
နေ၏။ အဖေ့ကို မျှော်နေခြင်းပင်။
လမ်းထိပ်ဘက်မှဝင်လာ ဆိုင်ကယ်တစ်စီး၏
မီးရောင်ကြောင့် ဇာဇာတို့သားအမိ ခေါင်းထောင်
ကြည့်ကြသည်။ အနားရောက်တော့ မျှော်လင့်နေသူမဟုတ်။
"မတင်လှ....မတင်လှ"
"ဟဲ့..ဘယ်သူတုန်း။ ထွန်းအောင်လား"
"ဟုတ်တယ် ကျွန်တော်ပဲ။ အရေးကြီးလို့"
ဦးထွန်းအောင်က ခပ်သုတ်သုတ်လှမ်းလာကာ
" ကဲ..အမတို့သားအမိ အခုလိုက်ခဲ့။ကိုဘမောင်
ကားနဲ့တိုက်မိပြီး ဆေးရုံတင်ထားရတယ်"
"အမလေး ဘုရားဘုရား။ ဘယ်လိုဖြစ်တာလဲ"
"ခရီးသည်ပို့ပြီးပြန်အလာ တိုက်မိတာတဲ့။ ကားကတော့ မောင်းပြေးသွားတယ်။ အသက်အန္တရယ်တော့မရှိဘူး။ ဒါပေမယ့်...ဟို"
"ဟဲ့..ဒါပေမယ့်ဘာဖြစ်လဲ။ ပြောစမ်းပါဟယ်။
ရင်တွေတုန်လိုက်တာ"
ဒေါ်တင်လှ ကပြောရင်းနှင့် အသံတွေတုန်လာသည်။
ရင်ဘတ်ကိုလက်နှင့်ဖိကာ အသက်ကိုပြင်းပြင်းရှူသွင်းနေ၏။
ဇာဇာလည်း မျက်ရည်တွေဝဲလာကာ ကတုန်
ကယင်ဖြစ်လာ၏။
"ဟို....ဟိုရောက်မှပဲ သိလိုက်ပါတော့ဗျာ"
"ဘုရားသိကြားမလို့ ငါ့ယောင်္ကျား ဘာမှမဖြစ်ပါ
စေနဲ့"
..........
အမေက အဖေ့လက်တစ်ဖက်ကို သူ့လက်
နှစ်ဖက်နှင့်အုပ်ပြီး ခပ်တင်းတင်းဆုပ်ကိုင်ထား
လေ၏။ ဇာဇာကတော့ မျက်ဝန်းမှဝဲတက်လာ
သော မျက်ရည်များကို အဖေ့ရှေ့၌မသုတ်ချင်၍
မျက်တောင်ကိုသာ ပုတ်ခတ်ပုတ်ခတ်
လုပ်နေလိုက်သည်။
"အားမငယ်ပါနဲ့ ကိုထွန်းအောင်ရယ်။ ကျွန်မတစ်
ယောက်လုံးရှိပါသေးတယ်"
"ဒါ...ဒါပေမယ့်ဟာ။ ငါ့သမီးလေးက အခုမှ
ဆယ်တန်းဟ။ သူ့ကိုတော့ ပညာတတ်ကြီးဖြစ်
အောင် ထားချင်သေးတယ်ဟာ"
အဖေ့မျက်ဝန်းအိမ်မှတစ်ဆင့် ခေါင်းအုံးပေါ်
လိမ့်ဆင်းသွားသော မျက်ရည်စက်များကိုမြင်
တော့ ဇာဇာ့မျက်ရည်တွေလည်း ထိန်းမရတော့ပေ။
"ပညာတတ်ကြီးမဖြစ်လဲ ဘာအရေးလဲအဖေရယ်။ အဖေ ကိုယ့်ဘာသာကိုယ် ပြန်ငဲ့ပါဦး"
"တိတ်စမ်းသမီး။ သမီးကျောင်းဆက်ပြီးတော့
တက်ကိုတက်ရမယ်"
"ကိုထွန်းအောင်...ရှင်ဖြစ်စေချင်သလို ကျွန်မ
ရအောင်လုပ်ပေးမယ်...နော်။ ကဲ...အခုတော့ နားလိုက်ဦး"
အမေက အဖေ့ပါးပြင်ထက်၌စိုနေသော မျက်
ရည်များကို သုတ်ပေးရင်းပြောသည်။
ဇာဇာက အဖေ့နှာဖူးကို ခပ်ဖွဖွနမ်းရင်း
"အဖေ့စကား မြေဝယ်မကျစေရပါဘူး
အဖေရယ်"
လစ်လပ်နေသော အဖေ့ရဲ့ခြေထောက်တစ်
ဖက်နေရာကိုကြည့်မိတော့ ဇာဇာ့ရင်ထဲမှာ
နေဆယ်စင်းထက် ပိုပြင်းလိမ့်မည်ထင်။
..........
အမေ့၏တွဲထူမှုဖြင့် အဖေ တက္ကစီကားပေါ်မှဆင်း၏။ ကျင့်သားမရသေးသည့် ချိုင်း
ထောက်ကိုကိုင်၍ ဟိုသည်လှည့်ကြည့်ရင်း
အဖေမျက်နှာပျက်နေသည်ကို ကားပေါ်မှပစ္စည်း
များကိုချရင်း ဇာဇာလှမ်းမြင်လိုက်သည်။
အိမ်ပေါ်ရောက်သည်နှင့်
"ငါ့မိသားစုကို ဒီလိုဘဝမျိုးနဲ့ ဘယ်လိုများဦးဆောင်ရပါ့မလဲ တင်လှရယ်" ဟု
မျက်လွှာအောက်စိုက်၍ အားငယ်နေသည့်
လေသံဖြင့်ပြောလေသည်။
"ကိုထွန်းအောင်"
အဖေက မျက်လွှာပင့်ကြည့်သည်။
" ရှင့်ရဲ့ မရှိတော့တဲ့ခြေထောက်တစ်ဖက်နေရာ
မှာ ကျွန်မတို့သားအမိကိုအစားထည့်ထားမယ်ဆိုရင်ရော"
"တင်လှ...နင့်စကားကဘာလဲ"
အမေက နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်သည်။
"ရှင် ကယ်ရီမဆွဲနိုင်တော့ပေမယ့် အိမ်ရဲ့စီးပွားရေးကိုတော့ ဦးဆောင်နိုင်ပါသေးတယ်"
"ဘယ်လို"
"ကျွန်မ အားလုံးစီစဉ်ထားပြီးပြီ။
ကျွန်မတို့သားအမိရဲ့အကူအညီနဲ့ ရှင်ဦးဆောင်ရမယ်။ အဲဒါဘာလဲဆိုတော့ ရှင့်အနာ
ကျက်သွားတဲ့နေကစပြီး ကျွန်မမုန့်ဟင်းခါးစရောင်းမယ်။ ရှင်က ရှင်တတ်ထားတဲ့ မုန်းဟင်း
ခါးချက်နည်းကို ကျွန်မကိုခိုင်းရင်းနဲ့ သင်သွားပေ
တော့"
"သမီးကလည်း ကျောင်းမသွားခင်အချိန်တွေနဲ့
ကျောင်းပိတ်ရက်တွေမှာ အမေ့ကို အစစအရာရာ ကူလုပ်ပေးမှာ။ဒါပဲနော်....
အဖေသာ သင်ပြပေးရမှာမပျင်းနဲ့"
ဇာဇာတို့သားအမိ၏ အပြုံးကိုယ်စီဖြင့် အား
တက်သရောပြောဆိုမှုနှင့်အတူ အဖေ့မျက်နှာ
တဖြည်းဖြည်းဝင်းပလာ၏။
"ဟာ....ဟုတ်လိုက်လေ။
တယ်တော်တဲ့သားအမိပဲ။ ဟားဟား....ကောင်း
ပါ့ကွာ။ဒါဆို ငါတို့မိသားစုဘဝ ပုံစံမပျက်နေနိုင်
ပြီပေါ့။ဟုတ်တယ် ငါတတ်ခဲ့တဲ့ပညာ
ဒီနေရာမှာ အသုံးချရမယ်။ချက်ပြုတ်ဖို့အတွက် လှီးစရာ တောက်စရာတွေကိုလည်း
အကုန်ကူလုပ်မယ်ကွာ.....ဟေးဟေး"
"ကဲ...ဒါဆိုရင် ရှင်ဘာမှအားမငယ်နဲ့တော့နော်။
အရင်လိုပဲ ကျွန်မတို့မိသားစုရဲ့ စီးပွားရေးကို
ရှင်ဦးဆောင်ရမယ်။ ဟုတ်ပြီလား"
အဖေက အမေနှင့်ဇာဇာ့ကို အဓိပ္ပါယ်တစ်မျိုးပါဝင်သောအကြည့်ဖြင့် တစ်လှည့်စီ
စိုက်ကြည့်သည်။ မျက်ရည်များ
လည်း စီးကျလာသည်။ ဒီတစ်ခါကျလာသည့်
မျက်ရည်များက ဝမ်းသာ၍ကျသည့် မျက်ရည်
များဖြစ်ကြောင်း ဇာဇာရောအမေပါ နားလည်ကြ
သည်။
အဖေက မျက်ရည်များကျနေသည့်ကြားမှ ပြုံးရင်းပြောလိုက်သည်မှာ
"ငါ့တို့မိသားစုလေးကို ဒီလိုလေးတင်စားလိုက်ချင်တယ်ကွာ။
မောင်တစ်ထမ်း မယ်တစ်ရွက်
သမီးတစ်နိုင်မိသားစု ဆိုပြီးတော့လေ"
ဟူတည်း။
နတ်စောင်း(ကျိုက်ထို)
၃၀ နိုဝင်ဘာ ၂၀၁၅
No comments:
Post a Comment