Apr 9, 2017

ဖူးပွင့်ချိန်

ဖူးပွင့်ချိန် (ဝတ္ထုတို)
......
      "ဟော ဖေဖေနိုးလာပြီ။ရေချိုးလိုက်ဦးနော်။
သမီး ကော်ဖီပြင်ထားပေးမယ်"
       ဖေဖေက နွေးထွေးစွာပြုံးပြရင်း ကျွန်မ
ပေးတဲ့ မျက်နှာသုတ်ပုဝါကိုယူပြီး
ရေချိုးခန်းဘက်ထွက်သွားပါတယ်။ မောင်လေး
က ဧည့်ခန်းထဲမှာ စောစောစီးစီး ဆော့နေလေရဲ့။မေမေကတော့ တစ်နေ့တာအတွက်
စီမံချက်ပြုတ်ဖို့ ဈေးသွားနေပါပြီ။
      ခဏကြာတော့ ထမင်းစားခန်းထဲ ဖေဖေဝင်
လာပါတယ်။ဖေဖေ့အရှေ့ ကော်ဖီခွက်ချပေးရင်း
မုန့်ပြင်ပေးနေတုန်း ဖေဖေက
"သမီးအမေ ဈေးသွားနေတာလား"
"ဟုတ်ကဲ့အဖေ"
"အေးကွာ ညက ဖေဖေပြောဖို့ မေ့သွားတယ်။
ဒီနေ့ သမီးတို့အားလုံးကို ဖေဖေ မြို့ထဲ
လိုက်ပို့မလို့။ တစ်နေကုန် လျှောက်လည်ကြမယ်လေ"
"ဒီနေ့"
"အင်းလေ သမီးရဲ့။ ဖေဖေလည်း ရုံးပိတ်ရက်
ဖြစ်တယ်။ ပြီးတော့ လိုက်မပို့တာလည်း ကြာပြီဆိုတော့"
"ဟေး...ဒါမှ ဖေကြီးကွ"
     မောင်လေးက ထမင်းစားခန်းထဲ ဝင်လာရင်း
ဖေဖေပြောတာ ကြားသွားတော့ ဝမ်းသာအားရ
ထအော်တယ်။ ကျွန်မခေါင်းထဲ အတွေးတွေ
ရှုတ်ရှက်ခတ်ကုန်တယ်။
"ဟို...ဟိုလေ ဒီနေ့ သမီးသူငယ်ချင်းရဲ့အမေ
နာရေးသွားမလို့ "
"ဟင် မသွားလို့ မရဘူးလားကွယ်"
" လာမယ်လို့ ပြောထားပြီးသားမို့ပါ ဖေဖေ။
နာရေးဆိုတော့ မသွားရင် မကောင်းဘူးလေ"
       ဖေဖေက စဉ်းစားသလို နေရင်းမှ ခေါင်းတ
ဆတ်ဆတ်ညိမ့်တယ်။
"အင်း ဟုတ်တာပေါ့။ ဒါဆိုလည်း သမီးသွားလိုက်ပါ။ မနက်ဖြန်ကျမှ လျှောက်လည်ကြတာပေါ့"
       မောင်လေးက မသွားရတော့မှန်း သိသွား
တော့ နှုတ်ခမ်းဆူနေပါရောလေ။ ကျွန်မလည်း
အလိုက်သင့်ငြိမ်နေလိုက်တယ်။
ဟူး....တော်ပါသေးရဲ့။
လက်ကနာရီကို ကြည့်လိုက်တော့။ ရှစ်နာရီတောင်ရှိနေပြီ။
"ဖေဖေ သမီး ရေသွားချိုးတော့မယ်နော်"
      ဖေဖေခေါင်းညိမ့်ပြတော့ လှည့်ထွက်လာရင်း မောင်လေးပါးကို ခပ်ဖွဖွ ဆွဲလိမ်ခဲ့ပါသေးတယ်။
...................
     ကျွန်မ အိမ်ကထွက်လာကတည်းက ရင်တွေ သိသိသာသာ ခုန်နေတယ်။ မောင်နဲ့ ချစ်သူဖြစ်ပြီးကတည်း ခုလိုမျိုး တစ်ခါမှ ချိန်းမတွေ့
ဖူးပါဘူး။ ဒါ ပထမဆုံးပါ။
     ဖေဖေ့ကိုညာပြီး ထွက်လာခဲ့မိတာ ပြန်စဉ်း
စားကြည့်တော့ စိတ်ထဲမကောင်း။ ဖေဖေဟာ
ကျွန်မတို့မိသားစုအပေါ် အရမ်းကို တာဝန်ကျေ
တဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ပါ။ မိသားစုအ
ပေါ် နွေးထွေးခင်တွယ်မှုလည်း ရှိပါတယ်။
တခြားအဖေတွေလို ထုတ်မပြောပဲ ချစ်တာမျိုး
မဟုတ်။ ကျွန်မတို့မောင်နှမအပေါ် ပွင့်ပွင့်လင်း
လင်းနဲ့ကို ချစ်တာ။ မောင်လေးထက်စာရင် ကျွန်
မကိုတောင် ပိုချစ်သလားလို့ ထင်ရပါတယ်။
မေမေကတော့ ရိုးရိုးအေးအေးနဲ့ စကားအရမ်း
နည်းပါတယ်။ ခပ်ပြုံးပြုံးနဲ့ အရိပ်တကြည့်ကြည့် ချစ်တာမျိုးပါ။ ဖေဖေနဲ့မေမေရဲ့ မေတ္တာတွေ
အောက်မှာ ကျွန်မတို့ မောင်နှမဘဝ အရမ်းကို
နွေးထွေးရပါတယ်။သူတို့ရဲ့ ဆိုဆုံးမမှုတွေကြောင့် သိတတ်စ အရွယ်ကတည်းက ငါးပါးသီလကို အတတ်နိုင်ဆုံး လုံအောင်ထိန်းခဲ့တဲ့ ကျွန်မဟာ ဒီတစ်ခါတော့ သိသိသာသာပဲ လိမ်ခဲ့မိပါပြီ။
"စောင့်လိုက်ရတာကွာ။ လာမှလာပါ့မလားလို့"
"အခုရောက်လာပြီလေ။ ဒါပေမယ့် စိတ်တော့
မကောင်းဘူး မောင်ရယ်။ ဖေဖေ့ကိုညာပြီးမှ
လာခဲ့ရတာ"
"မောင်လည်း အတူတူပါပဲကွာ။ သူငယ်ချင်းနဲ့
ချိန်းထားလို့ဆိုပြီး ထွက်လာခဲ့ရတာ။ အခု ရောက်နေတာက ဟောဒီက ချစ်သူဆီ"
      မောင့်စကားတွေနဲ့ မောင့်အယုအယတွေ
အောက်မှာ သာယာလာပြီး စိတ်ကြည်နူးလာ
တယ်။
     မောင်နဲ့အတူ ရွှေတိဂုံဘုရား သွားတယ်။
ရုပ်ရှင်ကြည့်တယ်။ပန်းဆိုးတန်းမှာ မုန့်စားတယ်။ စာအုပ်ဆိုင်တွေ ဝင်မွှေတယ်။ ပျော်လိုက်တာ။
     ဒါပေမယ့် ကျွန်မအပျော်တွေက
တစ်နေမကုန်လိုက်ပါဘူး။ မောင်နဲ့အတူ
ဗန္ဓုလပန်းခြံထဲက အထွက် မျက်နှာချင်းဆိုင်ဘက်က လျှောက်လာနေတဲ့ ဖေဖေနဲ့ ပက်ပင်း
တိုးလိုက်တာ ရှောင်ချိန်တောင် မရတော့။
      ကျွန်မ ခြေစုံရပ်လိုက်ပြီး ကိုင်ထားတဲ့ မောင့်
လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားမိတယ်။
ဖေဖေ ကျွန်မတို့နှစ်ယောက်ကို တွေ့သွားခဲ့တယ်။ကျွန်မကို အရင်ကြည့်တယ်။ မောင့်ကိုလည်းခပ်စိမ်းစိမ်း စိုက်ကြည့်တယ်။ ပြီးတော့ ဘာမှမပြောတော့ပဲ ခပ်တင်းတင်းမျက်နှာထားနဲ့ ဖြတ်ကျော်သွားပါတယ်။
"မောင် ဖေဖေ တွေ့သွားပြီ ဒုက္ခပါပဲ"
   ကျွန်မ မောင့်ကို အကျိုးအကြောင်းပြောပြပြီး
အိမ်ကိုအမြန်ဆုံး ပြန်ခဲ့တယ်။အိမ်ရောက်ရင်
ဖေဖေ့ကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ မစဉ်း
စားတတ်အောင် ကြောက်နေမိတယ်။
"သမီး ပြန်လာပြီလား"
     မေမေမေးတာကို ဟုတ်တစ်ခွန်းဖြေပြီး အိပ်
ခန်းထဲ ခပ်သုတ်သုတ်ဝင်သွားလိုက်ပါတယ်။
ခဏကြာတော့ ဖေဖေပြန်လာသံ ကြားရတယ်။
"သမီးတောင် ခုလေးတင်ပြန်ရောက်တာ"
"ဪ သမီးပြန်လာပြီလား"
"အင်း ရှင် မျက်နှာလည်းမကောင်ပါလား။ နေမ
ကောင်းဘူးလား"
"ခေါင်းနည်းနည်းမူးလာလို့ပါ။ သံပုရာရည် တစ်ခွက်လောက်"
      ကျွန်မအကြောင်း ဖေဖေ တစ်ခွန်းမှ မဟခဲ့
ပါဘူး။ စိုးရိမ်စိတ်တွေနဲ့ အိမ်ခန်းထဲက တိတ်တိတ်ကလေး ခိုးနားထောင်နေပေမယ့် ဖေဖေ
ကျွန်မကို ခေါ်မဆူခဲ့ပါဘူး။ ည ထမင်းစားဝိုင်း
မှာ ဖေဖေ့ကို ထမင်းခူးပေးတဲ့ ကျွန်မလက်တွေ
သိသိသာသာ တုန်နေပေမယ့် ဖေဖေ မသိချင်
ယောင် ဆောင်ခဲ့တယ်။ ကျွန်မဘက်ကစပြီး
တစ်ခွန်းနှစ်ခွန်းပြောပေမယ့် ဖေဖေက မေးထူး
ခေါ်ပြော သဘောလောက်နဲ့ မျက်နှာလွှဲသွား
တယ်။
     အဲဒီအချိန်ကစပြီး ဖေဖေနဲ့ကျွန်မရဲ့ ဆက်ဆံရေး အရမ်းကို အေးစက်စက်နိုင်ခဲ့ပါတယ်။
ထုတ်လည်းမဆူသလို ကြည်ဖြူတယ်လည်း
မဟုတ်ခဲ့။ ဖေဖေ့ရဲ့ မျက်နှာကတော့ အရင်လို
မဟုတ်တော့ဘဲ အမြဲတမ်းလိုလို မှိုင်တွေငေးမော နေပါတယ်။
     ကျွန်မ ဘယ်လိုပဲနေနေ လန်းဆန်း
တက်ကြွမှုတွေ မရှိတော့ဘူး။ စိတ်နဲ့လူနဲ့လည်း မကပ်တော့ဘူး။ မေမေကတောင် မေးရှာတယ်
သမီးဘာဖြစ်နေတာလဲတဲ့။
     အဲဒီမှာ ကျွန်မရင်ထဲ ဝမ်းနည်းစိတ်က လှိုက်
တက်လာတယ်။ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာတော့ မေမေက ပျာပျာသလဲနဲ့
"သမီး ဘာဖြစ်နေတာလဲ။ မေမေ ရင်တွေတုန်
လိုက်တာကွယ်"တဲ့။
"ဒီ ဒီလိုပါမေမေ"
     ကျွန်မနဲ့မောင်ကို တူတူတွဲပြီး မြင်ခဲ့တဲ့အကြောင်း ဖြစ်ကြောင်းကုန်စင် မေမေ့ကို ရင်ဖွင့်
မိတယ်။
"ဪ သမီးရယ်။ သမီးမှာ ရည်းစားရှိနေတာ
မေမေ့ကိုဘာလို့ မပြောတာလဲ။ ခက်တာပဲ။
ဒါကြောင့် သမီးဖေဖေ ဒီရက်ထဲ တမှိုင်မှိုင်တထွေထွေ ဖြစ်နေတာကိုး ဟင်း"
      မေမေ့ရင်ခွင်ထဲဝင်ပြီး အားရပါးရ ငိုမိတယ်။
"သမီးဖေဖေကို ကန်တော့ပြီး တောင်းပန်လိုက်ပါသမီးရယ်။မေမေကတော့ မိန်းမသားချင်းနားလည်ပေးပါတယ်"
      ကျွန်မ ဖေဖေပြန်လာမယ့်အချိန်တွေကို
မျှော်ရင်း တစ်နေ့လုံး စိတ်မောခဲ့ရပါတယ်။ ဘာ
ပဲဖြစ်ဖြစ် ဖေဖေ့ကို တောင်းပန်တော့မှာပါ။
မဟုတ်ရင် ဖေဖေ့ ဥပေက္ခာတွေနဲ့ ကျွန်မ ခံနိုင်
ရည်ရှိမှာ မဟုတ်ဘူး။ ဖေဖေ့ရဲ့ ချစ်ခင်နွေးထွေး
မှုတွေနဲ့ ဘဝတစ်လျှောက်လုံး ဖြတ်သန်းလာတဲ့
ကျွန်မအဖို့ ဒီလိုနေ့ရက်တွေဟာ  ရင်ထဲမှာ အရမ်းပူလောင်တယ်။
      ညနေ ဖေဖေပြန်လာတော့ မေမေမှာထား
သလို ဘာမှမပြောပဲ ငြိမ်နေလိုက်ပါတယ်။ ထမင်းဝိုင်းကလည်း အေးတိအေးစက်။ ဖေဖေ ညအိပ်ရာဝင်ကာနီး ကုလားထိုင်မှာ စာဖတ်နေတဲ့အချိန်မှ အရဲစွန့်ပြီး အနားတိုးသွားလိုက်ပါတယ်။ ဖေဖေ့ခြေရင်းနားမှာ တင်ပါးလွှဲထိုင်လိုက်ပြီး ခပ်တိုးတိုး ခေါ်လိုက်တယ်။
"ဖေဖေ"
      ကျွန်မကို ကြည့်ရုံကြည့်လိုက်ပြီး စာပြန်ဖတ်
နေတယ်။ ဖေဖေ့ခြေသလုံးကိုဖက်ပြီး
"သမီးကို စိတ်ဆိုးနေတာလားဟင်"
      ဖေဖေက ဂရုမစိုက်ဘဲ စာအုပ်ကိုဘဲ ငုံ့ကြည့်နေတော့ ကျွန်မရင်ထဲ ဝမ်းနည်းစိတ်တွေက မျက်ဝန်းအိမ်ဆီ ရောက်လာတယ်။
"အီးဟီး...ဖေဖေရယ်။ သမီးကို စိတ်ဆိုးရင်လည်း ကြိုက်သလိုရိုက်ပါ။ အဲဒီလို မပစ်ထားပါနဲ့။ မချစ်ဘဲလည်း မနေပါနဲ့။ အဟင့်
ဟုတ်ပါတယ် သမီး လိမ်ခဲ့မိပါတယ်။ ဖေဖေတို့
မသိအောင် ရည်းစားလည်း ထားမိပါတယ်။
ဒါပေမယ့် ဖေဖေမကြိုက်ရင် သမီး မထားတော့ပါဘူး။ သမီးကို ခွင့်လွှတ်ပါနော် ဖေဖေ။
အဟင့်...ဟင့်"
     ဖေဖေ့ခြေသလုံးကို လှုပ်ကာလှုပ်ကာနဲ့
ပြောရင်း နောက်ဆုံး ဖေဖေ့ပေါင်နဲ့ ကျွန်မပါးပြင်
အပ်ထားလိုက်ပါတယ်။ ကျွန်မမျက်ရည်တွေက
ဖေဖေ့လုံချည်ပေါ်ကို စီးကျသွားခဲ့ပါတယ်။ ခဏကြာတော့ ဖေဖေ့လက်တစ်ဖက်က ကျွန်မ
ခေါင်းကို ဖွဖွလေး ပွတ်သပ်ပေးပါတယ်။ဝမ်းသာ
လွန်းလို့လား ဝမ်းနည်းလွန်းလို့လားတော့ မသိ။
ကျွန်မ ပိုလို့တောင် ငိုမိပါတော့တယ်။
"တိတ်ပါတော့ သမီးရယ်"
    မော့ကြည့်လိုက်တော့ ဖေဖေ့ပါးမှာလည်း
မျက်ရည်စတွေနဲ့။
"ဖေဖေ အရမ်းစိတ်မကောင်းဖြစ်ခဲ့လို့ပါ သမီးရယ်။ ဘယ်အချိန်ကြည့်ကြည့်
ကလေးတစ်ယောက်လို ချစ်လို့မဝသေးပေမယ့်
သမီးကတော့ မိသားစု လည်ပတ်ခရီးကိုတောင်
ဖျက်ပြီး ချစ်သူနဲ့ သွားချိန်းတွေ့ရက်တယ်။ဖေဖေ
တို့မိသားစုထက်ပိုပြီး ချစ်ရမယ့်သူတွေ့သွားပြီလို့
ဖေဖေတွေးပြီး ဝမ်းနည်းမိတယ်။ဒါပေမယ့်
ဖေဖေတစ်ခု မေ့သွားတယ် သမီးရယ်။ သမီးဟာ
အချိန်တန် အရွယ်ရောက်လာတဲ့ မိန်းကလေး
တစ်ယောက် ဖြစ်လာခဲ့ပြီဆိုတာဘဲ"
"ဟင့်အင်း ဖေဖေ။ ဒီကမ္ဘာမှာ ဖေဖေရယ်၊
မေမေရယ်၊ မောင်လေးရယ်ကို အချစ်ဆုံး။ ဘယ်သူ့ကိုမှ ပိုမချစ်နိုင်ဘူး။ သမီး ရည်းစား
လည်း မထားတော့ဘူးနော်။ ဖေဖေတို့နဲ့ဘဲ
တစ်သက်လုံး အတူတူနေမှာ"
      ဖေဖေက ပြုံးရင်း ခေါင်းကို ဖြည်းဖြည်းချင်း
ရမ်းတယ်။
"မဟုတ်သေးဘူး သမီး။ ဖေဖေ ပြောပြီးပြီလေ။
သမီးဟာ အရွယ်ရောက်နေပြီ။ အချိန်တန်ရင်
သမီးဘဝအဖော် သမီးရွေးချယ်ရတော့မှာ။ အဲဒီ
တော့ သမီးရည်းစားထားတာ ဖေဖေတို့ ပိတ်ပင်
ခွင့် မရှိတော့ဘူး။ဒါပေမယ့် အစစအရာရာတော့
ဖေဖေ့ကိုမဟုတ်ရင်တောင် မေမေ့ကိုပြောပြ။
သမီးလူရွေးမမှားအောင် ထိန်းသိမ်းပေးရမှာပေါ့။
သမီးကောင်လေးကို အိမ်ခေါ်လာခဲ့ပါ ဖေဖေ
တွေ့ကြည့်မယ်။ နောက်တစ်ခါ ဘာကိစ္စပဲဖြစ်ဖြစ် မလိမ်နဲ့တော့နော် သမီး။ ကဲကဲ တိတ်တော့
ဖေဖေ ခွင့်လွှတ်ပါတယ်"
ဖေဖေက ခွင့်လွှတ်တယ်လည်းဆိုရော ကျွန်မ
အရမ်းကို ပျော်သွားမိတယ်။ ရည်းစားထားခွင့်
ပေးခြင်းကြောင့်တော့ မဟုတ်ပါဘူး။ဖေဖေ့ရဲ့
နွေးထွေးယုယမှုတွေကို ပြန်ရတော့မှာ မို့လို့ပါ။
ကျွန်မ ဖေဖေ့ပါးနှစ်ဖက်ကို အားရပါရ ဖိနမ်း
ပစ်လိုက်တယ်။ တံခါးပေါက်နားမှာ ကွယ်ပြီး
နားထောင်နေတဲ့ မေမေ့ကို ကြည့်လိုက်တော့
ကျွန်မကို ပြန်ပြုံးပြနေပါတော့တယ်။

နတ်စောင်း(ကျိုက်ထို)
၁၃ ဇန်န၀ါရီ ၂၀၁၆

No comments:

Post a Comment