နှင်းပျောက်ရင်ခွင်(ဝတ္ထုတို)
......
နှင်းလွှာက ထိုင်ခုံလေးပေါ်မှာ ခေါင်းငိုက်စိုက်နဲ့
ထိုင်နေတယ်။ ကျွန်တော်က ထိုင်ခုံလေးဘေးမှာ
မတ်တပ်ရပ်လို့ အရင်ကဘယ်အချိန်ကြည့်ကြည့်
အမြဲတမ်းလှပနေတဲ့ ကန်ရေပြင်ကို တစ္ဆေတစ်ကောင်လို စိုက်ကြည့်နေလိုက်တယ်။ နှင်းလွှာရဲ့ ရှိုက်သံတွေက ကျွန်တော့်နားဝမှာ ကြားတစ်ချက်
မကြားတစ်ချက်နဲ့ နီးသွားလိုက်၊ဝေးသွားလိုက်ပေါ့။
ကြားဖူးနေကျ စကားတစ်ခုက အိမ်မက်တွေသာ
လက်တွေ့ဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲတဲ့။ ဟင့်အင်း။
ကျွန်တော့်အတွက်ကတော့ လက်ရှိအရာအားလုံးကို
အိပ်မက်ထဲသာ ထည့်မက်လိုက်ချင်တာ။ ဟောဒီ
ပစ္စုန်ပ္ပန်အဖြစ်အပျက်တွေကို ဆောင်းအိပ်မက်တစ်
ခုထဲ သွတ်သွင်းလိုက်ချင်တာ။
"ကို..ဘယ်လိုလုပ်ကြမလဲဟင်"
"ကိုတို့ လက်ထပ်ကြရအောင်"
"အဟင့်.ဟင့်..မဖြစ်ဘူး။ ဒါလုံးဝ မဖြစ်နိုင်ဘူး။
နှင်းဘဝနဲ့နှင်းသာ ရှိပါစေတော့ကို..အဟင့်"
ကျွန်တော် နှင်းလွှာဘေးနားမှာ ဝင်ထိုင်လိုက်တယ်
ပြီးတော့ နှင်းလွှာကို ရင်ခွင်ထည့်ပြီး တင်းတင်းကြပ်ကြပ်လေး ပွေ့ဖက်ထားလိုက်တယ်။
"နှင်းရယ်..ကိုယ်တို့နှစ်ယောက်က တကယ်ကို နှစ်နှစ်ကာကာ ချစ်ကြတာလေ။ အချစ်စစ်မှန်ရင် ဘာမ
ဆိုရင်ဆိုင်ရဲရမှာပေါ့ "
"ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို ခွဲခြားသိမြင်ပါ ကို။
ကိုဟာ ပညာတတ် ဆရာဝန်တစ်ယောက်ပါ။ ကို့ဘဝ
တစ်ခုလုံးကို နှင်းရဲ့ကျိန်စာထဲ အပါမခံနိုင်ဘူး"
"နှင်းရယ်.."
ကျွန်တော် နှင်းကို ပိုမိုတင်းကြပ်အောင် ပွေ့ဖက်ထားတယ်။ နှင်းလွှာရဲ့မျက်ရည်တွေကလည်း
ကျွန်တော်ရင်ဘတ်မှာ တော်တော်လေး စိုရွှဲနေပြီပေါ့။
နှင်းလွှာဆိုတဲ့ ကျွန်တော့်ချစ်သူဟာ အင်မတန်ရိုး
သားဖြူစင်ပြီး အားနာတတ်တဲ့ မိန်းကလေးပါ။
ကျွန်တော့်ကို အဖြေပြန်မပေးခင်မှာတောင် သူ့ရဲ့
ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ကျွန်တော့်ကို ဖွင့်ဟ
ပြီးမှ ချစ်နိုင်သေးရဲ့လားလို့ မေးခဲ့တဲ့ မိန်းကလေးပေါ့။ သူ့ရဲ့ အရင်ရည်းစားဟောင်းအကြောင်း။ ပြီးတော့ သူ့အရင်ရည်းစားက အတင်းအကြပ် ခွင့်တောင်းတာရယ်၊ အားနားတာရယ်၊ ယုံကြည်မိတာရယ်ကြောင့် တစ်ကြိမ်မှားခဲ့ဖူးတဲ့အကြောင်း
ပြောပြခဲ့ဖူးတယ်လေ။ ဒါပေမယ့် သူ့ကိုကျွန်တော်
အပြစ်မမြင်ပါဘူး။ သူ့ရဲ့အရင်အကြောင်းအရာတွေကို ခွင့်လွှတ်ပေးခဲ့တယ်။ ရိုးသားစွာ ဝန်ခံမှုအ
တွက် ပိုလို့တောင် ချစ်ခဲ့မိတာပေါ့။
အခုဆိုရင် ကျွန်တော်တို့ ချစ်သူသက်တမ်း တစ်နှစ်ကျော်ရှိပြီ။ ကျွန်တော်သူ့ကို လက်ထပ်ခွင့်တောင်း
တော့ သူလည်းမငြင်းခဲ့ပါဘူး။
ကျွန်တော်က ဆရာဝန်တစ်ယောက်ဆိုတော့ လက်မထပ်ခင် သွေးစစ်ကြဖို့ပြောတော့ လက်ခံတယ်လေ။
သွေးစစ်ချက် ထွက်လာတဲ့ ဒီနေ့ဟာ ကျွန်တော်တို့နှစ်ယောက်ကြား မိုးပြိုတဲ့နေ့ပေါ့။ အဲဒါကတော့
နှင်းလွှာရဲ့ သွေးထဲမှာ HIV Positive တဲ့လေ။
ကျွန်တော်တို့နှစ်ယောက်က အဖြူသန့်သန့်အချစ်မျိုး
နဲ့ ချစ်ခဲ့တာ နှစ်ယောက်လုံးအသိပါ။ ကျွန်တော်ကလည်း မိုက်မဲဖို့ မတောင်းဆိုဖူးသလို၊ နှင်းလွှာက
လည်း ဖြူဖြူစင်စင်ပါပဲ။ ဒါဆို နှင်းလွှာမှာ HIV
Positive ဖြစ်ရတာက ရှင်းပါတယ်။ သူ့အရင်
ရည်းစားဆီကပါပဲ။ စုံစမ်းကြည့်တော့ သူ့ရည်းစားဟောင်းက ဒီရောဂါနဲ့
ကွယ်လွန်ခဲ့တာ သုံးလလောက် ရှိပြီတဲ့လေ။
"ကို.."
"ပြောလေ..နှင်း"
"နှင်းတို့ လမ်းခွဲရအောင်"
"ကိုယ်နှင်းကို မစွန့်လွှတ်နိုင်ဘူး နှင်း"
"ဇွတ်မမိုက်ချင်ပါနဲ့တော့ ကို။ နှင်းအပေါ်ချစ်ခဲ့တဲ့
ကို့ရဲ့ချစ်ခြင်းမေတ္တာတွေအတွက် နှင်း ကျေးဇူးတင်ပါတယ်။ ထာဝရ အမှတ်ရနေမှာပါ။ နှင်း ကို့ကို
လက်မထပ်နိုင်တော့ဘူး။ နောင်ဘဝမှာ နှင်းနဲ့ကိုနဲ့
ပြန်ဆုံကြတာပေါ့။ အဲ့ဒီခါကျရင် နှင်းဘဝကို
အဖြူစင်ဆုံးနဲ့ ကို့အနားမှာ ထာဝရနေပေးပါ့မယ်။
ဒီဘဝတော့ ဒီလောက်နဲ့ပဲ အဆုံးသတ်ပါရစေတော့။
ခွင့်လွှတ်ပါကို"
ပြောပြီးတာနဲ့ ကျွန်တော့်ရင်ခွင်ထဲကနေ အတင်းရုန်းထွက်ပြီး နှင်းလွှာပြေးထွက်သွားခဲ့တယ်။
ကျွန်တော်ပြေးလိုက်ခဲ့ပေမယ့် မမီလိုက်ဘူးလေ။
ပန်းခြံအဝနားရောက်တော့ တက္ကစီပေါ်တက်သွားတာပဲ မြင်လိုက်ရတယ်။ သူနေတဲ့ အဆောင်ကို
သွားကြည့်တော့လည်း ပြန်မရောက်သေးဘူး။
နောက်ရက်မှာ သွားကြည့်တော့ သူ အဆောင်က
ပြောင်းသွားပြီတဲ့။ ဘယ်သွားမယ်လို့လဲ ပြောမသွား
ဘူးတဲ့။ ကျွန်တော် ဘယ်မှာသွားရှာရမလဲဗျာ။ သူ့မိဘတွေ နေတဲ့မြို့ကလဲ မြို့နာမည်ပဲသိတာ။
ဘယ်ရပ်ကွက်မှာနေတာလဲ ကျွန်တော်မသိဘူး။
ဒါပေမယ့် သူ့ကို မတွေ့တွေ့အောင် ကျွန်တော်ရှာနေ
ဦးမှာပါ။ သူ မရှိစဉ် ငိုခဲ့ရတဲ့ ကျွန်တော့်ရဲ့မျက်ရည်
တွေအတွက် သူ့ကို ကလဲ့စားခြေတဲ့ အနေနဲ့
ဒီတစ်ခါပြန်တွေ့ရင် ကျွန်တော့်ရင်ခွင်ထဲကနေ ထွက်
ပြေးလို့မရတော့အောင် အမြဲတမ်း ဖက်ထားလိုက်ပါ
တော့မယ်။
(ပြီး)
နတ်စောင်း(ကျိုက်ထို)
၁၆.၇.၂၀၁၅
No comments:
Post a Comment